အခန်း - ၇ လူသားတို့၏သဘောသဘာဝ
လူယောက်ျားနှင့်လူမိန်းမတို့ကို
ဘုရားသခင်၏ပုံသဏ္ဌာန်နှင့်အညီ၊ ပင်ကိုလက္ခဏာအပါအဝင်ဖန်ဆင်း၍၊
တွေးခေါ်လုပ်ဆောင်ရန်အစွမ်းနှင့် လွတ်လပ်ခွင့်ကို ပေးထားသည်။ လွတ်လပ်သောသတ္တဝါများအဖြစ်ဖန်ဆင်းခဲ့သော်လည်း၊
လူတစ်ဦးစီသည် ခန္ဓာ၊ စိတ်နှင့် ဝိညာဉ်တို့ခွဲခြား၍ မရနိုင်သောဖွဲ့စည်းမှုဖြစ်ပြီး၊
အသက်၊ ထွက်သက်ဝင်သက်နှင့် အခြားအရာ အားလုံးအတွက် ဘုရားသခင်အပေါ်မှီခိုနေရသည်။
ကျွန်ုပ်တို့၏ ကနဦးမိဘများသည် ဘုရားသခင်ကို
မနာခံသောအခါ၊ ဘုရားသခင်အပေါ် မှီခိုခြင်းကိုငြင်းပယ်ရာ ရောက်ပြီး၊ သူတို့ ၏မြင့်မားသော အဆင့်မှကျသွားခဲ့ကြသည်။
သူတို့တွင်ရှိသော ဘုရားသခင်၏ ပုံသဏ္ဌာန်သည် ရုပ်ပျက်လာ၍၊ သူတို့သည်သေမျိုး ဖြစ်လာ
ခဲ့သည်။ သူတို့၏သားစဉ်မြေးဆက်တို့သည် ဤကျရှုံးမှုသဘာ၀နှင့် ၎င်း၏ အကျိုးဆက်များကို
မျှဝေခံစားကြရသည်။ သူတို့သည် အားနည်းချက်များနှင့် ဒုစရိုက်ပြုလိုသောစိတ်ထား များဖြင့်မွေးဖွားလာကြသည်။ သို့ရာတွင်ဘုရားသခင်သည်
ခရစ်တော်၌လောကီသားများကို မိမိကိုယ်တိုင်နှင့်
ပြန်လည် သင့်မြတ်စေကာ၊ သူ၏ဝိညာဉ်တော်သည်လည်း နောင် တရသည့်သေမျိုးဖြစ်သောလူတို့တွင် မိမိတို့ ဖန်ဆင်းရှင်၏ပုံသဏ္ဌာန်ကို
ပြန်လည်ဖော် ထုတ်သည်။
ဘုရားသခင်၏ဘုန်းတော် အတွက်ဖန်ဆင်းခြင်းကြောင့်၊ သူတို့သည် ကိုယ် တော်နှင့်အချင်းချင်းချစ်ရန်နှင့် မိမိတို့ပတ်ဝန်းကျင်ကို
စောင့်ရှောက်ရန် ခေါ်တော်မူခြင်း ခံရ၏။ (က
၁း၂၆-၂၈။ ၂း၇၊၁၅။ ၃။ ဆာ ၈း၄-၈။ ၅၁း၅၊၁၀။
၅၈း၃။ ယေ ၁၇း၉။ တ ၁၇း၂၄-၂၈။ ရော ၅း၁၂-၁၇။
၂ကော ၅း၁၉၊၂၀။ ဧ ၂း၃။ ၁သက် ၅း၂၃။ ၁ယော ၃း၄။ ၄း၇၊ ၈၊ ၁၁၊ ၂၀)။
“တစ်ဖန်ဘုရားသခင်က၊ ငါတို့ပုံသဏ္ဌာန်နှင့်တညီတစ်သဏ္ဌာန်တည်း
လူကိုဖန်ဆင်းကြစို့” (က ၁း၂၆) ဟုဆိုခဲ့သည်။ ဘုရားသခင်သည် မိမိ၏အထွတ်အထိပ်ဖန် ဆင်းခြင်း
အမိန့်တော်ဖြင့်ဖြစ်မလာစေခဲ့ပါ။ ထိုအစား၊ သူသည် မြေမှုန့်မှဤသတ္တဝါအသစ်ကိုပုံသွင်းရန် ကြင်နာစွာ ကိုယ်ကို ငုံ့လျှိုးကိုင်းခဲ့သည်။
မြေကြီးပေါ် ရှိတီထွင်ဥာဏ် အကောင်းဆုံးသော ပန်းပုဆရာသည်
ထိုသို့သော မြင့်မြတ်သည့် သတ္တဝါကို ဘယ်ခါမျှထွင်းထုနိုင်မည်မဟုတ်ချေ။
မိုက်ကယ်အိမ်ဂျယ်လိုသည်
အံ့မခန်းအပြင်ပန်းကို ဂရုတစိုက်ထုဆစ်နိုင်ပေလိမ့်မည်။ သို့သော်၊ ကိုယ်ခန္ဓာ အစိတ်အပိုင်းနှင့် သက်ရှိကိစ္စများ လည်ပတ်စေရန်နှင့်
အလှအပအတွက်မည်သို့ပုံ သွင်းနိုင် မည်နည်း။
ပြည့်စုံသောပုံသွင်းအရုပ်သည် ဆံပင်၊ မျက်တောင်၊
လက်သည်းစသည်ဖြင့် သူ့နေရာနှင့် သူအစုံအလင်ဖြင့်
လျောင်းနေသော်လည်း၊ ဘုရားသခင်သည်မပြီးသေးချေ။ ဤ လူသားသည် မြေမှုန့်အစုအဝေးမျှမဟုတ်ဘဲ၊ အသက်ရှင်ရန်၊
တွေးခေါ်ရန်၊ တီထွင်ဖန်တီးရန်နှင့်
ဂုဏ်ကျက်သရေ၌ ကြီးထွား ရန်ဖြစ်သည်။
ဤခန့်ညားသောလူ-အပေါ်သို့ကိုယ်ကိုကိုင်းညွတ်လျက်၊
ဖန်ဆင်းရှင်သည် “သူ၏ နှာခေါင်းထဲသို့
ဇီ၀အသက်ကိုမှုတ်တော်မူလျှင်၊ လူသည်အသက်ရှင်သော သတ္တဝါဖြစ်လေ၏” (က ၂း၇)။ လူယောက်ျား၏အဖော်လိုအပ်ချက်ကို သဘောပေါက်လျက်၊ ဘုရား သခင်သည် “သူနှင့်တော်သော
အထောက်အမကို” ဖန်ဆင်းခဲ့သည်။
ဘုရားသခင်သည် “ကြီးသောအိပ်ခြင်းဖြင့်အိပ်စေ” ခဲ့သည်။
အာဒံအိပ်ပျော်သောအခါ၊ ဘုရားသခင်သည် အာဒံ၏
နံရိုးတစ်ချောင်းကိုထုတ်၍၊ ၎င်းကို လူမိန်းမအဖြစ်ဖန်ဆင်းခဲ့သည် (က ၂း၁၈၊၂၁၊ ၂၂)။ ”ထိုသို့ ဘုရားသခင်သည်
မိမိပုံသဏ္ဌာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဌာန်နှင့်အညီ
လူယောက်ျား၊ လူမိန်းမကို ဖန်ဆင်း” (က ၁း၂၇) ခဲ့ သည်။ ထို့နောက်၊ ဘုရားသခင်သည် သူတို့ကိုကောင်းချီးပေး၍၊ “အချင်းတို့၊ များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍၊
နိုင်ကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင် ငှက်တို့ကို လည်းကောင်း၊
အသက်ရှင်၍ မြေပေါ်မှာလှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို လည်းကောင်း
အုပ်စိုးကြလော့ဟု မိန့်တော်မူ၏” (က ၁း၂၈)။ ယနေ့ကမ္ဘာမြေပေါ်တွင် အကောင်းဆုံးသောအရာထက်သာ၍ရှုမောဖွယ်ဥယျာဉ်အိမ် ကို အာဒံနှင့်ဧ၀တို့အားပေးခဲ့သည်။ ထိုနေရာတွင်
ဘုရားသခင်ကိုယ်တော်တိုင်ဆင်ယင် သော သစ်ပင်များ၊
စပျစ်နွယ်ပင်များ၊ ပန်းများ၊ တောင်ကုန်း များ၊ ချိုင့်ဝှမ်းများရှိသည်။
အထူးသစ်ပင်နှစ်ပင်ဖြစ်သည့် အသက်ပင်နှင့် ကောင်းမကောင်းသိကျွမ်းရာအပင်တို့ရှိ သည်။ ဘုရားသခင်သည် အာဒံနှင့်ဧ၀ကို
ကောင်းမကောင်းသိကျွမ်းရာအပင်မှလွဲ၍၊ အခြားအပင်အားလုံးကိုလွတ်လပ်စွာစားခွင့် ပြုခဲ့
သည် (က ၂း၈၊၉၊၁၇)။
ထို့ကြောင့်၊ ဖန်ဆင်းခြင်းအပတ်၏ အထွတ်အထိပ်ဖြစ်ရပ်သည်
ပြီးမြောက်သွားခဲ့သည်။ ထို့နောက်၊ “ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသောအရာတို့ကိုကြည့်ရှုလျှင်၊
အလွန်ကောင်းသည် ကို မြင်တော်မူ၏” (က ၁း၃၁)။
လူသားတို့၏မူလအစ
ယနေ့များစွာသောသူတို့က၊
လူသားတို့သည်နိမ့်ကျသောတိရစ္ဆာန်များမှအဆင့်ဆင့် ပြောင်းလဲဖြစ်ပေါ်လာသည်၊ နှစ် သန်းပေါင်းထောင်ချီ၍ သဘာ၀တရား၏ စီမံမှုကြောင့်ဖြစ်လာသည်ဟု
ယုံကြည်ကြ သော်လည်း၊
ထိုသို့သောအယူအဆသည် သမ္မာကျမ်းစာမှတ်တမ်းနှင့် ကိုက်ညီမှုမရှိချေ။ လူသားများသည်
မျိုးရိုးစဉ်ဆက်ဆင်းသက်လာသည်ဟူသောအရာမှာ၊ လူသားတို့၏ သဘာ၀နှင့် ဆိုင်၍
ကျမ်းစာ၏ရှုမြင်ချက်အတွက်အရေးပါလှ သည်။
ဘုရားသခင်သည်လူသားများကိုဖန်ဆင်းခဲ့သည်။ လူသားမျိုးနွယ်၏မူလသည် ဘုရားသခင်၏ အစည်းအဝေးမှအစပြုသည်။
ဘုရားသခင်သည် “လူကိုဖန်ဆင်းကြစို့”
(က ၁း၂၆) ဟုဆိုခဲ့သည်။ “ငါတို့၊...ကြစို့” ဟူသော
အများဆိုင်ရာအညွှန်းသည် ခမည်းတော်ဘုရား၊
သားတော်ဘုရားနှင့် သန့်ရှင်းသောဝိညာဉ်တော်ဘုရား- သုံးပါးတစ်ဆူကို ရည်ညွှန်းသည်။ ထိုနောက်၊ စိတ်တစ်သဘောတည်းဖြင့်၊
ဘုရားသခင်သည် ပထမလူသားကို စတင်ဖန်ဆင်း
ခဲ့သည် (က ၁း၂၇)။
မြေမှုန့်မှဖန်ဆင်းခဲ့သည်။ ဘုရားသခင်သည်လူသားကို
“မြေမှုန့်” (က ၂း၇) မှ ပုံ သွင်းခဲ့ရာတွင်၊ ရှိနှင့်ပြီးအရာကိုအသုံးပြုခဲ့သော်လည်း၊
ရေနေသို့မဟုတ် ကုန်းနေ တိရစ္ဆာန်များကဲ့သို့သောသက်ရှိသတ္တဝါများကို
အသုံးမပြုခဲ့ချေ။ သူသည် ကိုယ်အင်္ဂါ အားလုံးကိုပြုလုပ်၍၊
သူ့နေရာနှင့် သူထား ပြီးမှ၊ “ဇီ၀အသက်” ကိုမှုတ်သွင်းကာ၊ လူသည် အသက်ရှင်သော သူဖြစ် လာသည်။
ဘုရားရှင်၏ပုံသဏ္ဌာန်နှင့်အညီဖန်ဆင်းခဲ့သည်။ ဘုရားသခင်သည် ငါးများ၊ ငှက်များ၊ တွားသွားသတ္တဝါများ၊ အင်းဆက်ပိုးများ၊
နို့တိုက်သတ္တဝါများစသည့် အခြားတိရစ္ဆာန်တစ်မျိုးစီကို
“အမျိုးအလိုက်” (က ၁း၂၁၊၂၄၊၂၅)
ဖန်ဆင်းခဲ့သည်။ မျိုးစိတ် တစ်ခုချင်းစီသည် ၎င်း၏
ကိုယ်ပိုင်ပုံစံရှိပြီး၊ ၎င်းမျိုးစိတ်မျိုးကိုမျိုးပွားနိုင်သောအစွမ်းရှိ သည်။ သို့သော်ငြားလည်း၊ လူသားတို့ကိုမူ
တိရစ္ဆာန်ကဲ့သို့မဟုတ်ဘဲ၊ ဘုရားသခင်၏
ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းခဲ့သည်။ “ဘုရားသခင်က၊
ငါတို့ပုံသဏ္ဌာန်နှင့် တညီတစ် သဏ္ဌာန်တည်းလူကိုဖန်ဆင်းကြစို့”
(က ၁း၂၆) ဟု ဆိုခဲ့သည်။ လူသားနှင့် တိရစ္ဆာန်
အကြားတွင်ဆက်စပ်မှုမရှိသည်မှာ ထင်ရှားသည်။ ရှင်လုကာသည် လူသားတို့၏ မူလကို ပြသသည့်
ဆွေစဉ်မျိုးဆက်ပြကားချပ်သည် ဤ ခြားနားမှုကို ရိုးရိုးဖြင့်၊ လေးလေးနက် နက်ဖော်ပြသည်မှာ “အာဒံ အဘဘုရားသခင် ပေတည်း” (လု ၃း၃၇) ဟူ၍ဖြစ်သည်။
လူသား၏ မြင့်သောအဆင့်။ လူသားကိုဖန်ဆင်းခြင်းသည်
ဖန်ဆင်းခြင်း အားလုံး၏ အထွတ်အထိပ်ဖြစ်သည်။
ဘုရားသခင်သည် အချုပ်အခြာအာဏာပိုင် ဘုရား၏ ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းသော လူသားကို
ကမ္ဘာဂြိုဟ်နှင့်တိရစ္ဆာန်အားလုံးကို စောင့် ရှောက်ရန်ထားရှိသည်။ အယ်ဘားကုပ် (L. Berkhof ) က၊ “သူ့အုပ်စိုးမှု
အောက်၌ရှိ၍၊ သူ့အလိုနှင့် ရည်ရွယ်ချက်၌ ခယဝပ်တွားသောသဘာ၀တရား အားလုံးနှင့်
ဖန်ဆင်းသော သတ္တဝါအားလုံးက၊ သူနှင့်သူ၏ ခမ်းနားသောအုပ်စိုးမှုသည်
ဘုန်းတန်ခိုးနှင့်ပြည့်စုံသော ဖန်ဆင်းရှင်နှင့် စကြ၀ဠာ အရှင်၏ဘုန်းကို
ထင်ရှားစေခြင်းငှာ၊ သူ(အာဒံ)၏တာဝန်နှင့် အခွင့်ထူးဖြစ်သည်”
(က ၁း၂၈။ ဆာ ၈း၄-၉)။
လူသားမျိုးနွယ်၏စုဖွဲ့မှု။ ကမ္ဘာဦးကျမ်းက ဆွေစဉ်မျိုးဆက် ပြကားချပ်သည်
အာဒံနှင့်ဧ၀တို့နောက်ပိုင်း အဆင့်ဆင့်မျိုးဆက်၏ ဤပထမစုံတွဲမှလူအားလုံး ဆင်းသက် သည်ကိုဖော်ပြသည်။ လူသားများအနေဖြင့်၊
ကျွန်ုပ်တို့အားလုံးသည် မျိုးရိုးဗီဇဆိုင်ရာ စုဖွဲ့မှုကို ဖွဲ့စည်းသည့် တူသောသဘာ၀ရှိကြသည်။ ပေါလုက “ဘုရားသခင်သည် မြေတစ်ပြင်လုံး၌
နေရသောလူအမျိုးမျိုးတို့ကို တစ်သွေးတည်းနှင့် ဖန်ဆင်းတော်မူ၏” (တ ၁၇း၂၆) ဟုဆိုခဲ့၏။
ထို့ပြင်မက အာဒံ၏ ကျူးလွန်ခြင်းသည် အပြစ်နှင့်သေခြင်းကို
လူအားလုံးအပေါ် ယူဆောင်လာပြီး၊ ခရစ်တော်အားဖြင့် လူအားလုံးအတွက် ကယ်တင်ခြင်းကို
စီမံထားကြောင်း သမ္မာကျမ်းစာ၏ အတည်ပြုချက်တွင်
ကျွန်ုပ်တို့မျိုးနွယ်၏စုဖွဲ့မှုအခြားအညွှန်ကို ကျွန်ုပ်တို့ တွေ့ရသည် (ရော ၅း၁၂၊၁၉။ ၁ကော ၁၅း၂၁၊၂၂)။
လူ့သဘာ၀၏စုဖွဲ့မှု
လူသားတို့၏ပင်ကိုလက္ခဏာအစိတ်အပိုင်းများသည် အဘယ်နည်း။
ခန္ဓာ၊ စိတ်၊ ဝိညာဉ်စသည့် မှီခိုနေသောအစိတ်အပိုင်းတချို့ဖြင့်ဖွဲ့စည်းပါသလား။
ဇီ၀အသက်။ “ဘုရားသခင်သည်
မြေမှုန့်ဖြင့်လူကိုဖန်ဆင်း၍၊ သူ၏နှာခေါင်းထဲသို့ ဇီ၀အသက်ကို မှုတ်တော်မူလျှင်၊ လူသည် အသက်ရှင်သောသတ္တဝါ ဖြစ်လေ၏” (က ၂း၇)။
