Tuesday, March 10, 2026

 

အခန်း(၁၉)

ငြိမ်းချမ်းစွာနေလိုသော တန်ခိုးထက်မြက်သည့်ပုရောဖက်ဧလိရှဲ

 

ဤအခန်းကြီးသည်(ဓမ္မရာဇဝင်စတုတ္တစောင် ၄) အခြေခံထားသည်။

 

               ပုရောဖက်ဧလိယသည် ဘုရားသခင်၏ မိန့်မြွက်တော်မူသောစကားကို နားမထောင်သောသူတို့အား အပြစ်ပေးတရားစီရင်မည်ဟူသော ကြမ်းတမ်းပုံပေါက် သည့် သတင်းစကားကို ဟောပြောရပါသည်။ သူ၏ ပြောကြားသည့်စကား ချက် များ၌လည်း ကြောက်ရွံ့ခြင်းနှင့်ကင်းသော ဆုံးမသံသည်ရှိ၏။ ပုရောဖက်ဧလိရှဲ၏ ပေးပို့ရသောသတင်းစကားမှာ မူကားပိုမို၍ ငြိမ်းအေးသော အသွင်ကိုဆောင်ပါသည်။ ဧလိယ၏လုပ်ငန်းက ကြမ်းတမ်းခဲ့ရသလောက် သူ့လက်ထက်မှာတော့ ဘုရားသခင်၏ လူတို့ကို ညင်ညင်သာသာနှင့် သွန်သင်တည်ဆောက်ခွင့်ရရှိခဲ့ပါသည်။ ဝိညာဉ်တော် မှုတ်သွင်းသော ကျမ်းစောင်များအရ ပုရောဖက်ဧလိရှိကို လူတို့ထံဝမ်းမြောက်ခြင်းနှင့် အနာရောဂါ ငြိမ်းစေခြင်းကို ယူဆောင်လာပေးသောသူဟု စာပန်းချီခြယ်သထားပါ၏။

               ဧလိရှဲ၌ တည်ငြိမ်၍ကြင်နာတတ်သောသဘောရှိ၏။ သို့သော်လည်း လိုအပ် လာလျှင် တင်းမာစွာဆုံးမတတ်ပေသည်။ ဗေသလမြို့သို့ အပြန်ခရီးမှာ ဘုရားတရားမဲ့ လူငယ်တို့၏ သရော်ပြောင်လှောင်မှုအား တုံ့ပြန်ခဲ့ပုံကို ကြည့်၍သိနိုင်ပါ၏။ ဤ လူငယ်တို့သည် ပုရောဖက်ဧလိယ ကောင်းကင်ဘုံသို့ အရှင်လတ်လတ်ကြွသွားပြီ ဖြစ်ကြောင်းကို ကြားသိခဲ့ရပါသော်လည်း ဤမြင့်မြတ်ဖြစ်ရန် မှန်သတင်းကို ပြက်ရက်ပြုဟားတိုက်ကြသဖြင့် ဧလိရှဲက အမြင့်ဆုံးသောဘုရားသခင်၏ ဝိညာဉ် တော်နှိုးဆော်မှုဖြင့် ထိုလူငယ်တို့ အပေါ်ဆိးကျိုးကျိန်ဆိုမှုတစ်ခုကို ပြုခဲ့သည်။ ထိုအကျိန်အတိုင်း ကြောက်စရာကောင်းသည့် တရားစီရင်ချက်သည် ထာ၀ရဘုရား သခင်ထံတော်မှ သက်ရောက်ခဲ့ပါ၏။ ကျမ်းမှတ်တမ်းကို ကြည့်ရှုပါ။ ]ထိုမြို့မှ ဗေသလမြို့သို့ ပြန်၍ခရီးသွားစဉ်တွင် လုလင်ပျိုတို့သည် မြို့ထဲကထွက်၍ ထိပ်ပြောင် ကြီး၊ တက်ဦးလော့။ ထိပ်ပြောင်ကြီး၊တက်ဦးလော့ဟု ကဲ့ရဲ့ကြ၏။ ဧလိရှဲသည် လှည့် ကြည့်ပြီးလျှင် ထာ၀ရဘုရား၏အခွင့်နှင့် ကျိန်ဆိုသဖြင့် ဝံမနှစ်ကောင်တို့သည် တော ထဲကထွက်၍ လုလင်ပျိုလေးကျိပ်နှစ်ယောက်တို့ကို ကိုက်သတ်လေ၏။} (၄ရာ ၂း၂၃-၂၄)။

