ပညတ်တော်ဆယ်ပါးသည် ပဋိညာဉ်ဟောင်းနှင့်သာ သက်ဆိုင်သော ပညတ်တော်များဖြစ်သလား။
ဘုရားသခင်၏ ကိုယ်ကျင့်တရားဆိုင်ရာ ပညတ်တော်နှင့် သတ္တမနေ့ဥပုသ်နေ့တို့ အစဉ်တည်မြဲကြောင်း ကျမ်းစာ၊ ဓမ္မပညာနှင့် အသင်းတော်သမိုင်းတို့အရ ရှင်းလင်းတင်ပြပါမည်။
သတ္တမနေ့ မြော်လင့်ခြင်းအသင်းဝင်များက ပညတ်တော်ဆယ်ပါး၊ အထူးသဖြင့် သတ္တမနေ့ဥပုသ်နေ့သည် ယနေ့တိုင် စောင့်ထိန်းရမည့် ပညတ်တော်ဖြစ်ကြောင်း ပြောဆိုသည့်အခါ ခရစ်ယာန်အချို့က အောက်ပါအတိုင်း ချက်ချင်းတုံ့ပြန်လေ့ရှိတတ်ကြသည်။
“ပညတ်တော်ဆယ်ပါးကို စောင့်ထိန်းချင်ရင် မောရှေရဲ့ ပညတ်တရားအားလုံးကိုလည်း စောင့်ထိန်းရမယ်။ အရေဖျားလှီးရမယ်။ တိရစ္ဆာန်တွေကို ယဇ်ပူဇော်ရမယ်။ ဥပုသ်နေ့မှာ မီးမမွှေးရဘူး။ ဥပုသ်နေ့ကို မစောင့်ထိန်းတဲ့သူတွေကိုလည်း ကျောက်ခဲနဲ့ပေါက်သတ်ရမယ်။” ဟုပြန်ပြောတတ်ကြသည်။
အပေါ်ယံအားဖြင့် ကြည့်လျှင် ဤအဆိုသည် ယုတ္တိရှိသကဲ့သို့ ထင်ရပေမည်။ သို့သော် ဘုရားသခင်၏ ကိုယ်ကျင့်တရားဆိုင်ရာ ပညတ်တော်၊ မောရှည်ပညတ်တရားနှင့် ပဋိညာဉ်ဟောင်းတို့၏ အခြေခံကွာခြားချက်များကို သေချာဃဏမသိသော အဆိုတစ်ခုဖြစ်သည်။
စိတ်ဝင်စားစရာကောင်းသည်မှာ ထိုသို့ ကန့်ကွက်ပြောဆိုကြသော ခရစ်ယာန်အများစုသည် လူအသက်ကိုသတ်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ ရုပ်တုကိုးကွယ်ခြင်း၊ မုသားပြောခြင်းနှင့် မိဘကို မရိုသေခြင်းတို့သည် အပြစ်ဖြစ်ကြောင်း ယုံကြည်နေကြဆဲဖြစ်သည်။
ထွက်မြောက်ရာကျမ်း ၂၀ တွင် ဖော်ပြထားသော ကိုယ်ကျင့်တရားဆိုင်ရာ ပညတ်တော်များကို လက်ခံကြသော်လည်း တိရစ္ဆာန်ယဇ်ပူဇော်ခြင်း၊ အရေဖျားလှီးခြင်းနှင့် ရှေးဣသရေလနိုင်ငံ၏ ပြစ်ဒဏ်စီရင်ခြင်းဆိုင်ရာ ပညတ်ချက်များကိုမူ လက်မခံကြတော့ပေ။
လက်တွေ့အားဖြင့် သူတို့ကိုယ်တိုင်ပင် အစဉ်တည်မြဲသော ကိုယ်ကျင့်တရားဆိုင်ရာ ပညတ်တော်များနှင့် ယာယီကျင့်သုံးရသော ပဋိညာဉ်ဆိုင်ရာ ပညတ်ချက်များကို ခွဲခြားထားကြပြီးဖြစ်သည်။
ထို့ကြောင့် အဓိကမေးခွန်းမှာ ဓမ္မဟောင်းကျမ်း၌ ပါရှိသော ပညတ်ချက်အားလုံးကို ခရစ်ယာန်များ စောင့်ထိန်းရမည်လောဟူသော မေးခွန်းမဟုတ်ပေ။
အဓိကမေးခွန်းများမှာ—
၁။ ပဋိညာဉ်သစ်အောက်၌ မည်သည့်ပညတ်တော်များ ဆက်လက်တည်မြဲကြောင်း မည်သည့်ကျမ်းစာအခြေခံမူများဖြင့် ဆုံးဖြတ်ရမည်နည်း။
၂။ စတုတ္ထပညတ်တော်ကို ကျန်ပညတ်တော်ကိုးပါးနှင့် အဘယ်ကြောင့် ကွဲပြားစွာ သတ်မှတ်ရမည်နည်း။
၃။ ဘုရားသခင်၏ ပညတ်တော်များကို စောင့်ထိန်းခြင်းသည် ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းရရှိခြင်းနှင့် ဆန့်ကျင်နေသလော။
သတ္တမနေ့ မြော်လင့်ခြင်းအသင်းတော်သည် ကယ်တင်ခြင်းကို ယေရှုခရစ်တော်အားဖြင့်သာ ရရှိကြောင်း၊ ပညတ်တော်ဆယ်ပါးသည် ဘုရားသခင်၏ အစဉ်တည်မြဲသော ကိုယ်ကျင့်တရားစံနှုန်းဖြစ်ကြောင်းနှင့် သတ္တမနေ့ဥပုသ်နေ့သည် ဖန်ဆင်းခြင်းအစအဦး၌ ဘုရားသခင် တည်ထောင်တော်မူခဲ့သော နေ့ထူးနေ့မြတ်ဖြစ်ကြောင်း ခိုင်မာစွာ ယုံကြည်လက်ခံထားသည်။
၁။ ဓမ္မဟောင်းကျမ်း၊ ပဋိညာဉ်ဟောင်းနှင့် ဘုရားသခင်၏ ပညတ်တော်တို့၏ ကွာခြားချက်
ဘုရားသခင်၏ ပညတ်တော်များအကြောင်း ဆွေးနွေးရာတွင် အကြီးမားဆုံးသော မှားယွင်းမှုတစ်ခုမှာ ဓမ္မဟောင်းကျမ်း၊ ပဋိညာဉ်ဟောင်း၊ မောရှေ၏ပညတ်တရားနှင့် ပညတ်တော်ဆယ်ပါးတို့ကို အတူတူပင်ဖြစ်သည်ဟု ယူဆခြင်းဖြစ်သည်။
ဤအရာများသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေကြသော်လည်း အနက်အဓိပ္ပာယ်ချင်း မတူညီကြပေ။
ဓမ္မဟောင်းကျမ်း(OT) ဆိုသည်မှာ ဓမ္မသစ်ကျမ်းမတိုင်မီ ရေးသားထားသော သမ္မာကျမ်းစာအုပ်(၃၉)များကို ဆိုလိုသည်။
ပဋိညာဉ်ဟောင်း(Old Covenant) ဆိုသည်မှာ သိနာတောင်၌ ဘုရားသခင်နှင့် ဣသရေလလူမျိုးတို့ ပြုခဲ့ကြသော ပဋိညာဉ်ကို ဆိုလိုသည်။
မောရှေ၏ပညတ်တရား (Mosaic Law) ဆိုသည်မှာ မောရှေအားဖြင့် ပေးအပ်တော်မူခဲ့သော ပညတ်တရားများ၊ စီရင်ထုံးဖွဲ့ချက်များနှင့် စည်းမျဉ်းစည်းကမ်းများကို ဆိုလိုသည်။
ပညတ်တော်ဆယ်ပါး (Ten Commandments) ဆိုသည်မှာ ဘုရားသခင်အပေါ်နှင့် လူသားအချင်းချင်းအပေါ် ထားရှိရမည့် အခြေခံကိုယ်ကျင့်တရားဆိုင်ရာ တာဝန်များကို ဖော်ပြထားသော ပညတ်တော်များဖြစ်သည်။
ပဋိညာဉ်သစ် (New Covenant) ဆိုသည်မှာ ယေရှုခရစ်တော်အားဖြင့် တည်စေတော်မူ၍ အပြစ်လွှတ်ခြင်းနှင့် စိတ်နှလုံးပြောင်းလဲခြင်းတို့ကို ပေးအပ်သော ဘုရားသခင်၏ ပဋိညာဉ်ဖြစ်သည်။
ပညတ်တော်ဆယ်ပါးသည် သိနာတောင်၌ ပြုခဲ့သော ပဋိညာဉ်၏ အဓိကအစိတ်အပိုင်းဖြစ်ကြောင်း ကျမ်းစာက အတိအလင်း ဖော်ပြထားသည် (ထွက်မြောက်ရာ ၃၄:၂၈၊ တရားဟောရာ ၄:၁၃)။
သို့သော် ပညတ်တော်(၁၀)ပါးထဲမှ တစ်ပါးသည် ပဋိညာဉ်၌ ပါဝင်နေခြင်းကြောင့် ထိုပဋိညာဉ်နှင့်အတူ စတင်ပေါ်ပေါက်လာသည်ဟုလည်းကောင်း၊ ထိုပဋိညာဉ် အဆုံးသတ်သည့်အခါ အတူတကွ အဆုံးသတ်သွားသည်ဟုလည်းကောင်း မဆိုနိုင်ပေ။
ဥပမာအားဖြင့် အိမ်ထောင်ရေးကို ဖန်ဆင်းခြင်းအစအဦး၌ပင် ဘုရားသခင် တည်ထောင်တော်မူခဲ့သည် (ကမ္ဘာဦး ၂:၂၄)။ မောရှေ၏ပညတ်တရား၌ အိမ်ထောင်ရေးဆိုင်ရာ ပညတ်ချက်များ ပါဝင်ခဲ့သကဲ့သို့ ယေရှုခရစ်တော်ကိုယ်တိုင်လည်း အိမ်ထောင်ရေး၏ သန့်ရှင်းမြင့်မြတ်ခြင်းကို ထပ်မံအတည်ပြုတော်မူခဲ့သည် (မဿဲ ၁၉:၄-၆)။
ထိုနည်းတူ လူအသက်သတ်ခြင်းသည် သိနာတောင်မတိုင်မီကလည်း အပြစ်ဖြစ်သည်။ သိနာတောင်၌ ပဋိညာဉ်ပြုပြီးနောက်တွင်လည်း အပြစ်ဖြစ်သည်။ ယေရှုခရစ်တော် အသေခံတော်မူပြီးနောက်တွင်လည်း အပြစ်ဖြစ်နေဆဲဖြစ်သည်။
ပဋိညာဉ်ဟောင်း အဆုံးသတ်သွားခြင်းကြောင့် လူအသက်သတ်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ ရုပ်တုကိုးကွယ်ခြင်းနှင့် မရိုးသားခြင်းတို့သည် အပြစ်မဟုတ်တော့ဟု မဆိုနိုင်ပေ။
ဟေဗြဲ ၈:၁၃ တွင် ပဋိညာဉ်ဟောင်းသည် ဟောင်းနွမ်းသွားကြောင်း သွန်သင်ထားသည်။ မြော်လင့်ခြင်းအသင်းတော်သည် ဤသွန်သင်ချက်ကို အပြည့်အဝ လက်ခံသည်။
သို့သော် ပဋိညာဉ်စနစ်တစ်ခု အဆုံးသတ်ခြင်းနှင့် ထိုပဋိညာဉ်၌ ပါဝင်သော ကိုယ်ကျင့်တရားဆိုင်ရာ အခြေခံမူအားလုံး ပျက်ပြယ်ခြင်းတို့ကို မရောထွေးသင့်ပေ။
ပဋိညာဉ်ဟောင်းသည် အဆုံးသတ်ခဲ့သော်လည်း ဘုရားသခင်၏ ဖြောင့်မတ်သန့်ရှင်းသော အကျင့်တော်သည် ပြောင်းလဲသွားခြင်းမရှိပေ။
၂။ ဘုရားသခင်၏ ကိုယ်ကျင့်တရားဆိုင်ရာ ပညတ်တော်များသည် သိနာတောင်မတိုင်မီကတည်းက ရှိခဲ့သည်။
ပညတ်တော်ဆယ်ပါး၌ ပါဝင်သော ကိုယ်ကျင့်တရားဆိုင်ရာ အခြေခံမူများသည် ပဋိညာဉ်ဟောင်းနှင့်အတူ စတင်ပေါ်ပေါက်လာသည်ဆိုပါက သိနာတောင်မတိုင်မီက ထိုအရာများ ရှိခဲ့မည်မဟုတ်ပေ။
သို့သော် သမ္မာကျမ်းစာက ထိုအယူအဆနှင့် ဆန့်ကျင်ဘက်ကို ဖော်ပြထားသည်။
၁။ စစ်မှန်သောဘုရားသခင်ကို ကိုးကွယ်ခြင်း (ကမ္ဘာဦး ၄:၃-၄)။
၂။ အခြားဘုရားများကို ပယ်ရှားခြင်း (ကမ္ဘာဦး ၃၅:၂-၄)။
၃။ သတ္တမနေ့၏ သန့်ရှင်းမြင့်မြတ်ခြင်း (ကမ္ဘာဦး ၂:၂-၃)။
၄။ မိဘကို ရိုသေခြင်း (ကမ္ဘာဦး ၉:၂၀-၂၇)။
၅။ လူအသက်သတ်ခြင်းသည် အပြစ်ဖြစ်ခြင်း (ကမ္ဘာဦး ၄:၈-၁၁၊ ၉:၆)။
၆။ သူ့မယားကိုပြစ်မှားခြင်းသည် အပြစ်ဖြစ်ခြင်း (ကမ္ဘာဦး ၂၀:၃-၉၊ ၃၉:၉)။
၇။ သူ့ဥစ္စာကိုခိုးခြင်းသည် မှားယွင်းခြင်း (ကမ္ဘာဦး ၄၄:၈)။
၈။ လှည့်ဖြားပြောဆိုခြင်းသည် မှားယွင်းခြင်း (ကမ္ဘာဦး ၁၂:၁၈-၁၉)။
၉။ အပြစ်ပြုလိုသော စိတ်ဆန္ဒကို အုပ်စိုးရန် တာဝန်ရှိခြင်း (ကမ္ဘာဦး ၄:၇)။
ယောသပ်သည် ပေါတိဖာ၏မယားနှင့် အပြစ်ပြုရန် ငြင်းပယ်ခဲ့စဉ်က ထိုသို့ပြုခြင်းသည် ဘုရားသခင်ကို ပြစ်မှားခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည် (ကမ္ဘာဦး ၃၉:၉)။