ဘုရားသခင်သည်မြေမှုန့်မှကိုယ်ခန္ဓာကိုပုံသွင်းပြီး၊ သူသည်အာဒံ၏အသက်မဲ့သော ခန္ဓာ၏ နှာခေါင်းထဲသို့ “ဇီ၀အသက်ကိုမှုတ်” ကာ၊
လူသည်အသက်ရှင်သောသတ္တဝါဖြစ် လာခဲ့သည် (က
၂း၇)။ ဤဇီ၀ကအသက်သည် အသက်ကိုပေးသော “အနန္တတန်ခိုးရှင်၏ အသက်တော်” (ယောဘ ၃၃း၄) ဖြစ်သည်။
ကျွန်ုပ်တို့သည် ၎င်းကိုလျှပ်စစ်စီးကြောင်း နှင့် နှိုင်းယှဉ် နိုင်သည်။ ကျွန်ုပ်တို့သည်
ရောင်စုံရုပ်မြင် သံကြားကိုဖွင့်လိုက်သောအခါ၊ လျှပ်စစ်စီးကြောင်းသည်
လျှပ်စစ်ပစ္စည်းများထဲသို့ စီးဝင်ပြီးငြိမ်သက်သည့် မီးခိုးရောင် ဖန်သားပြင်သည် အရောင်အစုံအလင်ဖြင့်သက်ဝင်လှုပ်ရှားလာ၏။
လျှပ်စစ်ဓာတ်သည် တစ်ချိန်ကဘာမျှမရှိခဲ့သော နေရာတွင် အသံနှင့်လှုပ်ရှားမှုကို
ဖြစ်ပေါ်စေသည်။
အသက်ရှင်သောလူ။
ဇီ၀အသက်သည်ဘာကိုပြုလုပ်သနည်း။ ဘုရားသခင်သည် လူကို မြေမှုန့်ဖြင့်ဖန်ဆင်းချိန်က၊
နှလုံး၊ အဆုတ်၊ ကျောက်ကပ်၊ အသည်း၊ သရက်ရွက်၊ ဦးနှောက်စသည်ဖြင့်
အင်္ဂါများပြည့်စုံသော်လည်း၊ အသက်မဲ့နေခဲ့သည်။ ထို့နောက်ဘုရား သခင်သည် ဤအသက်မဲ့သောအရာထဲသို့ ဇီ၀အသက်ကိုမှုတ်သွင်းရာ၊ “လူသည် အသက်ရှင်သော သတ္တဝါ ဖြစ်လေ၏။”
ကျမ်းစာ၏ညီမျှခြင်းပုံသေနည်းသည် ရိုးစင်းသည်။ မြေမှုန့် +
ဇီ၀အသက် = အ သက်ရှင်သောလူ။
မြေကြီးနှင့်ဇီ၀အသက်ပေးခြင်း၏ရလဒ်မှာ အသက်ရှင်သောလူဖြစ်သည်။
ဤ “ဇီ၀အသက်” ကို လူတို့အတွက်သာ ကန့်သတ်ထားသည်မဟုတ်။ အသက်ရှင်သော သတ္တဝါအားလုံးသည် ၎င်းကိုပိုင်ဆိုင်ကြသည်။ ဥပမာ၊
သမ္မာကျမ်းစာသည် နောဧသင်္ဘောထဲသို့ ဝင်သော တိရစ္ဆာန်နှင့်
မဝင်သောတိရစ္ဆာန်အားလုံး ဇီ၀အသက်ရှိသည်ဟု ထည့်တွက်သည်။ (က ၇း၁၅၊၂၂)။
ကမ္ဘာဦးကျမ်း ၂း၇ တွင် “အသက်ရှင်သောသတ္တဝါ”
သို့မဟုတ် “အသက်ရှင်သော
ဝိညာဉ်” ဟု
ဘာသာပြန်ဆိုသောဟေဗြဲဝေါဟာရမှာ နယ်ဖက်စ်ချေယ (nephash chayyah)
ဖြစ်သည်။ ဤစကားအသုံးအနှုန်းသည်
လူအတွက်သာသီးသန့်သတ်မှတ် သည်မဟုတ်ဘဲ၊ ရေသတ္တဝါများ၊ အင်းဆက်ပိုးများ၊
တွင်းသွားသတ္တဝါများနှင့် သားရဲတိရစ္ဆာန်များကို လည်း ရည်ညွှန်းသည် (က ၁း၂၀၊၂၄။ ၂း၁၉)။
“သတ္တဝါ” သို့မဟုတ် “ဝိညာဉ်” ဟု ဘာသာပြန်ဆိုသော နယ်ဖက်စ် (nephash) သည် “အသက်ရှူသည်” ဟုအဓိပ္ပါယ်ရသော နာဖါးစ် (nephash) မှလာသည်။ ဓမ္မသစ်ကျမ်းတွင်၎င်း၏ အဓိပ္ပါယ်တူ ဂရိ (Greek) စကားလုံးမှာ
ဆူးခဲ (psuch) ဖြစ်သည်။ “ထွက်သက်ဝင်သက်သည်
အသက်၏အပေါ်လွင်ဆုံးသောသက်သေဖြစ်နေသရွေ့၊ နက်ဖက်စ်သည် အခြေခံအားဖြင့်လူကို အသက်ရှင်သောသတ္တဝါ၊
လူပုဂ္ဂိုလ် အဖြစ်သတ်မှတ် သည်။ ဖန်ဆင်း
ခြင်းဖြစ်ရပ်မှာကဲ့သို့၊ တိရစ္ဆာန်များ နှင့် တွဲသုံးသောအခါ၊ ၎င်းသည် သူတို့ကို
ဘုရားသခင်ဖန်ဆင်းသည့် အသက်ရှင်သောသတ္တဝါ အဖြစ်ဖော်ပြသည်။
လူသည်အသက်ရှင်သောသတ္တဝါ ဖြစ်လာသည်ဟူသော သမ္မာကျမ်းစာ၏ပြော
ဆိုချက် ကို ဂရုပြုရန်အရေးကြီးသည်။ ဖန်ဆင်းခြင်းမှတ်တမ်းတွင် လူသည်ဖန်ဆင်း
ချိန်တွင်ကိုယ်ခန္ဓာ၌ လာ၍ပေါင်းစည်းသော သူ့ဘာသာသီးခြားဖြစ်တည်နေသည့် ဝိညာဉ်ကိုရရှိကြောင်း မည်သည့်အရာ ကမျှ မညွှန်ပြချေ။
ခွဲခြားမရနိုင်သောစုဖွဲ့မှု။ လူသားတို့၏သဘာ၀ကို
မှန်မှန်ကန်ကန် နားလည်နိုင်ရန် အတွက် ဖန်ဆင်းခြင်းမှတ်တမ်း၏အရေးကြီးမှုကို
ပို၍ခန့်မှန်းမရနိုင်ချေ။ သူ၏ကိုယ်အင်္ဂါဆိုင်ရာစုဖွဲ့မှုအလေးထားလျက်၊
သမ္မာကျမ်းစာသည် လူသားကိုတပေါင်းတစည်းတည်း ဖြစ်ပုံ
ဖော်ပြသည်။ ထိုသို့ဆိုသော်၊ ဝိညာဉ် (spirit) နှင့် စိတ် (spirit) သည် လူသားတို့၏ သဘာ၀၌ မည်သို့ဆက်စပ်သနည်း။
၁။ ဝိညာဉ်ကိုကျမ်းစာ၏အနက်ဖွင့်ချက်။
ကျွန်ုပ်တို့ဖော်ပြခဲ့သကဲ့သို့၊ ဓမ္မဟောင်းကျမ်းတွင် “ဝိညာဉ်” သည်ဟေဗြဲစကားလုံး
နယ်ဖက်စ်မှ ဘာသာပြန်ဆိုခြင်း ဖြစ်သည်။ (က ၂း၇) တွင် မြေမှုန့်မှဖန်ဆင်းသောရုပ်ခန္ဓာထဲသို့
ဇီ၀အသက်ဝင်သွားပြီးနောက် အသက်ရှင်သောသတ္တဝါသို့ ၎င်းသည် လူကိုရည်ညွှန်းသည်။
“ထို့အတူ၊
ကလေးတစ်ဦးမွေးဖွားလာတိုင်း အသစ်သောဝိညာဉ်တစ်ခုဖြစ်တည် လာ သည်။
အသက်၏အသစ်သောယူနစ်ဖြစ်သော “ဝိညာဉ်” တစ်ခုစီသည် တစ်မူထူးပြီး၊ အခြားသောအလားတူ
ယူနစ်များမှခွဲထွက်သည်။ အသက်ရှင်သောသတ္တဝါတစ်ခုချင်းစီမှ ၎င်းကို
သီးခြားဖြစ်စေသည့် ပင်ကိုလက္ခဏာသည် ဟေဗြဲဝေါဟာရ နယ်ဖက်စ်မှ အထူးပြုသော ယူဆ
ချက်ဖြစ်နိုင်သည်။ ဤကဲ့သို့ အသုံးပြုပါက၊ နယ်ဖက်စ်သည် လူ၏အစိတ်အပိုင်းတစ်ခု မဟုတ်ချေ။
၎င်းသည် လူပုဂ္ဂိုလ်ပင်ဖြစ်ပြီး၊ သာဓကများစွာ၌ “လူ”... (က ၁၄း၂၁။ တော ၅း၆။ တရား ၁ဝး၂၂)၊ သို့မဟုတ် “ကိုယ်” (ဝတ် ၁၁း၄၃။ ၃ရာ
၁၉း၄။ ဟေရှာ ၄၆း၂) ဟူ၍ ဘာသာပြန်ဆိုသည်။
အခြားတစ်ဖက်တွင်၊ “ငါ့ဝိညာဉ်၊” “သင့်ဝိညာဉ်” “သူ့ဝိညာဉ်” ကဲ့သို့သော အသုံးအနှုန်းများသည် အများအားဖြင့် “ကျွန်ုပ်၊” “ကျွန်ုပ်ကို၊” “သင်၊” “သ” စသည့် နာမ်စားများဖြစ်သည်။ (က
၁၂း၁၃။ ဝတ် ၁၁း၄၃၊၄၄။ ၁၉း၈။ ယောရှု ၂၃း၁၁။ ဆာ ၃း၂။ ယေ ၃၇း၉)။ ဓမ္မဟောင်းကျမ်းတွင်
အကြိမ်ပေါင်း (၇၅၅) မှ (၁၀၀) ထက်မကတွင် နယ်ဖက်စ်ကို “အသက်” ဟု ဘာသာပြန်သည် (က ၉း၄၊၅။ ၁ရာ ၁၉း၅။ ယောဘ ၂း၄၊၆။ ဆာ ၃၁း၁၃)။
ရံဖန်ရံခါနယ်ဖက်စ်သည် လိုအင်ဆန္ဒ၊ တောင့်တမှု၊ သို့မဟုတ်
ရမ္မက်ကို ရည်ညွှန်းသည် (တရား ၂၃း၂၄။ သု ၂၃း၂။ ဒေ ၆း၇)။ တစ်ခါတစ်ရံ
စားချင်စိတ်အာသာဟုလည်း ပြန်ဆိုထားသည် (သု ၂၃း၂။ ဒေ ၆း၇)။ ၎င်းသည်
ချစ်သောစိတ်ကိုလည်းရည်ညွှန်းနိုင်သည်။ (က ၃၄း၃။ သီ
၁း၇။ တရား ၂၃း၂၄။ ဆာ ၁၀၅း၂၂။ ယေ ၃၄း၁၆) တို့၌ဖော်ပြထား သောလူ့၏ “သာယာမှု” ဆန္ဒဟုလည်း
ပုံဆောင်ထားသည်။ နယ်ဖက်စ်ကို “သတ်” သောအခါ (တော ၃၁း၁၉)၊
၎င်းသည်သေသွားသည် (သူကြီး ၁၆း၃၀)။ (တော ၅း၂) တွင် “သေသောသူ” ကို အလောင်းကောင်ဟု ရည်ညွှန်းထားသည်။ (ဝတ် ၁၉း၂၈၊ တော ၉း၇၊ ၁၀)။
ဓမ္မသစ်ကျမ်းတွင်အသုံးပြုသော
ဂရိ စကားလုံး
ဆူးခဲ (psuche) သည် ဓမ္မဟောင်းမှ နယ်ဖက်စ်နှင့်တူသည်။
၎င်းကိုတိရစ္ဆာန်အသက်နှင့်လူ့အသက်တွင် အသုံးပြု သည် (ဗျာ ၁၆း၃)။
၎င်းကိုအင်္ဂလိပ်ကျမ်းစာ (KJV) တွင် "အသက်" ဟူ၍ အကြိမ်လေးဆယ် မျှရိုးရိုး ဘာသာပြန် ဆိုထားသည် (မ ၂း၂၀။
၆း၂၅။ ၁၆း၂၅...)။ အချို့ကျမ်းချက်တွင် “လူများ” ဟုရိုးရိုးဆိုလိုပြီး
(တ ၇း၁၄။ ၂၇း၃၇။ ရော ၁၃း၁။ ၁ပေ ၃း၂၀၊....)။ အခြားကျမ်းချက်များတွင်
နာမ်စားအဖြစ်အသုံးပြုသည် (မ ၁၂း၁၈။ ၂ကော ၁၂း၁၅၊...)။ တစ်ခါတစ်ရံ ၎င်းသည် စိတ်
လှုပ်ရှားမှု (မာ ၁၄း၃၄။ လု ၂း၃၅)၊ စိတ် (တ ၁၄း၂။ ဖိ ၁း၂၇)၊ သို့မဟုတ် စိတ်နှလုံး
(ဧ ၆း၆) ကို ရည်ညွှန်းသည်။
ဆူးခဲ (psuche) သည် မသေနိုင်သောအရာမဟုတ်ဘဲ၊ သေနိုင်သည် (ဗျာ
၁၆း၃)။ ၎င်းကို ဖျက်ဆီး၍ရသည် (မ ၁ဝး၂၈)။
တစ်ခါတစ်ရံနယ်ဖက်စ်နှင့်ဆူးခဲသည်
လူပုဂ္ဂိုလ်တစ်ခုလုံးကိုရည်ညွှန်း၍ တချို့ နေရာများတွင် လူ၏အစိတ်အပိုင်းများဖြစ်သည့်
ချစ်ခင်ခြင်း၊ စိတ်လှုပ်ရှားမှု၊ အလိုဆန္ဒများနှင့် ခံစား မှုများကို
ရည်ညွှန်းသည်။ သို့သော်လည်း၊ ဤအချက်သည် လူကိုကွဲပြား၍သီးခြားဖြစ်သော အစိတ်အပိုင်း
နှစ်ခုဖြင့် ဖန်ဆင်းသည်ဟူ၍ဖော်ပြသောအရာ မဟုတ်ချေ။ ခန္ဓာနှင့်ဝိညာဉ်သည် အတူတူရှိ၍၊
ခွဲခြား မရအောင်၎င်းတို့ကိုဖွဲ့စည်းထားသည်။ ဝိညာဉ်သည် ခန္ဓာကိုယ် မပါဘဲ၊
သတိရှိလျက်တည်ရှိသော အရာမဟုတ်ပါ။ ဝိညာဉ်သည်ခန္ဓာကိုယ်ကို သတိရှိသောသီးခြားရပ်တည်သည့်အရာအဖြစ် အသက်ရှင် စေသည်ဟုညွှန်ပြသော ကျမ်းချက်လည်း မရှိပါ။
၂။
အသက်ဝိညာဉ်ကိုကျမ်းစာ၏အနက်ဖွင့်ချက်။ ဝိညာဉ်ဟုဘာသာပြန်ဆိုသော ဟေဗြဲ
စကားလုံးနယ်ဖက်စ်သည် ပင်ကိုလက္ခဏာ သို့မဟုတ် လူပုဂ္ဂိုလ်ကို ဆိုလိုပြီး၊
ဓမ္မဟောင်း ကျမ်း တွင် အသက်ဝိညာဉ်ဟုဘာသာပြန်ဆိုသော ဟေဗြဲစကားလုံး ရူးအပ် (Ruach) မှာမူ၊ လူတို့ရှိနေနိုင်ရန်
မရှိမဖြစ်လိုအပ်သည့်စွမ်းအင်ပေးသော အသက်ကိုရည်ညွှန်းသည်။ ၎င်းသည် လူသားများကို
သက်ဝင်လှုပ်ရှားစေသည့်ဘုရားရှင်၏စွမ်းအင် သို့မဟုတ် အသက်၏ အခြေခံကိုဆိုလိုသည်။
"ဓမ္မဟောင်းကျမ်းတွင်ရူးအပ်သည်၃၇၇ကြိမ်ပါရှိ၍၊အများစုကို "အသက်ဝိညာဉ်၊" "လေ၊" သို့မဟုတ် "ထွက်သက်ဝင်သက်" (က ၈း၁၊...) ဟု ဘာသာပြန်ဆိုထားသည်။ ၎င်းကို "တက်ကြွမှု} (သူကြီး ၁၅း၁၉)၊ သတ္တိ (ယောရှု ၂း၁၁)၊ ဒေါသစိတ် သို့မဟုတ် ဒေါသ (သူကြီး ၈း၃)၊ ပင်ကိုစိတ် (ဟေရှာ ၅၄း၆)၊ ကိုယ်ကျင့်တရား (ယေဇ ၁၁း၁၉) နှင့် စိတ်နှလုံး (၁ရာ ၁း၁၅) ဟူ၍လည်းအသုံး ပြုသည်။
"ထွက်သက်ဝင်သက်နှင့်ပတ်သက်၍၊
လူတို့၏ရူးအပ်နှင့်တိရစ္ဆာန်တို့၏ရူးအပ်သည် အတူတူ ဖြစ်သည် (ဒေ ၃း၁၉)။
လူ၏ရူးအပ်သည် သေသောအချိန်တွင် ခန္ဓာမှထွက်၍ (ဆာ ၁၄၆း၄)၊
ဘုရားသခင်ထံသို့ပြန်သွားသည် (ဒေ ၁၂း၇)။ (ဟေရှာ ၆၃း၁၀) မှာကဲ့သို့ ရူးအပ်ကို မကြာခဏ
ဘုရားသခင်၏ ဝိညာဉ်တော်ဟု အသုံးပြုသည်။ ဓမ္မဟောင်းကျမ်းတွင် လူနှင့်သက်ဆိုင်၍၊
ရူးအပ်ကို ခန္ဓာကိုယ်မှ ခွဲထွက်၍ရှိနေနိုင်သည့်အသိရှိသော သီးခြားအရာတစ်ခု အဖြစ်ဘယ်ခါမျှမရည်ညွှန်းချေ။
ဓမ္မသစ်ကျမ်းတွင်
ရူးအပ်နှင့်တူ၍၊ အသက်ဝိညာဉ်ဟုဘာသာပြန်သော စကားလုံးမှာ နယူးမား (pneuma) ဖြစ်၍၊ "လေတိုက်သည်၊" သို့မဟုတ် "အသက် ရှူသည်" ဟုအဓိပ္ပါယ် ရသည်။ ရူးအပ် ကဲ့သို့ပင်၊
နယူးမားဟူသောစကားလုံးသည် ခန္ဓာကိုယ်မှခွဲ၍သီးခြားရှိ နေနိုင်သည့် အသိရှိသော
အရာလူ၌ရှိသည်ဟူ၍မဆိုလိုချေ။ လူနှင့်တွဲ၍ ဤစကားလုံးကို ဓမ္မသစ်ကျမ်းတွင်
အသုံးပြုမှုတို့သည်လည်း ထိုသို့သောသဘော တရားကိုမဖော်ပြချေ။ (ရော ၈း၁၅။ ၁ကော
၄း၂၁။ ၂တိ ၁း၇။ ၁ယော ၄း၆) တို့တွင်ပါရှိသောနယူးမားသည် "စိတ်နေစိတ်ထား" "သဘောထား၊" သို့မဟုတ် "ခံစားချက်" ကိုရည်ညွှန်းသည်။ (ဂလ ၆း၁။ ရော ၁၂း၁၁ နှင့် အခြားသော
