Monday, February 24, 2025



 

အခန်း- ၈ - မဟာတိုက်လှန်ပွဲကြီး

ဘုရားသခင်၏ စရိုက်တော်၊ ပညတ်တော်နှင့် စကြ၀ဠာအပေါ် အချုပ်အခြာ အုပ်စိုးမှုတို့နှင့် စပ်လျဉ်း၍ ခရစ်တော်နှင့်စာတန်အကြားရှိမဟာတိုက်လှန်ပွဲကြီးတွင် လူသားအားလုံးတို့ပါဝင်ကြသည်။ လွတ်လပ်စွာရွေးချယ်ခွင့် အပ်နှင်းခြင်းခံရသည့် ဖန်ဆင်း ခြင်းခံရသောသတ္တဝါတစ်ပါးသည် မိမိကိုယ်ကိုချီးမြှောက်ရာတွင် ဘုရားသခင်၏ ရန်သူ စာတန်မာရ်နတ်ဖြစ်လာခဲ့ပြီး၊ ကောင်းကင်တမန်တချို့ကို ပုန်ကန်ခြင်းထဲသို့ဆွဲသွင်းလိုက် ချိန်တွင်ဤ တိုက်လှန်မှုသည် ကောင်းကင်၌စတင်ခဲ့သည်။ သူသည် အာဒံနှင့်ဧ၀တို့ကို အပြစ်ထဲသို့ပို့ ဆောင်ချိန်တွင် ဤလောကကြီးထဲသို့ ပုန်ကန်ခြင်း စိတ်ထားကိုသူ အစပျိုး ခဲ့သည်။ ဤလူသား၏အပြစ်သည် လူသား၌ဘုရားသခင်၏ ပုံသဏ္ဌာန်ကို မှေးမှိန်ခြင်း၊ ဖန်ဆင်းသော ကမ္ဘာကိုကစဉ့်ကလျားဖြစ်ခြင်း၊ ကမ္ဘာဦးကျမ်း ၁-၁၁ မှ သမိုင်း ဆိုင်ရာ ဖြစ်ရပ်တွင်ဖော်ပြသကဲ့သို့ တစ်ကမ္ဘာလုံးရေလွှမ်းမိုးချိန်တွင် အဆုံးစွန်ကြီးစွာသောပျက် စီးခြင်းတို့ကိုဖြစ်စေခဲ့သည်။ ဖန်ဆင်းသောအရာအားလုံးကိုသုံးသပ်ရသော်၊ ဤလောက သည် စကြ၀ဠာနှင့် ချီသောတိုက်လှန်မှု၏တိုက်ခိုက်ရာ ပြိုင်ကွင်း ဖြစ်လာခဲ့ပြီး၊ ထိုဖြစ် ရပ်မှမေတ္တာရှင် ဘုရားသခင်ကို အဆုံးတွင် သက်သေထူလိမ့်မည်။ ဤတိုက်လှန် ပွဲကြီးတွင် မိမိလူတို့ကိုကူညီရန်၊ ခရစ်တော်သည် သူတို့ကို လမ်းပြကာကွယ်ရန်နှင့် ကယ် တင်ခြင်းလမ်းကြောင်းတွင် အားပေးရန် သန့်ရှင်းသောဝိညာဉ်တော်နှင့် သစ္စာစောင့် သောကောင်းကင်တမန်များကို စေလွှတ်သည် (က ၃၊၆-၈။ ယောဘ ၂း၆-၁၂။ ဟေရှာ ၁၄း၁၂-၁၄။ ယေဇ ၂၈း၁၂-၁၈။ ရော ၁း၁၉-၃၂။ ၃း၄။ ၅း၁၂-၂၁။ ၈း၁၉-၂၂။ ၁ကော ၄း၉။ ဟေဗြဲ ၁း၁၄။ ၁ပေ ၅း၈။ ၂ပေ ၃း၆။ ဗျာ ၁၂း၄-၉။)။

သမ္မာကျမ်းစာသည် အကောင်းနှင့်အဆိုး၊ ဘုရားသခင်နှင့်စာတန်တို့အကြား စကြ၀ဠာနှင့် ချီသော တိုက်ပွဲကိုဖော်ပြသည်။ စကြ၀ဠာတစ်ခုလုံးပါဝင်သော ဤတိုက်လှန်ပွဲကြီးကို နားလည်ခြင်းသည် အဘယ်ကြောင့် ယေရှုသည် ဤကမ္ဘာဂြိုဟ်သို့ ကြွလာသနည်းဟူသော မေးခွန်းကိုအဖြေပေး၏။

စကြ၀ဠာနှင့်ချီသောအငြင်းပွားမှု

အနက်နဲဆုံးသော အရာဖြစ်သည့် အကောင်းနှင့်အဆိုး အကြားတိုက်လှန်မှုသည် ကောင်းကင်ဘုံ၌ အစပြုခဲ့သည်။ ပြီးပြည့်စုံသောပတ်ဝန်းကျင်တွင် မည်ကဲ့သို့အပြစ်တရား စတင် ပေါ်လာနိုင် သနည်း။

လူသားတို့ထက်သာ၍ မြင့်သောကောင်းကင်တမန် (ဆာ  ၈း၅)တို့ကို ဘုရားသခင်နှင့် ရင်းနှီးသောဆက်ဆံရေး၌ ပျော်မွေ့ရန် ဖန်ဆင်းခဲ့သည် (ဗျာ ၁း၁။ ၃း၅။ ၅း၁၁)။ သာလွန်သောခွန်အားရှိ၍၊ ဘုရားသခင်၏ စကားကိုနားထောင်သော (ဆာ ၁၀၃း၂၀) သူတို့သည် အစေခံများကဲ့သို့၊ သို့မဟုတ် အစေခံနံဝိညာဉ်” (ဟေဗြဲ ၁း၁၄) များကဲ့သို့ လုပ်ဆောင်ကြသည်။ အများအားဖြင့် မမြင်ရသော်လည်း၊ တစ်ခါတစ်ရံသူတို့သည် လူသားပုံသဏ္ဌာန်ဖြင့် ထင်ရှားကြသည် (က ၁၈။ ၁၉။ ဟေဗြဲ ၁၃း၂)။ ဤကောင်းကင်တမန်များအထဲမှ တစ်ပါးအားဖြင့်စကြ၀ဠာတွင်အပြစ်စတင်ခဲ့သည်။

မဟာတိုက်လှန်ပွဲ၏အစ။ လူစီဖာကိုတုရုရှင်ဘုရင်နှင့် ဗာဗုလုန်ရှင်ဘုရင်တို့ကဲ့သို့ တင်စား၍၊ သမ္မာကျမ်းစာသည် ဤစကြ၀ဠာနှင့်ချီသောတိုက်လှန်မှုသည် မည်ကဲ့သို့ စတင်ခဲ့ ကြောင်းကို အလင်းပြသည်။ တင့်တယ်ခြင်းအသရေနှင့်စုံလင်သော နံနက်သား၊ မိုးသောက်ကြယ်သည် ဘုရားသခင်၏ရှေ့တော်မှောက်တွင်ရှိနေခဲ့သည် (ဟေရှာ ၁၄း ၁၂။ ယေဇ ၂၈း၁၄)။ သမ္မာကျမ်းစာက သင်သည်ထူးဆန်းသောတံဆိပ်ဖြစ်၏။ ပညာနှင့် ပြည့်စုံ၍၊ တင့်တယ်ခြင်း အသရေလည်း စုံလင်လျက်ရှိ၏။... ဖွားသောနေ့မှစ၍ သင့်အပြစ်ထင်ရှား သော နေ့တိုင်အောင်၊ ပြုလေရာရာ၌ စုံလင်လျက်ရှိ၏” (ယေဇ ၂၈း၁၂- ၁၅) ဟု ဖော်ပြသည်။