ယောသပ်သည် မောရှေခေတ်ပညတ်တော်ဆယ်ပါး ပေးတော်မမူမီ ရာစုနှစ်များစွာက အသက်ရှင်ခဲ့သူဖြစ်သည်။ သို့သော် သူ့မယားကိုပြစ်မှားခြင်းသည် ဘုရားသခင်ကို ပြစ်မှားခြင်းဖြစ်ကြောင်း သိရှိခဲ့သည်။
ထိုနည်းတူ ဆဋ္ဌမပညတ်တော်ကို ကျောက်ပြားပေါ်၌ ရေးသားတော်မမူမီကပင် ကာဣနသည် အာဗေလကို သတ်သောအပြစ်အတွက် ဘုရားသခင်၏ စစ်ဆေးစီရင်ခြင်းကို ခံခဲ့ရသည်။
ကမ္ဘာဦး ၂၆:၅ တွင်လည်း အာဗြဟံသည် ဘုရားသခင်၏ စကားတော်ကို နားထောင်၍ ပညတ်တော်များ၊ စီရင်တော်မူချက်များနှင့် တရားတော်များကို စောင့်ရှောက်ခဲ့ကြောင်း ဖော်ပြထားသည်။
ဥပုသ်နေ့နှင့်စပ်လျဉ်း၍ ကမ္ဘာဦး ၂:၂-၃ တွင် ဘုရားသခင်၏ ပြုတော်မူချက်သုံးရပ်ကို တွေ့ရှိရသည်။
၁။ သတ္တမနေ့၌ အမှုတော်ကို ငြိမ်းဝပ်စွာနေတော်မူသည်။
၂။ သတ္တမနေ့ကို ကောင်းကြီးပေးတော်မူသည်။
၃။ သတ္တမနေ့ကို သန့်ရှင်းစေတော်မူသည်။
ထိုအချိန်၌ ဣသရေလလူမျိုး မပေါ်ပေါက်သေးပေ။ မောရှေမရှိသေးပေ။ သိနာတောင်ပဋိညာဉ်လည်း မရှိသေးပေ။ ယုဒလူမျိုးတို့၏ ဘာသာရေးထုံးတမ်းစဉ်လာများနှင့် မြေကြီးပေါ်ရှိ သန့်ရှင်းရာဌာနတော်တို့လည်း မရှိသေးပေ။
ထို့ပြင် ထွက်မြောက်ရာ ၁၆:၂၃-၃၀ တွင် သိနာတောင်၌ ပညတ်တော်ဆယ်ပါးကို မပေးတော်မူမီကပင် ဥပုသ်နေ့ စောင့်ထိန်းခြင်းအကြောင်း ဖော်ပြထားသည်။
ဣသရေလလူအချို့သည် ဥပုသ်နေ့နှင့်စပ်လျဉ်းသော ညွှန်ကြားချက်ကို မလိုက်နာသောအခါ ဘုရားသခင်သည် မိမိ၏ ပညတ်တော်နှင့် တရားတော်တို့ကို အဘယ်ကြောင့် မစောင့်ရှောက်ကြသနည်းဟု မေးမြန်းတော်မူခဲ့သည် (ထွက်မြောက်ရာ ၁၆:၂၈)။
ယေရှုက ဥပုသ်နေ့သည် လူ့အဖို့ဖြစ်သည်ဟု ကမ္ဘာဦးအချိန်ကိုရည်ညွှန်းရင်း၊ ကာလအစဉ်၏ သမ္မာတရားကို ဖော်ပြ၏ (မာကု ၂;၂၇)။
ထို့ကြောင့် သိနာတောင်သည် ကိုယ်ကျင့်တရားဆိုင်ရာ ပညတ်တော်များ စတင်ပေါ်ပေါက်လာသော နေရာမဟုတ်ပေ။ ဘုရားသခင်သည် မိမိ၏ အခြေခံကိုယ်ကျင့်တရားဆိုင်ရာ ပညတ်တော်များကို ဣသရေလလူမျိုးတို့အား တရားဝင် မိန့်မြွက်၍ ရေးသားပေးအပ်တော်မူခဲ့သော နေရာသာဖြစ်သည်။
ဥပုသ်နေ့သည် သိနာတောင်၌ စတင်ပေါ်ပေါက်လာသော နေ့မဟုတ်ဘဲ ဧဒင်ဥယျာဉ်ခေတ်၌ ဘုရားသခင် တည်ထောင်တော်မူခဲ့သော နေ့ဖြစ်သည်။
၃။ ဘုရားသခင်ကိုယ်တော်တိုင် ပညတ်တော်ဆယ်ပါးကို ထူးခြားစွာ သတ်မှတ်တော်မူခဲ့သည်
သမ္မာကျမ်းစာ၌ မောရှေအားဖြင့် ပေးတော်မူသော ပညတ်တရားအားလုံးကို တူညီသောပုံစံဖြင့် ဖော်ပြထားခြင်းမရှိပေ။ ပညတ်တော်ဆယ်ပါးကို ထူးခြားသော အနေအထားဖြင့် ပေးအပ်တော်မူခဲ့သည်။
(က) မိန့်မြွက်တော်မူပုံ ကွာခြားသည်။
ပညတ်တော်ဆယ်ပါးကို ဘုရားကိုယ်တိုင် လူအပေါင်းတို့အား တိုက်ရိုက်မိန့်မြွက်ခဲ့သည် (တရား ၅:၂၂)။
အခြားပညတ်တရားအများစုကိုမူ မောရှေအားဖြင့် တစ်ဆင့် ပေးအပ်ခဲ့သည်။
(ခ) ရေးသားသူ ကွာခြားသည်။
ပညတ်တော်ဆယ်ပါးကို ဘုရားသခင်၏ လက်ညှိုးတော်ဖြင့် ရေးသည် (ထွက် ၃၁:၁၈)။
အခြားပညတ်တရားများကို မောရှေက ရေးသားမှတ်တမ်းတင်ခဲ့သည် (တရား ၃၁:၂၄)။
(ဂ) ရေးသားထားသောအရာ ကွာခြားသည်။
ပညတ်တော်ဆယ်ပါးကို ကျောက်ပြားနှစ်ပြားပေါ်၌ ရေးသားသည် (ထွက် ၃၂:၁၆)။
အခြားပညတ်တရားများကို စာစောင်၌ ရေးသားထားသည်။
(ဃ) ထားရှိသောနေရာ ကွာခြားသည်။
ပညတ်တော်ဆယ်ပါးပါရှိသော ကျောက်ပြားနှစ်ပြားကို ပဋိညာဉ်သေတ္တာတော်အတွင်း၌ ထားရှိခဲ့သည် (တရား ၁၀:၅)။
မောရှေရေးသားခဲ့သော ပညတ္တိကျမ်းကိုမူ သေတ္တာတော်၏ အနား၌ ထားရှိခဲ့သည် (တရား ၃၁:၂၆)။
စဉ်းစားကြည့်ကြပါစို့။
အဘယ်ကြောင့် ပညတ်တော်ဆယ်ပါးကို ဘုရားသခင်ကိုယ်တော်တိုင် တိုက်ရိုက်မိန့်မြွက်တော်မူခဲ့သနည်း။
အဘယ်ကြောင့် မိမိ၏ လက်ညှိုးတော်ဖြင့် ရေးသားတော်မူခဲ့သနည်း။
အဘယ်ကြောင့် ပဋိညာဉ်သေတ္တာတော်၏ အနား၌မဟုတ်ဘဲ အတွင်း၌ ထားရှိစေတော်မူခဲ့သနည်း။
ဤကွာခြားချက်များကြောင့် အခြားပညတ်တရားများသည် ဘုရားသခင်၏ မှုတ်သွင်းခြင်းမခံရသော ပညတ်ချက်များဖြစ်သည်ဟု မဆိုလိုပေ။ မောရှေအားဖြင့် ပေးအပ်တော်မူခဲ့သော ပညတ်တရားများ၏ အရင်းအမြစ်သည်လည်း ဘုရားသခင်ပင်ဖြစ်သည်။
သို့သော် ပညတ်တော်ဆယ်ပါးကို ထူးခြားစွာ မိန့်မြွက်ခြင်း၊ ရေးသားခြင်းနှင့် ထားရှိခြင်းတို့က ဘုရားသခင်၏ ဖော်ပြတော်မူချက်များအနက် အခြေခံကျသော အရေးပါမှုရှိကြောင်း ထင်ရှားစေသည်။
ထို့ပြင် ယေရှုခရစ်သည် လူသားတို့၏ အခြေခံတာဝန်များကို ဘုရားသခင်ကို ချစ်ခြင်းနှင့် ကိုယ်နှင့်စပ်ဆိုင်သောသူကို ချစ်ခြင်းဟူ၍ အနှစ်ချုပ်တော်မူခဲ့သည် (မ ၂၂:၃၇-၄၀)။
ထိုအခြေခံမူနှစ်ရပ်သည် ပညတ်တော်ဆယ်ပါး၌ ပါဝင်သော ဘုရားသခင်နှင့် လူသားတို့၏ ဆက်ဆံရေး၊ လူသားအချင်းချင်း၏ ဆက်ဆံရေးတို့နှင့် ကိုက်ညီသည်။
ပညတ်တော်ဆယ်ပါးသည် မောရှေ၏ပညတ်တရား ရာပေါင်းများစွာထဲမှ ကျပန်းရွေးချယ်ထားသော ပညတ်တော်ဆယ်ပါး မဟုတ်ပေ။ သမ္မာကျမ်းစာ၌ ထူးခြားသော အနေအထားကို ရရှိထားသော ပညတ်တော်များဖြစ်သည်။
၄။ ဓမ္မဟောင်းကျမ်းရှိ ပညတ်တရားများ၏ ရည်ရွယ်ချက်များ မတူညီကြပေ
ခရစ်ယာန်ဓမ္မပညာရှင်များသည် ဓမ္မဟောင်းကျမ်း၌ ပါရှိသော ပညတ်တရားများကို ၎င်းတို့၏ ရည်ရွယ်ချက်နှင့် လုပ်ဆောင်ချက်အရ အဓိကအားဖြင့် အမျိုးအစားလေးမျိုး ခွဲခြားနားလည်ခဲ့ကြသည်။
သမ္မာကျမ်းစာ၌ ပညတ်တရားတစ်ခုချင်းစီကို ဤခေါင်းစဉ်လေးမျိုးအောက်တွင် တရားဝင်ခွဲခြားဖော်ပြထားခြင်းတိုက်ရိုက် မရှိသော်လည်း ၎င်းတို့၏ ရည်ရွယ်ချက်များ ကွာခြားကြောင်း ရှင်းလင်းစွာ တွေ့ရှိနိုင်သည်။
(က) ကိုယ်ကျင့်တရားဆိုင်ရာ ပညတ်တရား (Moral Law)
ကိုယ်ကျင့်တရားဆိုင်ရာ ပညတ်တရားသည် ဘုရားသခင်အပေါ်နှင့် လူသားအချင်းချင်းအပေါ် ထားရှိရမည့် တာဝန်ဝတ္တရားများကို သတ်မှတ်ပေးသည်။ ထိုအခြေခံမူများကို ပညတ်တော်ဆယ်ပါး၌ ဖော်ပြထားသည် (ထွက်မြောက်ရာ ၂၀:၁-၁၇)။
တမန်တော်ပေါလုသည် တပ်မက်ခြင်းကို တားမြစ်သော ပညတ်တော်အားဖြင့် အပြစ်ကို သိရှိရကြောင်း ရှင်းပြခဲ့သည် (ရောမ ၇:၇)။
ထို့ပြင် ရောမ ၇:၁၂ တွင်—“သို့ဖြစ်၍ ပညတ်တရားသည် သန့်ရှင်းခြင်းရှိ၏။ ပညတ်တော်သည်လည်း သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်ခြင်းရှိ၏။” ဟု ဖော်ပြထားသည်။
လူအသက်သတ်ခြင်းသည် မောရှေက တားမြစ်ထားသောကြောင့်သာ မှားယွင်းခြင်းမဟုတ်ပေ။ သူ့မယားကိုပြစ်မှားခြင်းသည် ရှေးဣသရေလနိုင်ငံ၌ တားမြစ်ထားသော ဥပဒေရှိသောကြောင့်သာ မှားယွင်းခြင်းမဟုတ်ပေ။ ထိုအမှုများသည် အစဉ်တည်မြဲသော ဘုရားသခင်၏ ကိုယ်ကျင့်တရားဆိုင်ရာ အခြေခံမူများကို ချိုးဖောက်ခြင်းဖြစ်သောကြောင့် အပြစ်ဖြစ်သည်။
ကိုယ်ကျင့်တရားဆိုင်ရာ ပညတ်တော်သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ထင်ဟပ်စေ၍ မေတ္တာ၊ သစ္စာရှိခြင်း၊ တရားမျှတခြင်းနှင့် သန့်ရှင်းခြင်းတို့၏ အခြေခံမူများကို ဖော်ပြသည်။
(ခ) ဘာသာရေးအခမ်းအနားဆိုင်ရာ ပညတ်တရား ((ဝါ) ဝိနည်းအထုံးအထုံးအဖွဲ့ ဆိုင်ရာပညတ်တရား (Ceremonial Law)
ဤပညတ်တရားများသည် ယဇ်ပူဇော်ခြင်း၊ သန့်ရှင်းရာဌာနတော်၌ အမှုဆောင်ခြင်း၊ ယဇ်ပုရောဟိတ်အမှု၊ သန့်စင်ခြင်းဆိုင်ရာ ထုံးတမ်းများနှင့် ဘာသာရေးအခမ်းအနားများကို စီမံသတ်မှတ်ပေးသော ပညတ်တရားများဖြစ်သည်။
ထိုအရာများသည် ဝိညာဉ်ရေးဆိုင်ရာ အမှန်တရားများကို သွန်သင်ပေးပြီး ယေရှုခရစ်တော်၏ ရွေးနုတ်ကယ်တင်ခြင်းအမှုတော်ကို ကြိုတင်ပုံဖော်ထားကြသည်။
ဟေဗြဲ ၁၀:၁-၁၀ တွင် ယဇ်ပူဇော်ခြင်းစနစ်သည် နောင်ဖြစ်လတ္တံ့သော ကောင်းကျိုးတို့၏ အရိပ်ဖြစ်ကြောင်း ရှင်းပြထားသည်။ ထိုအရိပ်တို့နှင့် အပြစ်မတင်ကြရန် ကျမ်းစာဖြင့် သတိပေးဆုံးမထားသည် (ကောလော ၂:၁၆၊၁၇)။