ကျမ်းချက်များတွင်၊ ကိုယ်ရည်ကိုယ်သွေး၏ ရှုထောင့်အမျိုးမျိုးတွင်လည်း ၎င်းကိုအ သုံးပြုသည်။ ရူးအပ်ကဲ့သို့ပင်၊ သခင်ဘုရားသည် အသေခံချိန်တွင်
နယူးမား (ဝိညာဉ်) ကို စွန့်ခဲ့သည် (လု ၂၃း၄၆၊ တ ၇း၅၉)။ ရူးအပ်ကဲ့သို့ပင်၊ နယူးမားကိုလည်း ဘုရားသခင်၏ ဝိညာဉ်တော်ဟုလည်းအသုံးပြုသည်
(၁ကော ၂း၁၁၊၁၄။ ဧ ၄း၃၀။ ဟေဗြဲ ၂း၄။ ၁ပေ ၁း၁၂။ ၂ပေ ၁း၂၁၊...)။
၃။ ခန္ဓာ၊ စိတ်နှင့် ဝိညာဉ်ပေါင်းစည်းခြင်း။ ခန္ဓာ၊ စိတ်နှင့်ဝိညာဉ်တို့၏ ဆက်စပ်မှုကား အဘယ်နည်း။ ဤဆက်စပ်မှု၏ဩဇာသည် လူသားမျိုးနွယ်အပေါ်
အဘယ်နည်း။
(က)
နှစ်ဖက်ပေါင်းစည်းခြင်း။ သမ္မာကျမ်းစာသည် လူသားတို့၏သဘာ၀ကို စုဖွဲ့မှုတစ်ခု
ကဲ့သို့ ရှုမြင်သော်လည်း၊ ခန္ဓာ၊ စိတ်နှင့် ဝိညာဉ်တို့အကြားဆက်စပ်မှုကို တိတိကျကျ
မသတ် မှတ်ချေ။ တစ်ခါတစ်ရံ ဝိညာဉ်နှင့်စိတ်ကို အပြန်အလှန်အသုံးပြုသည်။ ၎င်းတို့၏
အလားတူ မှုကို မာရိ၏ ဝမ်းမြောက်ခြင်း စကားအသုံးအနှုန်းတွင်တွေ့ရသည်။
]ငါ့စိတ်နှလုံးသည် ထာ၀ရဘုရားကိုချီးမွမ်း၏။ ငါ့ကိုကယ်တင်တော်မူသောအရှင်
ဘုရားသခင်ကိုအမှီပြု၍၊ ငါ့ဝိညာဉ်သည်ရွှင်လန်းခြင်းရှိ၏} (လု ၁း၄၆၊၄၇)။
ကျမ်းချက်တစ်ခုတွင်
ယေရှုသည်လူသားများကို ခန္ဓာနှင့်ဝိညာဉ်ကဲ့သို့သရုပ်ဖော်သည် (မ ၁ဝး၂၈)။ ပေါလုကလည်း
အခြားကျမ်းချက်တွင်ခန္ဓာနှင့်စိတ်ကဲ့သို့ ဖော်ပြသည် (၁ကော ၇း၃၄)။ စောစောပိုင်းတွင်
ဝိညာဉ်သည်လူသားတို့၏သာ၍ မြင့်သောစွမ်းရည်ကိုရည်ညွှန်းပြီး၊ ဘုရားသခင် နှင့်ဆက်သွယ်သောစိတ်ကိုဆိုလိုဟန်ရှိသည်။
နောက်ပိုင်းတွင်မူစိတ်သည် ထိုသာ၍ မြင့်သော စွမ်း ရည်ဖြစ်ကြောင်းကိုဆိုလိုသည်။
အထက်ပါကျမ်းချက်နှစ်ခုစလုံးတွင်၊ ကိုယ်ခန္ဓာ၌ရုပ်နာမ်နှင့်တကွ၊
စိတ်လှုပ်ရှားမှုများ၊ လူတစ်ယောက်၏ သွင်ပြင်လက္ခဏာများ လည်း ပါဝင်သည်။
ခ။
သုံးခုပေါင်းစည်းခြင်း။ လူသားကိုခန္ဓာနှင့်စိတ်တို့ဖြင့်ပေါင်းစည်းထားသည်ဟူသော
ယေဘုယဖော်ပြခြင်း၌ ခြွင်းချက်တစ်ခုရှိသည်။ (၁သက် ၅း၂၃) တွင် ပေါလုက၊ လူသည်
သုံးခုပေါင်း စည်းသောအရာအဖြစ်ပြောဆိုသည်။ "ငြိမ်သက်ခြင်း၏ အရှင်ဘုရားသခင် ကိုယ်တော်တိုင်လည်း၊ သင်တို့ကိုအကုန်အစင်သန့်ရှင်းတော်မူပါ စေသော။ ငါတို့ သခင်ယေရှုခရစ်
ကြွလာတော်မူသောအခါ၊ သင်တို့၏ ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်အပေါင်းတို့ကို
အပြစ်တင်ခွင့်နှင့် ကင်းလွတ်စေခြင်းငှာ စောင့်မတော်မူပါစေသော} (၁သက် ၅း၂၃)။ ဤကျမ်းချက်သည် လူတစ်ယောက်၏ ဤ အစိတ်
အပိုင်းသုံးခု စလုံးသည် ဖြူစင်သန့်ရှင်းခြင်းလုပ်ငန်းစဉ်တွင် တစ်ခုမျှမချန်လှပ်ရန်
ပေါလု ၏ စိတ် ဆန္ဒကို သိရှိစေသည်။
ဤကျမ်းချက်တွင်
စိတ်ကိုလူတို့အားအပ်နှင်းသည့်သာ၍မြင့်မားသော အသိဉာဏ်နှင့်
အတွေးအခေါ်ဟုနားလည်ရပြီး၊ ထိုစိတ်မှတစ်ဆင့် ဘုရားသခင်သည် လူကိုမိမိ၏ ဝိညာဉ်
တော်အားဖြင့် ဆက်သွယ်နိုင်သည် (ရော ၈း၁၆)။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်
မှုများမှတစ်ဆင့် စိတ်ကို အသစ်ပြုပြင်ခြင်းအားဖြင့်၊ လူ တစ်ဦးချင်းစီသည်
ခရစ်တော်နှင့် တူအောင် ပြောင်းလဲသည် (ရော ၁၂း၁၊၂)။
"ဝိညာဉ်" ကို "စိတ်" မှသီးခြားခွဲထုတ်လိုက်သောအခါ၊
လူ့သဘာ၀၏ အစိတ်အပိုင်းဖြစ်သော ပင်ကို အသိစိတ်၊
စိတ်လှုပ်ရှားမှုများနှင့်လိုအင်ဆန္ဒများဟု နားလည်ရသည်။ တစ်စုံတစ်ဦး၏
ဤအစိတ်အပိုင်းကိုလည်း သန့်ရှင်းစေနိုင်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှု
အားဖြင့် စိတ်နှလုံးသည် ဘုရားသခင်၏ စိတ်နှလုံးနှင့်သဘောချင်းကိုက်ညီ၍၊
ဘုရားသခင်နှင့် ဆန့်ကျင် ဘက်ဖြစ်သည့် အောက်တန်းကျသောဇာတိနှင့် စိတ်လိုက်
မာန်ပါရှိခြင်းတို့သည် သန့်ရှင်းသောတွေးခေါ်မှုဖြင့် ဖယ်ရှားလိုက်သောအခါ၊
ကိုယ်တော်၏ အလိုတော်ကိုလိုက်လျှောက်သူဖြစ်လာသည်။
သာ၍မြင့်သောသဘာ၀သို့မဟုတ်
သာ၍နိမ့်သောသဘာ၀ကထိန်းချုပ်သော ကိုယ်ခန္ဓာကို အသား၊ အသွေးနှင့်
အရိုးတို့ဖြင့်ဖွဲ့စည်းထားသည်။
ပေါလုသည်အလျင်ဆုံးစိတ်၊
ပြီးနောက်ဝိညာဉ်၊ နောက်ဆုံးတွင်ကိုယ်ခန္ဓာဟူ၍ အစဉ်အတိုင်း လိုက်ခြင်းမှာ
တိုက်ဆိုင်မှုမဟုတ်ချေ။ စိတ်သည် သန့်ရှင်းလာသောအခါ၊ ဘုရားရှင်၏ ထိန်းချုပ်မှု
အောက်သို့ရောက်ရှိသွားသည်။ တစ်ဖန်၊ သန့်ရှင်းသောစိတ်သည် ဝိညာဉ်၊
ဥပမာလိုအင်ဆန္ဒများ၊ စိတ်ခံစားမှုများနှင့် စိတ်လှုပ်ရှားမှုများအပေါ်
သန့်ရှင်းသော ဩဇာဖြင့် လွှမ်းမိုးလိမ့်မည်။ ဤ သန့်ရှင်းစေခြင်းကို ခံရသောသူတို့သည်
မိမိတို့ကိုယ်ခန္ဓာကို အလွဲ သုံးစားပြုမည်မဟုတ်သောကြောင့်၊ သူတို့၏
ကိုယ်ကာယကျန်းမာခြင်းသည် တိုးတက်လိမ့်မည်။ ထိုသို့ဖြင့် ကိုယ်ခန္ဓာသည်
အရှင်သခင်နှင့် ကယ်တင်ရှင် ဖြစ်တော်မူသော သူ၏အမှုကို ဆောင်နိုင်သည့်
သန့်ရှင်းသောကိရိယာဖြစ်လာသည်။ သန့်ရှင်းခြင်းအတွက်ပေါလု၏ ဖိတ်ခေါ် ခြင်းသည်
လူ့ဇာတိ စုဖွဲ့မှုခံယူချက် အပေါ်တည်ကြောင်းရှင်း နေပြီး၊ စိတ်၊ ဝိညာဉ်နှင့်
ခန္ဓာတည်းဟူသောလူတစ်ကိုယ်လုံး၏ပြင်ဆင်မှု လိုအပ်ခြင်းသည် ခရစ်တော်ဒုတိယအကြိမ်ကြွလာခြင်းအတွက်ပြင်ဆင်ရာတွင် ထိရောက်ကြောင်းကိုလည်း ဖော်ပြ၏။
(ဂ) ခွဲခြားမရ၊
လိုက်လျောသောစုဖွဲ့မှု။ လူသားတိုင်းသည် ခွဲ၍မရနိုင်သော စုဖွဲ့မှုတစ်ခု ဖြစ်
သည်မှာရှင်းသည်။ ခန္ဓာ၊ စိတ်နှင့် ဝိညာဉ်တို့သည်အနီးကပ် ပူးပေါင်းလုပ်ဆောင်ကြ၍၊
လူတစ်ဦး၏ ဝိညာဉ်ရေး၊ ဉာဏနှင့် ကာယဆိုင်ရာအစွမ်း များအကြား အလွန်အမင်း လိုက်လျောမှုရှိသော ဆက်စပ် မှုကိုလည်းပြသသည်။ တစ်နေရာ တွင်ချို့တဲ့ခြင်းသည် အခြားနှစ်ခု
ကို ဟန့်တားသည်။ ဖျားနာ၍ မစင်ကြယ် ဖြစ်ကာ၊ ရှုပ်ထွေးနေသောစိတ်သည် လူ တစ် ယောက်၏
ခံစားမှုများနှင့် ကိုယ်ကာယ ကျန်းမာခြင်းတို့ အပေါ် အန္တရာယ်ရှိသော အကျိုးသက်ရောက်မှုရှိစေလိမ့်မည်။ အားနည်းသော၊ ဖျားနာသော၊ သို့မဟုတ် ဝေဒနာခံစားသော
ကိုယ်ခန္ဓာသည် လူတစ်ဦး၏စိတ်ခံစားမှုနှင့် ဝိညာဉ်ရေး၊ ကျန်းမာရေး
ကိုထိခိုက်စေလိမ့်မည်။ ၎င်းတို့သည် အချင်းချင်းဆက်စပ် နေကြရာ၊ ၎င်းတစ်ခုချင်းစီကို
အကောင်း ဆုံးအခြေအနေ တွင် ထိန်းသိမ်းရန်မှာ လူတိုင်း အတွက်ဘုရားပေး တာဝန်ဖြစ်သည်။
ထိုသို့ လုပ်ဆောင်ခြင်းသည် ဖန်ဆင်းရှင်၏ ပုံသဏ္ဌာန်ကို
ပြန်လည်ရရှိရန်မရှိမဖြစ်လိုအပ်သောအရာဖြစ်သည်။
ဘုရားသခင်၏ပုံသဏ္ဌာန်ရှိသောလူသား
ဖန်ဆင်းခြင်း၏ခြောက်ရက်မြောက်တွင်
ဘုရားသခင်ဖန်ဆင်းသည့်အသက်ရှင်သော သတ္တဝါ ကို "ဘုရားသခင်၏ပုံသဏ္ဌာန်နှင့်အညီ" (က ၁း၂၇) ဖန်ဆင်းခဲ့သည်။ ဘုရားသခင်၏ပုံသဏ္ဌာန်နှင့် အညီ ဖန်ဆင်းသည်မှာ မည်သည့်အဓိပ္ပါယ်ရှိသနည်း။
ဘုရားသခင်၏ပုံသဏ္ဌာန်နှင့်အညီဖန်ဆင်းခြင်း။
လူတို့၏ကိုယ်ကျင့် တရားနှင့်ဝိညာဉ်ရေး သီလတို့သည် ဘုရားသခင်၏ဂုဏ်တော်နှင့်
ဝိညာဉ်ဇာတိအကြောင်း ကိုဖော်ပြသည်ဟု မကြာခဏ ပြောတတ်ကြသည်။ သို့သော်၊ သမ္မာကျမ်းစာက၊
လူသားတို့ သည်ခွဲခြားမရသော ခန္ဓာ၊ စိတ်နှင့် ဝိညာဉ်တို့၏စုဖွဲ့မှုဖြင့်တည်ဆောက်ထားသည်ဟု
သွန်သင်သည်ဖြစ်ရာ၊ သူတို့၏ ကိုယ်အင်္ဂါရပ်တို့သည်လည်း၊ တစ်နည်းနည်းဖြင့်
ဘုရားသခင်၏သဏ္ဌာန်ကို ရောင်ပြန်ဟပ်ရပေမည်။ သို့သော်၊ ဘုရားသခင်သည်
နံဝိညာဉ်မဟုတ်လော။ ဝိညာဉ်ဖြစ်သောသူသည် ပုံသဏ္ဌာန်ရှိသောအရာနှင့်မည်ကဲ့သို့
တွဲဖက်၍ရနိုင်မည်နည်း။
ကောင်းကင်တမန်
အကြောင်းကို လေ့လာသော်၊ သူတို့သည် ဘုရားသခင်ကဲ့သို့ နံဝိညာဉ်များ ဖြစ်ကြသည် (ဟေဗြဲ
၁း၇၊၁၄)။ သို့သော်လည်း၊ သူတို့သည် လူ့ပုံသဏ္ဌာန်ဖြင့် အမြဲထင်ရှားကြသည် (က ၁၈း၁-၁၉း၂၂။ ဒံ ၉း၂၁။ လု ၁း၁၁-၃၈။ တ ၁၂း၅-၁၀)။ နံဝိညာဉ်သည်
ပုံသဏ္ဌာန်ရှိသော "ဝိညာဉ်ခန္ဓာ" ဖြစ်
နိုင်ပါသလား။
လူတချို့သည်
ဘုရားသခင်၏ခန္ဓာကိုယ်အစိတ်အပိုင်းမြင်ခဲ့ကြကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။
မောရှေ၊ အာရုန်၊ နာဒပ်၊ အဘိဟုနှင့် အသက်ကြီးသူ (၇၀) တို့သည် သူ၏ခြေတော်ကို
မြင်ခဲ့ ကြသည် (ထွက် ၂၄း၉-၁၁)။ မိမိမျက်နှာတော်ကိုမပြခဲ့ သော်လည်း၊ မိမိလက်ဖြင့်
မောရှေကို ဖုံးထားပြီးနောက်၊ ဘုရားသခင်သည်ကြွသွားပြီး၊ လက်ကိုရုပ်သိမ်းကာ
မိမိကျောကိုသူ့အားပြသခဲ့သည် (ထွက် ၃၃း၂၀-၂၃)။ ဘုရားသခင်သည် ဒံယေလ ထံသို့
တရားစီရင်ခြင်းမြင်ကွင်းတွင် ပလ္လင်ပေါ် ထိုင်သည့်အသက်ကြီးသော သူကဲ့သို့ထင်ရှား
ခဲ့သည် (ဒံ ၇း၉၊၁၀)။ ခရစ်တော်ကို "မျက်မြင်မရသော ဘုရားသခင်၏ ပုံသဏ္ဌာန်တော်" (ကော ၁း၁၅) နှင့် "ဇာတိအဖြစ်တော်၏ပုံသဏ္ဌာန်" (ဟေဗြဲ ၁း၃) ကဲ့သို့ဖော်ပြသည်။ ဤကျမ်းချက်များက၊
ဘုရားသခင်သည်ပုဂ္ဂိုလ်အဖြစ်ရှိ၍၊ ကိုယ်ပိုင်ပုံသဏ္ဌာန်ရှိသည်ဟူ
သောသဘောကိုညွှန်ပြသည်။ ဤအရာသည်အံ့ဩစရာအကြောင်းမရှိချေ။ အကြောင်းမှာ လူကို
ဘုရားသခင်၏ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းခဲ့သည်။
လူသားကို "ကောင်းကင်တမန်တို့အောက်၌အနည်းငယ်နိမ့်" (ဟေဗြဲ ၂း၇) ၍
ဖန်ဆင်း ခြင်းအရာမှာ၊ သူ့အား ဉာဏအစွမ်းနှင့် ဝိညာဉ်ရေးအစွမ်းများကိုပေးထား
ကြောင်းညွှန်ပြသည်။ အာဒံ သည် အတွေ့အကြုံ၊
ထိုးထွင်းအမြင်နှင့်စာရိတ္တကြီးထွားမှုတို့ မရှိခဲ့သော်လည်း၊ သူသည် "ဖြောင့်မတ်
အောင်ဖန်ဆင်း" (ဒေ ၇း၂၉) ခြင်းခံရပြီး၊
ကိုယ်ကျင့်တရားဖြောင့်မတ်ခြင်း၏စံအဖြစ်
ရည်ညွှန်းထားသည်။ ဘုရားသခင်၏ကိုယ်ကျင့်သဏ္ဌာန်ရှိသည်ဖြစ်ရာ၊ သူသည်
ဖြောင့်မတ်၊ သန့်ရှင်းပြီး (ဧ ၄း၂၄)၊ ဘုရားသခင်က "အလွန်ကောင်းသည် (က ၁း၃၁)
ဟုကြေညာသည့်ဖန်ဆင်းခြင်း၏ အစိတ်အပိုင်း ဖြစ်သည်။
