Saturday, September 6, 2025

The Language of Love အချစ် ဘာသာစကား

အိမ်ထောင်သည်တိုင်း ဖတ်သင့်သောစာ၊ အထူးသဖြင့် သားသမီးရှိသော မိဘများ ပို၍ဖတ်သင့်သောစာဖြစ်ပါသည်။




အချစ် ဘာသာစကား

မေးခွန်း
ကျွန်တော့်ဇနီးနှင့်ကျွန်တော်သည် အိမ်ထောင်သက်နှစ် ၂၀ နီးပါးရှိပြီဖြစ်သော်လည်း ဆက်သွယ်ပြောဆိုမှုတွင် အဆင်မပြေလှပါ။ အမှန်မှာ ကျွန်တော်တို့သည် တစ်ဦးနှင့်တစ်ဦး နားလည်မှုလွဲမှားပြီး အကောင်းဆုံးရည်ရွယ်ချက်ရှိ သော်လည်း မကြာခဏ စိတ်ဆိုးဒေါသထွက်ကြပါ၏။ ထိုအရာသည် ကျွန်တော်တို့၏သားသမီးအချင်းချင်းကြားနှင့် ကျွန်တော်တို့ကြားဆက်ဆံရေးကိုပါ ထိခိုက်စေ၏။ ကျွန်တော်တို့ တစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်ဆံမှု တိုးတက်ကောင်းမွန်ရန် ဘယ်ကနေ စတင်ရမည်ကို သိဖို့ အကူအညီတကယ် လိုအပ်ပါသည်။

အဖြေ
အောင်မြင်သော အိမ်ထောင်သုခနှင့် အောင်မြင်သော မိသားစု၏ အဓိကအုတ်မြစ်သည် ထိရောက်သောဆက်သွယ်ရေးဖြစ်ပြီး၊ နှလုံးသား၊ စိတ်နှလုံးနှင့် စိတ်ဝိညာဉ်ကို ချိတ်ဆက်ပေးသော တံတားတစ်စင်းလည်းဖြစ်သည်။ လင်နှင့်မယားတို့သည် တစ်ဦးနှင့်တစ်ဦး အဓိပ္ပါယ်ရှိသော ဆွေးနွေးမှုကို ကျွမ်းကျင်စွာ ပြုလုပ်နိုင်သောအခါ၊ ၎င်းတို့သည် သားသမီးများနှင့် ဆက်ဆံရေးသို့ သဘာဝကျစွာ ထပ်မံချဲ့ထွင်နိုင်သော အုတ်မြစ်တစ်ခုကို ဖန်တီးပေးပြီး၊ မိသားစုဝင်တိုင်း ဂရုတစိုက် နားထောင်ခံရ၊ တန်ဖိုးထားခံရ၊ နားလည်ပေးမှုကိုခံရသည်ဟု ခံစားရသည့် ပတ်ဝန်းကျင်ကို ပြင်ဆင်ပေး၏။ ဤပြောင်းလဲမှုလုပ်ငန်းစဉ်သည် ဘဝ၏စိန်ခေါ်မှုများကို ခံနိုင်ရည်ရှိပြီး ၎င်း၏ပျော်ရွှင်မှုများကို ဂုဏ်ပြုနိုင်သော အကောင်းဆုံးမိသားစုဆက်ဆံရေးအတွက် လမ်းကြောင်းတစ်ခုကို ပေးဆောင်၏။