တိရစ္ဆာန်တို့၏ အသွေးသည် လူသားတို့၏ အပြစ်များကို အမှန်တကယ် မပယ်ရှားနိုင်ပေ။ ယေရှုခရစ်တော်ကိုပုံဆောင်၍သာ ထိုအသွေးတို့ကိုအရိပ်အဖြစ်အသုံးပြုရသည်။
ခရစ်တော်သည် လောကီသားတို့၏ အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏ သိုးသငယ်ဖြစ်တော်မူသောကြောင့် ခရစ်ယာန်များသည် သိုးသငယ်များကို ယဇ်ပူဇော်ရန် မလိုအပ်တော့ပေ (ယောဟန် ၁:၂၉)။
ထိုအရိပ်များ ပြည့်စုံခြင်းသည် ယေရှုခရစ်တော်၏ ယဇ်ပူဇော်ခြင်း တန်ခိုးကို အတည်ပြုခြင်းဖြစ်သည်။ ဘုရားသခင်၏ ကိုယ်ကျင့်တရားစံနှုန်းများကို ပယ်ဖျက်ခြင်းမဟုတ်ပေ။ ပြည့်စုံစေခြင်း ဖြစ်သည် (မ ၅:၁၇)။
(ဂ) နိုင်ငံရေးဆိုင်ရာ ပညတ်တရား (Civil Law)
ဤပညတ်တရားများသည် ရှေးဣသရေလနိုင်ငံ၏ ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားခြင်း၊ ပြစ်မှုဆိုင်ရာ ပြစ်ဒဏ်များ၊ အမွေဆက်ခံခြင်း၊ နစ်နာကြေးပေးခြင်းနှင့် နိုင်ငံတော်အုပ်ချုပ်ရေးတို့ကို စီမံသတ်မှတ်ပေးသော ပညတ်တရားများဖြစ်သည်။
ရှေးဣသရေလနိုင်ငံသည် ဘုရားသခင်၏ ပဋိညာဉ်အောက်၌ တည်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ သို့သော် ယခုတွင်နိုင်ငံတိုင်း၌တည်ဆဲဥပဒေရှိသဖြင့် ခရစ်ယာန်တို့အား ဤစီရင်ခြင်းအခွင့်အာဏာကို ဘုရားသခင်ပေးထားခြင်း မရှိပေ။
မူလနိုင်ငံတော်၏ ဥပဒေကျင့်သုံးပုံ ပြောင်းလဲသွားသော်လည်း ၎င်းတို့၏ နောက်ကွယ်၌ရှိသော ကိုယ်ကျင့်တရားဆိုင်ရာ အခြေခံမူများသည် ဆက်လက်အရေးပါနေဆဲဖြစ်သည်။
ဥပမာ။ ပြစ်မှားသော အမျိုးသမီးအားယေရှုထံခေါ်လာပြီး မောရှေပညတ်ဖြစ်သော တင်ပြသည့်ပညတ်ကို ကျင့်သုံးရန် မေးမြန်းခြင်းသည် ရောမလက်အောက်ရှိဥပဒေကို ဖျက်ရန် ထောင်ချောက် ဆင်ခြင်းဖြစ်၍၊ ယေရှုသည်ခဲနှင့်မပေါက်သော်လည်း နောင်မပြုရန် တားမြစ်သည်(ယော ၈:၁၁)။
(ဃ) ကျန်မာရေဆိုင်ရာ ပညတ် (Health Law)
ဘုရားသခင်သည် ဣသရေလလူမျိုးတို့အား ကျန်းမာစွာ အသက်ရှင်နေထိုင်နိုင်ရန် ကျန်းမာရေးဆိုင်ရာ ပညတ်များကို ပေးတော်မူခဲ့သည်။ ယင်းတို့တွင် စင်ကြယ်သော အသားနှင့် မစင်ကြယ်သောအသား ခွဲခြားခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းခြင်း၊ ကူးစက်ရောဂါကာကွယ်ခြင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးတို့ ပါဝင်သည် (ဝတ် ၁၁–၁၅၊ တရား ၂၃:၁၂–၁၄)။
ဓမ္မသစ်ကျမ်းတွင်လည်း ကျန်းမာရေးဆိုင်ရာ ပညတ်များ၏ အခြေခံမူများ ဆက်လက်တည်ရှိသည်။ တစ်ပါးအမျိုးသား ယုံကြည်သူများအားလည်း သူတို့မသိသေးသည့် အသွေးနှင့် လည်ညှစ်၍သေသောအသားကို ရှောင်ကြဉ်ရန် ညွှန်ကြားထားသည် (တ ၁၅:၂၀၊ ၂၉)။ လူ့ခန္ဓာကိုယ်သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဗိမာန်တော်ဖြစ်၍ စားသောက်ခြင်း၌ပင် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရမည် (၁ကော ၆:၁၉–၂၀၊ ၁၀:၃၁)။ ထာဝရဘုရားသန့်ရှင်းသောကြောင့် သူ့သားသမီးများလည်း သန့်ရှင်းရမည်။
၅။ ခရစ်ယာန်များသည် အရေဖျားလှီးခြင်း၊ ယဇ်ပူဇော်ခြင်း၊ ကျောက်ခဲနှင့်ပေါက်သတ်ခြင်း၊ ဥပုသ်နေ့၌ မီးမမွှေးခြင်းတို့ကိုပါ ကျင့်သုံးရမည်လော။
ဤမေးခွန်းများသည် မြော်လင့်ခြင်းအသင်းတော်ဝင်များအား မကြာခဏ မေးမြန်းလေ့ရှိသော မေးခွန်းများဖြစ်သည်။ မေးခွန်းတစ်ခုချင်းစီကို ကျမ်းစာအရ ရှင်းလင်းဖြေကြားရန် လိုအပ်သည်။
(က) ခရစ်ယာန်များသည် အဘယ်ကြောင့် အရေဖျားလှီးရန် မလိုအပ်သနည်း။
အရေဖျားလှီးခြင်းသည် အာဗြဟံနှင့် ဘုရားသခင် ပြုတော်မူသော ပဋိညာဉ်၏ အမှတ်လက္ခဏာအဖြစ် သတ်မှတ်တော်မူခဲ့ခြင်းဖြစ်သည် (က ၁၇:၉-၁၄)။
အရေဖျားလှီးခြင်းသည် ပညတ်တော်ဆယ်ပါး၌ ပါဝင်ခြင်းမရှိပေ။
တမန်တော် ၁၅ တွင် မောရှေ၏ထုံးစံအတိုင်း အရေဖျားမလှီးလျှင် တစ်ပါးအမျိုးသားတို့သည် ကယ်တင်ခြင်းမရနိုင်ကြောင်း သွန်သင်သူအချို့ အပေါ် ယေရုရှလင်မြို့၌ ကျင်းပခဲ့သော တမန်တော်များ၏ အစည်းအဝေးက ထိုအချက်ကို ငြင်းပယ်ခဲ့သည်။
တမန်တော်ပေါလုကလည်း ၁ ကောရိန္သု ၇:၁၉ တွင် အရေဖျားလှီးခြင်း၊ အရေဖျားမလှီးခြင်းတို့ထက် ဘုရားသခင်၏ ပညတ်တော်တို့ကို စောင့်ရှောက်ခြင်းကသာ အရေးပါကြောင်း ရှင်းလင်းပြတ်သားစွာ သွန်သင်သည်။
ဤကျမ်းချက်သည် အလွန်အရေးကြီးသည်။ အရေဖျားလှီးရန် မလိုအပ်တော့သောကြောင့် ဘုရားသခင်၏ ပညတ်တော်များကိုလည်း စောင့်ထိန်းရန် မလိုအပ်တော့ဟု ပေါလု မသွန်သင်ခဲ့ပေ။
တမန်တော်ဝတ္ထု အခန်းကြီး ၁၅ တွင် ဥပုသ်နေ့ကို ပယ်ဖျက်ကြောင်း အတိအလင်း ဖော်ပြထားခြင်းမရှိပေ။
ထို့ပြင် ထိုအစည်းအဝေး၌ ချမှတ်ခဲ့သော ဆုံးဖြတ်ချက်သည် ခရစ်ယာန်တို့ စောင့်ထိန်းရမည့် ကိုယ်ကျင့်တရားဆိုင်ရာ ပညတ်တော်အားလုံး၏ စာရင်းလည်း မဟုတ်ပေ။ လူအသက်မသတ်ရ၊ သူ့ဥစ္စာမခိုးရ၊ မိဘကိုရိုသေရမည်၊ မမှန်သောသက်သေကို မခံရဟူသော ပညတ်တော်များကိုလည်း ထိုဆုံးဖြတ်ချက်၌ပြန်လည်အတည်ပြု ဖော်ပြထားခြင်းမရှိပေ။
ထို့ကြောင့် ဥပုသ်နေ့ကို ထိုဆုံးဖြတ်ချက်၌ မဖော်ပြထားခြင်းသည် ဥပုသ်နေ့ ပျက်ပြယ်သွားကြောင်း သက်သေမဖြစ်သည့်အပြင်၊ ဆွေးနွေးစရာကိုမလိုဘဲ တည်မြဲနေခြင်း၏ သက်သေ ဖြစ်သည်။
တနည်းအားဖြင့် အသင်းတော်အစည်းအဝေးဆုံးဖြတ်ချက်များသည် ပညတ်တော် (၁၀)ပါးနှင့် ကျန်းမာရေးဆိုင်ရာပညတ်ချက် တပါးလူမျိုးများ မသိထားသေးသည့်အပိုင်းများကိုသာ ထပ်ဖြည့်ထားသည့်ဟု သုံးသပ်နိုင်သည်။
(ခ) ခရစ်ယာန်များသည် အဘယ်ကြောင့် တိရစ္ဆာန်ယဇ်များ မပူဇော်ကြတော့သနည်း။
အဖြေမှာ ယဇ်ပူဇော်ခြင်းစနစ်၏ ရည်ရွယ်ချက်၌ ရှိသည်။ ဟေဗြဲ ၁၀:၁-၁၀ တွင် တိရစ္ဆာန်ယဇ်များသည် ယေရှုခရစ်တော်၏ ပြည့်စုံသော ယဇ်ပူဇော်ခြင်းကို ကြိုတင်ပုံဖော်ထားကြောင်း သွန်သင်ထားသည်။ ယေရှုခရစ်တော်၏ အသေခံတော်မူခြင်းအားဖြင့် ထိုယဇ်များ ပုံဆောင်ခဲ့သော အရာသည် ပြည့်စုံသွားခဲ့သည်။
သို့သော် ကိုယ်တော်၏ အသေခံတော်မူခြင်းက ဖန်ဆင်းခြင်းအမှုကို အောက်မေ့သော ဥပုသ်နေ့ကို ပယ်ဖျက်လိုက်ကြောင်း ကျမ်းစာ၌ မဖော်ပြထားပေ။
(ဂ) မြော်လင့်ခြင်းအသင်းတော်ဝင်များသည် ဥပုသ်နေ့၌ မီးမွှေးခြင်းကို အဘယ်ကြောင့် မတားမြစ်ကြသနည်း။
ထွက်မြောက်ရာ ၃၅:၃ တွင် ဣသရေလလူမျိုးတို့၏ နေရာအရပ်ရပ်၌ ဥပုသ်နေ့တွင် မီးမမွှေးရန် တားမြစ်ထားသည်။
ဤပညတ်ချက်ကို ၎င်း၏ သမိုင်းနောက်ခံနှင့် ပညတ်တရားဆိုင်ရာ အကြောင်းအရာတို့အရ နားလည်ရမည်။
ရှေးခေတ်၌ မီးမွှေးရန် လောင်စာရှာဖွေခြင်း၊ ပြင်ဆင်ခြင်းနှင့် မီးဖြစ်ပေါ်စေရန် အားထုတ်လုပ်ဆောင်ခြင်းတို့ လိုအပ်နိုင်သည်။
ထွက်မြောက်ရာ ၁၆:၂၃ တွင်လည်း ဥပုသ်နေ့မတိုင်မီ အစားအစာများ ကြိုတင်ပြင်ဆင်ရန် အလေးထားညွှန်ကြားထားသည်။
မြော်လင့်ခြင်းအသင်းတော်ဝင်များသည် ဥပုသ်နေ့အတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့် မလိုအပ်သော လောကီအလုပ်များကို ရှောင်ကြဉ်ခြင်းတို့၏ အရေးပါမှုကို လက်ခံကြသည်။
သို့သော် ဥပုသ်နေ့၏ အစဉ်တည်မြဲသော အခြေခံမူနှင့် ရှေးဣသရေလလူမျိုးတို့အား သတ်မှတ်ပေးခဲ့သော ဥပုသ်နေ့စောင့်ထိန်းခြင်းဆိုင်ရာ သီးခြားစည်းမျဉ်းများကို ခွဲခြားနားလည်ကြသည်။
ထွက်မြောက်ရာ ၃၅:၃ ကို နိုင်ငံရေးဆိုင်ရာ ပညတ်တရားတစ်ခုဖြစ်ကြောင်း ကျမ်းစာက အတိအလင်း အမျိုးအစားခွဲထားခြင်းမရှိပေ။ ထို့ကြောင့် ၎င်း၏ ယနေ့ခေတ်ကျင့်သုံးပုံကို မူလအကြောင်းအရာနှင့် ယေရှုခရစ်တော်၏ သွန်သင်ချက်များအရ ဆုံးဖြတ်ရမည်။
ယေရှုခရစ်တော်သည် ဥပုသ်နေ့ကို လူတို့အဖို့ ပြုလုပ်တော်မူကြောင်းနှင့် ဥပုသ်နေ့၌ ကောင်းသောအမှုကို ပြုသင့်ကြောင်း သွန်သင်တော်မူခဲ့သည် (မာကု ၂:၂၇၊ မဿဲ ၁၂:၁၂)။
