အခန်း - ၂ သုံးပါးတစ်ဆူဘုရား
ထာ၀စဉ်အတူတည်ရှိတော်မူသည့် ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော
ဝိညာဉ် တော်၊ သုံးပါးတစ်ဆူဘုရားရှိသည်။ ဘုရားသခင်သည်မသေနိုင်သောအရှင်၊
အနန္တတန်ခိုးရှင်၊ သဗ္ဗညုတ ဥာဏ်တော်ရှင်ဖြစ်တော်မူ၍၊ အထူးသဖြင့်နေရာတိုင်း
ရောက်ရှိသော အရှင် ဖြစ်သည်။ ကိုယ်တော်သည် အနန္တဘုရားဖြစ်တော်မူရာ၊ လူသားတို့
သည် နားလည်သဘောမပေါက်နိုင်ပါ။
သို့သော်ငြားလည်း ကိုယ်တော်၏ မိမိကိုယ်ကို ဖွင့်ချ ခြင်း အားဖြင့်မူ သိရှိနိုင်၏။
ချစ်ခြင်းမေတ္တာဖြစ်သော ဘုရားသခင်သည် အစဉ်ကိုး ကွယ် ထိုက်သောဘုရား၊ ကြည်ညိုဖွယ်
ဘုရား၊ ဖန်ဆင်းသော အရာအားလုံး၏ အမှုထမ်းအပ်သောဘုရားဖြစ်သည်။
(က ၁း၂၆။ တရား ၆း၄။ ဟေ
၆း၈။ မ ၂၈း၁၉။ ယော ၃း၁၆။ ၂ကော ၁း၂၁၊၂၂။ ၁၃း၁၄။ ဧ ၄း၄-၆။ ၁ပေ ၁း၂)။
ကရာနီကုန်းပေါ်တွင် လူတိုင်းနီးပါးက ယေရှုကို ငြင်းပယ်ခဲ့ကြသည်။ လူအနည်း ငယ်ကသာ ယေရှုသည် အမှန်မည်သူဖြစ်ကြောင်းကို သိမှတ်ကြ သည်။ ထိုသူတို့အထဲ တွင် ကိုယ်တော်ကို သခင်ဟုခေါ်သည့်သေလုဆဲဆဲသူခိုး (လု ၂၃း၄၂) နှင့် “စင်စစ်ဤသူ သည် ဘုရားသခင်၏ သားတော်မှန်ပေ၏” (မာ ၁၅း၃၉) ဟု ဆိုသည့် ရောမစစ်သား ပါဝင် သည်။
ယောဟန်က “သူသည်မိမိအရပ်ဒေသသို့ကြွလာသော်လည်း၊
မိမိလူမျိုးတို့သည် သူ့ကို လက် မခံ ဘဲနေကြ၏” (ယော ၁း၁၁) ဟု ဆိုရာတွင်၊ လက်ဝါးကပ်တိုင်ဘေးက လူအုပ် သို့မဟုတ် ဣသရေလ
လူမျိုးတို့မျှသာမက၊ ခေတ်အဆက်ဆက်ကလူတို့ကို လည်း ရည်ညွှန်း သည်။ လူတချို့မှ လွဲ၍၊
လူသားအားလုံးသည် လက်ဝါးကပ်တိုင် ဘေးက ဗြောင်းဆန်နေသည့် လူအုပ်ပမာ၊
ယေရှုသည် မိမိတို့ဘုရားနှင့်ကယ်တင်ရှင်ဖြစ် ကြောင်းကို မသိမှတ်ခဲ့ကြချေ။
လူသားတို့၏အကြီးမားဆုံးနှင့် ဝမ်းနည်းစရာအကောင်း ဆုံးသော ဤကျရှုံးခြင်းသည် လူသား တို့၏
ဘုရားသခင်ကိုသိခြင်းသည် အကြီးအကျယ် ချို့တဲ့ နေသည်ကိုပြသသည်။
ဘုရားသခင်ကိုသိခြင်း
ဘုရားသခင်ကိုရှင်းပြရန် ကြိုးပမ်းသည့်အယူအဆများစွာတို့နှင့်
ကိုယ်တော် တည်ရှိကြောင်းကို ငြင်းဆိုချက်များစွာတို့သည် လူသားအသိဥာဏ်နှင့်စူးစမ်း
ရှာဖွေ မှုသည် ဘုရား သခင်ကို ထိုးထွင်း၍
မသိမြင်နိုင်ကြောင်းကိုပြသသည်။ ဘုရားသခင် အကြောင်းကို လေ့လာရန် လူသား၏
ပညာတစ်ခု၌သာ မှီခိုခြင်းသည် ကြယ်စုကြီးကို လေ့လာရန် မှန်ဘီလူးကို
အသုံးပြုခြင်းနှင့်တူသည်။ ထိုကြောင့် များစွာသောသူတို့ အတွက် ဘုရားသခင်၏ ဥာဏ်တော် သည် “နက်နဲသောအရာ၌ဝှက်ထားသော” (၁ကော ၂း၇) ပညာဖြစ်သည်။ သူတို့အတွက်
ဘုရားသခင်သည် လျှို့ဝှက်ဆန်းကြယ်လှသည်။ ပေါလုသည် “ထိုပညာကို လောကီမင်း တစ်စုံ
တစ်ယောက်မျှမသိ၊ သိလျှင်၊ ဘုန်းကြီး တော်မူသော သခင်ကို လက်ဝါးကပ်တိုင်မှာ
မကွပ်မျက်ကြပြီ” (၁ကော ၂း၈) ဟု ရေးသားခဲ့သည်။
သမ္မာကျမ်းစာ၏ အခြေခံအကျဆုံးသော ပညတ်ချက်တစ်ခုမှာ “သင်၏ ဘုရားသခင် ထာ၀ရ ဘုရားကို
စိတ်နှလုံးအကြွင်းမဲ့၊ ဥာဏ်ရှိသမျှနှင့်ချစ်လော့” (မ ၂၂း၃၇) ဖြစ်သည်။ ကျွန်ုပ်တို့သည်
ကိုယ်မသိသောသူကို ချစ်၍မရနိုင်သည့်အပြင်၊ ဘုရားရှင်၏ နက်နဲသော အရာများကို ရှာဖွေ၍
လည်းမတွေ့နိုင်ပါ (ယောဘ ၁၁း၇)။ ထိုသို့ဆိုသော် ကျွန်ုပ်တို့သည် ဖန်ဆင်းရှင်ကို
မည်ကဲ့သို့ သိရှိလာ၍ချစ်နိုင်မည်နည်း။
ဘုရားသခင်ကိုသိနိုင်သည်။ လူသားတို့၏အကျပ်အတည်းကိုသိသည်ဖြစ်ရာ၊
ဘုရား သခင်သည် မိမိ၏မေတ္တာနှင့်သနားကြင်နာခြင်းဖြင့် ကျွန်ုပ်တို့ထံသို့
သမ္မာကျမ်းစာ အားဖြင့် အရောက်လှမ်း သည်။ ၎င်းသည် “ခရစ်ယာန်ဘာသာသည် လူသားများက
ဘုရားသခင်ကို ရှာဖွေသည့် မှတ်တမ်း မဟုတ်ပါ။ ဘုရားသခင်သည်မိမိ ကိုယ်ကိုဖွင့်ချ
ခြင်းနှင့် လူသားတို့
အတွက်မိမိရည်ရွယ်ချက်ကို ဖော်ပြသောစာအုပ်ဖြစ်သည်။” ဤမိမိ ကိုယ်ကိုဖွင့်ချခြင်းသည်
ပုန်ကန်သောလောကီသားများနှင့် စောင့်ရှောက်သော ဘုရား သခင်အကြားအက်ကြောင်းကို
ပေါင်းကူးပေးရန်ရည်ရွယ်သည်။
ဘုရားသခင်၏အကြီးမားဆုံးသောချစ်ခြင်းမေတ္တာသည် မိမိသားတော်ယေရှု
ခရစ်တော် ကိုယ်ထင်ပြခြင်းဖြင့်ထင်ရှားလျက်ရှိသည်။ ယေရှုအားဖြင့်ကျွန်ုပ်တို့သည်
အဖခမည်းတော် ကို သိရှိနိုင်သည်။ ယောဟန်က “ဘုရားသခင်၏သားတော်သည် ကြွလာ၍၊ မှန်သော
ဘုရား သခင်ကို သိသော ဥာဏ်ကို ငါတို့အားပေးတော်မူသည်” (၁ယော ၅း၂၀) ဟုဆိုသည်။
ထိုနောက် ယေရှုက “ထာ၀ရအသက်ဟူမူကား၊
မှန်သောဘုရားသခင်တစ်ဆူ တည်း ဖြစ်တော်မူသော
ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသောယေရှုခရစ် ကို လည်း ကောင်း သိကျွမ်း ခြင်းတည်း” (ယော ၁၇း၃) ဟု မိန့်တော်မူခဲ့သည်။
ဤအရာမှာကောင်းသောသတင်းဖြစ်သည်။ ဘုရားသခင်ကိုအပြည့်အဝသိရှိရန် မဖြစ်
နိုင်သော်လည်း သမ္မာကျမ်းစာသည် ကိုယ်တော်ကို လက်တွေ့ သိနိုင်ရန်တတ်နိုင်၍၊ ၎င်း
သည် ကိုယ် တော် နှင့်အတူကယ်တင်သောဆက်ဆံရေးထဲသို့ ဝင်ရောက်နိုင်ရန်
လုံလောက် ပေသည်။