               အကယ်၍သာ ပုရောဖက်ဧလိရှဲသည် ထိုပြောင်လှောင်သရော်မှုကို ဂရုမစိုက် အရေးမယူဘဲရှိခဲ့ချေက နောင်များမှာလည်း ဤသို့လျှင် ဆက်လက်၍ ပြက်ရယ် ပြုခြင်းကို ခံရမည်ဖြစ်သဖြင့် သူ၏လုပ်ဆောင်ရမည့်ပြည်လုံးကျွတ်အတွက် ငြိမ်းအေး ရေးသာသနာမှာ ရှုံးနိမ့်သွားရမည်ဖြစ်ပေသည်။ ဤမျှပြင်းထန်လှသော သာဓက တစ်ခုအားဖြင့် သူ၏အသက်တာ တစ်လျှောက်လုံးဆောင်ရွက်ခဲ့သော သာသနာ လုပ်ငန်းမှာ လူတို့၏ ရိုသေလေးစားမှုကိုရရှိခဲ့ပါသည်။ သူသည် အနှစ်ငါးဆယ် လုံးလုံးတစ်မြို့ဝင်တစ်မြို့ထွက် နှင့် လူကြမ်းသူယုတ်မာတို့နှင့် မိဘဆုံးမ၍ မရသော စိတ်တိုင်းကျ နေထိုင်ကြသည့်လူငယ်လူရွယ်များတို့ အလယ်မှာ ဝင်ထွက်၊ ဗက်ျာဖြတ် သွားလာခဲ့ပါသည်။ သို့သော်လည်း အဘယ်သူယုတ်မာမျှသည် သူ့အားအမြင့်ဆုံးသော ဘုရားသခင်၏ ပုရောဖက်အနေဖြင့် သရော်ပြောင်လှောင်မှုကို မပြုဝံ့ခဲ့ကြပါချေ။

               သနားညှာတာမှုမှာ ကန့်သတ်ချက်ရှိရပါမည်။ သားသမီးလူငယ်လူရွယ် များ အား ခေတ်အဆိုအရ၊ နူးညံ့သိမ်မွေ့စွာဖြင့် ဆက်ဆံကာ အကွပ်အထိန်းမရှိ၊ တတ်တိုင်းနေစေသည့်အလို အလိုက်ခြင်းသဘောက ထိုသူတို့အပေါ်သို့ အဆိုးဝါးဆုံး သော အကျိုးဆက်များသက်ရောက်နိုင်ကြောင်းကို အုပ်ထိန်းသူတို့ သတိချပ်အပ် ပေသည်။ အိမ်ထောင်မိသားစုတိုင်းမှာ အကောင်းမြင်၊ အပြုသဘော ဆောင်တောင်းဆို ချက်များနှင့် စည်းကမ်းခိုင်မြဲမှုတို့သည် မရှိမဖြစ် လိုအပ်လှပေသည်။

               သူငယ်တိုင်းကို ဘုရားတရားရိုသေမြတ်နိုးသော စိတ်သဘောထားမှန်ရှိရန် အုပ်ထိန်းသူတို့ သွန်သင်ရပေမည်။ ဘုရားသခင်၏ နာမတော်ကိုအဘယ်သူမျှ ပေါ့ပေါ့ဆဆ၊ မစဉ်းမစားပေါက်ကရပြောဆိုသုံးစွဲဖို့ရန် ဘယ်သောအခါမျှ ခွင့်မပြုရပါ။ ဘုရားသခင်၏ ကိုယ်စားလှယ်တော်များဖြစ်ကြသည့် ဓမ္မဝန်ထမ်းအမှုတော်ဆောင်များ၊ ပညာပေးသူဆရာ၊ ဆရာမများနှင့် လက်ဦးဆရာမိဘတို့သည် ထိုသခင်၏နေရာမှာ အစားထိုးလုပ်ဆောင်ရသော သူများဖြစ်ကြပါသည်။ ထိုသူတို့အားရိုသေသမှု ပြု ခြင်းသည် ဘုရားသခင်ကို ဂုဏ်ပြုရာရောက်ကြောင်း လူငယ်တိုင်းအားသိနား လည်စေပါလေ။