လစာကြောင့်မဟုတ်ဘဲ၊ အအေးဒဏ်ခံနေရသူများကို နွေးထွေးစေခြင်း၊ ဖျားနာသူများကို ပြုစုစောင့်ရှောက်ခြင်းနှင့် လူသားတို့၏ အမှန်တကယ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းတို့သည် ဥပုသ်နေ့၏ ကရုဏာတရားနှင့် ကိုက်ညီသည်။
မြော်လင့်ခြင်းအသင်းတော်သည် ဥပုသ်နေ့၏ သန့်ရှင်းခြင်းကို ငြင်းပယ်ခြင်းမဟုတ်ပေ။ ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် ယေရှုခရစ်တော်၏ ပုံသက်သေအတိုင်း စောင့်ထိန်းရန် ကြိုးစားခြင်းဖြစ်သည်။
၆။ ပဋိညာဉ်သစ်သည် ဘုရားသခင်၏ ပညတ်တရားကို စိတ်နှလုံး၌ ရေးထားခြင်းဖြစ်သည်။
ဘုရားသခင်၏ ကိုယ်ကျင့်တရားဆိုင်ရာ ပညတ်တော်များ ဆက်လက်တည်မြဲကြောင်း ဖော်ပြသော အခိုင်မာဆုံး သမ္မာကျမ်းစာအထောက်အထားများထဲမှ တစ်ခုကို ပဋိညာဉ်သစ်အကြောင်း ဖော်ပြထားသော ကျမ်းချက်များ၌ တွေ့ရှိရသည်။
ယေရမိ ၃၁:၃၁-၃၃ တွင် ဘုရားသခင်သည် ပဋိညာဉ်သစ်ကို ပြုတော်မူမည်ဖြစ်ကြောင်းနှင့် မိမိ၏တရားကို သူ၏လူတို့အတွင်း၌ သွင်းထား၍ နှလုံးပေါ်မှာ ရေးထားတော်မူမည်ဖြစ်ကြောင်း ကတိပေးတော်မူခဲ့သည်။
ထိုကတိတော်ကို ဟေဗြဲ ၈:၁၀ နှင့် ၁၀:၁၆ တို့တွင် ထပ်မံဖော်ပြထားသည်။ "နောင်ကာလအခါ ဣသရေလအမျိုးသားတို့၌ ငါပေးအံ့သော ပဋိညာဉ်တရားဟူမူကား၊ ငါထာဝရ ဘုရားသည် ငါ့ပညတ်တို့ကို သူတို့ စိတ်ဝိညာဉ်ထဲသို့ သွင်းမည်။ သူတို့နှလုံးပေါ်မှာ ရေးထားမည်။" ပဋိညာဉ်သစ်သည် ပဋိညာဉ်ဟောင်း၏ နေရာကို အစားထိုးကြောင်း ဟေဗြဲ ၈:၁၃ တွင် ဖော်ပြထားသည်။
သို့သော် ကတိပေးထားသော ပြောင်းလဲမှုမှာ ပညတ်များကို ဖယ်ရှားခြင်းမဟုတ်ဘဲ ဘုရားသခင်၏ တရားတော်ကို လူသားတို့၏ စိတ်နှလုံးအတွင်း၌ တည်စေခြင်းဖြစ်သည်။
ဘုရားသခင်သည် အပြစ်လွှတ်ခြင်း၊ အသစ်သောဆက်ဆံရေးနှင့် စိတ်နှလုံးအတွင်းမှ နာခံခြင်းတို့ကို ကတိပေးတော်မူသည်။
ယေဇကျေလ ၃၆:၂၆-၂၇ တွင်လည်း အသစ်သောနှလုံး၊ အသစ်သောစိတ်ဝိညာဉ်ကို ပေးတော်မူခြင်းနှင့် ဘုရားသခင်၏ စီရင်ထုံးဖွဲ့တော်မူချက်များအတိုင်း ကျင့်စေတော်မူခြင်းတို့ကို ဆက်စပ်ဖော်ပြထားသည်။
ထို့ကြောင့် အဓိကသွန်သင်ချက်မှာ ရှင်းလင်းသည်။ ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ယုံကြည်သူများသည် နာခံတတ်သောသူများအဖြစ် ပြောင်းလဲခြင်းခံရကြသည်။
ဘုရားသခင်၏ ကိုယ်ကျင့်တရားဆိုင်ရာ ပညတ်တော်များ အားလုံး ပျက်ပြယ်သွားပြီဆိုပါက အဘယ်ကြောင့် ထိုတရားတော်ကို ကျွန်ုပ်တို့၏ စိတ်နှလုံး၌ ရေးထားတော်မူမည်ဟု ကတိပေးတော်မူသနည်း။
ပဋိညာဉ်သစ်သည် လူသားတို့ သည်လူ့အစွမ်းသတ္တိဖြင့် သစ္စာရှိစွာ မနာခံနိုင်ခြင်းပြဿနာကို ဖြေရှင်းပေးသည်။
ပဋိညာဉ်သစ်အောက်၌ ယုံကြည်သူများသည် ယေရှုခရစ်တော်အားဖြင့် အပြစ်လွှတ်ခြင်းကို ရရှိကြ၍ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အသက်တာပြောင်းလဲခြင်းတန်ခိုးကို ရရှိကြသည်။ ယေရှုခရစ်တော်က ကိုယ်စားပညတ်စောင့်ပေးပြီး၊ လူသည်ပညတ်လွန်ကျူးခွင့်ရခြင်းမဟုတ်ချေ။ လူသားတို့၏ မနာခံခြင်းပြဿနာအတွက် ဘုရားသခင်၏ ဖြေရှင်းချက်သည် ဖြောင့်မတ်ခြင်းစံနှုန်းကို ပယ်ဖျက်ခြင်းမဟုတ်ဘဲ အပြစ်သား၏ စိတ်နှလုံးကို ပြောင်းလဲပေးခြင်းဖြစ်သည်။
၇။ ဓမ္မသစ်ကျမ်းသည် ပညတ်တော်ဆယ်ပါး၏ ကိုယ်ကျင့်တရားဆိုင်ရာ အခြေခံမူများကို အတည်ပြုထားသည်
ပညတ်တော်ဆယ်ပါး၏ အခွင့်အာဏာသည် ဓမ္မဟောင်းကျမ်း၌ ပါဝင်နေခြင်းအပေါ်၌သာ အခြေခံထားခြင်းမဟုတ်ပေ။
ယေရှုခရစ်တော်နှင့် တမန်တော်တို့၏ သွန်သင်ချက်များ၌လည်း ပညတ်တော်ဆယ်ပါး၏ အခြေခံမူများကို ထပ်တလဲလဲ တွေ့ရှိရသည်။
ပထမပညတ်တော် — အခြားသောဘုရားကို မကိုးကွယ်ရ။ မ ၄:၁၀၊ ၁ကော ၈:၆။
ဒုတိယပညတ်တော် — ရုပ်တုကို မကိုးကွယ်ရ။ တ ၁၇:၂၉၊ ၁ယော ၅:၂၁။
တတိယပညတ်တော် — ဘုရားသခင်၏ နာမတော်ကို အချည်းနှီး မမြွက်ဆိုရ။
မ ၆:၉၊ ယာကုပ် ၅:၁၂။
စတုတ္ထပညတ်တော် — ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ အောက်မေ့ရမည်။
မာ ၂:၂၇-၂၈၊ မ ၂၄:၂၀၊ ဟေဗြဲ ၄:၉။
ပဉ္စမပညတ်တော် — မိဘကို ရိုသေရမည်။ဧဖက် ၆:၁-၃။
ဆဋ္ဌမပညတ်တော် — လူအသက်ကို မသတ်ရ။ မ ၅:၂၁-၂၂၊ ရော ၁၃:၉။
သတ္တမပညတ်တော် — သူ့မယားကို မပြစ်မှားရ။ မ ၅:၂၇-၂၈။
အဋ္ဌမပညတ်တော် — သူ့ဥစ္စာကို မခိုးရ။ ဧဖက် ၄:၂၈။
နဝမပညတ်တော် — မမှန်သောသက်သေကို မခံရ။ ကောလော ၃:၉။
ဒသမပညတ်တော် — သူ့ဥစ္စာကို မတပ်မက်ရ။ ရောမ ၇:၇၊ ၁၃:၉။
ယာကုပ် ၂:၁၀-၁၂ တွင် သူ့မယားကို မပြစ်မှားရန်နှင့် လူအသက်မသတ်ရန် ပညတ်တော်များကို ကိုးကား၍ လွှတ်ခြင်းတရားနှင့် ဆက်စပ်ဖော်ပြထားသည်။
ရောမ ၁၃:၈-၁၀ တွင်လည်း တမန်တော်ပေါလုသည် ပညတ်တော်ဆယ်ပါးမှ သီးခြားပညတ်တော်များကို ကိုးကား၍ မေတ္တာတရား၏ အနက်အဓိပ္ပာယ်ကို ရှင်းပြခဲ့သည်။
ယေရှုခရစ်တော်သည်လည်း လူအသက်သတ်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်းတို့နှင့်စပ်လျဉ်း၍ အပြင်ပန်းလုပ်ရပ်များကိုသာမက စိတ်နှလုံးအတွင်းရှိ အမျက်ဒေါသ၊ တပ်မက်ခြင်းနှင့် ရည်ရွယ်ချက်များအထိ ရှင်းပြတော်မူခဲ့သည် (မ ၅:၂၁-၂၈)။
ယေရှုခရစ်တော်သည် ဘုရားသခင်၏ ကိုယ်ကျင့်တရားစံနှုန်းကို မလျှော့သည့်အပြင် ပိုမိုနက်နဲသော ဝိညာဉ်ရေးဆိုင်ရာ အနက်အဓိပ္ပာယ်ကို ဖော်ပြတော်မူခဲ့သည်။ ထို့နည်းတူ ဥပုသ်ကိုလည်း စံနှုန်းမြင့်စောင့်ထိန်းရန်၊ ဖာရိရှဲနှင့်ကျမ်းတတ်တို့အား ဥပုသ်နေ့၌ကျေးဇူး ပြုအပ်သည်ဟုသွန်သင်ခဲ့သည်။ (မ ၅း၂၁-၂၈၊ ၁၂း၁၂)။
ထို့ကြောင့် ပဋိညာဉ်သစ်အောက်၌ အသက်ရှင်ခြင်းသည် ပညတ်တော်ဆယ်ပါးကို စောင့်ထိန်းခြင်းနှင့် ဆန့်ကျင်သည်ဟူသော အယူအဆကို ကျမ်းစာက လက်မခံပေ။
၈။ သတ္တမနေ့ဥပုသ်နေ့သည် ပဋိညာဉ်ဟောင်းနှင့်သာ သက်ဆိုင်သော နေ့မဟုတ်ကြောင်း ကျမ်းစာအထောက်အထားများ
သတ္တမနေ့ဥပုသ်နေ့သည် အစဉ်တည်မြဲသော နေ့ထူးနေ့မြတ်ဖြစ်ကြောင်း မြော်လင့်ခြင်းအသင်းတော်၏ ယုံကြည်ချက်သည် အောက်ပါကျမ်းစာအထောက်အထားများအပေါ် အခြေခံထားသည်။
(က) ဥပုသ်နေ့သည် ဖန်ဆင်းခြင်းအစအဦး၌ စတင်ခဲ့သည်
ကမ္ဘာဦး ၂:၂-၃ တွင် ဘုရားသခင်သည် သတ္တမနေ့ကို ကောင်းကြီးပေး၍ သန့်ရှင်းစေတော်မူကြောင်း ဖော်ပြထားသည်။
ထွက်မြောက်ရာ ၂၀:၁၁ တွင် ဥပုသ်နေ့ပညတ်တော်၏ အခြေခံအကြောင်းရင်းမှာ ဖန်ဆင်းခြင်းအမှုတော်ဖြစ်ကြောင်း အတိအလင်း ဖော်ပြထားသည်။
ဥပုသ်နေ့သည် နောက်ပိုင်း၌ ဣသရေလလူမျိုးတို့အတွက် အထူးပဋိညာဉ်အမှတ်လက္ခဏာတစ်ခု ဖြစ်လာခဲ့သော်လည်း (ထွက်မြောက်ရာ ၃၁:၁၃-၁၇) ၎င်း၏ မူလအခြေခံသည် လူသားအားလုံးနှင့် သက်ဆိုင်သော ဖန်ဆင်းခြင်းအမှုတော်ဖြစ်သည်။
(ခ) ဥပုသ်နေ့သည် ပညတ်တော်ဆယ်ပါး၌ ပါဝင်သည်
ဥပုသ်နေ့ပညတ်တော်သည် ဘုရားသခင်ကို ကိုးကွယ်ခြင်း၊ မိသားစုဆက်ဆံရေး၊ လူ့အသက်၊ အိမ်ထောင်ရေး၊ ပိုင်ဆိုင်မှုနှင့် သစ္စာတရားတို့ဆိုင်ရာ ပညတ်တော်များနှင့်အတူ ပါဝင်နေသည်။
ဘုရားသခင်သည် စတုတ္ထပညတ်တော်ကို ယဇ်ပူဇော်ခြင်းဆိုင်ရာ ပညတ်ချက်များနှင့်အတူ သီးခြားစာရင်းတစ်ခု၌ ထားရှိတော်မမူခဲ့ပေ။
ထို့ကြောင့် စတုတ္ထပညတ်တော်ကို ကိုယ်ကျင့်တရားဆိုင်ရာ ပညတ်တော်များအနက်မှ ဖယ်ရှားလိုပါက ခိုင်မာသော ကျမ်းစာအထောက်အထား လိုအပ်သည်။
(ဂ) ယေရှုခရစ်တော်ကိုယ်တော်တိုင် ဥပုသ်နေ့ကို စောင့်ထိန်းတော်မူခဲ့သည်
လုကာ ၄:၁၆ တွင် ယေရှုခရစ်တော်သည် ထုံးစံတော်ရှိသည်အတိုင်း ဥပုသ်နေ့၌ တရားစရပ်သို့ ဝင်တော်မူကြောင်း ဖော်ပြထားသည်။
ယေရှုခရစ်တော်သည် ဥပုသ်နေ့နှင့်စပ်လျဉ်း၍ နည်းလမ်းမှားဖြင့်စောင့်ထိန်းသော ထုံးတမ်းများကို ပြုပြင်တော်မူခဲ့သည်။ ဒုက္ခရောက်နေသူများကို ကျန်းမာစေတော်မူခဲ့သည်။ ဥပုသ်နေ့၏ စစ်မှန်သော ရည်ရွယ်ချက်ကို ပုံသက်သေအားဖြင့် ပြသတော်မူခဲ့သည်။ ဖာရိရှဲတို့နှင့်အငြင်းပွားလေ့ရှိသောပြသနာမှာ မည်သည့်နေ့သည် ဥပုသ်နေ့ဖြစ် သည်ဟူ၍မဟုတ်ဘဲ၊ ဥပုသ်ကိုမည်သို့သန့်ရှင်းစွာစောင့်ထိန်းရမည်ဟူ၍သာဖြစ်သည်။
