အခန်း (၄) သမိုင်းဝင်အကြီးမားဆုံးလိမ်လည် လှည့်စားမှု
သင်သည် အရာရာတိုင်းက ထင်သလို မဟုတ်တော့ကြောင်း သတိပြုမိပါသလား။ ရာစုနှစ်ပေါင်းများစွာက သိပ္ပံဆရာများကကမ္ဘာမြေကြီးသည် စကြဝဠာ၏ ငြိမ်သက်ရပ်တည်နေသော အလယ်ဗဟိုဖြစ်ပြီး၊ အခြားသော အရာအားလုံးတို့သည် နေနှင့်ကြယ်အပါအဝင် ကမ္ဘာမြေကြီးကို လှည့်ပတ်သွားလာနေသည်ဟု ယုံကြည်ခဲ့ကြသည်။ လွတ်လွတ်လပ်လပ် တွေးခေါ်တတ်သော ပိုလန်သားကို ပါနီးကပ်စ် (COPERGNICUS) သည် ကမ္ဘာမြေကြီးသည်လည်း လှည့်ပတ်သွားလာနေပြီး နေကို လည်ပတ်နေကြောင်း တွက်ဆခဲ့သည်။ ဒီအတွေးအခေါ်ကို သူက ငြိမ်သက်စွာရှိသည့် ပင်လယ်ပြင်ပေါ်ရှိ သင်္ဘောသားတစ်ဦးက သူသည် ငြိမ်သက်စွာရှိပြီး သူ့နံဘေးပတ် လည် အရာအားလုံးတို့သည် လှုပ်ရှားနေကြောင်း ခံစားချက်မျိုးနှင့် တူကြောင်းကို နှိုင်းယှဉ်ပြသည်။
ဤနည်းတူ ကမ္ဘာမြေကြီးကို လှည့်ပတ်နေသလို အမြင်အားဖြင့်ရှိသော်လည်း၊ အမှန်တကယ် ဖြစ်ချင်မှ ဖြစ်မယ်။ သင် အရာတစ်ခုခုကို ယုံကြည်သည့်အတွက် ထိုအရာ မှန်ချင်မှမှန်မည်။ အခြားသူများ အားလုံးက ဟုတ်မှန်ကြောင်း ယုံကြည်သည့်အတွက် ဟုတ်မှန်ရမည် ဆိုတာလည်း ဖြစ်ချင်မှ ဖြစ်မည်။ ပင့်ကူအကြောင်း စဉ်းစား ကြည့်ပါ။ (Aristotle) က ပင့်ကူကို အင်းဆက် (Insect) အဖြစ် သတ်မှတ်ခဲ့သည်။ အင်းဆက်မျိုးသည် ခြေခြောက်ချောင်းရှိပါသည်။
သို့ဖြစ်၍ ရာစုနှစ်ပေါင်းများစွာ အထင်ကရ အာရီစတော်တယ်လ်၏ သတ်မှတ်ချက်ကို မည်သူမျှ စောဒကမတက်ကြပါ။ ဆက်လက်ပြီး ပင့်ကူကို အင်းဆက်အဖြစ် ယူဆကြပြီး၊ ခြေခြောက်ချောင်းရှိမှာဘဲလို့ လက်ခံကြသည်။ သို့ရာတွင် Jean Baptiste Lamarck ဆိုသူက ပင့်ကူသည် arachnid အမျိုးအစား ခြေရှစ်ချောင်း ပိုးမွှား၊ ကင်းမြီးကောက်လို၊ မွှားတို့လို အမျိုးအစားထဲမှ ဖြစ်ကြောင်း သတ်မှတ်လိုက်သည်။ ရာစုနှစ်ပေါင်းများစွာ တစ်ခုခုကို ယုံကြည်ထားလို့မှန်ရမည်ဆိုသည့် သဘောထားမှာ ခရစ်ယာန်အသင်းတော်များ အတွင်းသို့ စိမ့်ဝင်သွားနေပြီလား။
အမှန်တရားအစား မဟုတ်မမှန်သည်များကို မေးခွန်းထုတ်မှုမရှိဘဲသန်းပေါင်းများစွာသော လူတွေက လက်ခံနေပြီလား။ အသင်းတော်အများစုမှာ ဘုရားသခင်၏ပညတ်တော် တစ်ခုကို ဖယ်ထုတ်ပြီး လူသားများရဲ့ အစဉ်အလာ ဓလေ့ထုံးတမ်းဖြင့် အစားထိုးနေသည်ကို သင်ယုံနိုင်ပါမလား။ ဤဓလေ့ထုံးတမ်းမှာကြာမြင့်စွာ ရောက်ရှိလာခဲ့သဖြင့် လူသားများမှတစ်ဆင့် အစပြုခဲ့သော်လည်း အမှန်တရားအဖြစ် လက်ခံနေကြပါသလား။ ဤနည်းအားဖြင့် စာတန်မာရ်နတ်သည် နောက်ဆုံးအချိန်ကာလတွင် ဘုရားသခင်၏ လူများကို လိမ်လည်လှည့်ဖြားဖို့ ကြိုးစားနေပါသည်။
ဗျာဒိတ်ကျမ်းသည် ခရစ်ယာန်အသင်းတော်များကို စာတန်မာရ်နတ်က လိမ်လည်လှည့်ဖြားဖို့ ကြိုးစားအားထုတ်သွားမည်အကြောင်းဟောကိန်းထုတ်ခဲ့ပါသည်။ ဗျာဒိတ်ကျမ်းတွင် ထူးဆန်းအံ့ဩဖို့ ကောင်းသည့် ဖေါ်ပြချက်ကို စဉ်းစားပါ။ “ထိုအခါ ဤလောက တစ်နိုင်ငံလုံးကို လှည့်ဖြား၍ မာရ်နတ်စာတန်အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသော နဂါးကြီးကိုလည်းကောင်း၊ သူနှင့်အတူ သူ၏ တမန်တို့ကို လည်းကောင်း၊ မြေကြီးသို့ ချလိုက်သည်” (ဗျာဒိတ်၊ ၁၂း၉) ။ သူသည် နဂါးဖြစ်သည်။ ဧဝကို ဧဒင်ဥယျာဉ်၌ နဂါးက လှည့်ဖြားခဲ့သည်။ သူသည် လူသားတို့ကို ခေတ်အဆက်ဆက် လိမ်လည်လှည့်ဖြားခဲ့သည်။
စာတန်၏ လိမ်လည်လှည့်ဖြားမှုသည် အလွန်ပင်ပါးနပ်ပြီး ကမ္ဘာတစ်ခုလုံး အပေါ် ဖိအားပေးလျက် ရှိပါသည်။ ကျမ်းစာက နဂါးအား “သူနှင့်အတူ သူ၏တမန်တို့ကို လည်းကောင်း၊ မြေကြီးသို့ ချလိုက်သည်” ဟူ၍ ဗျာဒိတ် ၁၂း၉ နောက်ဆုံးပိုင်းတွင် ဖေါ်ပြထားပါသည်။ စာတန်မာရ်နတ်သည် လိမ်လည်လှည့်ဖြားသူ ဖြစ်သည်။ သို့ဖြစ်၍ ဘာသာရေး အတုအယောင် ဖန်တီးဖို့ သူမပြုလုပ်နိုင်ဘူးလား။ အတုအယောင်ဆိုသည်မှာ အစစ်နှင့်တူနိုင်သမျှ တူအောင် ဖန်တီးထားရသည်။ ကမ္ဘာပေါ်ရှိ ငွေအတု ပြုလုပ်သူများသည် အမေရိကန်ဒေါ်လာ ၃ ဒေါ်လာတန်သော်လည်းကောင်း၊ ဒေါ်လာ၁၃ တန် သော်လည်းကောင်း မပြုလုပ်နိုင်ပါ။ ထိုနည်းတူ မြန်မာကျပ်ငွေ ၃၀၀ တန်သော် လည်းကောင်း၊ ၆ဝဝ တန်သော်လည်းကောင်း၊ မပြုလုပ်နိုင်ပါ။ ဘာကြောင့်နည်း။ အဖြေကတော့ ထိုငွေအမျိုးအစား အစစ်မရှိသည့်အတွက်ဖြစ်သည်။ စာတန်၏ မဟာ ဗျူဟာကတော့ မွန်မြတ်သော အမှန်တရားကို အတုအယောင် ဖန်တီးပြီး၊ အထူးသဖြင့် ဘုရားသခင်၏ ပညတ်တော်ကို တိုက်ခိုက်ဖို့ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မဟာလိမ်လည်လှည့်ဖြားသူ စာတန်သည် ဘုရားသခင်၏ ပညတ်တော်ကို တိုက်ခိုက်ဖို့ အဓိပ္ပါယ် ရှိသည်မဟုတ်လား။
ဘုရားသခင်၏ ပညတ်တော်သည် ဘုရားသခင်၏ တန်ခိုးအာဏာကိုပုံဆောင်ပါသည်။ စာတန်သည် ဘုရားသခင်၏ ပညတ်တော်ကို ဖယ်ရှားနိုင်ပါက ဘုရားသခင်၏ တန်ခိုးအာဏာကို ဖယ်ရှားသွားနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ပညတ်တော်သည် သူ၏ အုပ်စိုးရေးအာဏာအုတ်မြစ် ဖြစ်ပါသည်။ ဘုရားသခင်၏ ပညတ်တော်သည် မည်သည့်အရာက အမှန်ဖြစ်ပြီး၊ မည်သည့်အရာက မှားသည်ကို အဓိပ္ပါယ်ဖေါ်ပြပါသည်။ သို့ဖြစ်၍ စာတန်သည် ဘုရားသခင်၏ လူများကို ပညတ်တော်နှင့် ပတ်သက်၍ လှည့်ဖြားနိုင်မည်ဆိုလျှင် ဘုရားသခင်၏ သလွန်တော် အုတ်မြစ်တစ်ခုလုံးကိုပါ အားနည်းစေနိုင်သည်။ ထိုသို့ဖြစ်လျှင် ဘုရားသခင်၏ တန်ခိုး၊ အာဏာနှင့် ယုံကြည်ထိုက်မှုကိုပါ အားနည်းစေနိုင်သည်။ သို့ရာတွင် ဘုရားသခင်၏ ပညတ်တော်၏ အလယ်ဗဟိုအချက်အချာတွင် ဥပုသ်နေ့က ရှိနေပါသည်။ သို့ဖြစ်၍ ဖန်ဆင်းရှင်ကို တိုက်ခိုက်ဖို့အတွက် ဖန်ဆင်းမှု အထိမ်းအမှတ်ဖြစ်သော ဥပုသ်နေ့ကို တိုက်ခိုက်သွားမည်ဆိုသည်မှာ ယုံကြည်ထိုက်သော အရာမဟုတ်ပါသလော။
အခုသင်သည် ကျမ်းစာပါ ဥပုသ်နေ့ကို သတ္တမနေ့ (စနေနေ့) မှ ပထမနေ့ (တနင်္ဂနွေနေ့) သို့ မည်ကဲ့သို့ ပြောင်းလဲသွားသည်ကို စဉ်းစာမိနေပြီလား။ ဤအကြောင်းအရာနှင့် ပတ်သက်၍ ကျမ်းစာမှ ရှင်းရှင်းလင်းလင်းဖေါ်ပြခဲ့သည်ကို အဘယ်ကြောင့် လူခပ်များများက စိတ်ရှုပ်ထွေးနေရပါသလဲ။ မည်သူက ဥပုသ်နေ့ကို ပြောင်းလဲခဲ့သနည်း။ ဘာကြောင့် ပြောင်းလဲရသနည်း။ ဒီမေးခွန်းများအတွက် အဖြေကောင်းများရှိပါသည်။ အဖြေကတော့ ကျမ်းစာတော်မှ သော်လည်းကောင်း၊ ကမ္ဘာ့သမိုင်းမှ သော်လည်းကောင်း၊ အဖြေရှိနေပါသည်။
တစ်ခုကတော့ သေချာနေပါသည်။ ဘုရားသခင်က ဥပုသ်နေ့ကို မပြောင်းလဲခဲ့ပါ။ ပုရောဖက် မာလခိက ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုဤသို့ဆိုသည်။ “ငါထာဝရဘုရားဖြစ်၏။ ပြောင်းလဲခြင်းမရှိ” (မာလခိ ၃း၆)။
ကမ္ဘာဦးကျမ်းကို ဖတ်ရှုသော လူအချို့သည် စိတ်သဘောထားရိုးဖြောင့်စစ်မှန်ပြီး၊ ဖန်ဆင်းခြင်းအကြောင်းတွင် ဥပုသ်နေ့ကို ဘုရားသခင်က သတ္တမနေ့အား ကောင်းချီးမင်္ဂလာပေးပြီး သန့်ရှင်းစေတော်မှုကြောင်းကို တွေ့ရှိခဲ့သည်။ ဘုရားသခင် သည် သတ္တမနေ့ ဥပုသ်တွင် နားနေကြောင်းကိုလည်း တွေ့ရှိခဲ့သည်။ သူတို့ ဖတ်ရှုခဲ့သည့် အကြောင်းအရာများမှာ ဥပုသ်နေ့ကို ဘုရားသခင်က အာဒံ လက်ထက်၊ ဂျူးလူမျိုး မပေါ်ပေါက်မီ နှစ်ပေါင်း ၂၃ဝဝ ကျော်ကတည်းက တည်ထောင်ပေးခဲ့ကြောင့် တွေ့ရှိခဲ့သည်။