 

                              မိသားစုတစ်စု၏ ပျူငှါမှုကို အကျိုးပြုပေးခြင်း

               အကြင်နာတရားနှင့်ပြည်၀သော ပုရောဖက်ဧလိရှဲသည် ဣသရေလလူများစွာ တို့တွင့် တန်ခိုးကြီးသေ ဩဇာလွှမ်းမိုးမှုကို ဖြစ်စေသည်။ ဤသည်ကို ရှုနင်မြို့နေ မိသားစုတစ်စုနှင့် မိတ်ဆွေဖွဲ့ပေါင်းသင်း ဆက်ဆံရေးဖြစ်ရပ်မှန်မှာ ဖော်ပြထာ၍ သိရှိရ၏။ ဧလိရှဲ၌ သာသနာခရီးသွားလာမှုများသည်။ ]တစ်နေ့သ၌ ဧလိရှဲသည် ရှုနင်မြို့သို့သွားရာတွင် ထိုမြို့၌ ထင်ရှားသောမိန်းမတစ်ယောက်သည် ဧလိရှဲကို ကျွေးခြင်းငှါ ခေါ်ပင့်လေ၏။ နောက်မှ ထိုလမ်းသို့သွားသောအခါ ကျွေးခြင်းကို ခံအံ့သောငှါ ထိုအိမ်သို့ ဝင်တတ်၏။} (၄ရာ ၄း၈)။ ထိုအိမ်ရှင်မသည် ဧလိရှဲအား ] ဘုရားသခင်၏ သန့်ရှင်သူ} တစ်ဦးဟုမြင်သည်။ သို့ဖြစ်၍ မိမိ၏ ခင်ပွန်းသည်အား ]ဝင်ရိုးအပေါ်မှာ အခန်းငယ်တစ်ခုကို လုပ်ကြကုန်အံ့။ သူအဖို့ ခုတင်၊ စားပွဲ၊ ထိုင်ခုံ၊ မီးခုံတို့ကို ထားကြကုန်အံ့။ သို့ဖြစ်၍ သူသည် ငါတို့ဆီသို့ ရောက်သောအခါ ထိုအခန်းထဲသို့ဝင်လိမ့်မည်} ဟုဆိုပါသည်။ ဤအစီအစဉ်အရ ဧလိရှဲသည် ထိုအိမ်မှာ မကြာခဏတည်းခိုလေ့ရှိပါ၏။ ဘုရားသခင်သည် ထိုအမျိုးသမီးအိမ်ရှင်မ၏ သနား ညှာတာခြင်းကို အသိအမှတ်ပြုလေပြီ။ သူတို့မှာ သားသမီး မရှိပါ။ သို့ဖြစ်၍ ယခုမှာတော့ ဘုရားသခင်သည်သူတို့၏ ပျူငှါစွာ ဧည့်သည်ဝတ်ကိုပြုခြင်းအတွက် သားယောက်ျား တစ်ယောက်ကို လက်ဆောင်အဖြစ် ဆုချခဲ့ပါသည်။

               နှစ်တွေလွန်ခဲ့ပြီ။ ကလေးငယ်မှာ အဖေနှင့်အတူ လယ်ခင်းသို့လိုက်ပါသွား နိုင်သော အရွယ်သို့ရောက်နေပါပြီ။ တစ်နေ့မှာ သူငယ်အားနေပူလှိုင်းရိုက်ခတ်မိသဖြင့် လူငယ်က ]ငါသည်ခေါင်းနာ၏၊ ခေါင်းနာ၏ဟု အဘအား ပြောဆိုလျှင် အဘက၊ သူငယ်ကို အမိထံသို့ယူသွားဟု လုလင်အားပြော၏။ လုလင်သည် အမိထံသို့ယူသွား၍ မွန်းတည့်အချိန်ရှိပြီးမှသေ၏။ အမိသည် မြို့ရိုးပေါ်သို့တက်၍ အလောင်းကို ဘုရား သခင့်လူ၏ ခုတင်ပေါ်မှာထားပြီးလျှင် တံခါးကို ပိတ်၍ သွားလေ၏။}