(ဃ) ယေရှုခရစ်တော်သည် ဥပုသ်နေ့ကို အစိုးရတော်မူသောအရှင်ဖြစ်သည်
မာကု ၂:၂၇-၂၈ တွင်—“ဥပုသ်နေ့သည် လူအဘို့ဖြစ်၏။ လူသည် ဥပုသ်နေ့အဘို့ဖြစ်သည်မဟုတ်။” ဟူသော သွန်သင်ချက်နှင့် လူသားသည် ဥပုသ်နေ့ကိုပင် အစိုးရတော်မူကြောင်း တွေ့ရှိရသည်။
ဥပုသ်နေ့သည် ယုဒလူမျိုးတို့အဖို့သာ ဖြစ်သည်ဟု ယေရှုခရစ်တော် မိန့်တော်မမူခဲ့ပေ။ လူသားတို့အဖို့ ဖြစ်ကြောင်းသာမိန့်တော်မူခဲ့သည်။
ဤသွန်သင်ချက်သည် ဥပုသ်နေ့ကို လူသားတို့အတွက် ဘုရားသခင် ပေးအပ်တော်မူသော ကောင်းကြီးမင်္ဂလာတစ်ရပ်အဖြစ် ထင်ရှားစေသည်။
(င) ယေရှုခရစ်တော် အသေခံပြီးနောက်တွင် ဥပုသ်နေ့စောင့်ထိန်းခြင်းကို တွေ့ရှိရသည်
လုကာ ၂၃:၅၆ တွင် ယေရှုခရစ်တော်၏ နောက်တော်လိုက် အမျိုးသမီးများသည် ပညတ်တော်အတိုင်း ဥပုသ်နေ့၌ ငြိမ်ဝပ်စွာနေကြကြောင်း ဖော်ပြထားသည်။
တမန်တော် ၁၃:၄၂-၄၄၊ ၁၆:၁၃၊ ၁၇:၂ နှင့် ၁၈:၄ တို့တွင်လည်း တမန်တော်ပေါလုသည် ဥပုသ်နေ့၌ ယုဒလူမျိုးများနှင့် တစ်ပါးအမျိုးသားများအကြား အမှုတော်ဆောင်ခဲ့ကြောင်း တွေ့ရှိရသည်။
ထိုစုဝေးခြင်းများသည် လူသားအားလုံး ဥပုသ်နေ့စောင့်ထိန်းရမည်ဟူသော ပညတ်တော်အသစ်တစ်ပါးကို သီးခြားဖော်ပြနေခြင်း မဟုတ်သော်လည်း ဥပုသ်နေ့ ဆက်လက်တည်ရှိခြင်းနှင့် ကိုက်ညီသော ကျမ်းစာအထောက်အထားများဖြစ်သည်။
(စ) ဘုရားသခင်၏ လူမျိုးတော်အဖို့ ဥပုသ်ငြိမ်ဝပ်ခြင်း ကျန်ရှိနေသေးသည်
ဟေဗြဲ ၄:၉ တွင် အသုံးပြုထားသော မူရင်းဂရိစကားလုံးမှာ sabbatismos ဖြစ်သည်။ ဥပုသ်ငြိမ်ဝပ်ခြင်း၊ ဥပုသ်စောင့်ထိန်းခြင်းနှင့် ဆက်စပ်သော အနက်အဓိပ္ပာယ်ရှိသည်။
ထိုအခန်းကြီး၌ ဘုရားသခင်၏ ဖန်ဆင်းခြင်းအမှု ပြီးစီး၍ ငြိမ်ဝပ်တော်မူခြင်းနှင့် ယုံကြည်ခြင်းအားဖြင့် ရရှိသော ဝိညာဉ်ရေးဆိုင်ရာ ငြိမ်ဝပ်ခြင်းတို့ကို ဆက်စပ်ဖော်ပြထားသည်။
ဤတွင် ခရစ်တော်၌ ဝိညာဉ်ရေးအရ ငြိမ်ဝပ်ခြင်းနှင့် အပတ်စဉ် ဥပုသ်နေ့စောင့်ထိန်းခြင်းတို့ကို ဆန့်ကျင်ဘက်အရာများအဖြစ် မဖော်ပြပေ။ တစ်ခုနှင့်တစ်ခု အားဖြည့်ပေးသော အရာများအဖြစ် နားလည်ရသည်။ တနည်းအားဖြင့်ဆိုသော် ယေရှုရသောသူသည် ဥပုသ်မလိုတော့ဟု မရေးထားချေ။ ယေရှုရသူသည် သူ၏ဥပုသ်ပညတ်တော် ကိုပါစောင့်ထိန်းရမည်။
(ဆ) မြေကြီးသစ်၌လည်း ဥပုသ်နေ့နှင့်စပ်လျဉ်းသော ကိုးကွယ်ခြင်းကို တွေ့ရှိရသည်
ဟေရှာယ ၆၆:၂၂-၂၃ တွင် မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်အကြောင်း ဖော်ပြရာ၌ ဥပုသ်နေ့တိုင်း ဘုရားသခင်ရှေ့တော်သို့ လာရောက်ကိုးကွယ်ခြင်းအကြောင်း ပါရှိသည်။
ဤကျမ်းချက်သည် ဥပုသ်နေ့၏ အစဉ်တည်မြဲသော ဓမ္မပညာဆိုင်ရာ အရေးပါမှုကို ထပ်မံဖော်ပြနေသည်။ သင်္ကေတမျှသာမဟုတ်။ အစစ်အမှန်ဖြစ်သည်။ ဧဒင်၌ စတင်ခဲ့သကဲ့သို့ ဖြစ်သည်။ ဧဒင်အသစ်အတွက် ဥပုသ်ရှိမြဲရှိသည်။
ထို့ကြောင့် ဥပုသ်နေ့သည် ဖန်ဆင်းခြင်း၊ ရွေးနုတ်ကယ်တင်ခြင်း၊ သန့်ရှင်းစေခြင်းနှင့် အရာခပ်သိမ်းကို အသစ်ပြုပြင်ဖန်ဆင်းတော်မူခြင်းတို့နှင့် ဆက်စပ်နေသည်။
၉။ ဥပုသ်နေ့နှင့် ပညတ်တော်ဆယ်ပါးကို ကန့်ကွက်ရာ၌ အသုံးပြုလေ့ရှိသော ဓမ္မသစ်ကျမ်းချက်များကို ရှင်းလင်းခြင်း
(က) ကောလောသဲ ၂:၁၆-၁၇ — ဥပုသ်နေ့တို့သည် အရိပ်ဖြစ်သည်ဟူသော အဆို
တမန်တော်ပေါလုသည် ပွဲနေ့၊ လဆန်းနေ့နှင့် ဥပုသ်နေ့တို့ကို နောင်ဖြစ်လတ္တံ့သော အရာတို့၏ အရိပ်အဖြစ် ဖော်ပြထားသည်။
ဤကျမ်းချက်ကို ယေရှုခရစ်တော်အားဖြင့် ပြည့်စုံသွားသော ဘာသာရေးအခမ်းအနားများ၊ ဣသရေလလူမျိုးတို့၏ ပွဲတော်များနှင့် ဆက်စပ်သော အခမ်းအနားဆိုင်ရာ ဥပုသ်နေ့များ၏ နောက်ခံအကြောင်းအရာဖြစ်သည်။
ဝတ်ပြုရာ ၂၃:၃၇-၃၈ တွင် ပွဲတော်များနှင့်စပ်လျဉ်းသော ပူဇော်သက္ကာများကို ထာဝရဘုရား၏ ပုံမှန်ဥပုသ်နေ့နှင့် ခွဲခြားဖော်ပြထားသည်။
အခြားခရစ်ယာန်များကမူ ပေါလုဖော်ပြထားသော နှစ်စဉ်ပွဲတော်၊ လစဉ်လဆန်းနေ့နှင့် အပတ်စဉ်ဥပုသ်နေ့ဟူသော အစီအစဉ်၌ သတ္တမနေ့ဥပုသ်နေ့လည်း ပါဝင်သည်ဟု အနက်ဖွင့်ကြသည်။
ဤအချက်တွင် အစားအသောက်ပါသော ပွဲနှင့်ဆက်စပ်သောဥပုသ်များကိုသာ ဆိုနေခြင်းဖြစ်သည်။ ထိုအရာများသည် အရိပ်များဖြစ်ကြသည်။
သတ္တမနေ့ဥပုသ်နေ့သည် ဖန်ဆင်းခြင်းအစအဦး၌ တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ရွေးနုတ်ကယ်တင်ခြင်းအမှုကို ကြိုတင်ပုံဆောင်ရန် သတ်မှတ်ခဲ့သော အခမ်းအနားများနှင့် မူလရည်ရွယ်ချက်ချင်း ကွာခြားသည်ဟူ၍ ဖြစ်သည်။
အပတ်စဉ်ဥပုသ်နေ့နှင့် ဆက်စပ်သော အခမ်းအနားဆိုင်ရာ ကျင့်သုံးမှုများ ထိုကျမ်းချက်၌ ပါဝင်သည်ဟု ယူဆလျှင်ပင် သူတစ်ပါး၏ စီရင်ခြင်းကို မခံကြရန် ပေါလု၏ သွန်သင်ချက်သည် စတုတ္ထပညတ်တော်ကို ပယ်ဖျက်ကြောင်း၊ သတ္တမနေ့၏ သန့်ရှင်းခြင်းကို အခြားနေ့တစ်နေ့သို့ ပြောင်းရွှေ့ကြောင်း အတိအလင်း ကြေညာထားခြင်း မဟုတ်ပေ။
(ခ) ရောမ ၁၄:၅ — နေ့တစ်နေ့ထက် အခြားနေ့တစ်နေ့ကို မြတ်သည်ဟု ထင်မှတ်ခြင်း
ရောမ အခန်းကြီး ၁၄ သည် စားသောက်ခြင်း၊ နေ့ရက်များနှင့် ယုံကြည်သူတို့၏ ကိုယ်ကိုကိုယ်သိသောစိတ်ဆိုင်ရာ အငြင်းပွားမှုများအကြောင်း ဖော်ပြထားသည်။
ထိုရောမကျမ်းတစ်ခုလုံးနှင့် အခန်းကြီး၌ သတ္တမနေ့ဥပုသ်နေ့၊ ဖန်ဆင်းခြင်းအမှုတော်နှင့် စတုတ္ထပညတ်တော်တို့ကို ဖော်ပြထားခြင်းမရှိပေ။
ထိုအငြင်းပွားနေသော နေ့ရက်များကို မိမိဆန္ဒအလျောက် ကျင့်သုံးကြသော ဘာသာရေးဆိုင်ရာ နေ့ရက်များသာဖြစ်သည်။
ဖန်ဆင်းခြင်းအစအဦး၌ တည်ထောင်တော်မူခဲ့သော ဥပုသ်နေ့ကို ပယ်ဖျက်ခြင်းမဟုတ်ပေ။
အငြင်းပွားနေသော အလေ့အကျင့်များနှင့်စပ်လျဉ်း၍ ပေးထားသော ယေဘုယျသွန်သင်ချက်တစ်ခုကို ဘုရားသခင် တိတိကျကျ မိန့်မြွက်တော်မူခဲ့သော ပညတ်တော်တစ်ပါးအား ပယ်ဖျက်ခြင်းဟု အလိုအလျောက် အနက်မဖွင့်သင့်ပေ။
(ဂ) ၂ ကောရိန္သု ၃:၇-၁၁ — ကျောက်ပြားပေါ်၌ ရေးထားသော အမှုဆောင်ခြင်းစနစ်
ဤကျမ်းချက်သည် ပညတ်တော်ဆယ်ပါးနှင့် ဆက်စပ်သော ပဋိညာဉ်ဟောင်း၏ အုပ်ချုပ်ကျင့်သုံးမှုစနစ်အကြောင်းဖြစ်သည်။
သို့သော် ပေါလုသည် အပြစ်စီရင်ခြင်းဆိုင်ရာ အမှုဆောင်ခြင်းနှင့် သာ၍ဘုန်းကြီးသော ဝိညာဉ်တော်၏ အမှုဆောင်ခြင်းတို့ကို နှိုင်းယှဉ်ဖော်ပြနေခြင်းဖြစ်သည်။
ပညတ်တရားသည် အပြစ်ကို ဖော်ပြ၍ အပြစ်သားအား အပြစ်ရှိကြောင်း စီရင်နိုင်သည်။ သို့သော် အပြစ်လွှတ်ခြင်းနှင့် ဖြောင့်မတ်ရာသို့ ရောက်စေခြင်းတို့ကို မပေးနိုင်ပေ။
ယေရှုခရစ်တော်အားဖြင့်သာ ယုံကြည်သူများသည် ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ ပြောင်းလဲစေသော တန်ခိုးကို ရရှိကြသည်။
ယခင်ပဋိညာဉ်၏ အမှုဆောင်ခြင်းစနစ် ကွယ်ပျောက်သွားခြင်းကြောင့် ပညတ်တော်များ၏ ကိုယ်ကျင့်တရားဆိုင်ရာ အနှစ်သာရ ကွယ်ပျောက်သွားသည်ဟု မဆိုနိုင်ပေ။
ပေါလု၏ ဤသွန်သင်ချက်ကို ပညတ်တရားသည် သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်ခြင်းရှိကြောင်း ဖော်ပြထားသော ရောမ ၇:၁၂ နှင့် ဆက်စပ်နားလည်ရမည်။
(ဃ) ဂလာတိ ၃:၂၄-၂၅ — အထိန်းအုပ်ဆရာလက်၌ မရှိတော့ခြင်း
တမန်တော်ပေါလုသည် ပညတ်တရားက လူတို့ကို ခရစ်တော်ထံသို့ ပို့ဆောင်သော အထိန်းအုပ်ဆရာဖြစ်ခဲ့ကြောင်း သွန်သင်ထားသည်။
ယုံကြည်သူများသည် ခရစ်တော်ထံသို့ ရောက်ရှိလာသောအခါ ထိုအထိန်းအုပ်ဆရာ၏ အုပ်ချုပ်မှုအောက်၌ မရှိကြတော့ပေ။
ပညတ်တရားသည် အပြစ်သားကို ဖြောင့်မတ်ရာသို့ မရောက်စေနိုင်ပေ။ ကယ်တင်ရှင်လိုအပ်နေကြောင်း ဖော်ပြပေးသည်။