ဤအမှန်တရားကို ရှာဖွေနေသည့် ခရစ်ယာန်များသည် ဘုရားသခင်၏ လက်ညှိုးတော်ဖြင့် ရေးသားခဲ့သော ပညတ်တော်ဆယ်ပါးကို ဖတ်ရှုရင်း စတုတ္ထပညတ်တော်ကို ဤသို့ ဖတ်ရှုရသည်။ “ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊ ထိုနေ့ရက်ကို အောက်မေ့လော့။ ခြောက်ရက်ပတ်လုံး အလုပ်ကိုကြိုးစား၍ လုပ်ဆောင်လော့။ သတ္တမနေ့ရက်သည် သင်၏ ဘုရားသခင် ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏” (ထွက်မြောက်၊ ၂၀း၈-၁၀)။
သူတို့ စိတ်ရှုပ်ထွေးနေပါသည်။ သူတို့ တက်ရောက်နေသည်။ ဘုရားကျောင်းမှာ တနင်္ဂနွေနေ့၌ ဥပုသ်စောင့်ကြသည်။ သူတို့ စိတ်ဇဝေဇဝါ ဖြစ်နေသည်။ ဥပုသ်နေ့ပညတ်အကြောင်း ရှင်းရှင်းလင်းလင်း ဖြစ်နေပါသည်။သူတို့သည် ယေဇကျေလ ၂၀း၁၂ တွင်လည်း “ငါ့နှင့်သူတို့ စပ်ကြားမှာ လက္ခဏာသက်သေ ဖြစ်စေခြင်းငှာ၊ ငါ၏ ဥပုသ်နေ့တို့ကို ငါခန့်ထား၍” ဖတ်ရှုရသည်။ သူတို့သည် ဥပုသ်နေ့မှာ ဘုရားသခင်နှင့် သူ၏ လူများစပ်ကြား သက်သေလက္ခဏာဖြစ်ကြောင်း တွေ့ရှိရသည်။
ခေတ်အဆက်ဆက် ဘုရားသခင်၏ သက်သေလက္ခဏာဖြစ်ခဲ့ပါသည်။ ဤရိုးဖြောင့်စစ်မှန်သည့် ခရစ်ယာန်များသည် လုကာ၊ ၄း၁၆ တွင် သခင်ယေရှုက သူ၏ ထုံးစံတော်ရှိသည့်အတိုင်း ဥပုသ်နေ့၌ တရားစရပ်သို့ဝင်၍ ဥပုသ်နေ့ကို စောင့်ထိန်းသည်။
မဿဲ၊ ၂၄း၂ဝ တွင် သခင်ခရစ်တော်က သူ၏ တပည့်တော်များ ကပ်တိုင် လွန်မြောက်ပြီးနောက် အနှစ်လေးဆယ် ဆက်လက်ပြီးစောင့်ထိန်းဦးမည့်အကြောင်း ဖေါ်ပြပါသည်။ တမန်တော်၊ ၁၃း၄၂-၄၄ တွင် တမန်တော်ရှင်ပေါလုက တစ်မြို့လုံးကုန်မတတ် ဥပုသ်နေ့ကို စောင့်ထိန်းဖို့ သွန်သင်ခဲ့ကြောင်းကို ဖတ်ရှုရပါသည်။
ဗျာဒိတ် ၁း၁၀ တွင် ဘုရားသခင်၌ နေ့တစ်နေ့ရှိသည်။ လုကာ၊ ၆း၅ တွင် ဥပုသ်နေ့သည် ဘုရားသခင်၏ နေ့ဖြစ်သည်။ မာကု၊ ၂း၂၇၊၂၈ နှင့် မဿဲ၊ ၁၂း၈ တွင်လည်း ဤအကြောင်းအရာများကိုပင် ဖတ်ရှုရပါသည်။
ဤခရစ်ယာန်များ မေးကြပါသည်။ “မည်သူက ဥပုသ်နေ့ကိုပြောင်းလဲလိုက်ပါသနည်း” ဘုရားသခင် မပြောင်းလဲခဲ့ကြောင်း မာလခိ၊ ၃း၆ တွင် သူတို့တွေ့ကြသည်။ ဘုရားသခင်က ပြောလိုက်သည် “ငါသည်ထာဝရဘုရားဖြစ်၏။ ပြောင်းလဲခြင်းမရှိ။ တဖန်သူတို့ ကျမ်းစာကို ကြည့်ပြီး သခင်ယေရှုက ဥပုသ်နေ့ကို မပြောင်းလဲခဲ့ကြောင်း တွေ့ရသည်။အဘယ်ကြောင့်ဆိုသော် “ယေရှုခရစ်သည် မနေ့ယနေ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲ နေတော်မှု၏” (ဟေဗြဲ၊ ၁၃း၈)။
ယေရှုခရစ်၏ သွန်သင်မှုများသည် အချိန်အတိုင်းအတာအကန့်အသတ် မရှိပါ။ ယုံကြည်ချက်နှင့် စပ်ဆိုင်သည့် သွန်သင်ချက်များမှာ ထာဝရစဉ်တည်မြဲပါသည်။ သခင်ယေရှုသည် ဖခမည်းတော်၏ ပညတ်တရားနှင့်ပတ်သက်၍ နှောင့်ယှက်မည် မဟုတ်ပါ။ သူ၏ တပည့်တော်များကိုလည်း ပြောင်းလဲပေးနိုင်သည့် အာဏာကိုလည်းအပ်နှင်းမည်မဟုတ်ပါ။
ရောမအာဏာပိုင်များသို့ ရှင်ပေတရု၏ ပြောကြားချက်ကို နားထောင်ကြည့်ပါ။ “ပေတရုနှင့် အခြားသော တမန်တော်တို့ကလည်း လူ၏ စကားထက် ဘုရားသခင်၏ စကားကို နားထောင်သင့်ပါ၏” (တမန်တော်၊ ၅း၂၉)။ သို့ဖြစ်၍ မေးခွန်းကတော့ ဘုရားသခင်က ဥပုသ်နေ့ကို မပြောင်းလဲလိုက်လျှင်၊ သခင်ယေရှုက မပြောင်းချင်ဘူးဆိုလျှင်တပည့်တော်များက မပြောင်းလဲနိုင်ဘူးဆိုလျှင်၊ မည်သူက ဥပုသ်နေ့ကိုပြောင်းလဲလိုက်ပါသနည်း။
ဗျာဒိတ်အခန်းကြီး ၁၃ တွင် ပင်လယ်ပြင်မှ ထွက်ပေါ်လာသည့် သားရဲတစ်ကောင်အကြောင်းကို ဖတ်ရှုရပါသည်။ ထိုသားရဲသည် ခရစ်တော်၏ ဆန့်ကျင်ဘက်ဟူ၍လည်း သိကြပါသည်။ ကမ္ဘာသားအားလုံးက သားရဲ၏ လှည့်စားမှုနောက်သို့ လိုက်လျှောက်ကြသည်။ ဗျာဒိတ်အခန်းကြီး ၁၃ တွင် စိတ်ဝင်စားဖွယ်ကောင်းသော ပုံဖေါ်မှုကို တွေ့ ရပါသည်။ “ပင်လယ်နား၊ သဲပေါ်မှာ ငါရပ်၍၊ သားရဲ တစ်ကောင်သည် ခေါင်း ခုနစ်လုံး၊ ချိုဆယ်ချောင်းနှင့်တကွ ချိုပေါ်၌ သရဖူဆယ်ဆူကို ဆောင်းလျက်၊ ခေါင်းပေါ်၌လည်း ဘုရားသခင်၏ အသရေကို ရှုပ်ချသော နာမရှိလျက် ပင်လယ်ထဲက တက်သည်ကို မြင်၏” (ဗျာဒိတ်၊ ၁၃း၁)။
ကျမ်းစာတွင်ပါသည့် သားရဲဆိုသည်မှာ ဘုရင်တစ်ဆူ၊သို့တည်းမဟုတ် နိုင်ငံတော်တစ်ခုခုကို ဆိုလိုသည် (ဒံယေလ၊ ၇း၁၇၊၂၃)။နိုင်ငံရေးအာဏာပိုင် ဘာသာရေးအာဏာပိုင်၊ သို့တည်းမဟုတ် နိုင်ငံဟူ၍ ဖြစ်နိုင်သည်။ ဤသားရဲသည် ပင်လယ်မှ ထွက်ပေါ်လာသည်။ ပင်လယ်သည် လူသားများ၊ သို့တည်းမဟုတ် နိုင်ငံများကို ပုံဆောင်သည် (ဗျာဒိတ်၊ ၁၇း၁၅)။
ထွက်ပေါ်လာသည့် အာဏာပိုင်သည် ဘုရားသခင်၏ အသရေတော်ကို ရှုပ်ချသော နာမရှိ၏။ ကျမ်းစာတော်အရ ဘုရားသခင်၏ နာမတော်ဖြင့် ကျိန်ဆဲခြင်းဆိုသည်မှာ လောကီအာဏာပိုင်၊ သို့တည်းမဟုတ် လူတစ်ဦးဦးက ဘုရားသခင်၏ ရပိုင်ခွင့်၊ အထူးအခွင့်အရေးကို အသွင်ဆောင်သည့် အခါဖြစ်သည် (မဿဲ၊ ၁၂း၃၁)။
ဘုရားသခင်၏ နာမတော်ကို ကျိန်ဆဲခြင်း တစ်ရပ်မှာ ဘုရားသခင်၏ လက်ညှိုးတော်ဖြင့် ရေးသားသော ပညတ်တော်ကိုပင် ပြောင်းလဲနိုင်သော အာဏာရှိကြောင်း ပြောဆိုခြင်းဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်၏ ပညတ်တော်ကို ပြောင်းလဲနိုင်သော အာဏာရှိသည်ဟု လောကီအာဏာပိုင်က ပြောဆိုလျှင် ထိုသူသည် ပညတ်တော်ကို ပေးသည့် အာဏာထက်ကြီးမြတ်ကြောင်း ဆိုလိုခြင်း ဖြစ်သည်။ ဘုရား သခင်၏ ပညတ်တော်သည် သူ၏ အစိုးရတော်မှုသော ထာဝရအုတ်မြစ် ဖြစ်ခဲ့လျှင်၊ သူ၏ ပညတ်တော်ကို ပြောင်းလဲဖို့ ကြိုးစားခဲ့လျှင် ထိုကြိုးပမ်း ချက်သည် ပညတ်တော်ကိုပေးသော သူအားတိုက်ခိုက်ရာ ရောက်သည်။ ဘုရားသခင်၏ ပညတ်တော်ကို ပြောင်းလဲသောသူသည် ဘုရားသခင်ထက် ကြီးမြတ်ကြောင်းကို သူ့ကိုယ်သူပြုလုပ်ခြင်းဖြစ်သည်။ ထိုလုပ်ရပ်သည် ဘုရားသခင်၏ နာမတော်ကို ကျိန်ဆဲသောသူ ဖြစ်ပါ သည်။ ဗျာဒိတ် ၁၃း၂ တွင် ပုံဆောင်မှုကို ဖတ်ရပါသေး၏။ “ထိုသို့ ငါမြင်သော သားရဲသည် ကျားသစ်နှင့်တူ၏။ သူ၏ ခြေသည် ဝံခြေကဲ့သို့ ဖြစ်၏။ သူ၏ နှုတ်သည်လည်း ခြင်္သေ့နှုတ်ကဲ့သို့ ဖြစ်၏။ နဂါးသည် မိမိတန်ခိုးနှင့် မိမိပလ္လင်တော်ကို လည်းကောင်း၊ ကြီးစွာသော အာဏာစက်ကို လည်းကောင်း သားရဲ၌ အပ်ပေး၏ (ဗျာဒိတ်၊ ၁၃း၂)။
အနာဂတ်မှာဘာတွေဖြစ်လာဦးမည်ကိုသိရှိနိုင်ရန်အတွက်ခြင်္သေ့၊ကျားသစ်နှင့် နဂါးအကြောင်းကို နားလည်ဖို့ အထူးအရေးကြီးပါသည်။စကြဝဠာ၌ ဝတ်ပြုခြင်းနှင့် ပတ်သက်၍ အကောင်းနှင့်အဆိုး တိုက်ခိုက်ပွဲအကြောင်း နားလည်ဖို့ လိုပါသည်။ ဘုရားသခင်၏ ပညတ်တော်နှင့်ပတ်သက်သည်။ ဝတ်ပြုကိုးကွယ်ခြင်းနှင့် ပတ်သက်၍ ဥပုသ်နေ့သည် အချက်အချာ ပြဿနာဖြစ်သည်။
ဗျာဒိတ်ကျမ်းကို နားလည်ဖို့ ပထမဦးစွာ ဒံယေလကျမ်းကို နားလည်ရန် လိုအပ်ပါသည်။ ဒံယေလကျမ်း အနာဂတ္တိအကြောင်းအရာများသည်ဗျာဒိတ်ကျမ်း အနာဂတ္တိအကြောင်းအရာများနှင့် ဆက်နွှယ်ပါသည်။ ဒံယေလကျမ်း အခန်းကြီး ၇ ကို ကြည့်သည့်အခါ ဗျာဒိတ်ကျမ်း အခန်းကြီး ၁၃ မှာ ဖေါ်ပြသည့် ပုံဆောင်မှုတို့သည် တူညီလျက်ရှိပါသည်။ ခြင်္သေ့၊ ဝတ်ဝံ၊ ကျားသစ် နှင့် နဂါးတို့ ပုံဆောင်မှုသည် ဒံယေလကျမ်း ပုံဖေါ်မှု အဓိပ္ပါယ်နှင့် တူညီနေပါသည်။ ဒံယေလကျမ်း အခန်းကြီး ၇ တွင် ရာစုနှစ် အစောပိုင်းတုန်းက ကြီးစိုးလာမည့် အင်အားစုကို ဖေါ်ပြခဲ့ပါသည်။ ထိုအင်အားမှာ အသင်းတော်နှင့် နိုင်ငံတော်ကို ပေါင်းစည်းမှု ပြုသွားလိမ့်မည်။
