ခေတ်သစ် ဖာရိရှဲများ၏ တဆေးကို သတိပြုကြစို့!!!
သခင်ယေရှုကို အဖဘုရားနှင့်တန်တူဖြစ်သည်ကို ရာထူးမှချချင်သူများ၊
သန့်ရှင်းသောဝိညာဉ်တော်ကို စိတ်နာစေသူ၊ ပြစ်မှားသူ ယုဒဘာသာဝင် နှင့် ဖာရိရှဲများအား ယေရှုရှင်ကိုယ်တိုင်သည် အလီလီ သတိပေး၏။
ယောဟန် ၅ ကိုဖတ်တဲ့အခါ ဗေသေသဒအမည်ရှိတဲ့ ရေကန်နားမှာ ၃၈ နှစ်လုံးလုံးတုံးလုံးလဲနေသူကို ဥပုသ်နေ့မှာ ယေရှုခရစ်တော် ကုသပေးတဲ့အကြောင်းဖြစ်တယ်။ ဒါကို အကြောင်းပြုပြီး သူ့ကို ဥပုသ်ချိုးတဲ့သူ၊ အဖဘုရားနှင့်ကိုယ့်ကိုယ်ကို ဘုရားဖြစ်တယ်လို့နှိုင်းတဲ့သူ ဆိုပြီး အပြစ်ရှာခဲ့ကြတယ်။
အငယ် ၁၈ မှာ၊ "ဥပုသ်နေ့ကို ဖျက်သည်သာမက၊ ဘုရားသခင်ကို မိမိအဘဟုခေါ်၍ မိမိကိုဘုရားသခင်နှင့် ပြိုင်နှိုင်းတော်မူသောကြောင့်၊ ယုဒလူတို့သည် ကိုယ်တော်ကို သတ်ခြင်းငှါ သာ၍ရှာကြံကြ၏။" ဘုရားက ဘုရားနှင့်နှိုင်းတာကို ဘယ်လောက်တောင် အာဂတ ထားလဲ ဆိုရင် သတ်တောင် သတ်ပစ်ချင်တာဖြစ်တယ်။ ဒီနေ့ယေရှုသာ လောကမှာအသက်ထင်ရှားရှိနေသေးရင်၊ ကျမ်းစာအုပ်ကိုင်တဲ့လူတွေထဲက တစ်ချို့သောသူတွေ ယေရှုကို "မင်းလား ဘုရားနဲ့တန်းတူ၊ ငါတို့မယုံဘူး" ဆိုပြီး သွေးနား ထင်ရောက်၊ သတ်ပစ်ချင်လောက်အောင် မုန်းကြလိမ့်မယ်ထင်ရဲ့။ သခင်ယေရှုခရစ်တော်က သူဟာ လူဇာတိခံယူနေချိန်ဖြစ်သော်လည်း၊ သူသည်လည်းဘုရားဖြစ်ကြောင်း၊ အဖဘုရားလုပ်တတ်သမျှ အားလုံးထပ်တူလုပ်နိုင်ကြောင်းဒီလိုရှင်းပြထားတယ်။
၁။ ခမည်းတော်က နေ့တိုင်းအလုပ်(ကယ်တင်ခြင်း)လုပ်တယ်၊ ငါလည်း လုပ်တယ် (ငယ် ၁၇)။
၂။ ခမည်းတော်ပြုသမျှအတိုင်း သားတော်လည်းပြုနိုင်တယ် (ငယ် ၁၉)။
၃။ ခမည်းတော်က ရှင်ပြန်ထမြောက်စေနိုင်သည့်အတိုင်း သားတော် လည်း ရှင်ပြန်ထမြောက်စေနိုင်တယ် (ငယ် ၂၁)။
၄။ ခမည်းတော်မှာ တရားစီရင်ပိုင်ခွင့်ရှိသည့်အတိုင်း သာတော်၌ စီရင်ခွင့်ရှိတယ် (ငယ် ၂၂၊၂၃)။
၅။ ခမည်းတော်ကို ရိုသေသည့်အတိုင်း သားတော်ကိုရိုသေရမယ် (ငယ် ၂၃)။
၆။ ခမည်းတော်တွင် ကိုယ်ပိုင် အသက်ရှိတော်မူသည်အတိုင်း သားတော်မှာလည်း ကိုယ်ပိုင်အသက်ရှိတယ် (ငယ် ၂၆)။