               ထိုအမျိုးသမီးသည် စိတ်မကောင်းများစွာနှင့် ဧလိရှဲထံ အကူအညီသွား တောင်းရန် ဆုံးဖြတ်လိုက်ပါသည်။ သူမနှင့်အတူ ကျွန်တစ်ယောက်လည်း ပါ၏။ ]ဘုရားသခင်၏လူသည် အဝေးကမြင်သောအခါ မိမိကျွန်ဂေဟာဇိကိုခေါ်၍ ရှုနင် မြို့သူမိန်းမလာ၏။ သင်ပြေး၍ ခရီးဦးကြိုပြုပြီးလျင် ကိုယ်တိုင်မာ၏ လော၊ ခင်ပွန်း မာ၏လော၊ သူငယ်မာ၏လောဟု စေလွှတ်၍ မေးမြန်းစေသော်လည်း ထိုအမျိုးသမီး သည် ဧလိရှဲထံမရောက်မချင်း လာရင်းအကြောင်းရင်းကိစ္စကို မပြောဘဲ နေ၏။ ဧလိရှဲသည် အဖြစ်မှန်ကို ကြားရပြီးသည်နောက် မိမိ၏ ကျွန်ဂေဟာဇိအား ဤသို့ ပြော၏။ ]သင်၏ခါးကိုစည်းလော့။ ငါ့တောင်ဝှေးကို ကိုင်၍သွားလော့။ ငါ့တောင်ဝှေးကို သူငယ်၏ မျက်နှာပေါ်မှာ တင်လော့ဟု မှာထားလေ၏။}

               သို့သော်လည်း ထိုမိခင်သည် ဧလိရှဲက သူမနှင့် အတူမလိုက်ပါလျှင် မကျေနပ်။ သို့ဖြစ်၍ ]ထာ၀ရဘုရားသခင် အသက်၊ ကိုယ်တော် အသက်ရှင်တော်မူသည်အတိုင်း ကျွန်မသည် ကိုယ်တော်နှင့်ကွာ၍ မသွားနိုင်ပါဟု ဆိုသောကြောင့် ဧလိရှဲသည် ထ၍လိုက်လေ၏။ ဂေဟာဇိသည် အရင်သွား၍ တောင်ဝှေးကို သူငယ်၏ မျက်နှာ ပေါ်မှာ တင်သော်လည်း သူငယ်သည် အသံမပြုအမှုမထား။ ထိုကြောင့် ဂေဟာဇိသည် ဧလိရှဲကို ခရီးဦးကြိုပြု၍ သူငယ်သည် မနိုးပါဟုပြန်ပြော၏။}

               ]ဧလိရှဲနှင့် ထိုမိခင်တို့သည် အိမ်သို့ရောက်သောအခါ သူငယ်သေလျက် မိမိခုတင်ပေါ်မှာ တင်ထားလျက် ရှိသည်ကိုတွေ့သဖြင့် အထဲသို့ဝင်၍ နှစ်ယောက် တည်းရှိစေခြင်းငှါ တံခါးကိုပိတ်လျက် ထာ၀ရာဘုရားသခင်ကို ဆုတောင်းလေ၏။ သူငယ်၏ အနီးအပါးသို့ချဉ်း၍ သူ့အပေါ်မှာ အိပ်လျက် နှုတ်ချင်း၊ မျက်စိချင်း၊ လက်ချင်းထပ်လျက်၊ သူငယ်အပေါ်မှာကိုယ်ကိုလှန်သဖြင့် သူငယ်အသားသည် နွေးစရှိ၏။ တစ်ဖန်ဆင်း၍ အခန်းထဲမှာ စင်္ကြံသွားပြီးလျှင် ချဉ်းပြန်၍ သူငယ်အပေါ်မှာ ကိုယ်ကိုလှန်သဖြင့် သူငယ်သည် ခုနစ်ကြိမ် ခြေဆန့်၍ မျက်စိကို ဖွင့်၏။} ဤသို့လျှင် ထိုမိန်းမ၏ ယုံကြည်ခြင်းသည် ထိုအကျိုးကျေးဇူးကို ရရှိစေပါသည်။ အသက်ကို ပေးပိုင်သော သခင်ခရစ်တော် သည် ထိုမိန်းမအား သားငယ်ကိုတစ်ဖန်ပြန်ပေးလေပြီ မဟုတ်လော။(ယေရမိ ၃၁း၁၅၊၁၇)။