ဤဘာသာရေးအင်အားသည် ဘုရားသခင်၏ တန်ခိုးအာဏာကို လုယူသွားမည်။ ဘုရားသခင်၏ ပညတ်တရားကို ပြောင်းလဲနိုင်သည့်အာဏာရှိကြောင်း ထိုဘာသာရေးအင်အားက အခိုင်အမာဆိုသည် ဒီအင်အားက မည်သူနည်း။ ဤအင်ပါယာက ဘယ်ကထွက်ပေါ်လာပါသနည်း။ ဤအင်အားက ဘာတွေလုပ်ခဲ့သနည်း ဆိုသည်ကို ဖေါ်ထုတ်ရပါမည်။ ကျမ်းစာတော်တွင်ပါရှိသည့် အနာဂတ္တိ ဟောကြားချက်များကိုလေ့လာပြီး ဘုရားသခင်၏ ပညတ်တရားတော်ကို ပြောင်းလဲဖို့ ကြိုးစားမည့် ထိုအင်အားသည် မည်သူမည်ဝါ ဖြစ်မည်နည်းကို ဖေါ်ထုတ်ရပါမည်။သမိုင်းစာမျက်နှာများကို လှန်လှောပြီး ထိုအင်အားက ဘုရားသခင်၏ ဥပုသ်နေ့ကို ပြောင်းလဲနိုင်သည့် သူ့ အာဏာအကြောင်းကိုကိုယ်တိုင်ပြောပြပါစေ။
ဤစာကို ဆက်လက်ဖတ်ရှုသည့်အခါ ဝတ်ပြုကိုးကွယ်မှုဆိုင်ရာအဓိကပြဿနာအကြောင်းကို သင့်အသက်တာတွင် ပထမဦးဆုံး အချိန်ဘုရားသခင်၏ ဥပုသ်နေ့သည် မည်မျှအရေးကြီးကြောင်းကို သိရှိလာမည်ဖြစ်ပါသည်။ ခရစ်ယာန် အသင်းတော်အတွင်းသို့ တနင်္ဂနွေနေ့ဝတ်ပြုကိုးကွယ်မှု မည်ကဲ့သို့ ဝင်ရောက်လာခဲ့သည်ကိုလည်း သင်သဘောပေါက် နားလည်သွားမည် ဖြစ်ပါသည်။
ဤလေ့လာချက် ခရီးစဉ်တွင် ကျမ်းစာပါ အနာဂတ္တိဟောကြားချက်များနှင့် သမိုင်းဝင်ဖြစ်ရပ်များ ကိုက်ညီမှုရှိသည်ကို အလွန်အံ့အားသင့်စရာ ကောင်းသည်ကို တွေ့ရပါမည်။
ညတစ်ညတွင် ပုရောဖက် ဒံယေလသည် အိပ်နေစဉ် အိပ်မက်တစ်ခုကို မက်ခဲ့သည်။ ကျမ်းစာ၏ဖေါ်ပြချက်အရ အိပ်မက်သည် “ငါဒံယေလသည် ညဉ့်အခါ အာရုံပြု၍၊ မိုးကောင်းကင် လေးမျက်နှာ၌ လေတို့သည်မဟာသမုဒ္ဒရာပေါ် မှာ အချင်းချင်းတိုက်ကြလျှင်၊ သဏ္ဌာန်ချင်း မတူသောသားရဲလေးကောင်တို့သည် သမုဒ္ဒရာထဲက ထွက်လာကြ၏” (ဒံယေလ၊ ၇း၂၊၃)။
သားရဲလေးကောင် သမုဒ္ဒရာထဲက ထွက်လာကြ၏။ ဤသားရဲလေးကောင် တို့သည် တစ်ကောင်နှင့် တစ်ကောင်သဏ္ဌာန်ချင်း မတူကြပါ။ ကျမ်းစာပါ ဗျာဒိတ် ဟောကြားချက်၌ သားရဲသည် ဘာကိုပုံဆောင်ပါသနည်း။ “ဤသားရဲလေးကောင်တို့ သည် မြေကြီးပေါ်မှာ ပေါ်လတ္တံ့သော နိုင်ငံလေး ပါးဖြစ်၏” (ဒံယေလ၊ ၇း၁၇)။
“ထိုသူကလည်း၊ စတုတ္ထသားရဲသည် မြေကြီးပေါ်မှာ အခြားသောနိုင်ငံရှိသမျှတို့ထက် ထူးခြားသော စတုတ္ထနိုင်ငံ ဖြစ်၏” (ဒံယေလ၊ ၇း၂၃)။ဤသားရဲလေးကောင်တို့သည် နိုင်ငံလေးပါးဖြစ်၏။ ဤနိုင်ငံလေးပါးတို့သည် ဒံယေလခေတ်လက်ထက်မှ ခေတ်အဆက်ဆက်သို့ ကမ္ဘာကို လွှမ်းမိုးအုပ်ချုပ်သွားခဲ့သည့် နိုင်ငံများဖြစ်ပါသည်။
ဒံယေလ အခန်းကြီး ၇ တွင် ဤ ကမ္ဘာကို လွှမ်းမိုးအုပ်ချုပ်သွားမည့်အင်ပါယာလေးပါးတို့သည် သားရဲအဖြစ် ပုံဆောင်ထားပါသည်။ ဒံယေလအခန်းကြီး( ၂) တွင်မူ ဤအင်ပါယာတို့ကို ရုပ်တု၏ သတ္တုအစိတ်အပိုင်းအဖြစ်ကွာခြားသည့် တန်ဖိုးနှင့် အင်အားတောင့်တင်းမှုအဖြစ် ဖေါ်ပြထားပါသည်။
ဒံယေလ အခန်းကြီး( ၂ )တွင် နေဗုခဒ်နေဇာမင်းသည် ကြီးမားသောရုပ်တုတစ်ခုကို အိပ်မက်ခဲ့သည်။ ရုပ်တုကြီး၏ ဦးခေါင်းမှာ ရွှေ၊ ရင်ဘတ်နှင့် လက်များမှာ ငွေ၊ ဝမ်းဗိုက်နှင့် ပေါင်များမှာ ကြေးဝါ၊ ခြေသလုံးနှင့် ဖက်သံနှင့် ခြေဖဝါးနှင့် ဖမိုးသည် သံတစ်ပိုင်း တရွက်တစ်ပိုင်းဖြစ်ကြကုန်၏။ ဤကြီးမားသောရုပ်တု၏ သတ္တုလေးမျိုး အကြောင်းကို အဓိပ္ပါယ်မည်သို့ရှိသည်ကို ခန့်မှန်းဖို့မလိုပါ။ ဒံယေလက နေဗုခဒ်နေဇာမင်းကြီးအား ဤသို့ဆို၏။ “ကိုယ်တော်သည် ရုပ်တု၏ ရွှေဦးခေါင်းဖြစ်တော်မှု၏။ ကိုယ်တော်နောက်၌ ကိုယ်တော်၏ နိုင်ငံလောက် မမြတ်သော နိုင်ငံတစ်ခုသည် တည်ထောင်လိမ့် မည်။ ထိုနောက် မြေကြီးတစ်ပြင်လုံးကို အုပ်စိုးသော ကြေးဝါနိုင်ငံဖြစ်သော တတိယနိုင်ငံသည် တည်ထောင်လိမ့်မည်။ စတုတ္ထနိုင်ငံသည် သံကဲ့သို့ ခိုင်မာသော နိုင်ငံဖြစ်လိမ့်မည်”(ဒံယေလ၊ ၂း၃၈-၄ဝ)။
ဗာဗုလုန်နိုင်ငံကြီးသည် ပထမဦးဆုံးသော နိုင်ငံကြီးလေးနိုင်ငံ အထဲမှအမည်အားဖြင့် ဒံယေလက တိုက်ရိုက်ခေါ်တွင်ပါသည်။ ဗာဗုလုန်နိုင်ငံကိုဖြိုချမည့် နိုင်ငံက မေဒိ-ပေရသိ (NEDIA-PERSIA) ဖြစ်ပါသည်။ မေဒိ-ပေရသိ နိုင်ငံတော်ကို ဖြိုချမည့် နိုင်ငံက ဟေလသ (GREECE) ဖြစ်သည် (ဒံယေလ၊ ၈း၂ဝ၊၂၁)။ ထိုနောက်မှ စတုတ္ထနိုင်ငံဖြစ်သော ရောမနိုင်ငံ (ROME) အုပ်စိုးသွားပါသည်။
သို့ဖြစ်၍ ရုပ်တုရှိသတ္တုလေးမျိုးတို့မှာ ကမ္ဘာကိုအုပ်စိုးသွားသည့်အင်အားကြီး နိုင်ငံများဖြစ်သော ဗာဗုလုန်၊ မေဒိ-ပေရသိ၊ ဟေလသနှင့်ရောမနိုင်ငံများ ဖြစ်ကြသည်။ ရုပ်တုကြီးသည် ခြေဖဝါးနှင့် ခြေဖမိုးတို့သည် သံနှင့် သရွက်တို့ဖြင့် ရော၍နေသည်ကို ဥရောပတိုက်၏ ကွဲပြားသော နိုင်ငံတည်ရှိလာပုံကို ဖေါ်ညွှန်းပါသည်။ ထိုနောက်မှ လူတို့၏ လက်ဖြင့် ဖြတ်တောက်မှုမရှိသည့် ကျောက်တုံးကြီးသည် ထိုရုပ်တု ခြေမွလိုက်သည်။ ကျောက်တုံးကြီးမှာ ယေရှုခရစ်ကို ပုံဆောင်ပြီး တစ်နေ့သောအခါမှာ ဤကမ္ဘာပေါ်ရှိ နိုင်ငံအားလုံးကို ချေမှုန်းပြီး သူ၏ ထာဝရတည်မြဲ သည့် နိုင်ငံတော်ကို တည်ထောင်လိမ့်မည်။
ဒံယေလ အခန်းကြီး ၇ တွင် ဖေါ်ပြခဲ့သည့် သားရဲတို့၏အကြောင်းကို စေ့စေ့စပ်စပ်ကြည့်ပြီး သူတို့ ပုံဆောင်ခဲ့သည့် ရှေးနိုင်ငံတော်များအကြောင်းကို လေ့လာရအောင်။
ဤသို့ ပြုလုပ်ပြီးလျှင် ခရစ်တော်ရှိစဉ်အခါ ရှေးဦးခရစ်ယာန်များပေါ်ထွက်စဉ် အချိန်၌ ဘုရားသခင်၏ ဥပုသ်နေ့ကို ပြောင်းလဲရန် ကြိုးစားခဲ့သည့် အင်အားအကြောင်းကို လေ့လာကြစို့။ ကျမ်းစာတော်က အနာဂတ်တွင်ဖြစ်ပေါ်လာမည့် အရာများဟောပြောသည့်အတိုင်း သမိုင်းအဖြစ်ပျက်များက အတည်ပြုခဲ့သည်များကို လေ့လာကြရအောင်။ ဤသားရဲများ ခေတ်အချိန်မြင်ကွင်း၌ လျှောက်လှမ်းခဲ့ရာ သမိုင်းအဖြစ်အပျက်များ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာတော့သည်။ “ပထမသားရဲသည် ခြင်္သေ့နှင့်တူ၏။ လင်းယုန်အတောင်လည်းရှိ၏။ ငါကြည့်ရှု၍ နေစဉ် သူ၏ အတောင်ကို နုတ်ကြ၏။ မြေမှကိုယ်ကို ချီကြွလျက် လူကဲ့သို့ ခြေဖြင့် မက်တပ်ရပ်၍ လူစိတ်သဘောကိုလည်းရ၏”(ဒံယေလ၊ ၇း၄)။
ပထမသားရဲသည်ခြင်္သေ့နှင့်တူပြီး လင်းယုန်တောင်ပံရှိသည်။ ဗာဗုလုန်နိုင်ငံသည် မည်သည့်အရပ်၌ ရှိပါသလဲ။ ဗာဗုလုန်နိုင်ငံသည် ယခုခေတ်သစ် အီရတ်နိုင်ငံတွင် ရှိသည်။ ဘဂ္ဂဒက်မြို့နှင့်တောင်ဘက် မိုင် ၆ဝဝေးသည်။ ရှေးဟောင်း သုတေသနပညာရှင်များ အီရတ်နိုင်ငံတွင် တူးဖေါ်မှုပြုလုပ်ခဲ့စဉ် ဗာဗုလုန်မြို့ နံရံပေါ်တွင် လင်းယုန်တောင်ပံရှိသည့် ခြင်္သေ့ရုပ်ကို ထွင်းထားသည်ကို တွေ့ခဲ့ရသည်။
လင်းယုန်တောင်ပံနှင့် ခြင်္သေ့သည် အများသိ ဗာဗုလုန်နိုင်ငံအထိမ်းအမှတ် ဖြစ်သည်။ ပုရောဖက်ယေရမိက ဗာဗုလုန်နိုင်ငံ အကြောင်းကို ဤသို့ဆို၏။ “ခြင်္သေ့သည် မိမိနေရာ ခြုံထဲက ထွက်လာပြီး တိုင်းနိုင်ငံတို့ကို ဖျက်ဆီးသောသူသည် လမ်း၌ လာဆဲရှိ၏” (ယေရမိ၊ ၄း၇)။ ဆက်ပြီး “သူ၏ရထားတို့သည် လေပွေကဲ့သို့ ဖြစ်ကြ၏။ သူ၏ မြင်းတို့သည် လင်းယုန်ထက်သာ၍ လျင်မြန်ကြ၏” (ယေရမိ၊ ၄း၁၃)။ နိုင်ငံများကို ချေမှုန်းသည့် ဗာဗုလုန်သည် ယေရုရှလင်မြို့သို့ ဖျက်ဆီးရန် ချီတက်နေကြောင်း ပုရောဖက်ယေရမိက ပြောပြနေသည်။ ခေတ်ဟောင်း အချိန်ကာလတွင် လင်းယုန်တောင်ပံရှိသည့် ခြင်္သေ့သည် ဗာဗုလုန်၏ အထိန်းအမှတ်ဖြစ်သည်။ ဒံယေလခေတ်တွင် ဗာဗုလုန်နိုင်ငံသည် ကမ္ဘာကိုအုပ်စိုးရသော အင်အားကြီး တစ်ရပ်ဖြစ်သည်။ ထိုနောက် အခြားအင်အားကြီး နိုင်ငံတစ်ခုက တက်လာပါမည်။ ဗာဗုလုန်နိုင်ငံသည် ကမ္ဘာကို အမြဲမအုပ်စိုးရပါ။ “ဒုတိယသားရဲသည် ဝံနှင့်တူ၏။ တစ်ဖက်၌ ကိုယ်ကို ချီကြွ၏။ ပါးစပ်၌ နံရိုးသုံးချောင်းကို ကိုက်လျက်ရှိ၏။ သင်ထလော၊ အသားများကို ကိုက်စားလော့ဟု သူ့အားပြောကြ၏” (ဒံယေလ၊ ၇း၅)။