အပြစ်ဖြစ်ပေါ်လာပုံကိုရှင်းပြ၍မရနိုင်သော်လည်း၊ ၎င်း၏အရင်းအမြစ်ကိုလူစီဖာ ၏မာနတွင်ခြေရာခံနိုင်သည်။ သင်သည် ကိုယ်၌တင့်တယ်ခြင်းအသရေကြောင့်၊ ဝါကြွားသော စိတ်ရှိလျက် ဂုဏ်ထွန်းတောက်သောကြောင့်၊ သင်၏ပညာသည် ဖောက်ပြန်လျက် ရှိလေပြီ” (ယေဇ ၂၈း၁၇)။ လူစီဖာသည် မိမိဖန်ဆင်းရှင်ကပေးသော အဆင့်မြင့်ရာထူး ဖြင့်မကျေနပ်ခဲ့ချေ။ တစ်ကိုယ်ကောင်း ဆန်စွာဖြင့် ဘုရားသခင်ကိုယ်တိုင်နှင့် တန်းတူရှိ ခြင်းကို တပ်မက်ခဲ့သည်။ သင်ကလည်း၊ ကောင်းကင်ပေါ်သို့ ငါတက်မည်။ ဘုရား သခင်၏ ကြယ်တို့အပေါ်မှာ ငါ့ပလ္လင်ကို ငါချီးမြှောက်မည်။... အမြင့်ဆုံးသောဘုရားကဲ့သို့ ငါနေမည်” (ဟေရှာ ၁၄း၁၃၊ ၁၄)။ သူသည် ဘုရားသခင်၏ ရာထူးကို လိုချင်သော်လည်း၊ သူ၏စာရိတ္တတော်ကိုမူမလိုချင်ခဲ့ချေ။ သူသည် ဘုရားသခင်၏ အခွင့်အာဏာကိုနားလည် သော်လည်း၊ သူ၏မေတ္တာကိုမူ သဘောမပေါက်ခဲ့ချေ။ ဘုရားသခင်၏အုပ်ချုပ်မှုကို လူစီဖာ၏ ပုန်ကန်ခြင်းသည် သူ့ကို ရန်သူစာတန်အဖြစ်ပြောင်းလဲပေးသော ပထမအဆင့် ဖြစ်သည်။

လူစီဖာ၏တိတ်တခိုးလုပ်ဆောင်မှုများသည် များစွာသောကောင်းကင်တမန်တို့ကို ဘုရားသခင်၏ မေတ္တာအပေါ်မျက်စိကွယ်စေခဲ့သည်။ ကောင်းကင်တမန်သုံးပုံတစ်ပုံသည် သူ၏ ပုန်ကန်ခြင်း၌ ပါဝင်လာသည့်တိုင်အောင်၊ ဘုရားသခင်၏အုပ်ချုပ်မှု အပေါ် မကျေနပ်မှုနှင့် သစ္စာမရှိမှုတို့ ကြီးထွားလာခဲ့သည် (ဗျာ ၁၂း၄)။ ဘုရားသခင့်နိုင်ငံတော်၏ ငြိမ်သက်အေးချမ်းမှုသည်ကွဲကြေခဲ့ရကာ၊ ကောင်းကင်၌စစ်ဖြစ်၏” (ဗျာ ၁၂း၇)။ကောင်းကင်က စစ်ပွဲသည် စာတန်ကို ရှေးမြွေဟောင်း၊ နဂါးကြီး၊ မာရ်နတ်အဖြစ်ပုံဖော်ပြပြီး၊ သူနှင့်အတူ သူ၏တမန်တို့ကို မြေကြီးသို့ချလိုက်ကြ၏” (ဗျာ ၁၂း၉)။

လူသားများမည်ကဲ့သို့ပါဝင်လာကြသနည်း။ ကောင်းကင်မှနှင်ထုတ်ခံရ ပြီးနောက်၊ စာတန်သည် မိမိပုန်ကန်ခြင်းကိုမြေကြီးပေါ်တွင်ဖြန့်ခဲ့သည်။ စကားပြောသောမြွေကဲ့သို့ ယောင်ဆောင်၍၊ သူ့ကိုကျရှုံးစေခဲ့သည်အကြောင်းအရာကိုပင်အသုံးပြုပြီး၊ သူသည် အာဒံ နှင့် ဧ၀ တို့၏ မိမိတို့ ဖန်ဆင်း ရှင် အပေါ် ယုံကြည်ကိုစားမှုကိုလျော့ပါးစေခဲ့သည် (က ၃း၅)။ စာတန်သည်ဧ၀ကိုမိမိအဆင့်၌မကျေနပ် စေရန်နှိုးဆွခဲ့သည်။ ဘုရားသခင်နှင့်တန်းတူ ဖြစ်နိုင်ချေကိုစွဲလမ်း၍၊ လှည့်ဖြားသူ၏စကားကို ယုံစားပြီး၊ ဘုရားသခင်၏ စကားကို သံသယရှိလာခဲ့သည်။ ဘုရားသခင်၏အမိန့်ကိုမနာခံတော့ဘဲ၊ အသီးကိုစား လိုက်ပြီး၊ မိမိခင်ပွန်းကိုလည်းအလားတူစားစေခဲ့သည်။ မိမိတို့ဖန်ဆင်းရှင်အစား၊ မြွေ၏ စကားကိုယုံကြည်ရာ၊ သူတို့သည် ဘုရားသခင်အပေါ် မယုံကြည်မှုဖြင့် သစ္စာဖောက် ခဲ့ကြသည်။ ကောင်းကင်၌ အစပြုခဲ့သော အငြင်းပွားမှုမျိုးစေ့များသည် ဝမ်းနည်းဖွယ် ကမ္ဘာဂြိုဟ်တွင် အမြစ်စွဲခဲ့သည် (ကမ္ဘာ ၃)။

ကျွန်ုပ်တို့၏ မိဦးဖဦးတို့ကို အပြစ်သို့ ဖြားယောင်းပြီးနောက်၊ စာတန်သည် ပါးနပ်စွာသူတို့၏ မြေကြီးပေါ်အုပ်စိုးမှုကို သူတို့ထံမှလုယူခဲ့သည်။ ယခုတွင် ဤလောက၏ အရှင်အဖြစ်ကြေညာ၍၊ စာတန်သည် ဘုရားသခင်နှင့်၊ သူ၏အုပ်စိုးမှုနှင့်စကြ၀ဠာတစ်ခုလုံးကို မိမိ၏ဌာနချုပ်အသစ်အဖြစ်၊ ကမ္ဘာဂြိုဟ်မှစိန်ခေါ်ခဲ့သည်။

