အပြည့်အဝဖော်ပြသော
မေတ္တာ
ပြောင်းလဲခံရသော လူများထဲတွင် ထင်ရှားပေါ်လွင်လာသည့်
ခရစ်တော်၏စရိုက်လက္ခဏာ
သက်ကလာ ဝက်စတာဘက် (Thecla Westerbeck)
မေတ္တာ၏ပုံရိပ်
နှစ်ပေါင်းများစွာ မြော်လင့်ခြင်းအသင်းသားများသည်
ခရစ်တော်၏ဒုတိယအကြိမ်ကြွလာခြင်းကို စောင့်မျှော်ခဲ့ကြသည်။ ကျွန်ုပ်တို့သည်
ကာလနိမိတ်လက္ခဏာများနှင့် သမ္မာကျမ်းစာ၏ပရောဖက်ပြုချက်များကို ကြည့်ရှုကြသော်လည်း
ယေရှုသည် ကိုယ်တော်မကြွလာမီ အမှန်တကယ် အဘယ်အရာကို စောင့်မျှော်နေတော်မူသနည်း။
အယ်လင်ဂျီဝှိုက်က “ခရစ်တော်သည် မိမိ၏အသင်းတော်တွင်
မိမိကိုယ်ကို ထင်ရှားဖော်ပြခြင်းကို အလွန်တောင့်တလျက် စောင့်မျှော်နေတော်မူသည်။
ခရစ်တော်၏စရိုက်လက္ခဏာကို ကိုယ်တော်၏လူများထဲတွင် ပြည့်စုံစွာ ပြန်လည်ဖော်ပြသောအခါ
ကိုယ်တော်သည် သူတို့ကို မိမိပိုင်ဆိုင်သူများအဖြစ် သိမ်းယူရန်
ကြွလာတော်မူလိမ့်မည်” ဟု ဆိုထားသည်။[[၁]]
ကျမ်းစာက ထိုစရိုက်လက္ခဏာသည် အဘယ်အရာဖြစ်ကြောင်း
ရှင်းလင်းစွာ ပြောပြထားသည်။ ထိုအရာမှာ မေတ္တာဖြစ်သည်။
၁ကောရိန္သု ၁၃၊ မေတ္တာအခန်းသည် အကောင်အထည်မရှိသော
စံပြအယူအဆတစ်ခု မဟုတ်ပါ။ ၎င်းသည် ပုံတူတစ်ခုဖြစ်သည်။ ထိုပုံတူကို ယေရှု၏အသက်တာတွင်
ဦးစွာ ရေးဆွဲဖော်ပြခဲ့သည်။ ယေရှုသည် ကြာရှည်စွာ သည်းခံသောမေတ္တာ၊ မိမိအကျိုးကို
မရှာသောမေတ္တာ၊ အရာရာကို သည်းခံသောမေတ္တာနှင့် အားနည်းသူများ၊ ဆင်းရဲသူများနှင့်
ပျောက်ဆုံးသူများကို ကယ်တင်ရန် မိမိအသက်ကိုပင် စွန့်လွှတ်ရန် အသင့်ရှိသောမေတ္တာကို
ထင်ရှားစွာ ဖော်ပြတော်မူခဲ့သည်။
မေတ္တာအေးစက်လာသောအခါ
ယေရှုက မဿဲ ၂၄း၁၂ တွင် “မတရားသောအမှုသည် များပြားသောကြောင့်
လူအများ၏မေတ္တာသည် အေးစက်လိမ့်မည်” ဟု သတိပေးတော်မူခဲ့သည်။ ဤနေရာတွင်
“မတရားသောအမှု” ဟူသော စကားလုံးသည် အဘယ်အရာကို ဆိုလိုသနည်း။ ဂရိစကားလုံးမှာ ἀνομία (anomia)
ဖြစ်သည်။ Anomia ၏
တိုက်ရိုက်အဓိပ္ပာယ်မှာ “ပညတ်တရားမရှိခြင်း” သို့မဟုတ် “ပညတ်တရားကို ဆန့်ကျင်သော
အခြေအနေ” ဖြစ်သည်။ ဤနေရာတွင် သတိပြုရမည့် အရေးကြီးသောအချက်မှာ anomia သည် ပညတ်တရားကို