ဒုတိယအင်ပါယာမှာ ဝံနှင့်တူပြီး မိမိကိုယ်ကို တစ်ဖက်သို့ စောင်းပြီးဗာဗုလုန်ကို ဖျက်ဆီးခဲ့သည့် မေဒိ-ပေရသိ နိုင်ငံဖြစ်သည်။ မေဒိ-ပေရသိ ဝက်ဝံသည် မိမိကိုယ်ကို တစ်ဖက်စောင်း၍ ထခြင်းသည် ပေရသိ-ပါရှန်နိုင်ငံက ဗာဗုလုန်ကို ပထမဦးစွာဖြိုချပြီး မေဒိ (MEDES) ကို အနိုင်ယူအုပ်စိုးတော်မှုသည်။ ဝက်ဝံ၏ ပါးစပ်တွင် ဘာတွေပါရှိသနည်း။ နံရိုးသုံးချောင်း ကိုက်ထားပါသည်။ မေဒိ-ပေရသိနိုင်ငံသည် ကမ္ဘာကိုအောင်နိုင်ခဲ့ရာ၌ ပထမဦးစွာ ဗာဗုလုန်နိုင်ငံကို အောင်နိုင်ပြီး မြောက်ဘက်သို့တက်၍ Lydia ကို အောင်နိုင်ခဲ့သည်။ ထို့နောက် တောင်ဘက်ဆင်းပြီး အီဂျစ်ကိုသိမ်းပိုက်အောင်နိုင်ခဲ့ပြန်သည်။ ဤသုံးနိုင်ငံဖြစ်သော ဗာဗုလုန် Lydia နှင့်အီဂျစ်တို့သည် နံရိုးသုံးချောင်း ပုံဖေါ်ခြင်းနှင့် ကိုက်ညီသည်။ ကျမ်းစာတွင် ဖေါ်ပြထားသည့် ဗျာဒိတ်နိမိတ်ဖတ်ခြင်းသည် အလွန်ပင်တိကျ မှန်ကန်ပါသည်။ အထူးပင် အံ့ဖွယ်ကောင်းပါသည်။
ထိုအင်အားကြီး နှစ်နိုင်ငံပြီးသည် နောက်တတိယ အင်ပါယာပေါ်ထွက်လာပါသည်။ “တစ်ဖန်ငါ ကြည့်ရှုပြန်၍၊ ကျားသစ်နှင့်တူသော သားရဲတစ်ကောင်သည် ထင်ရှား၏။ ကျောပေါ်မှာ ငှက်အတောင် လေးခုရှိ၏။ ခေါင်းလေးလုံးနှင့် ပြည့်စုံ၏။ အစိုးရသော အခွင့်လည်းရှိ၏” (ဒံယေလ၊ ၇း၆)။
ဟေလသနိုင်ငံ (Greece) သည် မေဒိ-ပေရသိနိုင်ငံကို သိမ်းပိုက်လိုက်သည်။ ဟေလသ (Greece) နှင့် ပတ်သက်၍ သင်ဘယ်လောက် သိခဲ့ပါသနည်း။ ဟေလသ ခေါင်းဆောင်ကြီးမည်သူဖြစ်သနည်း။ Alexander the Great သည် အသက် သုံးဆယ်ဝန်းကျင်တွင် ကမ္ဘာကိုသိမ်းပိုက်အောင်နိုင်ခဲ့သော ဟေလသခေါင်းဆောင်ကြီး ဖြစ်ပါသည်။ဟေလသနိုင်ငံသည် ကမ္ဘာကို လျင်မြန်စွာအောင်နိုင်၍ သိမ်းပိုက်ခဲ့သည်။ မြန်မြန်ဆန်ဆန် အောင်နိုင်ခြင်း အထိမ်းအမှတ်ကို ဖေါ်ပြလိုလျှင် မည်သည့် သားရဲဖြင့် ပုံဆောင်မည်နည်း။ ကျားသစ်ကိုပဲ ပုံဆောင်သွားပါမည်။ သို့ပေမယ့် အထူးထူးမြန်ဆန်စွာ အောင်ပွဲခံခြင်းကို ဖေါ်ပြလိုလျှင် ကျားသစ်ကို တောင်ပံတပ်ပြီး ပုံဆောင်သွားမည် ဖြစ်ပါသည်။ ဘုရားသခင်သည် Alexander the Great ၏ မြန်ဆန်သော အောင်မြင်မှုကို ကျမ်းစာတွင် ပုံဆောင်ထားသည့် ကျားသစ်ကို တောင်ပံတပ်ပေးထားပါသည်။
ဦးခေါင်းလေးလုံးကျတော့ ဘာအဓိပ္ပါယ်ဆောင်ပါသလဲ။ Alexander the Great သည် အသက် ၃၃ နှစ်တွင် သေဆုံးခဲ့သည်။ ဦးခေါင်း လေးလုံးသည် Alexander ၏ လက်အောက်ခံ ဗိုလ်ချုပ်ကြီး လေးဦးဖြစ်သော Cassander, Seleucis, Ptolemy နှင့် Antigonus တို့ဖြစ်ပါသည်။ ထိုဗိုလ်ချုပ်ကြီး လေးဦးတို့သည် Alexander သေဆုံးပြီး နောက် အင်ပါယာကြီးကို လေးခြမ်းခွဲယူလိုက်သည်။ ဤအဖြစ်ကို ကြည့်ခြင်းအားဖြင့် ကျမ်းစာတွင်ပါရှိသည့် အနာဂတ်ဟောကိန်းတို့သည် အလွန်ပင် တိကျမှန်ကန်သည်ကို တွေ့ရပါသည်။ Alexander ၏ ဗိုလ်ချုပ်ကြီး လေးဦးတို့သည် ကျမ်းစာက ဖေါ်ပြသည့်အတိုင်း အင်ပါယာကြီးကို အုပ်ချုပ်ခဲ့သည်။
သမ္မာကျမ်းစာသည် စတုတ္ထအင်ပါယာ အကြောင်းကို ဆက်လက်၍ ဖေါ်ပြခဲ့ပါသည်။ “ထိုညအခါ၊ တစ်ဖန် ငါသည် အာရုံပြုစဉ်၊ ကြီးစွာသော ခွန်အားနှင့်ပြည့်စုံ၍ အလွန်ကြောက်မက်ဖွယ်သော စတုတ္ထသားရဲသည် ထင်ရှား၏။ ကြီးစွာသော သံသွား လည်းရှိ၏။ ကိုက်စားချိုးဖဲ့၍ ကြွင်းသောအရာကို ခြေဖြင့်နင်းချေ၏။ သူသည် အရင်သားရဲရှိသမျှတို့ထက် ထူးခြား၏” (ဒံယေလ၊ ၇း၇)။
ဤစတုတ္ထသားရဲသည် ရောမအင်ပါယာကို ပုံဆောင်ခြင်းဖြစ်ကြောင်း အလွန်ရှင်းလင်းနေပါသည်။ ဤအချိန်ကာလသည် သခင်ခရစ်တော် သက်တော်ထင်ရှားစဉ် အချိန်အခါသို့ ရောက်ရှိနေပါသည်။ ရောမဥပဒေအမိန့်ကြောင်း ယောသပ်သည် သခင်ယေရှု မွေးဖွားရာ ဗက်လင်မြို့သို့ ရောက်ရှိခဲ့ရခြင်း ဖြစ်ပါသည်။
ရောမသား ပိလတ်မင်းကပင် သခင်ယေရှုကို တရားစစ်ဆေးမေးမြန်းခဲ့သည်။ ရောမစစ်သားတစ်ဦးက သခင်ယေရှုကို ကပ်တိုင်ပေါ်၌ ခြေလက်များကို သံနှင့်ရိုက် ထည့်ခဲ့သည်။ ရောမအင်ပါယာသည် သခင်ယေရှုလက်ထက်တွင် ကမ္ဘာကြီးကို အုပ်စိုးခဲ့သည်။ ခရစ်ယာန်များသည် ဤရောမအင်ပါယာ လက်ထက်တွင် ကြီးထွက်လာခဲ့သည်။ သမ္မာကျမ်းစာသည် ရောမအင်ပါယာ ပြိုလဲခြင်းကို ခြေဖဝါးနှင့် ခြေဖမိုးအားဖြင့်သော်လည်းကောင်း၊ စတုတ္ထသားရဲ၏ ချိုအားဖြင့်သော်လည်းကောင်း၊ ပုံဆောင်ခြင်းများ ပြုလုပ်ခဲ့သည်။
ဒံယေလကျမ်း အခန်းကြီး ၂ တွင် ဖေါ်ပြခဲ့သည့် ရုပ်တု၏ ခြေဖဝါးနှင့်ခြေဖမိုးတို့ကို သံနှင့် သရွက်တွဲထားခြင်း၏ အဓိအပ္ပါယ်မှာ ဥရောပနိုင်ငံများ အကွဲကွဲအပြားပြားဖြစ်ခြင်းကို ပုံဆောင်ခဲ့သည်။
စတုတ္ထသားရဲသည် ချိုဆယ်ချောင်းရှိပါသည်။ ရောမ နိုင်ငံတော်သည် အဓိက အပိုင်းကြီး ဆယ်ပိုင်းခွဲခြမ်းခြင်း ခံခဲ့ရပါသည်။ ရိုင်းစိုင်းရက်စက်သောလူမျိုးစုတို့သည် ရောမအင်ပါယာ တစ်ခွင်လုံးကို ဝင်ရောက်စီးနင်းပြီး ပစ္စည်းများ အဓမ္မလုယူ ခိုးဝှက်လုယက်ခြင်းတို့ကို ပြုလုပ်ကာ ရွာများကို ဖျက်ဆီးခြင်း၊ မြို့ပြများကို သိမ်းပိုက်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ဤရိုင်းစိုင်းရက်စက်သော လူမျိုးစုတို့သည် ရောမအင်ပါယာကို ဘုရင်မင်းအုပ်ချုပ်သော နိုင်ငံကလေးများအဖြစ် ခွဲခြမ်းလိုက်ကြသည်။ Anglo-Saxons အုပ်စုက အင်္ဂလန်မှာ နေထိုင်ကြသည်။ Franks သို့တည်းမဟုတ် ပြင်သစ်အုပ်စုတို့သည် ပြင်သစ်နိုင်ငံမှာ နေထိုင်သွားသည်။ ALAMANNI အုပ်စုကတော့ ဂျာမနီနိုင်ငံမှာ နေထိုင်သွားသည်။ OSTOGOTHS အုပ်စုကဩစတြီးယားမှာ နေထိုင်သွားသည်။ အခြားလူမျိုးစု အုပ်စုတွေက မြောက်ပိုင်းဘက်မှလာပြီး အင်ပါယာအတွင်းသို့ အနှံ့ဝင်ရောက်ခါ မြေနေရာတွေ ကို ခွဲခြမ်းယူ၍ ယနေ့တွေ့ရှိရသည့် နိုင်ငံများအဖြစ် တည်ရှိနေပါသည်။ ဤခွဲခြမ်း စိတ်ဖြာမှုတို့သည် သားရဲ၏ချိုဆယ်ချောင်းတို့ဖြင့် ဖေါ်ပြထားပါသည်။ ဘုရားသခင်က ရှေးဘိုးဘေးများယုံကြည်ချက်ကို စွန့်လွှတ်ခြင်းသည် မြောက်ပိုင်းမှ ဝင်ရောက်လာသည့် ရိုင်းစိုင်းရက်စက်သော မျိုးနွယ်စုများ ရောမအင်ပါယာကို ဝင်ရောက်စီးနင်းရသည့် အချိန်အခါတွင် ဖြစ်ပေါ်လာမည်။
ဒံယေလအခန်းကြီး ၇ တွင် ဖေါ်ပြခဲ့သည့် ဗျာဒိတ်ဟောကြားချက်များမှာ ဝတ်ပြုကိုးကွယ်ခြင်းနှင့်ပတ်သက်သည့် ပဋိပက္ခတို့ကို ရှင်းလင်းစွာ ဖေါ်ပြထားပါသည်။ ဥပုသ်နေ့ကို ရက်ပြောင်းလဲခြင်းနှင့် ပတ်သက်၍ ဖေါ်ပြထားပါသည်။