လူသားများကို
ဘုရားသခင်၏ကိုယ်ကျင့်သဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းသည်ဖြစ်ရာ၊ သူတို့
အားမိမိတို့ဖန်ဆင်းရှင်အပေါ်ချစ်ခြင်းနှင့် သစ္စာရှိခြင်းကိုပြသရန်
အခွင့်အရေးပေးထားသည်။ ဘုရားသခင်ကဲ့သို့၊ သူတို့သည် ရွေးချယ်ခြင်း အစွမ်းဖြစ်သော၊
ကိုယ်ကျင့်တရား၏ စေခိုင်းချက်အတိုင်း လွတ်လပ်စွာတွေးခေါ်၊ လုပ်ဆောင်ခြင်းရှိသည်။
ထို့ကြောင့် သူတို့သည် လွတ်လပ်စွာချစ်၍ နားထောင်နိုင်သကဲ့သို့၊ မယုံကြည်မကိုးစား၊
နာခံခြင်းလည်း မရှိဘဲနေနိုင်သည်။ ဘုရားသခင်သည် လူသားတို့၏မှားယွင်းသော
ရွေးချယ်မှုပြုလုပ်ခြင်းကို အရဲစွန့်ခဲ့ သည်။ အဘယ်ကြောင့်ဆိုသော်၊
ရွေးချယ်ရန်လွတ်လပ် မှုကသာလျှင် အကျင့်စာရိတ္တကို တိုးတက်စေနိုင်ပြီး၊
ဘုရားသခင်ကိုယ်တိုင်၏ အနှစ်ချုပ်ဖြစ်သော ချစ်ခြင်းမေတ္တာ၏ နိယာမကို
အပြည့်အဝပြသနိုင်လိမ့်မည် (၁ယော ၄း၈)။ သူတို့၏ ရှေ့ရေးမှာ အမြင့်မားဆုံးသော
ဘုရားသခင်၏ ပုံသဏ္ဌာန်ကိုရောက်ရှိရန် ဖြစ်သည်။ ၎င်းမှာ ဘုရားသခင်ကို စိတ်နှလုံး
အကြွင်းမဲ့၊ ဉာဏ်ရှိသမျှနှင့်ချစ်၍၊ သူတစ်ပါးကို မိမိကိုယ်ကို ချစ်သကဲ့သို့
ချစ်ရန် ဖြစ်သည် (မ ၂၂း၃၆-၄၀)။
အခြားသူများနှင့်ဆက်ဆံရန်ဖန်ဆင်းခြင်း။
သုံးပါးတစ်ဆူဘုရားသည် မေတ္တာ အနှောင်အဖွဲ့ဖြင့် ပေါင်းစည်းသကဲ့သို့၊
ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီဖန်ဆင်း ခံရသော လူသားတို့သည်
မေတ္တာ၏ဆက်နွှယ်မှုကိုပြသရမည်။ ထိုသို့သောမေတ္တာကို အခြေခံသည့် ဆက်ဆံရေးတွင်၊
ကျွန်ုပ်တို့သည် အခြားသူများအတွက် အသက်ရှင်နိုင်သောအခွင့်ထူးရှိ၏။ ဤဘုရားသခင်၏
ပုံသဏ္ဌာန် နှင့် တူသောအပိုင်းကို တိုးတက်စေခြင်းသည် ဘုရားသခင့်နိုင်ငံတော်၏ သဟဇာတဖြစ်မှုနှင့် သာယာ ၀ပြောမှု၏ အရေးပါသော အစိတ်အပိုင်းဖြစ်သည်။
ပတ်ဝန်းကျင်ကိုထိန်းသိမ်းရန်ဖန်ဆင်းခြင်း။ "ဘုရားသခင်က၊ ငါတို့ပုံသဏ္ဌာန်နှင့်တညီ တစ်သဏ္ဌာန်တည်း လူကိုဖန်ဆင်းကြစို့။ သူသည်
ပင်လယ်ငါးတို့ကို လည်းကောင်း၊ မိုးကောင်းကင် ငှက်တို့ကိုလည်းကောင်း၊
သားယဉ်တို့ကိုလည်းကောင်း၊ မြေတစ်ပြင်လုံးနှင့်တကွ၊ မြေပေါ်မှာ တွားတတ်သော
တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း၊ အုပ်စိုးစေဟု အမိန့်တော်ရှိ၏" (က ၁း၂၆)။ ဤ ကျမ်းချက်တွင် ဘုရားသခင်သည် လူတို့၏ ဘုရားရှင်၏
ပုံသဏ္ဌာန်ရှိခြင်းနှင့် သာ၍ နိမ့်ကျသော သတ္တဝါများအပေါ်
သူတို့၏အုပ်စိုးခြင်းကိုတွဲ၍ ပြောဆိုသည်။ ဘုရားသခင်၏ ကိုယ်စားလှယ်များအဖြစ်၊ လူသားများကို
သာ၍နိမ့်ကျသော သတ္တဝါတို့၏အပေါ်တွင်ထားရှိသည်။ တိရစ္ဆာန်များသည် ဘုရားသခင်၏
အချုပ်အခြာ အာဏာကို နားမလည်နိုင်ပါ။ သို့သော်၊ များစွာသောတိရစ္ဆာန်တို့သည်
လူသားများကို အကျိုးပြုနိုင်သည်။
ဒါဝိဒ်သည်လူသားတို့၏
အုပ်စိုးမှုကိုရည်ညွှန်း၍၊ "ဖန်ဆင်းတော်မူသော အရာများကို အုပ်စိုးစေ ၍၊...
ခပ်သိမ်းသောအရာတို့ကို သူ၏ခြေအောက်၌ချထားတော်မူပြီ" (ဆာ ၈း၆-၈) ဟုဖော်ပြသည်။ လူသားတို့၏
မြင့်သောအဆင့်ကိုလည်းရည်ညွှန်းရာတွင် "သူ၏ခေါင်းကို ဘုန်းအသရေနှင့် ပတ်ရစ်
တော်မူပြီ} (ဆာ ၈း၅) ဟုဆိုသည်။
သူတို့၏တာဝန်မှာ လောကကြီး ကိုကြင်နာစွာအုပ်စိုးရန်နှင့် စကြ၀ဠာ အပေါ်
ဘုရားသခင်၏စေတနာဖြင့် အုပ်စိုးခြင်းကို ရောင်ပြန်ဟပ်ရန်ဖြစ်သည်။ ထိုကြောင့်၊
ကျွန်ုပ်တို့သည် အခြေအနေ၏သားကောင်များ မဟုတ်၊ ပတ်ဝန်းကျင်၏ အာဏာသက်ရောက်မှုကို
လည်းခံရကြမည် မဟုတ်ချေ။ ဘုရား သခင်၏ အလိုတော်ပြီး မြောက်စေရန် ကျွန်ုပ်တို့
ရောက်ရှိနေသော အခြေအနေတိုင်းကို အသုံးပြု၍၊ ပတ်ဝန်းကျင်ကိုပုံသွင်းခြင်းဖြင့်
အပေါင်း လက္ခဏာဆောင် သော ထောက်ပံ့မှုကို ပေးရန်၊
ဘုရားသခင်သည်ကျွန်ုပ်တို့ကိုစေခိုင်းသည်။
ဤအမြင်များသည်
ပျက်ပြားမှုပွားများသော ဤလောကတွင် လူသားဆက်ဆံရေး တိုးတက် လာစေရန်သော့ချက်ဖြစ်သည်။
၎င်းတို့သည် သဘာ၀သယံဇာတများကို တစ်ကိုယ် ကောင်းဆန်စွာ သုံးစွဲပစ်ခြင်းနှင့်
ကျန်းမာခြင်းကိုတိုး၍ယိုယွင်းစေသည့် မဆင်မခြင်လေနှင့် ရေ ညစ်ညမ်းစေခြင်းတို့
အတွက်အဖြေကိုပေးသည်။ လူသားတို့၏ သဘာ၀အပေါ် ကျမ်းစာ၏ ရှုထောင့်ကိုလက်ခံခြင်းသည်
အနာဂတ်ကောင်းစားရေးအတွက် တစ်ခုတည်းသော အာမခံ ချက် ဖြစ်သည်။
ဘုရားသခင်စံနမူနာကိုအတုခိုးရန်ဖန်ဆင်းခြင်း။
လူသားများအနေဖြင့်၊ ကျွန်ုပ်တို့သည် တွေးခေါ်လုပ်ဆောင်မှုတွင်
ဘုရားသခင်၏ဂုဏ်တော်ကိုရောင်ပြန်ဟပ် ရမည်။ အကြောင်းမှာ ကျွန်ုပ်တို့ကိုသူ၏
ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းသောကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားမဟုတ်၊
လူသားများဖြစ်သော်လည်း၊ ဖြစ်နိုင်ချေ နည်းလမ်းအားလုံး၌ ကျွန်ုပ်တို့၏
အုပ်စိုးမှုအတွင်းတွင်၊ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ကို ရောင်ပြန်ဟပ်ရမည်။
စတုတ္ထပညတ်က ဤ ဝတ္တရားကိုတောင်းဆိုသည်။ တစ်ပတ်တွင် ခြောက်ရက်အလုပ်လုပ်၍
သတ္တမနေ့တွင်နားခြင်းဖြင့်၊ ကျွန်ုပ်တို့ဖန်ဆင်းရှင်၏စံနမူနာ
ကိုလိုက်လျှောက်ရမည် (ထွက် ၂ဝး၈-၁၁)။
အခြေအနေအပေါ်မသေနိုင်သောအဖြစ်၌ဖန်ဆင်းခြင်း။
ဖန်ဆင်းချိန်က၊ ကျွန်ုပ်တို့၏ မိဦးဖဦး တို့အားမသေနိုင်သော အဖြစ်ကို
ပေးခဲ့သော်လည်း၊ ၎င်းကို ပိုင်ဆိုင်ခြင်းသည် နားထောင်ခြင်း အပေါ် တည်ခဲ့သည်။
အသက်ပင်၏အသီးကိုစားခွင့်ရှိသောကြောင့်၊
အမြဲအသက်ရှင်နေနိုင်သည်။ သူတို့၏
မသေနိုင်သောအဖြစ်ကို သူတို့သည်
ထိခိုက်စေနိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ၊ ကောင်းမကောင်း သိကျွမ်းရာ အပင်၏
အသီးစားခြင်းကို တားမြစ်သည့်ပညတ်ကို ကျူးလွန်ခြင်း အားဖြင့်ဖြစ်သည်။ နားမထောင်ခြင်းသည် သေခြင်း သို့ပို့ဆောင်လိမ့်မည် (က ၂း၁၇)။
ကျရှုံးခြင်း
ဘုရားသခင်၏ပုံသဏ္ဌာန်နှင့်အညီ
ပြည့်စုံစွာဖန်ဆင်းခံရ၍၊ ပြည့်စုံသောပတ်ဝန်းကျင်တွင် ထား ခြင်းခံရသော်လည်း၊
အာဒံနှင့်ဧ၀ တို့သည် ကျူးလွန် သူများဖြစ်လာခဲ့ ကြသည်။ ထိုသို့သော ကြီးကျယ်၍
ကြောက်မက်ဖွယ်သော အပြောင်းအလဲသည် မည်ကဲ့သို့ဖြစ် လာ သနည်း။
အပြစ်၏အစ။
ဘုရားသခင်သည် ပြည့်စုံသောကမ္ဘာကိုဖန်ဆင်းသည် မှန်လျှင်၊ မည်ကဲ့သို့ အပြစ်
ပေါ်ပေါက်ကြီးထွားလာသနည်း။
၁။
ဘုရားသခင်နှင့်အပြစ်၏အစ။ ဖန်ဆင်းရှင်ဘုရားသည် အပြစ်ကိုအစပြုသူလော။
သမ္မာကျမ်းစာကမဟုတ်ဟုဆိုသည်။ ၎င်းက ဘုရားသည်ပင်ကို သဘာ၀၌သန့်ရှင်း၍ (ဟေရှာ ၆း၃)
သူ၌မဖြောင့်မတ်သောအရာမရှိချေ။ "ဘုရားသခင် သည်မူလအမြစ်ဖြစ်၍၊
အမှုတော် သည်စုံလင်ပေ၏။ စီရင်တော်မူသမျှတို့သည် တရားနှင့် ညီလျက်၊ ဥစ္စာစောင့်သောဘုရား၊ အပြစ်ကင်းလွတ်၍၊ ဟုတ်မှန်ဖြောင့်မတ်သော ဘုရားဖြစ်တော်မူ၏" (တရား ၃၂း၄)။ သမ္မာကျမ်းစာက၊ "ဒုစရိုက်သည် ဘုရားသခင်နှင့်
လည်းကောင်း၊ အပြစ်သည် အနန္တတန်ခိုးရှင်နှင့်လည်းကောင်းဝေးပါစေ" (ယောဘ ၃၄း၁၀) ဟူ၍လည်းကောင်း၊ "မကောင်းသောအရာသည်
ဘုရားသခင်ကိုမသွေးဆောင်နိုင်ရာ။ ကိုယ်တော်သည်လည်း အဘယ်သူကိုမျှ
အပြစ်သို့သွေးဆောင်တော်မမူ" (ယာကုပ် ၁း၁၃) ဟူ၍လည်းကောင်း၊ ဘုရားသခင်သည် အပြစ်ကိုမုန်းသည် (ဆာ ၅း၄။ ၁၁း၅) ဟူ၍လည်းကောင်း၊
ဖော်ပြသည်။ ဘုရားသခင်၏ မူလဖန်ဆင်းခြင်းသည် "အလွန် ကောင်းသည်" (က ၁း၃၁)။ အပြစ်ကို ဖန်တီးသူ လုံး၀ မဖြစ် သည်သာမက၊ သူသည် "ယုံကြည်နားထောင်သောသူအပေါင်းတို့အား ထာ၀ရကယ်တင်ခြင်းကျေးဇူးကိုပြုသောသူ
ဖြစ်တော်မူ၏" (ဟေဗြဲ ၅း၉)။
၂။
အပြစ်ကိုဖန်တီးသူ။ ဘုရားသခင်သည်ညွှန်ကြားချက်အတိုင်းသာ လုပ်ဆောင်မည့် စက်ရုပ်များ၏ကမ္ဘာကို ဖန်ဆင်းခြင်းအားဖြင့် အပြစ်ကိုကာကွယ်နိုင် လိမ့်မည်။ သို့သော် ဘုရားသခင်၏
မေတ္တာသည် သူဖန်ဆင်းသောသတ္တဝါများထံမှ လွတ်လွတ်လပ်လပ် တုံ့ပြန်မှု
ကိုတောင်းဆိုသည်။ ထိုသို့ သောတုံ့ပြန်မှုကိုရွေးချယ်နိုင်စွမ်းရှိသော သတ္တဝါများက
သာပြု လုပ်နိုင်သည်။
သို့သော်ငြားလည်း၊
ဤလွတ်လပ်ခြင်းမျိုးကို သူဖန်ဆင်းသောသူတို့အားပေးခြင်းက၊ ဘုရားသခင်သည်
ဖန်ဆင်းသောသတ္တဝါတချို့က သူ့ထံမှထွက်ခွာသွား နိုင်သည်ကို စွန့်စားမှု လုပ်ရမည်ဟူ၍
ဆိုလိုသည်။ အကြောင်းမလှ၍၊ ကောင်းကင်တမန် တို့အထဲတွင် ရာထူးမြင့် သောလူစီဖါသည်
စိတ်ကြီးဝင်လာခဲ့သည် (ယေဇ ၂၈း၁၇)။ ဘုရားသခင်၏အုပ်ချုပ်မှုတွင် မိမိရာထူးကို
မကျေမနပ်ဖြစ်၍ (ယု ၆)၊ သူသည် ဘုရားသခင်ကိုယ်တိုင်၏ နေရာကိုတပ်မက် လာခဲ့သည် (ဟေရှာ
၁၄း၁၂-၁၄)။ စကြ၀ဠာကို ထိန်းချုပ်ရန်ကြိုးပမ်းမှုပြုရာ၊ ဤကျရှုံးသော
ကောင်းကင်တမန်သည် မိမိ ကောင်းကင်တမန် အဖော်များကြားတွင် စိတ်မကျေနပ်မှု မျိုးစေ့
ကိုကြဲပြီး၊ များစွာသော သူတို့၏ သစ္စာခံခြင်းကိုရယူခဲ့သည်။ ထိုသို့ဖြစ်ပေါ်လာသော
ကောင်း ကင်ကတိုက်ပွဲသည် ရန်သူတည်းဟူသော စာတန်ဟုအမည်ရသည့် လူစီဖါနှင့်သူ၏ ကောင်း
ကင်တမန်များကို ကောင်းကင်ဘုံမှနှင်ထုတ်သောအခါ ပြီးဆုံး ခဲ့သည် (ဗျာ ၁၂း၄၊ ၇-၉)။
၃။
လူသားမျိုးနွယ်ထဲတွင်အပြစ်၏မူလ။ ကောင်းကင်ဘုံမှထုတ်ပယ်ခြင်း ကိုမမှုဘဲ၊ စာတန်သည်
သူ၏ဘုရားသခင့်အုပ်ချုပ်မှုကိုပုန်ကန်ခြင်း၌ ပူးပေါင်းအောင် အခြားသူတို့ကို
သိမ်းသွင်းရန် စိတ်ပိုင်းဖြတ်ထားသည်။ သူ၏အာရုံမှာ အသစ်ဖန်ဆင်းသော လူတို့ထံသို့
ရောက်သွားသည်။ သူ သည် ပုန်ကန်ရန်အာဒံနှင့်ဧ၀ကိုမည်ကဲ့သို့ သွေးဆောင်နိုင်မည်နည်း။
သူတို့သည် သူတို့ ဖန်ဆင်း ရှင်က လိုလေသေးမရှိအောင် ပြင်ဆင်သည့် ပြည့်စုံသော ကမ္ဘာ