လူသားတို့အပေါ်အကျိုးသက်ရောက်မှု။ ခရစ်တော်နှင့်စာတန်အကြား တိုက်လှန်မှု၏ အကျိုးဆက်များသည် အပြစ်ကလူသားတို့၌ ဘုရားရှင်၏ပုံသဏ္ဌာန်ကိုပျက်စေချိန်တွင်ထင်ရှားလာခဲ့၏။ ဘုရားရှင်သည် မိမိ၏ကျေးဇူးတော်ပဋိညာဉ်ကို လူသားတို့အား အာဒံနှင့်ဧ၀တို့မှတစ်ဆင့်ပေးကမ်း (က ၃း၁၅) သော်လည်း၊ သူတို့၏သားဦးကာဣနသည် သူ့ညီကို သတ်ခဲ့သည် (က ၄း၈)။ လူတို့၏ စိတ်နှလုံးအကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ်၏ဆိုးညစ်ခြင်းသက်သက်ရှိ” (က ၆း၅) သည်ဟု ဘုရားသခင်က ဝမ်းနည်းစွာဆိုရသည် တိုင်အောင်ဆိုးသွမ်းမှုသည်ဆက်လက်ပွားများ နေခဲ့ သည်။

ဘုရားသခင်သည် ရေလွှမ်းမိုးခြင်းဘေးကြီးကိုအသုံးပြု၍၊ မပြောင်းလဲသောသူများ ၏ကမ္ဘာကို သန့်ရှင်းစေပြီး၊ လူသားမျိုးနွယ်ကိုအသစ်အစပြုခဲ့သည် (က ၇း၁၇- ၂၀)။ သို့သော်မကြာမီ သစ္စာရှိသော နောဧ၏ သားမြေးစဉ်ဆက်တို့သည် ဘုရားရှင်၏ ပဋိညာဉ်မှ ခွဲထွက်ခဲ့ကြသည်။ ဘုရားရှင်သည် ရေလွှမ်းမိုးခြင်းဘေးဖြင့် ကမ္ဘာတစ်ခုလုံးကိုဘယ်ခါမျှ ဖျက်ဆီးတော့မည် မဟုတ်ကြောင်းကို ကတိပေးခဲ့သော်လည်း၊ သူတို့သည် ကောင်းကင်အထိရောက်ရှိရန် ဗာဗုလုန် ရဲတိုက်ကိုတည် ဆောက်ခြင်းဖြင့် ဘုရားအပေါ် မယုံကြည်ကြောင်းကို ဗြောင်ကျကျဖော်ပြခဲ့ကြ၏။ ထိုသို့ဖြင့် ဖြစ်လာနိုင်သော ရေလွှမ်းမိုးခြင်းမှလွတ်မြောက်ရန် လမ်းစရှိနိုင်မည်။ ဤအချိန်တွင် ဘုရားရှင်သည် လူတို့၏ပုန်ကန်မှုကိုသူတို့၏အများ သုံးဘုံစကားကို ရှုပ်ထွေးစေခြင်းဖြင့် ခြေမှုန်းခဲ့ သည် (က  ၉း၁၊ ၁၁)။

နောက်ပိုင်း၊ ကမ္ဘာသည်လုံးလုံးဖောက်ပြန်လုဖြစ်လာချိန်တွင်၊ ဘုရားသခင်သည်သူ၏ ပဋိညာဉ်ကို အာဗြဟံအထိဆွဲဆန့်ခဲ့သည်။ အာဗြဟံမှတစ်ဆင့်၊ ဘုရားသခင်သည် ကမ္ဘာပေါ် ရှိလူမျိုးအားလုံးကို ကောင်းချီးပေးရန်စီစဉ်ခဲ့သည် (က ၁၂း၁-၃။ ၂၂း၁၅- ၁၈)။ သို့သော်ငြား လည်း၊ အာဗြဟံ၏မျိုးဆက်များသည် ဘုရားသခင်၏ကျေးဇူးတော် ပဋိညာဉ်အပေါ်သစ္စာမဲ့ခဲ့ကြပြန်သည်။ အပြစ်၌ပိတ်မိနေလျက်၊ ပဋိညာဉ်ကိုအစပြုသူနှင့် ၎င်း၏အာမခံချက်ဖြစ်သူ ယေရှုခရစ်တော်ကို ကပ်တိုင်တင်သတ်ခြင်းအားဖြင့် မဟာတိုက်လှန်ပွဲကြီးတွင် စာတန်၏ ရည်ရွယ်ချက်ပြည့်စုံရန် သူတို့ပါဝင် ကူညီခဲ့ကြသည်။

စကြ၀ဠာ၏ဇာတ်စင်ဖြစ်သောကမ္ဘာမြေ။   ယောဘဝတ္ထုထဲမှအကြောင်းအရာထဲ ကစကြ၀ဠာဆိုင်ရာ အစည်းအဝေးတွင် စကြ၀ဠာနေရာအမျိုးမျိုးမှ ကိုယ်စားလှယ်များ ပါဝင်ခြင်းသည် မဟာတိုက်လှန်ပွဲ၏နောက်ထပ်သက်သေဖြစ်သည်။ ဖြစ်ရပ်ကိုဤသို့ အစပြုသည်။ ဘုရားသခင်၏သားတို့သည် ထာ၀ရဘုရားထံတော်၌ခစားခြင်းငှာ လာရသောနေ့ရက် အချိန်ရောက်လျှင်၊ စာတန်သည်လည်း သူတို့နှင့်ရောနှော၍လာ၏။ ထာ၀ရဘုရားကလည်း၊ သင်သည် အဘယ်အရပ်ကလာ သနည်းဟု စာတန်ကိုမေးတော်မူလျှင်၊ စာတန်က၊ မြေကြီးပေါ်မှာလှည့်လည်၍ အရပ်ရပ်သွားလာ ခြင်း အမှုထဲကလာပါသည်ဟုပြန်လျှောက်လေ၏” (ယောဘ ၁း၆၊၇)။

ထိုအခါ၊ ဘုရားသခင်က စာတန်၊ ယောဘကိုကြည့်ပါ။ သူသည် ငါ့ပညတ်ကို သစ္စာရှိရှိ နားထောင်၏။ စုံလင်သောသူဖြစ်၏ဟုဆိုခဲ့သည် (ယောဘ ၁း၈ ကို ဖတ်ပါ)။

စာတန်ကလည်း၊ မှန်ပါ၏။ ကိုယ်တော်ကိုကိုးကွယ်ရန် အကျိုးပေးသောကြောင့် သာသူပြည့်စုံသည်ဟု ပြန်ဖြေခဲ့သည်။ အသက်ကိုနုတ်ခြင်းမှတစ်ပါး မည်သည့်နည်း ဖြင့်မဆိုစမ်းသပ်ရန် ဘုရားသခင်သည်စာတန်ကိုခွင့်ပြုခဲ့သည် (ယောဘ ၁း၉-၂း၇ကို ဖတ်ပါ)။