သို့သော် ထိုသို့သွန်သင်ခဲ့သော ပေါလုကိုယ်တိုင်ပင် ဂလာတိ ၅:၁၉-၂၁ တွင် မတရားသောမေထုန်၌ မှီဝဲခြင်း၊ ရုပ်တုကိုးကွယ်ခြင်း၊ ရန်ငြိုးဖွဲ့ခြင်းနှင့် အခြားအပြစ်များကို ပြစ်တင်ရှုတ်ချထားသည်။
ပညတ်တရား၏ အထိန်းအုပ်ခြင်းနှင့် အပြစ်စီရင်ခြင်းအောက်မှ လွတ်မြောက်ခြင်းသည် ဘုရားသခင်၏ ကိုယ်ကျင့်တရားဆိုင်ရာ အလိုတော်ကို ချိုးဖောက်ရန် လွတ်လပ်ခွင့်ရရှိခြင်း မဟုတ်ပေ။
(င) မဿဲ ၅:၁၇ — ခရစ်တော်သည် ပညတ်တရားကို ပြည့်စုံစေတော်မူခဲ့သည်
ယေရှုခရစ်တော်သည် ပညတ်တရားကို ပြည့်စုံစေတော်မူခဲ့သောကြောင့် ခရစ်ယာန်များသည် ပညတ်တော်ကို စောင့်ထိန်းရန် မလိုအပ်တော့ဟု အချို့က ဆိုကြသည်။
သို့သော် ယေရှုခရစ်တော်ကိုယ်တော်တိုင်က ပြည့်စုံစေခြင်းနှင့် ဖျက်ဆီးခြင်းတို့ကို ခွဲခြားမိန့်မြွက်တော်မူခဲ့သည်။
မဿဲ ၅:၁၇ တွင်—“ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းတို့ကို ဖျက်ပယ်ခြင်းငှာ ငါလာသည်ဟု မထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှာ ငါလာသည်မဟုတ်။ ပြည့်စုံစေခြင်းငှာ ငါလာသတည်း။” ဟု မိန့်တော်မူထားသည်။
မဿဲ ၅:၁၇-၁၉ တွင် အငယ်ဆုံးသော ပညတ်တော်ကိုပင် ဖျက်၍ အခြားသူများကို ထိုသို့ သွန်သင်ခြင်းနှင့်စပ်လျဉ်း၍ သတိပေးတော်မူခဲ့သည်။
ထို့နောက် လူအသက်သတ်ခြင်းနှင့် သူ့မယားကိုပြစ်မှားခြင်းတို့အကြောင်း ဆက်လက်သွန်သင်တော်မူခဲ့သည်။
ဤအချက်များက ပြည့်စုံစေခြင်းသည် အမြဲတမ်း ပယ်ဖျက်ခြင်းကို ဆိုလိုသည်မဟုတ်ကြောင်း ဖော်ပြသည်။
ယေရှုခရစ်တော်သည် မိမိကို ကြိုတင်ပုံဆောင်ထားသော အနာဂတ္တိကျမ်းချက်များနှင့် ယဇ်ပူဇော်ခြင်းစနစ်တို့ကို ပြည့်စုံစေတော်မူခဲ့သည်။
ထို့ပြင် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ပြည့်စုံစွာ အသက်ရှင်ပြသ၍ သွန်သင်တော်မူခဲ့သည်။
(စ) တနင်္ဂနွေနေ့သည် ဥပုသ်နေ့၏ နေရာကို အစားထိုးခဲ့သလော။
ဓမ္မသစ်ကျမ်း၌ ယေရှုခရစ်တော်သည် ရက်သတ္တပတ်၏ ပထမနေ့၌ ထမြောက်တော်မူကြောင်းနှင့် ပထမနေ့၌ ဖြစ်ပေါ်ခဲ့သော အချို့အမှုအရာများကို ဖော်ပြထားသည် (ယောဟန် ၂၀:၁၊ တမန်တော် ၂၀:၇၊ ၁ ကောရိန္သု ၁၆:၂)။
သို့သော် ထိုကျမ်းချက်များအနက် မည်သည့်ကျမ်းချက်ကမျှ သတ္တမနေ့ဥပုသ်နေ့ကို တနင်္ဂနွေနေ့ဖြင့် အစားထိုး၍ စောင့်ထိန်းရန် အတိအလင်း အမိန့်ပေးထားခြင်း မရှိပေ။
ယေရှုခရစ်တော်၏ ထမြောက်တော်မူခြင်းသည် ခရစ်ယာန်ယုံကြည်ခြင်း၏ အခြေခံအုတ်မြစ်ဖြစ်သည်။
သို့သော် အဖြစ်အပျက်တစ်ခု အလွန်အရေးပါခြင်းကြောင့် ထိုအဖြစ်အပျက် ဖြစ်ပေါ်ခဲ့သောနေ့သည် အပတ်စဉ် သန့်ရှင်းစွာ စောင့်ထိန်းရမည့် နေ့သစ်တစ်နေ့အဖြစ် အလိုအလျောက် သတ်မှတ်ခံရသည်ဟု မဆိုနိုင်ပေ။
မြော်လင့်ခြင်းအသင်းတော်သည် ယေရှုခရစ်တော်၏ ထမြောက်တော်မူခြင်းကို အပြည့်အဝ ယုံကြည်၍ ဂုဏ်ပြုသည်။
သို့သော် သတ္တမနေ့၏ သန့်ရှင်းမြင့်မြတ်ခြင်းကို ပထမနေ့သို့ ပြောင်းရွှေ့ရန် အတိအလင်း မိန့်မှာထားသော ကျမ်းချက်မရှိကြောင်း ခိုင်မာစွာ ယုံကြည်သည်။
၁၀။ သမိုင်းတစ်လျှောက် ခရစ်ယာန်အသင်းတော်များသည် ကိုယ်ကျင့်တရားဆိုင်ရာ ပညတ်တော်၏ တည်မြဲခြင်းကို လက်ခံခဲ့ကြသည်
ပညတ်တော်ဆယ်ပါးသည် ယနေ့တိုင် ကိုယ်ကျင့်တရားဆိုင်ရာ အရေးပါမှုရှိကြောင်း ယုံကြည်လက်ခံသော အသင်းတော်မှာ မြော်လင့်ခြင်းအသင်းတော်တစ်ခုတည်း မဟုတ်ပေ။
သမိုင်းတစ်လျှောက် ခရစ်ယာန်အသင်းတော်များစွာသည် ၎င်းတို့၏ တရားဝင်ယုံကြည်ချက်များ၌ ပညတ်တော်ဆယ်ပါး၏ အရေးပါမှုကို အသိအမှတ်ပြုခဲ့ကြသည်။
ပညတ်တော်ဆယ်ပါးကို အသိအမှတ်ပြုသော ခရစ်ယာန်အသင်းတော်များနှင့် ယုံကြည်ချက်ဆိုင်ရာ စာတမ်းများ
၁။ ရိုမန်ကက်သလစ်အသင်းတော် (Roman Catholic)
Catechism of the Catholic Church၊ အပိုဒ် ၂၀၅၂-၂၀၈၂ တွင် ပညတ်တော်ဆယ်ပါး၏ ကိုယ်ကျင့်တရားဆိုင်ရာ အရေးပါမှုကို ဖော်ပြထားသည်။
၂။ အရှေ့ပိုင်း အော်သိုဒေါက်စ်အသင်းတော် (Eastern Orthodox)
Longer Catechism of St. Philaret တွင် ပညတ်တော်ဆယ်ပါးနှင့် ၎င်းတို့၏ လက်တွေ့ကျင့်သုံးပုံကို သွန်သင်ထားသည်။
၃။ လူသာရန်အသင်းတော် (Lutheran)
မာတင်လူသာ၏ Small Catechism (၁၅၂၉) တွင် ပညတ်တော်ဆယ်ပါးကို တစ်ပါးချင်းစီ ရှင်းလင်းသွန်သင်ထားသည်။
၄။ ပြုပြင်ပြောင်းလဲရေးအစဉ်အလာရှိ အသင်းတော်များ (Reformed)
Heidelberg Catechism၊ မေးခွန်းအမှတ် ၉၂-၁၁၅ တွင် ပညတ်တော်ဆယ်ပါး၏ အနက်အဓိပ္ပာယ်နှင့် လက်တွေ့ကျင့်သုံးခြင်းကို ဖော်ပြထားသည်။
၅။ အင်္ဂလီကန်အသင်းတော် (Anglican)
Thirty-Nine Articles၊ အပိုဒ် ၇ တွင် မောရှေ၏ အခမ်းအနားဆိုင်ရာ ပညတ်ချက်များနှင့် ကိုယ်ကျင့်တရားဆိုင်ရာ ပညတ်တော်များကို ခွဲခြားဖော်ပြထားသည်။
၆။ ပရက်စ်ဘီတေးရီးယန်းအသင်းတော် (Presbyterian)
Westminster Confession of Faith၊ အခန်းကြီး ၁၉ တွင် ဘုရားသခင်၏ ကိုယ်ကျင့်တရားဆိုင်ရာ ပညတ်တော်သည် ဆက်လက်တည်မြဲကြောင်း သွန်သင်ထားသည်။
၇။ ပြုပြင်ပြောင်းလဲရေး နှစ်ခြင်းအသင်းတော်များ (Reformed Baptist)
Baptist Confession of Faith (၁၆၈၉)၊ အခန်းကြီး ၁၉ တွင် ကိုယ်ကျင့်တရားဆိုင်ရာ ပညတ်တော်၏ ဆက်လက်တည်မြဲခြင်းကို ဖော်ပြထားသည်။
၈။ မက်သဒစ်အသင်းတော် (Methodist)
Articles of Religion၊ အပိုဒ် ၆ တွင် ခရစ်ယာန်များသည် ကိုယ်ကျင့်တရားဆိုင်ရာ ပညတ်တော်များကို နာခံရန် တာဝန်ရှိကြောင်း ဖော်ပြထားသည်။
၉။ သတ္တမနေ့ မြော်လင့်ခြင်းအသင်းတော် (Seventh-day Adventist)
အခြေခံယုံကြည်ချက် ၂၈ ချက်အနက် အမှတ် ၁၉၊ ဘုရားသခင်၏ ပညတ်တရားနှင့် အမှတ် ၂၀၊ ဥပုသ်နေ့ဆိုင်ရာ ယုံကြည်ချက်တို့၌ ပညတ်တော်ဆယ်ပါးနှင့် သတ္တမနေ့ဥပုသ်နေ့၏ အစဉ်တည်မြဲခြင်းကို အတည်ပြုထားသည်။
ပညတ်တော်ဆယ်ပါး၏ တည်မြဲခြင်းကို သွန်သင်ခဲ့သော ထင်ရှားသည့် ခရစ်ယာန်ခေါင်းဆောင်များ
၁။ မာတင်လူသာ (Martin Luther၊ ၁၄၈၃-၁၅၄၆)
မိမိရေးသားခဲ့သော Small Catechism တွင် ပညတ်တော်ဆယ်ပါးကို တစ်ပါးချင်းစီ ရှင်းလင်း၍ ခရစ်ယာန်အသက်တာ၌ လက်တွေ့ကျင့်သုံးရန် သွန်သင်ခဲ့သည်။
၂။ ဂျွန်ကယ်လ်ဗင် (John Calvin၊ ၁၅၀၉-၁၅၆၄)
Institutes of the Christian Religion၊ ဒုတိယစာအုပ်၊ အခန်းကြီး ၇ တွင် ဘုရားသခင်၏ ကိုယ်ကျင့်တရားဆိုင်ရာ ပညတ်တော်သည် ခရစ်ယာန်အသက်တာအတွက် ဆက်လက်အရေးပါကြောင်း ရှင်းပြခဲ့သည်။
၃။ ဂျွန်ဝက်စလီ (John Wesley၊ ၁၇၀၃-၁၇၉၁)
Sermon 25: Upon Our Lord’s Sermon on the Mount, Discourse Five တွင် ယေရှုခရစ်တော်သည် ပညတ်တော်ဆယ်ပါး၌ ပါဝင်သော ကိုယ်ကျင့်တရားဆိုင်ရာ ပညတ်တော်များကို ပယ်ဖျက်တော်မမူခဲ့ကြောင်း သွန်သင်ခဲ့သည်။
၄။ ချားလ်စ် စပါဂျင် (Charles H. Spurgeon၊ ၁၈၃၄-၁၈၉၂)
The Perpetuity of the Law of God ဟူသော တရားဒေသနာ၌ ဘုရားသခင်၏ ပညတ်တရား အစဉ်တည်မြဲကြောင်း ကာကွယ်သွန်သင်ခဲ့သည်။
၅။ ဒီအယ်လ် မူဒီ (D. L. Moody၊ ၁၈၃၇-၁၈၉၉)
Weighed and Wanting ဟူသော စာအုပ်၌ ပညတ်တော်ဆယ်ပါးသည် ခရစ်ယာန်များအတွက် ဆက်လက်အရေးပါကြောင်း အလေးထားသွန်သင်ခဲ့သည်။
၎င်းတို့၏ သွန်သင်ချက်များက အစဉ်တည်မြဲသော ကိုယ်ကျင့်တရားဆိုင်ရာ ပညတ်တော်များနှင့် ယာယီကျင့်သုံးရသော မောရှေ၏ပညတ်ချက်များကို ခွဲခြားခြင်းသည် မြော်လင့်ခြင်းအသင်းတော်က အသစ်တီထွင်ထားသော အယူဝါဒတစ်ခု မဟုတ်ကြောင်း ဖော်ပြနေသည်။
ပညတ်တော်ဆယ်ပါး၏ ကိုယ်ကျင့်တရားဆိုင်ရာ အရေးပါမှုကို လက်ခံခြင်း၌ မြော်လင့်ခြင်းအသင်းတော်သည် သမိုင်းတစ်လျှောက် ခရစ်ယာန်အစဉ်အလာများစွာနှင့် တူညီသော ရပ်တည်ချက်ရှိသည်။