ဒံယေလသည် ရူပါရုံအားဖြင့် ချိုဆယ်ချောင်းကို ကြည့်နေစဉ်အတွင်းထူးခြားသည့် ဖြစ်ရပ်ကို မြင်ရပါသည်။ “ထိုချိုတို့ကို ငါကြည့်ရှုစဉ်၊ ချိုများအလယ်၌ ချိုငယ်တစ်ချောင်းသည် ပေါက်ပြန်၏။ ထိုချိုငယ်ရှေ့မှာ အရင်ချိုသုံးချောင်းကို အမြစ်နှင့်တကွ နုတ်လေ၏။ ထိုချိုငယ်သည် လူမျက်စိကဲ့သို့သော မျက်စိနှင့်လည်းကောင်း၊ ကြီးစွာသော စကားကိုပြောတတ်သော နှုတ်နှင့်လည်းကောင်း ပြည့်စုံ၏” (ဒံယေလ၊ ၇း၈)။
ဤချိုငယ်သည် အခြားသောချိုများနှင့် ထူးခြားလျက်ရှိသည်ကို သမ္မာကျမ်းစာက ပြောပြပါသည်။ ချိုဆယ်ချောင်းအတွင်း ထွက်ပေါ်လာသည့် ချိုငယ်သည် မည်သူဖြစ်ပါမည်နည်း။ ဤထူးခြားဆန်းကျယ်သည့် ချိုငယ်၏အကြောင်းကို ရှာကြည့်ရအောင်၊ ကျမ်းစာတော်တွင် ထိုချိုငယ်သည် အခြားချိုဆယ်ချောင်းအတွင်း ပေါ်ထွက်လာသည် (ဒံယေလ၊ ၇း၈)။
ချိုဆယ်ချောင်းသည် ရောမနိုင်ငံဆယ်ခြမ်းဖြစ်ခဲ့လျှင် ဤချိုငယ်သည် ဥရောပအနောက်ခြမ်းနိုင်ငံမှ ထွက်ပေါ်လာရပါမည်။ ဤချိုငယ်သည် အာရှတိုက်မှ သော်လည်းကောင်း၊ အာဖရိကတိုက်မှ သော်လည်းကောင်း၊ တောင်နှင့်မြောက်အမေရိကတိုက်မှ သော်လည်းကောင်း၊ မပေါ်ထွက်လာနိုင်ပါ။ ၄င်း၏ ဇာစ်မြစ်မှာ ဥရောပမြေမှ ဖြစ်ရပါမည်။
ဒုတိယအချက်အနေနှင့်၊ ဤချိုငယ်သည် ချိုဆယ်ချောင်းပြီးမှ ထွက်ပေါ် လာမည် (ဒံယေလ၊ ၇း၈)။ ဤချိုငယ်သည် ဗာဗုလုန်အချိန်အခါတွင်လည်းကောင်း၊ မေဒိ-ပေရသိ အချိန်အခါ၌လည်းကောင်း၊ ဟေလသနှင့် ရောမအချိန်အခါ၌လည်းကောင်း မပေါ်ထွက်လာခဲ့ပါ။ ရောမအင်ပါယာပြိုကျပြီးမှ ပေါ်လာပါသည်။ ရောမအင်ပါယာ ခွဲခြမ်းခြင်းပြုသည့် အချိန်အခါတွင် ပေါ်ထွက်လာသည်။ ဤတန်ခိုးအင်အားစုသည် ရောမအင်ပါယာအတွင်းမှ ရှေးရာစုနှစ်များတွင်ပေါ်ထွက်ခဲ့သည်။
ကျွန်ုပ်တို့နောက်တွေ့ရမှာက ဤကြီးမားသည့် အင်အားသည် ဘုရားသခင်၏ ပညတ်တော်တို့ကိုပင် ပြောင်းလဲဖို့ စဉ်းစားနေမည်။ ကျမ်းစာတော်က တတိယအချက်အနေဖြင့် ဤချိုငယ်၌ လူမျက်စိလို မျက်စိရှိကြောင်း ဖေါ်ပြထားသည်။ ဒါဘာကို ပုံဆောင်ပါသနည်း။ ကျမ်းစာတော်တွင် ပုရောဖက်ကို Seer မြင်သူဖြစ်ကြောင်း ခေါ်ဝေါ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ပုရောဖက်သည် ဘုရားသခင်၏ မျက်စိဖြင့် မြင်နိုင်သည်။ လူ၏မျက်စိသည် မြင့်မြတ်သော ဘုရားသခင်၏ ဉာဏ်ပညာကို ပုံမဆောင်ပါ။ လူ၏ ဉာဏ်ပညာကိုသာ ပုံဆောင်ပါသည်။ လူသားများ၏ ဘာသာရေးသွန်သင်ချက်စနစ်ဖြစ်ပြီး ရောမနိုင်ငံမှ ပေါ်ထွက်လာပါမည်။
ဒံယေလ၊ ၇း၂၄ တွင် ဖေါ်ပြချက်မှာ ဤချိုငယ်သည် အခြားနှင့်လုံးဝခြားနားမည်။ ဤအချက်သည် ချိုငယ်အကြောင်းနားလည်ဖို့ စတုတ္ထသဲလွန်စ ဖြစ်ပါသည်။ “အရင်မင်းကြီးထက် ထူးခြား၍ သုံးပါးတို့ကို နှိမ့်ချလိမ့်မည်”(ဒံယေလ၊ ၇း၂၄)။
ချိုငယ်ထက်စောသော ဗာဗုလုန်၊ မေဒိ-ပေရသိ၊ ဟေလသနှင့် ရောမအင်ပါယာတို့သည် နိုင်ငံရေးတန်ခိုးရှင်များ ဖြစ်ကြသည်။ ယခုအင်အားစုကတော့ အခြားနှင့် ထူးခြားသည်။ အဓိကအားဖြင့် နိုင်ငံရေးအင်အားမဟုတ်ပါ။ ဘာသာရေးအင်အားစု ဖြစ်သည်။ ဘာသာရေးနှင့် နိုင်ငံရေးအင်အား ပေါင်းစပ်ထားခြင်း ဖြစ်ပါသည်။
ဤတန်ခိုးအင်အားကြီးသည် ဘာကို ပြုလုပ်မည်နည်း။ ဤအင်အားကြီးသည် ဘုရားသခင်၏ ပညတ်တော်ကိုပင် ပြောင်းလဲဖို့ ကြိုးစားသွားလိမ့်မည်။
ဒံယေလ၊ ၇း၂၅ တွင် မည်သို့ဆိုပါသနည်း။ “အမြင့်ဆုံးသော ဘုရားကိုဆန့်ကျင်ဘက်ပြု၍ ကြီးကျယ်သောစကားကို ပြောလိမ့်မည်။ အမြင့်ဆုံးသော ဘုရား၏သန့်ရှင်းသူတို့ကို ညှဉ်းဆဲနှိပ်စက်လိမ့်မည်။ ကာလအချိန်နှင့်ပညတ်တရားတို့ကို ပြောင်းလဲစေခြင်းငှာ ကြံစည်လိမ့်မည်” (ဒံယေလ၊ ၇း၂၅)။
အမြင့်ဆုံးသောဘုရားကို ဆန့်ကျင်ဘက်ပြု၍ ကြီးကျယ်သောစကားကို ပြောလိမ့်မည်ဟူသော စကားရပ်သည် ဘုရားသခင်၏ ပညတ်တော်ကို ပြောင်းလဲဖို့ ကြိုးစားခြင်း၊ အထူးသဖြင့် ဘုရားသခင်၏ ဥပုသ်နေ့။
ဤတန်ခိုး အာဏာရှင်သည် ဘုရားသခင်၏ ပညတ်တော်ကိုပင်ပြောင်းလဲရန် ကြိုးစားလိမ့်မည်။ ဤအကြောင်းအရာသည် ဘုရားသခင်၏ မြင့်မြတ်သော ပညတ်တရားအကြောင်းအရာကို ဆိုလိုခြင်းဖြစ်သည်။ မထင်မရှားသည့် အခွန်ဥပဒေ၊ နိုင်ငံရေး ဥပဒေ အကြောင်းအရာကို ပြောခြင်းမဟုတ်ပါ။ နိုင်ငံရေးအင်အားစု တစ်ခုပြီးတစ်ခု ပြောင်းလဲသည့်အခါ လူသားများထုတ်ပြန်ခဲ့သည့် ဥပဒေများကို ပြောင်းလဲသွားလေ့ ရှိပါသည်။ ဤပြောင်းလဲချက်များသည် အခြားသော သားရဲများ၏ ပြောင်းလဲချက်များနှင့် အံ့ဩစရာမရှိပါ။ သို့ရာတွင် ဤချိုငယ်လေး၏ တန်ခိုးအာဏာသည် အမြင့်ဆုံးသော ဘုရားကို ဆန့်ကျင်ဘက်ပြု၍ ကြီးကျယ်သော စကားကိုပြောလိမ့်မည်။ဘုရားသခင်၏အခွင့်အာဏာကို အစားထိုးပြီး ဘုရားသခင်၏ ပညတ်တရားများကို ပြောင်းလဲဖို့ ကြိုးစားလိမ့်မည်။
သတိပြုရမှာကကျမ်းစာတော်က ချိုငယ်သည် ဘုရားသခင်၏ ပညတ်တော်ကို ပြောင်းလဲနိုင်သည်ဟု မပြောပါ။ ပြောင်းလဲဖို့ စဉ်းစားလိမ့်မည်ဟုသာ ဆိုပါသည်။
ကမ္ဘာပေါ်ရှိ လူသားတန်ခိုး အာဏာရှင်တို့သည်၊ သူတို့ကိုယ်သူတို့ ဘယ်လောက်ပဲ အာဏာရှိသည် ဆိုပေမယ့် ဘုရားသခင်၏ ပညတ်တော်ကို ဘယ်သောအခါမျှ မပြောင်းလဲနိုင်ပါ။ ဤအာဏာရှင်သည် ဘုရားသခင်၏ ပညတ်တော်ကို ပြောင်းလဲနိုင်သည့် အာဏာရှိကြောင်း ထင်လိမ့်မည်။
ဤအာဏာရှင်သည် ဘုရားသခင်၏ ပညတ်တရားကိုပင် ပြောင်းလဲဖို့ ကြိုးစားလိမ့်မည်။ ဒီလိုလုပ်တာ မည်သို့ ဖြစ်နိုင်ပါသနည်း။ ဒံယေလ၊ ၈း၁၂ တွင် ချိုငယ်လေး လုပ်သွားမည့်အကြောင်းကို ပြောပြသည်။
“နေ့ရက်အစဉ်ပြုသော ဝတ်နှင့်တကွ ဗိုလ်ခြေကိုလည်း ထိုချိုသည် ရ၍ သမ္မာတရားကို မြေသို့နှိမ့်ချ၏။ ထိုသို့ပြု၍ အောင်မြင်ခြင်းသို့ ရောက်လေ၏” (ဒံယေလ၊ ၈း၁-၁၂)။
ဒံယေလ၏ ဗျာဒိတ်ဟောကြားချက်သည် ရောမအင်ပါယာဟောင်းမှအင်အားကြီးမားသော ဘာသာရေးအာဏာပိုင်တစ်ခုသည် ပေါ်ထွန်းလာမည့်အကြောင်း ဟောကိန်းထုတ်ခဲ့သည်။ ပထမတော့ အာဏာသည် သေးငယ်သော်လည်း တစ်စတစ်စနှင့် အင်အားအလွန်ကြီးမားသွားမည်။ ဘုရားသခင်၏ ပညတ်တရားကိုပင် ပြောင်းလဲနိုင်သည့် အခွင့်အာဏာရှိ ကြောင်း အခိုင်အမာ ပြောဆိုနေသည်။ ဘုရားသခင်၏ ဥပုသ်နေ့သည် တနင်္ဂနွေနေ့သို့ အမှန်တကယ် မည်ကဲ့သို့ ပြောင်းလဲခဲ့ပါသနည်း။
သမိုင်းအရ အမှန်တကယ် မည်ကဲ့သို့ ဖြစ်ခဲ့သနည်း။ ကျွန်ုပ်တို့ ဒံယေလ အခန်းကြီး (၇) နှင့် ပတ်သက်၍ ဘာတွေလေ့လာ နားလည်ခဲ့သနည်း။သားရဲလေးကောင်သည် ကမ္ဘာကို အုပ်စိုးခဲ့သော အင်ပါယာကြီး လေးခုဖြစ်သည့် ဗာဗုလုန်၊ မေဒိ-ပေရသိ၊ ဟေလသနှင့်ရောမတို့ကို ပုံဆောင်ခဲ့သည်။ ချိုငယ်ကလေးသည် ရောမအင်ပါယာဟောင်းမှ ထွက်ပေါ်လာပြီး ခေါင်းဆောင်အဖြစ် လူသားတစ်ဦးဖြစ်၍ ခရစ်ယာန်အသင်းတော်၏ ရာစုနှစ်ဦးပိုင်းက ဖြစ်ပါသည်။ အုပ်စုအစုလိုက်၊ အပြုံလိုက် အသင်းတော်ထဲသို့ ဝင်ရောက်လာသည့် ဒိဌိအယူဝါဒရှင်များကို ကျေနပ်နှစ်သိမ့်ဖို့အတွက် ဤဒိဌိများခရစ်ယာန်ဘာသာကိုပိုမိုလက်ခံနိုင်ဖို့ ရောမအင်ပါယာ ဟောင်းမှ ထွက်ပေါ် လာသည့် အာဏာပိုင်သည် ဘုရားသခင်၏ ပညတ်တရားကို ပြောင်းလဲဖို့ ကြိုးစားခဲ့ သည်။ ဘုရားသခင်၏ ဥပုသ်နေ့ကို အချိန်ကာလ ကြာမြင့်စွာဖြင့် တဖြည်းဖြည်းချင်း ပြောင်းလဲလာခဲ့သည်။ ဤပြောင်းလဲမှုမှာ လူမှုရေးနှင့် ဘာသာရေးအကြောင်းအရာများပေါ်တွင် မှုတည်ခဲ့သည်။
သမ္မာကျမ်းစာ အဘိဓါန်တွင် ဒေါက်တာ ဂျွန်အယ်ဒီသည် ဤပြောင်းလဲခြင်း၏ အရင်းအမြစ်ကို အောက်ပါအတိုင်း ရှင်းပြသည်။