တွင်နေထိုင်ခဲ့ကြသည်။ သူတို့သည် မိမိတို့ဝမ်းမြောက်ခြင်း၏ အရင်းအမြစ်
ဖြစ်တော်မူသော သူကို မည်ကဲ့သို့စိတ်မကျေနပ်၊ မယုံမကြည် ဖြစ်နိုင်မည်နည်း။
အပြစ်စတင်ဖြစ်စဉ်က အဖြေပေး ထားသည်။
ရှေးဦးလူသားတို့ကိုတိုက်ခိုက်ရာတွင်၊
စာတန်သည်သူတို့ကိုအငိုက်ဖမ်းရန် ဆုံးဖြတ်ခဲ့သည်။ ဧ၀
သည်ကောင်းမကောင်းသိကျွမ်းရာအပင်၏အနီးရှိနေချိန်တွင် ချဉ်းကပ်၍၊ မြွေကဲ့သို့
အယောင်ဆောင်သော စာတန်သည် ထိုအပင်၏ အသီးကိုမစားရန် ဘုရားသခင်၏ တားမြစ်ချက်
အကြောင်းကို သူမအားမေးခဲ့သည်။ သူတို့သည် ထိုအသီးကိုစားလျှင် သေမည် ဖြစ်ကြောင်း
ဘုရားသခင်ပြောခဲ့ သည်ကို ဧ၀သည် အခိုင်အမာ ဆိုသောအခါ၊ စာတန်သည်
ဘုရားရှင်၏တားမြစ်ချက်ကိုစိန်ခေါ်၍၊ "သင်တို့သည် ဧကန်အမှန်သေရမည်မဟုတ်" ဟုဆို သည်။ ဘုရားသခင်နှင့်တူရမည့်အံ့ဖွယ် အသစ်သောအတွေ့အကြုံကို ဘုရားသခင်သည် ထိန်းသိမ်းထားသည်ဟုနားယောင်စေခြင်းဖြင့် သူသည် ဧ၀၏
သိချင်စိတ်ကိုနှိုးဆွပေးခဲ့သည် (က ၃း၄၊၅)။ ချက်ချင်းပင် ဘုရားသခင်၏ စကားကို သံသယ
ဝင်လာခဲ့သည်။ ဧ၀သည် အသီး ကပေးနိုင်သည်ဟုဆိုသည့် ကြီးမားသောအခွင့်အလမ်းများကို
စွဲလမ်းသွားခဲ့သည်။ စုံစမ်းခြင်းသည် သူမ၏ စင်ကြယ်သောစိတ်ကိုစ၍ကသောင်းကနင်းဖြစ်စေခဲ့သည်။ ဘုရားသခင်၏ စကားကိုယုံကြည်မှုမှသည် ယခု
စာတန်၏စကားကိုယုံကြည်မှုသို့ပြောင်းသွားသည်။ ချက်ချင်း၊ သူမက "ထိုအပင်သည်စားဖွယ်ကောင်းခြင်း၊ အဆင်းလည်းလှခြင်း၊ ပညာတိုးပွား စေလိုသောငှါ နှစ်သက်ဖွယ်သောအပင်" ဖြစ်သည်ဟုစိတ်ကူးမိသည်။ မိမိအဆင့်ဖြင့် မကျေနပ်ဘဲ၊ ဧ၀ သည်ဘုရားသခင်ကဲ့သို့ဖြစ်လာမည်ဟူသော စုံစမ်းခြင်းကိုအရှုံးပေးလိုက်သည်။
ဧ၀သည် "အသီးကို ယူ၍စား၏။ မိမိခင်ပွန်းအားလည်းပေး၍၊ သူသည်လည်းစား၏" (က ၃း၆)။
ဘုရားသခင်၏စကားထက်
မိမိအသိစိတ်ကိုကိုးစားသည်ဖြစ်ရာ၊ ဧ၀သည် ဘုရားသခင်အပေါ်
မိမိ၏မှီခိုခြင်းကိုထိခိုက်စေ၍၊ သူမ၏မြင့်သောအဆင့်မှကျသွားပြီး၊ အပြစ်ထဲသို့
ထိုးဆင်းသွားခဲ့သည်။ ထို့ကြောင့် လူသားမျိုးနွယ်၏ကျရှုံးခြင်းသည် ပထမဦးဆုံး
ဘုရားသခင် နှင့် သူ၏စကားကို မယုံကြည်ခြင်းဖြစ်သည်။ ဤမယုံကြည်မှုသည်
နားမထောင်ခြင်းသို့ ဆိုက် ရောက်စေသည်။ ၎င်းသည် ဆက်ဆံရေးကိုပျက်ပြား စေပြီး၊
အဆုံးတွင်ဘုရားသခင်နှင့် လူသား တို့အကြား ကွဲကွာခြင်းကိုဖြစ်စေသည်။
အပြစ်၏အကျိုးသက်ရောက်မှု။
အပြစ်၏ချက်ချင်းအကျိုးဆက်များနှင့် ရေရှည်အကျိုး ဆက် များကားအဘယ်နည်း။
အပြစ်ကိုရှင်းပစ်ခြင်းနှင့် လူ့သဘာ၀တိုးတက်ခြင်း၏ အလားအလာ ကား အဘယ်နည်း။
၁။
ချက်ချင်းအကျိုးဆက်များ။ အပြစ်၏ကနဦးအကျိုးဆက်မှာ လူလူ ချင်းဆက်ဆံမှုနှင့် အတူ
ဘုရားသခင်နှင့်လူသားဆက်ဆံရေးကို ထိခိုက်စေသည့်လူသား၏ သဘာ၀ပြောင်းလဲ မှုဖြစ်သည်။
ရင်ဖိုစရာ မျက်စိပွင့်စေသော အတွေ့အကြုံသစ်သည် အာဒံနှင့်ဧ၀ တို့ကို အရှက် ရခြင်းကို
သာယူဆောင် ပေးခဲ့သည်။ စာတန်ကတိပေးသကဲ့သို့၊ ဘုရားသခင်နှင့် တူလာမည့် အစား၊
သူတို့သည် ကြောက်ရွံ့လာ၍၊ ပုန်းရှောင်ရန်ကြိုးစား ခဲ့ကြသည်။ (က ၃း၈-၁၀)။
ဘုရားသခင်သည်
အာဒံနှင့်ဧ၀တို့အား သူတို့၏အပြစ်အကြောင်းကိုမေးသောအခါ၊ အပြစ်ကို ဝန်ခံမည့်အစား၊
သူတို့သည်တစ်ပါးသူကိုအပြစ်ဖို့ခဲ့ကြသည်။ အာဒံ က "ကျွန်တော်၌ အပ်ပေးတော်မူသောမိန်းမသည် ထိုအပင်၏အသီးကိုပေး၍၊ ကျွန်တော်စားမိပါသည်ဟု လျှောက်လေ၏" (က ၃း၁၂)။ သူ၏စကားသည် သူ၏အပြစ်အတွက် ဧ၀ နှင့် သွယ်ဝိုက်၍
ဘုရားသခင်တို့နှစ်ဦးသည် တာဝန်ရှိသည်ဟုဆိုလိုရာ၊ သူ၏ မယားနှင့်သူ၏ ဖန်ဆင်းရှင်တို့
နှင့် ဆက်ဆံရေးသည် မည်သို့ ပျက်စီးကြောင်းကို ရှင်းလင်းစွာပြသသည်။ ဧ၀သည်လည်း
ပြန်၍ မြွေကိုအပြစ်ဖို့ခဲ့သည် (က ၃း၁၃)။
ဖြစ်ပေါ်လာသောကြောက်
မက်ဖွယ်အကျိုးဆက်တို့သည် သူတို့ကျူးလွန်ခြင်း၏ ပြင်းထန်မှုကို ဖော်ပြသည်။
ဘုရားသခင်သည် စာတန်၏အသုံးခံမြွေကို ကျရှုံးခြင်း၏ ထာ၀ရ သတိပေးချက်အဖြစ်
၎င်း၏ဝမ်းဗိုက်ဖြင့်တွားသွားရန်ကျိန်ခဲ့သည် (က ၃း၁၄)။ ဘုရားသခင် သည် မိန်းမကို "သင်၌ ကိုယ်ဝန်ဆောင်ခြင်းဝေဒနာကို ငါအလွန်များပြားစေမည်။ ပင်ပန်းစွာ ဝေဒနာကိုခံ၍
သားဖွားရမည်။ ကိုယ်ခင်ပွန်း၏အလိုသို့လိုက်၍၊ သူ၏အုပ်စိုးခြင်းကို လည်းခံရမည်ဟု
မိန့်တော်မူ၏" (က ၃း၁၆)။ အာဒံသည်
ဘုရားသခင်အစား၊ မိမိမယား၏စကားကို နားထောင်ခဲ့သောကြောင့်၊ သူ၏စိုးရိမ်မှုနှင့်
အလုပ်ကြမ်းကိုတိုးလာစေရန် မြေကြီးသည် ကျိန်ခြင်းခံရသည်။ "မြေသည်သင်၏အတွက်
ကျိန်ခြင်းကိုခံလျက်ရှိ၏။ မြေ၏အသီးကို တစ်သက်ပတ်လုံးပင်ပန်းစွာစားရမည်။ ဆူးပင်အမျိုးမျိုးတို့ကိုလည်း သင်အဖို့မြေမှာပေါက်စေမည်။ လယ်၌ဖြစ်သောဟင်းသီးဟင်းရွက်
တို့ကိုသင်စားရမည်။ သင်ထွက်ရာမြေသို့မပြန်မီ တိုင်အောင်၊
သင်၏မျက်နှာမှချွေးထွက် လျက်အစာကိုစားရမည်} (က ၃း၁၇-၁၉)။
သူ၏ပညတ်ချက်
မပြောင်းလဲနိုင်ခြင်းနှင့် မည်သည့်ကျူးလွန်ခြင်း မဆိုသေခြင်းဖြစ်ကြောင်းကို
ထပ်လောင်း အတည်ပြုရာတွင်၊ ဘုရားသခင်က၊ "သင်သည်မြေမှုန့်ဖြစ်၍၊ မြေမှုန့်
သို့ပြန်ရမည်ဟု မိန့် တော်မူ၏" (က ၃း၁၉)။ သူသည်
ဤစီရင်ချက်ကို ကျူးလွန်သူတို့အား ဧဒင်ဥယျာဉ်အိမ်မှ ထုတ်ပယ်ခြင်းဖြင့်
ချမှတ်ခဲ့ပြီး၊ သူတို့၏ဘုရားသခင်နှင့်တိုက်ရိုက် ဆက်သွယ်မှုကိုပျက်စီးစေကာ (က
၃း၈)၊ ထာ၀ရအသက်၏ အရင်းအမြစ်ဖြစ်သည့် အသက်ပင်၏အသီးကို စားခြင်းမှတားဆီးခံရကြသည်။
ထိုသို့ဖြင့် အာဒံနှင့်ဧ၀ သည် သေမျိုးဖြစ်လာခဲ့ကြ သည် (က ၃း၂၂)။
၂။ အပြစ်၏စရိုက်။
အထူးသဖြင့်ကျရှုံးခြင်းအကြောင်းအပါအဝင်၊ များစွာသောကျမ်းချက်များသည်
အပြစ်မှာထုတ်ဖော်ပြသသော ဘုရားသခင်၏အလိုဆန္ဒကို ကျူးလွန်ရန် လွတ်လပ် သော
လူသားတို့ရွေးချယ်မှု၏ရလဒ်ဖြစ်သော လူ့ကျင့်ဝတ် မကောင်းမှုဖြစ်ကြောင်း
ရှင်းလင်းဖော်ပြသည် (က ၃း၁-၆။ ရော ၁း၁၈-၂၂)။
(က)
အပြစ်ကိုအနက်ဖွင့်ခြင်း။ အပြစ်ကိုကျမ်းစာ၏အနက်ဖွင့်ဆိုချက်များတွင်၊ "ပညတ်
တော်ကိုလွန်ကျူးခြင်း} (၁ယော ၃း၄)၊
တစ်စုံတစ်ယောက်က ]ကောင်းသောအကျင့်ကို သိလျက်၊ မကျင့်ဘဲနေခြင်း} (ယာ ၄း၁၇) နှင့် ]ယုံကြည်သောစိတ်မရှိဘဲ ကျင့်သမျှသော အကျင့်}
(ရော ၁၄း၂၃) တို့ပါဝင်သည်။ အပြစ်ကို
ကျယ်ကျယ်ပြန့်ပြန့် အနက်ဖွင့်ချက် တစ်ခုမှာ "ဘုရားသခင် တိတိကျကျ ပညတ်ခဲ့သောအရာကို
လျစ်လျူရှုခြင်း သို့မဟုတ် သူသေသေချာချာတားမြစ်သောအရာကို ပြုလုပ်ခြင်းဟူသည့်
သိရှိထားသော ဘုရားသခင်၏ အလိုတော်မှ တစ်စုံတစ်ရာလမ်းလွဲခြင်းဖြစ်သည်။
အပြစ်တွင်ကြားနေရေးဝါဒမရှိချေ။
ယေရှုက "ငါ့ဘက်၌မနေသောသူသည် ငါ့ရန်ဘက် ဖြစ်၏" (မ ၁၂း၃၀) ဟုဆိုသည်။ သူ့ကိုမယုံကြည်ခြင်းသည် အပြစ်ဖြစ်သည်
(ယော ၁၆း၉)။ အပြစ်သည် ၎င်း၏အကျင့်စာရိတ္တတွင်အကြွင်းမဲ့ ရှိသည်။
အဘယ်ကြောင့်ဆိုသော်၊ ၎င်း
သည်ဘုရားသခင်နှင့် သူ၏ အလိုကိုပုန်ကန်ခြင်း ဖြစ်သည်။ မည်သည့်အပြစ်မဆို၊ ကြီးသည်
ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ အပြစ်စီရင်ခြင်းကို ခံရမည်။ ထို့ကြောင့်၊ "ပညတ်တရားအလုံးစုံကို စောင့်ရှောက်သည်တွင်၊ တစ်စုံတစ်ခု၌မှားမိလျှင်၊
ပညတ်တရားအလုံးစုံကို လွန်ကျူးသော အပြစ်ရှိ၏" (ယာ ၂း၁၀)။
(ခ)
အပြစ်တွင်အတွေးနှင့်လုပ်ရပ်တို့ပါဝင်သည်။ ပညတ်တော်ကျူးလွန်ခြင်းကို လက်ဆုပ်
လက်ကိုင်ပြနိုင်၍၊ မြင်နိုင်မှသာအပြစ်ဟုမကြာခဏပြောတတ်ကြသည်။ သို့သော်၊
တစ်စုံတစ်ဦးကို အမျက်ထွက်ခြင်းသည် "လူအသက်ကိုမသတ်နှင့်" (ထွက် ၂ဝး၁၃) ဟူသော ဆဌမပညတ်နှင့်
လွန်ကျူးလိုသောတဏှာစိတ်သည်လည်း "သူ့မယားကို မပြစ်မှားနှင့်" (ထွက် ၂ဝး၁၄) ဟူသော ပညတ်ကိုချိုးဖောက်ခြင်းဖြစ်ကြောင်း
ခရစ်တော် ပြောခဲ့သည်။ ထို့ကြောင့်၊ အပြစ်သည် နားမထောင်မှုဖြင့်လုပ်ဆောင်ခြင်းသာမက၊ အတွေးများနှင့် စိတ်ဆန္ဒတို့လည်းပါဝင်သည်။
(ဂ)
အပြစ်နှင့်အပြစ်သင့်ခြင်း။
အပြစ်သည်အပြစ်သင့်စေသည်။ ကျမ်းစာရှုထောင့်မှ ကြည့်သော်၊ အပြစ်သင့်သည်အရာမှာ အပြစ်ကျူးလွန်သူသည် အပြစ်ပေးခံရ မည်ဟု
ဆိုလို သည်။ လူအားလုံးသည် အပြစ်သားများဖြစ်သောကြောင့်၊ "ဘုရားသခင့် ရှေ့တော်၌
အပြစ်သင့်သော သူများ ဖြစ်ကြ၏" (ရော ၃း၁၉)။
]သေသေချာချာဂရုမစိုက်လျှင်၊
အပြစ်သင့်ခြင်းသည် ကာယ၊ ဉာဏ၊ ဝိဉာဏအစွမ်းများ ကို အကြီးအကျယ်ဖျက်ဆီးသည်။
အကယ်၍မဖြေရှင်းပါက၊ ၎င်းသည် အဆုံးတွင်သေခြင်းကို ဖြစ်စေ သည်။
အပြစ်တရား၏အခကားသေခြင်းပေတည်း} (ရော ၆း၂၃)။
အပြစ်သင့်ခြင်း
အတွက်ဖြေဆေးမှာ ရှင်းလင်းငြိမ်သက်သော စိတ်ကိုဖြစ်စေသည့် ခွင့်လွှတ်ခြင်း ဖြစ်သည်
(မ ၆း၁၂)။ ဘုရားသခင်သည် နောင်တရသောအပြစ်သားတို့အား ဤခွင့်လွှတ်ခြင်းကို ပေးရန်
စိတ်ထက်သန်သည်။ အပြစ်ဝန်ထုပ်ထမ်း၍ အပြစ်သင့်ခြင်း၏ ဖိစီးခြင်းကို ခံရသော လူသား
မျိုးနွယ်အား၊ ခရစ်တော်သည် "ဝန်လေး၍ ပင်ပန်းသော သူအပေါင်းတို့၊
ငါ့ထံသို့လာကြလော့။ ငါသည် ချမ်းသာပေးမည်" (မ ၁၁း၂၈) ဟုကြင်နာစွာခေါ် ဖိတ်သည်။
(ဃ)
အပြစ်ကိုထိန်းချုပ်ရာဗဟို။ အပြစ်၏အခြေစိုက်ရာကို သမ္မာကျမ်းစာက နှလုံးဟု ခေါ် ဆို
ပြီး၊ တစ်နည်းအားဖြင့်စိတ်ဖြစ်သည်။ "နှလုံးသည် အသက်၏အခြေ အမြစ်ဖြစ်၏" (သု ၄း၂၃)။ လူကို ညစ်ညမ်းစေသောအရာမှာ စိတ်ကူးအတွေးဖြစ်သည်ဟု
ခရစ်တော်ဖော်ပြ သည်။ ]မကောင်းသော ကြံစည်ခြင်း၊ လူ့အသက်ကိုသတ်ခြင်း၊
သူ့မယားကိုပြစ်မှားခြင်း၊ မိန်းမလွတ်နှင့်မှားယွင်းခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊
မမှန်သော သက်သေကိုခံခြင်း၊ သူ့ အသရေ ကိုဖျက်ခြင်းအရာတို့သည် နှလုံးထဲက ထွက်လာ၏}