ဘုရားကိုသိသောဥာဏ်ကိုရရှိခြင်း။ အခြားအသိပညာနှင့်မတူဘဲ၊ ဘုရားသခင်ကို
သိသော ဥာဏ်သည် ဦးနှောက်အသိမျိုးဖြစ်သကဲ့သို့ စိတ်နှလုံးနှင့်ဆိုင်သောကိစ္စလည်း
ဖြစ်သည်။ ၎င်းသည် အသိဥာဏ် မျှသာ
မဟုတ်ဘဲ၊ လူတစ်ကိုယ်လုံးပါဝင်သည်။ သန့်ရှင်းသော ဝိညာဉ်တော် အတွက်
စိတ်နှလုံးဖွင့်ထားခြင်းနှင့် ဘုရားသခင်၏အလို တော်ကို လုပ်ဆောင် လိုခြင်းတို့ရှိရမည်
(ယော ၇း၁၇)။ ယေရှုက “စိတ်နှလုံးဖြူစင်သော သူတို့သည် မင်္ဂလာရှိကြ ၏။
အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကိုမြင်ရကြ လတ္တံ့” (မ ၅း၈) ဟု မိန့်တော်မူ ခဲ့သည်။
ထို့ကြောင့်၊ မယုံကြည်သောသူတို့သည် ဘုရားသခင်ကိုနားမလည်နိုင်ပါ။
ရှင်ပေါလုက “ပညာရှိကားအဘယ်မှာရှိသနည်း။
ကျမ်းပြုဆရာကားအဘယ်မှာရှိ သနည်း။ ပြဿနာ၌ လေ့ကျက်သော
ဆရာကားအဘယ်မှာရှိသနည်း။ လောကီ ပညာကိုဘုရား သခင်သည် မိုက်စေတော်မူသည်
မဟုတ်လော။ အဘယ်သို့နည်း ဟူမူကား၊ ဘုရားသခင်၏ ပညာတော်စီရင်
သည်နှင့်အညီ၊ လောကီသားတို့သည် မိမိတို့ပညာအားဖြင့် ဘုရားသခင်ကို
မသိဘဲနေကြ သောအခါ၊ ဘုရားသခင်သည် ယုံကြည် သောသူတို့ကို ဒေသနာတော်
မိုက်မဲခြင်းအားဖြင့် ကယ်တင်ခြင်းငှာ စေတနာရှိတော်မူ၏” (၁ကော ၁း၂၀၊၂၁) ဟု
အံ့အားသင့်စွာပြောခဲ့သည်။
သမ္မာကျမ်းစာမှဘုရားသခင်ကိုသိရှိရန်
ကျွန်ုပ်တို့သင်ယူသည့်နည်းလမ်းသည် အခြား သော ပညာရပ်များကိုသင်ယူသည့်
နည်းလမ်းအားလုံးနှင့်ခြားနားသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏
အထက်တွင်မိမိတို့ကိုယ်ကိုထား၍၊ ကိုယ်တော်ကို အရာဝတ္ထုကဲ့သို့လေ့လာ၊ စိစစ်၊
တိုင်းတာ၍မရ နိုင်ပါ။ ဘုရားသခင်ကိုသိသောဥာဏ်ကို ကျွန်ုပ်တို့ရှာဖွေရာတွင်
ကိုယ်တော်၏ မိမိကိုယ်ကို ဖွင့်ချမှု ဖြစ်သော သမ္မာကျမ်းစာ၏ အခွင့်အာဏာကိုနာခံရမည်။
သမ္မာကျမ်းစာသည် မိမိကိုယ်ကို အနက်ဖွင့် ဆိုသည့် အတွက်၊ ၎င်းပြဋ္ဌာန်းသည့်အခြေခံ စည်းမျဉ်းများနှင့်နည်းလမ်းများတွင်
ကျွန်ုပ်တို့ လိုက်နာ ရကြမည်။ ဤသမ္မာကျမ်းစာ၏ လမ်းညွှန် ချက်များမပါရှိဘဲ၊
ကျွန်ုပ်တို့သည် ဘုရားသခင်ကို မသိ နိုင်ချေ။
ယေရှုလက်ထက်ကအလွန်များစွာသောလူတို့သည် ယေရှု၌ဘုရားသခင်၏ မိမိကိုယ်ကို
ဖွင့်ချ ခြင်းကို အဘယ်ကြောင့်မမြင်ခဲ့ကြသနည်း။ သူတို့သည်သမ္မာကျမ်းစာ အားဖြင့်
သန့်ရှင်း သောဝိညာဉ်တော်၏လမ်းညွှန်မှုကို ငြင်းပယ်ကြသောကြောင့်၊ ဘုရားသခင်၏ သတင်း
စကားကို အဓိပ္ပါယ် ကောက်လွဲပြီး၊ မိမိတို့ကယ်တင်ရှင်ကို ကပ်တိုင်တင်သတ်ခဲ့ကြသည်။
သူတို့၏ပြဿနာမှာ ဦးနှောက်အသိမဟုတ်ပါ။ ၎င်းမှာ သူတို့၏ စိတ်နှလုံးကို ပိတ်ထားသော
ကြောင့် စိတ်ထိုင်းမှိုင်းပြီး၊ ထာ၀ရဆုံးရှုံးခြင်းသို့ ရောက်ကြရသည်။
ဘုရားသခင်တည်ရှိခြင်း
ဘုရားသခင် တည်ရှိခြင်းအတွက် အဓိက အထောက်အထား နှစ်ခုမှာ သဘာ၀တရားနှင့်
သမ္မာကျမ်းစာဖြစ်သည်။
ဖန်ဆင်းခြင်းမှအထောက်အထား။ လူအားလုံးသည် ဘုရားသခင်၏အကြောင်းကို
သဘာ၀တရားနှင့် လူသား၏အတွေ့အကြုံတို့မှသင်ယူနိုင်သည်။ ဒါဝိဒ်က “မိုးကောင်း ကင် သည် ဘုရားသခင်၏
ဘုန်းအသရေတော်ကိုကြားပြော၍၊ မိုးမျက်နှာ ကြက်သည် လက်တော် နှင့် လုပ်သောအရာများ
ကိုပြသ၏” (ဆာ ၁၉း၁) ဟု ရေးခဲ့သည်။ ယောဟန်
ကလည်း သဘာ၀တရား အပါအဝင် ဘုရားသခင်၏
ဖော်ပြခြင်းသည် လူတိုင်းကို သိမြင် ရှင်းလင်း စေ ကြောင်းကို
ဆုပ်ကိုင်ထားသည် (ယော ၁း၉)။ ထို့နောက် ပေါလုက “ဖန်ဆင်းတော်မူသော
အရာများကိုထောက်ရှုသဖြင့်၊ ထာ၀ရ တန်ခိုးတော်နှင့် ထာ၀ရ အဖြစ်တော်တည်းဟူသော
မျက်မြင်မရသောဘုရားသခင်၏အရာတို့သည် ကမ္ဘာတည် သည် ကာလမှစ၍ ထင်ရှားလျက် ရှိကြ၏” (ရော ၁း၂၀) ဟူ၍ အခိုင်အမာ ဆိုခဲ့သည်။
လူ့အမူအကျင့်သည်လည်း ဘုရားသခင်တည်ရှိခြင်းအတွက် အထောက်အထား ဖြစ် သည်။
အေသင်မြို့သူမြို့သားတို့သည် “မသိသောဘုရားသခင်” ကိုးကွယ်သည်တွင်၊ ပေါလု သည်
ဘုရားသခင်ကိုယုံကြည်ကြကြောင်းသက်သေကိုတွေ့ခဲ့သည်။ သူက “သင်တို့မသိဘဲ လျက် ကိုးကွယ်သော
ဘုရားသခင်၏အကြောင်းကို ငါဟောပြောပြီ” (တ ၁၇း၂၃) ဟု အခိုင် အမာ ဆိုခဲ့သည်။ ပေါလု သည် ခရစ်ယာန်မဟုတ်သော
သူတို့၏ အမူအကျင့်သည် သူတို့၏ “ကိုယ်အလို အလျောက်” တရားတော်ကိုကျင့်ကြကြောင်း
နှင့် ဘုရားသခင်၏ ပညတ်တရား တော်သည်
သူတို့ “စိတ်နှလုံးထဲမှာ
မှတ်သား” (ရော ၂း၁၄၊ ၁၅) သည်ကိုဖော်ပြသည်ဟု ဆို
သည်။ ဘုရားသခင်တည်ရှိသည်ဟူသော ဤပြ ဋ္ဌာန်းချက်သည် သမ္မာကျမ်းစာကို မရရှိသော
သူတို့အကြား၌ပင် ရှာတွေ့ နိုင်သည်။
ဤဘုရားသခင်၏ ယေဘုယျ မိမိကိုယ်ကိုဖွင့်ချ ခြင်း သည် ဘုရားသခင်တည်ရှိကြောင်း အတွက်
လက်ခံပြီး ဖြစ်သောအကျိုးသင့်အကြောင်းသင့် အကြောင်းပြချက်များစွာကို ဘုရားသခင်
ပေးတော်မူခဲ့ပြီ။
သမ္မာကျမ်းစာမှအထောက်အထား။ သမ္မာကျမ်းစာသည် ဘုရားသခင်၏ တည်ရှိ
ခြင်းကို သက်သေမပြချေ။
၎င်းသည်အမှန်ဖြစ်သည်ဟုယူဆသည်။ သမ္မာကျမ်းစာ၏ အစတွင် “အစအဦး၌ ဘုရားသခင်သည်
ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏” (က ၁း၁) ဟု ဖော်ပြသည်။ သမ္မာကျမ်းစာ သည်ဘုရားသခင်ကို ဖန်ဆင်းရှင်၊
ထိန်းထား သောအရှင်၊ ဖန်ဆင်းသော အရာအားလုံးကို
အုပ်ချုပ်သောအရှင်အဖြစ်ဖော်ပြသည်။ ဖန်ဆင်းခြင်း လက်ရာများအားဖြင့် ဘုရားသခင်၏
မိမိကိုယ်ကို ဖွင့်ချခြင်းသည် အလွန် အားကြီးသော ကြောင့်၊ ဘုရားရှင်၏
သမ္မာတရားကို ဖုံးဖိခြင်းမှ သို့မဟုတ် ဘုရားသခင် ရှိကြောင်း သိရှိရ သော အထောက်အထားကို
ငြင်းပယ်သော စိတ်မှ တက်လာသော စောဒက များဖြင့် သာသနာပလူ တို့သည်
ဆင်ခြေဆင်လက် ရှိနိုင်ကြမည် မဟုတ် (ဆာ ၁၄း၁။ ရော ၁း၁၈-၂၂၊ ၂၈)။
ဘုရားသခင်အကြောင်းသမ္မာတရားကိုတွေ့ရှိနိုင်ရန်၊ အလေး အနက် ကြိုးစားသော မည်သူမဆို
ယုံကြည်လက်ခံရန် ဘုရားသခင် တည်ရှိခြင်းအတွက် လုံလောက်သော အထောက်အထားများရှိသည်။
သို့ရာတွင်ယုံကြည်ခြင်းသည် မရှိမဖြစ် ရှိထားရမည့် လိုအပ်ချက် ဖြစ်သည်။ အကြောင်းမှာ
“ယုံကြည်ခြင်းမရှိလျှင်၊
ဘုရားသခင် ၏စိတ်တော်နှင့် မတွေ့ နိုင်။ အကြောင်းမူကား၊
ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်သော သူသည်၊ ဘုရားသခင် ရှိတော်မူသည်ကိုလည်းကောင်း၊
ကိုယ်တော်ကိုရှာသောသူအား အကျိုးပေးတော်မူသည် ကို လည်း ကောင်း ယုံကြည်ရမည်” (ဟေဗြဲ ၁၁း၆)။
သို့ရာတွင် ဘုရားသခင်ကိုယုံကြည်ခြင်းသည် မျက်ကန်းမဟုတ်ချေ။ ၎င်းသည်
သမ္မာ ကျမ်းစာ နှင့် သဘာ၀တရားအားဖြင့် ဘုရားသခင်၏ဖွင့်ပြခြင်း၌တွေ့မြင်ရသော
လုံလောက်သည့် အထောက်အထား အပေါ် အခြေခံသည်။
သမ္မာကျမ်းစာထဲကဘုရားသခင်
သမ္မာကျမ်းစာသည် ပဓာနကျသောဂုဏ်တော်များကို သူ၏နာမတော်များ၊
လှုပ်ရှားမှု များ နှင့် ထူးခြားသောလက္ခဏာများအားဖြင့် ဖော်ပြပေးသည်။
ဘုရားသခင်၏နာမတော်များ။ ဆာလံဆရာသည် “နာမတော်သည်သန့်ရှင်း၏။ ကြောက်ရွံ့
ရိုသေဖွယ်ဖြစ်၏” (ဆာ
၁၁၁း၉) ဟု သက်သေခံပြီး၊ ဘုရားသခင်၏ လူတို့ အား “အမြင့်ဆုံးသော ထာ၀ရဘုရား၏နာမတော်ကို
ထောမနာသီချင်းဆို” (ဆာ ၇း၁၇) ရန်နှိုး ဆော်သည်။ “နာမတော် တစ်ပါးတည်းသာလျှင်မြတ်၍၊
ဘုန်းတော်သည် မြေကြီး နှင့် ကောင်းကင်
အပေါ်ထက်၌ရှိသောကြောင့်၊ ထာ၀ရဘုရား၏နာမတော်ကို ချီးမွမ်းကြ စေ” (ဆာ ၁၄၈း၁၃) ဟုဆိုသည်။ ဘုရားသခင်၏ နာမတော်ကိုချီးမြှင့်ရန်နှင့်
ချီးမွမ်းရန် မည်မျှ အရေး ကြီးကြောင်းကို ပညတ်တော် (၁၀) ပါး ၏ တတိယ ပညတ်တွင် “သင်၏ ဘုရားသခင် ထာ၀ရဘုရား၏နာမတော်ကို
မုသားနှင့်ဆိုင်၍မမြွက်မဆိုနှင့်” (ထွက်
၂ဝး၇) ဟူ၍ဖော်ပြထား၏။
သမ္မာကျမ်းစာသည် ဘုရားသခင်၏ပုဂ္ဂိုလ်ဖြစ်ခြင်း၊ သဘာ၀၊ ဂုဏ်တော်နှင့်
အရည်အချင်းများကို ဖော်ထုတ်ရန် နာမများစွာကိုအသုံးပြုသည်။ “ဘုရားသခင်” ဟု အဓိပ္ပါယ်ရသည့် ဟေဗြဲ နာမများ
ဖြစ်သော အဲလ် (El) နှင့် အဲလ်လောဟိမ်း (Elohim) တို့သည် ဘုရား သခင်၏
တန်ခိုးကိုဖော်ပြသည်။ ၎င်းနာမတော်များသည် ဘုရားသခင် အား ခွန်အားကြီးသော အရှင်ဖန်ဆင်းသော
ဘုရားအဖြစ် သရုပ်ဖော်သည် (က ၁း၁။ ထွက် ၂ဝး၂။ ဒံ ၉း၄)။ “အမြင့်ဆုံးသော ဘုရားသခင်” အဲလ်ရွန် (Elyon) နှင့် “အမြင့်ဆုံး သောဘုရား” အဲလ်အဲလ်ရွန် (El
Elyon)
တို့သည် ဘုရားသခင်၏ မြင့်မြတ် သောဂုဏ် ကိုမီးမောင်းထိုးပြသည် (က ၁၄း၁၈-၂၀။
ဟေရှာ ၁၄း၁၄)။
“အရှင်” “သခင်” ဟုအဓိပ္ပါယ်ရသည့် အဒိုနိုင်း (Adonai) သည် ဘုရားသခင် အား အနန္တအုပ်စိုးသော
အရှင်အဖြစ်ပုံဖော်သည် (ဟေရှာ ၆း၁။ ဆာ ၃၅း၂၃)။ ဤ နာမတော် များသည် ဘုရားသခင်၏
ကြီးကျယ်ခမ်းနားပြီး ထူးကဲသာလွန်သော
ဂုဏ်တော်ကို အလေးပေးသည်။
အခြားနာမတော်များသည် လူသားများနှင့်ဆက်ဆံလိုသည့် ဘုရားသခင်၏ လိုလို
လား လား ရှိတော်မူခြင်းကိုဖော်ပြသည်။ “အနန္တတန်ခိုးရှင်” ရှဒိုင်း (Shaddai) နှင့် “အနန္တ တန်ခိုးကြီးသောဘုရား” အဲလ်ရှဒိုင်း (El
Shaddai)
တန်ခိုးကြီးသောဘုရားအားကောင်းချီး မင်္ဂလာနှင့် နှစ်သိမ့်ခြင်း အားလုံး၏
မူလဖြစ်ကြောင်းကို ပြသသည် (ထွက် ၆း၃။ ဆာ ၉၁း၁)။ ယေဟောဝါ သို့မဟုတ် ထာ၀ရဘုရားဟုလည်း
ပြန်ဆိုသည့် ယာဝယ့် (Yahweh) ဟူသောနာမတော်သည် ဘုရားသခင်၏
မိမိကိုယ်တော်တိုင်တည်ရှိတော်မူသော သဘာ၀ နှင့် ဖြောင့် မတ်ခြင်းတရားနှင့်
ကရုဏာတရားကို စောင့်ရှောက်ခြင်းတို့ကို အလေးပေး ဖော်ပြသည် (ထွက် ၁၅း၂၊၃။ ဟောရှေ
၁၂း၅၊၆)။ ထွက် ၃း၁၄ တွင် ထာ၀ရဘုရားသည် မိမိကိုယ်ကို “ငါဖြစ်သည်အတိုင်းငါဖြစ်၏” ဟူ၍ ထုတ်ဖော်ပြီး၊ မိမိလူတို့ နှင့်
ဆက်ဆံ ရေးသည်
မပြောင်းလဲ ကြောင်းကိုညွှန်ပြသည်။ အချို့သောဖြစ်စဉ်များတွင် ဘုရားသခင်
သည် မိမိကိုယ်ကိုသာ၍ ရင်းနှီးစွာ “အဘ” (တရား ၃၂း၆။ ဟေ ၆၃း၁၆။ ယေ ၃၁း၉။ မာလ ၂း၁၀) အဖြစ်ပင်ဖော်ပြ၍၊
ဣသရေလလူတို့ကို “ငါ့သားဖြစ်၏။ ငါ့သားဦးဖြစ်၏” ဟုခေါ်သည် (ထွက် ၄း၂၂)။
“အဘ” ဟူသောနာမတော်မှလွဲ၍၊ ဓမ္မသစ်ကျမ်းထဲမှဘုရားသခင်အတွက် အသုံး
ပြုသော နာမများသည်
ဓမ္မဟောင်းကျမ်းမှနာမတော်များနှင့် အဓိပ္ပါယ်တူသည်။ ဓမ္မသစ် ကျမ်းတွင်၊ ယေရှုသည် ကျွန်ုပ်တို့ အား
ဘုရားသခင်နှင့်ရင်းနှီးသောဆက်ဆံရေးရရှိစေရန် “အဘ” ဟူသော နာမကို အသုံးပြု ခဲ့သည် (မ ၆း၉။ မာ ၁၄း၃၆)။
ဘုရားသခင်၏လှုပ်ရှားမှုများ။ သမ္မာကျမ်းစာကိုရေးသားသူတို့သည်
ဘုရားသခင် ၏ ဖြစ်တည် ခြင်းထက် ကိုယ်တော်၏လှုပ်ရှားမှုများကိုဖော်ပြရန်
အချိန်ပိုမို အသုံးပြုကြ သည်။ ကိုယ်တော်အားဖန်ဆင်းရှင်
(က ၁း၁။ ဆာ ၂၄း၁၊၂)။
ကမ္ဘာကိုထိန်းသိမ်းသော အရှင် (ဟေဗြဲ ၁း၃၀)၊ ရွေးနုတ်ရှင်
နှင့် ကယ်တင်ရှင် (တရား ၅း၆၊ ၂ကော ၅း၁၉)။ လူသားတို့၏ အဆုံးစွန် ကြမ္မာဝန်ထုပ်ကို
သယ်ဆောင်သော အရှင်အဖြစ်မိတ်ဆက် ပေးခဲ့သည်။ ကိုယ်တော်သည်
အကြံအစည်များကိုပြု၍ (ဟေ ၄၆း၁၁)၊ ကြိုတင်ဟော ချက်များပြုကာ (ဟေ ၄၆း၁၀) ကတိ
များကိုပေးသည် (တရား ၁၅း၆၊ ၂ပေ ၃း၉)။ ကိုယ်တော်သည် အပြစ်များကို ဖြေလွှတ်သော
ကြောင့် (ထွက် ၃၄း၇)၊ ကျွန်ုပ်တို့၏ ကိုးကွယ်မှု ကို ခံထိုက်သည် (ဗျာ ၁၄း၆၊၇)။
သမ္မာကျမ်းစာ သည် ဘုရားသခင်အား အုပ်စိုးသောအရှင်၊ “ဖောက်ပြန်ပျက်စီးခြင်းနှင့်
ကင်းလွတ်တော်မူထသော၊ မျက်မြင်မရ၊ အရူပအရာ ဖြစ်တော်မူထ သော၊ တစ်ဆူတည်းသောဘုရားသခင်” (၁တိ ၁း၁၇) အဖြစ် ဖော်ပြသည်။ ဘုရားသခင်သည်
ပုဂ္ဂိုလ်အဖြစ်တည်ရှိကြောင်းကို သူ၏လုပ်ဆောင်တော် မူချက်များကခိုင်မာစေသည်။
ဘုရားသခင်၏ ထူးခြားသောလက္ခဏာများ။ သမ္မာကျမ်းစာကိုရေးသားသူတို့သည်
ဘုရားသခင်၏ အကြောင်းကို ဘုရားရှင်၏ထူးခြားသောလက္ခဏာများ အကြောင်း သက်
သေခံချက်များ အားဖြင့်
နောက်ထပ်အချက်အလက်များကိုဖြည့်ဆည်း ပေးကြသည်။
မျှဝေ၍မရသောဘုရားသခင်၏ထူးခြားသောလက္ခဏာများသည် ဖန်ဆင်းသည့် အရာ
များကို မပေးအပ်သောဘုရားသဘာ၀သွင်ပြင်များပါဝင်သည်။ ဘုရားသခင်သည် ကိုယ်တိုင်
တည်ရှိသည်။ အကြောင်းမှာ “မိမိ၌အသက်” (ယော ၅း၂၆) ရှိသည်။ ကိုယ် တော်သည် “အလိုတော်” (ဧ ၁း၅) နှင့် တန်ခိုးတော် (ဆာ ၁၁၅း၃)
ရှိသမျှအတိုင်းပြု သည်။ ကိုယ်တော်သည် သဗ္ဗညုတဥာဏ်တော်ရှင် ဖြစ်၍
အရာရာကိုသိသည် (ယောဘ ၃၇း၁၆။ ဆာ ၁၃၉း၁-၁၈။ ၁၄၇း၅။ ၁ယော ၃း၂၀)။ အာလဖနှင့် ဩမေဃအဖြစ်
(ဗျာ ၁း၈)၊ ကိုယ်တော်သည် အစမှ အဆုံး တိုင်အောင် သိသည် (ဟေ ၄၆း၉-၁၁)။
ဘုရားသခင်သည်နေရာတိုင်း၌ရှိသောအရှင်ဖြစ်ကာ (ဆာ ၁၃၉း၇-၁၂။ ဟေဗြဲ
၄း၁၃)၊ ကောင်းကင်တစ်ခွင်လုံးကိုကျော်လွန်သည်။ သို့ရာတွင် ကိုယ်တော်သည် အာကာ
သ၏ အစိတ်အပိုင်းတိုင်းတွင်
အပြည့်အဝရှိသည်။ ကိုယ်တော်သည်ကမ္ဘာအဆက်ဆက် ဘုရားသခင်ဖြစ်၍ (ဆာ ၉ဝး၂။ ဗျာ ၁း၈)၊
အချိန်ကာလ၏ကန့်သတ်ချက်များကို ကျော် လွန် သော်လည်း၊ အချိန်၏
အခိုက်အတန့်တိုင်းတွင်အပြည့်အဝ ရှိသည်။
ဘုရားသခင်သည်အရာရာကိုစွမ်းသော အနန္တတန်ခိုးရှင်ဖြစ်သည်။ မိမိ ရည်ရွယ်
ချက်ဟူသမျှကို ပြီးမြောက်စေခြင်း
အားဖြင့် ကိုယ်တော်အတွက် မစွမ်းနိုင်သော အရာ ဘာမျှမရှိ ကြောင်းကို
ကျွန်ုပ်တို့အားစိတ်ချစေသည် (ဒံ ၄း၁၇၊၂၅၊၃၅။ မ ၁၉း၂၆။ ဗျာ ၁၉း၆)။ ကိုယ် တော်သည်
ပြီးပြည့်စုံသည်ဖြစ်ရာ ပြောင်းလဲ၍မရချေ။ ကိုယ်တော်က “ငါသည် ထာ၀ရဘုရား ဖြစ်၏။
ပြောင်းလဲခြင်းမရှိ” (မာလ ၃း၆) ဟု မိန့်တော်မူသည်။
ယင်းကြောင့် ဤထူးခြားသော လက္ခဏာများသည် ဘုရားသခင်မှာ မည်သူဖြစ်ကြောင်း
ကို အတိအကျဖွင့်ဆိုပြီး၊ ၎င်းတို့ကို
မျှဝေ၍မရနိုင်ချေ။
ဘုရားသခင်၏မျှဝေနိုင်သည့် ထူးခြားလက္ခဏာများသည် လူသားတို့အပေါ်
မေတ္တာဖြင့် အမှုထားခြင်းမှစီးဆင်းလာသည်။ ၎င်းတို့တွင်ချစ်ခြင်းမေတ္တာ (ရော ၅း၈)၊
ကျေးဇူးတော် (ရော ၃း၂၄)၊ သနားစုံမက်ခြင်း (ဆာ ၁၄၅း၉)၊ သည်းခံခြင်း (၂ပေ ၃း၁၅)၊
သန့်ရှင်းခြင်း (ဆာ ၉၉း၉)၊ ဖြောင့်မတ်ခြင်း (ဧဇ ၉း၁၅။ ယော ၁၇း၂၅)၊ တရားမျှတခြင်း
(ဗျာ ၂၂း၁၂) နှင့် အမှန်တရား (၁ယော ၅း၂၀) တို့ပါဝင် သည်။
ဘုရားသခင်၏အချုပ်အခြာအာဏာ
သမ္မာကျမ်းစာသည် ဘုရားသခင်၏အချုပ်အခြာအာဏာကို ရှင်းလင်းစွာသင်ပေး
သည်။ ကိုယ်တော်သည် “အလိုတော်ရှိသည်အတိုင်းစီရင်ပြုပြင်တော်မူ၏။
လက်တော် ကို အဘယ်သူမျှ မဆီးတားနိုင်” (ဒံ ၄း၃၅)။ “ကိုယ်တော်သည်ခပ်သိမ်းသောအရာတို့ကို
ဖန်ဆင်းတော်မူပြီ။ ထိုအရာတို့သည်အလိုတော်ကြောင့်ဖြစ်၍၊ ဖန်ဆင်းလျက်ရှိကြပါ၏” (ဗျာ ၄း၁၁)။ “ထာ၀ရဘုရားသည် ကောင်းကင်၊ မြေကြီး၊
သမုဒ္ဒရာ၊ နက်နဲရာ အရပ်ရပ် တို့၌ အလိုတော်ရှိ
သမျှတို့ကိုပြုတော်မူ၏” (ဆာ ၁၃၅း၆)။ ထိုကြောင့် ရှောလမုန်မင်း
ကြီးသည် “ရှင်ဘုရင်၏ စိတ်နှလုံးသည် ရေချောင်း
ကဲ့သို့ ဖြစ်၍၊ ထာ၀ရဘုရား၏ လက်တော်၌ရှိသဖြင့်၊ အလိုတော်ရှိ
သည်အတိုင်းလှည့်စေတော်မူ၏”
(သု
၂၁း၁) ဟူ၍ ပြောနိုင်ခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိသောပေါလုသည် “ဘုရားသခင်အလိုတော်ရှိလျှင်၊
နောက်တစ်ဖန်သင်တို့ရှိရာသို့ငါပြန်ဦးမည်” (တ ၁၈း၂၁။ ရော ၁၅း၃၂ ကိုဖတ်ပါ) ဟု ရေးသားခဲ့ပြီး၊ ယာကုပ်သည်လည်း “ထာ၀ရဘုရားအလို တော်ရှိလျှင်...
ဟုသင်တို့ဆိုသင့်ရာဖြစ်၏”
(ယာ
၄း၁၅) ဟူ၍ သတိပေးခဲ့သည်။
ကြိုတင်ပြဋ္ဌာန်းခြင်းနှင့်လူသားလွတ်လပ်မှု။ သမ္မာကျမ်းစာသည် ကမ္ဘာကြီး အပေါ် ဘုရားသခင်၏
အပြည့်အဝထိန်းချုပ်မှုကိုဖော်ပြပေးသည်။ ကိုယ်တော်သည် လူတို့ကို “သားတော် ၏
ပုံသဏ္ဌာန်နှင့်တညီတည်းဖြစ်စေခြင်းငှာ” လည်းကောင်း၊ သားအရာ၌လက်ခံ၍၊ အမွေခံခြင်းငှာ လည်းကောင်း
ခွဲခန့်မှတ်သားသည် (ရော ၈း၂၉၊ ၃၀။ ဧ ၁း၄၊၅၊၁၁၊၁၂)။ ထိုသို့သော
အချုပ်အခြာ အာဏာရှိခြင်းသည် လူသားတို့၏ လွတ်လပ်မှုနှင့်မည်သို့ဆက်စပ်သနည်း။
ခွဲခန့်မှတ်သားသည်ဟူသောကြိယာသည် “ကြိုတင်ပြဋ္ဌာန်းသည်” ဟူ၍အဓိပ္ပါယ် ရ၏။ သူတို့၏ ကိုယ်ပိုင်ရွေးချယ်မှုကို
မဓာနမထားဘဲ၊ ဘုရားသခင်သည်လူတချို့ကို ကယ်တင်ခြင်း အတွက်နှင့်
အခြားသူတို့ကိုပြစ်ဒဏ်ချမှတ်ခြင်းအတွက် အကြွင်းမဲ့ အာဏာရှင် ဆန်ဆန်ရွေးကောက်သည်ဟု
ဤကျမ်းပိုဒ်များကသွန်သင်ကြောင်း လူအချို့ တို့ကယူဆကြသည်။ သို့သော် ဤကျမ်းပိုဒ်များနှင့်
ဆက်စပ်သည့်အကြောင်းအရာကို လေ့လာရာတွင်၊ ပေါလု သည် ဘုရားသခင်၏မည်သူကိုမဆို
စိတ်ထင်တိုင်းပထုတ်ခြင်း အကြောင်းပြောနေခြင်း မဟုတ်ပါ။
ဤကျမ်းချက်များ၏ဆိုလိုရင်းမှာ အားလုံးပါဝင်ရေးဖြစ်သည်။ “လူအပေါင်းတို့ သည် ကယ်တင် ခြင်းသို့ရောက်၍၊
သမ္မာတရားကိုသိစေခြင်းငှာ၊ ဘုရားသခင်အလိုတော် ရှိ” (၁တိ ၂း၄) ကြောင်းကို
သမ္မာကျမ်းစာကရှင်းလင်းစွာဖေါ်ပြသည်။ ကိုယ်တော်သည် “အဘယ်သူမျှ မပျက်စီးဘဲ၊ ရှိသမျှ တို့သည်
နောင်တရစေခြင်းငှာအလိုတော်ရှိ” (၂ပေ
၃း၉) သည်။ အချို့သော သူတို့သည် ပျောက်ဆုံးမည်အကြောင်း ဘုရားသခင် အမိန့်ချ
တော်မူသည့် သက်သေမရှိချေ။
ထိုသို့သောအမိန့်ဒီဂရီသည် လူတိုင်းအတွက် ယေရှု အသေခံတော်မူသည့် ကရာနိတောင်ကုန်းကို
ငြင်းပယ်ရာရောက်လိမ့်မည်။ “ဘုရားသခင် ၏သားတော်ကို ယုံကြည် သော
သူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်၊ ထာ၀ရ အသက်ကိုရစေခြင်းငှာ၊ ဘုရား
သခင်သည်မိမိ၌တစ်ပါးတည်းသော သားတော်ကိုစွန့် တော်မူသည့် တိုင်အောင်လောကီသားတို့ကိုချစ်တော်မူ၏” (ယော ၃း၁၆) ဟူသောကျမ်း
ချက်မှ “သူအပေါင်း” သည် မည်သူမဆိုကယ်တင်ခြင်းရနိုင်
ကြောင်းကိုဆိုလို သည်။
“ဘုရားသခင်သည်နားထောင်ခြင်းနှင့်
နားမထောင်ခြင်းတို့၏အကျိုးဆက်များကို ထပ် တလဲလဲတင်ပြ၍၊
အပြစ်သားကိုနားထောင်ခြင်းနှင့် အသက်ကိုရွေးချယ်ရန် တိုက် တွန်းတော် မူသည်ဟူ သော
အချက်မှလည်းကောင်း (တရား ၃ဝး၁၉။ ယောရှု ၂၄း၁၅။ ဟေရှာ ၁း၁၆၊၂၀။ ဗျာ ၂၂း၁၇)၊
ကျေးဇူးတော်ကိုတစ်ကြိမ် ရရှိပြီးသောယုံကြည်သူသည် ရှုံး၍ ပျောက်ဆုံးသွား
နိုင်သည်ဟူသော အချက်မှလည်းကောင်း (၁ကော ၉း၂၇။ ဂလ ၅း၄။ ဟေဗြဲ ၆း၄-၆။ ၁ဝး၂၉)၊ မိမိ၏
ကိုယ်ပိုင်ကြမ္မာ ကိုဆုံးဖြတ်ပေးသောအကြောင်း ခံမှာလူသား၏ လွတ်လပ်သော ဆန္ဒပင်
ဖြစ်သည်။
“ဘုရားသခင်သည် လူတစ်ဦးချင်းစီ၏
ရွေးချယ်မှုပြုမည့်အရာကို ကြိုတင် သိမြင် နိုင်သည်။ သို့သော်
ကိုယ်တော်၏ကြိုတင်သိရှိခြင်းသည် ၎င်းရွေးချယ်မှုမှာ မည်သည့် အရာဖြစ် မည်ကို
အဆုံးအဖြတ်မပေးချေ။ ... သမ္မာကျမ်းစာ၏ကြိုတင်ပြဋ္ဌာန်းခြင်းတွင်၊ ခရစ်တော်ကို
ယုံကြည်ရန် ရွေးချယ်သော သူအပေါင်းတို့သည် ကယ်တင်ခြင်းရမည် ဟူ သော ဘုရားသခင်၏ နှစ်လိုဖွယ်
ရည်ရွယ်ချက် ပါဝင်သည် (ယော ၁း၁၂။ ဧ ၁း၄-၁၀)။”
ထိုသို့ဆိုသော်သမ္မာကျမ်းစာက ဘုရားသခင်သည်ယာကုပ်ကိုချစ်၍၊ ဧသောကို
မုန်း သည် (ရော ၉း၁၃) နှင့်ကိုယ်တော်သည်ဖာရောဘုရင်၏စိတ်နှလုံးကိုခိုင်မာစေသည် (ရော
၉း၁၇၊၁၈) ဟူ၍ဖော်ပြရာတွင် မည်သည့်အဓိပ္ပါယ်ဆောင်သနည်း။ ဤကျမ်းချက်
များမှ ဖြစ်စဉ်များက၊
ကယ်တင်ခြင်းအကြောင်းမဟုတ်ဘဲ၊ သာသနာလုပ်ငန်းအကြောင်း ပေါလု၏ အလေးထားမှုကိုပြသည်။
ရွေးနုတ်ခြင်းကိုမည်သူမဆိုရရှိနိုင်သည်။ သို့ရာတွင် ဘုရားသခင်သည် လူတချို့ကို
အထူးတာဝန်များ အတွက် ရွေးချယ်သည်။ ကယ်တင်ခြင်း ကို ယာကုပ်နှင့်ဧသောတို့သည်
တန်းတူရရှိနိုင်သည်။ သို့သော် ဘုရားသခင်သည် လောက ကြီးထဲသို့ ကယ်တင်ခြင်းသတင်းကို
သယ်ဆောင်မည့် မျိုးဆက်ကို ဧသော၌မဟုတ်ဘဲ၊ ယာကုပ်ကို ရွေးချယ်ခဲ့သည်။ ဘုရားသခင်သည်
မိမိသာသနာဗျူဟာအတွက် အချုပ် အခြာအာဏာကို အသုံးပြုခြင်းဖြစ်သည်။
ဘုရားသခင်သည် ဖာရောဘုရင်၏စိတ်နှလုံးကိုခိုင်မာစေသည်ဟု သမ္မာကျမ်းစာ
က ဖော်ပြရာမှာ
ဘုရားသခင်သည်ကြိုတင်ပြဋ္ဌာန်းသည်ဟု ဆိုလိုခြင်းမဟုတ်ဘဲ၊ မိမိ အလိုတော် အတိုင်း လုပ်ဆောင်နေခြင်းကို
အသိအမှတ်ပြုခြင်းမျှသာဖြစ်သည်။ ဘုရား သခင်၏ခေါ် ခြင်း ကို ဖာရောဘုရင်၏
အပျက်သဘောဆောင်သောတုံ့ပြန်မှုသည် ဖာရောဘုရင်၏ လွတ်လပ်စွာ ရွေးချယ်မှုအတွက်
ဘုရားသခင်၏ လေးစားမှုကိုအမှန်ပင် ဖော်ပြသည်။
ကြိုတင်သိရှိခြင်းနှင့်လူသားလွတ်လပ်မှု။ လူတို့သည်ရွေးချယ်မှုများကို
မပြုမီ အချိန်ထိ
သူတို့၏ ရွေးချယ်မှုများကိုသိရှိခြင်းမရှိဘဲ၊ ဘုရားသခင်သည်လူသားတို့နှင့်
ပတ်သက်သည် ဟု လူတချို့ ယုံကြည်ကြသည်။ ဆိုလိုသည်မှာ ဘုရားသခင်သည်ဒုတိယ
အကြိမ်ကြွလာခြင်း၊ နှစ်ပေါင်း တစ်ထောင်အကြောင်း၊ ကမ္ဘာမြေကိုအသစ်ဖန်ဆင်းခြင်း
စသည့် အနာဂတ်ဖြစ်ရပ်များကို
သိသော်လည်း၊ မည်သူသည်ကယ်တင်ခြင်းခံရမည်ကို မသိဟူ၍ယုံကြည်ကြသည်။ အကယ်၍ ကိုယ်တော်
သည် ထာ၀ရကာလ၏အစမှ အဆုံးသို့တိုင် ဖြစ်ပေါ်မည့် အရာ အားလုံး ကို သိနေခဲ့သော်၊
ဘုရားသခင် ၏ လူသား မျိုးနွယ်နှင့် အားကြီးသောဆက်ဆံရေးသည်
ထိခိုက်လိမ့်မည်ဟုသူတို့ခံစားကြသည်။ တချို့ကကိုယ်တော်သည် အစမှအဆုံးတိုင်အောင် သိနေ
ခဲ့လျှင် ငြီးငွေ့နေပေလိမ့်မည် ဟု လည်းဆို ကြပြန်သည်။
သို့သော် လူတစ်ဦးချင်းသည်မည်သည့်အရာပြုလုပ်မည်ကို ဘုရားသခင်သိရှိ
ခြင်း သည်
သူတို့ အမှန်တကယ်မည်သည့်အရာကို ရွေးချယ်ပြုလုပ်သည်ကိုဝင်စွက်ခြင်း မရှိ
ချေ။ သမိုင်း ဆရာတစ်ဦး ၏
လွန်ခဲ့သောအချိန်က လူတို့ပြုလုပ်ခဲ့သည့်အရာကိုသိခြင်း သည်သူတို့၏ အပြုအမူကို ဝင်စွက်
သည့်ပုံစံမျိုးမဟုတ်ချေ။ ကင်မရာသည်ရှုခင်းပုံကို မှတ်တမ်းတင်သော်လည်း
၎င်းကိုမပြောင်းလဲသကဲ့သို့၊ ကြိုတင်သိရှိခြင်းသည်ပြောင်း လဲခြင်းမပြုလုပ်ဘဲ၊ အနာဂတ်ကို
ကြည့်ခြင်းဖြစ်သည်။ သုံးပါး တစ်ဆူ၏ကြိုတင်သိရှိ ခြင်းသည် လူသားတို့၏ လွတ်လပ်မှု
ကိုဘယ်သောအခါမျှ ချိုးဖောက်ခြင်း မရှိချေ။
သုံးပါးတစ်ဆူအကြားလှုပ်ရှားမှု
ဘုရားသခင်တစ်ပါးတည်းသာရှိသလော။ ခရစ်တော်နှင့်သန့်ရှင်းသောဝိညာဉ်
တော် သည် အဘယ်နည်း။
ဘုရားတစ်ပါးတည်းဖြစ်ခြင်း။
ပတ်ဝန်းကျင်ရှိတိုင်းတစ်ပါးများနှင့်ဆန့်ကျင်၍၊ ဣသရေလတို့သည်
ဘုရားတစ်ပါးတည်းရှိသည်ကို ယုံကြည်ခဲ့ကြသည် (တရား ၄း၃၅။ ၆း၄။ ဟေရှာ ၄၅း၅။ ဇာ ၁၄း၉)။
ဓမ္မသစ်ကျမ်းသည်လည်း ဘုရားတစ်ပါး တည်းရှိခြင်း ကို အလားတူ အထူးပြုသည် (မာကု ၁၂း၂၉-၃၂။
ယော ၁၇း၃။ ၁ကော ၈း၄-၆။ ဧ ၄း၄-၆။ ၁တိ ၂း၅)။ တစ်ဆူ တည်းသော ဘုရားကို
ကိုးကွယ်ခြင်းကို အသားပေးမှုသည် ခရစ်ယာန်တို့၏ခမည်းတော်၊ သားတော်နှင့်
သန့်ရှင်းသောဝိညာဉ်တော် တည်းဟူသော သုံးပါးတစ်ဆူဘုရား အကြောင်း ခံယူချက်နှင့်
ဆန့်ကျင်မနေချေ။ အမှန် မှာ အမျိုးမျိုး သော ဘုရားများမရှိကြောင်းကို သာ၍ ပင်
ခိုင်မာစေသည်။
ဘုရားသုံးပါးဖြစ်ခြင်း။ ဓမ္မဟောင်းကျမ်းသည်
ဘုရားသုံးပါးဖြစ်ကြောင်းကို တိကျ ပြတ်သားစွာ မသွန်သင်ထားသော်လည်း၊
ဘုရားသုံးပါးရှိကြောင်းကို သွယ်ဝိုက်၍ ရည်ညွှန်းဖော်ပြ သည်။ တစ်ခါတစ်ရံ၊
ဘုရားသခင်သည် “ငါတို့ပုံသဏ္ဌာန်နှင့်တညီ
တသဏ္ဌာန်တည်း လူကို ဖန်ဆင်းကြစို့” (က ၁း၂၆) ဟူ၍လည်းကောင်း၊ “လူသည် ငါတို့ တွင်တစ်ပါးပါးကဲ့သို့ဖြစ်၍” (က ၃း၂၂) ဟူ၍ လည်းကောင်း၊ “လာကြ၊ ဆင်းသက်ကြ ကုန်အံ့” (က ၁၁း၇) ဟူ၍ လည်းကောင်း၊ အများဆိုင်နာမ်စားကို
အသုံးပြုသည်။ တစ်ခါ တစ်ရံ၊ ထာ၀ရဘုရား၏ ကောင်းကင်တမန်ကို
ဘုရားသခင်နှင့်တန်းတူ သဘောထား သည်။ မောရှေထံထင်ရှားစဉ်က၊ ထာ၀ရ ဘုရား၏
ကောင်းကင်တမန်က “ငါသည် သင့်အဘ၏ ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇက်၏
ဘုရား၊ ယာကုပ်၏ဘုရား ဖြစ်သည်ဟူ၍မိန့်တော်မူ၏” (ထွက် ၃း၆)။
အမျိုးမျိုးသောကျမ်းကိုးများသည် ဘုရားသခင်၏
ဝိညာဉ်တော်နှင့်ဘုရားသခင်၏ ခြားနားချက် ကိုပြသည်။ ဖန်ဆင်းခြင်းဖြစ်စဉ်တွင် “ဘုရားသခင်၏ဝိညာဉ်တော်သည်
ရေမျက်နှာပြင်ပေါ်မှာ လှုပ်ရှားတော်မူ၏” (က ၁း၂)။ အချို့သောကျမ်းချက်များသည်
ဝိညာဉ်တော်ကိုသာမက၊ ဘုရားသခင်၏ ရွေးနုတ်ခြင်းလုပ်ငန်းတွင် တတိယပုဂ္ဂိုလ်ကို
အောက်ပါအတိုင်း ထည့်သွင်းသည်။ “ယခုတွင်အရှင်ထာ၀ရဘုရား «ခမည်းတော်» နှင့်
ဝိညာဉ်တော် «သန့်ရှင်းသောဝိညာဉ်တော်» သည် ငါ့ «ဘုရားသခင်၏သားတော်» ကို စေလွှတ်တော်မူ၏” (ဟေရှာ ၄၈း၁၆)။ “ထိုသူ «မေရှိယ» ၏ အပေါ် ၌ ငါ့ဝိညာဉ်ကိုငါ «ခမည်းတော်» တည်စေမည်။ သူသည်လူအမျိုးမျိုးတို့ကို
တရားပေးလိမ့်မည်” (ဟေရှာ ၄၂း၁)။
သုံးပါးတစ်ဆူအကြားဆက်ဆံရေး။ ခရစ်တော်၏ပထမအကြိမ်ကြွလာခြင်းသည်
သုံးပါးတစ်ဆူဘုရားကိုများစွာသာ၍ရှင်းလင်းစွာမြင်စေသည်။ ယောဟန်၏ ခရစ်ဝင်
ကျမ်းသည် တစ်မူထူး၍
နက်နဲသောဆက်ဆံရေးရှိသည့် ထာ၀ရကာလတစ်လျှောက် စည်းစည်းလုံးလုံး အတူတူရှိတော်မူသော
ပုဂ္ဂိုလ်သုံးပါးဖြစ်သော ခမည်းတော်ဘုရား၊ သားတော်ဘုရားနှင့် သန့်ရှင်းသော
ဝိညာဉ်တော်ဘုရားတို့ သည် သုံးပါးတစ်ဆူ၌ပါဝင် ကြောင်းဖော်ပြသည်။
(၁) ချစ်ခင်သောဆက်ဆံရေး။ ခရစ်တော်သည် “အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊
အဘယ်ကြောင့် အကျွန်ုပ်ကိုစွန့်ပစ်တော်မူသနည်း” (မာ ၁၅း၃၄) ဟု ကြွေးကြော်စဉ်က၊ သူသည်
အပြစ်တရားက ဖြစ်စေသော အဖခမည်းတော်ထံမှခွဲခွာခြင်းကို ခံစားနေခဲ့ရ
သည်။ အပြစ်တရားသည်
လူသားနှင့်ဘုရားသခင်တို့၏ မူလဆက်ဆံရေးကို ပြတ်သွား စေခဲ့သည် (က ၃း၆-၁၀။ ဟေရှာ ၅၉း၂)။
မိမိ၏နောက်ဆုံးအချိန်တွင်၊ အပြစ်မရှိသော ယေရှုသည် ကျွန်ုပ်တို့အတွက်
အပြစ်ဖြစ်လာခဲ့သည်။ ကျွန်ုပ်တို့၏ ကိုယ်စား၊ ကျွန်ုပ်တို့ ၏ အပြစ်ကိုယူဆောင်ရာတွင်၊ ကိုယ်တော်သည်
ကျွန်ုပ်တို့၏ ကြမ္မာဖြစ်သော ဘုရား သခင် ထံမှခွဲခွာခြင်းကို
တွေ့ကြုံခဲ့ရကာ၊ အကျိုးဆက်အဖြစ်အသေခံခဲ့၏။
ယေရှု၏သေခြင်းသည် သုံးပါးတစ်ဆူဘုရားအတွက်မည်သည့်အဓိပ္ပါယ်သက်
ရောက်သည်ကို အပြစ်သားများသည်
ဘယ်ခါမျှနားလည်သဘာပေါက်လိမ့်မည် မဟုတ် ချေ။ ထာ၀ရ ကာလမှစ၍၊
ကိုယ်တော်သည်မိမိခမည်းတော်နှင့် ဝိညာဉ်တော်တို့နှင့်အတူ ရှိနေခဲ့သည်။ သူတို့သည် ထာ၀ရအတူရှိ
နေခဲ့ကြပြီး၊ အဆုံးစွန်မိမိကိုယ်ကိုပေးဆပ်ခြင်း နှင့် အချင်းချင်း ချစ်ခြင်း၌
အတူတူတည်ရှိခဲ့ကြသည်။ သုံးပါးတစ်ဆူဘုရားအကြား ရှိသည့် ပြည့်စုံပြီးအကြွင်းမဲ့
မေတ္တာဖြင့် ကာလကြာမြင့်စွာ အတူတကွရှိနေကြသည်။ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ
ဖြစ်တော်မူ၏” (၁ယော ၄း၈) ၏ အဓိပ္ပါယ်မှာ
အချင်းချင်းအတွက် အသက်ရှင်လျက်၊ စုံလင် သောပြည့်စုံခြင်းနှင့်ပျော်ရွှင်ခြင်းကို
သူတို့ တွေ့ကြုံခံစားကြသည်။
မေတ္တာကို (၁ကော ၁၃) တွင် အနက်ဖွင့်ဆိုထားသည်။
ပြည့်စုံပြီးချစ်ခင်သော ဆက်ဆံ ရေးရှိသည့် သုံးပါးတစ်ဆူဘုရားအကြားတွင်
သည်းခံစိတ်ရှည်ခြင်းကို မည်သို့ ကျင့်သုံးကြ မည့်အရာ၌
လူတချို့စူးစမ်းချင်နိုင်သည်။ စိတ်ရှည်ခြင်းသည် ပုန်ကန်သော ကောင်းကင် တမန်များကို