               အလားတူထိုသခင်သည် ကောင်းကင်ဘုံမှ မိုးတိမ်စီး၍ မကောင်းသူပယ်၊ ကောင်သူကယ်ရန် ကြွဆင်းလာသောအခါ ထိုသခင်၌ သစ္စာရှိ၍ သေလွန်သွားသော သူတို့သည် တစ်ဖန်ပြန်၍ ရှင်ပြန်ထမြောက်ရလတ္တံ။ မိသားစုများပြန်လည်တွေ့ဆုံ ကြမည် ဖြစ်ပါသည်။

               သခင်ယေရှုသည် သေခြင်းကြောင့် ဝမ်းနည်းပူဆွေးရောက်ရရှာ လေသော သူတို့အား အနှိုင်းမဲ့မျှော်လင့်ခြင်းကိုပေးထားပါသည်။(ဟော ၁၃း၁၄)။ ]ငါသည် အ သက်ရှင်သော သူလည်းဖြစ်၏။ ငါသည် အရင်သေသည်ဖြစ်၍ ကမ္ဘာအဆက်ဆက် အ သက်နှင့်ပြည့်စုံ၏။ မရဏာနှင့် မရဏာနိုင်ငံကိုလည်း ငါအစိုးရ၏။} (ဗျာ ၁း၁၈)။ ]ဘုရား သခင်သည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန် မင်းအသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မူ၍ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။ ထိုအခါ အသက် ရှင်၍ ကျန်ကြွင်းသောငါတို့သည် အာကာသကောင်းကင်၌ ဘုရားသခင်ထံတော်သို့ ရောက်စေခြင်းငှါ ထိုသူတို့နှင့်တကွ မိုးတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် ဘုရားသခင်နှင့်အတူ အစဉ်မပြတ်နေရကြလိမ့်မည်။} (၁သက်သာ ၄း၁၆၊ ၁၇)။

               ဧလိရှဲ၏ သာသနာတော်လုပ်ငန်းမှာ သွန်သင်ပြသခြင်းနှင့် အနာရောဂါကင်း ငြိမ်းစေခြင်းတို့ကို ပေါင်းစပ်ထားပါသည်။ မိမိ၏ ထိရောက်သော သာသနာတော် လုပ်ဆောင်ချက်များ တစ်လျှောက်ပညာပေးခြင်း တည်းဟူသော ပုရောဖက်ကျောင်း များကိုလည်း ဖွင့်လှစ်တည်ထောင်ခဲ့ပါ၏။ သူသွန်သင်ခဲ့လေသမျှသော လူငယ် ကျောင်းသားများတို့မှာ နိုးကြားတက်ကြွမှုရှိရုံမျှမက သန့်ရှင်းသော ဝိညာဉ်တော်၏ ပဲ့ပြင်မှုနှင့် သာသနာတော် အကျိုးကို ထိရောက်စွာ သယ်ပိုးနိုင်ခဲ့ပေသည်။

 

                              အဆိပ်သင့်သော ဟင်းအိုးကို ပျောက်ပြယ်စေခြင်း

               တစ်ဖန်ဧလိရှဲသည် ဂိလဂါလမြို့ရှိ ပုရောဖက်ကျောင်းသို့ အလည်အပတ် သွားစဉ် အဆိပ်သင့်သော ဟင်းအိုးကိုဘေးမရှိ၊ သာမန်ပကတိ အဖြစ်သို့ရောက် ရှိစေခဲ့ပါသည်။ ]ထိုပြည်၌ အစာခေါင်းပါး၏။ ပုရောဖက်အမျိုးသားစာသင်သားတို့သည် ဧလိရှဲရှေ့မှာထိုင်ကြစဉ် ပုရောဖက် အမျိုးသားအဖို့ ကြီးသောအိုးကင်းကိုပြင်၍ ဟင်းချက်လော့ဟု မိမိကျွန်အားဆို၏။ တစ်စုံတစ်ယောက်သောသူသည် ဟင်းသီး ဟင်းရွက်ကိုဆွတ်ခူးခြင်ငှါ လယ်ပြင်သို့သွား၍ တောနွယ်ပင်ကိုတွေ့လျှင် တောဘူးသီး ပိုက်နိုင်သမျှကို ဆွတ်ခူးပြီးမှ ထိုဘူးမျိုးကိုမသိဘဲ ဟင်းအိုးထဲကိုခတ်လေ၏။ ဟင်အိုးစားအံ့ဟု လောင်းပြီးမှ ဝိုင်း၍စားကြစဉ်တွင် အိုဘုရားသခင်၏လူ၊ အိုးထဲ၌ သေဘေးရှိပါသည်ဟု အော်ဟစ်၍ မစားနိုင်ဘဲနေကြ၏။ ဧလိရှဲကလည်း မုန့်ညက်ကို ယူခဲ့ဟုဆို၍  အိုးထဲမှာခတ်ပြီးလျှင် လူများစားဖို့လောင်းဦးလော့ဟု ဆိုပြန်သော် အိုး၌ဘေးမရှိ။}