မသိခြင်းသက်သက်ကို ဆိုလိုခြင်းမဟုတ်ဘဲ ဘုရားသခင်၏ပညတ်တော်ကို တမင်တကာ
လျစ်လျူရှုခြင်း၊ ပယ်ချခြင်း သို့မဟုတ် မထီမဲ့မြင်ပြုခြင်းကို ဆိုလိုခြင်းဖြစ်သည်။
ဤအရာသည် မရည်ရွယ်ဘဲ ဖြစ်ပေါ်သောအပြစ် မဟုတ်ပါ။ ဆက်ဆံရေးကို အခြေခံ၍
ပုန်ကန်ခြင်းဖြစ်သည်။
ယေရှု ပြောနေသော ဤ “ပညတ်တရား” သည် အဘယ်အရာနည်း။
ဓမ္မသစ်ကျမ်းတွင် nomos (anomia ထဲရှိ “ပညတ်တရား”
ဟု အဓိပ္ပာယ်ရသော စကားလုံး) သည် အရပ်ဘက်ပညတ်တရား၊ ယုဒလူမျိုးတို့၏
အခမ်းအနားဆိုင်ရာပညတ်တရား သို့မဟုတ် ပညတ်တော်ဆယ်ပါးတွင် ဖော်ပြထားသော ဘုရားသခင်၏
ကိုယ်ကျင့်တရားဆိုင်ရာအလိုတော်ကို ရည်ညွှန်းနိုင်သည်။ ဤနေရာတွင်
ယေရှုအသုံးပြုထားသည့် အဓိပ္ပာယ်မှာ ပညတ်တော်ဆယ်ပါးတွင် ဖော်ပြထားသော ဘုရားသခင်၏
ကိုယ်ကျင့်တရားဆိုင်ရာအလိုတော်ကို ရည်ညွှန်းခြင်းဖြစ်သည်။
ကျမ်းစာသည် ဘုရားသခင်၏ပညတ်တော်နှင့် မေတ္တာကို အကြိမ်ကြိမ်
ဆက်စပ်ဖော်ပြထားသည်။
“မေတ္တာသည် ပညတ်တရား၏ ပြည့်စုံခြင်းဖြစ်၏” (ရော၊ ၁၃း၁၀)။
“သင်တို့သည် ငါ့ကိုချစ်လျှင် ငါ၏ပညတ်တို့ကို စောင့်ရှောက်ကြလော့” (ယော၊ ၁၄း၁၅)။
အယ်လင်ဂျီဝှိုက်ကလည်း “ဘုရားသခင်၏ပညတ်တရားသည်
ကိုယ်တော်၏စရိုက်လက္ခဏာကို ကူးယူဖော်ပြထားခြင်းဖြစ်သည်” ဟု ဆိုသည်။[[၂]]
ဘုရားသခင်၏ပညတ်တရားသည် မေတ္တာဖြစ်သော
ကိုယ်တော်၏စရိုက်လက္ခဏာကို ဖော်ပြခြင်းဖြစ်သည် (၁ယော၊ ၄း၈)။ ဘုရားသခင်၏ပညတ်တရားကို
ပယ်ချခြင်းသည် နောက်ဆုံးတွင် မေတ္တာ၏စည်းမျဉ်းများနှင့် ပုံသဏ္ဌာန်ကို
ပယ်ချခြင်းပင်ဖြစ်သည်။ ပညတ်တရားမဲ့ခြင်းသည် လွတ်လပ်မှုကို ဖြစ်ပေါ်စေခြင်းမဟုတ်ဘဲ
မိမိကိုယ်ကိုသာ ဗဟိုပြုခြင်းကို ဖြစ်ပေါ်စေသည်။ မိမိကိုယ်ကိုသာ ဗဟိုပြုခြင်းသည်
ဘုရားသခင်နှင့်ဆိုင်သော မေတ္တာ၏ ဆန့်ကျင်ဘက်ဖြစ်သည်။
“အေးစက်လိမ့်မည်” ဟူသော စကားစုကို ကြည့်ရသည်မှာ စိတ်ဝင်စားစရာကောင်းသည်။
မေတ္တာသည် တစ်ညတည်းဖြင့် ပျောက်ကွယ်သွားခြင်းမဟုတ်ပါ။ တဖြည်းဖြည်း
မှေးမှိန်သွားခြင်းဖြစ်သည်။
မဿဲ ၂၄း၁၂ တွင် ယေရှုသည် ဘာသာရေးနှင့် အသိပညာတို့
တိုးပွားလာသော်လည်း မေတ္တာလျော့နည်းလာမည့်အချိန်ကို ပြောဆိုနေတော်မူသည်။ ထိုအရာသည်
ဘုရားမဲ့ဝါဒကို ပွင့်ပွင့်လင်းလင်း လက်ခံခြင်းကိုသာ ဖော်ပြနေခြင်းမဟုတ်ပါ။
နာခံခြင်းသည် မေတ္တာနှင့် ခွဲထွက်သွားပြီး ပုံစံ၊ အငြင်းအခုံ၊
ကိုယ်ပိုင်အမှတ်လက္ခဏာနှင့် ကြောက်ရွံ့ခြင်းတို့ဖြင့် အစားထိုးခံရသော
ဘာသာရေးပတ်ဝန်းကျင်တစ်ခုကို ဖော်ပြနေခြင်းဖြစ်သည်။
ဤယိုယွင်းပျက်စီးနေသောခေတ်တွင် ကျွန်ုပ်တို့သည် ခရစ်တော်၌
ရင့်ကျက်မှုရှိရန်၊ ကျွန်ုပ်တို့၏နာခံခြင်းနှင့် မေတ္တာတို့ တိုးပွားလာသည့်
ပတ်ဝန်းကျင်တစ်ခု ဖြစ်လာရန် ရှာဖွေသင့်သည်။ ကိုယ်တော်သည် မိမိ၏လူများအား
နာခံမှုကင်းမဲ့ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့အောက်တွင် “အေးစက်သွားရန်” မလိုလားဘဲ
နာခံခြင်းအားဖြင့် မေတ္တာ၌ ကြီးထွားလာရန် လိုလားတော်မူသည်။ ဤသို့ဖြင့်
ခရစ်တော်၏စရိုက်လက္ခဏာကို ကိုယ်တော်၏လူများထဲတွင် ပြည့်စုံစွာ
ထင်ဟပ်ဖော်ပြနိုင်မည်ဖြစ်သည်။
ယေရှုသည် anomia ကို မဿဲ ၇း၂၃ တွင်
ထပ်မံအသုံးပြုတော်မူသည်။ “ငါ့ထံမှ ဖယ်ကြလော့။ မတရားသောအမှုကို ပြုသောသူတို့”။
ဤသူတို့သည် ဘာသာရေးကို ကိုင်စွဲသူများ၊ တက်ကြွစွာ အံ့ဖွယ်အမှုများကို
ပြုလုပ်သူများဖြစ်ကြသော်လည်း အမှန်တကယ်သော မေတ္တာကို လွဲချော်နေကြသည်။
ထိုမေတ္တာသည် အရာတစ်ခုတည်းဖြစ်သော နာခံခြင်း၌ အမြစ်တွယ်နေသည်။
ကိုယ်တော်၏လူများထဲတွင် ထင်ဟပ်သော မေတ္တာ
ကောင်းကင်သည် ကျွန်ုပ်တို့အတွက် အသင့်ရှိနေပြီဖြစ်သည်—သို့သော်
ကောင်းကင်၏မေတ္တာကို ကျွန်ုပ်တို့အတွင်း၌ အပြည့်အဝ ကိန်းဝပ်စေရန်အတွက်
ကျွန်ုပ်တို့ အဆင်သင့်ဖြစ်ပြီလား။
ဤမေတ္တာအယူအဆသည် အလွန်နက်ရှိုင်းစွာ ဖော်ပြပေးနိုင်ပြီး
အိမ်ထောင်ရေးပုံရိပ်အားဖြင့် နားလည်နိုင်သည်။
ကြောက်ရွံ့ခြင်းဖြင့် မောင်းနှင်သော နာခံခြင်းသည် အမိန့်ကို
လိုက်နာခြင်းကို ဖြစ်စေသည်။ မေတ္တာဖြင့် မောင်းနှင်သော နာခံခြင်းသည်
ပြောင်းလဲခြင်းကို ဖြစ်စေသည်။
ခင်ပွန်းဖြစ်သူ၏ အကြိုက်ဆုံးအစားအစာများကို
ပြင်ဆင်ပေးခြင်း၊ အိမ်ကို သပ်ရပ်အောင် ထိန်းသိမ်းခြင်းနှင့် သူ၏အင်္ကျီများကို