ကျမ်းစာလမ်းညွှန်ချက်
ကျမ်းစာသည် မိသားစုအတွင်း ဆက်သွယ်ပြောဆိုမှုအတွက် အကောင်းဆုံးလမ်းညွှန်ချက်များကို ပေးထားပြီး၊ အိမ်ထောင်သုခသည် ဘုရားသခင်ဖန်ဆင်းထားသော သန့်ရှင်းသောပဋိညာဉ်ဖြစ်သည်ဟူသော ဗဟိုချက်မှ စတင်သည်။ ဧဖက် ၄း၂၉ တွင် “သင်တို့၏နှုတ်မှ အကျိုးမဖြစ်စေသော စကားတစ်ခွန်းမျှမထွက်စေဘဲ၊ လိုအပ်သည်အတိုင်း တည်ဆောက်ရန်ကောင်းသော၊ နားထောင်သူတို့အား ကျေးဇူးပြုသော စကားကိုသာ ပြောဆိုကြလော့” (ESV ဘာသာပြန်) ဟု ညွှန်ကြားထားသည်။ ဤကျမ်းပိုဒ်သည် မိသားစုအတွင်း ဆက်သွယ်ပြောဆိုမှုအားလုံးကို တည်ဆောက်ပေးမည်၊ အကျိုးဖြစ်ထွန်းစေမည်၊ ထို့အပြင်ကျေးဇူးသက်ရောက်စေမည်ဟူသော အခြေခံမူဖြင့် တည်ထောင်သည်။

ကျမ်းစာမူများ
ကျမ်းစာဆိုင်ရာ ဆက်သွယ်ပြောဆိုမှုပုံစံသည် အိမ်ထောင်ရေးနှောင်ကြိုးကို ခိုင်မြဲစေပြီး ကျန်းမာသော မိသားစုဆက်ဆံရေးကို ဖန်တီးပေးသည့် အဓိကအချက်များကို အလေးထားသည်။

ပထမတွင် မေတ္တာဖြင့် အမှန်တရားပြောဆိုခြင်း။ ဧဖက် ၄း၁၅ တွင် ဖော်ပြထားသည့်အတိုင်း၊ လင်နှင့်မယားတို့သည် ရိုးသားမှုနှင့် သနားကြင်နာခြင်းကို မျှတစွာ ပြောဆိုရမည်။ ခက်ခဲသော အမှန်တရားများကို နူးညံ့စွာနှင့် တစ်ဦးနှင့်တစ်ဦး ကောင်းကျိုးအတွက် စစ်မှန်သောဂရုစိုက်မှုဖြင့် ပြောဆိုသောအခါ၊ ၎င်းတို့သည် သားသမီးများအား သမာဓိနှင့် ကရုဏာဖြင့် ခက်ခဲသော စကားဝိုင်းများကို ဖြတ်ကျော်နည်းကို ပြသပေးသည်။

နားထောင်ခြင်း။ သုတ္တံ ၁၈း၁၃ တွင် “နားမထောင်ဘဲ ဖြေဆိုခြင်းသည် မိုက်မဲမှုနှင့် အရှက်ကွဲခြင်းဖြစ်သည်” (NIV) ဟု သတိပေးထားသည်။ ဤအချက်သည် တစ်ဦးနှင့်တစ်ဦး သေသေချာချာနားထောင်ပြီးမှ ပြန်လည်ဖြေကြားရန် အရေးကြီးကြောင်း သင်ပေးသည်။ လင်မယားတို့သည် တစ်ဦးနှင့်တစ်ဦး စိတ်ရှည်စွာ နားထောင်ကြသသောအခါ၊ သားသမီးများသည် ၎င်းတို့ကိုယ်တိုင်၏အသံများ တန်ဖိုးရှိကြောင်းနှင့် စဉ်းစားတွေးခေါ်သော တုံ့ပြန်မှုများသည် အလျင်စလို တုံ့ပြန်မှုထက် ပိုတန်ဖိုးရှိကြောင်း သင်ယူပါသည်။

ခွင့်လွှတ်ခြင်း။ ကောလောသဲ ၃း၁၃ တွင် “တစ်ဦးနှင့်တစ်ဦး သည်းခံပြီး၊ တစ်ဦးပေါ် တစ်ဦး အပြစ်တင်စရာရှိလျှင် အချင်းချင်း ခွင့်လွှတ်ကြလော့။ သခင်ဘုရားသည် သင်တို့ကို ခွင့်လွှတ်တော်မူသည်အတိုင်း သင်တို့လည်း ခွင့်လွှတ်ရမည်” (ESV) ဟု ညွှန်ကြားထားသည်။ လင်မယားတို့သည် ၎င်းတို့၏ဆက်သွယ်ပြောဆိုမှုပုံစံတွင် ပုံမှန်ခွင့်လွှတ်ခြင်းကို ကျင့်သုံးသောအခါ၊ သားသမီးများအား ရိုးသားစွာပြောဆိုမည်ဆိုပါက လုံခြုံကြောင်း၊ အမှားများနှင့် နားလည်မှုလွဲမှားမှုများကို ကျေးဇူးတရားနှင့် နားလည်ပေးမှုဖြင့် ဖြေရှင်းနိုင်ကြောင်း သိရှိစေ၏။