(မ ၁၅း၁၉)။ စိတ်သည် စိတ်ဆန္ဒ၊ အသိဥာဏ်၊
ချစ်ခြင်း၊ စိတ်လှုပ်ရှားခြင်းနှင့် ကိုယ်ခန္ဓာ စသည့်လူတစ်ခုလုံးကိုလွှမ်းမိုးသည်။ "စိတ်နှလုံးသည် ခပ်သိမ်း သောအရာထက်စဉ်းလဲ" (ယေ ၁၇း၉)
သောကြောင့်၊ လူ့သဘာ၀ သည် အကျင့်စာရိတ္တပျက်ပြားပြီး၊ လုံးလုံး အပြစ်ရှိသည်။
၃။
လူသားတို့အပေါ်အပြစ်၏သက်ရောက်မှု။ တားမြစ်ထားသောအသီးကို စားခြင်းအတွက်
အပြစ်ဒဏ်သေခြင်းသည် အလွန်ပြင်းထန်သည်ဟု လူတချို့ခံစားနိုင်သည်။ သို့သော်
အပြစ်ကျူးလွန်ခြင်း၏ လေးနက်မှုကို လူသားများအပေါ်အာဒံအပြစ်၏ အကျိုးသက်ရောက်မှု
ရှုထောင့်မှသာ ကျွန်ုပ် တို့ မှန်းဆနိုင်သည်။
အာဒံနှင့်ဧ၀တို့၏ပထမသားသည်
လူသတ်မှုကိုကျူးလွန်ခဲ့သည်။ သူတို့၏ သားမြေးစဉ်ဆက်တို့သည်
မယားပြိုင်ယူခြင်းအားဖြင့် စင်ကြယ်သော ထိမ်းမြားပေါင်းသင်းခြင်းကို
ချိုးဖောက်ပြီး၊ မကြာမီတွင်ကမ္ဘာမြေသည်ဆိုးသွမ်းခြင်းနှင့် အကြမ်းဖက်ခြင်းများဖြင့်ပြည့်လာခဲ့သည် (က ၄း၈၊၂၃။ ၆း၁-၅၊၁၁-၁၃)။ နောင်တရ၍ပြောင်းလဲရန် အတွက်
ဘုရားသခင်၏ မေတ္တာရပ်ခံချက်ကို ဂရုမစိုက် ဘဲ၊ နောင်တမရသောသူတို့ကို ဖျက်ဆီးသည့်
ရေလွှမ်းမိုးခြင်းမှ လူရှစ်ဦးသာ ကယ်တင်ခြင်း ခံခဲ့ရသည်။ ခြွင်းချက်အနည်း
ငယ်မှလွဲ၍၊ ရေလွှမ်းမိုးပြီး နောက်ပိုင်းလူ့သမိုင်းသည် အပြစ်ရှိသော လူ့ဇာတိ၏
ဝမ်းနည်း ဖွယ်လုပ်ရပ်များသာ ဖြစ် တော့ သည်။
(က)
တစ်လောကလုံးလူသားအပြစ်ရှိခြင်း။ သမိုင်းကအာဒံ၏သားစဉ် မြေးဆက်တို့ သည်
သူ၏အပြစ်ရှိသောဇာတိကိုဆက်ခံကြကြောင်းဖော်ပြသည်။ ဆုတောင်း ရာတွင် ဒါဝိဒ် က၊ "ရှေ့တော်၌ အပြစ်ကင်းစင်ရာသို့မရောက်ရပါ" (ဆာ ၁၄၃း၂)
ဟုဆိုခဲ့သည်။ "မပြစ်မှားတတ်သော လူတစ်ယောက်မျှမရှိ" (၃ရာ ၈း၄၆)။ ထို့နောက် ရှောလမုန်က၊ "ငါသည် ကိုယ်
စိတ်နှလုံးကိုစင်ကြယ်စေပြီ။ အပြစ်နှင့်ကင်းလွတ်စေ၏ဟု အဘယ်သူဆိုနိုင်သနည်း" (သု ၂ဝး၉။ ဒေ ၇း၂၀) ဟုဆိုခဲ့သည်။
ဓမ္မသစ်ကျမ်းသည်လည်းအလားတူရှင်းသည်။ "လူအပေါင်း တို့သည် ဒုစရိုက်ကိုပြု၍၊
ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ" (ရော ၃း၂၃)။ "ကိုယ်အပြစ်မရှိ ဟုငါတို့သည်ဆိုလျှင်၊ ကိုယ့်ကိုကိုယ် လှည့်ဖြားကြ၏။
ငါတို့၌သစ္စာတရားမရှိ" (၁ယော ၁း၈)။
(ခ)
အပြစ်ကိုအမွေဆက်ခံခြင်းလော၊ သို့မဟုတ် ကျင့်ယူခြင်းလော။ ပေါလုက "လူအပေါင်းတို့သည် အာဒံအားဖြင့်သေခြင်းသို့ရောက်သည်" (၁ကော ၁၅း၂၂) ဟုဆိုခဲ့သည်။ အခြားကျမ်း ချက်တွင်လည်း သူက "အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍၊ အပြစ်တရားအားဖြင့်သေခြင်း
တရားဝင်သည်နှင့်အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏" (ရော ၅း၁၂) ဟုရေးမှတ်ခဲ့သည်။
လူ့စိတ်နှလုံး၏ပျက်စီးခြင်းသည်
လူတစ်ကိုယ်လုံးကိုထိခိုက်စေသည်။ ဤအချက်နှင့် ပတ်သက် ၍ ယောဘက၊ "မသန့်ရှင်းသောအရာထဲက
သန့်ရှင်းသောအရာကို အဘယ်သူ ထုတ်ဖော်နိုင် သနည်း။ အဘယ်သူမျှမထုတ်ဖော်နိုင်ပါ" (ယောဘ ၁၄း၄) ဟု အံ့အားသင့်စွာ ပြောခဲ့သည်။
ဒါဝိဒ်က၊ "အကျွန်ုပ်သည် မွေးစကပင်အပြစ်ပါလျက်ရှိပါ၏။ အမိဝမ်းထဲမှာ
ပဋိသန္ဓေယူစဉ်ပင်အပြစ်စွဲပါ၏" (ဆာ ၅၁း၅)
ဟုပြောခဲ့ သည်။ ပေါလုကလည်း၊ "ဇာတိပကတိ စိတ်သဘောသည် ဘုရားသခင်နှင့်
ဆန့်ကျင်ဘက်ဖြစ်၏။ ဘုရားသခင်၏ တရား တော်အလိုသို့မလိုက်တတ်။ ထိုမျှမကမလိုက်နိုင်။
ထိုကြောင့် ဇာတိပကတိ၌ ကျင်လည်သော သူတို့သည် ဘုရားသခင်၏စိတ်တော်နှင့် မတွေ့နိုင်ကြ" (ရော ၈း၇၊၈) ဟုဖော်ပြသည်။ ယုံကြည်သူများသည်
မပြောင်းလဲမီ၊ အခြားလူသားများကဲ့သို့ပင် "ပကတိအတိုင်း အမျက်တော်ကို
ခံရသောသူဖြစ်ကြ၏" (ဧ ၂း၃) ဟု
သူညွှန်ပြခဲ့သည်။
ကလေးများကဲ့သို့
ကျွန်ုပ်တို့သည်အတုယူခြင်းဖြင့် အပြစ်ရှိသောအပြုအမူကို ကျင့်ကြ သော်လည်း၊
အထက်ပါကျမ်းချက်များက ကျွန်ုပ်တို့၏ပင်ကိုအပြစ်ရှိခြင်းမှာ အမွေဆက်ခံ
ခြင်းဖြစ်ကြောင်းကို အတည်ပြုသည်။ တစ်လောကလုံးရှိလူသားတို့အပြစ် ရှိခြင်းသည်၊ ဇာတိ
အားဖြင့် ကျွန်ုပ်တို့သည်အကောင်းဘက်သို့မဟုတ်ဘဲ၊ အဆိုးဘက် သို့တိမ်းနေကြောင်း
သက်သေ ဖြစ်သည်။
(ဂ)
အပြစ်ရှိသောအပြုအမူကိုအမြစ်ဖြတ်ခြင်း။ လူတို့သည်မိမိတို့ အသက်တာနှင့် လူ့အဖွဲ့
အစည်းမှအပြစ်ကိုဖယ်ရှားရာတွင် မည်မျှအောင်မြင်သနည်း။
မိမိကိုယ်ပိုင်ခွန်အားဖြင့်
ဖြောင့်မတ်သော အသက်တာကိုရရှိရန် ကြိုးစားမှုတိုင်းသည် စိတ်ဓာတ်ကျစရာ ချည်းဖြစ်သည်။
ခရစ်တော်ကအပြစ်ရှိသောသူတိုင်းသည် အပြစ်၏ ကျေးကျွန်ဖြစ်သည်ဟု ဆိုသည်။
ဘုရားရှင်၏တန်ခိုးကသာလျှင် ဤကျေးကျွန်ဘ၀မှ ကျွန်ုပ် တို့ကိုလွတ်မြောက် စေနိုင်
သည်။ ခရစ်တော်သည် ကျွန်ုပ်တို့ကိုအာမခံသည်မှာ "သားသည်
သင်တို့ကိုလွှတ်လျှင်၊ သင်တို့သည် ဧကန်အမှန်လွတ်ကြလိမ့်မည်" (ယော ၈း၃၆) ဟူ၍ ဖြစ် သည်။ သူက "ငါနှင့်ကွာလျှင် သင်တို့သည်
အဘယ်အမှုကိုမျှမတတ်နိုင်ကြ" သောကြောင့်၊ "သင်တို့သည် ငါ၌... တည်" မှသာလျှင်၊
ဖြောင့် မတ် ရာသို့ရောက်နိုင်မည်ဟုဆိုခဲ့သည် (ယော ၁၅း၄၊၅)။ "ကျူးလွန်ခြင်းအမှုအားလုံး၊ ခရစ်တော်၏ ကျေးဇူးတော်ကို လျစ်လျူရှုခြင်း၊ သို့မဟုတ်
ငြင်းပယ်ခြင်းအားလုံးသည် သင့်ကိုသင်တုံ့ပြန် နေခြင်းဖြစ်သည်။ ၎င်းသည်
စိတ်နှလုံးကိုခိုင်မာစေသည်၊ စိတ်ဆန္ဒကို ယုတ်မာစေသည်၊ နားလည်ခြင်းကိုလည်း
ထိုင်းမှိုင်း စေသည်။ ၎င်းသည် သင့်ကိုဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်၏
ကြင်နာသော တောင်းပန်ခြင်းကို လိုက်လျှောက် နိုင်မှုလျော့နည်းစေသည်။
တမန်တော်ပေါလုပင်လျှင်
သူ့ဘာသာသူ ဖြောင့်မတ်သော အသက်တာဖြင့်နေထိုင်ရန် မတတ် နိုင်ခဲ့ချေ။ သူသည်
ဘုရားသခင့် ပညတ်တော်၏ ပြည့်စုံသော စံချိန်ကိုသိသည်။ သို့သော် သူသည် ၎င်းကို
ရယူရန်မစွမ်းဆောင်နိုင်ချေ။ မိမိ၏ ကြိုးစားမှုများကိုပြန်၍ ပြောပြသည်မှာ "ငါသည်ကိုယ်ကျင့်သော အကျင့်ကိုမနှစ်သက်။ ကျင့်ချင်သောအကျင့် ကိုမကျင့်၊
ရွံရှာသောအကျင့်ကိုကျင့်၏။" "ငါသည်ကျင့်ချင်သောအကျင့်ကောင်းကိုမကျင့်၊ မကျင့်ချင်သောအကျင့်ဆိုးကိုကျင့်၏" ဟူ၍ ဖြစ်သည်။ ထို့နောက်မိမိအသက်တာ၌အပြစ်၏ အကျိုး
သက်ရောက်မှုကိုသူဖော်ပြခဲ့သည်။ "ထိုသို့ ငါသည် မကျင့်ချင်သော အကျင့်ကိုကျင့်လျှင်၊
ငါကိုယ်တိုင်ကျင့်သည်မဟုတ်။ ငါ့အထဲ၌နေသော အပြစ်တရားသည်ကျင့်၏" သူသည် ကျရှုံးခြင်းများရှိလင့်ကစား၊ ဘုရားသခင်၏စုံလင်သော
စံချိန်ကို နှစ်သက်သည်။ "ငါသည် အတွင်းလူအားဖြင့် ဘုရားသခင်၏ပညတ်တရားကို နှစ်သက်၏။
သို့သော်လည်း ငါ့ကိုယ် အင်္ဂါများ၌ရှိသောတရားတစ်ပါးသည် စိတ်ဝိညာဉ်တရားကို
ဆိုင်ပြိုင်တိုက် လှန်သဖြင့်၊ ငါ့ကိုယ်အင်္ဂါများ၌ ရှိသောအပြစ်တရား လက်သို့
ငါ့ကိုဖမ်းသွား အပ်နှံသည်ကိုငါ မြင်၏။ ငါသည်ငြိုငြင် သောသူဖြစ်ပါသည် တကား။
ဤအသေကောင်မှ ငါ့ကိုအဘယ်သူ ကယ်လွှတ် မည် နည်း။" (ရော ၇း၁၅၊၁၉၊၂၀၊၂၂-၂၄)။
သူသည်အောင်မြင်ရန်
ဘုရားရှင်၏တန်ခိုးလိုအပ်သည်ကိုအဆုံးတွင် အသိအမှတ်ပြုခဲ့ သည်။
ခရစ်တော်အားဖြင့်သူသည် ဇာတိပကတိအသက်တာကိုဖယ်ရှားပြီး၊ ဝိညာဉ်တော်အားဖြင့် အသက်တာ အသစ်ကိုအစပြုခဲ့သည် (ရော ၇း၂၅။ ၈း၁)။
ဝိညာဉ်တော်၌
ဤအသစ်သောအသက်တာသည် ဘုရားသခင်၏ပြုပြင်ပြောင်းလဲသော ဆုကျေးဇူးဖြစ်သည်။ "ဒုစရိုက်အပြစ်၌ သေလျက်နေသော" ကျွန်ုပ်တို့သည်
ဘုရားရှင်၏ ကျေးဇူးတော်အားဖြင့်အောင်မြင်သောသူများဖြစ်လာကြသည် (ဧ ၂း၁၊၃၊၈-၁၀)။
ဝိညာဉ်ရေးအသစ်မွေးဖွားခြင်းသည် အသက်တာကိုပြောင်းလဲသည်ကို (ယော ၁း၁၃။ ၃း၅)၊
ကျွန်ုပ် တို့သည် အသစ်သောသတ္တဝါ ဟုခေါ်သည်။ "ဟောင်းသောအရာတို့သည်ပြောင်းလဲ၍၊
ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ" (၂ကော ၅း၁၇)။
သို့သော်လည်း၊ အသစ်သောအသက်တာသည် အပြစ်ပြုနိုင်ခြေ ကို မဖယ်ထုတ်ချေ (၁ယော ၂း၁)။
၄။
ဆင့်ကဲဖြစ်စဉ်နှင့်လူသားတို့၏ကျရှုံးခြင်း။
ဖန်ဆင်းခြင်းအချိန်မှစ၍၊ စာတန်သည် လူသား တို့၏အစနှင့်
အပြစ်ထဲသို့ကျရှုံးခြင်းအကြောင်း ကျမ်းစာမှတ်တမ်းကို ယုံကြည် လက်ခံ စိတ်လျော့
နည်းစေခြင်းဖြင့် များစွာသောသူတို့ကိုရှုပ်ထွေးစေသည်။ ဆင့်ကဲဖြစ်စဉ် ကို
လူသားတို့အား သဘာ၀
အလျောက်ရှုမြင်ခြင်းဟုခေါ်ဆိုနိုင်သည်။ ၎င်းရှုထောင့်မှာ အသက်သည် မတော်တဆတိုက်ဆိုင်မှု
ကြောင့်ဖြစ်လာခဲ့ပြီး၊ ရှည်လျားသောဆင့်ကဲဖြစ်စဉ် အားဖြင့် လူသားတို့သည် သာ၍အဆင့်နိမ့်သော သက်ရှိများမှ
ပေါ်ထွက်လာသည် ဟူသော ယူဆချက်အပေါ်အခြေခံသည်။ အသန်စွမ်းဆုံးသော သူ သည်
ရှင်သန်ရမည်ဟူသော ဖြစ်စဉ် အားဖြင့်၊ သူတို့သည် လက်ရှိအခြေအနေအထိတစ်စတစ်စ တိုး
တက်ပြောင်းလဲလာခဲ့သည်။ သို့သော် သူတို့အဆုံးသို့မရောက်ရှိသေးဘဲ၊ ဆက်လက် တိုးတက်
ပြောင်းလဲနေ သေးသည်ဟူသော အယူအဆဖြစ်သည်။
ဘုရားသခင်သည်
ဆင့်ကဲဖြစ်စဉ်အသုံးပြု၍၊ ကမ္ဘာဦးကျမ်းမှဖန်ဆင်းခြင်းကို ဖြစ်စေသည်ဟု ယုံကြည်သော
ခရစ်ယာန်များ များပြားလာနေသည်။ ဘုရားရှင်ကဆင့်ကဲ ဖြစ်စဉ်ကို အသုံးပြုသည်ဟူသော
ယူဆချက်သည် ကမ္ဘာဦးကျမ်း၏ ပထမပိုင်းအခန်းကြီးများကို အမှန်တရားအဖြစ်လက်မခံဘဲ၊
ပုံပမာ သို့မဟုတ် ဒဏ္ဍာရီကဲ့သို့ရှုမြင်ကြသည်။
(က)
လူသားတို့နှင့်ဆင့်ကဲဖြစ်စဉ်ကိုကျမ်းစာ၏ရှုထောင့်။ ဖန်ဆင်းခြင်းကို ယုံကြည်သော
ခရစ်ယာန်တို့သည် ခရစ်ယာန်ယုံကြည်ခြင်းအပေါ် ဆင့်ကဲဖြစ်စဉ်အယူအဆ၏ အကျိုး သက်ရောက်မှုကို စိုးရိမ်နေကြသည်။ ဂျိမ်းစ်အိုးရ် (James Orr) က၊ ယနေ့ ခရစ်ယာန်ဘာသာသည် တိုက်ခိုက်ခံ နေရသည်။