“ဥပုသ်နေ့ ဆဲ့ဘက်သည် ဟေဗြဲဘာသာအဓိပ္ပါယ်မှာ နားနေခြင်း ဖြစ်ပါသည်။ ဒိဌိများသည် တနင်္ဂနွေနေ့ကို ကိုးကွယ်သောနေ့ ဖြစ်သည်” (Bible Encyclopedia, Page 561, John Eadie, DD.,L.L.D). အီဂျစ်၊ ဗာဗုလုန်၊ ပါးရှားနှင့် ရောမနိုင်ငံများတွင် နေကို ကိုးကွယ်သည့် ဓလေ့ရှိပါသည်။
လေးရာစုအချိန်တွင် ရောမဧကရာဇ်ဘုရင် ကွန်စတန်တိုင်း(Constantin) သည်လည်း နေကိုးကွယ်မှုနှင့်လည်း သက်ရောက်မှုရှိခဲ့ပါသည်။ ကွန်စတန်တိုင်းသည် သူ၏ အင်ပါယာကို စုစည်းလိုသော ဆန္ဒရှိပါသည်။ ဧကရာဇ်ဘုရင်သည် သူ၏ အင်ပါယာကို မည်ကဲ့သို့ စုစည်းရပါမည်နည်း။ ကွန်စတန်တိုင်းသည် သူ၏ အင်ပါယာတစ်ခွင်လုံးတွင် အများနားနေ ပျော်ရွှင်မှုရှိသည့် နေ့တစ်နေ့ကို ဥပဒေပြု ပြဌာန်းခဲ့ပါသည်။ သူ၏ ရည်ရွယ်ချက်ကတော့ သူအုပ်စိုးခဲ့ရသော ခွင်တစ်ခုလုံးတွင် ဒိဌိနှင့်ခရစ်ယာန်များ ညီညွတ်မှုရှိအောင် ဖြစ်ပါသည်။
အေဒီ ၃၂၁ တွင် ဤအမိန့်အာဏာကို ထုတ်ပြန်ခဲ့သည်။ “ဩဇာတိက္ကမရှိသော နေဘုရား၏နေ့တွင် မြို့တွင်းရှိ တရားသူကြီးများနှင့်လူအပေါင်းတို့သည် နားနေရမည်။ ဆိုင်များအားလုံး ပိတ်ထားရပါမည်” (Constantine AD 321)။
ကွန်စတန်တိုင်းသည် တနင်္ဂနွေနေ့ကို “လေးစားထိုက်သော နေဘုရား၏နေ့ Venerable Day of the Sun အဖြစ် ခေါ်တွင်ပါသည်။ ဤနေ့ရက်တွင် ဈေးဆိုင်အားလုံး ပိတ်ရမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ သူ၏ အင်ပါယာကြီးကို စုစည်းဖို့အတွက် ပထမဦးဆုံးသော တနင်္ဂနွေနေ့ ဥပဒေကို ပြဌာန်းခဲ့သည်။ သူသည် နေဘုရားကို စိတ်ညွတ်နေသဖြင့် ငွေဒင်္ဂါး တစ်ဖက်တွင် သူ့ ရုပ်ပုံကိုထားပြီး အခြားတစ်ဖက်တွင် နေဘုရား၏ပုံကို ထည့်ထားပါသည်။
ကွန်စတန်တိုင်း၏ လက်ထက်တွင် ဒိဌိ အယူဝါဒ ရှိသူများကိုခရစ်ယာန်ဖြစ်ဖို့ အတွက်နှင့် သူ၏အင်ပါယာကြီးကို စုစည်းဖို့အတွက်အသင်းတော်နှင့် နိုင်ငံတော် အာဏာနှစ်ရပ်ကို ပူးပေါင်းခဲ့သည်။ ရောမနိုင်ငံအစိုးရနှင့် ရောမအသင်းတော်တို့ ပေါင်းစည်းလိုက်သည်။ ကာသိုလိပ် ကမ္ဘာ၏ ၁၉၉၄ ခု၊ မတ်လ ပုံနှိပ်ထုတ်ဝေမှုတွင် ဤအံ့ဩစရာ ကောင်းသော ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်ကို တွေ့ရပါသည်။ “ဒိဋ္ဌိ အယုံအကြည်ရှိသူများထဲတွင် နေသည် အထွတ်အထိပ်ဖြစ်ခြင်း၊ ရာဇဩဇာနှင့် ပြည့်စုံပါသည်။ သို့ဖြစ်၍ နေသည် ယေရှု၏ အမှတ်တံဆိပ် ခံယူထိုက်၍ နေ၏တရားမျှတမှု အဓိပ္ပါယ်ကို ဆောင်ပါသည်။ (The Sun of Justice) သို့ဖြစ်၍ ဤနိုင်ငံများတွင် ထိုဒိဋ္ဌိနာမကို ဆက်လက်၍ အသင်းတော်များက ထိန်းသိမ်းသင့်ပါသည်။ ဆက်လက်၍ မြင့်မြတ်စွာထားရှိခြင်းနှင့် သန့်ရှင်းစင်ကြယ်ရပါမည်။ ထိုသို့ဖြစ်၍ ဒိဋ္ဌိတို့၏ တနင်္ဂနွေနေ့ကိုဘောလ်ဒါ (Balder)ကို ဂုဏ်ပြုသောအားဖြင့် ခရစ်ယာန်များတို့၏ တနင်္ဂနွေနေ့သည် ယေရှုအတွက် သန့်ရှင်းမြင့်မြတ်သည်။ (March 1894, Catholic World, Page 809)
ဘယ်လိုဖြစ်သွားသလဲ မြင်ရပြီလား။ အသင်းတော်ထဲသို့ တနင်္ဂနွေနေ့ ဘယ်လိုရောက်လာသည်ကို မြင်ရပါပြီလား။ ကွန်စတန်တိုင်းသည် သူ့အင်ပါယာကြီးကို စုစည်းလိုသည်။ ရောမအသင်းတော်က ဒိဋ္ဌိ များကို ခရစ်ယာန်ဘာသာဝင်အဖြစ်သို့ ပြောင်းလဲလိုသည့် ဆန္ဒများရှိကြသည်။ ဒီလိုအင်ဆန္ဒနှစ်ခုစလုံး ဖြစ်မြောက်အောင် တနင်္ဂနွေနေ့သည် ယာဉ်အဖြစ် အောင်မြင်စွာ သယ်ဆောင်ပေးနိုင်ခဲ့သည်။ သို့ဖြစ်၍ ကျမ်းစာတော်လာ ဥပုသ်နေ့ကို ရောမအသင်းတော်နှင့် ရောမအစိုးရတို့ကပြောင်းလဲလိုက်ခြင်း ဖြစ်ပါသည်။ နောက်ဖြစ်ရပ် တစ်ခုကတော့ ပါဝင်ပတ်သက်မှု ရှိနေပါသည်။ ရောမအသင်းတော်သည် ယုဒဘာသာဝင်တို့နှင့် ဝေးအောင် ခွဲထုတ်ပြချင်သည်။ ရောမအင်ပါယာတွင် ဟေဗြဲလူမျိုးများကို ဆန့်ကျင်ရေး ခံစားချက်များ ရှိနေပါသည်။ ဘုရားသခင်သည် ဥပုသ်နေ့ကို မပြောင်းလဲခဲ့ပါ၊ သခင်ယေရှုမပြောင်းလဲခဲ့ပါ၊ သခင်ခရစ်တော်၏ တပည့်များ မပြောင်းလဲခဲ့ပါ။
Laodicea - လောဒိကိမြို့မှာ ရောမအသင်းတော်ကောင်စီမှ ကျမ်းစာတော်၏ ဥပုသ်နေ့ကို စောင့်ထိန်းရန် တားမြစ်ခဲ့သည်ကို ပထမဆုံးတွေ့ရပါသည်။ ရောမကာသိုလိပ် ဘုန်းကြီးများ လောဒိကိမြို့မှာ ဆုံကြပြီး ဤအမိန့်ကို ထုတ်ပြန်ခဲ့သည်။ “ခရစ်ယာန်များသည် ယုဒလို မကျင့်ရ (ဆိုလိုသည်မှာ ကျမ်းစာပါ ဥပုသ်နေ့ကို မစောင့်ထိန်းရ) စနေနေ့တွင် ဘာမျှမလုပ်ဘဲ နားနေခြင်း မပြုလုပ်ရ (Council of Laodicea AD 325).
ဒီနေရာမှာ အသင်းတော်ကောင်စီက ပြောဆိုနေသည်မှာ “ခရစ်ယာန်များကို ဥပုသ်နေ့မှာ နားနေဖို့ တားမြစ်သည်။ ထိုဥပုသ်နေ့မှာ အလုပ်လုပ်ရမည်။” သို့ရာတွင် ဘုရားသခင်နေ့ (The Lord's Day) ကို အထူးဂုဏ်ပြုရမည်။ ခရစ်ယာန်ဖြစ်သည့်နည်းတူ အတတ်နိုင်ဆုံး ထိုနေ့ရက်တွင် အလုပ်မလုပ်ရ။ အကယ်၍ ယုဒလို ကျင့်သည်ကို သူတို့ကို တွေ့ရှိပါက (ဆိုလိုသည်မှာ ကျမ်းစာပါ ဥပုသ်နေ့ကို စောင့်ထိန်းပါက) သူတို့ကိုခရစ်တော်ထံပါးမှ ပိတ်ပင်ခြင်း ခံရမည်။
ဤကြေညာချက်သည် အခြားအကြောင်းအရာ တစ်ခုကြောင့် ထူးကဲနေသည်ကို တွေ့ ရပါသည်။ ခရစ်ယာန်ခေါင်းဆောင်များသည် ဥပုသ်နေ့ကို ဂျူးလူမျိုးတို့၏ ဥပုသ်နေ့ဖြစ်သည်ဟု ထင်ကြသည်။ ထိုအချိန်အခါမှာ ရောမအင်ပါယာတစ်ခွင်လုံးတွင် ဂျူးလူမျိုးဆန့်ကျင်ရေးရှိနေသဖြင့် ယုဒဘာသာဝင်တို့နှင့် ခြားနားကွဲပြားအောင် လုပ်လိုသော ဆန္ဒရှိပါသည်။
ဒီနေရာမှာ အသင်းတော်ကောင်စီသည် ကွန်စတန်တိုင်းလက်အောက်ရှိ ရောမအစိုးရနှင့် ပူးပေါင်းပြီး ဥပုသ်နေ့၏ အာဏာသက်ရောက်မှုကို တနင်္ဂနွေနေ့ သို့ ပြောင်းလဲဖို့ ကြိုးပမ်းခဲ့သည်။ ဥပုသ်နေ့ ပြောင်းလဲခြင်းမှာ တစ်စတစ်စနှင့် တဖြည်းဖြည်း ပြောင်းလဲခဲ့သည်။ အင်ပါယာကြီးကိုစုစည်းဖို့ အသင်းတော်နှင့်နိုင်ငံတော်အစိုးရအဖွဲ့ ခေါင်း ဆောင်များ လက်တွဲလုပ်ဆောင်ခဲ့သည်။ ကျမ်းစာတော်က ဤအဖြစ်ကို ရှင်းရှင်းလင်းလင်း ဖေါ်ပြထားပါသည်။ “ကာလအချိန်နှင့် ပညတ်တရားတို့ကို ပြောင်းလဲစေခြင်းငှာ ကြံစည်လိမ့်မည်။” (ဒံယေလ၊ ၇း၂၅)။
ဒံယေလ၊ ၇း၂၅ မှာ ရောမနိုင်ငံမှ ပေါ်ထွက်လာမည့် မြေကြီးသား တန်ခိုးအာဏာရှင်က ဘုရားသခင်၏ ပညတ်တရားတော်ကို ပြောင်းလဲဖို့ကြိုးစားလိမ့်မည်ဟု ဖေါ်ပြထားပါသည်။ ဘုရားသခင်က သတိထားကြပါဟု ပြောပါသည်။ ရောမ ကာသိုလိပ်အသင်းတော်မှ ဥပုသ်နေ့ကို ပြင်ဆင်ပြောင်းလဲခဲ့ကြောင်း ဝန်ခံပြောဆိုချက်များစွာ ရှိခဲ့ပါသည်။ (The Converts Catechism of Catholic Doctrine) သည် မေးခွန်းများ ထုတ်ခဲ့ပါသည်။
မေး၊ တတိယပညတ်တော်သည် အဘယ်နည်း။
ဖြေ၊ တတိယ ပညတ်တော်သည် ဥပုသ်နေ့ကိုသန့်ရှင်းစေအောင် ထားရမည်။
မေး၊ ဥပုသ်နေ့သည် မည်သည့်ရက်ဖြစ်သနည်း။
ဖြေ၊ စနေနေ့သည် ဥပုသ်နေ့ဖြစ်သည်။
မေး၊ အဘယ်ကြောင့် စနေနေ့အစားတနင်္ဂနွေကို စောင့်ထိန်းရပါသနည်း။
ဖြေ၊ စနေနေ့သည် ဥပုသ်နေ့ကို စောင့်ထိန်းခြင်းအကြောင်းကတော့ ကာတိုလိပ်အသင်းတော်က အထွတ်အမြတ်နေ့ကို စနေနေ့မှ တနင်္ဂနွေနေ့သို့ ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။ (Converts Catechism of Catholic doctrine by Rev. Peter German, Page 50.)