ယောဘဝတ္ထုကို စကြ၀ဠာရှုထောင့်မှကြည့်သော်၊ ခရစ်တော်နှင့်စာတန်အကြား မဟာ တိုက်လှန်ပွဲ၏ ခိုင်မာသောသက်သေကိုမြင်နိုင်သည်။ ဤကမ္ဘာဂြိုဟ်သည် အမှန်နှင့်အမှားအကြား သတ်ပုတ်သည့်ဇာတ်စင်ဖြစ်သည်။ ပေါလုဖော်ပြသကဲ့သို့၊ ငါတို့သည် လောကီသားများနှင့် ကောင်းကင်တမန်များမျက်မှောက်၌ ပွဲဝင်သောသူဖြစ် ကြ၏” (၁ကော ၄း၉)။

အပြစ်သည် ဘုရားသခင်နှင့်လူသားတို့အကြား ဆက်ဆံရေးကိုဖြတ်ပစ်ကာ၊ယုံ ကြည်သောစိတ်မရှိဘဲ ကျင့်သမျှသောအကျင့်တို့သည်အပြစ်ရှိကြ၏” (ရော ၁၄း၂၃)။ ဘုရားသခင်၏ ပညတ်ချက်များကိုလွန်ကျူးခြင်းသည် ယုံကြည်ခြင်းကင်းမဲ့ခြင်း၏ ချက်ချင်းအကျိုးဆက်ဖြစ်၍၊ ကွဲလွဲနေသောဆက်ဆံရေး၏သက်သေဖြစ်သည်။ အခြားတစ်ဖက်တွင်၊ ဘုရားသခင်သည် ကယ်တင်ခြင်း စီမံကိန်းအားဖြင့်ဖန်ဆင်းရှင်အပေါ်ယုံကြည် မှုပြန်လည်တည်ဆောက် ရန်ရည်ရွယ်ပြီး၊ ၎င်းသည်နားထောင်မှုရှိသော ချစ်ဖွယ်ဆက် ဆံရေးကိုရရှိရန်ဖြစ်သည်။ ခရစ်တော်ဆိုခဲ့သကဲ့သို့၊ မေတ္တာသည်နားထောင်လိုက် လျှောက်စေသည် (ယော ၁၄း၁၅)။

ကျွန်ုပ်တို့၏ ဥပဒေမဲ့သောခေတ်တွင် ပကတိအရာများကို ပျက်ပြယ်စေကြသည်၊ မရိုးသားမှုကို ချီးမွမ်းကြသည်၊ လာဘ်ပေးလာဘ်ယူခြင်းသည် ဖြစ်ရိုးဖြစ်စဉ်ဖြစ်လာသည်၊ မတရားသော မေထုန်သည် တောထနေသည်၊ သဘောတူညီမှုများ လည်းကွဲကြေ နေရသည်။ ကျွန်ုပ်တို့၏ ရမ်းကားကြမ်းတမ်းသော ကမ္ဘာကိုကျော်၍၊ ဂရုစိုက်သောအနန္တတန်ခိုးရှင် ဘုရားရှင်ကိုကြည့်ရန်မှာ ကျွန်ုပ်တို့၏ အခွင့်ထူးဖြစ်၏။ ဤသာ၍ကျယ်ပြန့်သောအမြင်သည် ဤစကြ၀ဠာဆိုင်ရာတိုက်လှန်မှုကို ချုပ်ငြိမ်းစေမည့် ကျွန်ုပ်တို့ကယ်တင်ရှင်၏ အပြစ်ဖြေခြင်းလုပ်ငန်း အရေးကြီးမှုကို ကျွန်ုပ်တို့အားဖော် ပြသည်။

စကြ၀ဠာနှင့်ချီသောပြဿနာ

ဤသေရေးရှင်ရေးရုန်းကန်မှုတွင် အဓိကကျသောပြဿနာမှာအဘယ်နည်း။

ဘုရားသခင်၏ အုပ်ချုပ်မှုနှင့်ပညတ်။ ရုပ်ပိုင်းဆိုင်ရာဥပဒေသများသည် ကိုယ်ခန္ဓာလုပ်ငန်း လည်ပတ်နိုင်ရန်အရေးကြီးသကဲ့သို့၊ ဘုရားသခင်၏ကိုယ်ကျင့်တရား ဆိုင်ရာပညတ် သည် သူ၏ စကြ၀ဠာ တည်ရှိခြင်းအတွက်အရေးပါသည်။ အပြစ်သည် "ပညတ်တော်ကို လွန်ကျူးခြင်းဖြစ် သတည်း" (၁ယော ၃း၄)။ ၎င်းသည် မူရင်းဟေလသ စကားအရ ဥပဒေမလိုက်နာခြင်းဖြစ်သည်။ ပညတ်တော်ကိုမလိုက်နာခြင်းသည် ဘုရားရှင်နှင့် သူ၏အုပ်စိုးမှုကိုငြင်းပယ်ခြင်းမှထွက်ပေါ်လာ၏။

ကမ္ဘာပေါ်တွင်ပညတ်မလိုက်နာခြင်းအတွက် တာဝန်ယူခြင်းမရှိဘဲ၊ စာတန်သည် ဘုရားသခင်ကို အပြစ်တင်သည်။ အကြွင်းမဲ့အာဏာဆန်သည်ဟု သူစွပ်စွဲသည့်ဘုရား သခင်၏ ပညတ်တော်သည် တစ်ဦးချင်းစီ၏လွတ်လပ်မှုကိုထိပါးသည်ဟုသူဆိုသည်။ ထို့ပြင်မက၊ ပညတ်တော်ကိုစောင့်၍ မရနိုင်သောကြောင့် ၎င်းသည်လူသားတို့၏ကောင်းကျိုးများကို တိုက်ခိုက်သည်ဟုလည်း သူစွပ်စွဲသည်။ ဤသို့ပညတ်တော်ကိုဆက်တိုက် မသိမသာလှိုက်စားခြင်းအားဖြင့် စာတန်သည် ဘုရားသခင်၏ အုပ်စိုးမှုနှင့် ဘုရားသခင် ကိုယ်တော်တိုင်ကို ဖြုတ်ချရန်ကြိုးပမ်းလျက်ရှိသည်။