ကွာခြားချက်မှာ စတုတ္ထပညတ်တော်ကိုလည်း ကျန်ပညတ်တော်ကိုးပါးနည်းတူ မူလကျမ်းစာသွန်သင်ချက်အတိုင်း ဆက်လက်စောင့်ထိန်းရမည်ဟူသော ခိုင်မာသည့် ယုံကြည်ချက်ဖြစ်သည်။
ပညတ်တော်ဆယ်ပါး တည်မြဲကြောင်း ယုံကြည်ခြင်းသည် မြော်လင့်ခြင်းအသင်းတော်၏ သီးသန့်အယူဝါဒ မဟုတ်ပေ။
၁၁။ ဥပုသ်နေ့စောင့်ခြင်းသည် ကယ်တင်ခြင်းရရှိရန် ကြိုးစားအားထုတ်ခြင်း မဟုတ်ပေ
ဤအချက်ကို အထူးရှင်းလင်းစွာ နားလည်ထားရန် လိုအပ်သည်။ အကြောင်းမူကား မြော်လင့်ခြင်းအသင်းတော်ဝင်များသည် ဥပုသ်နေ့စောင့်ထိန်းခြင်းအားဖြင့် ကယ်တင်ခြင်းရရှိရန် ကြိုးစားနေကြသည်ဟု မကြာခဏ စွပ်စွဲခံကြရသောကြောင့်ဖြစ်သည်။
သတ္တမနေ့ မြော်လင့်ခြင်းအသင်းတော်သည် ဥပုသ်နေ့စောင့်ထိန်းခြင်းအားဖြင့် ကယ်တင်ခြင်းရရှိသည်ဟု လုံးဝမယုံကြည်သကဲ့သို့ ထိုသို့လည်း မသွန်သင်ပေ။
ကယ်တင်ခြင်းသည် ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ရရှိသော ဘုရားသခင်၏ ကျေးဇူးတော်ဆုကျေးဇူးသက်သက်ဖြစ်သည် (ဧဖက် ၂:၈-၉၊ ရောမ ၃:၂၈)။
ဧဖက် ၂:၈-၉ တွင်—“ယုံကြည်ခြင်းအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင်သနားတော်မူရာ ဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာအခွင့်မရှိ။”ဟု ဖော်ပြထားသည်။
ဥပုသ်နေ့ကို မည်မျှပင် စောင့်ထိန်းစေကာမူ အပြစ်တစ်ခုကိုမျှ လွှတ်ပေးနိုင်ခြင်းမရှိပေ။
ပညတ်တော်များကို မည်မျှပင် စောင့်ထိန်းစေကာမူ အပြစ်သားတစ်ဦးကို ဖြောင့်မတ်ရာသို့ မရောက်စေနိုင်ပေ။
လူသားတို့၏ မည်သည့်အားထုတ်မှု၊ မည်သည့်ကုသိုလ်ကောင်းမှုကမျှ ယေရှုခရစ်တော်၏ အပြစ်ဖြေရာယဇ်ကို အစားမထိုးနိုင်ပေ။
ယေရှုခရစ်တော်တစ်ပါးတည်းသာ ကျွန်ုပ်တို့ကို ကယ်တင်နိုင်တော်မူသည် (တမန်တော် ၄:၁၂)။
မြော်လင့်ခြင်းအသင်းတော်၏ တရားဝင်အခြေခံယုံကြည်ချက် အမှတ် ၁၀ နှင့် အမှတ် ၁၉ တို့တွင် ယေရှုခရစ်တော်အားဖြင့် ကယ်တင်ခြင်းရရှိကြောင်းနှင့် ပညတ်တော်စောင့်ထိန်းခြင်းသည် ကယ်တင်ခြင်း၏ အကျိုးအသီးဖြစ်ကြောင်း အတည်ပြုထားသည်။
သို့သော် အောက်ပါမေးခွန်းများကို စဉ်းစားကြည့်ကြပါစို့။
ဥပုသ်နေ့စောင့်ထိန်းခြင်းသည် ဘုရားသခင်၏ ပညတ်တော်ကို နာခံခြင်းဖြစ်သောကြောင့် ပညတ်တရားအားဖြင့် ကယ်တင်ခြင်းရရှိရန် ကြိုးစားခြင်း (Legalism) ဖြစ်သည်ဆိုပါက လူအသက်မသတ်ဘဲ နေခြင်းသည်လည်း ထိုသို့ဖြစ်သလော။
သူ့မယားကို မပြစ်မှားဘဲ နေခြင်းသည် ပညတ်တရားအားဖြင့် ကယ်တင်ခြင်းရရှိရန် ကြိုးစားခြင်းဖြစ်သလော။
ရုပ်တုမကိုးကွယ်ခြင်း၊ မုသားမပြောခြင်း၊ သူ့ဥစ္စာမခိုးခြင်းတို့သည်လည်း ကယ်တင်ခြင်းရရှိရန် ကြိုးစားခြင်းဖြစ်သလော။
ကျန်ပညတ်တော်ကိုးပါးကို စောင့်ထိန်းခြင်းအား ခရစ်ယာန်တစ်ဦး၏ သစ္စာရှိခြင်းဟု သတ်မှတ်ပြီး စတုတ္ထပညတ်တော်ကို စောင့်ထိန်းခြင်းအား အဘယ်ကြောင့် ပညတ်တရားအားဖြင့် ကယ်တင်ခြင်းရရှိရန် ကြိုးစားခြင်းဟု သတ်မှတ်ရမည်နည်း။
ပြဿနာမှာ နာခံခြင်းကိုယ်တိုင်၌ မရှိပေ။ နာခံရခြင်း၏ ရည်ရွယ်ချက်နှင့် စိတ်သဘောထား၌ ရှိသည်။
ပညတ်တရားအားဖြင့် ကယ်တင်ခြင်းရရှိရန် ကြိုးစားခြင်းဆိုသည်မှာ မိမိ၏ နာခံခြင်း၊ ဘာသာရေးဆိုင်ရာ အားထုတ်ခြင်းနှင့် ကောင်းမှုကုသိုလ်များကို အားကိုး၍ ဖြောင့်မတ်ခြင်းနှင့် ကယ်တင်ခြင်းရရှိရန် ကြိုးစားခြင်းဖြစ်သည်။
စစ်မှန်သော ခရစ်ယာန်နာခံခြင်းဆိုသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ပြောင်းလဲခြင်းခံရသော စိတ်နှလုံးမှ ပေါ်ထွက်လာသည့် တုံ့ပြန်မှုဖြစ်သည်။
ဧဖက် ၂:၈-၁၀ တွင် ကယ်တင်ခြင်းနှင့် နာခံခြင်းတို့၏ မှန်ကန်သော ဆက်စပ်မှုကို တွေ့ရှိရသည်။
* ကယ်တင်ခြင်း၏ အရင်းအမြစ်သည် ဘုရားသခင်၏ ကျေးဇူးတော်ဖြစ်သည်။
* ကယ်တင်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ရရှိသည်။
* ကယ်တင်ခြင်းကို လူသားတို့၏ အကျင့်အားဖြင့် ရရှိခြင်းမဟုတ်ပေ။
* ကယ်တင်ခြင်းရရှိသူများသည် ကောင်းသောအကျင့်တို့ကို ကျင့်ရန် ခရစ်တော်၌ ဖန်ဆင်းခြင်းခံရသူများဖြစ်ကြသည်။
ယေရှုခရစ်တော်သည် ယောဟန် ၁၄:၁၅ တွင်—“ငါ့ကိုချစ်လျှင် ငါ့ပညတ်တို့ကို စောင့်ရှောက်ကြလော့။” ဟု မိန့်တော်မူခဲ့သည်။
နာခံခြင်းသည် မေတ္တာနှင့်လည်းကောင်း၊ ယုံကြည်ခြင်းနှင့်လည်းကောင်း ဆန့်ကျင်သည်ဟု ယေရှုခရစ်တော် မသွန်သင်ခဲ့ပေ။
တမန်တော်ပေါလုသည်လည်း ရောမ ၃:၃၁ တွင် ယုံကြည်ခြင်းအားဖြင့် ပညတ်တရားကို ပယ်ဖျက်ခြင်းမဟုတ်ဘဲ သာ၍တည်စေကြောင်း ရှင်းလင်းသွန်သင်ခဲ့သည်။
ထို့ပြင် ဥပုသ်နေ့ကိုယ်တိုင်သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ဖော်ပြသော တန်ခိုးကြီးသည့် အမှတ်လက္ခဏာတစ်ခုဖြစ်သည်။
ထွက်မြောက်ရာ ၃၁:၁၃ နှင့် ယေဇကျေလ ၂၀:၁၂ တို့တွင် ဘုရားသခင်သည် မိမိ၏လူမျိုးတော်ကို သန့်ရှင်းစေတော်မူသောအရှင်ဖြစ်ကြောင်း သိရှိစေရန် ဥပုသ်နေ့ကို အမှတ်လက္ခဏာအဖြစ် ပေးတော်မူခဲ့သည်။
ဤနေရာ၌ အရေးကြီးသော အချက်တစ်ခုကို သတိပြုသင့်သည်။
ဥပုသ်နေ့စောင့်ထိန်းခြင်းက လူတို့ကို သန့်ရှင်းစေသည်ဟု ဘုရားသခင် မမိန့်တော်မူခဲ့ပေ။
လူတို့ကို သန့်ရှင်းစေတော်မူသောအရှင်သည် ဘုရားသခင်ဖြစ်ကြောင်း ဥပုသ်နေ့က ဖော်ပြပေးခြင်းဖြစ်သည်။
ဥပုသ်နေ့တိုင်းသည် ယုံကြည်သူများအား မိမိတို့၏ အားထုတ်အောင်မြင်မှုများကို အားကိုးခြင်းထက် ဘုရားသခင် ပြီးစီးစေတော်မူခဲ့သော အမှုတော်ကို အားကိုးရန် သတိပေးနေသည်။
ဖန်ဆင်းခြင်းအစအဦး၌ လူသားသည် ဘုရားသခင် ပြင်ဆင်ပြီးဖြစ်သော လောကကြီးထဲသို့ ဝင်ရောက်ခဲ့ရသည်။
ထိုနည်းတူ ကျွန်ုပ်တို့၏ ကယ်တင်ခြင်းသည်လည်း ယေရှုခရစ်တော် ပြီးစီးစေတော်မူခဲ့သော ရွေးနုတ်ကယ်တင်ခြင်းအမှုတော်အပေါ် အခြေခံသည်။
ကယ်တင်ခြင်းနှင့် နာခံခြင်းတို့၏ ကျမ်းစာအရ ဆက်စပ်မှု
၁။ ဘုရားသခင်၏ ကျေးဇူးတော် ==> ကယ်တင်ခြင်း၏ အရင်းအမြစ် (ဧ ၂:၈)
၂။ ယေရှုခရစ်တော် ==> ကယ်တင်ခြင်း၏ အခြေခံအုတ်မြစ် (တ ၄:၁၂)
၃။ ယုံကြည်ခြင်း ==> ကယ်တင်ခြင်းကို လက်ခံရရှိသောနည်းလမ်း (ရော ၅:၁)
၄။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အသက်တာပြောင်းလဲခြင်း ==> ခရစ်ယာန်အသက်တာအတွက် တန်ခိုး (ယေဇ ၃၆:၂၆-၂၇)
၅။ မေတ္တာအားဖြင့် ပညတ်တော်များကို နာခံခြင်း==> ဥပုသ်နေ့စောင့်ထိန်းခြင်းအပါအဝင် ကယ်တင်ခြင်း၏ အကျိုး၊ အသီးအပွင့် (ယော ၁၄:၁၅၊ ဧ ၂:၁၀)
မြော်လင့်ခြင်းအသင်းသားများသည် မိမိတို့အား ကယ်တင်တော်မူရန် ဘုရားသခင်ကို စည်းရုံးသိမ်းသွင်းသည့်အနေဖြင့် ဥပုသ်နေ့စောင့်ထိန်းကြခြင်း မဟုတ်ပေ။
ဘုရားသခင်သည် မိမိတို့၏ ဖန်ဆင်းရှင်၊ ရွေးနုတ်ကယ်တင်ရှင်နှင့် သန့်ရှင်းစေတော်မူသောအရှင် ဖြစ်တော်မူကြောင်း အသိအမှတ်ပြုသောကြောင့် ဥပုသ်နေ့ကို စောင့်ထိန်းကြခြင်းဖြစ်သည်။
ကျွန်ုပ်တို့သည် ကယ်တင်ခြင်းရရှိရန် ဥပုသ်နေ့ကို စောင့်ထိန်းကြခြင်းမဟုတ်။ ကျွန်ုပ်တို့ကို ကယ်တင်တော်မူသောအရှင်အား ချစ်သောကြောင့် ဥပုသ်နေ့ကို စောင့်ထိန်းကြခြင်းဖြစ်သည်။
၁၂။ ကျေးဇူးတရားလက်၌ ရှိခြင်းသည် ကိုယ်ကျင့်တရားဆိုင်ရာ ပညတ်တော်မရှိတော့ခြင်း မဟုတ်ပေ။
ပညတ်တော်ဆယ်ပါးကို ကန့်ကွက်ရာတွင် ရောမ ၆:၁၄ ကို မကြာခဏ ကိုးကားလေ့ရှိကြသည်။ “သင်တို့သည် ပညတ်တရားလက်၌ ရှိကြသည်မဟုတ်။ ကျေးဇူးတရားလက်၌ ရှိကြ၏။”
သို့သော် ထိုကျမ်းချက်၏ နောက်တစ်ချက်ဖြစ်သော ရောမ ၆:၁၅ တွင် ကျေးဇူးတရားလက်၌ ရှိခြင်းကြောင့် အပြစ်ပြုနိုင်သည်ဟူသော အယူအဆကို ပေါလုက ချက်ချင်းငြင်းပယ်ထားသည်။
ပညတ်တရားလက်၌ မရှိဘဲ ကျေးဇူးတရားလက်၌ ရှိသောကြောင့် အပြစ်ကို ပြုရမည်လောဟု မေးမြန်းပြီး ထိုသို့မဖြစ်စေနှင့်ဟု အတိအလင်း ဖြေကြားထားသည်။