စိတ်ပညာဆိုင်ရာ ထိုးထွင်းသိမြင်မှု
ကောင်းမွန်ကျန်းမာသည့် ဆက်သွယ်မှု၏ယန္တရားများအတွက် တန်ဖိုးရှိသော စိတ်ပိုင်းဆိုင်ရာထိုးထွင်းသိမြင်မှုများသည် သမ္မာကျမ်းစာမူများနှင့် ဖြည့်စွမ်းပေးသည်။ ဂျွန်ဂေါ့မန်(John Gottman)၏ အိမ်ထောင်ရေးဆက်သွယ်မှုဆိုင်ရာ ကျယ်ပြန့်သောသုတေသနပြုချက်များအရ သူသည် အကျိုးယုတ်စေသော ပုံစံလေးမျိုးကို ဗျာဒိတ်ကျမ်း၏ မြင်းစီးသူရဲလေးယောက်ဟု သတ်မှတ်ခဲ့သည်။ ၎င်းတို့မှာ ဝေဖန်မှု၊ မထီမဲ့မြင်ပြုမှု၊ ခုခံကာကွယ်မှု၊ နှင့် ကျောက်နံရံဆောက်ထားမှုတို့ ဖြစ်ကြသည်။ ဤဆက်သွယ်မှုဖျက်ဆီးသူများကို မည်သို့သတိပြုမူ ရမည်၊ မည်သို့ရှောင်ရှားရမည်ကို သိရှိပြီး သင်ယူသောအခါ၊ သင့်ကလေးများက မြင်တွေ့ပြီး အတုယူလိုက်နာမည့် အပြုသဘောဆောင်သော အပြန်အလှန်ဆက်သွယ်မှုများအတွက် နေရာဖန်တီးပေးမည်ဖြစ်သည်။

စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်
စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်သည် မိသားစုဆက်သွယ်ပြောဆိုမှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။ သင်တို့၏ ကိုယ်ပိုင်စိတ်ခံစားမှုများကို သိရှိ၊ နားလည်ပြီး စီမံခန့်ခွဲနိုင်မှုဖွံ့ဖြိုးစေသောအခါ၊ သင့်ဇနီး၏ စိတ်ခံစားမှုအခြေအနေကို သတိထားနိုင်မှုကိုလည်း ဖွံ့ဖြိုးလာမည်၊ သင်တို့၏သားသမီးများအတွက် ရှုပ်ထွေးသော စိတ်ခံစားမှုဆိုင်ရာကိုကိုင်တွယ်ရာတွင်လည်း ကျွမ်းကျင်မှုကို ပေးမည်။ ဤစိတ်ခံစားမှုဆိုင်ရာ သတိရှိမှုသည် စကားဝိုင်း၏ မျက်နှာပြင်အကြောင်းအရာများသာမက ဖော်ပြမခံရသော အတွင်း ခံစားချက်များနှင့် လိုအပ်ချက်များကိုပါ ဖြေရှင်းပေးသော ပိုမိုသိမ်မွေ့သော ဆက်သွယ်ပြောဆိုမှုကို ခွင့်ပြုထားသည်။

တက်ကြွစွာ နားထောင်ခြင်း
တက်ကြွစွာ နားထောင်ခြင်းနည်းပညာသည် အိမ်ထောင်ရေးဆက်သွယ်ပြောဆိုမှုကို တိုးတက်စေရန် လက်တွေ့ကျသော လက်နက်များကို ပေးဆောင်၏။ ကြားသမျှကို ပြန်မဖြေမီ သူပြောစကားကိုသင် အမှန်တကယ်နားလည်ကြောင်း အတိုချုံ့ပြန်ပြောပါက၊ သင့်သားသမီးများအား ပြသပေးရာကျသည်။ ဤနည်းပညာသည် နားလည်မှုလွဲမှားမှုများကို လျှော့ချပြီး မိသားစုဝင်များအား အမှန်တကယ် နားထောင်ခံရကြောင်း ခံစားရစေသည်။