သို့သော် ၎င်း၏ယုံကြည်ချက်များ အပေါ် တစ်စချင်း တိုက်ခိုက်ခံနေရခြင်းမျိုးမဟုတ်ဘဲ၊
ပိုင်နိုင်စွာတည်ဆောက်ကာကွယ်ထားသည့် သိပ္ပံဆိုင်ရာရပ်တည်ချက်များအပေါ်
အခြေခံသည်ဟုဆိုသည့် ခိုင်မာစွာခံယူသောလောက၏ တန်ပြန်ရှုထောင့်ဖြင့်ဖြစ်သည်။ ၎င်း၏
အခြေခံအတွေးအခေါ်များသည် ခရစ်ယာန်စနစ်၏ အမြစ်များကို တိုက်ခိုက်နေသည်" ဟုဆိုသည်။
သမ္မာကျမ်းစာသည်
ကမ္ဘာဦးကျမ်းကိုဥပမာဆန်ဆန် သို့မဟုတ် ဒဏ္ဍာရီ ဆန်ဆန် အနက်ဖွင့်ခြင်း ကိုပယ်ချသည်။
ကျမ်းစာကိုရေးသားသောသူများကိုယ်တိုင် ကမ္ဘာဦးကျမ်း အခန်း ကြီး (၁-၁၁) ကို
အရှိအတိုင်းအနက်ဖွင့်ဆိုကြသည်။ အာဒံ၊ ဧ၀၊ မြွေနှင့် စာတန်တို့ကို
မဟာတိုက်လှန်ပွဲဖြစ်စဉ်တွင် ဇာတ်ဆောင်များအဖြစ်တွေ့မြင်ရ သည် (ယောဘ ၃၁း၃၃၊ ဒေ ၇း၂၉။ မ
၁၉း၄၊၅။ ယော ၈း၄၄။ ရော
၅း၁၂၊၁၈၊၁၉။ ၂ကော ၁၁း၃။ ၁တိ ၂း၁၄။ ဗျာ ၁၂း၉)။
(ခ)
ကရာနီနှင့်ဆင့်ကဲဖြစ်စဉ်။ ဆင့်ကဲဖြစ်စဉ်သည် မည်သည့်ပုံစံမျိုးဖြင့် ရှိသည်ဖြစ်စေ၊
ခရစ်ယာန်ဘာသာ၏ အခြေခံအုတ်မြစ်နှင့် ဆန့်ကျင်သည်။ လီယိုနတ် ဗားဒွန်း (Leonard Verduin) သည် အခိုင်မာဆိုသည်မှာ "အပြစ်ထဲသို့ကျရောက်ခြင်းဖြစ် ရပ်နေရာတွင် တိုးတက်မှုဖြစ်စဉ်က အစားထိုးဝင်လာသည်" ဟူ၍ဖြစ်သည်။ ခရစ်ယာန်ဘာသာနှင့် ဆင့်ကဲဖြစ်စဉ်သည် လုံးလုံး ဆန့်ကျင်သည်။ ကျွန်ုပ်တို့၏မိဦးဖဦးတို့သည် ဘုရားသခင်၏
ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းခြင်းခံရ သည်ဖြစ်၍၊ သူတို့သည် အပြစ်ထဲသို့
ကျရောက်ခဲ့သည် သို့မဟုတ် မကျရောက်ခဲ့ပါဟူသည့် အဆိုနှစ်ခုမှ တစ်ခုခုကိုလက်ခံရလိမ့်မည်။
သူတို့သည် အပြစ်ထဲသို့ မကျရောက်ခဲ့သော်၊ အဘယ်ကြောင့် ခရစ်ယာန်ဖြစ်ရမည်နည်း။
ကရာနိသည်
ဆင့်ကဲဖြစ်စဉ်နှင့်သက်ဆိုင်၍ အခက်ခဲဆုံးမေးခွန်းထုတ်လိုက်သည်။ အကယ်၍
အပြစ်ထဲသို့ကျရောက်ခြင်းမရှိခဲ့လျှင်၊ အဘယ်ကြောင့် ခရစ်တော်သည် ကျွန်ုပ်တို့
ကိုယ်စား အသေခံရန် လိုအပ်သနည်း။ ယေဘုယျအားဖြင့် သေခြင်းမျှ သာမဟုတ်ဘဲ၊
ကျွန်ုပ်တို့အတွက် ခရစ်တော်၏ အသေခံခြင်းက လူသားတို့သည် မကောင်းကြောင်းကို
ကြွေးကြော်သည်။ ကိုယ့်ဘာသာ နေရန်ထား ခြင်းခံရမည်ဆိုပါက၊ လူသားမျိုးနွယ်သည် ပျက်သုဉ်းသည်အထိဆက်၍ ပိုမိုဆိုးရွားသွားလိမ့်မည်။
ကျွန်ုပ်တို့၏
မျှော်လင့်ချက်သည် လက်ဝါးကပ်တိုင်ပေါ်တွင် ဆွဲထားခြင်းခံရတော်မူသော
လူသားအပေါ်၌တည်သည်။ သူ၏သေခြင်းကသာလျှင် ဘယ်ခါမျှ မဆုံးသည့် သာ၍ကောင်း ပြီး
ပြည့်စုံ သော အနာဂတ်အသက်တာအတွက်လမ်းဖွင့်ပေးသည်။ ကျွန်ုပ်တို့ကိုလွှတ်ပေးရန်
အစားထိုး သူလို အပ်ကြောင်း ကရာနိကကြေညာသည်။
(ဂ)
လူ့ဇာတိခံယူခြင်းနှင့်ဆင့်ကဲဖြစ်စဉ်။ ခရစ်တော်၏လူ့ဇာတိခံယူခြင်း ရှုထောင့်မှ လူသား
ဖန်ဆင်းခြင်းကို ရှုမြင်ခြင်းအားဖြင့် ဖန်ဆင်းခြင်းနှင့်ဆင့်ကဲဖြစ်
စဉ်နှင့်ဆိုင်သော မေးခွန်းကို အကောင်းဆုံးဖြေနိုင်ပါလိမ့်မည်။ သမိုင်းထဲသို့ ဒုတိယ
အာဒံဖြစ်သော ခရစ်တော် ကို ယူဆောင်လာရာတွင်၊ ဘုရားသခင်သည်ပြောင်မြောက်စွာ
လုပ်ဆောင်ခဲ့သည်။ အကယ် ၍ဘုရားသခင်သည် ဤ အမြင့်ဆုံးသောနိမိတ်ကိုဖန်တီးနိုင်လျှင်၊
ပထမအာဒံကိုဖန်ဆင်းရန် သူ၏အစွမ်းကိုသံသယရှိစရာမရှိချေ။
(ဃ)
နှစ်ပေါင်းများစွာအတွင်းလူသားများဖြစ်လာသလော။ ဆင့်ကဲဖြစ်စဉ်ကို လက်ခံ သူတို့သည်
လွန်ခဲ့သောရာစုနှစ်အနည်းငယ်က သိပ္ပံဆိုင်ရာအကြီးအကျယ် တိုးတက်မှုကို သက်သေထား၍၊
လူသားများသည် မိမိတို့ကံကြမ္မာကိုစီရင်ပိုင်နိုင်ဟန် ရှိသည်ဟုဆိုကြ သည်။
သူတို့လိုအပ်ချက်များကို သိပ္ပံပညာ၏ အထောက်အပံ့ဖြင့် လုံလောက်သော အချိန်ရရှိ
မည်ဆိုလျှင်၊ သူတို့သည် လောက၏ ပြဿနာအားလုံးကိုဖြေရှင်းနိုင်မည်ဟု ဆိုကြသည်။
သို့ရာတွင်
နည်းပညာကို ကယ်တင်ရှင်ပမာ ထားရှိခြင်းသည်တိုး၍ဝေဖန်မှု ခံနေရသည်။
အဘယ်ကြောင့်ဆိုသော် နည်းပညာသည် ဂြိုဟ်ကမ္ဘာကိုပျက်သုဉ်းခြင်း၏ ချောက်ကမ်းပါးစွန်းသို့ တွန်းပို့လျက်ရှိသည်။ လူသားတို့သည် အပြစ်ရှိသောစိတ်နှလုံးကို
နှိမ်နင်းထိန်းချုပ်ရန် လုံး၀မစွမ်းနိုင်ချေ။ သို့ဖြစ်၍၊
သိပ္ပံပညာတိုးတက်မှုအားလုံးသည် ကမ္ဘာကြီးကိုပို၍သာ အန္တရာယ် ရှိစေသည်။
ဘုရားတရားမဲ့ဝါဒဆိုင်ရာအတွေးအခေါ်များနှင့်
မျှော်လင့်ချက်ပျက်သုဉ်းခြင်းသည်တိုး၍ ခိုင်လုံ နေဟန်ရှိသည်။
အလက်ဇန္ဒားဒါးပုပ်ရဟန်း၏အဆိုအမိန့်မှာ "မျှော်လင့်ခြင်းသည် လူသားတို့၏ စိတ် နှလုံး
ထဲမှအစဉ်စီးထွက်လာသည်" ဟူ၍ဖြစ်သည်။ ယောဘ သည်
အမှန် တရားကို သာ၍ သဘောပေါက်သည်။ "ငါ့နေ့ရက်တို့သည်... မျှော်လင့်ခြင်း မရှိဘဲလွန်
သွား တတ်ကြ၏" (ယောဘ ၇း၆)။
လူသားတို့ကမ္ဘာသည် လုံးပါးပါးလာ နေသည်။ တစ်စုံတစ်ဦးသည်
လူ့သမိုင်းတစ်ဖက်ကမ်းမှလာ၍၊ လောကသို့ချင်းနင်း ဝင်ရောက်ကာ၊ အမှန်တရား
အသစ်ကိုယူဆောင်လာရပါလိမ့်မည်။
မျှော်လင့်ခြင်းရောင်ခြည်များ။
လူသားတို့၏ စာရိတ္တပျက်ပြားခြင်းသည် မည်မျှပင်ကြီးမား လျက်ရှိနေသနည်း။
လက်ဝါးကပ်တိုင်ပေါ်တွင် လူသားတို့သည် မိမိတို့ ဖန်ဆင်းရှင်ကို သတ်ခဲ့ ကြသည်။
အဆုံးစွန်ဖခင်ကိုသတ်သောအမှုပါတကား။ သို့သော်လည်း ဘုရားသခင်သည် လူသား တို့ကို
မျှော်လင့်ချက်မဲ့ဖြင့်မချန်ထားခဲ့ပါ။
ဒါဝိဒ်သည်ဖန်ဆင်းချိန်က
လူသား၏အဆင့်ကိုဆင်ခြင်ခဲ့သည်။ ပထမတွင် စကြ၀ဠာ၏ အပြောကျယ်မှုသည်
စိတ်ကိုဖမ်းစားပြီး၊ လူသားတို့၏သေးနုပ်ခြင်းကို စဉ်းစားခဲ့သည်။ ထို့နောက် သူသည်
လူသားတို့၏ စစ်မှန်သောအဆင့်ကို သဘောပေါက်လာသည်။ လူသားနှင့်ဘုရားသခင်၏ လက်ရှိ
ဆက်စပ်မှုကို ပြောဆိုရာတွင် "သူ (တို့) ကို ကောင်းကင်တမန်တို့အောက်၌
အနည်းငယ်နှိမ့်တော်မူ ပြီ။ သူ (တို့) ၏ ဦးခေါင်းကို ဘုန်းအသရေနှင့်
ပတ်ရစ်တော်မူပြီ။ ဖန်ဆင်းတော်မူသောအရာများကို အုပ်စိုးစေသည်" (ဆာ ၈း၄-၈) ဟု ဆိုသည်။
အပြစ်ထဲသို့
ကျရောက်ခဲ့သော်လည်း၊ လူသား၏ဂုဏ်သိက္ခာသည် ကျန်ရှိနေသေး သည်။
မှဲ့ပေါက်စွန်းခဲ့သော်လည်း၊ ဘုရားရှင်၏ပုံသဏ္ဌာန်သည် လုံး၀ပျက်သုဉ်းခြင်း မရှိပါ။ "လူသားသည် ဖန်ဆင်းချိန်က ဘုရားသခင်၏ပုံသဏ္ဌာန်ကိုဆောင်ထားသည်။ ယခုတွင် အပြစ်၏
လွှမ်းမိုးမှုကြောင့် ရုပ်ပျက်၊ မှေးမှိန်သွားရသော်လည်း၊ အသက်ဝိညာဉ်တိုင်းအပေါ်တွင် ဘုရားသခင်၏ သဏ္ဌာန်တော် သည် ကျန်ရစ်နေသေးသည်။ ဘုရားသခင်သည် ထို
ဝိညာဉ်အားပြန်ကောင်းလာရန်နှင့် ဖြောင့်မတ် ခြင်းနှင့်သန့်ရှင်းခြင်းတို့၌ မိမိသဏ္ဌာန်ကို ခြေရာပြန်ကောက်ရန် အလိုရှိသည်။
ကျရှုံး၊
ပျက်စီး၍အပြစ်ရှိသော်ငြားလည်း၊ လူသားများသည် ဤမြေကြီးပေါ်တွင် ဘုရား သခင်၏
ကိုယ်စားလှယ်များဖြစ်နေသေးသည်။ သူတို့၏သဘာ၀သည် ဘုရားထက် နိမ့်ကျ သော်လည်း၊
သူတို့သည် ဖန်ဆင်းသောအရာများကိုစောင့်ရှောက်ရန် ဂုဏ်ရှိသောဘုရားပေး
ရာထူးရှိနေသည်။ ဒါဝိဒ်သည် ဤအရာကိုသဘောပေါက်သောအခါ၊ ကျေးဇူးတင်ခြင်းနှင့်
ချီးမွမ်းခြင်းဖြင့်တုံ့ပြန်ခဲ့သည်။ "အိုအကျွန်ုပ်တို့၏ဘုရားရှင် ထာ၀ရဘုရား၊
ကိုယ်တော်၏ နာမ သည် မြေကြီးတစ်ပြင်လုံး၌ အလွန် ကြီးမြတ်တော်မူ သတည်း" (ဆာ ၈း၉)။
ကျေးဇူးတော်နှင့်ဆိုင်သောပဋိညာဉ်
ကျူးလွန်ခြင်းကြောင့်ပထမစုံတွဲသည်
အပြစ်သားများဖြစ်လာခဲ့ကြသည်။ စာတန်ကို မခုခံနိုင် ဖြစ်ပြီးနောက်၊
သူတို့သည်လွတ်မြောက်နိုင်ပါဦးမည်လော၊ သို့မဟုတ် ပျက်စီးစေရန် ချန်ရစ်ခြင်း ခံရသလော။
အပြစ်ထဲသို့ကျရောက်ချိန်တွင်ပေးသောပဋိညာဉ်။
ဘုရားသခင်သည် ကျရှုံးသောစုံတွဲတို့၏ အပြစ်များအပေါ် ပြစ်ဒဏ်ကိုမကြေညာမီ၊ သူသည်
ကျေးဇူးတော်နှင့်ဆိုင်သော ပဋိညာဉ်ကို အစပျိုးခြင်းဖြင့်
သူတို့ကိုမျှော်လင့်ချက်ပေးခဲ့သည်။ သူက "သင်နှင့်မိန်းမကို လည်းကောင်း၊ သင်၏
အမျိုးအနွယ်နှင့်မိန်းမ၏ အမျိုးအနွယ်ကို လည်းကောင်း၊ ငါသည် ရန်ငြိုးဖွဲ့စေမည်။
သူသည် သင်၏ဦးခေါင်းကိုကြိတ်လိမ့်မည်။ သင်သည် သူ၏ဖနောင့်ကို
ကြိတ်လိမ့်မည်ဟုမိန့်တော်မူ၏" (က ၃း၁၅)။
ဘုရားသခင်၏သတင်းစကားသည်
အားပေးမှုကိုယူဆောင်လာခဲ့သည်။ အကြောင်းမှာ စာတန်သည် လူသားတို့ကိုသူ၏ဆိုးညစ်သော
ကျိန်စာအောက်၌ထားရှိ သော်လည်း၊ အဆုံးတွင် သူရှုံးနိမ့် မည်ဖြစ်ကြောင်းကို
ကြေညာသောကြောင့်ဖြစ်သည်။ ထိုပဋိညာဉ်ကို ဘုရားသခင် နှင့် လူသား စပ်ကြားတွင်ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ၊ ဘုရားသခင်သည် မိမိ ကျေးဇူးတော် အားဖြင့် အပြစ်ကို ကာ ကွယ် သောတံတိုင်းကို
ကတိပေးခဲ့သည်။ သူသည် မြွေနှင့်မိန်းမတို့အကြား၊ စာတန်၏ နောက်လိုက် များနှင့်
ဘုရားသခင်၏ လူတို့အကြားရန်ငြိုး ဖွဲ့လိမ့်မည်။ ဤအရာသည် လူသားတို့နှင့် စာတန်၏
ဆက်စပ်မှုကို နှောင့်ယှက်ပြီး၊ ဘုရားသခင်နှင့်ဆက်ဆံရေးကို
အသစ်ဖြစ်စေမည့်လမ်းကိုပွင့်စေလိမ့်မည်။
ရာစုနှစ်များတစ်လျှောက်၊
ဘုရားသခင်၏အသင်းတော်နှင့်စာတန်အကြား စစ်ပွဲသည် ဆက်လက် ရှိနေလိမ့်မည်။ ဤတိုက်ပွဲသည်
မိန်းမ၏အမျိုးအနွယ်ဖြစ်သော ယေရှုခရစ်တော် ၏ သေခြင်း၌
အထွတ်အထိပ်သို့ရောက်ရှိခဲ့သည်။ ကရာနိကုန်းတွင် စာတန်ရှုံးနိမ့်ခဲ့သည်။ မိန်းမ၏
အမျိုးအနွယ်သည် ပွန်းပဲ့ဒဏ်ရာရရှိခဲ့သော်လည်း၊ မကောင်းမှုကိုအစပြုသူသည်
ရှုံးနိမ့်ခဲ့သည်။
ဘုရားသခင်ကမ်းလှမ်းသောကျေးဇူးတော်ကို
လက်ခံသောသူအားလုံးသည် စာတန်နှင့် တိုက်ပွဲ တွင်ရန်လိုမှုကို သိကြလိမ့်မည်။
ယုံကြည်ခြင်းအားဖြင့် သူတို့သည် ကရာနိကုန်းပေါ်က ကယ်တင်ရှင်၏ အောင်မြင်ခြင်းကို
မျှဝေခံစားကြလိမ့်မည်။
ဖန်ဆင်းခြင်းမတိုင်မီပြုခဲ့သောပဋိညာဉ်။
ကျေးဇူးတော်နှင့်ဆိုင်သော ပဋိညာဉ်ကို အပြစ်
ထဲကျရောက်ပြီးမှဖြစ်ပေါ်လာခြင်းမဟုတ်ပါ။ ဖန်ဆင်းခြင်းမတိုင်မီကပင်