ကာသိုလိပ်တို့၏ အမေးအဖြေ (Catholic Catechism) တွင် ဥပုသ်နေ့ပညတ်ကို စတုတ္ထပညတ်တော်အစား တတိယပညတ်တော် ဟူ၍ ဖော်ပြခြင်းသည် ဒုတိယပညတ်ဖြစ်သော “ရုပ်တုဆင်းတုတို့ကို ကိုယ်အဖို့ မလုပ်နှင့်” ကို ဖြုတ်ချပြီး ဒဿမပညတ်တော်ကို နှစ်ပိုင်းခွဲခြမ်း၍ တစ်ပိုင်းကို “ကိုယ်နှင့် စပ်ဆိုင်သောသူ၏ မယားကို တပ်မက်လိုချင်သော စိတ်မရှိစေနှင့်” နှင့် ဒုတိယတစ်ပိုင်းကို “ကိုယ်နှင့်စပ်ဆိုင်သော သူ၏အိမ်ကိုတပ်မက်လိုချင်သော စိတ်မရှိစေနှင့်” ဟူ၍ နှစ်ပိုင်းခွဲခြမ်းထား၍ ဒုတိယပညတ်တော်ကို ဖြုတ်ချခဲ့သော်လည်း သူတို့အတွက် ပညတ်တော်မှာ ဆယ်ပါးရှိမြဲရှိစေသည်။
ဘုရားသခင်၏ ပညတ်တော်ကို ရောမကာသိုလိပ်အသင်းတော်ကစတုတ္ထနှင့် ပဉ္စမရာစုနှစ်အချိန် အပိုင်းအခြား၌ ပြောင်းလဲခဲ့သည်။ သံသယရှိစရာမလိုပါ။ သူတို့၏ အသင်းတော်က ဘွင်းဘွင်းဝန်ခံသည်။
(The Catholic Mirror of September 23, 1893) စာစောင်တွင် ထုတ်ပြန်ချက်များအရ၊ “ပရိုတက်စတင်း (Protestant) အသင်းတော် မပေါ်ပေါက်မီ နှစ်ပေါင်းတစ်ထောင်ကျော်ကတည်းက သူတို့၏မြင့်မြတ်သော တာဝန်တစ်ရပ်အနေဖြင့် ဥပုသ်နေ့ကို “စနေ့နေ့” မှ “တနင်္ဂနွေနေ့” သို့ပြောင်းလဲလိုက်သည်။
(The Catholic Encyclopedia, volume 4, Page 153.) ဆက်၍ ပြောသည်မှာ “ကာသိုလိပ်အသင်းတော်သည် ဂျူးလူမျိုးတို့၏ ခုနစ်ရက်နေ့ဥပုသ်မှ ပထမနေ့သို့ ပြောင်းလဲပြီးနောက် တတိယပညတ်တော်ကို တနင်္ဂနွေနေ့ ဥပုသ်အဖြစ် ဘုရားသခင်၏ နေ့ (The Lord's Day) ကို သန့်ရှင်းအောင်ထားရမည်။ (ကာသိုလိပ်တို့၏ တတိယ ပညတ်တော်မှာ ဥပုသ်နေ့ကို ဆိုလိုသည်)။ ဒီနေရာမှာ ကျွန်ုပ်တွေ့ရသည်မှာ ကာသိုလိပ်အသင်းတော်သည် ဥပုသ်နေ့ကို ပြောင်းလဲခဲ့ကြောင်း အတိအလင်း ဝန်ခံခဲ့သည်။ အမှန်တကယ်အားဖြင့် ဥပုသ် နေ့သည် ဂျူးလူမျိုးတို့အတွက် သီးသန့်မဟုတ်ပါ။ ဘုရားသခင်၏ ဥပုသ်နေ့အဖြစ် အမြဲရပ်တည်ခဲ့သည်။
မစ်ချီဂန်ပြည်နယ်၊ အလွန်ခွင်းန်မြို့ရှိ (St. Catherine Catholic Church) သည် ဤထူးခြားသည့် စာစောင်ထုတ်ပြန်ချက်ကို ၁၉၉၅ ခု၊ မေလ (၂၁) ရက်နေ့တွင် သတင်းအဖြစ် ဖော်ပြခဲ့သည်။ “ရဲစွမ်းပြီးတော်လှန်မှု တစ်ရပ်အဖြစ် အသင်းတော်၏ အရေးယူဆောင်ရွက်ချက် တစ်ခုမှာ ပထမရာစုနှစ်မှာ ဖြစ်ပျက်ခဲ့သည်။ သန့်ရှင်းသော ဥပုသ်နေ့ကို စနေနေ့မှ တနင်္ဂနွေနေ့သို့ ပြောင်းလဲလိုက်ခြင်းဖြစ်သည်။ ထိုပြောင်းလဲ ခြင်းသည် ကျမ်းစာတော်မှ ပညတ်အမိန့်တစ်စုံတရာ မဟုတ်ဘဲ အသင်းတော်၏ ကိုယ်ပိုင်အခွင့်အာဏာအသိတရားဖြင့် ပြောင်းလဲခဲ့သည်။”
ရှေ့ပြေးနာမည်ကျော် ကာသိုလိပ်အမေရိကန်စာရေးဆရာ ကားလ်ကီးတင်းသည် ပရိုတက်စတင်း (Protestant) အသင်းသားများအား စိန်ခေါ်မှု တစ်ရပ်အနေဖြင့် စာအုပ်တစ်အုပ်ကို ရေးသားခဲ့သည်။ သူသည်ဥပုသ်နေ့ကို ဤသို့ ရှင်းပြသည်။ “အခြေခံ ဝါဒီသမားတို့သည် တနင်္ဂနွေနေ့မှာ ဝတ်ပြုကိုးကွယ်ဖို့ တွေ့ဆုံကြသည်။သို့ရာတွင် သမ္မာကျမ်းစာ၌ ဝတ်ပြုကိုးကွယ်ခြင်းကို တနင်္ဂနွေနေ့မှာ ပြုလုပ်ရမည့်အကြောင်းအထောက်အထား တစ်စုံတစ်ရာမရှိပါ။ ဂျူးလူမျိုးတို့၏ ဥပုသ်နားနေရာနေ့ရက်မှာ စနေနေ့ဖြစ်ပါသည်။ ခရစ်ယာန်များ ဝတ်ပြုကိုးကွယ်ရာနေ့ကိုတနင်္ဂနွေသို့ ပြောင်းလဲဝတ်ပြုခြင်းကို ကာသိုလိပ်အသင်းတော်မှ ဆုံးဖြတ်ခဲ့သည်။ ထိုနေ့ရက်ကို သခင်ခရစ်တော် ပြန်လည်ထမြောက်ခြင်းကို ဂုဏ်ပြုခဲ့သည်။ (Catholic and Fundamenta-lism. Page 38).
ဤကာသိုလိပ်စာရေးဆရာသည် ပရိုတက်စတင်းများနှင့်အသေအချာ စဉ်းစားဆုံးဖြတ်ဖို့ တိုက်တွန်းနေသည်။ သူဆိုလိုချင်သည်မှာ သမ္မာကျမ်းစာကို လိုက်လျှောက်လိုလျှင် သမ္မာကျမ်းစာ ဥပုသ်နေ့ကို စောင့်ထိန်းသင့်သည်။ သူငြင်းခုံနေသည်က သမ္မာကျမ်းစာတစ်ခုတည်းဖြင့် အသင်းတော်၏ အာဏာနှင့် အဓိပ္ပါယ်ဖွင့်ဆိုလျက်မပါဘဲ လုံလောက်သည့် လမ်းညွှန်တစ်ခုမဖြစ်နိုင်ပါ။ မစ်ချီဂန်ပြည်နယ်၊ St. Catherine အသင်းတော်၏ တရားဟောဆရာသည် ဤနည်းတူ ငြင်းခုံခဲ့သည်။ သူဤကဲ့သို့ ငြင်းခုံပြီး ထူးခြားသည့် ရှုမြင်ချက်ကို ထုတ်ပြန်သည်။ “ကျမ်းစာတော်များကို တစ်ခုတည်းသော အာဏာသက်ရောက်မှုအဖြစ် လက်ခံသူများသည် သဘာဝအားဖြင့် သတ္တမနေ့ ဥပုသ်အသင်းသားများ ဖြစ်ဖို့နှင့် စနေနေ့ကို သန့်ရှင်းစွာ စောင့်ထိန်းဖို့ သင့်သည်။” (St, Catherine Catholic Church Sentinel; May 21, 1995).
ဥပုသ်နေ့ပြဿနာ၏ ဗဟိုအချက်အချာမှာ အသင်းတော်သည်ဘုရားသခင်၏ ပညတ်တရားတော်ကို ပြောင်းလဲဖို့ အခွင့်အာဏာ ရှိပါ၏လား။
သင်သည် တနင်္ဂနွေနေ့ကို လက်ခံလျှင် အသင်းတော်၏အခွင့်အာဏာဖြင့် ပြဌာန်းသောနေ့ကို လက်ခံခြင်းဖြစ်သည်။ ကာသိုလိပ်အသင်းတော်၏ ငြင်းခုံချက်မှာ တနင်္ဂနွေနေ့ကို လက်ခံလျှင်အသင်းတော်၏ အခွင့်အာဏာကို လက်ခံခြင်းဖြစ်သည်။ ဥပုသ်နေ့ကိုပြောင်းလဲခဲ့သည့် အသင်းတော်၏ အခွင့်အာဏာကို သင်လက်ခံလျှင် သင် သည် ကာသိုလိပ်ဝင်တစ်ဦးဖြစ်သင့်သည်။
ဘိုးဘွားများ၏ ယုံကြည်ချက် (Faith of our Fathers) စာအုပ်တွင် (Cardinal James Gibbons)က ထပ်၍ဆိုပြန်သည်။ (Cardinal James Gibbons) သည် ၁၉ ရာစုအမေရိကန်နိုင်ငံတွင် ရှေ့တန်းရောက် ကာသိုလိပ်စာရေးဆရာ တစ်ဦးဖြစ်ပါသည်။ ၁၉ ရာစုနှောင်းပိုင်းတွင် သူ၏ ရေးသားချက်၌ “သင်သည် ကျမ်းစာကို ထွက်မြောက်ရာကျမ်းမှဗျာဒိတ်ကျမ်းအထိ ဖတ်သော်လည်း တနင်္ဂနွေနေ့ကို မွန်မြတ်သန့်ရှင်းအောင်ပြုလုပ်ခြင်း အကြောင်းတစ်စုံတစ်ရာ စာကြောင်းရှာ၍ တွေ့မည် မဟုတ်ပါ။ ကျမ်းစာတော်သည် သတ္တမနေ့စနေနေ့ကို ဝတ်ပြုကိုးကွယ်ရန် နေ့ရက်ဖြစ်ကြောင်း ထောက်ခံမှုပြုပါသည်။ (Faith of Our Father, Page 56, Cardinal James Gibbons)။
(Monsignor Segura) သည် သူ၏ ရေးသားချက်၌ ဤပြဿနာကိုလင်းထင်းမှုရှိအောင် ဖော်ပြသည်။ “ကာသိုလိပ်အသင်းတော်သည် ယေရှုခရစ်တော်၏ အာဏာအခွင့်အရေးအရ၊ နားနေရာနေ့ရက်ကို တနင်္ဂနွေနေ့သို့ အရှင်ထမြောက်ရာနေ့အဖြစ် ပြောင်းလဲခြင်း ဖြစ်ပါသည်။ သို့ဖြစ်၍ တနင်္ဂနွေနေ့ကို စောင့်ထိန်းခြင်းအားဖြင့် ပရိုတက်စတင်းတို့သည် မိမိသဘောလျှောက် ကာသိုလိပ်အသင်းတော်၏ အခွင့်အာဏာကို လက်ခံခြင်းဖြစ်သည်။” (Plian Talk About the Protestantism of Today, Page
225).
ပြဿနာကတော့ ဟိုရက်ဒီရက်ထက် နက်ရှိုင်းသည်၊ ပြဿနာသည်ကျွန်ုပ်တို့ကို ဦးဆောင်လမ်းပြမည့်အရာသည် ဘာကို ဖြစ်မည်နည်း။သမ္မာကျမ်းကို လက်ခံမှာလား၊ ရိုးရာအစဉ်အလာကို လက်ခံမှာလား။ပြဿနာသည် ဘုရားသခင်၏ လက်ညှိုးတော်ဖြင့် ကျောက်ပြားပေါ်တွင်ရေးသားခဲ့သော ပညတ်တရားတော်ကို လူသားများ၏ အသင်းတော်၊လူသားဘာသာရေးအခေါင်းဆောင်တို့မှ မည်သည့် အကြောင်းအရာပဲ ဖြစ်ဖြစ် ပြောင်းလဲသော အခွင့်အာဏာရှိနိုင်ပါသလား။
ဘုရားသခင်သည် အသင်းတော်တစ်ခုခုကို သော်လည်းကောင်း၊လူသားပုဂ္ဂိုလ်တစ်ဦးဦးကို သော်လည်းကောင်း၊ သူ၏ ပညတ်တရားကိုပြောင်းလဲဖို့ အခွင့်အာဏာပေးခဲ့ပါသလား။ ဒီအခွင့်အာဏာကို သူပေးခဲ့ပါသလား။ လုံးဝမဟုတ်ပါ။ သို့ဖြစ်၍ ပြဿနာသည် အခွင့်အာဏာနှင့်ပတ်သက်သော ပြဿနာဖြစ်ပါသည်။ ဘုရားသခင်ကမိန့်တော်မူသည်။ “ငါ၏ပဋိညာဉ်တရားကိုလည်း မရှုတ်ချ။ ငါမိန့်မြွက်သော စကားလည်းဖောက်ပြန်ခြင်း မရှိရ။” (ဆာလံ၊ ၈၉း၃၄)။
Toronto Daily Star သတင်းစာ၏ ၁၉၄၉ ခု၊ အောက်တိုဘာလ ၂၆ ရက် ထုတ်ပြန်မှုတွင် ပရိုတက်စတင့် အင်္ဂလီကန် ဘုန်းတော်ကြီးတစ်ပါးက တစ်ကမ္ဘာလုံးရှိ ပရိုတက်စတင့်ခရစ်ယာန်များကို တုန်လှုပ်ခဲ့စေသည်။ Toronto Daily Star ၏သတင်းထုတ်ပြန်မှုတွင် “သိက္ခာတော်ရဖီးလစ်ကာ ရင်တန်(Anglican Archbishop of Quebec သည် သူ၏စကားများကြောင့် ဒေသရှိ သင်းအုပ်ဆရာများကို စုစည်းစေပြီး တီးတိုးဆွေးနွေးကြပါသည်။ သူပြတ်သားစွာ ပြောသောစကားများမှာ တနင်္ဂနွေနေ့ကို သန့်ရှင်းအောင်ထားဖို့ ဘာအထောက်အထားမှ မရှိပါ။ ကာရင်တန်သည် ဒီမြို့ရှိ ပရိုတက်စတင်းအသင်းတော် အစည်းအဝေးတစ်ခု၌ တနင်္ဂနွေနေ့ကို ဝတ်ပြုကိုးကွယ်ရာနေ့အဖြစ် သတ်မှတ်ခြင်းသည် သမ္မာကျမ်းစာမှ မဟုတ်ဘဲ ရိုးရာ အစဉ်အလာအားဖြင့် ဖြစ်ပေါ်လာသည်။”
သင်မြင်ပြီလား၊ နေ့ရက်သည်အကြောင်းအရာ မဟုတ်ပါ။အကြောင်းအရာကတော့ အခွင့်အာဏာနှင့် ပတ်သက်သည်။ ပြဿနာကသင်၏သခင်သည် မည်သူနည်း။ ယေရှုသခင်လား၊ သို့တည်းမဟုတ်အသင်းတော်များ၏ ဘာသာရေးခေါင်းဆောင်လား။ သင်၏ ယုံကြည်ခြင်းအုတ်မြစ်သည် အဘယ်နည်း။ သမ္မာကျမ်းစာ ဖြစ်ပါသလား၊ သို့တည်းမဟုတ် လူသားများပြောသောစကားလား၊ တစ်ထောင့်ငါးရာ ခုနှစ်များတွင် ဘာသာရေးပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုအချိန်အခါတွင် မာတင်လူသာသည် ဥရောပရှိ ဘုန်းတော်ကြီးများနှင့် အဆင့်မြင့်ဘုန်းတော်ကြီးတို့ ရှေ့တွင် “သမ္မာကျမ်းစာသည်သာလျှင် ခရစ်ယာန်များ၏ ယုံကြည်ခြင်း ဥပဒေနှင့် လက်တွေ့ဆောင်ရွက်ရမည့် လမ်းညွှန်ချက် ဖြစ်သည်။” သူအတည်ပြုပြောသည်မှာ “ကျွန်ုပ်၏ အသိစိတ်၌ ဘုရားသခင်၏နှုတ်ကပတ်ဖြင့်သာ ထိန်းချုပ်ပါသည်။” ဒေါက်တာ မဲလ်ဗင်အက်ခ်သည် ထူးကဲပြောင်မြောက်သည့် ကာသိုလိပ်ကျမ်းတတ် ပုဂ္ဂိုလ်သည် မာတင်လူသာကို စကားရည်လုပွဲယှဉ်ပြိုင်ဖို့ ရွေးချယ်ခဲ့သည်။
မာတင်လူသာကို ငြင်းခုံဖို့ ဒေါက်တာအက်ခ်အသုံးပြုခဲ့သည်မှာဥပုသ်နေ့ နှင့်ပတ်သက်သော ပြဿနာဖြစ်သည်။ သူ၏ ဆိုလိုချက်တွင် “အသင်းတော်၏ အခွင့်အာဏာသည် ကျမ်းစာတော်၏ အခွင့်အာဏာဖြင့် ထိန်းချုပ်ထား၍ မဖြစ်ပါ။ အဘယ်ကြောင့်ဆိုသော် အသင်းတော်သည် ဥပုသ်နေ့ကို တနင်္ဂနွေနေ့သို့ ပြောင်းလဲခဲ့ခြင်းသည် ခရစ်တော်၏ အမိန့်တော်အားဖြင့်မဟုတ်ဘဲ၊ မိမိ၏ အခွင့်အာဏာပိုင်မှုအားဖြင့် ပြောင်းလဲခဲ့သည်။” (Holtzman, Canon and Tradition, Page 263).