အပြုသဘောဆောင်သော အားဖြည့်ခြင်း
အပြုသဘောဆောင်သော အားဖြည့်ခြင်း၏ စိတ်ပညာဆိုင်ရာ မူသည် မိသားစုဆက်သွယ်ပြောဆိုမှုပုံစံများကို ခိုင်မာစေသည်။ လင်မယားတို့သည် တစ်ဦးနှင့်တစ်ဦး၏ ဆက်သွယ်ပြောဆိုမှုကြိုးပမ်းမှုများကို ပုံမှန်အသိအမှတ်ပြုပြီး တန်ဖိုးထားသောအခါ၊ ၎င်းတို့သည် တိုးတက်မှုကိုအားပေးသည့် အပြုသဘောဆောင်သော တုံ့ပြန်မှုကွင်းဆက်ကို ဖန်တီးသည်။ မိဘများသည် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ပြောဆိုမှု ကောင်းမွန်စေရန် ကြိုးပမ်းမှုအတွက် ကျေးဇူးတင်ရှိမှုနှင့် အသိအမှတ်ပြုမှုကို ဖော်ပြသည်ကို သားသမီးများက မြင်တွေ့သောအခါ၊ ၎င်းတို့၏ ဆက်ဆံရေးများတွင် တန်ဖိုးထားမှုနှင့် ကျင့်သုံးမှုကို သင်ယူသည်။

လူမှုဗေဒဆိုင်ရာ သုတေသန
လူမှုဗေဒဆိုင်ရာ သုတေသနသည် မိသားစုအတွင်း ဆက်သွယ်ပြောဆိုမှုပုံစံများသည် ပိုမိုကျယ်ပြန့်သော လူမှုဖွဲ့စည်းပုံများဖြင့် မည်သို့လွှမ်းမိုးခံရသည်ကို ဖော်ပြသည်။ လူမှုဗေဒပညာရှင် ဂျိမ်းကိုးလ်မန်း၏ လူမှုဆက်ဆံရေးအရင်းအနှီးသဘောတရားတွင် ခိုင်မာသော မိသားစုဆက်သွယ်ပြောဆိုမှုကွန်ရက်များသည် သားသမီးများ၏ ဖွံ့ဖြိုးမှုနှင့် အောင်မြင်မှုအတွက် မည်သို့အထောက်အကူပြုသည်ကို မီးမောင်းထိုးပြသည်။ လင်မယားတို့သည် တစ်ဦးနှင့်တစ်ဦး ထိရောက်စွာ ဆက်သွယ်ပြောဆိုပြီး ထိုမူများကို သားသမီးများနှင့် ဆက်ဆံရာတွင် ချဲ့ထွင်သောအခါ၊ ၎င်းတို့သည် မိသားစုစနစ်တစ်ခုလုံးအတွက် အကျိုးရှိသော ကြွယ်ဝသော လူမှုဆက်ဆံရေးအရင်းအနှီးကို တည်ဆောက်ပေးသည်။

မိသားစုစနစ်သီအိုရီ
မိသားစုစနစ်သီအိုရီသည် မိသားစုများတွင် ဆက်စပ်နေသော ယူနစ်များအဖြစ် လုပ်ဆောင်ပြီး တစ်ခုတည်းသော ဆက်ဆံရေးတွင် ပြောင်းလဲမှုများသည် စနစ်အတွင်းရှိ အခြားဆက်ဆံရေးအားလုံးကို ထိခိုက်စေသည်ဟု အလေးထားသည်။ လင်မယားတို့သည် ၎င်းတို့၏ ဆက်သွယ်ပြောဆိုမှုပုံစံများကို တိုးတက်စေသောအခါ၊ အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများသည် မိသားစုတစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး၊ မိဘ-သားသမီးဆက်ဆံရေး၊ ညီအစ်ကိုမောင်နှမဆက်ဆံရေးနှင့် အဆွေခင်ပွန်းဆက်ဆံရေးများကိုပါ လွှမ်းမိုးသည်။