ကျေးဇူးတရားလက်၌ ရှိခြင်းဆိုသည်မှာ ဖြောင့်မတ်ရာသို့ ရောက်ရန် မိမိ၏ နာခံခြင်းကို အားကိုးခြင်းမဟုတ်ဘဲ ယေရှုခရစ်တော်ကို အားကိုးခြင်းဖြစ်သည်။
ကျေးဇူးတော်သည် အပြစ်စီရင်ခြင်းမှ အပြစ်သားများကို လွတ်မြောက်စေ၍ ပြောင်းလဲသော အသက်တာဖြင့် အသက်ရှင်နိုင်ရန် တန်ခိုးပေးသည်။
တိတု ၂:၁၁-၁၂ တွင် ကယ်တင်ခြင်းကို ဖြစ်စေသော ဘုရားသခင်၏ ကျေးဇူးတော်သည် ဘုရားတရားမဲ့ခြင်းနှင့် လောကီတပ်မက်ခြင်းတို့ကို ပယ်ရှားရန် သွန်သင်ပေးကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် ကျေးဇူးတော်သည် နာခံခြင်း၏ ရန်သူမဟုတ်ပေ။ ကျေးဇူးတော်သည် စစ်မှန်သော ခရစ်ယာန်နာခံခြင်း၏ အခြေခံအုတ်မြစ်ဖြစ်သည်။
ပညတ်တရားက အပြစ်ကို ဖော်ပြပေးသည်။
ယေရှုခရစ်တော်က အပြစ်လွှတ်ခြင်းကို ပေးတော်မူသည်။
သန့်ရှင်းသောဝိညာဉ်တော်က ဖြောင့်မတ်စွာ အသက်ရှင်နိုင်ရန် တန်ခိုးပေးတော်မူသည်။
ဤအမှန်တရားများသည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်နေခြင်းမဟုတ်ဘဲ တစ်ခုနှင့်တစ်ခု ဆက်စပ်အားဖြည့်နေကြခြင်းဖြစ်သည်။
ကျေးဇူးတော်သည် အပြစ်ပြုရန် လွတ်လပ်ခွင့်ပေးခြင်းမဟုတ်။ အပြစ်၏ကျွန်ဘဝမှ လွတ်မြောက်စေခြင်းဖြစ်သည်။
၁၃။ ဘုရားသခင်၏ ပညတ်တော်တို့နှင့် ယေရှုကို ယုံကြည်ခြင်း
ဗျာဒိတ်ကျမ်း၌ ဘုရားသခင်၏ သစ္စာရှိသော လူမျိုးတော်၏ ထူးခြားသော လက္ခဏာများကို ဖော်ပြထားသည်။
ဗျာဒိတ် ၁၂:၁၇ တွင် ဘုရားသခင်၏ ပညတ်တော်တို့ကို ကျင့်၍ ယေရှုခရစ်၏ သက်သေခံတော်မူချက်ကို စွဲလမ်းသောသူများအကြောင်း ဖော်ပြထားသည်။
ဗျာဒိတ် ၁၄:၁၂ တွင်—“ဘုရားသခင်၏ ပညတ်တော်တို့ကို ကျင့်၍၊ ယေရှုကို ယုံကြည်သော သန့်ရှင်းသူတို့သည် ဤအရာ၌ သည်းခံစရာအကြောင်းရှိ၏။”ဟု ဖော်ပြထားသည်။
သတိပြုသင့်သည်မှာ သမ္မာကျမ်းစာသည် ဘုရားသခင်၏ ပညတ်တော်များကို စောင့်ထိန်းခြင်းနှင့် ယေရှုခရစ်တော်ကို ယုံကြည်ခြင်းတို့ကို ဆန့်ကျင်ဘက်အရာနှစ်ခုအဖြစ် မဖော်ပြထားခြင်းဖြစ်သည်။
ထိုအရာနှစ်ခုကို အတူတကွ ဖော်ပြထားသည်။
မြော်လင့်ခြင်းအသင်းတော်သည် ဤကျမ်းချက်များကို ဝိညာဉ်ရေးဆိုင်ရာ ဆန့်ကျင်တိုက်ခိုက်မှုများကြား၌ပင် ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် မေတ္တာနှင့် နာခံခြင်းကို ထင်ရှားစေသော ယုံကြည်သူများအကြောင်း ဖော်ပြခြင်းအဖြစ် နားလည်သည်။
အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် အသေဖြစ်သည် (ယာကုပ် ၂:၁၇)။
ယုံကြည်ခြင်းမပါသော နာခံခြင်းသည်လည်း လူသားတို့၏ တန်ခိုးမဲ့ဘာသာရေး အားထုတ်မှုသက်သက် ဖြစ်လာနိုင်သည်။
စစ်မှန်သော ခရစ်ယာန်အသက်တာ၌ ယေရှုခရစ်တော်ကို ယုံကြည်ခြင်းနှင့် ဘုရားသခင်၏ အလိုတော်အပေါ် သစ္စာရှိခြင်းတို့ နှစ်မျိုးစလုံး ပါဝင်သည်။
ယေရှုခရစ်တော်ကို ယုံကြည်ခြင်းနှင့် ဘုရားသခင်၏ ပညတ်တော်များကို စောင့်ထိန်းခြင်းတို့အနက် တစ်ခုကိုသာ ရွေးချယ်ရမည်ဟု ကျမ်းစာက မသွန်သင်ပေ။
နိဂုံးချုပ်
ဥပုသ်နေ့စောင့်ခြင်းသည် ပဋိညာဉ်ဟောင်း၊ အရေဖျားလှီးခြင်း၊ တိရစ္ဆာန်ယဇ်ပူဇော်ခြင်း၊ ရှေးဣသရေလနိုင်ငံ၏ တရားစီရင်ရေးစနစ်တို့ကို ပြန်လည်တည်ထောင်ရန် ကြိုးစားခြင်းမဟုတ်ပေ။
အစဉ်တည်မြဲသော ကိုယ်ကျင့်တရားဆိုင်ရာ ပညတ်တော်များနှင့် ယာယီကျင့်သုံးရသော ပဋိညာဉ်ဆိုင်ရာ ပညတ်ချက်များအကြား ကျမ်းစာက ဖော်ပြထားသော ကွာခြားချက်များကို အသိအမှတ်ပြုခြင်းဖြစ်သည်။
ယေရှုခရစ်တော်သည် ယဇ်ပူဇော်ခြင်းစနစ်ကို ပြည့်စုံစေတော်မူခဲ့သည်။ ပဋိညာဉ်သစ်ကို တည်စေတော်မူခဲ့သည်။ အသေခံတော်မူခြင်းနှင့် ထမြောက်တော်မူခြင်းအားဖြင့် ကယ်တင်ခြင်းကို ပေးအပ်တော်မူခဲ့သည်။
ထိုအမှုတော်များကြောင့် ဘုရားသခင်၏ ကိုယ်ကျင့်တရားစံနှုန်းများ ပျက်ပြယ်သွားသည်ဟု ခရစ်ယာန်များ ယူဆရန် မလိုအပ်ပေ။
ကျွန်ုပ်တို့သည် အောက်ပါအရာများကို ရှင်းလင်းစွာ ခွဲခြားနားလည်ရမည်။
ပဋိညာဉ်ဟောင်း အဆုံးသတ်ခြင်းနှင့် ကိုယ်ကျင့်တရားဆိုင်ရာ ပညတ်တော်များ အဆုံးသတ်ခြင်းတို့သည် မတူညီကြပေ။
ဘာသာရေးအခမ်းအနားဆိုင်ရာ ပညတ်ချက်များ ပြည့်စုံခြင်းနှင့် ဖြောင့်မတ်ခြင်းစံနှုန်းများ ပျက်ပြယ်ခြင်းတို့သည် မတူညီကြပေ။
ကယ်တင်ခြင်းရရှိရန် နာခံခြင်းနှင့် ကယ်တင်ခြင်းရရှိသောကြောင့် နာခံခြင်းတို့သည် မတူညီကြပေ။
ပညတ်တော်ဆယ်ပါး၏ ကိုယ်ကျင့်တရားဆိုင်ရာ အရေးပါမှုသည် သမ္မာကျမ်းစာအပေါ် အခြေခံထားသကဲ့သို့ သမိုင်းတစ်လျှောက် ခရစ်ယာန်အသင်းတော်များစွာကလည်း အသိအမှတ်ပြုခဲ့ကြသည်။
သတ္တမနေ့ဥပုသ်နေ့သည် ယုဒလူမျိုးတို့၏ ဘာသာရေးအခမ်းအနားတစ်ခုသက်သက် မဟုတ်ပေ။
ဖန်ဆင်းခြင်းအစအဦး၌ ဘုရားသခင် တည်ထောင်တော်မူခဲ့သော၊ ပညတ်တော်ဆယ်ပါး၌ ထည့်သွင်းတော်မူခဲ့သော၊ ယေရှုခရစ်တော်ကိုယ်တော်တိုင် စောင့်ထိန်းတော်မူခဲ့သော၊ လူသားတို့အတွက် ဆက်လက်တည်မြဲသော ကောင်းကြီးမင်္ဂလာတစ်ရပ်ဖြစ်သည်။
မြော်လင့်ခြင်းအသင်းတော်ဝင်များသည် ဥပုသ်နေ့ကို ကိုးကွယ်ကြခြင်းမဟုတ်။ ဥပုသ်နေ့ကို အစိုးရတော်မူသောအရှင်ကို ကိုးကွယ်ကြခြင်းဖြစ်သည်။
ကယ်တင်ခြင်းရရှိရန် ပညတ်တော်ဆယ်ပါးကို အားကိုးကြခြင်းမဟုတ်။ ယေရှုခရစ်တော်ကို အားကိုးကြခြင်းဖြစ်သည်။
လူသားတို့၏ နာခံခြင်းက ဘုရားသခင်၏ ကျေးဇူးတော်ကို အစားထိုးနိုင်သည်ဟု မယုံကြည်ကြပေ။ ဘုရားသခင်၏ ကျေးဇူးတော်က မေတ္တာနှင့်ပြည့်စုံသော နာခံခြင်းကို ဖြစ်ပေါ်စေသည်ဟု ယုံကြည်ကြသည်။
ကျွန်ုပ်တို့သည် ကယ်တင်ခြင်းရရှိရန် ပညတ်တော်ဆယ်ပါးကို စောင့်ထိန်းကြခြင်းမဟုတ်။ ယေရှုခရစ်တော်အားဖြင့် ကယ်တင်ခြင်းရရှိသောကြောင့် ပညတ်တော်ဆယ်ပါးကို စောင့်ထိန်းကြခြင်းဖြစ်သည်။
ပဋိညာဉ်သစ်သည် ပညတ်တရားကင်းမဲ့သော ပဋိညာဉ်မဟုတ်ပေ။
အပြစ်လွှတ်ခြင်း၊ ကျေးဇူးတော်၊ ယုံကြည်ခြင်းနှင့် ပြောင်းလဲသော စိတ်နှလုံးမှ ပေါ်ထွက်လာသည့် နာခံခြင်းတို့နှင့် ပြည့်စုံသော ပဋိညာဉ်ဖြစ်သည်။
ဘုရားသခင်၏ အန္တိမရည်ရွယ်ချက်သည် အပြစ်သားများကို အပြစ်လွှတ်ပေးပြီး မပြောင်းလဲသော အသက်တာအတိုင်း ဆက်လက်အသက်ရှင်စေရန် မဟုတ်ပေ။
ယေရှုခရစ်တော်၏ ကယ်တင်ခြင်းတန်ခိုးနှင့် ပြောင်းလဲစေသော တန်ခိုးအားဖြင့် လူသားတို့အတွင်း၌ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ကို ပြန်လည်တည်ဆောက်ပေးရန် ဖြစ်သည်။
ဗျာဒိတ် ၁၄:၁၂ တွင် ဖော်ပြထားသည့်အတိုင်း ဘုရားသခင်၏ ပညတ်တော်တို့ကို ကျင့်၍ ယေရှုကို ယုံကြည်သော သန့်ရှင်းသူများဖြစ်ရန်မှာ ကျွန်ုပ်တို့၏ ခိုင်မာသော ယုံကြည်ခံယူချက်ဖြစ်သည်။
ကယ်တင်ခြင်းသည် ယေရှုခရစ်တော်အားဖြင့်သာ ဖြစ်သည်။
နာခံခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးအားဖြင့် ဖြစ်သည်။
ဥပုသ်စောင့်ခြင်းသည် ဘုရားသခင်ကို ချစ်သောမေတ္တာအားဖြင့် ဖြစ်သည်။
ဆက်လက် လေ့လာရင်း
Pr. Khambawi
- Home
- ကျွန်ုပ်တို့အကြောင်း
- တရားဟောချက်များ
- ဥပုသ်စာဖြေ
- စာပေ
- လေ့လာသင်ကြားခြင်း
- ကျမ်းစာ
- မြန်မာယုဒသန်ဘာသာပြန်
- ကျမ်းစာဖတ်ရှုနားထောင်ရန်
- ZSV-Lai Siangtho
- Andrews Bible Commentary ကျမ်းစာအနက်ဖွင့်ကျမ်း
- Andrews Study Bible ကျမ်းစာသင်ကြားမှု
- SDA ကျမ်းစာ အနက်ဖွင့်ကျမ်း
- SDA နိုင်ငံတကာဆိုင်ရာ ကျမ်းစာ အနက်ဖွင့်ကျမ်း
- BBC ကျမ်းစာ အနက်ဖွင့်ကျမ်း
- SDA International Biblical-Thelogical Dictionary
- Blue Letter Bible
- ဟေဗြဲ နှင့် ဂရိ
- သီချင်း
- အခြားလခ့်များ
Friday, November 27, 2026
ပညတ်တော်ဆယ်ပါးသည် ပဋိညာဉ်ဟောင်းနှင့်သာ သက်ဆိုင်သော ပညတ်တော်များဖြစ်သလား။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment