Wednesday, February 26, 2025


 


အခန်း - ၁၀ - 
ကယ်တင်ခြင်းကိုတွေ့ ကြုံခံစားခြင်း

အနန္တမေတ္တာနှင့်ကရုဏာတော်ကြောင့် ဘုရားသခင်သည် အပြစ်နှင့်ကင်းစင်သော ခရစ်တော်ကို ကျွန်ုပ်တို့အတွက်အပြစ်ဖြစ်စေခဲ့သည်။ ထိုသို့ဖြင့် ကျွန်ုပ်တို့သည်သူ့အားဖြင့် ဘုရားသခင်ရှေ့၌ ဖြောင့်မတ်သောသူများဖြစ်မည်အကြောင်းတည်း။ သန့်ရှင်းသောဝိညာဉ် တော်၏ လမ်းပြခြင်းအားဖြင့် ကျွန်ုပ်တို့သည် မိမိတို့လိုအပ်ချက်ကိုခံစားသည်၊ အပြစ်ရှိခြင်းကိုဝန်ခံသည်၊ လွန်ကျူးခြင်းများကို နောင်တရသည်၊ ပြီးနောက် ယေရှုကို ကယ်တင်ရှင်၊ သခင်၊ အစားထိုးသူနှင့်စံနမူနာအဖြစ် ကျွန်ုပ်တို့ယုံကြည်သည်။ ဤကယ်တင်သော ယုံကြည်ခြင်းသည် နှုတ်ကပတ်တော်၏ဘုရားတန်ခိုးမှလာ၍၊ ၎င်းသည် ဘုရားသခင်၏ကျေးဇူးတော် ဆုလာဘ်ဖြစ်သည်။ ခရစ်တော်အားဖြင့် ကျွန်ုပ်တို့သည် ဖြောင့်မတ်ရာသို့ရောက်သည်၊ ဘုရားသခင်၏ သားသမီးများအဖြစ်မွေးစားခံရသည်၊ ပြီးနောက် အပြစ်၏အုပ်စိုးမှုအောက်မှ ကယ်နုတ်ခြင်းခံရသည်။ ဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့သည် ဒုတိယမွေးဖွားခြင်းကိုခံရ၍ သန့်ရှင်းခြင်းသို့ရောက်သည်။  ဝိညာဉ်တော်သည် ကျွန်ုပ်တို့၏စိတ်နှလုံးကို အသစ်ပြောင်းလဲပေးသည်၊ ကျွန်ုပ်တို့၏စိတ်နှလုံးတွင် ချစ်ခြင်းမေတ္တာနှင့်ဆိုင်သောဘုရားသခင်၏ ပညတ်တော်ကိုရေးသည်၊ ထို့နောက် ကျွန်ုပ်တို့ကိုသန့်ရှင်းသောအသက်တာဖြင့် နေထိုင်နိုင်ရန် တန်ခိုးပေးသည်။ ကိုယ်တော်၌ တည်နေခြင်းဖြင့်၊ ကျွန်ုပ်တို့သည် ဘုရားရှင်၏ ဇာတိကို ယူတင်ဝတ်ဆင်သူများဖြစ်လာကြပြီး၊ ယခုအချိန်နှင့်တရားစီရင်ခြင်းတွင် ကယ်တင်ခြင်း အာမခံချက်ရှိသည်။ (က ၃း၁၅။ ဟေရှာ ၄၅း၂၂။ ၅၃။ ယေ ၃၁း၃၁-၃၄။ ယေဇ ၃၃း၁၁။ ၃၆း၂၅-၂၇။ ဟဗ ၂း၄။ မာ ၉း၂၃၊၂၄။ ယော ၃း၃-၈၊၁၆၊ ၁၆း၈။ ရော ၃း၂၁-၂၆။ ၅း၆-၁၀။ ၈း၁-၄၊၁၄-၁၇။ ၁ဝး၁၇။ ၁၂း၂။ ၂ကော ၅း၁၇-၂၁။ ဂလာ ၁း၄၊ ၃း၁၃၊၁၄၊၂၆။ ၄း၄-၇။ ဧ ၂း၄-၁၀။ ကော ၁း၁၃၊၁၄။ တိ ၃း၃-၇။ ဟေဗြဲ ၈း၇-၁၂။ ၁ပေ ၁း၂၃။ ၂း၂၁၊၂၂။ ၂ပေ ၁း၃၊၄။ ဗျာ ၁၃း၈)။

ခရစ်တော်၌တည်သော အသက်တာသည် ငြိမ်သက်သော အသက်တာဖြစ်သည်။ အလွန်အမင်းစိတ်ခံစားမှုမျိုး မရှိဘဲရှိနိုင်သော်လည်း၊ တည်မြဲငြိမ်သက်သော ယုံကြည်အားကိုးမှုရှိရမည်။ သင်၏မျှော်လင့်ချက်သည် သင့်ကိုယ်တိုင်အပေါ်၌မရှိ၊ ခရစ်တော်၌ ရှိသည်။ သင်၏ အားနည်းချက်သည် သူ၏ခွန်အား၌လည်းကောင်း၊ သင်၏မသိနားမလည်မှုသည် သူ၏ပညာ၌လည်းကောင်း၊ သင်၏ အင်အားချည့်နဲ့ခြင်းသည် သူ၏ အင်အားနှင့် လည်းကောင်းပေါင်းစပ်လာသည်။ ထိုကြောင့် သင်သည်မိမိကိုယ်ကို မကြည့်ရ၊ သင့်ကိုယ်တိုင် အကြောင်းကိုမစွဲလမ်းရ၊ ခရစ်တော်ကိုသာ ကြည့်ရမည်။ စိတ်နှလုံးသည် သူ၏ချစ်ခြင်းမေတ္တာ၊ သူ၏တင့်တယ်ပြည့်စုံသောဂုဏ်တော်ကိုစွဲလမ်း နေရမည်။ ခရစ်တော်၏ ကိုယ်ကိုငြင်းပယ်ခြင်း၊ စိတ်နှိမ့်ချခြင်း၊ စင်ကြယ်ခြင်းနှင့် သန့်ရှင်းခြင်း၊ အနှိုင်းမဲ့ မေတ္တာတို့သည်သာ စိတ်ဝိညာဉ်တွေးတောဆင်ခြင်ရမည့်အကြောင်းအရာဖြစ်သည်။ ကိုယ်တော်ကို ချစ်ခြင်း၊ အတုယူခြင်း၊ လုံးလုံးမှီခိုခြင်းအားဖြင့် သင်သည် သူ၏ပုံသဏ္ဌာန်သို့ ပြောင်းလဲခြင်း ရှိရမည်။

ခရစ်တော်သည်အသင်းတော်ကို ချစ်တော်မူ၏။ . . . ထိုအသင်းတော်သည် သန့်ရှင်းလျက်၊ အပြစ်ကင်းလျက်ရှိသည်ဖြစ်၍၊ အညစ်အကြေးတင်ခြင်း၊ အရေတွန့်ခြင်းမှ စသည်တို့ နှင့်လွတ်ကင်းသဖြင့် အသရေတင့်တယ်လျက်ရှိသောအသင်းတော်ကို ခရစ်တော်သည် မိမိအားဆက်သအံ့သောငှာ၊ နှုတ်ကပတ်တော်ရေ၌ ဆေးကြောခြင်းအား ဖြင့်စင်ကြယ် သန့်ရှင်းစေမည်အကြောင်း၊ ထိုအသင်းတော် အဖို့အလိုငှာ မိမိကိုယ်ကို စွန့်တော်မူ၏” (ဧ ၅း၂၅-၂၇) ဟု ပေါလုဆိုခဲ့သည်။ ထိုသို့သော သန့်ရှင်းခြင်းသည် အသင်းတော်၏ ပန်းတိုင် ဖြစ်သည်။ ထို့ကြောင့် ယုံကြည်သူများဖြင့် ဖွဲ့စည်းသော အသင်းတော်က၊ ငါတို့သည် စိတ်ပျက်အားလျော့ခြင်းနှင့်ကင်းလွတ်ကြ၏။ ငါတို့၏ပြင် လူသည် ဖောက်ပြန်ပျက်စီးခြင်းသို့ ရောက်သော်လည်း၊ အတွင်းလူမူကား တစ်နေ့ထက် တစ်နေ့ပြုပြင်ခြင်းကို ခံရ၏” (၂ကော ၄း၁၆) ဟူ၍သက်သေခံနိုင်ကြမည်။ ငါတို့ ရှိသမျှသည် မျက်နှာဖုံးကိုဖွင့်လျက် မှန်ကို ကြည့်သကဲ့သို့၊ သခင်ဘုရား၏ ဘုန်းအသရေတော်ကိုကြည့်မြင်၍၊ ဝိညာဉ်တော်တရား၏ အရှင်သည် ရောင်ခြည်တော်ကိုလွှတ်တော်မူသည်အတိုင်း၊ ငါတို့သည် ဘုန်းအသရေတိုးပွား၍ ပုံသဏ္ဌာန်တော်နှင့်အညီ ပြောင်းလဲခြင်းရှိရကြ၏” (၂ကော ၃း၁၈)။ ဤပြောင်းလဲခြင်းသည် အတွင်းစိတ်ပြောင်းလဲခြင်း ၏အဆုံးစွန်ဖြစ်သည်။

သမ္မာကျမ်းစာတစ်ခုလုံးတွင် ယုံကြည်သူတစ်ဦး၏ကယ်တင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ စင်ကြယ်ခြင်းနှင့် ရွေးချယ်ခြင်းတို့တွေ့ကြုံခံစားခြင်းကိုဖော်ပြရာတွင် (၁) ပြီးမြောက် သွားခဲ့ပြီ၊ (၂) လက်ရှိတွေ့ကြုံခံစားနေရဆဲ၊ (၃) အနာဂတ် တွင်တွေ့ကြုံ ခံစားရမည်ဟူ၍ ပြော ဆိုသည်။ ဤ ရှုထောင့်သုံးခုကိုနားလည်ခြင်းသည် ဖြောင့်မတ်ရာသို့ရောက်ခြင်းနှင့် သန့်ရှင်း သော အသက်တာ ဆိုင် ရာ အငြင်းပွားမှုကို ကူညီဖြေရှင်းနိုင်လိမ့်မည်။ ထို့ကြောင့် ဤအခန်း (၁၀) သည် ယုံကြည်သူ၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တွင် ကယ်တင်ခြင်း ခံရခြင်းနှင့် ဆိုင်၍ အပိုင်းသုံးပိုင်းခွဲထားသည်။

ကယ်တင်ခြင်းကိုတွေ့ကြုံခံစားခြင်းနှင့်အတိတ်

ဘုရားသခင်၏အကြောင်းနှင့် သူ၏ချစ်ခြင်းမေတ္တာနှင့် စေတနာအကြောင်းအချက် အလက်များကို သိခြင်းသည် မလိုလောက်ချေ။ ခရစ်တော်မပါဘဲ၊ မိမိကိုယ်ကို ကောင်းအောင်ကြိုးစားခြင်းသည် ဖြစ်ချင်သောအရာနှင့်တခြားစီဖြစ်သည်။ စိတ်ဝိညာဉ် အတွင်းထဲအထိရောက်ရှိသော ကယ်တင်ခြင်း အတွေ့အကြုံသည် ဘုရားသခင်ထံမှသာ လာသည်။ ဤ အတွေ့အကြုံနှင့်ပတ်သက်၍၊ ခရစ်တော်က ဒုတိယမွေးခြင်းကိုမခံသောသူ မည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်ကိုမမြင်ရ။... ရေနှင့်ဝိညာဉ်တော် မမွေးသောသူ မည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်သို့မဝင်ရ” (ယော ၃း၃-၅) ဟု ပြောခဲ့သည်။

ယေရှုခရစ်တော်အားဖြင့်သာလျှင် ကယ်တင်ခြင်းကိုတွေ့ကြုံခံစားနိုင်သည်။ အကြောင်းမှာ ထိုသခင်၏နာမတော်မှတစ်ပါး ငါတို့ကိုကယ်တင်နိုင်သော နာမတစ်စုံတစ်ခုမျှ ကောင်း ကင် အောက်လူတို့တွင် မပေါ်မရှိ” (တ ၄း၁၂)။ ယေရှုက ငါသည်လမ်းခရီးဖြစ်၏။ သမ္မာ တရားလည်း ဖြစ်၏။  အသက်လည်းဖြစ်၏”  (ယော ၁၄း၆) ဟုဆိုသည်။

ကယ်တင်ခြင်းအတွေ့အကြုံတွင် နောင်တရခြင်း၊ အပြစ်ဝန်ခံခြင်း၊ အပြစ် ခွင့်လွှတ်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့်သန့်ရှင်းခြင်းတို့ပါဝင်သည်။

နောင်တရခြင်း။ ကပ်တိုင်တင်သတ်ခြင်းမတိုင်မီ၊ ယေရှုသည်တပည့်တော်တို့ကို သန့်ရှင်းသောဝိညာဉ်တော်ကိုပေးရန် ကတိပေးခဲ့သည်။ သူသည် ဒုစရိုက်အပြစ်ကို လည်းကောင်း၊ အပြစ်ကင်းခြင်းကိုလည်းကောင်း၊ အပြစ်စီရင်ခြင်းကိုလည်းကောင်း၊ လောကီသားတို့အား ထင်ရှားစွာဖော်ပြမည်” (ယော ၁၆း၈)။ ပင်တေကုတ္တေပွဲတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် လူသားတို့အား ကယ်တင်ရှင်လိုအပ်ကြောင်းကို ခံစားစေ၍-၊ သူတို့က မည်သို့ တုံ့ပြန်ရမည်အကြောင်း မေးသောအခါ၊ ပေတရုက နောင်တရကြပါ” (တ ၂း၃၇၊၃၈) ဟု ပြန်ဖြေ ခဲ့သည်။

၁။ နောင်တသည်အဘယ်နည်း။ နောင်တဟူသောစကားလုံးသည် စိတ်မကောင်း ဖြစ်သည်ဟုအဓိပ္ပါယ်ရသောဟေဗြဲစကားလုံးမှလာသည်။ ဂရိမူရင်းစကားလုံးသည်လည်း စိတ်ပြောင်းလဲသည်၊” “စိတ်ထိခိုက်သည်၊” “ဝမ်းနည်းသည်ဟူ၍ အဓိပ္ပာယ်ရသည်။ စစ်မှန်သော နောင်တသည် ဘုရားသခင်နှင့်အပြစ် အပေါ်ထားရှိသော စိတ်ထားကို လုံးလုံးပြောင်းလဲစေသည်။ ဘုရားသခင်၏ဝိညာဉ်တော်သည် သူ့ကိုလက်ခံရရှိသောသူတို့အား ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို သိရှိခံစားစေခြင်းအားဖြင့် အပြစ်၏ လေးနက်ပြင်းထန်မှုနှင့် သူတို့ကိုယ်တိုင် ပျောက်ဆုံးနေသော အခြေအနေကိုသိစေသည်။ သူတို့သည် ဝမ်းနည်း၍၊ အပြစ်ရှိသည်ဟုခံစားလာသည်။ မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကိုဖော်ပြဝန်ချ၍ စွန့်ပစ်သောသူမူကား၊ ကရုဏာတော်ကို ခံရလိမ့်မည်” (သု ၂၈း၁၃) ဟူသောအမှန်တရားကို သဘောပေါက်၍၊ သူတို့၏အပြစ်များကို အတိအကျဖော်ပြဝန်ချကြသည်။ သူတို့ဆန္ဒအတိုင်း စိတ်ပိုင်းဖြတ်၍၊ ကယ်တင်ရှင်ထံ လုံးလုံးဆက်ကပ်အပ်နှံကာ၊ သူတို့၏အပြစ်ရှိသောအပြုအမူများကို စွန့်လွှတ်ကြသည်။ ထိုသို့ဖြင့်နောင်တသည်ပြောင်းလဲခြင်း၌ အထွတ်အထိပ်သို့ ရောက်ရှိသည်။ ပြောင်းလဲခြင်းသည် အပြစ်သားတစ်ယောက် ဘုရားသခင်ထံသို့ ဦးလှည့်လာခြင်းကိုဆိုလိုသည်။

ဒါဝိဒ်၏သူ့မယားကိုပြစ်မှားခြင်းနှင့် လူ့အသက်သတ်ခြင်းအပြစ်ကိုနောင်တရခြင်းသည် အပြစ်အပေါ်အောင်နိုင်ရန်နည်းလမ်းကို ဤအတွေ့အကြုံကမည်သို့ပြင်ဆင်ကြောင်းကို ကွက်ကွက် ကွင်းကွင်း ဥပမာပေးသည်။ ဝိညာဉ်တော်၏လှုံ့ဆော်ခြင်းအားဖြင့်သူသည် သူ့အပြစ်ကိုစက်ဆုပ်ရွံရှာ၍၊ ဝမ်းနည်းကြေကွဲကာ၊ စင်ကြယ်ခြင်းကို တောင်းလျှောက်ခဲ့သည်။ အကျွန်ုပ်လွန်ကျူးပါပြီဟု ဝန်ချလျက်ကိုယ်အပြစ်ကို အစဉ်မပြတ်အောက်မေ့လျက် နေပါ၏။ ကိုယ်တော်ကိုပြစ်မှားပါပြီ။ ကိုယ်တော်ကိုသာ ပြစ်မှား၍ မျက်မှောက်တော်၌ပင် မတရားသောအမှုကိုပြုမိပါပြီ။” “အိုဘုရားသခင်၊ ကျေးဇူးပြုချင်သော စေတနာစိတ်တော်ရှိသည်အတိုင်း၊ အကျွန်ုပ်ကို သနားတော်မူပါ။ စုံမက်တော်မူခြင်း ကရုဏာများပြားသည်နှင့်အညီ အကျွန်ုပ်လွန်ကျူးခြင်းအပြစ်ကိုဖြေ တော်မူပါ။” “အိုဘုရားသခင်၊ အကျွန်ုပ်အထဲ၌ စင်ကြယ်သော နှလုံးကိုဖန်ဆင်းတော်မူပါ။ မြဲမြံတည်ကြည်သောသဘောကို အသစ်ပြုပြင်တော်မူပါ” (ဆာ ၅၁း၃၊ ၄၊ ၁၀)။ ဒါဝိဒ်၏နောက်ပိုင်း အတွေ့အကြုံက၊ ဘုရားသခင်သည် အပြစ်ကိုခွင့်လွှတ်သည် သာမက၊ အပြစ်မှပြန်လည် ဆယ်တင်ကြောင်းကိုဖော်ပြသည်။

နောင်တသည်အပြစ်လွှတ်ခြင်းအလျင်ကျသော်လည်း၊ အပြစ်သားတို့သည် နောင်တရခြင်းဖြင့် ဘုရားသခင်၏ကောင်းချီးကိုသေချာရရှိရန် မိမိတို့ကိုယ်ကိုထိုက်တန်အောင်မပြုနိုင်ပါ။ အမှန်မှာ၊ အပြစ်သားများသည် မိမိတို့အထဲမှနောင်တတရားကို မထုတ်လုပ်နိုင်ချေ။ ၎င်းသည် ဘုရားသခင်၏ ဆုကျေးဇူးဖြစ်သည် (တ ၅း၃၁)။ အပြစ်အတွက်စိတ်ရင်းဖြင့် ဝမ်းနည်း၍ နောင်တတရားကို တွေ့ရှိနိုင်မည်အကြောင်း သန့်ရှင်းသောဝိညာဉ်တော်သည် အပြစ်သားများကို ခရစ်တော်ထံသို့ ခေါ်ဆောင် လာသည်။

၂။ နောင်တရရန်လှုံ့ဆော်ခြင်း။ ယေရှုက ငါသည်လည်း မြေကြီးနှင့်ခွာ၍ မြှောက်ထားခြင်းကိုခံရလျှင်၊ လူအပေါင်းတို့ကိုငါ့ထံသို့ငါဆွဲမည်ဟုမိန့်တော်မူ၏” (ယော ၁၂း၃၂)။ ယေရှု၏ သေခြင်းသည် ကျွန်ုပ်တို့ကိုဖြောင့်မတ်စေ၍၊ သေခြင်းအပြစ်ဒဏ်မှ ကယ်နုတ်ကြောင်းကို ခံစားရသောအခါ စိတ်နှလုံးသည်အရည်ပျော်၍၊ ချိုးနှိမ်ခြင်း ခံရသည်။ သေဒဏ်စီရင်ခြင်းခံရသောအကျဉ်းသားသည် ကွပ်မျက်ခြင်းကိုစောင့်နေစဉ် ရုတ်တရက် အပြစ်လွှတ်ခြင်းခံလိုက်ရသောအခါ သူ၏ခံစားချက်ကို တွေးကြည့်ပါ။ နောင်တရသောအပြစ်သားသည်  ခရစ်တော်၌ အပြစ်လွှတ်ခြင်းရသည်သာမက၊ အပြစ်မရှိဟုစီရင်ပြီး၊ ဖြောင့်မတ်သူအဖြစ် ကြေညာခြင်းခံရသည်။ သူသည် ထိုသို့သော အရေးယူမှုကို မခံထိုက်ဘဲ၊ ရလည်းမရ ရှိနိုင်ချေ။ စိတ်နှလုံးထဲတွင်အပြစ်ရှိသည်ဟု ခံစားရသည်။ အပြစ်သားသည် ယေဟောဝါဘုရားရှင်၏ ဖြောင့်မတ်ခြင်းကိုခံစားပြီး၊ စိတ်နှလုံးကို ဆန်းစစ်တော်မူသောသူ၏ ရှေ့တော်တွင် မိမိကိုယ်ပိုင်အပြစ်နှင့် ညစ်ညူးခြင်းများဖြင့် ရောက်လာရမည့်အရေးကို ကြောက်ရွံ့နေသည်။ သူသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၊ သန့်ရှင်းခြင်း၏တင့်တယ်မှု၊ စင်ကြယ်ခြင်း၏ ဝမ်းမြောက်ခြင်းတို့ကို မြင်၍၊ သန့်ရှင်းစင်ကြယ်ရန်နှင့် သူနှင့်ဆက်ဆံရေးကို ပြန်လည်ထူထောင်ရန် လိုလားသည်။

ပေါလုဖော်ပြသကဲ့သို့၊ ကျွန်ုပ်တို့သည်အားနည်းစဉ်၊ အပြစ်ရှိစဉ်၊ ဘုရားတရားမရှိစဉ်၊ ဘုရားသခင်၏ ရန်သူများဖြစ်နေချိန်တွင်ပင် ခရစ်တော်သည်ကျွန်ုပ်တို့ ဖြောင့်မတ်ခြင်းရရှိ နိုင်ရန် အသေခံခဲ့သည် (ရော ၅း၆-၁၀)။ ခရစ်တော်၏ခွင့်လွှတ်သောမေတ္တာကို သိရှိခံစားခြင်းထက်၊ မည်သည့်အရာကမျှ စိတ်ဝိညာဉ်ကိုနက်နက်ရှိုင်းရှိုင်း မတို့ထိနိုင်ချေ။ အပြစ်သားများသည် လက်ဝါးကပ်တိုင်တွင်ပြသသည့် ဤနက်နဲလွန်းသော ဘုရားရှင်၏မေတ္တာကို ဆင်ခြင်သုံးသပ်သောအခါ၊ သူတို့သည် နောင်တရရန် အစွမ်းထက်ဆုံးသော လှုံ့ဆော်မှုကို ရရှိကြသည်။ ကျွန်ုပ်တို့ကို နောင်တရစေသောအရာမှာ ဘုရားသခင်၏ကောင်းမြတ်ခြင်းပင်ဖြစ်သည် (ရော ၂း၄)။

ဖြောင့်မတ်ရာသို့ရောက်ခြင်း။ မိမိ၏အနန္တမေတ္တာနှင့် ကရုဏာတော်ဖြင့် ဘုရားသခင်သည် အပြစ်နှင့်ကင်းစင်သောသူ (ခရစ်တော်)ကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူ (ခရစ်တော်) အားဖြင့် ဘုရားသခင့်ရှေ့တော်၌ ဖြောင့်မတ်သောသူဖြစ်မည်အကြောင်းတည်း} (၂ကော ၅း၂၁)။ ယေရှုကို ယုံကြည်ခြင်းအားဖြင့် စိတ်နှလုံးသည် သူ၏ဝိညာဉ်တော်နှင့်ပြည့်၀လာသည်။ ဘုရားသခင်၏ ကျေးဇူးတော် ဆုလာဘ်ဖြစ်သော ထိုယုံကြည်ခြင်း (ရော ၁၂း၃။ ဧ ၂း၈) အားဖြင့် နောင်တရသောအပြစ်သားများသည် ဖြောင့်မတ်ရာသို့ ရောက်ကြသည် (ရော ၃း၂၈)။

ဖြောင့်မတ်ခြင်းဟူသောစကားလုံးသည် ဟေလသစကားလုံး ဒိုင်ကိုင်အိုးမား (dikaioma) မှ လာ၍၊ သမာဓိရှိသောသတ်မှတ်ချက်၊ အကျင့်၊ စည်းမျဉ်း၊” “တရားရေးဆိုင်ရာစီရင်ချက်၊” “တရားသောလုပ်ရပ်ဟူ၍အဓိပ္ပါယ်ရသည်။ ဒိုင်ကိုင်အိုးစစ်စ် (dikaiosis) သည် မှန်ကန်တရားမျှတမှု၊” “သက်သေထူခြင်း၊” “အပြစ်မရှိစီရင်ခြင်းဟူ၍အဓိပ္ပါယ်ရသည်။
ဒိုင်ကိုင်အိုး(
dikaioo)သည် သမာဓိရှိသူအဖြစ်ကြေညာ၊ ဆက်ဆံသည်၊” “အပြစ်မရှိဟုကြေညာသည်၊” “လွတ်မြောက်စေသည်၊ စင်ကြယ်စေသည်” “မှန်ကန်ကြောင်းပြသည်၊” “သက်သေထူသည်၊” “တရားသဖြင့်ပြုသည်ဟူ၍ အဓိပ္ပါယ်ရသည်။

သီအော်လော်ဂျီအရ၊ ယေဘုယျအားဖြင့် ဖြောင့်မတ်ခြင်းသည်ဘုရားသခင်က နောင်တရသောအပြစ်သားကို ဖြောင့်မတ်သူအဖြစ်ကြေညာသည့် သို့မဟုတ် ဖြောင့်မတ်သူအဖြစ် မှတ်ယူသည့် ဘုရားရှင်၏လုပ်ရပ်ဖြစ်သည်။ ဖြောင့်မတ်ခြင်းသည် အပြစ်ရှိကြောင်း စီရင်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်သည် (ရော ၅း၁၆)။ဖြောင့်မတ်ခြင်းအတွက် အခြေခံအကြောင်းရင်းမှာ ကျွန်ုပ်တို့၏နားထောင်ခြင်းမဟုတ်ဘဲ၊ ခရစ်တော်၏နားထောင်မှု ဖြစ်သည်။ တစ်ယောက်သောသူ၏ ဖြောင့်မတ်ခြင်းအားဖြင့် လူအပေါင်းတို့သည် အသက်နှင့်ယှဉ်သောဖြောင့်မတ်ရာသို့ ရောက်ခြင်းအခွင့် ကိုရကြ၏။... တစ်ယောက်သောသူသည် နားထောင်သောအားဖြင့်၊ လူများတို့သည် ဖြောင့်မတ်ရာသို့ ရောက်ကြ၏” (ရော ၅း၁၈၊၁၉)။ သူသည် ဤနားထောင်မှုကို ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ရောက်” (ရော ၃း၂၄) သောသူတို့ကိုပေးသည်။ ငါတို့ကျင့်သော ဖြောင့်မတ်ခြင်းအကျင့်အားဖြင့်မဟုတ်ဘဲ၊ မိမိသနားခြင်းကရုဏာတော်နှင့်အညီ... ငါတို့ကို ကယ်တင်တော်မူ၏” (တိ ၃း၅)။

၁။ ယုံကြည်ခြင်းနှင့်အကျင့်၏အခန်းကဏ္ဍ။ များစွာသောသူတို့က ဘုရားသခင်ရှေ့သူတို့၏ အဆင့်အတန်းသည် သူတို့၏ကောင်းသောအကျင့် သို့မဟုတ် မကောင်း သောအကျင့်အပေါ် မူတည်သည်ဟု မှားယွင်းစွာယုံကြည်ကြသည်။ ဘုရားသခင်ရှေ့တွင် လူတို့သည် မည်သို့ဖြောင့်မတ်ရာသို့ ရောက်သည့်အကြောင်းကိစ္စကို ပေါလုသည် အတိအလင်း ဤသို့ဖော်ပြ သည်။ ခပ်သိမ်းသောအရာ တို့ကိုရှုံးစေသောအရာ ကဲ့သို့ငါထင်မှတ်၏။... ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့်ရသော ဖြောင့်မတ်ခြင်းတည်း ဩဟူသော ယုံကြည်ခြင်းအတွက်ကြောင့် ဘုရားသခင်ပေးတော်မူသော ဖြောင့်မတ်ခြင်းတည်း” (ဖိ ၃း၈-၁၁)။ ပေါလုသည် အာဗြဟံကိုရည်ညွှန်း၍၊ အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကိုဖြောင့်မတ်ခြင်းကဲ့သို့မှတ်တော်မူ၏” (ရော ၄း၃။ က ၁၅း၆) ဟုဆိုသည်။ သူသည်အရေဖျားလှီးခြင်းကိုမခံမီဖြောင့်မတ်သူကဲ့သို့ မှတ်ခြင်းခံရသည် (ရော ၄း၉၊၁၀)။

အာဗြဟံသည် မည်သည့်ယုံကြည်ခြင်းမျိုးရှိသနည်း။ သမ္မာကျမ်းစာက၊ သူ၏မွေးရပ် မြေကိုစွန့်ရန် ဘုရားသခင်သည်သူ့ကိုခေါ်သောအခါ၊ သူသည် အဘယ်အရပ်သို့သွားသည် =ကိုကိုယ်တိုင်မသိဘဲလျက်၊ ယုံကြည်ခြင်းအားဖြင့်နားထောင်၍၊  ထွက်သွားလေ၏” (ဟေဗြဲ ၁၁း၈) ဟုဖော်ပြသည်။ သူသည် ဘုရားသခင်၌စစ်မှန်ပြီး၊ အသက်ရှင်သော ယုံကြည်ခြင်းရှိကြောင်းကို နားထောင်ခြင်းဖြင့်ပြသ ခဲ့သည်။ သူသည် ဖြောင့်မတ်ရာသို့ ရောက်သည်အရာမှာ ဤတက်ကြွသောယုံကြည်ခြင်းအပေါ် အခြေခံသည်။

အလားတူအကျင့်မပြသဘဲ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည် ဟူသောမှားယွင်းသည့် နားလည်မှုမျိုးကိုလည်း တမန်တော်ယာကုပ်ကသတိပေးခဲ့သည်။ သူကအကျင့်မပါဘဲ စစ်မှန်သော ယုံကြည်ခြင်းမရှိ နိုင်ကြောင်းပြခဲ့သည်။ ယာကုပ်သည် ပေါလုကဲ့သို့ပင် အာဗြဟံ၏ အတွေ့အကြုံကို ဥပမာပေးသည်။ မိမိသားဣဇာက်ကို ပူဇော်ခြင်းသည် (ယာ ၂း၂၁) သူ၏ယုံကြည်ခြင်း ကိုပြသည်။ ယာကုပ်က ယုံကြည်ခြင်းသည် အကျင့်နှင့်အတူပြုပြင်၍၊ အကျင့်အားဖြင့် စုံလင်သည်ကိုသိမြင်ရ၏” (ယာ ၂း၂၂) ဟုဆိုသည်။ ထိုနည်းတူ၊ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် တစ်ပါးတည်းရှိသောကြောင့် အသေဖြစ်၏” (ယာ ၂း၁၇)။

အကျင့်သည် ဘုရားသခင်နှင့် စစ်မှန်သော ဆက်ဆံရေး၏ သက်သေဖြစ်ကြောင်းကို
အာဗြဟံ၏ အတွေ့အကြုံကဖော်ပြခဲ့သည်။ ထိုကြောင့်၊ ဖြောင့်မတ်ရာသို့ပို့ဆောင်
ပေးသော ယုံကြည်ခြင်းသည် အကျင့်အားဖြင့်ပြသသည့် အသက်ရှင်သောယုံကြည်ခြင်းဖြစ်သည် (ယာ၂း၂၄)။

ပေါလုနှင့်ယာကုပ်သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည်ဟူသောအချက်အပေါ် သဘောထားချင်း တိုက်ဆိုင်သည်။ ပေါလုက၊ အကျင့်အားဖြင့် ဖြောင့်မတ်ခြင်းကို ရယူခြင်း၏ မှားယွင်းမှုကိုပြောကြားနေစဉ်၊ ယာကုပ်ကလည်းအကျင့် မပါဘဲဖြောင့်မတ်ခြင်းကိုရယူလိုခြင်း၏ အလားတူအန္တရာယ်ကိုဖြေရှင်းသည်။ အကျင့်နှင့်အသေဖြစ်သော ယုံကြည်ခြင်းတို့သည် ဖြောင့်မတ်ရာသို့မပို့နိုင်ချေ။ မေတ္တာဖြင့်ကျင့် ၍ (ဂလ ၅း၆) စိတ်ဝိညာဉ်ကိုစင်ကြယ်စေသည့် စစ်မှန်သောယုံကြည်ခြင်းအားဖြင့်သာလျှင် ဖြောင့်မတ်ခြင်းကိုတွေ့ကြုံခံစားနိုင်မည်။

၂။ ဖြောင့်မတ်ခြင်းကိုတွေ့ကြုံခံစားခြင်း။ ခရစ်တော်ကိုယုံကြည်ခြင်း အားဖြင့် ဖြောင့်မတ်ရာသို့ရောက်ရာတွင်၊ သူ၏ဖြောင့်မတ်ခြင်းကို ကျွန်ုပ်တို့၏ဖြောင့်မတ်ခြင်း အဖြစ်မှတ်ယူသည်။ ကျွန်ုပ်တို့၏ အစားထိုးခရစ်တော်ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၌ ဖြောင့်မတ်သူများဖြစ်လာကြသည်။ ပေါလုက အပြစ်နှင့်ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင် ရှေ့တော်၌ ဖြောင့်မတ်သောသူဖြစ်မည် အကြောင်းတည်း” (၂ကော ၅း၂၁) ဟုဆိုခဲ့သည်။ နောင်တရသောအပြစ်သားများအနေဖြင့် ကျွန်ုပ်တို့သည် ပြည့်၀စုံလင်သော အပြစ်လွှတ်ခြင်းကို ခံရကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်စေလေပြီတကား။

ယဇ်ပုရောဟိတ်မင်းယောရှုအကြောင်း ဇာခရိ၏ရူပါရုံသည် ဖြောင့်မတ်ရာသို့ ရောက် ခြင်းအကြောင်းကို လှလှပပပုံဖော်သည်။ ယောရှုသည် ဘုရားသခင်၏ ကောင်းကင်တမန်ရှေ့တွင် အပြစ်၏ညစ်ညမ်းမှုကိုပုံဆောင်သည့် ညစ်ညူးသောအဝတ်ကို ဝတ်လျက်ရပ်နေသည်။ သူသည်ထိုသို့ ရပ်နေစဉ် စာတန်သည်သူ့ကိုပြစ်တင်ရှုတ် ချခဲ့သည်။ စာတန်၏စွပ်စွဲမှုသည် မှန်သည်။ ယောရှုသည် အပြစ်မရှိဟူသော စီရင်ချက်နှင့်မထိုက်တန်ချေ။ သို့သော် ဘုရားသခင်သည် ကရုဏာတော်ဖြင့် ဤသူသည် မီးထဲကနုတ်သော ထင်းစဖြစ်သည် မဟုတ်လောဟု စာတန်အားဆို၏” (ဇာ ၃း၂)။ ဤသူသည် ငါအထူး နည်းလမ်းဖြင့် ကာကွယ်စောင့်ရှောက်သော၊ ငါ၏အဖိုးထိုက်သောသူ မဟုတ်လောဟု စာတန်အားဆုံးမသည်။

ဘုရားသခင်သည် ယောရှုကိုယ်ပေါ်မှ ညစ်ညူးသောအဝတ်ကိုချွတ်ရန် အမိန့်ပေးပြီး၊ သင့်အပြစ်ကို ငါဖြေရှင်းပြီ။ တင့်တယ်သောအဝတ်ကို ဝတ်စေမည်ဟုဆို၏” (ဇာ ၃း၄)။ ချစ်ခြင်းမေတ္တာနှင့် ကရုဏာဖြင့်ပြည့်၀သော ကျွန်ုပ်တို့၏ဘုရားသခင်သည် စာတန်၏စွပ်စွဲချက်များကို ဘေးဖယ်ပြီး၊ တုန်ယင်နေသောအပြစ်သားကို ခရစ်တော်၏ဖြောင့်မတ်ခြင်းဝတ်လုံဖြင့်လွှမ်းခြုံလျက်၊ ဖြောင့်မတ်ရာသို့ရောက်စေသည်။ ယောရှု၏ညစ်ညူးသော အဝတ်သည် အပြစ်ကိုပုံဆောင်သကဲ့သို့၊ ဝတ်လုံအသစ်သည် ယုံကြည်သူ၏ခရစ်တော်၌အသစ်သောအတွေ့အကြုံကိုပုံဆောင်သည်။ ဖြောင့်မတ်ခြင်းဖြစ်စဉ်တွင်၊ ဝန်ချ၍ခွင့်လွှတ်လိုက်သောအပြစ်ကို သယ်ဆောင်သောသိုးသငယ်တည်းဟူသော စင်ကြယ်သန့်ရှင်းသောဘုရားသခင်၏သားတော်အပေါ်သို့ လွှဲပြောင်း လိုက်သည်။ သို့သော်လည်း၊ မထိုက်တန်သည့်နောင်တရသောအပြစ်သားကို ခရစ်တော်၏ဖြောင့်မတ်ခြင်းဖြင့် ဝတ်ဆင်ပေးသည်။ ဤအဝတ်လဲလှယ်ခြင်း တည်းဟူသော ဘုရားရှင်၏ ကယ်တင်သောအပေးအယူ ကိစ္စသည်   ကျမ်းစာလာဖြောင့်မတ်ခြင်းအကြောင်း ယုံကြည်ချက်ဖြစ်သည်။ဖြောင့်မတ်ရာသို့ ရောက်သောယုံကြည်သူသည် အပြစ်ခွင့်လွှတ်ခြင်းနှင့် သူ၏အပြစ်များမှ စင်ကြယ်စေခြင်း တို့ကို တွေ့ကြုံခံစားရ သည်။

အကျိုးရလဒ်များ။ နောင်တနှင့် ဖြောင့်မတ်ခြင်းတို့၏အကျိုးရလဒ်များကား အဘယ်နည်း။

၁။ သန့်ရှင်းစင်ကြယ်ခြင်း။ သန့်ရှင်းစင်ကြယ်ခြင်း” ဟူသောစကားလုံးသည် ဟေလသ စကား ဟာဂီးရပ်စ်မော့စ် (hagiasmos) မှ၊ ဘာသာပြန်ဆိုခြင်းဖြစ်၍၊ မွန်မြတ်သန့်စင်မှု၊” “ဆက်ကပ်ခြင်း၊” “သန့်ရှင်းစင်ကြယ်ခြင်းဟူ၍အဓိပ္ပါယ်ရသည်။ ဟာဂီရာဇို (hagiazo) သည် သန့်ရှင်းစေသည်၊” “ဆက်ကပ်သည်၊” “သန့်စင်စေသည်၊” “သီးသန့်ခွဲခြားသည်ဟူ၍အဓိပ္ပာယ်ရသည်။ အဓိပ္ပာယ်တူသော ဟေဗြဲစကားလုံး ခါဒါးစ် (qadash) သည် အများအသုံးပြုခြင်းမှခွဲထားသည်" ဟူသော အဓိပ္ပာယ်ရှိသည်။

စစ်မှန်သောနောင်တနှင့် ဖြောင့်မတ်ခြင်းသည် သန့်ရှင်းစင်ကြယ်ခြင်း သို့ခေါ် ဆောင်သည်။ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းစင်ကြယ်ခြင်းတို့သည် နီးနီးကပ်ကပ်ဆက်စပ် သည်။ ၎င်းတို့သည် ကွဲပြားသော်လည်း ဘယ်ခါမျှခွဲခြားမနေချေ။ ၎င်းတို့သည် ကယ်တင်ခြင်း ဆိုင်ရာပြောင်းလဲ တိုးတက်မှုအဆင့်နှစ်ဆင့်ကို သတ်မှတ်သည်။ ဖြောင့်မတ်ခြင်းသည် ကျွန်ုပ်တို့အတွက် ဘုရားသခင် လုပ်ဆောင်သော အရာဖြစ်၍၊ သန့်ရှင်းစင်ကြယ်ခြင်းသည် ကျွန်ုပ်တို့ အထဲ၌ ဘုရားသခင် လုပ်ဆောင်သော အရာဖြစ်သည်။

ဖြောင့်မတ်ခြင်းဖြစ်စေ၊ သန့်ရှင်းစင်ကြယ်ခြင်းဖြစ်စေ၊ ကောင်းသောအကျင့်၏ရလဒ်မဟုတ်ပါ။ ၎င်းတို့နှစ်ခုလုံးသည် ခရစ်တော်၏ကျေးဇူးတော်နှင့် ဖြောင့်မတ်ခြင်းတို့ သက်သက်ကြောင့်သာဖြစ်သည်။ ဖြောင့်မတ်ခြင်းသည် ကျွန်ုပ်တို့အား ဖြောင့်မတ်သည်ဟု သတ်မှတ်သော အရာဖြစ်၍၊ သန့်ရှင်းစင်ကြယ်ခြင်းမူကား၊ ကျွန်ုပ်တို့အားပေးသောဖြောင့်မတ်ခြင်းဖြစ်သည်။ ပထမတစ်ခုသည် ကောင်းကင်သို့ရောက်နိုင်ရန် ကျွန်ုပ်တို့ကို တပ်ပေးသောဂုဏ်ပုဒ်ဖြစ်၍၊ ဒုတိယတစ်ခုမူကား၊ ကောင်းကင်အတွက်ကျွန်ုပ်တို့၏ သင့်လျော်မှုဖြစ်သည်။

သမ္မာကျမ်းစာအရ၊ သန့်ရှင်းစင်ကြယ်ခြင်း၏အဆင့်သုံးဆင့်မှာ (၁) ယုံကြည်သူ၏ အတိတ်ကပြုပြီးသောအရာ၊ (၂) ယုံကြည်သူ၏လက်ရှိကြုံတွေ့ရသည့်ဖြစ်စဉ်၊ (၃) ခရစ်တော် ကြွလာချိန်တွင် ယုံကြည်သူတွေ့ကြုံရမည့်နောက်ဆုံးရလဒ်တို့ဖြစ်သည်။

ယုံကြည်သူ၏ အတိတ်နှင့်သက်ဆိုင်၍၊ ဖြောင့်မတ်ခြင်းသို့ ရောက်သည့်အခိုက်တွင်၊ ယုံကြည် သူသည် သခင်ယေရှု၏ နာမတော်အားဖြင့်လည်းကောင်း၊ ငါတို့ဘုရား သခင်၏ ဝိညာဉ်တော် အားဖြင့်လည်းကောင်း” (၁ကော ၆း၁၁) သန့်ရှင်းခြင်းသို့ရောက်သည်။ သူသည် သန့်ရှင်းသူဖြစ်လာသည်။ ထိုတဒင်္ဂတွင် ယုံကြည်သူအသစ်သည် ရွေးနုတ်ခြင်းကိုခံရ၍၊ ဘုရားသခင်နှင့် လုံးလုံး သက်ဆိုင်သည်။

ဘုရားသခင့်ခေါ်တော်မူခြင်း၏ ရလဒ်အနေဖြင့် (ရော ၁း၇) ယုံကြည်သူတို့သည် သန့်ရှင်းသူများဟုအခေါ်ခံရပြီး၊ သူတို့သည်အပြစ်မဲ့သောအခြေအနေသို့ ရောက်ရှိသော ကြောင့်မဟုတ်ဘဲ၊ သူတို့သည် ခရစ်တော်၌ရှိနေကြသောကြောင့်ဖြစ်သည် (ဖိ ၁း၁။ ယော ၁၅း၁-၇)။ ကယ်တင်ခြင်းသည် လက်ရှိတွေ့ကြုံခံစားရသောအရာ ဖြစ်သည်။ ပေါလုက ကရုဏာတော်နှင့်အညီ... သန့်ရှင်းသောဝိညာဉ်တော်၏ အသစ်ပြုပြင်ခြင်းအားဖြင့်  ငါတို့ကို ကယ်တင်တော်မူ}  (တိ  ၃း၅)  ၍၊ သန့်ရှင်းသော ရည်ရွယ်ချက်အတွက်နှင့် ဘုရားသခင်နှင့် လျှောက်လှမ်းရန်အတွက် ကျွန်ုပ်တို့ကို သီးခြားခွဲ၍၊ ဆက်ကပ်သည်ဟုဆိုခဲ့သည်။

၂။ ဘုရားသခင်၏မိသားစုဝင်အဖြစ်မွေးစားခြင်း။ တစ်ချိန်တည်းတွင် အသစ်သောယုံကြည်သူများသည် ဝိညာဉ်တော်၏မွေးစားခြင်းကိုလက်ခံရရှိသည်။ ဘုရား သခင်သည် သူတို့ကို သူ၏သားသမီးများ အဖြစ်မွေးစားကာ၊ ယုံကြည်သူများသည် ရှင်ဘုရင်ကြီး၏ သားများ၊ သမီးများဖြစ်လာသည်။ ကိုယ်တော်သည် သူတို့ကို သခင်နှင့်ဆက်ဆံသော အမွေခံလည်းဖြစ်ကြ၏” (ရော ၈း၁၅-၁၇)။ အဘယ်မျှကြီးမားသောအခွင့်ထူး၊ ဂုဏ်ပြုခြင်း နှင့် ဝမ်းမြောက်ခြင်းဖြစ်ပါသည်တကား။

၃။ ကယ်တင်ခြင်း၏အာမခံချက်။ ဖြောင့်မတ်ခြင်းသည် ယုံကြည်သူကို လက်ခံ ကြောင်း အာမခံချက်ကိုယူဆောင်လာသည်။ ၎င်းသည်ယခုဘုရားသခင်နှင့် ပြန်လည် ပေါင်းစပ်ခြင်း၏ ဝမ်းမြောက်မှုကိုလည်း ယူဆောင်လာသည်။ တစ်စုံတစ်ဦး၏ အတိတ်က အသက်တာသည် မည်မျှပင်အပြစ်ရှိခဲ့သော်လည်း အကြောင်းမဟုတ်ချေ။ ဘုရားသခင်သည် အပြစ်အားလုံးကို ခွင့်လွှတ်ပြီး၊ ကျွန်ုပ်တို့သည် ပညတ်တော်၏အပြစ်စီရင်ခြင်းနှင့် ကျိန်ခြင်းအောက်၌ရှိမနေကြတော့ချေ။ ရွေးနုတ်ခြင်းသည် အမှန်တကယ်ဖြစ်လာသည်။ သားတော်၏ အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်းဟူသောရွေးနုတ်တော်မူခြင်းကျေးဇူးကို ငါတို့သည် ခံရကြ၏” (ဧ ၁း၇)။

၄။ အသစ်သောအောင်မြင်သည့်အသက်တာ၏အစ။ ကယ်တင်ရှင်၏ အသွေးသည်  ကျွန်ုပ်တို့၏ အတိတ်က အပြစ်ကိုဖုံးအုပ်ကြောင်း သဘောပေါက်ခြင်းသည် ခန္ဓာ၊ စိတ်နှင့် ဝိညာဉ်တို့ကို ကျန်းမာစေသည်။ အပြစ်ရှိသည်ဟုခံစားသောစိတ်ကိုဘေးချိတ်၍ ရသည်။ အကြောင်းမှာ ခရစ်တော်၌အပြစ်အားလုံးကိုခွင့်လွှတ်၍၊ အရာရာသည် အသစ် ဖြစ်လာသည်။ သူ၏ကျေးဇူးတော်ကို နေ့စဉ်ပေးခြင်းဖြင့်၊ ခရစ်တော်သည်ကျွန်ုပ်တို့ကို ဘုရားသခင် ၏ပုံသဏ္ဌာန်နှင့်အညီ စတင်ပြောင်းလဲပေး နေသည်။ နှုတ်ကပတ်တော်သည် ဇာတိပကတိကိုဖျက်ဆီး၍၊ ခရစ်တော်ယေရှု၌ အသစ်သောအသက်တာကို ပေးသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် စိတ်ဝိညာဉ်ထဲသို့ ဥပဇ္ဈာယ်ဆရာကဲ့သို့ လာသည်။ သူ့ကျေးဇူးတော်၏ ပြောင်းလဲခြင်းအားဖြင့်၊ ဘုရားသခင်၏ ပုံသဏ္ဌာန်ကိုတပည့်တော်များ၌ ပြန်လည်ဖော်ထုတ်သည်။ လူသည် အသစ်သောသတ္တဝါဖြစ်လာသည်။ ချစ်ခြင်းမေတ္တာသည် မုန်းတီးခြင်း အစားဝင်လာ၍၊ စိတ်နှလုံးသည် ဘုရားရှင်နှင့် တူညီခြင်းအဖြစ်ကိုရရှိသည်။ ဤအရာသည် ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည်ဟူသော အဓိပ္ပါယ်ပင်ဖြစ်၏။

ကျွန်ုပ်တို့၏ ကိုယ်တော်ကို ယုံကြည်ခြင်းသည် ကြီးထွားလာသည်နှင့်အမျှ၊ ကျွန်ုပ်တို့၏ အနာကင်းခြင်းနှင့် ပြောင်းလဲခြင်းလည်း တိုးတက်လာသည်။ သူသည် ကျွန်ုပ်တို့အား မှောင်မိုက်၏တန်ခိုးများကို တိုး၍အောင်နိုင်ခြင်းကိုပေးသည်။ သူ၏လောကကိုအောင်နိုင်ခြင်း သည် အပြစ်၏ ကျေးကျွန်ဘ၀မှ ကျွန်ုပ်တို့၏ကယ်နုတ်ခြင်းအတွက် အာမခံချက်ပေးသည် (ယော ၁၆း၃၃)။

၅။ ထာ၀ရအသက်ဆုကျေးဇူး။ ကျွန်ုပ်တို့၏ ခရစ်တော်နှင့် ဆက်ဆံရေးအသစ်သည် ထာ၀ရအသက်ဆုလာဘ်ကိုယူဆောင်လာသည်။ ယောဟန်က သားတော် ကိုရသောသူသည် အသက်ကို ရ၏။ ဘုရားသခင်၏သားတော်ကိုမရ သောသူမူကား၊ အသက်ကိုမရ” (၁ယော ၅း၁၂) ဟု အခိုင်အမာ ဆိုသည်။ ကျွန်ုပ်တို့၏ အတိတ်ကအပြစ်ကို ဖြေရှင်းခဲ့ပြီ။ သန့်ရှင်းသော ဝိညာဉ်တော်ကိန်းဝပ်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ကယ်တင်ခြင်း၏ ကောင်းချီးများကို ခံစားရသည်။

ကယ်တင်ခြင်းကိုတွေ့ကြုံခံစားခြင်းနှင့်လက်ရှိအချိန်

စင်ကြယ်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းစင်ကြယ်ခြင်းတို့ကို ယူဆောင်လာသော ခရစ်တော်၏ အသွေးတော်အားဖြင့်၊ ယုံကြည်သူသည် အသစ်ပြုပြင်သော သတ္တဝါဖြစ်၏။ ဟောင်းသောအရာတို့ သည်ပြောင်းလဲ၍၊ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ” (၂ကော ၅း၁၇)။

သန့်ရှင်းစင်ကြယ်သောအသက်တာသို့ခေါ်ဖိတ်ခြင်း။ ကယ်တင်ခြင်းသည် ကရာနီကုန်းတွင် ခရစ်တော်လုပ်ဆောင်ပြီးခဲ့သောအရာ၏ အခြေအမြစ်ပေါ်တွင် စင်ကြယ်သောအသက်တာဖြင့် နေထိုင်ခြင်းပါဝင်သည်။ ပေါလုသည် ယုံကြည်သူတို့ကို ကျင့်ဝတ်ဆိုင်ရာ သန့်ရှင်းခြင်းနှင့် ကိုယ်ကျင့်တရား၌နစ်ထားသော အသက်တာဖြင့် နေထိုင်ရန် မေတ္တာရပ်ခံသည် (၁သက် ၄း၇)။ သူတို့သည် သန့်ရှင်းစင်ကြယ်ခြင်းကိုတွေ့ကြုံခံစားနိုင်စေရန် ဘုရားသခင်သည်ယုံကြည်သူတို့အား သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်တန်ခိုး” (ရော ၁း၄) ကိုပေးသည်။ ဝိညာဉ်တော်အားဖြင့် သင်တို့၏အတွင်းလူကို ခွန်အားနှင့်မြဲမြံခိုင်ခံ့စေ၍၊ ယုံကြည်ခြင်းအားဖြင့် ခရစ်တော်သည်သင်တို့၏စိတ်နှလုံး အထဲ၌ကိန်းဝပ်တော်မူမည်” (ဧ ၃း၁၆၊၁၇) ဟု ပေါလုဆိုသည်။

အသစ်သော သတ္တဝါအနေဖြင့်၊ ယုံကြည်သူတို့သည် တာဝန်အသစ်ရှိလာသည်။ သင်တို့သည် မိမိတို့ကိုယ်အင်္ဂါများကို အဓမ္မအလိုငှာ ညစ်ညူးခြင်းတရား၊ အဓမ္မတရား၌ သွင်း၍ ကျွန်ခံစေဖူးသည်နည်းတူ၊ ယခုမှာကိုယ်အင်္ဂါများကို သန့်ရှင်းခြင်းအလိုငှာ ဖြောင့်မတ်ခြင်းတရား၌ သွင်း၍ ကျွန်ခံစေကြလော့” (ရော  ၆း၁၉)  ဟုပေါလုဆိုသည်။ ယခုတွင် သူတို့သည် "ဝိညာဉ်ပကတိ၌" အသက်ရှင် နေထိုင်ကြသည် (ဂလ ၅း၂၅)။

ဝိညာဉ်တော်နှင့်ပြည့်သော ယုံကြည်သူများသည် ဇာတိပကတိ အတိုင်းမကျင့်၊ ဝိညာဉ် ပကတိ အတိုင်းကျင့်” (ရော ၈း၁) ကြသည်။ ဇာတိပကတိ စိတ်သဘောသည် သေခြင်း အကြောင်းဖြစ်၏။ ဝိညာဉ်ပကတိ စိတ်သဘောထားသည် အသက်ရှင်ခြင်းအကြောင်းနှင့် ငြိမ်သက်ခြင်းအကြောင်း” (ရော ၈း၆) ဖြစ်သည့်အတွက် သူတို့သည် ပြောင်းလဲသွားကြသည်။ ဘုရားသခင်၏ဝိညာဉ်တော် ကိန်းဝပ်ခြင်းအားဖြင့် သူတို့သည် ဇာတိပကတိဘက်၌မရှိ၊ ဝိညာဉ်ပကတိဘက်၌ရှိကြ၏” (ရော ၈း၉)။

ဝိညာဉ်တော်ပြည့်၀သော အသက်တာ၏ အမြင့်မားဆုံးသော ပန်းတိုင်မှာ ဘုရား သခင်၏ စိတ်တော်နှင့် တွေ့ရန်ဖြစ်သည် (၁သက် ၄း၁)။ သန့်ရှင်းစင်ကြယ်ခြင်းသည် ဘုရားသခင်၏ အလိုတော်ဖြစ်သည်ဟု ပေါလုဆိုသည်။ ထိုကြောင့်၊ သင်တို့သည် မတရားသော မေထုန်ကို ကြဉ်ရှောင်၍၊ သန့်ရှင်းခြင်းငှာလည်းကောင်း၊... ဤအမှုအရာ၌လွန်ကျူး၍ ညီအစ်ကိုကို ပရိယာယ်အားဖြင့် မပြစ်မှားစေခြင်းငှာလည်းကောင်း၊ အလိုတော်ရှိ၏။... ဘုရားသခင်သည် ညစ်ညူးစေခြင်းငှာ ငါတို့ကိုခေါ်တော်မူသည်မဟုတ်၊ သန့်ရှင်းစေခြင်းငှာခေါ်တော်မူ၏” (၁သက် ၄း၃၊၆၊၇)။

အတွင်းစိတ်ပြောင်းလဲခြင်း။     ဒုတိယအကြိမ်ကြွလာချိန်တွင်   ကျွန်ုပ်တို့ သည် ရုပ်ခန္ဓာပြောင်းလဲလိမ့်မည်။ ဤပုပ်တတ်သောခန္ဓာသည် မသေနိုင်သော အဖြစ်ကိုဝင်စား လိမ့်မည် (၁ကော ၁၅း၅၁-၅၄)။ သို့သော်လည်း ကျွန်ုပ်တို့၏ အကျင့်စာရိတ္တသည် ဒုတိယအကြိမ် ကြွ လာခြင်း အတွက် ပြင်ဆင် ရာ တွင် ပြောင်းလဲ ခြင်းကိုခံယူရမည်။

စာရိတ္တပြောင်းလဲခြင်းတွင် နေ့စဉ်အသစ်ပြုပြင်ရမည့် အတွင်းလူတည်းဟူသော ဘုရားသခင့် ပုံသဏ္ဌာန်တော်၏စိတ်ပိုင်းနှင့် ဝိညာဉ်ရေးပိုင်းပါဝင်သည် (၂ကော ၄း၁၆)။  ခရစ်တော်၌အသစ်သောသတ္တဝါ ဖြစ်လာသောသူတို့အား   ခရစ်တော်သည် ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ ဥစ္စာစောင့် ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်း” (ဂလ ၅း၂၂၊၂၃)  ဟူသော ဝိညာဉ်တော် အသီးကိုသီးစေလိမ့်မည်။  သူတို့သည် ယခင်က တပ်မက်ခြင်းအတိုင်း မိမိတို့ကိုယ်ကို ပုံမသွင်းတော့ချေ။ ဘုရားသခင်၏ သားတော်ကို ယုံကြည်ခြင်းအားဖြင့် သူ၏ခြေရာကို လိုက်၍၊ သူ၏ ဂုဏ်တော်ကိုရောင်ပြန်ဟပ်ကာ၊ သူသန့်ရှင်းသကဲ့သို့  မိမိတို့ ကိုယ်ကိုစင်ကြယ်စေကြသည်။ သူတို့သည် ယခင်ကမုန်းခဲ့သောအရာကို ယခုချစ်တတ်လာပြီး၊ ယခင်ချစ်ခဲ့သောအရာများကိုလည်း မုန်းလာကြသည်။ မာနကြီး၍ မိမိကိုယ်ကို ယုံကြည်လွန်းသော သူတို့သည် စိတ်နှလုံးနှိမ့်ချ သောသူများဖြစ်လာကြသည်။ အချည်းနှီးဂုဏ်မောက်သော သူတို့သည် တည်ငြိမ်လျက်ကုပ်ကုပ်နေလာကြသည်။  အရက်မူးသောသူသည် အရက်မသောက်တော့ဘဲ၊ အသုံးအဖြုန်းကြီးသောသူသည် ဖြူစင်လာသည်။ လောက၏ အချည်းနှီး ဓလေ့များနှင့် ဆင်ယင်မှုများကို ဘေးဖယ်လိုက် ကြသည်။ ခရစ်ယာန်တို့သည် အပြင် တန်ဆာဆင်ခြင်း မဖြစ်ဘဲ၊... နူးညံ့ငြိမ်သက်ခြင်း သဘောတည်းဟူသော မဖောက်ပြန် မပျက်စီးတတ်သော တန်ဆာဆင်ခြင်းရှိသော စိတ်နှလုံး၏ အတွင်းလူ ဖြစ်ရန် ကြိုးပမ်းကြလိမ့်မည်။

ထိုကြောင့် လုံးလုံးအပ်နှံသောခရစ်ယာန်တစ်ဦးချင်းစီသည် ဒုတိယအကြိမ်ကြွလာခြင်း တိုင်အောင်ဘုန်းအသရေတိုးပွား၍၊ ဘုရားသခင်၏ပုံသဏ္ဌာန်နှင့် အညီပြောင်းလဲခြင်းသည် အပြီးသတ် လိမ့်မည်။

၁။ ခရစ်တော်နှင့်သန့်ရှင်းသောဝိညာဉ်တော်ပါဝင်ခြင်း။ ဖန်ဆင်းရှင် ဘုရားတစ်ဆူ တည်းသာ ကျွန်ုတို့အသက်တာပြောင်းလဲဖို့ရန် ဖန်တီးခြင်းအလုပ်ကို ပြီးမြောက်စေနိုင် သည်။ (၁သက် ၅း၂၃)။ မည်သို့ပင်ဖြစ်စေ၊ ကျွန်ုပ်တို့ပါဝင်မှုမရှိဘဲ ဘုရားမလုပ် ဆောင်ပါ။ ကျွန်ုပ်တို့မိမိကိုယ်ကို ဝိညာဉ်တော် လုပ်ဆောင်ခြင်း၏ ဆက်ကြောင်း ထဲသို့ပုံအပ်လိုက်ပြီး၊ ခရစ်တော်ကို ကြည့်ခြင်းဖြင့် လုပ်ဆောင်နိုင် ကြပါမည်။ ခရစ်တော်၏ အသက်တာအပေါ် အာရုံပြုလိုက်သည်နှင့် သန့်ရှင်းသောဝိညာဉ်တော်သည်၊ ခန္ဓာ၊ စိတ်၊ ဝိညာဉ်အစွမ်းတို့ကို နဂိုအတိုင်း ပြန်လည်ဖြစ်စေမည်။ ခရစ်တော်ကိုဖော်ပြရာ၌သော်လည်းကောင်း၊ ခရစ်တော်၏ပုံရိပ်အတွင်းသို့ ပြန်လည်တည်ဆောက်နိုင်ရန် သန့်ရှင်းသောဝိညာဉ်တော် အလုပ်ပါဝင်လျက် ရှိသည်။ (ရောမ ၁း၈-၁၀)။

ဘုရားရှင်သည် သူ၏လူမျိုးအထဲရှိနေရန် ဆန္ဒပြင်းပြလျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော်၊ (၂ကော ၆း၁၆။ ၁ယော ၃း၂၄။ ၄း၁၂) တွင်၊သင်တို့တွင်ငါကိန်းဝပ်မည်ဟု ကတိထားတော်မူခဲ့သောကြောင့်ဖြစ်သည်။ ပေါလုမှလည်း၊ ခရစ်တော်သည် ငါ၌ရှင်တော်မူသည် (ဂလ ၂း၂၀။ ယော ၁၄း၂၃) ဟုပြောထားပါသည်။ ဖန်ဆင်းရှင်ဘုရား၏ နေ့စဉ်နေ့တိုင်း တည်ရှိနေခြင်းသည်၊ ယုံကြည်သူတို့၏အတွင်း စိတ်ကိုနိုးကြားစေပြီး (၂ကော ၄း၁၆) ၎င်းယုံကြည်သူတို့၏ စိတ်နှလုံးသားများကို သစ်လွင်စေပါသည်။

၂။ ဘုရားဇာတိပါဝင်ခြင်း။ ခရစ်တော်၏ အလွန်ကြီးမြတ်၍အဖိုးထိုက်သော ကတိများသည် ကျွန်ုပ်တို့ စာရိတ္တပြောင်းလဲခြင်း ပြည့်စုံရန် ဘုရားရှင်၏တန်ခိုးကို ကတိပြုသည် (၂ပေ  ၁း၄)။ ဤသို့ဘုရားရှင်၏ တန်ခိုးကိုရရှိခြင်းသည်  ကျွန်ုပ်တို့အား ယုံကြည်ခြင်း၌ သီလကိုလည်းကောင်း၊ သီလ၌ပညာကိုလည်းကောင်း၊ ပညာ၌ ကာမဂုဏ်ချုပ်တည်းခြင်းကိုလည်းကောင်း၊ ကာမဂုဏ်ချုပ်တည်းခြင်း၌ သည်းခံခြင်းကိုလည်းကောင်း၊ သည်းခံခြင်း၌ ဘုရားဝတ်ကိုပြု၍ မွေ့လျော်ခြင်းကို လည်းကောင်း၊ ထိုမွေ့လျော်ခြင်း၌ ညီအစ်ကိုစုံမက်ခြင်း၌ လည်းကောင်း၊ ညီအစ်ကိုစုံမက်ခြင်း၌ ချစ်ခြင်းမေတ္တာကိုလည်းကောင်း” (၂ပေ ၁း၅-၇) ထပ်ဆင့်နိုင်ရန်ကူညီသည်။ ပေတရုက၊ ထိုပါရမီတို့သည်သင်တို့၌ရှိ၍ကြွယ်၀လျှင်၊ ငါတို့ သခင်ယေရှုခရစ်ကိုသိကျွမ်းခြင်း၌ မပျင်းရိစေခြင်းငှာ လည်းကောင်း၊ အကျိုးမဲ့မဖြစ်စေခြင်းငှာလည်းကောင်း၊ ပြုပြင်တတ် ကြ၏။ ထိုပါရမီနှင့်ကင်းသောသူမူကား၊ မျက်စိကန်း၏” (၂ပေ ၁း၈၊၉) ဟုဆိုသည်။

က။ ခရစ်တော်အားဖြင့်သာ။ လူသားတို့ကို မိမိတို့ဖန်ဆင်းရှင်၏ ပုံသဏ္ဌာန်နှင့် အညီ ပြောင်းလဲစေသောအရာမှာ သခင်ယေရှုခရစ်ကိုယူတင်ဝတ်ဆောင်ခြင်းဖြစ်သည် (ရော ၁၃း၁၄၊ ဟေဗြဲ ၃း၁၄)။ ၎င်းသည် သန့်ရှင်းသောဝိညာဉ်တော်၏အသစ်ပြုပြင်" (တိ ၃း၅) ခြင်းဖြစ်သည်။ ၎င်းမှာ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ပြည့် စုံခြင်းဖြစ်သည် (၁ယော ၄း၁၂)။ ဤနေရာတွင် ဘုရားသခင်၏ သားတော်သည် လူ့ဇာတိခံယူခြင်းနှင့် ဆိုင်သောနက်နဲမှုရှိသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ခရစ်တော်ဘုရားကို လူ့ဇာတိခံစေနိုင်သကဲ့သို့၊ ဝိညာဉ်တော်သည် ကျွန်ုပ်တို့အား ဘုရားရှင်၏ဂုဏ်တော်ကိုယူတင်ဝတ် ဆောင်စေနိုင်သည်။ ဤဘုရားဇာတိ၏ သိမ်းပိုက်မှုသည် အတွင်းလူကိုအသစ်ပြုပြင်၍၊ မတူသောအဆင့်၌ရှိသော်လည်း ကျွန်ုပ်တို့ကို ခရစ်တော်နှင့်တူစေ သည်။  ခရစ်တော်သည်   လူသားဖြစ်လာခဲ့သော်လည်း၊ ယုံကြည်သူများသည် ဘုရားမဖြစ်နိုင်ကြချေ။ အမှန်မှာ သူတို့သည်အကျင့်စာရိတ္တ၌ ဘုရားနှင့်တူလာကြသည်။

ခ။ ပြောင်းလဲနေသောဖြစ်စဉ်။ သန့်ရှင်းစင်ကြယ်ခြင်းသည် အဆင့်ဆင့်တိုးတက် သည်။ ဆုတောင်းခြင်းနှင့် နှုတ်ကပတ်တော်ကိုလေ့လာခြင်းအားဖြင့်၊ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်း၌ အစဉ်ကြီးထွားသည်။

ကယ်တင်ခြင်းစီမံကိန်းကို ဦးနှောက်အသိဖြင့်နားလည်ရုံမျှသည် မလုံလောက်ချေ။ ယေရှုကလည်း၊ ငါအမှန်အကန် ဆိုသည်ကား၊ လူသား၏ အသားကိုမစား၊ အသွေးကို မသောက်လျှင် သင်တို့၌ အသက်မရှိ။ ငါ၏အသားကိုစား၍ ငါ၏အသွေးကို လည်းသောက် သောသူသည် ထာ၀ရအသက်ကိုရ၏။ ထိုသူကိုနောက်ဆုံးသောနေ့၌ ငါထမြောက်စေမည်။ ငါ၏ အသားသည်စားစရာကောင်း၏။ ငါ၏အသွေးသည်လည်း သောက်စရာကောင်း၏။ ငါ၏အသားအသွေးကိုသောက်စားသောသူသည် ငါ၌တည်၏။ ထိုသူ၌လည်းငါတည်၏” (ယော ၆း၅၃-၅၆)။

သူ၏အသားကိုစားခြင်းနှင့် သူ၏အသွေးကိုသောက်ခြင်းသည် မည်သည့်အဓိပ္ပါယ်ဆောင်သနည်း။ ဤစိတ်ကူးယဉ်ပုံဖော်မှုက ယုံကြည်သူများသည် ခရစ်တော်၏ နှုတ်ထွက် စကားကို စိတ်ထဲတွင်စွဲမှတ်စေရန်ဖြစ်ကြောင်း ကွင်းကွင်းကွက်ကွက်သိမြင် စေသည်။ ခရစ် တော်၏အသားကိုစား၍ အသွေးကိုသောက်ခြင်းသည် သူ့ကိုကိုယ်ပိုင်ကယ်တင်ရှင် အဖြစ်လက်ခံခြင်း၊ ကျွန်ုပ်တို့၏အပြစ်များကို သူသည်ခွင့်လွှတ်၍၊ ကျွန်ုပ်တို့သည် သူ၌ပြည့်စုံကြောင်း ကိုယုံကြည်ခြင်းဖြစ်သည်။ သူ၏ မေတ္တာကိုကြည့်ခြင်းဖြင့် လည်းကောင်း၊ ၎င်းကို စိတ်ထဲစွဲမှတ်ခြင်းဖြင့်လည်းကောင်း၊ ၎င်းကိုလက်ခံခြင်းဖြင့်လည်းကောင်း၊ ကျွန်ုပ်တို့သည် ဘုရားရှင်၏ ဇာတိကိုယူတင် သူများဖြစ်လာရမည်။ အစားအစာသည် ကိုယ်ခန္ဓာအတွက်ဖြစ်သကဲ့သို့၊ ခရစ်တော်သည်လည်း ဝိညာဉ်အတွက်ဖြစ်ရမည်။ အစာကိုကျွန်ုပ်တို့ မစားလျှင် လည်းကောင်း၊ ၎င်းသည် ကျွန်ုပ်တို့၏ အစိတ်အပိုင်းဖြစ်မလာလျှင် လည်းကောင်း အကျိုးမရှိချေ။ ထို့ကြောင့် ကျွန်ုပ်တို့သည် သူ့ကိုကိုယ်ပိုင်ကယ်တင်ရှင်အဖြစ် မသိကျွမ်းလျှင်၊ ခရစ်တော်သည် ကျွန်ုပ်တို့အတွက် တန်ဖိုးမရှိချေ။ သီအိုရီအရသိခြင်းသည် ကျွန်ုပ်တို့ကို အကျိုးမပြုချေ။ ကျွန်ုပ်တို့သည် သူ့ကိုမှီဝဲရမည်၊ စိတ်နှလုံးထဲတွင်လက်ခံရမည်။ ထိုသို့ဖြင့်သူ့ အသက်သည်ကျွန်ုပ်တို့၏အသက်ဖြစ်လာသည်။ သူ၏မေတ္တာ၊ သူ၏ကျေးဇူးတော်ကို စိတ်ထဲတွင်စွဲ မှတ်ရမည်။

၃။ ပြောင်းလဲခြင်းနှစ်မျိုး။ ဂျာမနီနိုင်ငံ၊ ဝိတင်းဘတ်မြို့ရှိရဲတိုက် ဘုရားရှိခိုးကျောင်းတံခါးတွင် လူသာသည် သူ၏စာတမ်း (၉၅) ခုကိုချိတ်ဆွဲထားသောနှစ်၊ ၁၅၁၇ ခုနှစ်တွင်၊ ရာဖဲလ် သည်သူ၏ နာမည်ကျော် ခရစ်တော်အသွင်ပြောင်းခြင်း ပန်းချီကို ရောမမြို့တွင်စတင် ဆွဲခဲ့ သည်။ ဤဖြစ်ရပ်နှစ်ခုတွင် တူညီသောအရာတချို့ ရှိသည်။ လူးသာ၏လုပ်ဆောင်ချက်သည် ပရိုတက်စတင့်ဝါဒ (ဘုရင်ဂျီ ဂိုဏ်းကိုဆန့်ကျင် ခွဲထွက်သောဝါဒ) စတင်မွေးဖွားလာပြီး၊ ရာဖဲလ် ၏ပန်းချီကားချပ်သည် မရည်ရွယ်ဘဲလျက်ပြုပြင်ပြောင်းလဲခြင်းစိတ်ဓါတ်ကို သရုပ်ဖော်သည်။

ထိုပန်းချီတွင် ခရစ်တော်သည် တောင်ပေါ်တွင်ရပ်နေ၍၊ နတ်ဆိုးစွဲသောသူသည် ချိုင့်ဝှမ်းမှ သူ့ကို မျှော်လင့်တကြီးကြည့်နေသည့်ပုံကိုဖော်ထားသည် (မာ ၉း၂-၂၉ နှင့် နှိုင်းယှဉ်ပါ)။ တောင်ပေါ်၌ ရှိသော တပည့်တော်များနှင့် ချိုင့်ဝှမ်း၌ရှိသော တပည့်တော်တို့သည် ခရစ်ယာန်နှစ်မျိုးနှစ်စားကို ပုံဖော် သည်။

တောင်ပေါ်၌ရှိသော တပည့်တော်တို့သည် အောက်ချိုင့်ဝှမ်း၌ ရှိသောသူတို့၏ လိုအပ်ချက်များကို ဂရုမစိုက်သည့်အလား၊ ခရစ်တော်နှင့်အတူကျန်နေချင်ခဲ့ကြသည်။ ရာစုနှစ်များ တစ်လျှောက်၊ များစွာသောသူတို့သည် လောကီသားများ၏လိုအပ်ချက်များကို ဂရုမစိုက်ဘဲ၊ "တောင်" ပေါ် ၌တည်ဆောက်၍ နေကြသည်။ သူတို့သည် အကျင့်မပါဘဲ ဆုတောင်းခြင်းကို သာပြုကြသည်။