ခရစ်တော်နှင့်နားထောင်ခြင်းကိစ္စ။ မြေကြီးပေါ်အမှုဆောင်စဉ် ခရစ်တော်ရင်ဆိုင် ခဲ့ရသော စုံစမ်းခြင်းများသည် ဘုရားသခင်၏ အလိုတော်ကိုနားထောင်ခြင်းနှင့် ဝန်ခံခြင်းတို့အပေါ်အငြင်းပွားမှု၏ လေးနက်မှုကိုဖော်ပြခဲ့သည်။ သူ့ကို ကရုဏာနှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ပြည့်စုံသောယဇ်ပုရောဟိတ်အကြီးဖြစ်အံ့သောငှာ" (ဟေဗြဲ ၂း၁၇) ပြင်ဆင်ပေးသော ထိုစုံစမ်းခြင်းများကို ရင်ဆိုင်ရာတွင်၊ သူသည် သေစေနိုင်သောရန်သူနှင့် တိုက်ပွဲတစ်ခုဆင်နွှဲခဲ့သည်။ တောထဲတွင် ခရစ်တော်သည် ရက်ပေါင်း (၄၀) အစာရှောင်ပြီးနောက်၊ သူသည် အမှန်တကယ် ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း သက်သေပြရန် ကျောက်ခဲကိုမုန့်ဖြစ်စေရန် စာတန်သည်သူ့ကိုစုံစမ်းခဲ့သည် (မ ၄း၃)။ စာတန်သည်ဧဒင်ဥယျာဉ်တွင် ဧ၀အားဘုရားသခင်၏ စကားကိုသံသယဝင် ရန်စုံစမ်းခဲ့သကဲ့သို့၊ ယခုတွင် စာတန်သည် ခရစ်တော်အားရေနှစ်ခြင်းခံစဉ်က ဘုရားသခင်ပြောသောစကား ဤသူကား ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း” (မ ၃း၁၇) ၏ ခိုင်လုံမှုကို သံသယဝင်ရန်စုံစမ်းခဲ့သည်။ ခရစ်တော်သည် ဤကိစ္စကိုမိမိသဘော အတိုင်းဖြေရှင်း၍၊ မိမိ၏သားတော်ဖြစ်ခြင်း ကိုသက်သေပြရန်ကျောက်ခဲများကိုမုန့်ဖြစ် စေခဲ့လျှင်၊ သူသည် ဧ၀ကဲ့သို့ ဘုရားအပေါ် ယုံကြည်မှုကင်းမဲ့ကြောင်းပေါ်လာလိမ့်မည်။ သူ၏အမှုတော်သည်လည်း အရှုံးဖြင့်ပြီးဆုံးသွား ခဲ့လိမ့် မည်။

သို့သော် ခရစ်တော်၏အဦးစားပေး ဆုံးသောအရာမှာ မိမိခမည်းတော်၏ပြော စကားအတိုင်း အသက်ရှင်ရန်ဖြစ်သည်။ အလွန်ပင်ဆာလောင်သော်လည်း၊ သူသည် စာတန်၏ စုံစမ်းခြင်းကို၊ လူသည်မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင်မိန့်တော်မူ သမျှအားဖြင့် အသက်ကို မွေးရမည်” (မ ၄း၄) ဟု ဖြေခဲ့သည်။

ခရစ်တော်ကိုအောင်နိုင်ရန် နောက်ထပ်စုံစမ်းခြင်းတွင် စာတန်သည်သူ့ကိုလောကီ နိုင်ငံစည်းစိမ်များကိုပြ၍၊ ငါ့ကိုညွတ်ပျပ်ကိုးကွယ်လျှင် ယခုပြလေသမျှတို့ကိုငါပေးမည်” (မ ၄း၉) ဟုကတိပေးခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ခရစ်တော်သည်လောကကို ပြန်လည်ရရှိနိုင်မည်ဖြစ်၍၊ ထိုသို့ဖြင့် ကရာနိကုန်းတွင် သောကဝေဒနာမခံစားရဘဲ သူ၏ လုပ်ငန်းသည် ပြီးဆုံးသွားမည်ဖြစ်ဖြစ်ကြောင်း သွယ်ဝိုက်၍ဆိုခဲ့သည်။ တုံ့ဆိုင်းခြင်းမရှိဘဲ၊ ဘုရားသခင် အပေါ်လုံးလုံးသစ္စာခံလျက်၊ ယေရှုက အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့ဟု အမိန့်ပေးခဲ့သည်။ ထို့နောက် မဟာတိုက်လှန်ပွဲတွင် အထိရောက်ဆုံး လက်နက်ဖြစ်သော သမ္မာကျမ်းစာကိုအသုံးပြု၍၊ သူက သင်၏ ဘုရားသခင်ထာ၀ရဘုရားကို ကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာဝတ်ပြုရမည်” (မ ၄း၁၀) ဟုဆိုခဲ့သည်။

သူ၏စကားသည် တိုက်ပွဲကိုအဆုံးသတ်ခဲ့သည်။ ခမည်းတော်အပေါ်လုံးလုံးမှီခို ခြင်းကို စွဲကိုင်ခြင်းဖြင့်၊ ခရစ်တော်သည်စာတန်ကိုအနိုင်ယူခဲ့သည်။

ကရာနိကုန်းပေါ်ကနောက်ဆုံးတိုက်ပွဲ။ ဤစကြ၀ဠာချီသောအငြင်းပွားမှုသည် ကရာနိကုန်းတွင် အရှင်းလင်းဆုံးသော အာရုံစိုက်မှုကိုရရှိသည်။ ခရစ်တော်၏ သာသနာလုပ်ငန်းအတွက် အထွတ်အထိပ်သို့ရောက်လာချိန်တွင်၊ ၎င်းကိုဖျက်သိမ်းရန် စာတန်သည် အရှိန်မြှင့်တင်၍ကြိုးပမ်းခဲ့သည်။ ခရစ်တော်၏လူထုအကြားသာသနာပြုခြင်းကို ရပ်တန့်သွားစေရန် ဒုက္ခပေးသည့် ခရစ်တော်၏ လူကြိုက်များခြင်းကိုမနာလိုသော ထိုအချိန်ကဘာသာရေးခေါင်း ဆောင်များကိုအသုံးချရာတွင် စာတန်သည်အထူးအောင်မြင်ခဲ့သည် (ယော ၁၁း၄၅-၅၄)။ သူ့တပည့်တော် တစ်ဦး၏သစ္စာဖောက် ခြင်းနှင့် မုသားသက်သေခံချက်တို့ကြောင့် ယေရှုသည် အဖမ်းခံ၊ စစ်ဆေးခြင်းခံရပြီး၊ သေဒဏ်စီရင်ခံခဲ့ရသည် (မ ၂၆း၆၃၊၆၄။ ယော ၁၉း၇)။ မိမိခမည်းတော်၏အလိုတော်ကို လုံးလုံးနားထောင်ရာတွင်၊ ယေရှုသည် သေသည်တိုင်အောင်သစ္စာစောင့်ခဲ့သည်။

ခရစ်တော်၏အသက်တာနှင့် သေခြင်းတို့၏အကျိုးကျေးဇူးများသည် လူသားတို့ နေထိုင်ရာလောက၏ ကန့်သတ်ချက်၏တစ်ဖက်ကမ်းသို့ပင်ရောက်ရှိသည်။ လက်ဝါးကပ်တိုင်ကို ရည်ညွှန်း၍ ခရစ်တော်က ယခုတွင်ဤလောကကိုအစိုးရသောမင်း (စာတန်)သည် ပြင်သို့ နှင်ထုတ်ခြင်းကို ခံရလိမ့်မည်” (ယော ၁၂း၃၁) ဟုဆိုခဲ့သည်။

စကြ၀ဠာနှင့်ချီသော တိုက်လှန်မှုသည် လက်ဝါးကပ်တိုင်တွင် အထွတ်အထိပ်သို့ ရောက် ရှိခဲ့၏။ ခရစ်တော်၏ချစ်ခြင်းမေတ္တာနှင့်သစ္စာရှိရှိနားထောင်မှုသည် စာတန်၏ ရက်စက်မှုရှေ့မှောက်တွင်၊ သူ၏နောက်ဆုံးကျရှုံးခန်းကို သေချာစေသည့် လှိုက်စားနေသောသူ၏ ရာထူးကို ထင်ရှားစေခဲ့ သည်။

ယေရှု၌ရှိသောသမ္မာတရားဆိုင်ရာအငြင်းပွားမှု

ယနေ့မဟာတိုက်လှန်ပွဲကြီးသည် ကိုယ်တော်၏ပညတ်တော်နှင့် သူ၏ နှုတ်ကပတ်တော်သမ္မာကျမ်းစာအပေါ်၊ ခရစ်တော်၏ အခွင့်အာဏာအပေါ် သဲသဲမဲမဲပြင်းထန် နေသည်။ သမ္မာကျမ်းစာကို အနက်ဖွင့်ဆိုနည်းများသည် ဘုရားရှင်၏ဖော်ပြမှုအတွက်နေ ရာမရှိဖြစ်ရသည်။ သမ္မာကျမ်းစာကို အခြားသောရှေးစာပေများနှင့် မခြားနားသည့်အလားသဘောထားကြပြီး၊ အလားတူ အပြစ်ရှာသော နည်းလမ်းများဖြင့် စိစစ်ကြသည်။ သမ္မာကျမ်းစာကို မမှားယွင်းနိုင်သော ဘုရားသခင်၏ အလိုတော်ကို ဖော်ပြသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်အဖြစ် မရှုမြင်တော့သောခရစ်ယာန်များ၊ ကျမ်းတတ်များအပါအဝင်၊ များပြားလာနေသည်။ သို့ဖြစ်၍၊ ကျမ်းစာရှုထောင့်မှလူသားခရစ်တော်၏ ဇာတိ၊ ကညာပျိုမှ မွေးဖွားခြင်း၊ အံ့ဖွယ်နိမိတ်များနှင့် ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ကျယ်ကျယ် ပြန့်ပြန့် ငြင်းခုံနေကြ သည်။

အတိမ်းအစောင်းမခံသောမေးခွန်း။ ခရစ်တော်က လူများတို့သည် လူသားဖြစ်သောငါ့ကို အဘယ်သူဖြစ်သည်ဆိုကြသနည်းဟုမေးသော်၊ တပည့်တော်တို့က၊ ချို့က၊ ကိုယ်တော်သည် ဗတ္တိဇံဆရာယောဟန်ဖြစ်သည်ဟူ၍လည်းကောင်း၊ အချို့က၊ ဧလိယဖြစ်သည်ဟူ၍ လည်းကောင်း၊ အချို့က၊ ယေရမိမှစ၍ပုရောဖက်တစ်ပါးပါးဖြစ်သည်ဟူ၍ လည်းကောင်းဆိုကြပါ၏” (မ ၁၆း၁၃၊၁၄) ဟု ပြန်ဖြေကြသည်။ တစ်နည်းအားဖြင့်၊ သူ့ခေတ်က လူအများစုသည် သူ့ကိုသာမန်လူကဲ့သို့မှတ်ယူခဲ့ကြ သည်။ ခရစ်တော်သည် မိမိတပည့်တော်တို့အား သင်တို့သည်လည်း ငါ့ကို အဘယ်သူ ဖြစ်သည် ဆိုကြသနည်းဟုမေးခဲ့သည်။

ရှိမုန်ပေတရုက၊ ကိုယ်တော်သည်ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ဟု လျှောက်လေ၏။

ယေရှုကလည်း၊ ရှိမုန်ဗာယောန၊ သင်သည်မင်္ဂလာရှိ၏။ အကြောင်းမူကား၊ အသွေးအသားသည် ဤအကြောင်းအရာကိုသင့်အား ဖော်ပြသည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ ခမည်းတော်သည်ဖော်ပြတော်မူသတည်း:" (မ ၁၆း၁၅-၁၇)။

ယနေ့လူတိုင်းသည် ခရစ်တော်ကသူ့တပည့်တော်များကိုမေးခဲ့သောမေးခွန်းကို ရင်ဆိုင် ကြရသည်။ ဤအတိမ်းအစောင်းမခံသော မေးခွန်းအပေါ် တစ်စုံတစ်ဦး၏အဖြေသည် ဘုရား သခင့် နှုတ်ကပတ် တော်ကို သူ၏ယုံကြည်ခြင်းအပေါ်မူတည်သည်။

ကျမ်းစာယုံကြည်ချက်များ၏ဗဟို။ ခရစ်တော်သည် သမ္မာကျမ်းစာ၏ အခရာ ဖြစ်သည်။ ဘုရားသခင်သည် ယေရှု၌ရှိသောသမ္မာတရားကိုနားလည်သဘောပေါက်ရန် ကျွန်ုပ်တို့ကို ဖိတ်ခေါ်သည် (ဧ ၄း၂၁)။ အကြောင်းမှာသူသည် သမ္မာတရားဖြစ်သည် (ယော ၁၄း၅)။ စကြ၀ဠာနှင့်ချီသော အငြင်းပွားမှုတွင် စာတန်၏ နည်းဗျူဟာတစ်ခုမှာ လူတို့သည် ယေရှုမပါဘဲသမ္မာတရားကို နားလည်နိုင်သည်ဟု သူတို့လက်ခံယုံကြည် စေရန်ဖြစ်သည်။ ထို့ကြောင့် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ၊ သမ္မာတရားတချို့ကို အဆိုပြုထားသည်။ ၎င်းတို့မှာ (၁) လူသားများ၊ (၂) သဘာ၀တရား သို့မဟုတ် မြင်နိုင်သောစကြ၀ဠာ၊ (၃) သမ္မာကျမ်းစာနှင့် (၄) အသင်းတော်ဖြစ်သည်။

ဤအရာအားလုံးသည် သမ္မာတရားကိုဖော်ပြရာတွင်ပါဝင်ကြသော်လည်း၊ သမ္မာ ကျမ်းစာသည် ခရစ်တော်ကို အထက်ပါအရာတစ်ခုစီကို ဖန်ဆင်းသောအရှင်အဖြစ် တင်ဆက်ထားသည်။ ၎င်းတို့အားလုံးသည် ၎င်းတို့ကိုဖန်ဆင်းသော အရှင်ထံမှသာလျှင်စစ်မှန်သောအဓိပ္ပါယ်ကို ရှာဖွေတွေ့ရှိနိုင်သည်။ ကျမ်းစာယုံကြည်ချက်များကို ခရစ်တော်နှင့် ခွဲခြားထုတ်လိုက်ခြင်းသည် လမ်းခရီး၊ သမ္မာတရားနှင့်အသက်” (ယော ၁၄း၆) နှင့် သက်ဆိုင်၍၊ နားလည်မှုလွဲမှားသွားနိုင်သည်။ ခရစ်တော်မပါဘဲ၊ သမ္မာတရားကို အခြားသောအရာများ အပေါ်ဗဟိုပြုရန်မှာအန္တီခရစ်၏ သဘာ၀နှင့်ရည်ရွယ်ချက် ဖြစ်သည်။ အသင်းတော်၏ ယုံကြည်ခြင်းနှင့်ကျင့်စဉ်များတွင် ခရစ်တော်ထက်အခြားသောယုံကြည်ချက်များကို အစားထိုးခြင်းဖြင့်၊ စာတန်သည် လူသားတို့၏ တစ်ခုတည်းသောမျှော်လင့်ချက် ဖြစ်တော်မူသောသူမှ အာရုံလွဲသွားရန်ဟူသောသူ၏ပန်းတိုင်ကိုရောက်ရှိသည်။

ဘုရားနှင့်ဆိုင်သည့်ခရစ်ယာန်ဘာသာရေးယုံကြည်မှု (Theology)၏ လုပ်ဆောင်ချက်များ။ စကြ၀ဠာနှင့်ချီသောအမြင်သည် စကြ၀ဠာနှင့်သမ္မာတရားတို့တွင် ခရစ်တော်ကိုသူ၏ နေရာမှန်မှ ဖယ်ရှားရန် စာတန်၏ကြိုးပမ်းမှုကိုဖော်ပြသည်။ ဘုရားသခင်ကို လည်းကောင်း၊ သူဖန်ဆင်းသောသတ္တဝါများနှင့် သူ၏ဆက်ဆံရေးကိုလည်းကောင်း လေ့လာသော သီအော်လော်ဂျီဘာသာသည် ခရစ်တော်၌ရှိသောယုံကြည်ချက်အားလုံးကို ဖော်ထုတ်ရမည်။ ခရစ်ယာန်သီအော်လော်ဂျီသည် ဘုရားသခင်နှုတ်ကပတ်တော်၏ အခွင့်အာဏာကို စိတ်ချယုံကြည်စေရန်နှင့်၊ အခြားအရာများအပေါ် အခြေပြုသည့် ယုံကြည်ချက်များကို ခရစ်တော်ဖြင့်အစားထိုးရန်ဖြစ်သည်။ ၎င်းသည် ထိုသို့ လုပ်ဆောင်သောအခါ၊ စစ်မှန်သော ခရစ်ယာန်သီအော်လော်ဂျီသည် အသင်းတော်ကိုအကျိုးပြုသည်။ အကြောင်းမှာ ၎င်းသည် စကြ၀ဠာနှင့်ချီသောအငြင်းပွားမှု၏အရင်းသို့ဆင်း၍၊ ၎င်းကို ဖော်ထုတ်ကာ၊ ခရစ်တော်နှင့် အတူ၎င်းကိုရင်ဆိုင်သည်။ ဤရှုထောင့်မှဘုရားသခင်သည် သီအော်လော်ဂျီကို ထိရောက်သော ကိရိယာအဖြစ်၊ မြေကြီးပေါ်တွင်စာတန်၏အားထုတ်မှုကို ဆန့်ကျင်ရာတွင်လူသားတို့ကို ကူညီရန်အတွက်အသုံးပြုသည်။

ယုံကြည်ချက်၏အရေးပါမှု

မဟာတိုက်လှန်ပွဲဆိုင်ရာ ယုံကြည်ချက်သည် ကမ္ဘာပေါ်မွေးဖွားလာ သူတိုင်းကို ထိခိုက်စေသည့် ကြီးမားသောစစ်ပွဲကိုဖော်ပြသည်။ ၎င်းသည် စကြ၀ဠာတစ်ခုလုံးပျံ့နှံ့သည်။ သမ္မာကျမ်းစာက ငါတို့သည်အသွေးအသားရှိသောရန်သူတို့နှင့် ဆိုင်ပြိုင် တိုက် လှန်ရကြသည် မဟုတ်။ အထွတ်အမြတ်တို့နှင့် လည်းကောင်း၊ အာဏာစက်တို့နှင့်လည်းကောင်း၊ လောကီမှောင်မိုက်၌ အစိုးတရပြုလုပ်သော မင်းတို့နှင့်လည်းကောင်း၊ မိုးကောင်းကင်၌နေသော နတ်ဆိုးတို့ နှင့်လည်းကောင်း၊ ဆိုင်ပြိုင်တိုက်လှန် ရကြ၏} (ဧ ၆း၁၂)။

ယုံကြည်ချက်သည်အစဉ်နိုးကြားသောအနေအထားကိုဖန်တီးသည်။ ဤယုံကြည်ချက်ကို နားလည်ခြင်းသည် မကောင်းမှုကိုတိုက်ခိုက်ရန်လိုအပ်ကြောင်း သဘောပေါက် စေသည်။ အောင်မြင်ခြင်းသည် စစ်တိုက်ခြင်းငှာတန်ခိုးကြီးတော်မူသော” (ဆာ ၂၄း၈) ယေရှုခရစ်တော် အပေါ်မှီခိုခြင်း အားဖြင့်သာဖြစ်နိုင်သည်။ ပေါလုသည် ခရစ်တော်၏ရှင်သန်ရပ်တည်မှု ဗျူဟာကို လက်ခံရန်လိုအပ် ကြောင်းပြောသည်။ ထိုကြောင့်၊ ခဲယဉ်း ဆိုးယုတ်သော နေ့ရက်ကာလ၌ ဆီးတားနိုင်သဖြင့်၊ ကိစ္စအလုံးစုံတို့ကို ပြီးစီး၍ ခံရပ်နိုင်မည်အကြောင်း၊ ဘုရားသခင်ပြင်ဆင်တော်မူသောလက်နက်စုံကို ယူဆောင်ကြလော့။ သစ္စာတည်းဟူသော ခါးပန်းကို စည်းလျက်၊ ဖြောင့်မတ်ခြင်းပါရမီ တည်းဟူသော ရင်အုပ်တန်ဆာကိုဝတ်ဆင်လျက်၊ ငြိမ်သက်ခြင်းနှင့်ယှဉ်သောဧဝံဂေလိ တရားကိုဟော ပြောအံ့သောငှာ ပြင်ဆင်သောအဖြစ် တည်းဟူသော ခြေစွပ်ကိုစွပ်လျက် ခံရပ်ကြလော့။ မာရ်နတ် ပစ်ခတ်သောမီးစက်လက်နက်ကို  ကာသတ်နိုင်သော ယုံကြည်ခြင်းတည်းဟူသော လွှားကိုလည်း ခပ်သိမ်းသော လက်နက်တို့ အပေါ်မှာထပ်ဆင့်၍ ယူဆောင်ကြလော့။ ကယ်တင်ခြင်းတည်းဟူသော သံခမောက်လုံး ကိုလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တည်းဟူသော ဝိညာဉ်တော်၏ဓားကိုလည်းကောင်းယူကြလော့။ ကာလအစဉ်စိတ်နှလုံးပါလျက် ဆုတောင်းပတ္ထနာပြုခြင်း အမျိုးမျိုးတို့ဖြင့် ဆုတောင်းကြလော့။ ထိုသို့ဆုတောင်းခြင်းငှာအားမလျော့ဘဲလျက်၊ ငါမှစ၍ သန့်ရှင်းသူအပေါင်းတို့ အဖို့ဆုတောင်းလျက်စောင့်ရှောက်ကြလော့” (ဧ ၆း၁၃-၁၈)။ ဤတိုက်လှန်ပွဲအတွက် အမြဲတမ်းအဆင်သင့်ရှိလျက်၊ သည်းခံခြင်းနှင့်သစ္စာစောင့်ခြင်းဖြင့် အသက်ရှင်ရန်မှာ စစ်မှန်သော ခရစ်ယာန်များအတွက်အခွင့်ထူးပါတကား (ဗျာ ၁၄း၂)။ ကျွန်ုပ်တို့ကို အထူးသဖြင့်အောင်မြင်” (ရော ၈း၃၇) သောသူဖြစ်စေတော်မူသောသူအပေါ် အစဉ်မှီခိုနေခြင်းကို ဖော်ပြသောအသက်တာ ပါတကား။

၎င်းသည်ဆင်းရဲဒုက္ခ၏နက်နဲမှုကိုရှင်းပြသည်။ မကောင်းမှုသည် ဘုရားသခင်ထံမှအစပြုခဲ့ခြင်းမဟုတ်ပါ။ ဖြောင့်မတ်ခြင်းတရားကိုနှစ်သက်၍၊ မတရားသောအမှုကိုမုန်း” (ဟေဗြဲ ၁း၉)သောသူကို ကမ္ဘာ၏ဝေဒနာအတွက်အပြစ်တင်စရာမရှိချေ။ ကျရှုံးသောကောင်းကင်တမန်ဖြစ်သည့် စာတန်သည် ရက်စက်မှုနှင့်ဆင်းရဲဒုက္ခများ အတွက် တာဝန်ရှိသည်။ ဓားပြတိုက်ခြင်းများ၊ လူသတ်ခြင်းများ၊ အသုဘများ၊ ရာဇဝတ်မှုများ၊ မတော်တဆမှုများသည် မည်မျှပင်ကြေကွဲဖွယ်ဖြစ်သော်လည်း၊ မဟာတိုက်လှန်ပွဲ၏ ဘောင်အတွင်းမှ ကြည့်သော်၊ ကျွန်ုပ်တို့သည် သာ၍နားလည်နိုင်သည်။

လက်ဝါးကပ်တိုင်သည် အပြစ်၏ဖျက်ဆီးခြင်းနှင့်အပြစ်သားများအတွက် ဘုရားသခင့်မေတ္တာ၏နက်ရှိုင်းမှုကိုသက်သေခံသည်။ ထိုကြောင့်မဟာတိုက်လှန်ပွဲသည်အပြစ်ကို မုန်း၍၊ အပြစ်သားကို ချစ်ရန်သွန်သင်သည်။

၎င်းသည်လောကအတွက် ခရစ်တော်၏လက်ရှိချစ်ဖွယ် ဂရုစိုက်မှုကိုပြသည်။ ကောင်းကင်သို့ တက်ကြွသွားသောအခါ၊ ခရစ်တော်သည် မိမိလူတို့ကို မျှော်လင့်ချက်မဲ့၊ အကူအညီမဲ့ ဖြင့်မထားခဲ့ချေ။ ကြီးမားသောကရုဏာဖြင့် သူသည် မကောင်းမှုကိုတိုက် ခိုက်ရာတွင် ကျွန်ုပ်တို့အားဖြစ်နိုင်သမျှ အကူအညီကိုပေးသည်။ သန့်ရှင်းသောဝိညာဉ်တော်ကို ခရစ်တော် အစားဝင်ရန်နှင့် ခရစ်တော် မကြွလာမီတိုင်အောင် ကျွန်ုပ်တို့၏ အမြဲတမ်းမိတ်ဆွေဖြစ်၍ စေလွှတ်ခဲ့သည် (ယော ၁၄း၁၆)။ ကိုယ်တော်၏ ကယ်တင်ခြင်းလုပ်ငန်းတွင်ပါဝင်ရန် ကောင်းကင်တမန်များသည် စေခိုင်းခြင်းခံရသည် (ဟေဗြဲ ၁း၁၄)။ ကျွန်ုပ်တို့၏ အောင်မြင်ခြင်းအတွက် အာမခံချက်ပေးသည်။ ကျွန်ုပ်တို့၏အရှင် သခင်သည် အနာဂတ်ကို ထိန်းချုပ်သည်ဖြစ်ရာ၊ ကျွန်ုပ်တို့သည် အနာဂတ်ကိုရင်ဆိုင်ရာတွင် မျှော်လင့်ချက်နှင့် သတ္တိရှိနိုင်သည်။ ကျွန်ုပ်တို့၏နှုတ်ခမ်းသည် သူ၏ကယ်တင်ခြင်း လုပ်ငန်းအတွက်ချီးမွမ်းနိုင်သည်။

၎င်းသည်လက်ဝါးကပ်တိုင်၏စကြ၀ဠာနှင့်ချီသောအရေးပါမှုကိုဖော်ပြသည်။ ခရစ်တော်၏ အမှုဆောင်ခြင်းနှင့်သေခြင်းတို့တွင် လူသား၏ကယ်တင်ခြင်းသည် အဓိက ကျသည်။ အကြောင်းမှာ သူသည်ကျွန်ုပ်တို့၏အပြစ်လွှတ်စေရန်အတွက် မိမိအသက်ကိုပေးရန်ကြွလာခဲ့သည်။ ထိုသို့ပြုခြင်းဖြင့်၊ သူသည် စာတန်ကထိပါးအောင် မှားယွင်းစွာစွပ်စွဲသည့် ခမည်းတော်၏ဂုဏ်တော်၊ ပညတ်တော်နှင့်အုပ်စိုးမှုတို့ကိုသက်သေထူခဲ့ သည်။

ခရစ်တော်၏အသက်တာသည် ဘုရားသခင်၏ တရားမှုနှင့်ကောင်းမြတ်ခြင်းတို့ကိုသက်သေထူပြီး၊ ဘုရားသခင်၏ပညတ်တော်နှင့်အုပ်စိုးမှုသည် တရားမျှတကြောင်း ပြသသည်။ ခရစ်တော်သည် ဘုရားသခင်အပေါ်စာတန်၏တိုက်ခိုက်မှုသည် အခြေအမြစ်မရှိကြောင်းဖော်ပြခဲ့ပြီး၊ ဘုရားသခင်၏တန်ခိုးနှင့်ကျေးဇူးတော်အပေါ် လုံးလုံးမှီခိုခြင်းဖြင့် နောင်တရသော ယုံကြည်သူတို့သည် နေ့စဉ်ကြုံရသော စုံစမ်းခြင်းတို့အပေါ်သို့ တက်၍၊ အပြစ်ကိုအောင်သော အသက်တာဖြင့် နေထိုင်နိုင် ကြောင်းကိုပြသသည်။

 

- ၀ -

မူလမာတိကာသို့







No comments:

Post a Comment