ကိုင်တွယ်ရာတွင် အလျင်ဦးဆုံးလိုအပ်ခဲ့ပြီး၊ နောက်ပိုင်းတွင် ထိန်းကျောင်း ရခက် သော
လူသားများကို ကိုင် တွယ်ရာ တွင်လိုအပ်သည်။
သုံးပါးတစ်ဆူ ဘုရားပုဂ္ဂိုလ်များ အကြားတွင် ကွာဟချက် မရှိချေ။
သုံးပါးစလုံး သည် ဘုရားရှင် ဖြစ်တော်မူကြပြီး၊
မိမိတို့ဘုရားတန်ခိုးများနှင့် အရည်အချင်းများကိုမျှ ဝေကြသည်။ လူသားတို့၏
အဖွဲ့အစည်းများတွင်အပြီးသတ်အာဏာသည် သမ္မတ၊ ရှင်ဘုရင် သို့မဟုတ် ဝန်ကြီးချုပ် ဟူသော
တစ်ဦးဦးအပေါ်တွင်ရှိနေသည်။ သုံးပါးတစ်ဆူ ဘုရား၌မူ အပြီးသတ် အာဏာ သည်
သုံးပါးလုံး ပေါ် တွင်ရှိနေသည်။
သုံးပါးတစ်ဆူဘုရားသည် တစ်ပါးတည်းရှိမနေသော်လည်း၊ ဘုရားသခင်သည်
ရည်ရွယ်ချက်၊ စိတ်နှလုံးတော်နှင့်ဂုဏ်တော်တို့၌ တစ်လုံးတစ်၀တည်းရှိသည်။ ဤ
တစ် လုံးတစ်၀ တည်းရှိနေခြင်းသည် ခမည်းတော်၊
သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်တို့ ၏ ကွဲပြားသော ပင်ကိုစရိုက်များကို
ချေဖျက်ခြင်းမရှိချေ။ ဘုရားအကြားပင်ကိုစရိုက် ကွဲပြားခြင်းသည် ခမည်းတော်၊ သားတော်၊
သန့်ရှင်းသောဝိညာဉ်တော်တို့သည် ဘုရား တစ်ပါးတည်း ဖြစ်သည် ဟူသော သမ္မာကျမ်းစာ၏
တစ်ဆူတည်းသောဘုရားကို ဆိုလိုခြင်း အပေါ်မပျက်စေချေ။
(၂) အလုပ်နှင့်ဆိုင်သောဆက်ဆံရေး။ သုံးပါးတစ်ဆူဘုရားအကြားတွင်လုပ်ငန်း
ဆက်ဆံရေး ရှိနေသည်။ ဘုရားသခင်သည်မလိုအပ်ဘဲ အလုပ်ကိုထပ်၍
လုပ်ဆောင်ခြင်း မရှိ ချေ။ စနစ်တကျရှိ ခြင်းသည် ကောင်းကင်နိုင်ငံ၏ပထမဥပဒေဖြစ်၍၊
ဘုရားသခင် သည် စနစ်ကျသော နည်းလမ်းများ ဖြင့်
လုပ်ဆောင်တော်မူသည်။ ဤစည်းစနစ် ကျခြင်း သည်
ဘုရားရှင်ထံတော်မှထုတ်ပြန်ခြင်းဖြစ်၍၊ သုံးပါးတစ်ဆူဘုရားအကြား ပေါင်းစည်း
မှုကို ထိန်းသိမ်းထားသည်။ ခမည်းတော်သည်
စတင်လုပ်ဆောင် သူကဲ့သို့လည်းကောင်း၊ သားတော် သည် ကြားဖျန်ဖြေသူကဲ့သို့လည်းကောင်း၊
ဝိညာဉ်တော်သည် တည့်မတ်ပေး သူသို့မဟုတ်
ကျင့်သုံးသူကဲ့သို့လည်းကောင်း လုပ်ဆောင်ကြဟန်ရှိသည်။ လူသားအဖြစ်
ခံယူခြင်းသည် သုံးပါးတစ်ဆူ ဘုရားအကြား
အလုပ်နှင့်ဆိုင်သော ဆက်ဆံရေးကို ကောင်းစွာ ပုံဖော်ထားသည်။
ခမည်းတော်သည်သားတော်ကိုပေးတော်မူ၍၊ သားတော် သည်လည်း မိမိကိုယ်ကို ပေးအပ်ကာ၊
ဝိညာဉ်တော်သည် ယေရှုကို ဖွားမြင်စေသည် (ယော ၃း၁၆။ မ ၁း၁၈၊ ၂၀)။ ကောင်းကင်တမန်၏
မာရိထံသက်သေ ခံချက်သည် နက်နဲ သောဘုရားရှင်လူသား ဖြစ်လာခြင်း အရာ၌
သုံးပါးစလုံး၏လုပ်ဆောင်မှုများကိုရှင်းလင်း စွာညွှန်ပြပေးသည်။ “သန့်ရှင်းသော ဝိညာဉ်တော်သည် သင်၏ အပေါ်မှာသက်ရောက်
တော်မူ၍၊ အမြင့်ဆုံးသော ဘုရား၏တန်ခိုးအာနုဘော်တော်သည် သင့်ကိုလွှမ်းမိုးလိမ့်
မည်။ ထိုအကြောင်းကြောင့်
ထိုသန့်ရှင်းသောသားသည်လည်း ဘုရားသခင်၏ သားတော် ဟု ခေါ်ဝေါ်သမုတ်ခြင်းကိုခံရလိမ့်မည်” (လု ၁း၃၅)။
ခရစ်တော်၏နှစ်ခြင်းမင်္ဂလာတွင် သုံးပါးတစ်ဆူဘုရားမှ
တစ်ပါးချင်းစီပါဝင် တော်မူခဲ့ကြ သည်။ ခမည်းတော်သည်အားပေး၍ (မ ၃း၁၇)၊ ခရစ်တော်သည်
ကျွန်ုပ်တို့ ၏စံနမူနာအဖြစ် ရေနှစ်ခြင်း ခံယူကာ (မ ၃း၁၃-၁၅)၊
ဝိညာဉ်တော်သည် ကိုယ်တော်အား လုပ်ပိုင်ခွင့်ပေးရန်၊ မိမိကိုယ်ကို
ယေရှုထံ ပေးအပ်ခဲ့သည် (လု ၃း၂၁၊၂၂)။ ဤမြေကြီးပေါ် အသက်ရှင်သည့်
နောက်ဆုံးအပိုင်းတွင် ယေရှုသည် ဝိညာဉ်တော် တည်းဟူသော ဥပဇ္ဈာယ်ဆရာကို စေလွှတ် ရန်
ကတိပေးခဲ့သည်။ လက်ဝါးကပ်တိုင်ပေါ် ရိုက်ထားခြင်း ခံရပြီးအဆုံးပိုင်းတွင်၊ ယေရှုသည်
မိမိခမည်းတော်ထံတွင် “အကျွန်ုပ်ဘုရား၊ အကျွန်ုပ် ဘုရား၊ အဘယ်ကြောင့်
အကျွန်ုပ်ကို စွန့်ပစ် တော်မူသနည်း” (မ ၂၇း၄၆) ဟု ကြွေးကြော် ခဲ့သည်။ ထို ကယ်တင်ခြင်းသမိုင်း၏
အခိုက်အတန့်များတွင် ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်အားလုံး
ပါဝင်ကြသည်။
ယနေ့တွင်ခမည်းတော်နှင့် သားတော်တို့သည် သန့်ရှင်းသော
ဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့ ထံသို့ အရောက်လှမ်းလာကြသည်။ ယေရှုက “ခမည်းတော်ထံမှသင်တို့ဆီသို့ ငါစေလွှတ်
လတ္တံ့သော ဥပဇ္ဈာယ်ဆရာသည် ရောက်လာသောအခါ၊ ငါ၏အကြောင်းကို သက်သေခံလိမ့်မည်” (ယော ၁၅း၂၆) ဟုမိန့်တော်မူခဲ့သည်။
ခမည်းတော်နှင့် သားတော် သည် လူတစ်ဦးချင်းစီကို ခရစ်တော်အား ဖော်ပြရန်
ဝိညာဉ်တော်ကိုစေလွှတ်တော် မူသည်။ သုံးပါးတစ်ဆူဘုရား၏ကြီးမားသောဝန်ထုပ်မှာ
လူတိုင်းအားဘုရားသခင်နှင့် ခရစ်တော်ကို သိကျွမ်းစေရန် (ယော ၁၇း၃) နှင့် ယေရှုသည်
အမှန်တကယ်ရှိနေစေရန် ဖြစ်သည် (မ ၂၈း၂၀)။ ယုံကြည်သူများသည် “နားထောင်ခြင်းကျေးဇူး၊ ယေရှုခရစ်၏
အသွေးတော်ဖြင့် ဖျန်းခြင်း ကျေးဇူးကိုခံရမည်အကြောင်း၊ ဝိညာဉ်တော်အားဖြင့်
သန့်ရှင်းခြင်းသို့ရောက်၍၊ ခမည်းတော်ဘုရားသခင်၏ အနာဂတံသဥာဏ်တော်အတိုင်း” (၁ပေ ၁း၂) ရွေးကောက်ခံရ သူများဖြစ်သည်ဟု
ပေတရုဆိုခဲ့သည်။
တမန်တော်၏ အပိတ် ကောင်းချီးမင်္ဂလာတွင် ဘုရားသုံးပါးစလုံး ပါဝင်သည်။ “သခင်ယေရှုခရစ်၏ ကျေးဇူးတော်လည်းကောင်း၊
ဘုရားသခင်၏ မေတ္တာတော်လည်း ကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏
မိတ်သဟာယတော်လည်းကောင်း၊ သင်တို့ အပေါင်း၌ရှိစေသ တည်း” (၂ကော ၁၃း၁၄)။
ဤစာရင်းတွင်ခရစ်တော်ဦးဆောင်သည်။ ဘုရားသခင်သည် လူသားများကို ဆက်သွယ်ရာတွင်
လူသားအဖြစ်ခံယူသည့်ဘုရား၊ ယေရှုခရစ်တော် အားဖြင့် ဖြစ်သည်။ ဘုရားသုံးပါး စလုံးသည်
ကယ်တင်ရန်အတွက် အတူတကွလုပ်ဆောင် ကြပါ သော်လည်း၊ ယေရှုသည်သာလျှင် လူ ကဲ့သို့
အသက်ရှင်၍၊ လူကဲ့သို့သေကာ၊ ကျွန်ုပ်တို့၏ ကယ်တင်ရှင်ဖြစ်လာခဲ့သည် (ယော ၆း၄၇။ မ
၁း၂၁။ တ ၄း၁၂)။ သို့သော်၊ “ဘုရားသခင်သည် ခရစ်တော်အထဲ၌ ရှိနေလျက်၊
လောကီသားတို့၏... ရန်ကို ငြိမ်းစေ” (၂ကော ၅း၁၉) သောကြောင့်၊ ဘုရားသခင်သည်လည်း ကျွန်ုပ်တို့၏ ကယ်တင်ရှင်
အဖြစ်သတ်မှတ်နိုင်ပေ သည်။ အကြောင်းမှာကိုယ်တော်သည် ကျွန်ုပ်တို့အား
ကယ်တင်ရှင်ခရစ်တော်အားဖြင့် ကယ်တင်ခဲ့သည် (ဧ
၅း၂၃။ ဖိ ၃း၂၀)။
လုပ်ငန်းစဉ်တွင်၊ မတူသောဘုရားတစ်ပါးစီသည် လူသား၏ကယ်တင်ခြင်းတွင်
ကွဲပြားသော လုပ်ငန်းတာဝန်များကို ထမ်းဆောင်ကြသည်။ သန့်ရှင်းသောဝိညာဉ်တော်
၏ အလုပ်သည် လက်ဝါးကပ်တိုင်ပေါ်တွင်
ယေရှုခရစ်တော်ပြုခဲ့သည့်လုံလောက်သော ဆက်ကပ်ခြင်း၌ မည်သည့် အရာမျှ
ထပ်ပေါင်းထည့်ခြင်း မဟုတ်ချေ။ လက်ဝါးကပ်တိုင် ပေါ်က ခရစ်တော်၏ အမှန်တကယ် အပြစ်ဖြေ
လွှတ်ခြင်းကို စိတ်ထဲလက်ခံနိုင်ရန် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် လုပ်ဆောင်သည်။
ထို့ကြောင့် ပေါလုသည် “ဘုန်း အသရေကို မျှော်လင့်ခြင်း
အကြောင်းတည်းဟူသော သင်တို့အထဲ၌ တည်တော်မူသော ခရစ်တော်” (ကော ၁း၂၇) အကြောင်းကို
ပြောနေခြင်းဖြစ်သည်။
ကယ်တင်ခြင်းကိုအာရုံပြုခြင်း
ကောင်းကင်နိုင်ငံတွင် အသက်ရှင်တော်မူသောပုဂ္ဂိုလ်သုံးပါးရှိသည်။
ကြီးမား သောတန်ခိုးရှင်များ ဖြစ်သည့် ခမည်းတော်၊
သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏ နာမ၌ ယုံကြည်ခြင်းဖြင့်
ခရစ်တော်ကိုလက်ခံသောသူတို့သည် ရေနှစ်ခြင်းခံကြပြီး၊ ခရစ်တော်၌ အသစ်သောအသက်တာဖြင့်
နေထိုင် ရန်သူတို့ကြိုးပမ်းကြရာတွင်၊ နားထောင်မှုရှိသော ကောင်းကင်တမန်များနှင့်အတူ
ဤ တန်ခိုးရှင်တို့သည် ပူးပေါင်း လုပ်ဆောင်ကြလိမ့်မည်။
ရှေးဦးအသင်းတော်သည် ယုံကြည်သူများကို ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်
တော်၏နာမ၌ရေနှစ်ခြင်းပေးခဲ့ကြသည် (မ ၂၈း၁၉)။ သို့ရာတွင် ဘုရားသခင်၏ မေတ္တာနှင့်
ရည်ရွယ်ချက်တို့ကို ယေရှုအားဖြင့်ဖော်ပြသည် ဖြစ်ရာ၊ သမ္မာကျမ်းစာသည် သူ့အပေါ်တွင် အာရုံစိုက်လျက်ရှိသည်။ ကိုယ်တော်သည် ဓမ္မဟောင်းကျမ်းက
ယဇ်ပူဇော်ခြင်းများနှင့် ပွဲများက ကြိုတင်နိမိတ်ပြခဲ့သောမျှော်လင့်
ရာဖြစ်တော်မူသည်။ ကိုယ်တော်သည်
ဧဝံဂေလိကျမ်းများ၏ စင်မြင့်အလယ်ဗဟိုကို သိမ်းပိုက်တော်မူသော သူဖြစ်သည်။
ကိုယ်တော်သည် တမန်တော်များက တရားဟော ချက်များနှင့်ဩဝါဒစာများ တွင်
ကြွေးကြော်ကြသည့် မင်္ဂလာရှိသော မျှော်လင့်ရာ ဖြစ်သည်။ ဓမ္မဟောင်းကျမ်းသည်
ကိုယ်တော်ကြွလာခြင်းကို စောင့်စားခဲ့ သည်။ ဓမ္မသစ်ကျမ်းသည် ကိုယ်တော်၏ပထမအကြိမ်
ကြွလာခြင်းကို အစီရင်ခံပြီး၊ ကိုယ်တော်၏ ဒုတိယ အကြိမ်
ကြွလာခြင်းကိုစောင့်မျှော်နေသည်။
ဘုရားသခင်နှင့်ကျွန်ုပ်တို့အကြားက ကြားဖျန်ဖြေသူခရစ်တော်သည်၊
ကျွန်ုပ်တို့ကို သုံးပါးတစ်ဆူ ဘုရားနှင့်ပေါင်းစည်းပေးသည်။ ယေရှုသည် “လမ်းခရီးဖြစ်၏။ သမ္မာ
တရားလည်း ဖြစ်၏။ အသက်လည်းဖြစ်၏” (ယော ၁၄း၆)။ ကောင်းသောသတင်းမှာ ကျင့်စဉ်
အပေါ်မျှ၌ မဟုတ်ဘဲ၊ ပုဂ္ဂိုလ်အပေါ် ၌ ဗဟိုပြုထားသည်။ ၎င်းသည် စည်းကမ်း
မျှသာမဟုတ်ဘဲ၊ ဆက်ဆံရေးနှင့်
သက်ဆိုင်သည်။ အကြောင်းမှာ ခရစ်ယာန်ဘာသာ သည် ခရစ်တော်၌ တည်သည်။ ကိုယ်တော်သည်
အလုံးစုံသော သမ္မာတရားနှင့် အသက် တာ အတွက်အချက်အချာ၊ အကြောင်းအရာ၊
အခြေအနေဖြစ်ကြောင်းကို ကျွန်ုပ်တို့တွေ့ ရသည်။
လက်ဝါးကပ်တိုင်ကိုကြည့်ခြင်းဖြင့်၊ ကျွန်ုပ်တို့သည်
ဘုရားသခင်၏နှလုံးသားကို စူးစိုက် ကြည့်နေကြသည်။ ထိုညှဉ်းဆဲသည့်ကိရိယာများအပေါ်တွင်
ကိုယ်တော်သည် ကျွန်ုပ်တို့ အတွက် မိမိ မေတ္တာတော်ကိုသွန်းလောင်းခဲ့သည်။
ခရစ်တော်အားဖြင့်၊ ဘုရား သခင်၏ မေတ္တာသည် ကျွန်ုပ်တို့၏
နာကျင်၍ဟာနေသောစိတ်နှလုံးကိုဖြည့်ပေးသည်။ ဘုရားသခင်၏ ဆုလက်ဆောင်နှင့်
ကျွန်ုပ်တို့၏ ကိုယ်စား၊ ယေရှုသည်ချိတ်ဆွဲခြင်းခံခဲ့ သည်။ ကရာနိတောင် ကုန်းပေါ်တွင်
ဘုရားသခင်သည် ကျွန်ုပ်တို့နှင့်တွေ့ဆုံခြင်းငှာ မြေကြီး၏ အနိမ့်ဆုံးနေရာသို့
ကြွဆင်းခဲ့သည်။ သို့သော် ဤနေရာမှာ ကျွန်ုပ်တို့အမြင့်ဆုံး သွားနိုင်သည့် နေရာဖြစ်သည်။
ကျွန်ုပ်တို့သည် ကရာနိကုန်းပေါ်သို့ သွားသောအခါ၊ ကျွန်ုပ်တို့သည်
ဘုရားသခင်ထံတော်သို့ မြင့်နိုင်သမျှတက်နေကြခြင်းဖြစ်သည်။
လက်ဝါးကပ်တိုင်တွင်သုံးပါးတစ်ဆူဘုရားသည် ကိုယ်ကျိုးမဖက်သောအစုံ
အလင်ဖွင့်ချခြင်း ကိုပြုခဲ့သည်။ ခရစ်တော်သည်လူသားအဖြစ်ခံယူ၍၊ လူသားမျိုးနွယ်
အတွက်အသေ ခံ ခဲ့သည်။ ကိုယ်တော်သည် ကိုယ်ကျိုးမဖက်ခြင်းကို မိမိကိုယ်ကိုတည်ရှိ
နေခြင်းထက်တန်ဖိုးထားခဲ့သည်။ ထိုနေရာတွင်ခရစ်တော်သည် ကျွန်ုပ်တို့၏ “ဖြောင့်မတ် ခြင်း၊ သန့်ရှင်းခြင်း၊ ရွေးနုတ်ခြင်း” (၁ကော ၁း၃၀) ဖြစ်လာခဲ့သည်။
ကျွန်ုပ်တို့၏ တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်ရှိ ခြင်း အားလုံးတို့သည်
လက်ဝါးကပ်တိုင် ပေါ်မှကိုယ်တော်၏ ဆက်ကပ်ခြင်းမှလာသည်။
တစ်ပါးတည်းသော စစ်မှန်သည့် ဘုရားသခင်သည် လက်ဝါးကပ်တိုင်ပေါ် က
ဘုရားပင် ဖြစ်သည်။ ခရစ်တော်သည်သုံးပါးတစ်ဆူဘုရား၏အနန္တမေတ္တာနှင့် ကယ်တင်
သော တန်ခိုးကို စကြ၀ဠာသို့
ဖွင့်ပြခဲ့သည်။ ပုန်ကန်သောကမ္ဘာဂြိုဟ်အတွက် မပြောင်း လဲသော မေတ္တာကြောင့် ခွဲခွာခြင်း
ဝေဒနာကို ခံရန်လိုလားသည့် သုံးပါးတစ်ဆူဘုရားကို ကိုယ်တော်ဖော်ပြခဲ့ သည်။ ဤ
လက်ဝါးကပ်တိုင် ပေါ်မှဘုရားသခင်သည် ကျွန်ုပ်တို့အား မေတ္တာဖြင့် ဖိတ်ခေါ် သည်ကား၊ ပြန်လည်
သင့်မြတ် ခြင်းရှိကြလော့။ “အဘယ်သူမျှ ကြံ၍မမီနိုင်သော ဘုရားသခင်၏
ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏ စိတ်နှလုံးတို့ကိုစောင့်မ လိမ့်မည်” (ဖိ ၄း၇) ဟူ၍ ဖြစ်သည်။
မူလမာတိကာသို့
Amen
ReplyDelete