စံနမူနာပြခြင်း
စံနမူနာပြခြင်း၏ သဘောတရားတွင် သားသမီးများသည် ညွှန်ကြားချက်ထက် စောင့်ကြည့်မှုမှတစ်ဆင့် ဆက်သွယ်ပြောဆိုမှုပုံစံများကို သင်ယူပုံကို ဖော်ပြသည်။ သုတေသနများအရ မိဘများသည် တစ်ဦးနှင့်တစ်ဦး ရိုသေမှု၊ စိတ်ရှည်မှုနှင့် မေတ္တာဖြင့် ဆက်သွယ်ပြောဆိုသည်ကို ပြသခံသော သားသမီးများသည် ၎င်းတို့၏ ဆက်ဆံရေးများတွင် အလားတူ ဆက်သွယ်ပြောဆိုမှုကျွမ်းကျင်မှုများကို ဖွံ့ဖြိုးလာဖွယ်ရှိသည်။ ဤစံနမူနာပြခြင်း အကျိုးသက်ရောက်မှုသည် မိသားစုအတွင်းသာမက၊ သားသမီးများသည် ဤပုံစံများကို ၎င်းတို့၏ သူငယ်ချင်းများ၊ ဆရာများနှင့် နောင်အနာဂတ်မိသားစုများနှင့် ဆက်ဆံရာတွင်ပါ ယူဆောင်သွားသည်။

ယဉ်ကျေးမှုထုံးတမ်းသဘောတရား
ယဉ်ကျေးမှုထုံးတမ်းသဘောတရားတွင် တန်ဖိုးထားမှုများနှင့် အပြုအမူများသည် ဆက်ဆံမှုများမှတစ်ဆင့် မျိုးဆက်တစ်ခုမှ တစ်ခုသို့ မည်သို့လွှဲပြောင်းသွားသည်ကို ရှင်းပြသည်။ လင်မယားတို့သည် ကောင်းမွန်ကျန်းမာသော ဆက်သွယ်ပြောဆိုမှုပုံစံများကို ရည်ရွယ်ချက်ရှိရှိ ဖွံ့ဖြိုးစေသောအခါ၊ ၎င်းတို့သည် သူတို့၏ သားသမီးများသာမက နောင်မျိုးဆက်များအတွက်ပါ အကျိုးရှိသော ဆက်ဆံရေးကျွမ်းကျင်မှုများ၏ အပြုသဘောဆောင်သော ယဉ်ကျေးမှုထုံးတမ်းကို တည်ထောင်ပါသည်။

ပြည့်စုံသောချဉ်းကပ်မှု
ဤအချက်များကို ပေါင်းစည်းခြင်းသည် ဝိညာဉ်ရေးရာ၊ စိတ်ခံစားမှုနှင့် လူမှုဆိုင်ရာ ဆက်ဆံရေးရှုထောင့်များကို ဖြေရှင်းပေးသော မိသားစုဆိုင်ရာဆက်သွယ်ပြောဆိုမှုအတွက် ပြည့်စုံသောချဉ်းကပ်မှုကို ဖန်တီးပေးသည်။ သင်နှင့် သင်၏ဇနီးသည် အဓိပ္ပါယ်ရှိသော စကားဝိုင်းများအတွက် အရည်အသွေးရှိသည့်အချိန်ကို ဦးစားပေးသော ပုံမှန်ဆက်သွယ်ပြောဆိုမှု စည်းချက်များကို တည်ထောင်ခြင်းဖြင့် စတင်နိုင်သည်။ ၎င်းတွင် နည်းပညာ သို့မဟုတ် အခြားအာရုံပြောင်းလွှဲမှုများမရှိဘဲ သင်တို့၏ အတွေးများ၊ ခံစားချက်များနှင့် အတွေ့အကြုံများကို မျှဝေသည့် နေ့စဉ်စစ်ဆေးမှုများ ပါဝင်နိုင်သည်။