ဒီလိုပြောလိုက်တော့ ဖာရိရှဲတွေ တီကောင်ဆားထိ ဖြစ်သွားပြီး လူးနေကြတာပေါ့။ သူတို့ကတော့ ဘယ်သောအခါမှ၊ ဘယ်သူကမှ ခမည်းတော်နှင့်တန်းတူဆိုတာမရှိဘူးလို့ လှေနံဓါးထစ် ယုံကြည်ထားကြတာ။ ယေရှုကိုယ်တိုင် ဒီလောက်ရှင်းပြတာကို မယုံကြည်ခဲ့တဲ့ ဖာရှိရှဲတွေ ရှိခဲ့သလို၊ ဒီနေ့ ခေတ်သစ်ဖာရိရှဲတွေလည်း မယုံကြည်ကြပါဘူး။
အပေါ်က တန်းတူဖြစ်တဲ့ကိစ္စတွေထဲမှာ အလွန်အရေးကြီးတဲ့အချက်တစ်ခုက အငယ် ၂၁ နှင့် ၂၆ (နံပါတ် ၃၊ ၆) ပါတဲ့ အသက်ကိစ္စပါပဲ။ သူတပါးကိုလည်း အသက်ပေးနိုင်တယ်၊ ကိုယ်တိုင်လည်း အသက်ရှိတယ်။ ဒါက ဘုရားရဲ့ဂုဏ်အင်္ဂါလက္ခဏာထဲက အလွန်အရေးကြီးတဲ့အချက်ပါပဲ။ ကျန်တဲ့ သက်ရှိအားလုံးက ဖန်ဆင်းခံတွေ။ လူစီဖာလဲ ဖန်ဆင်းခံ။ ဂါဗြေလလည်း ဖန်ဆင်းခံ။ ကောင်းကင်တမန်အားလုံးက ဖန်ဆင်းခံ။ အခြားဂြိုလ်က ဘုရားသားတွေအားလုံးလဲ ဖန်ဆင်းခံ (ယောဘ ၁)။ သူတို့မှာ ကိုယ်ပိုင်အသက်မရှိကြဘူး။ ယေရှုမှာတော့ ကိုယ်ပိုင်အသက်ရှိတယ်။ သူဟာ တစ်ချိန်က မရှိခဲ့သူ နောင်မှရှိလာသူမဟုတ်ဘူး။ အစအဦးမှာ သူရှိတယ် (ယော ၁း၁)။ သူဟာ ခမည်းတော်ကြောင့် ဘုရားဖြစ်လာတာမဟုတ်ဘူး။ သူ့မှာ ကိုယ်ပိုင်အသက်ရှိတာ။ သူ့ကိုယ်သူ ရှင်ပြန်ထမြောက်စေနိုင်တယ် (ယော ၂း၁၉-၂၁၊ ယော ၁၀:၁၇-၁၈)။
နောက်ထပ် ယောဟန် ၁၀ မှာ ဘာဆက်ရေးသလဲဆိုတော့။
၇။ "ငါ(ယေရှုခရစ်)သည် ငါ့ခမည်းတော်နှင့်တလုံးတဝတည်းဖြစ်သည်" (ယော ၁၀:၃၀)။
ဒီနေရာမှာ သခင်ယေရှုပြလိုက်တာ သုံးပါးတစ်ဆူမဟုတ်သေးဘူး။ နှစ်ပါးတစ်ဆူဖြစ်နေတာကို ပြောပြလိုက်တာ။ (ဝေါဟာရ ကတော့ သီဩလော်ဂျီအရသုံးရတာ။ သူသုံးသွားတာက တလုံးတဝတည်း။) ဒါတောင်မှ နားခါးလွန်းလို့ ခဲနဲ့ပစ်သတ်ဖို့ လုပ်ကြပြန်တယ် ("ကိုယ်တော်ကို ခဲနှင့်ပစ်ခြင်းငှါ တဖန်ကျောက်ခဲတို့ကို ကောက်ယူကြ၏။" v 31) ။ ဒီလူတွေမလွယ်ပါလား။ ဘုရားကိုယ်တိုင်ပြောတာတောင် မယုံချင်ဘူးလေ။ သုံးပါး တစ်လုံးတစ်ဝ လို့သာပြောရင် ချက်ချင်းသတ်ပစ်ကြမယ်ထင်ရဲ့။ ဘုရားက အလင်းကိုပေးတဲ့အခါ တဖြည်းဖြည်းပေးလေ့ရှိတယ်။ မခံနိုင်ကြမှာစိုးလို့။ ယော ၁၆း၁၂၊၁၃၊ သုတ္တံ ၄း၁၈၊ မ ၁၃း၁၁၊ 5T, p.706).
သခင်ယေရှုက ခမည်းတော်ဘုရားကို အဘ(ခမည်းတော်)လို့ခေါ်တဲ့ကိစ္စကို အရင်ပြောပြဖို့လိုမယ်ထင်တယ်။ ယုဒတွေက ဘုရားလူမှန်ရင် ဘုရားသား/သားတို့ (son of God/ sons of God) လို့ခေါ်တာအထူးအဆန်းမဟုတ်ဘူး။ (တကယ် ထူးဆန်းတာက ယေရှုသူ့ကိုယ်သူ "လူသား" လို့ခေါ်တဲ့ကိစ္စပါ)။ ဘုရားသားတော် ကိစ္စပြန်ကြည့်ရအောင်။ ကျမ်းစာက ဥပမာတစ်ချို့ကြည့်မယ်။ အာဒံကို ကျမ်းစာက "ဘုရားသခင်၏သား" ["Adam, the son of God" "အာဒံကား ဘုရားသခင်၏သားဖြစ်သတည်း" ခေတ်သုံးမြန်မာကျမ်း (Click) (လု ၃း၃၈)]၊ "ဣသရေလသည် ငါ့(ဘုရား)သားဖြစ်၏" ထွက်မြောက် ၄း၂၂)၊ ဒါဝိဒ်ကိုအကြောင်းပြုပြီး "ငါသည် သူ၏အဘဖြစ်မည်။ သူ(ဒါဝိဒ်)သည်လည်း ငါ(ဘုရားသခင်)၏သားဖြစ်လိမ့်မည်" ၂ရာ ၇:၁၄၊ အခြားကမ္ဘာက ပုဂ္ဂိုလ်များကိုလည်း "ဘုရားသခင်၏ သားတို့" "sons of God" (ယောဘ ၁း၆၊ ၂း၁၊ ၃၈း၇) လို့ခေါ်ကာ၊ ယုံကြည်သူတွေကိုလည်း "ဘုရားသခင်၏သား" (ရောမ ၈း၁၄) လို့ အသီးသီးခေါ်ပါတယ်။ ယုဒတွေအမြင်မှာ သခင်ယေရှုက ဘုရားသားတော်လို့ သူ့ကိုယ်သူခေါ်တဲ့ကိစ္စမှာဘာအဓိပ္ပါယ်ကိုပြောနေသလဲဆိုတာ သူတို့ ကောင်းကောင်းနားလည်ကြတယ်။ အခုခေတ်မှာ တစ်ချို့က နားမလည်ကြဘူး။ သူတို့ထင်တာ ဘုရားသားတော်ဆိုရင် ဘုရားမဟုတ်ဘူး၊ ဘုရားနဲ့တန်တူ မဖြစ်ဘူး ဆိုပြီး၊ လောကမှာရှိတဲ့ အသွေးအသား အဖေနဲ့သားကိစ္စလောက်နဲ့ပဲ ယှဉ်ထိုးမိတတ်ကြတာက ပြသနာ။ တစ်ပါးက အထက်မှာရှိတယ်၊ တစ်ပါက အောက်မှာပိုနှိမ့်ကျတယ် လို့ပဲ တွေးတွေးနေကြတာ။ အဖေနဲ့သားဆိုရင် ဘာပဲဖြစ်ဖြစ် အဖေက ပိုဩဇာရှိရမယ်ပေါ့။ ဒါက ဘာသာခြားတွေရဲ့ အတွေးအခေါ်ဖြစ်တယ်။ ဥပမာ။ ဂရိ ဒဏ္ဍာရီ (Greek Mythology) မှာ Zeus က အကြီးဆုံးအုပ်စု ဘုရင်ဘုရား၊ Hera က တော့ ဒုတိအကြီးဆုံးအုပ်စု ဘုရင်မဘုရား၊ Athena က Zeus ရဲ့ခေါင်းကနေမွေးတဲ့ မျိုးဆက်သစ်ဘုရားသမီး သူက တတိယအဆင့်အုပ်စုရှိတဲ့ ဘုရား။ (ရောမ ဘုရား Jupiter, Juno, နှင့် Minerva တို့လိုပေါ့)။ အဲ့လိုယုံတာ။ ကျမ်းစာဖက်ကို ပြန်လှည့်ပြီး ယုဒတွေရဲ့စကားကို သုံးသပ်ကြစို့။
သခင်ယေရှုပြောလိုက်တဲ့ ငါနှင့် ငါ့ခမည်းတော်နှင့်တလုံးတဝတည်း ဆိုတဲ့စကားရဲ့ဆိုလိုရင်းကို ဖာရိရှဲတွေ ဘယ်လိုနားလည်ကြသလဲ။ ယေရှုက လူစင်စစ်ဖြစ်သော်လည်း ဘုရားဖြစ်တယ်လို့ ဝင်္ကဝုတ္တိသုံးပြီးပြောသွားတာ။ ဒါကိုကောင်းကောင်းသိလို့ စကားစစ်ထိုးလို့ မနိုင်တော့မှန်း (ယေရှုက လက်တွေ့ပြနေလို့၊ အပြစ်လွတ်တယ်၊ သေသူကိုထစေတယ် စသဖြင့် ပေါ့) သိလို့ ခဲလက်နက်ကိုင်ကြတာ။ သူတို့ကို သခင်ယေရှုက ဘာလို့ငါ့ကို ခဲနဲ့ပေါက်ရမလဲ ငါက အကောင်းပဲလုပ်နေတာလေ လို့မေးလိုက်တော့၊ "ကောင်းသောအမှုကြောင့် ခဲနှင့်ပစ်မည်မဟုတ်။ သင်သည် လူဖြစ်လျက်ပင် ဘုရားသခင် ဖြစ်ယောင်ဆောင်၍ ဘုရားသခင်ကို လွန်ကျူးသောစကားကြောင့် ခဲနှင့်ပစ်မည်" (ယော ၁၀း၃၃) လို့ ဒေါနဲ့ပြန်တုံ့ပြန်ကြတယ်။ ဒီတော့ တစ်ဖက်မှာ
၈။ ယေရှုကိုယ်တိုင်က "လူဖြစ်လျက်ပင်၊ ဘုရားသခင်ဖြစ်" နေတယ်လို့ သက်သေခံတဲ့ အချက်ဖြစ်ပါတယ်။ (ယော ၁၀း၃၃)။
ဒါကို ခေါင်းသေးအဖွဲ့က ဘယ်လိုမှ လက်မခံနိုင်ဘူးလေ။ ဒီနေ့အထိပေါ့။ ခေတ်သစ် ဖာရိရှဲတွေ လည်းဒါကိုပဲ ပုန်ကန်ထကြွနေတာ။ စကားလုံးလှအောင် "ဘုရားသားတော်" ဆိုပြီးပါးစပ်ပုတ်ကသာ မချနိုင်တာ၊ တကယ်တော့ ယေရှုခရစ်တော်ကို ဘုရားစင်စစ်ဖြစ်တယ်လို့မယုံကြည်ချင်တာ။ ဘုရားဖြစ်ရင်တောင် ရာထူးတော့ ပိုနိမ့်ရမယ်လို့ ရာထူးချ နေတာ။ ဝမ်းနည်းစရာပါ။ ဒီရောဂါ ကူးမိရင်တော့ နေမြင့်လေ အရူးရင့်လေဖြစ်မှာ။ ယေရှုကိုတော့ ဘုရားရာထူးကနေချဖို့ မကြိုးစားသင့်ဘူး။ ချလို့လည်းရမှာ မဟုတ်ဘူး၊ ကိုယ်ပဲပျောက်ကွယ် ပျက်စီးသွားမယ်။
သခင်ယေရှုက နှစ်ပါးတလုံးတဝပြောတာတောင် စပ်စလူးခါအောင် နာကြတဲ့ အကြောင်း၊ တချို့က နဝေတိမ်တောင်ဖြစ်ပြီး မခံနိုင်ကြကြောင်းကို ကောင်းစွာသိတော်မူတဲ့အတွက်၊ သူတို့အလင်းပမာဏအတိုင်း စေတနာနဲ့တဖြည်းဖြည်းခေါ်ဆောင်သွားဖို့ ပြောထားခဲ့တယ်။ သခင်ယေရှုက အဲ့လိုပဲ ပြောတတ်လေ့ရှိတယ်။ ဝိညာဉ်တော်အကြောင်း ပြောတော့ သူတို့နားမလည်သေးမှန်းသိလို့ "သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း သင်တို့သည် ယခုမခံနိုင်ကြ။" (ယော ၁၆း၁၂)။ တကယ်ပဲမခံနိုင်ကြဘူး။ နက်နဲတဲ့ ဘုရားကိစ္စမပြောနဲ့ သူလာရတဲ့ အကြောင်းကိစ္စတောင်မှ ရှင်ပြန်ထမြောက်တဲ့နောက်ပိုင်း ကောင်းကင်တက်မယ့်နေ့အထိ ဂဃနဏ မသိကြရှာဘူး။ (တ ၁း၆၊၇)။ လောကနိုင်ငံလောက်ပဲ ထူထောင် ချင်ခဲ့ကြတာ။
ဒီတော့ခရစ်တော်က ဘယ်အချိန်မှာသိရမလဲ ဆိုတာကို ဆက်ပြောခဲ့တယ်။ "သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်" (ယော ၁၆း၁၃) တဲ့။ သမ္မာတရားကို အကြွင်းမဲ့သိဖို့က ဝိညာဉ်တော်ရဲ့တာဝန်ဖြစ်တယ်။
ဒီအချက်ကိုသိတဲ့ စာတန်က ပြသနာအကြီးကြီးတစ်ခုလုပ်လိုက်တယ်။ ဝိညာဉ်တော်ကို ဘုရားမဟုတ်ဘူးလို့ တိုက်ခိုက်လိုက်တာပဲ။ ဝိညာဉ်တော်ကို စိတ်နာစေခြင်း၊ နှုတ်နဲ့ပြစ်မှားခြင်း၊ ကဲ့ရဲ့ခြင်း ကိစ္စတွေတစီတန်း ပေါ်လာရော။
မဿဲ ၁၂ ကိုဖတ်ရင်၊ ယေရှုခရစ်တော်က ဥပုသ်နေ့မှာ လက်တစ်ဖက်သေနေသူလူနာကိုကုသပေးတယ်။ ဖာရိရှဲတွေက တားတယ်။ ယေရှုက ဥပုသ်နေ့မှာ မိမိတိရိစ္ဆာတွင်းထဲကျရင် ကယ်ဆယ်ကြမှာပဲ၊ ငါဒီလူတွေရဲ့အသက်ကို ကယ်နေတယ်လို့ပြောတယ်။ ဥပုသ်နေ့မှာ ကျေးဇူးပြုအပ်တယ်လို့ ငြင်းချက်ထုတ်ခဲ့တယ် (မ ၁၂း၁၂)။
အဲ့မှာ လူကန်းလူအ တစ်ယောက်ခေါ်လာကြတာ၊ ယေရှုခရစ်က သူ့အထဲက နတ်ဆိုးကိုမောင်းထုတ်လိုက်တယ်။ ဒါကို ဖာရိရှဲတွေက "နတ်ဆိုးမင်းဗေလဇေဗုလကိုအမှီပြု၍သာ နတ်ဆိုးတို့ကို နှင်ထုတ်"တာပါ (ငယ် ၂၄) ဆိုပြီး ယေရှုရှင်ကို ဘုရားအဖြစ်မယုံချင်ကြလို့ ဒီလိုတွေငြင်းကြတယ်။ အပြစ်လွတ်တယ်၊ နိမိတ်သက်သေအများကြီးပြတယ်၊ ဒါပေမယ့် သခင်ယေရှုကတော့ ထပ်ခါထပ်ခါ အငြင်းခံရရှာတယ်။ ဘုရားရာထူး မပေးချင်ကြဘူး။
ယေရှုပြောတဲ့စကားအရမ်းအရေးကြီးတယ်။ သူလုပ်တဲ့အလုပ်ကြောင့် ယုံကြည်ခြင်းမဖြစ်လာဘဲ၊ ဆန့်ကျင်မှုပဲဖြစ်လာတော့ "ငါ့ဘက်၌ မနေသောသူသည် ငါ့ရန်ဘက်ဖြစ်၏။ ငါနှင့်အတူ မစုမသိမ်းသောသူသည် ကြဲဖြန့်သောသူ ဖြစ်၏" (ငယ် ၃၀) လို့ပြတ်ပြတ်သားသားပဲပြောတယ်။ ယေရှုကိုဘုရားလို့ မယုံတဲ့သူတွေက ရန်သူ့ဘက်သားဖြစ်သွားတယ်။ ကြဲဖြန့်သောသူဖြစ်တယ်။ သူတို့ကြဲတဲ့မျိုးစေ့က သခင်စိုက်ပျိုးတဲ့ အပင်ကောင်းတွေကို ဖျက်ဆီးဖို့ပဲ (မ ၁၃း၂၅)။
ယေရှုဘုရားကဘာပြောလိုက်လဲဆိုတော့ "ထိုကြောင့် ငါဆိုသည်ကား၊ ပြစ်မှားသောအပြစ်၊ (ခမည်းတော်)ဘုရားကိုကဲ့ရဲ့သောအပြစ်အမျိုးမျိုးတို့နှင့် လွတ်စေခြင်းအခွင့်ကို လူတို့သည် ရနိုင်ကြ၏။ ဝိညာဉ်တော်ကို ကဲ့ရဲ့သောအပြစ်နှင့်လွတ်စေခြင်းအခွင့်ကို လူတို့သည် မရနိုင်ကြ။ လူသားကို နှုတ်ဖြင့်ပြစ်မှားသောသူ၏အပြစ်ကိုလည်း လွှတ်နိုင်၏။ သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်" (ငယ် ၃၁၊ ၃၂)။ ဒီပြစ်မှု လုံးဝ မသေးဘူး။
(ခမည်းတော်)ဘုရားကိုကဲ့ရဲ့သောအပြစ်၊ လူသား (သားတော်ဘုရား)ကို နှုတ်ဖြင့်ပြစ်မှားသောအပြစ်၊ စသည်တို့သည်ခွင့်လွှတ်၍ရသေးသော်လည်း ဝိညာဉ်တော်ဘုရားကို ကဲ့ရဲ့သောအပြစ်၊ နှုတ်ဖြင့်ပြစ်မှားသောအပြစ် တို့ကိုခွင့်လွှတ်၍မရ၊ ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်ဘူး ဟုယေရှုကိုယ်တော်တိုင်မိန့်တော်မူတယ်။ အနစ်ကတော့ဖြင့်...
၉။ သန့်ရှင်းသောဝိညာဉ်တော်က ခမည်းတော်၊ သားတော် တို့ထက်မလျှော့သော ဘုရားဖြစ်ခြင်း၊ အခွင့်တန်ခိုးရှိသည် ဆိုသောအချက်ဖြစ်တယ်။
ဝိညာဉ်တော်ကို ဘာဖြစ်လို့ ဘုရားနှင့်လူသား တို့ထက်ပိုပြီး ရာထူးကြီးနေသလို မျိုး ဖော်ပြရတာလဲ။ ဒါမှမဟုတ်ရင် သူ့ကိုဘာဖြစ်လို့ ပြစ်မှားခွင့် လုံးဝမပေးတာလဲ။ သူက ခမည်းတော်၊ သားတော် ထက်ပိုမြတ်လို့လား။ ဒါတော့ မဟုတ်ပါဘူး။ တန်းတူ ပါပဲ။ အကြောင်းအရင်းက လူသားကယ်တင်ခြင်းမှာ ဝိညာဉ်တော်ပြုရတဲ့ အပိုင်းကြောင့်ဖြစ်ပါတယ်။
သခင်ယေရှုကသူ့နောက်ကြွလာမယ့် ဝိညာဉ်တော်ရဲ့အလုပ်ကို ဒီလိုဖော်ပြထားတယ်။ "ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ်စီရင်ခြင်း ကို၎င်း၊ လောကီသားတို့အား ထင်ရှားစွာဘော်ပြမည်" (ယော ၁၆း၈) လို့ရေးတယ်။ လူတစ်ယောက်ချင်းစီကို ဒါက ဒုစရိုက်နော်၊ အပြစ်နော်၊ ဒါလုပ်ရင် အပြစ်စီရင်ခံရမယ်နော်၊ မလုပ်နဲ့နော် လို့ပြောပြနေတာ၊ ဒီသတိပေးသံကို ကြားရဲ့သားနဲ့ အကြိမ်ကြိမ်ငြင်းနေရင်၊ ဒါက သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားတာပဲ။ အခြားတစ်ခုကတော့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အခြားနာမတော်တစ်ခုက ဥပဇ္ဈာယ်ဆရာ (Comforter) ဖြစ်တယ်။
နောက်တစ်ခုက၊ "သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်" (ယော ၁၆း၁၃) တဲ့။ ဝိညာဉ်တော်ဖွင့်ပြပေးမယ့် သမ္မာတရားကျန်နေသေးတယ် ဆိုတာပါပဲ။ သူက အကြွင်းမဲ့ သွန်သင်ပြလိမ့်မယ်။
ဒီတော့၊ ဝိညာဉ်တော်ကို ငြင်းတဲ့သူက၊ အပြစ်နောင်တရနိုင်မှာ မဟုတ်သလို၊ သမ္မာတရားလည်း အကြွင်းမဲ့သိနိုင်မှာမဟုတ်တော့ဘူး။ ဘယ်လိုရှင်းပြရှင်းပြ၊ ဝိညာဉ်တော်ရဲ့ ဘုရားဖြစ်ခြင်းကို ငြင်းလိုက်တာနဲ့ အားလုံးပိတ်၊ မျက်စိပိတ်၊ နားပိတ် သလိုဖြစ်သွားစေလိမ့်မယ်။ ယုဒတွေလိုပေါ့။
သားတော်ကို ဘုရားဖြစ်ကြောင်း သန့်ရှင်းသောဝိညာဉ်တော်က ယုဒဘာသာဝင် တွေ၊ ဖာရိရှဲတွေရဲ့ စိတ်နှလုံးထဲမှာ စကားပြောတယ်၊ သားတော်ရဲ့ နိမိတ်ကို မြင်တဲ့အခါ သွေးဆောင်တယ်။ ဒါပေမယ့် သူတို့က ခေါင်းမာပြီး သားတော်ကို ဘုရားအဖြစ်လက်ခံဖို့ ငြင်းကြတယ်။ ကြာလာတော့ နိမိတ်ကြီးလေလေ၊ ယုံကြည်ခြင်းမဖြစ်ဘဲ၊ အမုန်းပွါးလေလေ ဖြစ်ခဲ့ကြတယ်။ ဒါကြောင့် ခရစ်တော် ဘာပဲလုပ်လုပ် အကောင်းကို မမြင်ကြတော့တာဖြစ်တယ်။ နောက်ဆုံး နတ်ဆိုးနင်ထုတ်တာတောင် စာတန်ကြောင့်နင်ထုတ်တာဖြစ်တယ် လို့ပြောတဲ့အထိ ကန်းသွားကြရှာတယ်။
ကဲ့၊ ပြန်ချုံ့ရအောင်။ ယေရှုဘုရားက သူဟာ ခမည်းတော်နဲ့ တန်းတူပဲ၊ ငါဟာဘုရားပဲ လို့ဝင်္ကဝုတ္တိသုံးပြီးပြောနေတာကို၊ ဖာရိရှဲတွေ၊ ယုဒဘာသာဝင်တွေက သူပြောချင်တာကို ကောင်းစွာနားလည်သော်လည်း မယုံကြည် တဲ့အတွက် မင်းက ဘုရားမဖြစ်နိုင်ဘူးလို့ ပဲမျက်စိစုံမိတ် ဇွတ်အတင်းငြင်းခဲ့ကြတယ်။သူတို့တတွေ မယုံကြည်ချင်တဲ့အငုံ့စိတ်ကြောင့် အရိပ်ပြလည်းမတွေ့၊ အကောင်ပြလည်း မမြင်၊ တန်ခိုးနိမိတ်ပြလည်းမယုံ၊ ကျမ်းစာထောက်ပြလည်း မခံယူဖြစ်ခဲ့ကြတယ်။ သခင်ယေရှုကလည်း