သုံးပါးတစ်ဆူဘုရား သည် အကယ်၍ လူသားများအပြစ်ထဲသို့ ကျရောက်ခဲ့သော် ကယ်တင်ရန် သူတို့အချင်းချင်း အကြား
ပဋိညာဉ်ပြုခဲ့ကြသည်။ ဘုရားသခင်သည် "ဤကမ္ဘာမတည်မရှိမီ ငါတို့ကို ခရစ်တော် ၌ ရွေးကောက်တော်မူသည်နှင့်အညီ၊
ကောင်းကင်ဘုံနှင့်ဆိုင်သော အရာတို့၌ ခပ်သိမ်းသော ဓမ္မမင်္ဂလာတို့ကို ခရစ်တော်အားဖြင့် ငါတို့အားပေးသနားတော်မူသော ငါတို့သခင်ယေရှု ခရစ်၏ ခမည်းတော်ဘုရား သခင်သည်
မင်္ဂလာရှိတော်မူစေသတည်း" (ဧ ၁း၄-၆) ဟု
ပေါလု ဆို သည်။ ခရစ်တော်၏ အပြစ် ဖြေ သောယဇ်ကိုရည်ညွှန်း၍ ပေတရုက၊ "ထိုခရစ်တော်ကား၊
ဤကမ္ဘာမတည် မရှိမီ ခန့်ထားတော်မူခြင်း ကိုခံနှင့်ပြီ" (၁ပေ ၁း၂၀) ဟု ဆိုသည်။
ထိုပဋိညာဉ်သည်
မတုန်လှုပ်နိုင်သော အုတ်မြစ်ဖြစ်သည့် ဘုရားသခင် ကိုယ်တိုင်၏ ကတိတော်နှင့်
ကျိန်ဆိုခြင်းအပေါ်၌ အခြေခံသည် (ဟေဗြဲ ၆း၁၈)။ ယေရှုခရစ်တော်သည် ထိုပဋိညာဉ်၏
အာမခံချက်ဖြစ်သည် (ဟေဗြဲ ၇း၂၂)။ အာမခံသူသည် အခြားတစ်ဦး၏ ပျက်ကွက်မှုတွင်
တာဝန်ယူသောသူဖြစ်သည်။ အာမခံအဖြစ် ခရစ်တော်၏ လုပ်ဆောင်မှုသည် အကယ်၍ လူသားမျိုးနွယ်သည် အပြစ်ထဲသို့ကျရောက်ခဲ့သော် သူသည် သူတို့၏ပြစ်ဒဏ်ကို ခံရမည်ဟူသော
အဓိပ္ပါယ် ဆောင်သည်။ သူသည် လူသား တို့ရွေးနုတ်ခြင်း အတွက် အဖိုးအခ ကိုပေးရမည်။
သူတို့၏ အပြစ်အတွက် အပြစ်ဖြေခြင်းပြုရမည်။ ချိုးဖောက်ခဲ့သော ဘုရားသခင့် ပညတ်တော်၏
တောင်းဆိုချက်များကို သူဖြည့်ပေးရမည်။ လူသားတို့၏ ခေါင်းဆောင် ကိုယ်စားလှယ်၊
ဖန်ဆင်းရှင်ခရစ်တော်ကသာ ထို တာဝန် ကိုယူနိုင်သည် (ရော ၅း၁၂-၂၁။ ၁ကော ၁၅း၂၂)။
ဘုရားသခင်၏
သားတော်သည် ထိုပဋိညာဉ်၏
အာမခံသူဖြစ်သည်သာမက၊ ၎င်း၏ ဖျန်ဖြေပေး သူ သို့မဟုတ် ဆောင်ရွက်သူလည်းဖြစ်သည်။
လူ့ဇာတိကိုခံယူသူ အဖြစ်သူ၏ သာသနာလုပ်ငန်းကို ဤ အခန်းကဏ္ဍတွင် သူ၏ တာဝန်ကိုပြသည်။
သူက "ငါသည် ကိုယ်အလိုသို့ လိုက်ခြင်းငှာ ကောင်းကင်မှ ဆင်းသက်သည်မဟုတ်၊ ငါ့ကို
စေလွှတ်တော်မူ သော သူ၏အလိုတော်သို့လိုက်ခြင်းငှာ ဆင်း သက်၏" (ယော ၆း၃၈) ဟုဆိုခဲ့သည်။ ခမည်းတော်သည် ]သားတော်ကိုကြည့်မြင်၍
ယုံကြည်သော သူရှိသမျှ တို့သည် ထာ၀ရ အသက်ကိုရစေခြင်းငှာအလိုရှိ၏} (ယော ၆း၄၀)။ သူသည် "ထာ၀ရအသက်ဟူမူကား၊ မှန်သောဘုရားသခင်တစ်ဆူတည်း ဖြစ်တော်မူသော ကိုယ်တော်ကို လည်းကောင်း၊ စေလွှတ်
တော်မူသောယေရှုခရစ်ကိုလည်းကောင်း သိကျွမ်း ခြင်းတည်း" (ယော ၁၇း၃) ဟုဆိုသည်။ သူ၏သာသနာလုပ်ငန်း၏အဆုံးတွင်၊
ခမည်းတော်၏စေခိုင်းချက်ကို သူဆောင် ရွက်ခဲ့မှုကို သက်သေခံသည်ကား၊ "အကျွန်ုပ်သည်
မြေကြီးပေါ်မှာ ကိုယ်တော်၏ဘုန်းကို ထင်ရှားစေ ပါပြီ။ အကျွန်ုပ်ဆောင်ရွက်စရာဖို့ အကျွန်ုပ်၌အပ်ပေးတော်မူသောအမှုကို
အကျွန်ုပ် ဆောင်ရွက်၍ ပြီးပါပြီ" (ယော ၁၇း၄)
ဟူ၍ဖြစ်သည်။
လက်ဝါးကပ်တိုင်ပေါ်တွင်ယေရှုသည်
ပဋိညာဉ်တွင် လူသားတို့၏အာမခံသူဖြစ်ရန် ကတိထား ချက်ကိုပြည့်စုံစေခဲ့သည်။ "အမှုပြီးပြီ" (ယော ၁၉း၃၀)
ဟူသောမိန့်တော်မူချက်သည် သူ၏ သာသနာလုပ်ငန်းပြီးဆုံးကြောင်းကို ညွှန်ပြသည်။
ဘုရားသခင်၏ ပညတ်တော် ချိုးဖောက်ခြင်း၏ အပြစ်ဒဏ်ကို သူသည်
မိမိကိုယ်တိုင်အသက်ဖြင့်ပေးဆပ်ခဲ့ပြီး၊ နောင်တရသောလူသားတို့အတွက်
ကယ်တင်ခြင်းကိုအာမခံပေးသည်။ ထိုအခိုက် အတန့်တွင် ခရစ်တော်၏ အသွေးသည် ကျေးဇူးတော်နှင့် ဆိုင်သောပဋိညာဉ်ကိုအတည် ပြုခဲ့သည်။ သူ၏ အပြစ်ဖြေသောအသွေးကို
ယုံကြည်ခြင်းအားဖြင့်၊ နောင်တရသော အပြစ်သားများသည် ဘုရားသခင်၏ သားသမီးများအဖြစ်မွေးစားခံရမည်ဖြစ်ပြီး၊
ထိုသို့ဖြင့် ထာ၀ရအသက်ကို အမွေခံသူများဖြစ်လာကြသည်။
ဤကျေးဇူးတော်နှင့်ဆိုင်သောပဋိညာဉ်သည်
လူသားများအပေါ် ဘုရားသခင်၏ အနန္တမေတ္တာကို ဖော်ပြသည်။
ဖန်ဆင်းခြင်းမတိုင်မီပြုခဲ့သောပဋိညာဉ်ကို အပြစ်ထဲသို့ ကျရှုံးပြီး နောက်တွင် ထုတ်ဖော်ခဲ့သည်။ ထိုအချိန်က၊ အထူးသဖြင့် ဘုရားသခင်နှင့်လူသားတို့သည်
မိတ်ဖက်ဖြစ်လာခဲ့ကြ၏။
ပဋိညာဉ်ကိုအသစ်ပြန်စခြင်း။
ကံအကြောင်းမလှစွာဖြင့်၊ လူသားတို့သည် ဤကြီးကျယ်သော
ကျေးဇူးတော်နှင့်ဆိုင်သောပဋိညာဉ်ကို ရေမလွှမ်းမိုးမီနှင့် ရေလွှမ်းမိုး
ပြီးနောက်ပိုင်းတွင် ပယ်ချခဲ့ကြသည် (က ၆း၁-၈။ ၁၁း၁-၉)။ နောက်တစ်ခါ ဘုရားသခင်သည်
ပဋိညာဉ်ပြုရန် ကမ်းလှမ်းသောအခါ၊ အာဗြဟံမှတစ်ဆင့်ပြုလုပ်ခဲ့သည်။ တစ်ဖန်သူသည်
ရွေးနုတ်ခြင်းကတိကိုအတည်ပြုခဲ့ပြန်သည်။ "ငါ၏စကားကို သင်နားထောင်သောကြောင့်၊
သင်၏အမျိုး အနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည်
ကောင်းချီးမင်္ဂလာကိုခံရကြလိမ့်မည်" (က ၂၂း၁၈)။
သမ္မာကျမ်းစာသည်
အထူးသဖြင့်ပဋိညာဉ်၏သတ်မှတ်ချက်များအပေါ် အာဗြဟံ၏သစ္စာရှိမှုကို
မီးမောင်းထိုးပြသည်။ "အာဗြဟံသည် ထာ၀ရဘုရားကိုယုံကြည်သည်ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို
ဖြောင့်မတ်ခြင်းကဲ့သို့မှတ်တော်မူ၏" (က ၁၅း၆)။
ပဋိညာဉ်၏ ကောင်းချီးများတွင် အာဗြဟံ၏ ပါဝင်မှုသည် ဘုရားသခင်၏ကျေးဇူးတော်အပေါ်တွင်
တည်သော်လည်း၊ သူသည်နားထောင်မှုရှိမှသာရရှိ မည်ဖြစ်သည်။ ဤအရာသည် ပဋိညာဉ်က
ဘုရားသခင့်ပညတ်တော်၏အခွင့်အာဏာကို ကိုင်စွဲကြောင်းဖော်ပြသည် (က ၁၇း၁။ ၂၆း၅)။
အာဗြဟံ၏ယုံကြည်ခြင်းသည်
ဘုရားသခင်၌အမြစ်စွဲ၍၊ သူ၏သစ္စာရှိခြင်းကြောင့် သူသည်
ယုံကြည်သူအပေါင်းတို့၏အဘဟူသောဂုဏ်ပုဒ်ကို ပေးခြင်းခံရသည် (ရော ၄း၁၁)။ ယုံကြည်ခြင်း
အားဖြင့် ဖြောင့်မတ်ရာသို့ရောက်၍၊ နားထောင်ခြင်းကလိုက်လာခြင်းကို ဖော်ပြသည့်သူသည်
ဘုရားသခင်၏စံနမူနာဖြစ်သည် (ရော ၄း၂၊၃။ ယာ ၂း၂၃၊၂၄)။
ကျေးဇူးတော်နှင့်ဆိုင်သောပဋိညာဉ်သည် ၎င်း၏ကောင်းချီးများကို အာဗြဟံ၏ သွေးသားတော်စပ်သော သားမြေးစဉ်ဆက်တို့အပေါ်၌ အလိုအလျောက်အပ်နှင်းခြင်းမရှိဘဲ၊ အာဗြဟံ၏
ယုံကြည်ခြင်းနမူနာကို လိုက်သောသူတို့သည် သာရရှိကြ သည်။ "ယုံကြည်ခြင်းရှိသော သူသည်
အာဗြဟံ၏သားဖြစ်သည်ဟုအမှန်သိမှတ်ကြလော့" (ဂလ ၃း၇)။
မြေကြီးပေါ်ရှိ လူတစ်ဦးချင်းသည် သတ်မှတ်ချက်ကိုဖြည့်ဆည်းခြင်းဖြင့် ပဋိညာဉ်၏ကတိများဖြစ်သော ကယ်တင်ခြင်းကို တွေ့ကြုံခံစားနိုင်ကြ၏။
]ခရစ်တော်နှင့်စပ်ဆိုင်လျှင်၊ အာဗြဟံ၏မျိုးနွယ်ပင်ဖြစ်၍၊ ကတိတော်အတိုင်း
အမွေခံ၏ အရာ၌တည်ကြ၏" (ဂလ ၃း၂၉)။ ဘုရားသခင်သည်
သိနာတောင်ပေါ်တွင်ပေးသောပဋိညာဉ် (ပထမပဋိညာဉ်ဟုလည်းခေါ်သည်) သည် အာဗြဟံနှင့်ပြုခဲ့သည့် ကျေးဇူးတော်ဆိုင်ရာ ပဋိညာဉ်ကိုအသစ်ပြန်စသောပဋိညာဉ်ဖြစ်၏ (ဟေဗြဲ ၉း၁)။
သို့သော် ဣသရေလများသည် ၎င်းကိုအကျင့်နှင့်ဆိုင်သောပဋိညာဉ်အဖြစ်သို့ သွေဖည်
စေခဲ့ကြ၏ (ဂလ ၄း၂၂-၃၁)။
အသစ်သောပဋိညာဉ်။
နောက်ပိုင်းတွင်ကျမ်းချက်များက "အသစ်သော သို့မဟုတ် သာ၍ ကောင်းသောပဋိညာဉ်" အကြောင်းကိုပြောသည်။ ထိုသို့ပြောကြသော်လည်း ထာ၀ရပဋိညာဉ်သည်
ပြောင်းလဲသွားသောကြောင့်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် (၁) ဣသရေလတို့၏
သစ္စာမရှိမှုကြောင့် ဘုရားသခင်၏ထာ၀ရပဋိညာဉ်သည် အကျင့်ကို ဦးတည်သောစနစ်သို့
သွေဖည်ခြင်းကြောင့် လည်းကောင်း၊ (၂) ယေရှုခရစ်၏လူ့ဇာတိ ခံယူခြင်း၊ အသက်တာ၊
သေခြင်း၊ ထမြောက်ခြင်းနှင့် ကြားဖျန်ဖြေခြင်းတို့၌ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို
အသစ်ဖွင့်ပြခြင်း နှင့် ဆက်စပ်ခြင်းကြောင့် လည်း ကောင်း (ဟေဗြဲ ၈း၆-၁၃)၊ (၃) လက်ဝါးကပ်တိုင်တွင်
ခရစ်တော်၏အသွေးတော်အားဖြင့် အတည်မပြုမီတိုင်အောင် ရှိနေခြင်းကြောင့်လည်းကောင်း
ဖြစ်သည် (ဒံ ၉း၂၇။ လု ၂၂း၂၀။ ရော ၁၅း၈။ ဟေဗြဲ ၉း၁၁-၂၂)။
ဤပဋိညာဉ်ကိုလက်ခံသောသူတို့အား
ကမ်းလှမ်းသောအရာသည် အလွန်ကြီးမား၏။ ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့်၊ ၎င်းသည်
သူတို့ကိုသူတို့အပြစ်များမှ ခွင့်လွှတ်ခြင်းကို ပေး၏။
၎င်းသည်နှလုံးပေါ်တွင်သန့်ရှင်းသောဝိညာဉ်တော်က ပညတ်တော် (၁၀)ပါးရေးသားခြင်း
အခွင့်ကိုပေး၍၊ နောင်တရသောအပြစ်သားကို သူတို့ အားဖန်ဆင်းသော သူ၏ပုံသဏ္ဌာန်သို့
ပြန်လည် အသစ်ပြုပြင်၏ (ယေ ၃၁း၃၃)။ ဤအသစ်သောပဋိညာဉ်ဖြစ်သည့် အသစ်မွေးဖွားခြင်း
အတွေ့အကြုံသည် ခရစ်တော်၏ ဖြောင့်မတ်ခြင်းနှင့်ယူဆောင်လာ၍၊ ယုံကြည်ခြင်းအားဖြင့်
ဖြောင့်မတ်ခြင်း အတွေ့ အကြုံကို ပေးသည်။
အသစ်သောပဋိညာဉ်၏အတွေ့အကြုံသည်
အသစ်သောနှလုံးကိုပေးသည်။ အသစ်သောနှလုံးသည် လူတစ်ဦးစီကိုပြောင်းလဲပေး၍၊
ဝိညာဉ်တော်၏အသီးများဖြစ်သည့် "ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊
စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊
နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်း" (ဂလ ၅း၂၂၊ ၂၃) တို့ကို သီးလာ စေသည်။ ခရစ်တော်၏ ကယ်တင်သော
ကျေးဇူးတော် တန်ခိုးအားဖြင့်၊ သူတို့သည် ခရစ်တော်လျှောက်လှမ်းခဲ့သကဲ့သို့
လျှောက်လှမ်းနိုင်မည် ဖြစ်၍၊ ဘုရားသခင် နှစ်သက်သောအရာများကို
နေ့စဉ်မွေ့လျော်နိုင်မည်ဖြစ်သည် (ယော ၈း၂၉)။ အပြစ်ရှိသော လူသားတို့၏ တစ်ခုတည်းသော
မျှော်လင့်ချက်မှာ ဘုရားသခင်၏ ကျေးဇူးတော်ပဋိညာဉ်ထဲသို့ ဝင်စားရန်၊ သူ၏ဖိတ်ခေါ်ခြင်းကိုလက်ခံရန် ဖြစ်သည်။ ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏သားသမီးအဖြစ် မွေးစားခြင်းနှင့် သူ၏နိုင်ငံတွင် ခရစ်တော်နှင့် အတူ အမွေခံခြင်း
တို့ကို အာမခံချက်ပေးသော ထိုဆက်ဆံရေးကို ကျွန်ုပ်တို့ခံစားနိုင်ကြသည်။
- ၀ -
No comments:
Post a Comment