ဆုတောင်းခြင်းနှင့် ဝိညာဉ်ရေးရာကျင့်စဉ်များ
ဆုတောင်းခြင်းနှင့် ဝိညာဉ်ရေးရာကျင့်စဉ်များသည် ခက်ခဲသော စကားဝိုင်းများတွင် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အတူပါရှိမှုကို ဖိတ်ခေါ်ခြင်းဖြင့် အိမ်ထောင်ရေးဆက်သွယ်ပြောဆိုမှုကို မြှင့်တင်ပေးနိုင်သည်။ ခက်ခဲသော ဆွေးနွေးမှုများကို ဆုတောင်းခြင်းဖြင့် စတင်သောအခါ၊ သင်တို့သည် ဘုရားသခင်နှင့် တစ်ဦးနှင့်တစ်ဦး နှိမ့်ချပြီး၊ နားလည်မှုနှင့် ဖြေရှင်းမှုအတွက် ပိုမိုအဆင်ပြေသော ပတ်ဝန်းကျင်ကို ဖန်တီးပေးသည်။

“ငါ” ထုတ်ဖော်ပြောဆိုမှုများ
တစ်ဦးနှင့်တစ်ဦး အပြစ်မတင်ဘဲ သင်တို့၏ ခံစားချက်များနှင့် လိုအပ်ချက်များကို ဖော်ပြသည့် “ငါ” ထုတ်ဖော်ပြောဆိုမှုများကဲ့သို့သော စိတ်ပညာဆိုင်ရာ နည်းပညာများကို အကောင်အထည်ဖော်ခြင်းသည် ခုခံကာကွယ်မှုကို လျှော့ချပြီး ပိုမိုအကျိုးဖြစ်ထွန်းသော ဆွေးနွေးမှုကို မြှင့်တင်ပေးသည်။ သင်တို့သည် ဤရိုသေဖွယ်သော ဆက်သွယ်ပြောဆိုမှုလက်နက်များကို အသုံးပြုသည်ကို သားသမီးများက မြင်တွေ့သောအခါ၊ ၎င်းတို့သည် မိမိတို့၏ လိုအပ်ချက်များနှင့် စိုးရိမ်ပူပန်မှုများကို ဖော်ပြရာတွင် အလားတူ ချဉ်းကပ်မှုများကို သဘာဝကျစွာ ထည့်သွင်းစတင်လာသည်။

မိသားစုဆက်သွယ်ပြောဆိုမှု ထုံးတမ်းများ
ပုံမှန်မိသားစုဝတ်ပြုကိုးကွယ်မှု၊ မိသားစုအစည်းအဝေးများ သို့မဟုတ် ထမင်းစားချိန်တွင် မျှဝေခြင်းကဲ့သို့သော မိသားစုဆက်သွယ်ပြောဆိုမှု ထုံးတမ်းများကို ဖန်တီးခြင်းသည် သင်တို့အား ကျန်းမာသော ဆက်သွယ်ပြောဆိုမှုကို ပြသရန် ဖွဲ့စည်းထားသော အခွင့်အလမ်းများကို ပေးဆောင်ပြီး၊ သားသမီးများအား လုံခြုံပြီး ထောက်ပံ့ပေးသော ပတ်ဝန်းကျင်အတွင်း ၎င်းတို့ကိုယ်ကို ဖော်ပြရန် လေ့ကျင့်ပေးသည်။ ဤထုံးတမ်းများသည် ကျမ်းစာမူများ၊ စိတ်ပညာဆိုင်ရာ ထိုးထွင်းသိမြင်မှုများနှင့် အပြုသဘောဆောင်သော လူမှုဆက်ဆံမှုများ ပေါင်းစည်းပြီး ခိုင်မာသော မိသားစုနှောင်ကြိုးများကို တည်ဆောက်ရန် လေ့ကျင့်ရာနေရာဖြစ်လာသည်။

အကောင်းဆုံးဆက်သွယ်ပြောဆိုမှုဆီသို့ ဉီးတည်သောခရီး
အကောင်းဆုံး မိသားစုဆက်သွယ်ပြောဆိုမှုဆီသို့ ဦးတည်သောခရီးသည် ရည်ရွယ်ချက်ရှိရှိ ကြိုးပမ်းမှု၊ စိတ်ရှည်မှုနှင့် တိုးတက်မှုအတွက် ကတိကဝတ်များ လိုအပ်သည်။ လင်မယားတို့သည် ကျမ်းစာလာသည်အတိုင်း သနားဂရုဏာတရားရှိသော အမှန်တရားပြောဆိုမှုကို ရည်ရွယ်ချက်ရှိရှိ လက်ခံကျင့်သုံးလာကြသောအခါ၊ စိတ်ခံစားမှုကိုလေ့လာပြီး၊ ကောင်းစွာနားထောင်ပေးခြင်းကို ပြုလုပ်ကြသောအခါ၊ မိဘတို့၏ ဆက်သွယ်ပြောဆိုမှုပုံစံများသည် သားသမီးများနှင့် ပိုမိုကျယ်ပြန့်သော အသိုက်အဝန်းအပေါ် လူမှုဗေဒဆိုင်ရာ အကျိုးသက်ရောက်မှုများနှင့် အောင်မြင်သော မိသားစုဆက်ဆံရေးအတွက် အားကောင်းသော အုတ်မြစ်တစ်ခုကို ဖန်တီးပေးသည်။

စုံလင်သောချဉ်းကပ်မှု
ဤပြည့်စုံသော ချဉ်းကပ်မှုတွင် ကျန်းမာသော မိသားစုဆက်သွယ်ပြောဆိုမှုသည် သတင်းအချက်အလက်ဖလှယ်ရုံသာမဟုတ်ဘဲ၊ ဘုရားသခင်ကို ဂုဏ်ပြုပြီး၊ စိတ်ခံစားမှုကို မွေးမြူပြီး၊ အပြုသဘောဆောင်သော လူမှုဖွဲ့စည်းပုံကို အထောက်အကူပြုသည့် နက်ရှိုင်းသော ချိတ်ဆက်မှုများကို ဖန်တီးခြင်းဖြစ်ကြောင်း အသိအမှတ်ပြုသည်။ သင်တို့၏ ဆက်သွယ်ပြောဆိုမှုကိုကျွမ်းကျင်စွာပြုလုပ်သောအခါ၊ သင်တို့သည် သားသမီးများ၏ အနာဂတ်ဆက်ဆံရေးများနှင့် အသိုက်အဝန်း၏ ကျန်းမာရေးတွင်လည်း ရင်းနှီးမြှုပ်နှံပြီး၊ မိသားစုကို ပြောင်းလဲပေးရုံသာမက အသင်းတော်နှင့် လူ့အဖွဲ့အစည်းတစ်ခုလုံး၏ ကြီးပွားမှုကို အထောက်အကူပြုသည့် မေတ္တာ၊ နားလည်မှုနှင့် ချိတ်ဆက်မှု၏ အမွေတစ်ခုကို ဖန်တီးပေးသည်။

အားပေးစကား

သင်တို့၏ အိမ်တွင်းပတ်ဝန်းကျင်လေထုကို တိုးတက်ကောင်းမွန်စေရန် စိတ်နှလုံးထဲတွင် ရည်ရွယ်ထားသည့်အတိုင်း၊ ယာကုပ် ၁း၁၉ ၏ စကားများဖြင့် သင်တို့ကို အားပေးပါသည်။ “လူတိုင်းသည် နားထောင်ရန် လျင်မြန်ရမည်၊ ပြောဆိုရန် နှေးကွေးရမည်၊ ဒေါသထွက်ရန် နှေးကွေးရမည်” (NIV)။ သင်နှင့် သင့်မိသားစုအတွက် ကျွန်တော်တို့ဆက်လက်ဆုတောင်းပေးနေပါမည်။



GC ၏ Family Ministry Director Dr. Willie (PhD in Sociology) နှင့် ဇနီး Elaine Oliver တို့ရေးသားထားသော The Language of Love ကို ဆရာဘွိုင်း မြန်မာမူပြုပါသည်။

မူရင်း။ https://adventistreview.org/lifestyles/family/the-language-of-love/

No comments:

Post a Comment