ခမည်းတော်နဲ့အတူတူပဲ ဆိုတာကို ကိုယ်တိုင်ပြောပြတယ်။ ဒါလည်းလက်မခံဘူး။ သူ့ပြောတဲ့စကား၊ သူလုပ်တဲ့အလုပ်တွေ ကိုကြည့်ပြီး ယုံမယ့်အစား ပိုတောင်ဆန့်ကျင်ကြတယ်။ ဒါကို ယေရှုက ဝိညာဉ်တော်ကို ပြစ်မှားတယ်လို့ ပြောခဲ့တာ။ သူတို့အပြစ် လွှတ်လို့မရတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သားတော်ကို ဘုရားလို့မယုံတော့၊ ဝိညာဉ်တော်ဘုရားကိုပါ ငြင်းခဲ့ကြလို့ပါပဲ။ စဉ်းစားပါ မိတ်ဆွေ။
၁။ ခမည်းတော်လုပ်တတ်သမျှ သားတော်လုပ်တတ်တယ် (ယော ၅း၁၇)။
၂။ ခမည်းတော်ပြုသမျှ သားတော်လည်းပြုနိုင်တယ် (ယော ၅း၁၉)။
၃။ အဖဘုရားလိုပဲသားတော်လည်း ထမြောက်စေနိုင်တယ် (ယော ၅း၂၁)။
၄။ တရားစီရင်ခွင့်ဘုရားမှာရှိသလိုပဲ သာတော်စီရင်ခွင့်ရှိ (ယော ၅း၂၂၊၂၃)။
၅။ ခမည်းတော်ကို ရိုသေတဲ့အတိုင်း သားတော်ကိုရိုသေရမယ် (ငယ် ၂၃)။
၆။ ခမည်းတော်တွင် ကိုယ်ပိုင် အသက်ရှိတော်မူသည်အတိုင်း သားတော်မှာလည်း ကိုယ်ပိုင်အသက်ရှိတယ် (ငယ် ၂၆)။
၇။ ယေရှုခရစ်သည် ခမည်းတော်နှင့်တလုံးတဝဖြစ်တယ် (ယော ၁၀:၃၀)။
၈။ ယေရှုက လူဖြစ်လျက်ပင်၊ ဘုရားသခင်ဖြစ်တယ် (ယော ၁၀း၃၃)။
နောက်ဆုံးစကားကတော့၊ ယေရှုကို ဘုရားသခင်လို့မယုံဘဲ သတ်ချင်တဲ့ အထိမုန်းကြလို့၊ ဝိညာဉ်တော်ကဘုရားမဟုတ်ဟု ဆိုသူဖာရိရှဲတွေနောက်ကို လိုက်မလား။ ယေရှုကို ဘုရားမဟုတ်ဘူး၊ ဝိညာဉ်တော် ဆိုတာဘုရားမဟုတ်ပါဘူး လို့ခံတွင်းတွေ့ ပလီပလာပြောတဲ့ ခေတ်သစ် ဖာရိရှဲတွေဖြစ်ချင်သလား။ ဒါမှမဟုတ်။ တမန်တော် သောမတ်က သခင်ယေရှုကို "အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ ဘုရားသခင်" (My Lord, My God) (ယော ၂၀း၂၈)လို့ ဝန်ခံခဲ့သလို သခင်ယေရှုကို သင့်ရဲ့ ဘုရားသခင် လို့နှိမ့်ချစွာ ဝန်ခံလိုပါသလား။
စေတနာမွန်ဖြင့်
ဘွိုင်း
"သခင်ယေရှုခရစ်၏ ကျေးဇူးတော်၎င်း၊ ဘုရားသခင်၏ မေတ္တာတော်၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ မိဿဟာယတော်၎င်း၊ သင်တို့အပေါင်း၌ရှိစေသတည်း။ အာမင်။"

No comments:
Post a Comment