               ထိုပြည်ရှိဂိလဂါလမြို့မှာ အစာခေါင်းပါးဆဲ ဖြစ်နေသေးသည်။ ]ဗလရှလိရှမြို့နေလူတစ်ယောက်သည်လာ၍ အဦးသီးသော မုယောဆန် ဖြင့် လုပ် သော မုန့်လုံးနှစ်ဆယ်နှင့် အိတ်၌ ထည့်သော အသီးအနှံများကို ဘုရားသခင်၏ လူထံသို့ဆောင်ခဲ့၏။ဧလိရှကလည်း ဤလူ (ကျောင်းသား) များကို ကျွေးလော့ဟု ဆိုလျှင် ကျွန်ကအဘယ်သို့နည်း။ ကျွန်တော်သည် လူတစ်ရာကို ဤမျှနှင့် ကျွေးနိုင် ပါမည်လောဟုမေးလျှင် ဧလိရှဲက ဤလူများကို ကျွေးလော့။ ထာ၀ရဘုရားသခင် မိန့်တော်မူသည်ကား ဤသူတို့သည် ၀စွာစားကြသော်လည်း စားစရာကျန်ကြွင်း လိမ့်မည်ဟု မိန့်တော်မူကြောင်းကို ပြောဆိုသော် ကျွန်သည် လူများရှေ့မှာထည့်၍ ထာ၀ရဘုရားသခင်၏ စကားတော်နှင့်အညီ ထိုသူတို့သည် ၀စွာစားကြ၍ စားစရာ ကျန်ကြွင်းလျက်ရှိ၏။}

 

                             

               ထိုအချိန်မှစ၍ ထပ်ခါတလဲလဲ ယေရှုဘုရားသခင်သည် လူတို့၏ လိုအပ်ချက်များကို ထောက်ပံ့ပေးလျက်ရှိပါသည်။ ထင်ထင်ရှားရှားအမြဲ မဟုတ် သည့်တိုင် စိတ်မျက်စိနှင့် မြင်တွေ့နိုင်သည့် လုပ်ရပ်မျိုးလည်းရှိပါ၏။ အကယ်၍သာ ကျွန်ုပ်တို့မှာ ရှင်းလင်းစွာသော ဝိညာဉ်ရေးဆိုင်ရာ ခွဲခြားတွေ့ မြင်တတ်သောဆု ကျေးဇူးရှိပါက လူသားကြီးငယ်တို့အတွက် ဘုရားသခင်သည် ကြီးမားသော ကရုဏာ စိတ်နှင့် ကြည့်ရှုစောင့်ရှောက်လျက် ရှိကြောင်းကို သိမှတ်နိုင်ခွင့်ရှိပါလိမ့်မည်ဖြစ်၏။

               သခင်ခရစ်တော်သည် ဤကမ္ဘာမြေကြီးပေါ်မှာသာသနာပြုခဲ့စဉ်က လူထု ပရိသတ်ကြီးကို အစာကျွေးသော အလားတူနိမိတ်လက္ခဏာ မျိုးရှိခဲ့ပါသည်။ ရှေးရှေး တုန်းက ပုရောဖက်နှင့် အနီးကပ်ဆုံးဖြစ်သူ ကျွန်ယုံတော် တစ်ဦးကမယုံကြည်သော အပြုအမူ မေးခွန်းတိုများသည် ] အဘယ်သို့နည်း၊ ကျွန်တော်သည် လူတစ်ရာကို ဤမျှနှင့် ကျွေးနိုင်ပါမည်လော}ဟု မေးခဲ့ဖူးသလို၊ သခင်ယေရှုက မိမိ၏တပည့် တော်တို့အား လူပရိသတ်တို့အား စားစရာကိုပေးကြလော့ဟု ပြောသောအခါ သူတို့က ပြန်ဖြေသည်မှာ ]ကျွန်ုပ်တို့သည် သွား၍ ဤလူအပေါင်းတို့ စားစရာဖို့ မယ်လျှင် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်မှ တစ်ပါး အဘယ်စားစရာမျှ အကျွန်ုပ်တို့၌မရှိပါ။} (လုကာ ၉း၁၃)။ ကျွန်ုပ်တို့အထဲမှာ ဤလို မေးခွန်းထုတ်တတ် သူများ၊ မည်မျှ များပါသနည်း။ ]ယေရှုသည် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်းကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးမှ} မုန့်ကို ပေးဝေစေ၏။ ]လူအပေါင်းတို့သည် စား၍၀ကြပြီးမှ ကြွင်းရစ်သော အကျိုးအပဲ့ကို ကောက်သိမ်း၍ တစ်ဆယ့်နှစ်တောင်းအပြည့်ရကြ၏။} စားကြသူများကာ ငါးထောင်မျှ ရှိသတည်း။

               ဘုရားသခင်သည် ကျွန်ုပ်တို့အားပြီးစီးရန် အလုပ်တစ်ခုကို ပေးအပ်သောအခါ အဘယ်လူသားမျှ သင့်အားဆင်ခြေဆင်လက်ပေးကာ သဘာ၀မကျ၊ ယုတ္တိမရှိဟု အမျိုးမျိုးပြောဆို၍ သာသနာပတ်သက်သော လုပ်ငန်းမှ ထွက်ခွာရလေအောင် လုံလောက်သော အကြောင်းပြချက်ဖြင့် မရပ်တန့်စေနှင့်။ သူတို့ လက်ထဲမှာ ရှိသော ထောက်ပံ့မှုသည် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် နည်းကောင်းနည်းနိုင်သည်။ သို့သော်လည်းဘုရားသခင်၏ လက်ထဲမှာ ရှိပါသော် လုံလောက်လျက်နေချေပြီ။ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ လုပ်ဆောင်ပါမိတ်ဆွေ။ ]ကျွန်သည် လူများရှေ့မှာ ထည့်၍ ထာ၀ရဘုရားသခင်၏ စကားတော်နှင့် အညီ ထိုသူတို့သည်၀စွာ စားကြ၍ စားစရာ ကျန်ကြွင်းလျက်ရှိ၏။}

               အဘယ်သူမျှ မိမိတို့၏ မြင်တွေ့နိုင်သော အကျိုးဆောင်ရွက်နိုင်စေသည့် အင်အားဇစ်မြစ်များကြောင့် စိတ်ဓါတ်ကျဆင်းသဖြင့် ]စစ်မတိုက်မီ မြှားကုန်ပြီ} ဆိုသော အဖြစ်မျိုးနှင့် အချိန်ကို မကုန်လွန်စေပါနှင့်။ ကိုယ့်မှာရှိသော အင်အားစု နှင့် ထာ၀ရဘုရားသခင်ကို ယုံကြည်ကိုးစားခြင်းဖြင့် လိုအပ်သည့်အင်အားစု ဇစ်မြစ်များ တိုးပွားလာပေမည်။ ရှိသောအရာကို ဘုရားသခင်ထံယူဆောင်လာပါ။ ကျေးဇူးတော် ချီးမွမ်း၍ ထာ၀ရဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို တောင်းခံပါ။ ထိုသခင်သည် နွယ်နယ်၍ အစာဆာမွတ်နေသောလူငါးထောင်အား မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ဖြင့် ၀လင်စွာကျွေးသကဲ့သို့လည်းကောင်း၊ ပုရောဖက်ကျောင်းသားတို့အား ကျွေးသော မုန့်ကိုတိုးပွားများပြားစေသကဲ့သို့လည်းကောင်း နိမိတ်လက္ခဏာကို ပြုတော်မူပါလိမ့် မည်။

 

No comments:

Post a Comment