အခြားတစ်ဖက်တွင်မူ၊ ချိုင့်ဝှမ်း၌ရှိသောတပည့်တော်တို့သည် ဆုတောင်းခြင်းမပါဘဲ၊ ကျင့်စောင့် နေကြသည်။ နတ်ဆိုးကိုနှင်ထုတ်ရန် သူတို့၏ကြိုးစားမှုသည် မအောင်မြင်ခဲ့ချေ။ များစွာသော သူတို့သည် တန်ခိုးမပါဘဲ အခြားသူတို့အတွက် လုပ်ဆောင်ခြင်း၊ သို့မဟုတ် အခြားသူတို့အတွက် လုပ်ဆောင်ခြင်းမရှိဘဲများစွာ ဆုတောင်းခြင်းတည်းဟူသော ထောင် ချောက်တွင်မိနေကြသည်။ ဤခရစ်ယာန်နှစ်မျိုးနှစ်စားသည် သူတို့တွင် ဘုရားသခင်၏ ပုံသဏ္ဌာန်ကို ပြန်လည်ရရှိစေရန် လိုအပ်သည်။

(က) စစ်မှန်သောပြောင်းလဲခြင်း။     ဘုရားသခင်သည်  ကျရှုံးသောသူတို့၏ အလို၊ စိတ်၊ ဆန္ဒနှင့်အကျင့်စရိုက်များကိုပြောင်းလဲပေးခြင်းဖြင့် သူတို့ကိုသူ၏ ပုံသဏ္ဌာန်နှင့် အညီပြောင်းလဲရန် မျှော်လင့်သည်။    သန့်ရှင်းသောဝိညာဉ်တော်သည် ယုံကြည်သူတို့အား ပြောင်းလဲချင်သော စိတ်ကိုပိုင်းဖြတ်စေသည်။  သူတို့သည်  ခရစ်တော်ကြွလာသည်တိုင်အောင် ပျက်စီးတတ်သော ခန္ဓာကိုယ်ဖြင့် ရှိနေကြသေးသော်လည်း ဝိညာဉ်တော်အသီးတည်းဟူသော "ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ် တည်းခြင်း" (ဂလ ၅း၂၂၊၂၃) သည် ယခုတွင်သူတို့၏အသက်တာ ဖြစ်လာသည်။

ကျွန်ုပ်တို့သည် သူ့ကိုမငြင်းပယ်လျှင်၊ ခရစ်တော်သည် "ကျွန်ုပ်တို့၏အတွေးများ၊ ရည်ရွယ်ချက် များနှင့်အတူ၊ မိမိကိုယ်ကိုတန်းတူသဘောထားလိမ့်မည်။ ကျွန်ုပ်တို့၏ စိတ်နှလုံးသည် သူ၏အလိုတော်နှင့် ကိုက်ညီလာမည်။ သူ့စကားကိုနားထောင် သောအခါ ကျွန်ုပ်တို့သည် စိတ်၏စေ့ဆော်မှု အတိုင်းလုပ်ဆောင်ကြမည်။ သန့်စင်၍စင်ကြယ်သော စိတ်အလို သည် ဘုရားသခင်၏အမှုကို ဆောင်ရာ၌ အမြင့်မားဆုံးသော ဝမ်းမြောက်ခြင်းကို ရှာတွေ့ လိမ့်မည်။

(ခ) လမ်းဆုံးနှစ်ခု။ ခရစ်တော်၏တင့်တယ်သောအသွင်ပြောင်းခြင်းသည် အခြားသောထင်ရှားသည့် ဆန့်ကျင်ဘက်ကိုဖော်ပြသည်။ ခရစ်တော်သည် အသွင်ပြောင်းခဲ့သည်။ ချိုင့်ဝှမ်းမှ ယောက်ျားလေးလည်းပြောင်းလဲခဲ့သည် (မာ ၉း၁-၂၉ ကိုဖတ်ပါ)။ ယောက်ျားလေးသည် နတ်ဆိုးသဏ္ဌာန် သို့ပြောင်းသွားခဲ့သည်။ ဤနေရာတွင် ကျွန်ုပ်တို့သည် ခြားနားသော အကြံအစည် နှစ်ခုကိုမြင်နိုင်သည်။ ဘုရားသခင်၏အကြံအစည်မှာ ကျွန်ုပ်တို့ကိုပြန်လည် အသစ်ဖြစ်စေရန်ဖြစ်၍၊ စာတန်၏ အကြံ အစည်မှာမူ ကျွန်ုပ်တို့ကို ဖျက်ဆီးရန်ဖြစ်သည်။ ဘုရားသခင်သည်ကျွန်ုပ်တို့ကို "ထိမိလဲခြင်း" (ယု ၂၄) မှ စောင့်ရှောက်နိုင်ကြောင်း သမ္မာကျမ်းစာကဖော်ပြသည်။ အခြားတစ်ဖက်တွင်မူ၊ စာတန်သည် ကျွန်ုပ်တို့ကိုကျရှုံးသော အခြေအနေအတိုင်းရှိနေစေရန် အစွမ်းကုန် လုပ်ဆောင်သည်။

     အသက်တာသည်အမြဲပြောင်းလဲနေသည်။ ကြားနေဝါဒမရှိပါ။ ကျွန်ုပ်တို့သည်
ဂုဏ်ကျက်သရေ တိုးလာသည်၊ သို့မဟုတ် အဆင့်အတန်းကျဆင်းလာနေသည်။ ကျွန်ုပ်တို့ သည် "အပြစ်တရား၏ကျွန်"
 သို့မဟုတ် "ဖြောင့်မတ်ခြင်းတရား၏ကျွန်" (ရော ၆း၁၇၊၁၈) တစ်ခုခု ဖြစ်နေကြသည်။ ကျွန်ုပ်တို့၏စိတ်ကိုသိမ်းပိုက်သောသူသည် ကျွန်ုပ်တို့ကို သိမ်းပိုက်သည်။ အကယ်၍ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ခရစ်တော်သည်ကျွန်ုပ် တို့၏စိတ်ကို သိမ်း ပိုက်လျှင် ကျွန်ုပ်တို့သည် ခရစ်တော်နှင့်တူသော သူများဖြစ်ကြလိမ့်မည်။ ဝိညာဉ်တော်နှင့် ပြည့်၀သော အသက်တာသည် "ခပ်သိမ်းသောစိတ်တို့ကို ဖမ်းသွားချုပ်ထားလျက်၊ ခရစ်တော်၏စကားကိုနားထောင်စေ၏" (၂ကော ၁ဝး၅)။ သို့သော် ခရစ်တော်မပါရှိခြင်းသည် ကျွန်ုပ်တို့ကို အသက်နှင့်ပြောင်းလဲခြင်း၏ အရင်းအမြစ်မှ ဖြတ်တောက် လိုက်ပြီး၊ မရှောင်ရှားနိုင်သောနောက်ဆုံးပျက်စီးခြင်းကိုရင်ဆိုင်ရမည်။

ခရစ်တော်၏စုံလင်ခြင်း။ ကျမ်းစာအရ စုံလင်ခြင်းသည်အဘယ်နည်း။ ၎င်းကို မည်ကဲ့သို့ ရရှိနိုင်မည်နည်း။

၁။ ကျမ်းစာဆိုင်ရာစုံလင်ခြင်း။ စုံလင်သည်နှင့် စုံလင်ခြင်းဟူသော စကားလုံးကို ဟေဗြဲစကားလုံးသမ်း (tam) သို့မဟုတ် သမ္မင်း (tamin) မှလာသည်။ ၎င်းသည် ပြည့်စုံသော၊”   “မှန်ကန်သော၊” “အေးချမ်းသော” “ခိုင်လုံသော၊” “သင့်မြတ် လျော်ကန်သော၊သို့မဟုတ် ခြောက်ပြစ်ကင်းသောဟူ၍အဓိပ္ပါယ်ရသည်။ ဟေလသစကားလုံး တဲလဲအော်စ် (teleos) သည် ပြည့်စုံသော၊” “စုံလင်သော၊” “အရွယ်ရောက်သော” “ရည်ရွယ်ချက်ပြည့်စုံသောဟူ၍အဓိပ္ပါယ်ရသည်။ ဓမ္မဟောင်းကျမ်းတွင်၊ ဤစကားလုံးကို လူသားနှင့်တွဲသုံးသောအခါ၊ ဆက်စပ်သော အဓိပ္ပါယ်ကိုဆောင်သည်။ နောဧ၊ အာဗြဟံနှင့် ယောဘတို့တစ်ဦးချင်းစီကို စုံလင်သောသူ သို့မဟုတ် ခြောက်ပြစ်ကင်းသူဟုဖေါ်ပြသည် (က ၆း၉။ ၁၇း၁။ ၂၂း၁၈။ ယောဘ ၁း၁၊၈)။ သို့သော် သူတို့သည် မစုံလင်မှုများရှိခဲ့ကြသည် (က ၉း၂၁။ ၂၀။ ယောဘ ၄ဝး၂-၅)။

ဓမ္မသစ်ကျမ်းတွင် စုံလင်သောစကားလုံးသည် ရရှိသောအလင်းတရားအတိုင်း အကောင်းဆုံးအသက်ရှင်၍၊ သူတို့၏ဝိညာဉ်ရေး၊ စိတ်နှင့်ကာယအစွမ်း၏ စွမ်းဆောင်နိုင်ချေကို ရရှိသည့် ရင့်ကျက်သောလူသားကိုရည်ညွှန်းသည် (၁ကော ၁၄း၂၀။ ဖိ၊ ၃း၁၅။ ဟေဗြဲ ၅း၁၄)။ ယုံကြည်သူများသည် သူတို့၌ရှိသောကန့်သတ်ချက် အတွင်းစုံလင်ရန် ဖြစ်သည်။ ခရစ်တော်က၊ ဘုရားသခင်သည် သူ၏အကန့်အသတ်မဲ့သည့်နယ်ပယ်တွင် စုံလင်သည်ဟု ဆိုခဲ့သည် (မ ၅း၄၈)။ ဘုရားသခင်၏ အမြင်တွင်၊ စုံလင်သောသူသည် ဘုရားသခင်ကို ကိုးကွယ်၍ သူ၏အမှုကိုဆောင်ရန် မိမိစိတ်နှလုံးနှင့် အသက်တာကို လုံးလုံးအပ်နှံသောသူ၊ ဘုရားရှင်ကိုသိကျွမ်းခြင်း၌ အစဉ်ကြီးထွားသောသူနှင့် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် အောင်မြင်သော အသက်တာ၌ ပျော်မွေ့စဉ် သူရရှိသော အလင်းတရားအားလုံးအတိုင်း နေထိုင်သောသူဖြစ်သည် (ကော ၄း၁၂။ ယာ ၃း၂)။

ခရစ်တော်၌ပြည့်၀စုံလင်ခြင်း။ သူ၏သားသမီးများအတွက် ဘုရားသခင်၏စံမှာ လူ့အတွေး ရောက်ရှိနိုင်သည်ထက်၊ အမြင့်ဆုံးထက်မြင့်မားသော စံဖြစ်သည်။ ထိုကြောင့်ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် စုံလင်တော်မူသည်နည်းတူ သင်တို့သည်လည်း စုံလင်ခြင်းရှိကြလော့။" ဤအမိန့်သည် ကတိလည်းဖြစ်သည်။ ရွေးနုတ်ခြင်း စီမံကိန်းသည် စာတန်၏တန်ခိုးမှ ကျွန်ုပ်တို့သည် အပြည့်အဝနာလန်ထူခြင်းကို အာရုံပြုသည်။ ခရစ်တော်သည်နောင်တရသောဝိညာဉ်ကို အပြစ်မှခွဲခြားသည်။ သူသည် နတ်ဆိုး၏ လုပ်ရပ်များကို ဖျက်ဆီးရန်ကြွလာခဲ့သည်။ နောင်တရသော ဝိညာဉ်တိုင်းကို အပြစ်ပြုခြင်းမှ ကာကွယ်ရန်၊ သူသည် သန့်ရှင်းသောဝိညာဉ်တော်ကို ထိုသူတို့ အတွက် စီစဉ်ပေးသည်။

ကျွန်ုပ်တို့သည် မည်ကဲ့သို့စုံလင်နိုင်မည်နည်း။ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့ကို ခရစ်တော်၏စုံလင်ခြင်းသို့ယူဆောင်သွားသည်။ ယုံကြည်ခြင်းအားဖြင့် ခရစ်တော်၏ စုံလင်သော စာရိတ္တသည် ကျွန်ုပ်တို့၏ဥစ္စာဖြစ်လာသည်။ စုံလင်ခြင်းသည် မိမိတို့၏မွေးရာပါပိုင်ဆိုင်မှု  သို့မဟုတ် ရပိုင်ခွင့်ကြောင့် သူတို့၏ဥစ္စာအလား၊ လူတို့သည် ထိုစုံလင်ခြင်းကို တသီးတခြားတောင်းဆို၍ ဘယ်ခါမျှမရနိုင်ချေ။ စုံလင်ခြင်းသည် ဘုရားသခင်၏ဆုကျေးဇူး ဖြစ်သည်။

ခရစ်တော်မပါဘဲလူသားတို့သည် ဖြောင့်မတ်ခြင်းကိုမရရှိနိုင်ချေ။ သူက၊ အကြင်သူသည် ငါ၌တည်၍ ငါသည်လည်းသူ၌တည်၏။ ထိုသူသည်များစွာသော အသီးကိုသီး တတ်၏။ ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှုကိုမျှမတတ်နိုင်ကြ” (ယော ၁၅း၅) ဟုဆိုသည်။ ငါတို့၌ပညာမှစ၍ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ ရွေးနုတ်ခြင်းဖြစ်တော်မူ” (၁ကော ၁း၃၀) သောသူသည် ခရစ်တော်ပင် ဖြစ်သည်။

ခရစ်တော်၌ ဤအရည်အချင်းများသည် ကျွန်ုပ်တို့၏စုံလင်ခြင်းကို ဖြစ်စေသည်။ သူသည် တစ်ကြိမ်နှင့်အပြီး ကျွန်ုပ်တို့၏သန့်ရှင်းစင်ကြယ်ခြင်းနှင့် ရွေးနုတ်ခြင်းကို ပြည့်စုံစေခဲ့သည်။ ကျွန်ုပ်တို့၏ မင်္ဂလာဆောင်ဝတ်လုံ သို့မဟုတ် ဖြောင့်မတ်သောဝတ်လုံကို ခရစ်တော် ၏အသက်တာ၊ သေခြင်းနှင့်ထမြောက်ခြင်းအားဖြင့် အစပြုခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ယခုတွင် ခရစ်ယာန်၏အသက်တာ၌ အပြီးသတ်အလုပ်ကို ဆောင်ရွက်နေသည်။ ဤနည်းဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ပြည့်စုံတော်မူခြင်း ရှိသမျှနှင့်အညီ ပြည့်စုံကြပါမည်” (ဧ ၃း၁၉)။