ဥပုသ်နေ့နှင့် ပတ်သက်သော ပြဿနာသည် အခွင့်အာဏာနှင့် စပ်ဆိုင်ပါသည်။ မာတင်လူသာ၏ နာမည်ကြီးသည့် ကြေညာချက်ဖြစ်သည့် သမ္မာကျမ်းစာသည်သာလျှင် အဓိကဟူသော အဆိုပြုချက်သည် ရိုးစင်းလှကြောင်း ဒေါက်တာအက်ခ်က ငြင်းဆိုခဲ့သည်။ ရိုးရာအစဉ်အလာသည် ကျမ်းစာတော်ကို လွှမ်းမိုးသွားပြီး၊ လူသာအနေဖြင့် တနင်္ဂနွေနေ့ဝတ်ပြုခြင်းကို လက်ခံခဲ့သဖြင့် ကျမ်းစာတော်တစ်ခုလုံးကို လက်မခံခဲ့ကြောင်း ထင်ရှားကြောင်း ဒေါက်တာအက်ခ်က ပြောသည်။ တနင်္ဂနွေနေ့ကို လက်ခံထားသဖြင့် လူသာသည် ရောမကာသိုလိပ်အသင်းတော်၏ အခွင့်အာဏာကို လက်ခံခြင်းဖြစ်သည်။
သခင်ခရစ်တော်ကို သင်အမှန်တကယ်ချစ်လျှင် သူသည် သင့်ရဲ့နောက်ဆုံး အခွင့်အာဏာပိုင်စိုးသူဖြစ်သည်။ သူ၏နှုတ်ကပတ်တော်သည်သင့်ရဲ့ လမ်းညွှန်ဖြစ်သည်။ အချို့အရာများသည် လူတစ်ဦးတစ်ယောက်၏ ရွေချယ်မှုအပေါ်မူတည်သည်။ ဘုရားသခင်၏ ပညတ်တရားပြောင်းလဲခြင်းသည် ရွေးချယ်မှုအပေါ်မူတည်ဖို့ မသင့်ပါ။
ဘုရားသခင်၏ ဖန်ဆင်းခြင်း အခွင့်အာဏာကို ဖော်ပြသည့် ဥပုသ်နေ့အား စွန့်လွှတ်ခြင်းသည် အရေးပါသော ကိစ္စတစ်ခုဖြစ်ပါသည်။ မိတ်ဆွေတို့၊ ဘုရားသခင်၏ ပညတ်တရားကို ပြောင်းလဲခြင်းသည် အလွန်ပင်အရေးကြီးသော ကိစ္စဖြစ်သည်။ ကျွန်ုပ်အနေဖြင့် ဘုရားသခင်က အာဒံနှင့် ဧဝတို့အား ဧဒင်ဥယျာဉ်၌ ပေးခဲ့သည့် ဥပုသ်နေ့ကို လိုက်လျှောက်လိုသည်။ သင်ကော ဘယ်လိုရွေးမည်နည်း။ ကျွန်ုပ်အနေဖြင့် ဘုရားသခင်ကမောရှအား ပညတ်တော်ဆယ်ပါးတွင်ပေးသည်ကို လိုက်လျှောက်လိုသည်။ ကျွန်ုပ်အနေဖြင့် ယေရှုခရစ်ပေးသောနမူနာကို လိုက်လျှောက်လိုပါသည်။
ဘုရားသခင်က ဥပုသ်နေ့သည်သူ၏ ကြီးမားသော နိမိတ်လက္ခဏာ ဖြစ်ကြောင်းပြောသည်။ သခင်ခရစ်တော်အား ကျွန်ုပ်တို့၏ သစ္စာခံမှုကိုဖော်ပြသော နိမိတ်လက္ခဏာဖြစ်သည်။ ဤကမ္ဘာကြီးကို သူဖန်ဆင်းခဲ့ကြောင်းကို ကျွန်ုပ်တို့ ယုံကြည်လက်ခံခြင်းဖြစ်သည်။
သူ၏ နှုတ်ကပတ်တော်အားလုံးကို လိုက်လျှောက်လိုကြောင်း နိမိတ်လက္ခဏာဖြစ်သည်။ ကမ္ဘာကြီး၏ သမိုင်းနောက်ဆုံးနေ့ရက်များတွင်ဘုရားသခင်၏ နှုတ်ကပတ်တော်က “ဘုရားသခင်၏ ပညတ်တို့ကိုလည်းကောင်း၊ ယေရှု၏ ယုံကြည်ခြင်းကိုလည်းကောင်း၊ စောင့်ရှောက်သောသန့်ရှင်းသူတို့သည် ဤအရာ၌ သည်းခံစရာ အကြောင်းရှိ၏” (ဗျာဒိတ်၊ ၁၄း၁၂)။
ကမ္ဘာ၏သမိုင်းနောက်ဆုံးနေ့ရက်များတွင် ယေရှုကိုချစ်မြတ်နိုးသောဘုရားသခင်၏ လူအချို့ ရှိမည်။ သူ့ကို ချစ်မြတ်နိုးလွန်၍ သူ့အား နားထောင်မှုရှိသည်။ နေ့ရက်တစ်ခုနှင့် တစ်ခုထက်အရေးကြီးသည်။ ဧဒင်ဥယျာဉ်တွင် စာတန်က ဧဝအား ပြောသည်။ “ဘယ်အပင်ဘယ်အပင်ကထူးခြားပါမည်နည်း၊ အပင်အားလုံးက အတူတူပါပဲ” ဧဝသည် ထိုလိမ်လည်လှည့်စားမှုကို ယုံလိုက်သဖြင့် ဧဒင်ဥယျာဉ်ကို ဆုံးရှုံးခဲ့သည်။ ယနေ့ခရစ်ယာန်အများစုသည် ထိုလိမ်လည်လှည့်စားမှုကို လက်ခံခဲ့ကြသည်။ လူတွေကပြောသည် “နေ့ရက်တစ်ရက်ကလေးနှင့် ဘာထူးမည်နည်း။ တစ်နေ့ တစ်နေ့ ဆိုသည်က အတူတူပဲလေ” ဟုပြောကြသည်။ ဘုရားသခင်နှင့် ပတ်သက်လျှင် နေ့ရက်တိုင်းက မတူပါ။ သတ္တမနေ့ရက် တစ်ရက်ကို ဘုရားသခင်က မင်္ဂလာပေးခဲ့သည်။ သတ္တမနေ့ကို ခွဲထုတ်ပြီး သန့်ရှင်းစေသည်။ ဘုရားသခင်သည် နေ့ရက်တစ်ရက် သတ္တမနေ့တွင် နားနေသည်။
ပြဿနာနှင့် ရင်ဆိုင်နေရသည်က အခွင့်အာဏာနှင့် ပတ်သက်ပါသည်။ နားထောင်မှုနှင့် ပတ်သက်သော ပြဿနာဖြစ်ပါသည်။
ကျွန်ုပ်တို့ ရွေးချယ်ရာလမ်းမှာ၊--
သမ္မာကျမ်းစာ- (သို့တည်းမဟုတ်) ရိုးရာအစဉ်အလာ၊
သခင်ယေရှု- (သို့တည်းမဟုတ်) ဘာသာရေးခေါင်းဆောင်များ၊
ဘုရားသခင်၏ ပညတ်တရား- (သို့တည်းမဟုတ်) လူတို့၏ အယူဝါဒ။
ဘုရားသခင်ညွှန်ကြားချက်များ- (သို့တည်းမဟုတ်) လူသားများ
သွန်သင်မှု ဘုရားသခင်၏လမ်းစဉ်- (သို့တည်းမဟုတ်) လူတို့၏လမ်းစဉ်။
ယခုအချိန်မှာ ဘုရားသခင်က သင်နှင့်ကျွန်ုပ်အား ပြောနေပါသည်။ “အဘယ်မည်သော ဘုရားတို့အား ဝတ်ပြုမည့်အရာကို ယနေ့ရွေးကြလော့ -- ငါနှင့် ငါ့အိမ်သား ဖြစ်လျှင် ထာဝရဘုရားကိုသာ ဝတ်ပြုမည်ဟုဆို၏” (ယောရှုမှတ်စာ၊ ၂၄း၁၅)။
သင်သည် “အကျွန်ုပ်သခင်ယေရှုကို ရွေးသည်၊ သူပြသော လမ်းကိုရွေးမည်။ သူ၏ ပညတ်တော်ကို လိုလိုလားလားနားထောင်ဖို့ ရွေးချယ်သည်။”
မေးခွန်းတစ်ခုတော့ရှိသည်။ တနင်္ဂနွေနေ့ကို စောင့်ရှောက်သူတိုင်းမျှော်လင့်ချက်ကင်း၍ ပျက်စီးခြင်းသို့ ရောက်မည်ဟု ဆိုလိုပါသလား။
ရှင်းရှင်းကလေး ရှင်းပြပါရစေ။ တနင်္ဂနွေနေ့ကို စောင့်ထိန်းသူတိုင်းပျက်စီးခြင်းသို့ မရောက်ပါ။ တနင်္ဂနွေနေ့ကို စောင့်ထိန်းသော ခရစ်ယာန်အများကြီးတို့သည် ယေရှုခရစ်တော်ကို ချစ်မြတ်နိုးပြီး၊ သူတို့ရရှိထားသည့် အလင်းတရားအတိုင်း လိုက်လျှောက်ကြပါသည်။ အလင်းတရားများဒီထက်ရရှိသွားလျှင် ထိုအလင်းတရားအတိုင်း လိုက်လျှောက်ဖို့ ဆန္ဒရှိပါသည်။ ကမ္ဘာအနှံ့မှာ ထောင်ပေါင်းသောင်းပေါင်းများစွာသော လူတို့သည် ဘုရားသခင်၏ ခေါ်တော်မူသော အသံကိုကြားရ၍ အမှန်တရားဘက်သို့ ရပ်တည်လျက်ရှိပါသည်။
သင်သည် ယောရှုလိုဘုရားသခင်၏ အလင်းတရားရရှိ၍ ဘုရားသခင်၏ နောက်သို့ လိုက်လျှောက်ရန် ရွေးချယ်သည်။ ယနေ့သခင်ယေရှုနောက်သို့ လိုက်လျှောက်မည်။ သခင်ယေရှုသည် ယနေ့သင့်အားခေါ်နေပါသည်။ သင့်အား လူအုပ်ကြီးအထဲမှ ထွက်ပြီးရပ်ဖို့ ခေါ်နေပါသည်။ သူသည်သင့်အားနောက်သို့ လိုက်ရန်နှင့် နားထောင်ဖို့ ခေါ်နေသည်။ သူသည်သင့်အား သူ၏စကားကို လက်ခံဖို့နှင့် သူ့စကားသာလျှင် သင်၏ယုံကြည်ချက်အခြေခံဖြစ်ဖို့ တိုက်တွင်းနေပါသည်။သင်၏နှလုံးသားထဲတွင် သခင်ယေရှုအား “သခင်ယေရှု၏ နောက်သို့အစဉ် လိုက်လျှောက်မည်။” ယခုအချိန်မှာ သင်၏ ဦးခေါင်းကိုညွှတ်ပြီး သင်၏အသက်တာကို ဘုရားသခင်အား ဆက်ကပ်ဖို့ အပ်နှံပါသလား။
No comments:
Post a Comment