Monday, March 24, 2025

မမေ့အပ်သောနေ့ (Ready)




မာတိကာ

အခန်း (၁) အလုပ်ဖိစီးသောသူများအတွက် အနားရခြင်း

အခန်း (၉) မည်သူ့ အလံကို လွှင့်ထူမည်နည်း


မမေ့အပ်သောနေ့

        ဤစာမျက်နှာကို သင်မလှန်ခင်၊ သင်သည် ဤစာအုပ်ကို ကောက်ယူဖတ်ကြည့်သည့်အခါ သင့်ရဲ့ နှလုံးသားတွင် ဘုရားသခင်ရဲ့ အမှန်တရားဆိုသည်ကို သိလိုသည့်ဆန္ဒကြောင့် ဖြစ်ပေမည်။ သင်နှင့်နည်းတူ သန်းပေါင်းများစွာသော လူအပေါင်းတို့သည် မေ့လုနည်းပါးပညတ်တော်တစ်ခုရဲ့ အမှန်တရားကို ပြန်လည်တွေ့ ရှိပါသည်။ ပညတ်တော် ဆယ်ပါးကို သာမန်ဖတ်ရှုလျှင် စတုတ္ထမြောက် ပညတ်တော်က ဤသို့ဆိုသည်-ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊ ထိုနေ့ရက်ကို အောက် မေ့လော့။ ခြောက်ရက်ပတ်လုံး အလုပ်ကို ကြိုးစား၍ လုပ်ဆောင်လော့။ သတ္တမနေ့ရက်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ (ထွက်မြောက်၊ ၂၀း၈-၁၀)

        သို့ရာတွင် ခရစ်ယာန်အများစုက တစ်ပတ်တွင် ပထမနေ့ရက်ဖြစ်သော တနင်္ဂနွေနေ့ကို ကျမ်းစာ၏ ဥပုသ်နေ့အဖြစ် စောင့်ထိန်းကြသည်။ အဘယ်ကြောင့်နည်း။ ဘယ်နေ့ရက်ကိုပဲ ဖြစ်ဖြစ် ထူးခြားမှုရှိပါသလား။ ဥပုသ်နေ့ကို မည်သူက ပြောင်းလဲခဲ့သနည်း။ ဘုရားသခင်သည် ကနဦးအသင်းတော်အား သူ့ရဲ့ ဖန်ဆင်းခြင်း အမှုအရာအထိမ်းအမှတ်ကို ပြင်ဆင်ရန် အာဏာပေးအပ်ခဲ့ပါသလား။

        သမ္မာကျမ်းစာတော်အပေါ် ယုံကြည်မှု နည်းပါးသည့် ခေတ်ကာလတွင် သတ္တမနေ့ဥပုသ်သည် အဓိပ္ပါယ်ရှိပါ၏လား။ နှစ်ဆယ်တစ်ရာစုတွင် ဥပုသ်နေ့ကို မလိုအပ်တော့ဘူးလား။ နားနေရာရက်တစ်ရက်သည် ခေတ်နှင့်မဆီလျော်တော့ဘူးလား။

        ဤစာမျက်နှာများကို ဖတ်ရှုသည့်အခါ မထင်မမှတ်သည့် အကြောင်းအရာများနှင့် ဖြောင့်ဖြောင့်တန်းတန်းပေးထားသည့် အဖြေများကို ဖတ်ရှုရမည်ကို သတိထားပါ။ ရှိရင်းစွဲ အခြေအနေများ မပြောင်းလဲစေချင်လျှင် ဤစာအုပ်ကို ဖတ်ရှုခြင်းသည် အန္တရာယ်ရှိပါသည်။ သင့်ရဲ့မိရိုးဖလာ ယုံကြည်ချက်အစဉ်အလာ မပြောင်းလဲစေချင်လျှင် ဤစာအုပ်ကိုဖတ်ခြင်းသည် အန္တာရာယ်ရှိပေမည်။ အသင်းတော်ရဲ့အစဉ်အလာကို ထိန်းသိမ်းခြင်းသည် ဘုရားသခင်ရဲ့ အမှန်တရားထက် အရေးကြီးပါက ဤစာအုပ်ကိုဖတ်ခြင်းသည် အန္တာရာယ်ရှိပါသည်။ သို့ရာတွင် သင်ဤစာမျက်နှာပါ အကြောင်းအရာများဖတ်ရှုသည့်အခါ သင်အမှန်တရားကို သိလိုကြောင်း ကျွန်ုပ် ယုံကြည်ပါသည်။ သင်သည် မမှန်မကန်များဖြင့် လွှဲမှားခြင်းမခံလိုပါ။ သင့်ရဲ့ စိတ်နှလုံးအတွင်းတွင် ဖန်ဆင်းရှင်အရှင်သခင်ရဲ့ ငြိမ်းချမ်းမှုနှင့် နားနေမှုလိုအပ်ကြောင်း သင်ခံစားလိမ့်မည်။ အခန်းတိုင်းကို သေချာစွာ သင်လေ့လာဖတ်ရှုသည့်အခါ ကျမ်းစာပါ အချက်အလက်များနှင့် သမိုင်းအချက်အလက်အထောက်အထားများကို သင်သဘောပေါက်လာပြီး သမ္မာကျမ်းစာရဲ့ ဥပုသ်နေ့ မှန်ကန်မှုရှိကြောင်းကို ခိုင်မာသည့် အထောက်အထား တွေ့ရှိရပါမည်။ အထောက်အထားများ ရရှိတာထက် သင့်အားချစ်မြတ်နိုးသည့် ဘုရားရှင်အား သင်တွေ့ရှိရပါမည်။ သင့်အားတန်ဖိုးထားသည့် ဖန်ဆင်းရှင်နှင့် ရင်ဆိုင်တွေ့ကြုံရပါမည်။ ဥပုသ်နေ့သည် သင့်အတွက် ဘဝမုန်တိုင်းကြားမှ နားခိုရာကျွန်း တစ်ကျွန်းအဖြစ် ငြိမ်းချမ်းမှုကို ရရှိနိုင်ပါမည်။ သင့်ရဲ့ ဝိညာဉ်ရေး ရေဆာလောင်မှုအတွက် စမ်းရေသဖွယ်ဖြစ်လိမ့်မည်။ ဥပုသ်နေ့သည် သင့်အတွက် ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ခံစားခွင့်ရရှိပြီး ထူးကဲသည့် နည်းများဖြင့် သင်ခံစားရလိမ့်မည်။ သင့်အား ခေါ်ဖိတ်သည့် အရှင်သခင်ရဲ့ အသံကို ကြားရလိမ့်မည်။ ဝန်လေး၍ပင်ပန်းသော သူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။” (မဿဲ၊ ၁၁း၂၈)

        ဤစာအုပ်ကို ဆက်လက်ဖတ်ရှုပြီး ထူးကဲဆန်းကျယ်သည့် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်း အတွေ့အကြုံကို ခံစားကြည့်ပါ။




No comments:

Post a Comment