၃။ စုံလင်ခြင်းသို့ဆက်လက်သွားခြင်း။ ယုံကြည်သူများအနေဖြင့် ကျွန်ုပ်တို့သည် ဤအရာ အားလုံးတွင် မည်သည့်ကဏ္ဍ၌ပါဝင်ကြသနည်း။ ခရစ်တော် ကိန်းဝပ်ခြင်းအားဖြင့် ဝိညာဉ်ရေး ရင့်ကျက်မှု၌ ကြီးထွားကြသည်။ အသင်းတော်ကိုပေးသော ဘုရားသခင်၏ ဆုကျေးဇူးအားဖြင့် ကျွန်ုပ်တို့သည် ခရစ်တော်၏ပြည့်စုံခြင်း ပမာဏအရပ်တည်းဟူသော ကြီးရင့်သောလူ၏အဖြစ်သို့” (ဧ ၄း၁၃) ကြီး ထွားနိုင်သည်။ ကျွန်ုပ်တို့သည် ဝိညာဉ်ရေး သူငယ်ဘ၀ (ဧ ၄း၁၄) တည်းဟူသော ခရစ်ယာန် အတွေ့အကြုံ၏ အခြေခံ သမ္မာတရားကို လွန်၍ ကြီးထွားပြီး၊ ရင့်ကျက်သောယုံကြည် သူများအတွင်း ပြင်ဆင်သော ကြေခဲသောအစာ အာဟာရကိုသုံးဆောင်ရကြ၏” (ဟေဗြဲ ၅း၁၄)။ ပေါလုက ထိုကြောင့်... ခရစ်တော်၏ ဘာသာ၌ အစအဦးဖြစ်သော အကြောင်းအရာတို့ကိုထား၍၊ စုံလင်သောအဖြစ်သို့ တက်ကြကုန်အံ့ (ဟေဗြဲ ၆း၂)။ သင်တို့သည် ခြားနားသောအရာတို့ကို ပိုင်းခြားစေခြင်းငှာ ဥာဏ်ပညာအမျိုးမျိုးရှိလျက်၊ မေတ္တာပါရမီတိုးပွား၍၊ ပြည့်စုံမည်အကြောင်းကိုလည်းကောင်း၊ ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ ဘုန်းအသရေတော်ကို ထင်ရှားစေတတ်သော ဖြောင့်မတ်ခြင်းအကျင့် နှင့် သင်တို့သည် ပြည့်စုံ၍၊ ခရစ်တော်၏နေ့ရက်တိုင်အောင် စိတ်ကြည်ဖြူလျက်၊ တိမ်းလဲခြင်းအမှုနှင့် ကင်းလွတ်လျက်ရှိမည် အကြောင်းကိုလည်းကောင်း၊ ငါ ဆုတောင်းပတ္ထနာပြု၏” (ဖိ ၁း၉-၁၁) ဟုဆို သည်။

သန့်ရှင်းစင်ကြယ်သော အသက်တာသည် ပြင်းထန်သောအခက်အခဲများနှင့် အတားအဆီးများ မရှိသောအသက်တာ မဟုတ်ချေ။ ပေါလုက ယုံကြည်သူတို့ကို ကြောက်ရွံ့တုန်လှုပ်သောစိတ်နှင့် ကိုယ်ကိုကယ်တင်ခြင်းငှာ ကိုယ်တိုင်ကြိုးစား အားထုတ်ကြလော့ဟု တိုက်တွန်းခဲ့သည်။  သို့သော်  အားပေးစကားကိုလည်းသူပြောခဲ့ သည်။ သင်တို့သည် အလိုရှိ စေခြင်းငှာလည်းကောင်း၊ အကျင့်ကျင့်စေခြင်းငှာလည်းကောင်း၊ သင်တို့အထဲ၌ စေတနာတော်အားဖြင့် ပြုပြင်တော်မူသောသူကား၊ ဘုရား သခင်ပေတည်း” (ဖိ ၂း၁၂၊၁၃)။

သူက ဒုစရိုက်၏လှည့်ဖြားခြင်းအားဖြင့် သင်တို့စိတ်နှလုံးမခိုင်မာစေခြင်းငှာ၊... နေ့တိုင်း အစဉ် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် တိုက်တွန်းနှိုးဆော်ကြလော့။ ငါတို့သည် စိတ်စွဲလမ်းခြင်းကို အစပြုသကဲ့သို့ အဆုံးတိုင်အောင်တည်ကြည်လျှင်၊ ခရစ်တော်နှင့်ဆက် ဆံသော သူဖြစ်ကြ၏” (ဟေဗြဲ ၃း၁၃၊၁၄) ဟုဆိုသည်။

သို့သော်၊ သမ္မာကျမ်းစာက သမ္မာတရားကိုသိပြီးမှ ကိုယ်အလိုသို့လိုက်၍ ပြစ်မှားပြန်လျှင်၊ နောက်တစ်ဖန်အပြစ်ဖြေသောယဇ်ကို ပူဇော်ရာအခွင့်မရှိဘဲ၊ ဒဏ်စီရင်ခြင်းကို ခံရမည်ဟု ကြောက် မက်ဖွယ်သောမျှော်လင့်ရသောအကြောင်း၊ ငြင်းဆန်သောသူတို့ကို ဖျက်ဆီးဖို့ရာ အမျက်တော်မီးလောင်ခြင်းကို ခံရသောအကြောင်းရှိ၏” (ဟေဗြဲ ၁ဝး၂၆၊ ၂၇) ဟုသတိပေးသည်။

ခရစ်ယာန်တို့သည် ဥပဒေဆိုင်ရာဖြောင့်မတ်ခြင်း သို့မဟုတ် သန့်ရှင်းစင်ကြယ်ခြင်း သက်သက်ထက်ပို၍လိုအပ်သည်။ ကယ်တင်ခြင်းသည် အမြဲတမ်းယုံကြည်ခြင်း အားဖြင့်ဖြစ်သော်လည်း၊ သူတို့သည် သန့်ရှင်းသောစာရိတ္တလိုအပ်သည်။ ကောင်းကင်ဘုံ သို့ဝင်ရန် ဂုဏ်ပုဒ်သည် ခရစ်တော်၏ဖြောင့်မတ်ခြင်းအပေါ်၌သာ တည်သည်။ ဖြောင့်မတ်ခြင်းအပြင်၊ ဘုရားသခင်၏ကယ်တင်ခြင်း စီမံကိန်းသည် ခရစ်တော်ကိန်းဝပ်ခြင်းအားဖြင့် ကောင်းကင်အတွက် သင့်လျော်ခြင်း ဂုဏ်ပုဒ်ကိုပေးသည်။ ဤသင့်လျော်မှုသည် ကယ်တင်ခြင်းရရှိ ကြောင်း အထောက်အထားအဖြစ် လူ၏ကိုယ်ကျင့် စာရိတ္တ၌ ပေါ်လွင်နေရမည်။

ဤအရာသည် လူ့သတ်မှတ်ချက်တွင် မည်သည့်အဓိပ္ပါယ်ရှိသနည်း။ စဉ်ဆက်မပြတ် ဆုတောင်းခြင်းသည် ကြီးထွားမှုအဆင့်တိုင်း၏ စုံလင်မှုဖြစ်သည့် သန့်ရှင်းစင်ကြယ်သော အသက်တာဖြင့် နေထိုင်ခြင်းအတွက်မရှိမဖြစ်လိုအပ်သည်။ ထိုကြောင့် ငါတို့သည်ကြားရသောနေ့မှစ၍၊ သင်တို့အဖို့အလိုငှာ အစဉ်မပြတ် ဆုတောင်းပတ္ထနာ ပြုလျက်နေကြ၏။... သခင်ဘုရားနှင့် ထိုက်လျောက်စွာကျင့်၍ အရာရာ၌နှစ်သက်တော်မူစေခြင်းငှာ၊ ပညာအမျိုး မျိုး၊ ဓမ္မဥာဏ်အမျိုးမျိုးဖြင့် အလိုတော်ကို အကုန်အစင်နားလည်ပါ မည်အကြောင်း  ဆုတောင်း ပတ္ထနာပြု၏” (ကော ၁း၉၊ ၁၀၊ ၁၁)။

နေ့စဉ်ဖြောင့်မတ်ရာသို့ရောက်ခြင်း။ ဝိညာဉ်တော်ပြည့်၀သော (ခရစ်တော်ပိုင် ဆိုင်သော) အသက်တာဖြင့် နေထိုင်သောယုံကြည်သူအားလုံးသည် အမှတ်တမဲ့ အမှားများကို ပြုလုပ်နိုင်သောကြောင့် နေ့စဉ်ဖြောင့်မတ်ရာ သို့ရောက်ရန်ဆက်၍လိုအပ်သည်။ လူ့စိတ်နှလုံး၏ ယုတ်မာခြင်းကို သဘောပေါက်လျက်၊ ဒါဝိဒ်သည် မထင်ရှားသော ဒုစရိုက်အပြစ်” (ဆာ ၁၉း၁၂) အတွက်ခွင့်လွှတ်ခြင်းကို တောင်းခဲ့သည်။ ယုံကြည်သူတို့၏အပြစ်များကို အထူးရည်ညွှန်းလျက်၊ ဘုရားသခင်သည် ကျွန်ုပ်တို့ကို တစ်စုံတစ်ယောက်သောသူသည် ဒုစရိုက်ကိုပြုမိလျှင်၊ ဖြောင့်မတ်တော်မူသော အရှင်ယေရှုခရစ်တည်းဟူသော ငါတို့အမှု ဆောင်သခင်သည် ခမည်းတော်ထံ၌ရှိတော်မူ၏” (၁ယော ၂း၁) ဟုအခိုင်အမာဆိုသည်။

ကယ်တင်ခြင်းကိုတွေ့ကြုံခံစားခြင်းနှင့်အနာဂတ်

ကျွန်ုပ်တို့၏ကယ်တင်ခြင်းသည် ရှင်ပြန်ထမြောက်ချိန် သို့မဟုတ် ကောင်းကင်သို့ အသက်ရှင်လျက်ပြောင်းလဲချိန်၌ ကျွန်ုပ်တို့သည်ဘုန်းတော်သို့ဝင်စားသောအခါ နောက်ဆုံး ပြည့်စုံ၍ပြီးမြောက်သွားမည်။ ဘုန်းတော်ဝင်စားခြင်းအားဖြင့် ဘုရားသခင်သည် ရွေးနုတ်ခံသူတို့နှင့်အတူ မိမိတောက်ပသော ဘုန်းတော်ကိုမျှဝေသည်။ ဤအရာသည် ဘုရားသခင်၏ သားသမီးများအနေဖြင့် ကျွန်ုပ်တို့ အားလုံးစောင့်စားသော မျှော်လင့်ချက်ဖြစ်သည်။ ပေါလုက သို့ဖြစ်၍၊ ဘုရားသခင်၏ ဘုန်းတော်ကို မျှော်လင့်၍ ဝါကြွားဝမ်းမြောက်ခြင်းရှိကြ၏” (ရောမ ၅း၂) ဟုဆိုသည်။

ဘုန်းတော်ဝင်စားခြင်းသည် ဒုတိယအကြိမ်ကြွလာချိန်တွင်၊ ခရစ်တော်သည် မျှော်လင့်လျက်နေသောသူတို့ကို ကယ်တင်ခြင်းအလိုငှာ” (ဟေဗြဲ ၉း၂၈) ပေါ်ထွန်းတော်မူသောအခါ ပြည့်စုံလိမ့် မည်။

ဘုန်းဝင်စားခြင်းနှင့်သန့်ရှင်းစင်ကြယ်ခြင်း။ ကျွန်ုပ်တို့၏စိတ်နှလုံးထဲ၌ ခရစ်တော် ကိန်းဝပ်ခြင်းသည် အနာဂတ်ကယ်တင်ခြင်းတည်းဟူသော သေနိုင်သည့် ကိုယ်ခန္ဓာသည် ဘုန်းတော်ဝင်စားခြင်းအတွက် အခြေအနေတစ်ရပ်ဖြစ်သည်။ ပေါလုက ဘုန်းအသရေကို မျှော်လင့်ခြင်းအကြောင်းတည်းဟူသော သင်တို့အထဲ၌တည်တော်မူသော ခရစ်တော်ပေတည်း” (ကော ၁း၂၇) ဟုဆိုသည်။ ယေရှုကိုသေခြင်းမှထမြောက် စေတော်မူသော ဘုရား၏ဝိညာဉ်သည် သင်တို့အထဲ၌ ကိန်းဝပ်တော်မူလျှင်၊ ခရစ်တော်ကိုသေခြင်းမှ ထမြောက်စေတော်မူသောဘုရားသည် သင်တို့အထဲ၌ ကိန်းဝပ်သော မိမိဝိညာဉ်တော်အားဖြင့်၊ သေတတ်သောသင်တို့၏ ကိုယ်ကာယကိုပင် ရှင်စေတော်မူမည်” (ရော ၈း၁၁)။ ပေါလုက ကျွန်ုပ်တို့ကိုအခိုင်အမာဆိုသည်မှာ၊ သင်တို့သည် စိတ်သန့်ရှင်းခြင်း၊ သမ္မာတရားကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ ရောက်စိမ့်အံ့သောငှာ ဘုရားသခင်သည် ရှေးဦးစွာကပင် သင်တို့ကိုရွေးကောက်တော်မူသည်။... အကြောင်းမူကား၊ သင်တို့သည် ငါတို့သခင် ယေရှုခရစ်၏ဘုန်းကို ပိုင်ရမည် အကြောင်းတည်း” (၂သက် ၂း၁၃၊၁၄) ဟူ၍ဖြစ်သည်။

ကိုယ်တော်၌ကျွန်ုပ်တို့သည် ကောင်းကင်ရာဇပလ္လင်တော်ရှေ့တွင်ရောက်ရှိနေကြသည် (ကော ၃း၁-၄)။ သန့်ရှင်းသောဝိညာဉ်တော်ကိုခံယူသောသူတို့သည် နောင်ကပ်ကာလ၏ တန်ခိုးများကို" အမှန်ပင်မြည်းစမ်းခဲ့ကြပြီ (ဟေဗြဲ ၆း၄၊၅)။ ထာ၀ရဘုရား၏ ဘုန်းတော်ကို အာရုံပြု၍၊ ခရစ်တော်၏ ဂုဏ်တော်၏ စွဲမက်ဖွယ်တင့်တယ်မှုကို ကြည့်ရှုခြင်းအားဖြင့်၊ ကျွန်ုပ်တို့သည် ဘုန်းအသရေ တိုး ပွား၍ ပုံသဏ္ဌာန်တော်နှင့်အညီ ပြောင်းလဲခြင်းရှိရကြ၏” (၂ကော ၃း၁၈)။ ကျွန်ုပ်တို့သည် ခရစ်တော် ဒုတိယအကြိမ် ကြွလာခြင်း၌ တွေ့ကြုံရမည့် ပြောင်းလဲခြင်းအတွက် ပြင်ဆင်နေကြသည်။ ကျွန်ုပ်တို့၏ နောက်ဆုံးရွေးနုတ်ခြင်းနှင့် ဘုရားသခင်၏ သားသမီးများအဖြစ် မွေးစားခြင်းသည် အနာဂတ်တွင် ဖြစ်လိမ့်မည်။ ဤ လောကသည် ဘုရားသခင့်သားတို့၏ ပေါ်ထွန်းခြင်းအရာကို အလွန်တောင့်တမျှော်လင့်လျက်နေ၏။ထိုမျှမက သားအရာ၌ ချီးမြှောက်ခြင်း အကြောင်းတည်းဟူသော ကိုယ်ခန္ဓာ ရွေးနုတ်ခြင်းချမ်းသာကိုမျှော် လင့်၍၊ စိတ်နှလုံးအထဲ၌ညည်းတွားလျက်နေကြ၏” (ရော ၈း၁၉၊၂၃)။

ဤဖြစ်ရပ်၏အထွတ်အထိပ်သည် အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်တော်မူသောကပ်ကာလ” (တ ၃း၂၁) တွင် ဖြစ်ပျက်လိမ့်မည်။ ခရစ်တော်က ၎င်းကို အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်” (မ ၁၉း၂၈) ခြင်းဟုခေါ်ဆိုသည်။ ထိုအခါ၊ ဘုရားသခင်သားတို့၏ ထူးမြတ်သော လွှတ်ခြင်းချမ်းသာတည်းဟူသော ဖေါက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲ့မှ ကယ်လွှတ်ခြင်း ချမ်းသာကို ဝင်စားမည်” (ရော ၈း၂၁)။

ကျမ်းစာ၏ရှုထောင့်အရ၊ သားသမီးအဖြစ်မွေးစားခြင်းနှင့် ရွေးနုတ်ခြင်း သို့မဟုတ် ကယ်တင်ခြင်းသည် တစ်နည်းအားဖြင့် ပြီးမြောက်သွားခဲ့ပြီ ဖြစ်ကြောင်းနှင့် နောက်တစ်နည်း အားဖြင့် မပြီးမြောက်သေးကြောင်းတို့သည် လူတချို့ကိုစိတ်ရှုပ်ထွေး စေသည်။ ကယ်တင်ရှင် အဖြစ် ခရစ်တော်၏ လုပ်ငန်းအလုံးစုံကိုလေ့လာခြင်းသည် အဖြေကိုပေးသည်။ ပေါလုသည် ကျွန်ုပ်တို့၏ လက်ရှိကယ်တင်ခြင်းကို ခရစ်တော်၏ပထမအကြိမ်ကြွလာခြင်းနှင့် ဆက်စပ်သည်။ လက်ဝါးကပ်တိုင်ပေါ် သေခြင်း၊ ထမြောက်ခြင်းနှင့် ခရစ်တော်၏ ကောင်းကင်ဆိုင်ရာ လုပ်ငန်းသည် ကျွန်ုပ်တို့၏ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းစင်ကြယ်ခြင်းကို တစ်ကြိမ်နှင့်အပြီးလုံခြုံစိတ်ချစေခဲ့သည်။ သို့သော်ငြားလည်း၊ ပေါလုသည် ကျွန်ုပ်တို့၏ အနာဂတ် ကယ်တင်ခြင်း တည်းဟူသော ကျွန်ုပ်တို့၏ကိုယ်ခန္ဓာ ဘုန်းဝင်စားခြင်းကို ခရစ်တော်၏ ဒုတိယအကြိမ်ကြွလာခြင်းနှင့် ဆက်စပ်သည်။

ဤအကြောင်းကြောင့်၊ လွန်ခဲ့သောအချိန်က ခရစ်တော်၏သေခြင်းနှင့် ထမြောက်ခြင်း ကို ထောက်ရှု၍ ငါတို့သည် ကယ်တင်ခြင်းခံရပြီဟူ၍လည်းကောင်း၊ အနာဂတ်တွင် ခရစ်တော်ကြွလာ၍ ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာအတွက် ရွေးနုတ်ခြင်းကို ထောက်ရှု၍၊ ငါတို့ သည် ကယ်တင်ခြင်း မခံရသေးဟူ၍ ပေါလုကဤအရာနှစ်ခုကို တစ်ပြိုင်တည်း ပြောဆိုနိုင်ခြင်းဖြစ်သည်။

လက်ရှိကယ်တင်ခြင်းကို အလေးပေး၍အနာဂတ်ကယ်တင်ခြင်းကို ချန်လှပ်ထားခြင်းသည် ခရစ်တော်၏ပြည့်စုံသောကယ်တင်ခြင်းအကြောင်းကို မမှန်မကန် နားလည်စေ သည်။

ဘုန်းဝင်စား ခြင်းနှင့်စုံလင်ခြင်း။       ဘုန်းဝင်စားခြင်းကဖော်ဆောင်မည့် နောက်ဆုံးစုံလင်ခြင်းကို လူသားများအတွက်ရှိနေပြီဟူ၍ လူတချို့သည်မှားယွင်းစွာ ယုံကြည် ကြသည်။ သို့သော် ပေါလုသည် မိမိအသက်တာ၏အဆုံးပိုင်းတွင် ဤသို့ရေးခဲ့သည်။ ထိုသို့ဆိုသော် အကျိုးကိုခံရပြီ၊ စုံလင်ခြင်းသို့ရောက်ရပြီဟု ငါမဆိုလို။ အကြင်အကျိုး ကိုပေးခြင်းငှာ ခရစ်တော်သည်ငါ့ကိုကိုင်ဖမ်းတော်မူ၏၊ ထိုအကျိုးကို ကိုင်မိခြင်းငှာငါ ပြေး၍လိုက်သေး၏။ ညီအစ်ကိုတို့ ငါကိုင်မိပြီဟုကိုယ်ကိုမထင်သော်လည်း၊ ငါပြုသော အမှုတစ်ခုဟူမူကား၊ နောက် ကျသောအရာတို့ကိုမမှတ်ဘဲ၊ ရှေ့၌ရှိသောအရာတို့ကို လှမ်းကမ်း၍၊ ယေရှုခရစ်အားဖြင့်ဘုရားသခင်သည်အထက်အရပ်မှ ခေါ်တော်မူခြင်းနှင့် ဆိုင်သောဆုကိုရခြင်းငှာ၊ ပန်းတုံးတိုင်သို့ငါလိုက်ပြေး၏” (ဖိ ၃း၁၂-၁၄)။

သန့်ရှင်းစင်ကြယ်ခြင်းသည် တစ်သက်လုံးလုပ်ငန်းစဉ်ဖြစ်သည်။ ယခုကျွန်ုပ်တို့၏ စုံလင်ခြင်းသည် ခရစ်တော်၌သာဖြစ်သည်။ သို့သော် နောက်ဆုံးကျွန်ုပ်တို့၏ အသက်တာသည် ဘုရားသခင်၏ ပုံသဏ္ဌာန်နှင့်အညီ အလုံးစုံပြောင်းလဲခြင်းသည် ခရစ်တော် ဒုတိယအကြိမ်ကြွလာချိန်၌ ဖြစ်ပျက် လိမ့်မည်။ ပေါလုက အကြင်သူသည် မိမိတည် ကြည်လျက်နေသည်ဟုမိမိထင်မှတ်၏။ ထိုသူသည် မလဲခြင်းငှာသတိပြုစေ” (၁ကော ၁ဝး၁၂) ဟုသတိပေးသည်။ ဣသရေလတို့၏သမိုင်းနှင့် ဒါဝိဒ်၊ ရှောလမုန်၊ ပေတရုတို့၏အသက်တာသည် လူအားလုံးအတွက်လေးနက်သော သတိပေးချက်ဖြစ်သည်။ အသက်ရှင်နေသရွေ့ ခိုင်မာသော စိတ်ပိုင်းဖြတ်ချက်ဖြင့် စိတ်ခံစားမှုနှင့်စွဲလမ်းမှုတို့ကို စောင့်ကြပ်ရန်လိုအပ်သည်။ အတွင်းစိတ်ပျက်စီးနေသည်။ ပြင်ပ၌လည်းစုံစမ်းခြင်း များရှိသည်။ ဘုရားသခင်၏ အမှုတော် တိုးတက်သော နေရာတိုင်းတွင် လူတို့ထံသို့ ပြင်းထန်သောအရှိန်ဖြင့် စုံစမ်းခြင်းများ ရောက်လာစေရန် စာတန်သည်အခြေ အနေများကို စီစဉ်ကြံစည်သည်။ ဘုရားသခင်၌ ခရစ်တော်နှင့် အတူအသက်တာကိုဝှက်ထား၍၊ ကျွန်ုပ်တို့သည် ဘုရားသခင်အပေါ် မှီခိုမှသာလျှင်  အချိန်တိုင်း လုံခြုံစေနိုင်သည်။"

ကျွန်ုပ်တို့၏နောက်ဆုံးဖန်တီးနိုင်စွမ်းသောပြောင်းလဲခြင်းသည် မပုပ်ပျက် နိုင်သော အဖြစ်နှင့် မသေနိုင်ခြင်းအဖြစ်တို့ကို ကျွန်ုပ်တို့ပိုင်ဆိုင်သောအချိန်၊ သန်ရှင်းသောဝိညာဉ်တော်သည် မူလ ဖန်ဆင်းခြင်းအတိုင်း ပြန်လည်ပြုပြင်သောအချိန်တွင် ပြီးမြောက်သွားမည်။

ဘုရားသခင်သည်ကျွန်ုပ်တို့ကိုလက်ခံရသည့်ကိစ္စ

ဘုရားသခင်သည် ကျွန်ုပ်တို့ကိုလက်ခံရသည့် အကြောင်းမှာ ကောင်းသော စာရိတ္တ မဟုတ်၊ အမှားကင်းသော အပြုအမူလည်းမဟုတ်ချေ။ ကယ်တင်သောဖြောင့်မတ်ခြင်းသည် ဖြောင့်မတ်သောလူသား၊ ယေရှုထံမှလာ၍၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့ကို ပေးအပ်သည်။ ကျွန်ုပ်တို့သည် ခရစ်တော်၏ဖြောင့်မတ်ခြင်း ဆုကျေးဇူးအတွက် ဘာမျှမ ဖြည့် ဆည်းနိုင်ချေ။ ကျွန်ုပ်တို့သည် ၎င်းကိုလက်ခံရရှိရုံသာ ဖြစ်သည်။ ခရစ်တော်မှလွဲ၍၊ ဖြောင့် မတ်သောသူမရှိ (ရော ၃း၁၀)။ ဘုရားအပေါ် မမှီခိုသောလူသား၏ ဖြောင့်မတ်ခြင်းသည် အဝတ်စုတ်မျှသာဖြစ်သည် (ဟေရှာ ၆၄း၆)။

ခရစ်တော်၏ကယ်တင်သော မေတ္တာကိုတုံ့ ပြန်ရာတွင် ကျွန်ုပ်တို့ ပြုသောအရာ ပင်လျှင် ဘုရားသခင်သည် ကျွန်ုပ်တို့ကိုလက်ခံနိုင်သောအကြောင်းရင်းကို မဖန်တီးနိုင်ချေ။ ထိုလက်ခံတော်မူခြင်းသည် ခရစ်တော်၏လုပ်ဆောင်မှု၌တည်သည်။ သန့်ရှင်းသောဝိညာဉ်တော် သည် ခရစ်တော်ကို ကျွန်ုပ်တို့ အားပေးသောကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့ကို လက်ခံသည်။

ကျွန်ုပ်တို့ကိုလက်ခံခြင်းသည် ခရစ်တော်၏ဖြောင့်မတ်ခြင်း သို့မဟုတ် သူ၏ သန့်ရှင်းစင် ကြယ်ခြင်း သို့မဟုတ် နှစ်ခုစလုံးတွင် တည်သလော။ ဂျွန်ခဲဗင်းန် (John Calvin) က ခရစ်တော်ကို အပိုင်းပိုင်း ခွဲ၍မရနိုင်သကဲ့သို့၊ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းစင်ကြယ်ခြင်း တို့ကိုခွဲခြား၍မရနိုင်ပါဟုဆိုသည်။ ခရစ်တော်လုပ်ငန်းတို့ကို စုပေါင်းထားသည့် အရာအဖြစ်ရှုမြင်ရမည်။ ထိုကြောင့် ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းစင်ကြယ်ခြင်း တို့အကြား ခြားနားမှု အချက်အလက်များကို အသေးစိတ် အနက်ဖွင့်ဆိုခြင်းကို ရှောင်ကြဉ်ရမည်။ ထို့အစား၊ ယုံကြည်ခြင်းဖြင့် ဖြောင့်မတ်ရာ သို့ရောက်ခြင်းဆိုင်ရာ အရေးကြီးသောမေးခွန်းများကို အဘယ်ကြောင့်သာ၍ အသေးစိတ်မလေ့လာ ရမည်နည်း။

နေ၏အလင်းနှင့်အပူရှိန်တို့သည် သီးခြားလုပ်ငန်းများရှိသော်လည်း၊ ခွဲခြား၍ မရနိုင်သကဲ့သို့၊ ခရစ်တော်သည် ကျွန်ုပ်တို့အတွက်ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းစင်ကြယ်ခြင်းဖြစ် လာသည် (၁ကော ၁း၃၀)။ ကျွန်ုပ်တို့သည် ကိုယ်တော်၌လုံးလုံးဖြောင့်မတ်သည်သာမက၊ အပြည့်အဝ သန့်ရှင်းစင်ကြယ်သည်။

သန့်ရှင်းသောဝိညာဉ်တော်သည် ကရာနီကုန်းမှ အမှုပြီးပြီဟူသည့်အကျိုးကို ကျွန်ုပ်တို့ အထဲသို့ ဆောင်ယူလာ၍၊ ဘုရားသခင်က လူသားတို့အား လက်ခံခြင်းအတွေ့အကြုံကိုပေး သည်။ ဤလက်ဝါးကပ်တိုင်ပေါ်မှ အမှုပြီးပြီ” ဟူသည် ဘုရားသခင်ရှေ့တော်၌ လက်ခံခြင်း အခွင့်ကိုရရှိရန် လူသားတို့၏ ကြိုးပမ်းမှုအားလုံးသည် မထိုက်တန်ကြောင်းကို ဖော်ပြသည်။ အသေခံတော်မူသောသူကို စိတ်နှလုံးထဲ ယူဆောင်လာခြင်းဖြင့်၊ ဝိညာဉ်တော်သည် တစ်ခုတည်းသော ဘုရားသခင်၏ ကျွန်တို့ကို လက်ခံခြင်း အကြောင်းရင်းကို ဖော်ဆောင်၍၊ တစ်ခုတည်းသော ကယ်တင်ခြင်းအတွက် ဂုဏ်ပုဒ်နှင့်သင့်လျော်မှုကို ကျွန်ုပ်တို့အတွက် ရရှိစေနိုင်ရန် စီစဉ် ပေးသည်။

 

- ၀ -

No comments:

Post a Comment