မီးပူတိုက်ပေးခြင်းတို့ကို ပြုလုပ်သော ဇနီးတစ်ဦးကို စိတ်ကူးကြည့်ပါ။ ထိုအရာများကို
ပြုလုပ်ရခြင်း၌ သူမဝမ်းမြောက်သောကြောင့် မဟုတ်ဘဲ မပြုလုပ်လျှင်
ခင်ပွန်း၏တုံ့ပြန်မှုကို ကြောက်ရွံ့သောကြောင့် ဖြစ်သည်။ လုပ်ဆောင်ရမည့်အရာများကို
ပြီးမြောက်စွာ ပြုလုပ်ထားသော်လည်း ထိုအရာများ၏ အရင်းခံမှာ မေတ္တာမဟုတ်ဘဲ
ကြောက်ရွံ့ခြင်းနှင့် တာဝန်ဝတ္တရားဖြစ်သည်။
ယခု ထိုလုပ်ဆောင်မှုများကို
အခြားအကြောင်းပြချက်တစ်ခုကြောင့် ပြုလုပ်သည်ကို စဉ်းစားကြည့်ပါ။ ဇနီးသည်က
ခင်ပွန်း၏အကြိုက်ဆုံးအစားအစာများကို ပြင်ဆင်ပေးသည်၊ အိမ်ကို ဂရုစိုက်သည်၊
အင်္ကျီများကို မီးပူတိုက်ပေးသည်။ အကြောင်းမှာ သူမသည် ခင်ပွန်းကို
ချစ်သောကြောင့်ဖြစ်ပြီး သူမတန်ဖိုးထားချစ်မြတ်နိုးသောသူတစ်ဦးကို
အမှုဆောင်ပေးရခြင်းသည် ဝမ်းမြောက်စရာဖြစ်သောကြောင့် ဖြစ်သည်။ အပေါ်ယံအားဖြင့်
လုပ်ဆောင်မှုများသည် အတူတူပင်ဖြစ်သော်လည်း ယခုအခါ ထိုအရာများသည်
ပြောင်းလဲခံထားရသော နှလုံးသားမှ ပေါက်ဖွားလာခြင်းဖြစ်သည်။
နှစ်ရပ်စလုံးတွင် အကျင့်များ ရှိနေသည်—သို့သော်
တစ်ရပ်တည်းသာ မေတ္တာ၌ အမြစ်တွယ်နေသည်။ ကွာခြားချက်သည် မည်သည့်အရာကို ပြုလုပ်သည်၌
မဟုတ်ဘဲ အဘယ်ကြောင့် ပြုလုပ်သည်၌ တွေ့ရသည်။
ကြောက်ရွံ့ခြင်းဖြင့် မောင်းနှင်သော နာခံခြင်းသည် အမိန့်ကို
လိုက်နာခြင်းကို ဖြစ်စေသည်။ မေတ္တာဖြင့် မောင်းနှင်သော နာခံခြင်းသည်
ပြောင်းလဲခြင်းကို ဖြစ်စေသည်။
ဤအရာသည် ဘုရားသခင်၏ဝိညာဉ်တော်၏ အမှုတော်ဖြစ်သည်။
မှန်ကန်သောလုပ်ဆောင်မှုများကို ထုတ်လုပ်ပေးရုံမျှမဟုတ်ဘဲ နှလုံးသားကို
ပြောင်းလဲပေးခြင်းဖြင့် နာခံခြင်းသည် မေတ္တာ၏ သဘာဝကျသောဖော်ပြချက်
ဖြစ်လာစေခြင်းဖြစ်သည်။
အယ်လင်ဂျီဝှိုက်က “ဧဝံဂေလိတရားကို ထောက်ခံပေးနိုင်သည့်
အခိုင်မာဆုံးသော အငြင်းအခုံမှာ မေတ္တာရှိပြီး ချစ်ခင်ဖွယ်ကောင်းသော
ခရစ်ယာန်တစ်ဦးဖြစ်သည်” ဟု ဆိုသည်။[[၃]]
အမိန့်လိုက်နာရန် အတင်းအကျပ်မပြုဘဲ မေတ္တာဖြင့်ချစ်ရန်အတွက်
ဦးစွာ ကျွန်ုပ်တို့သည် အတင်းအကျပ်ပြုခြင်း သို့မဟုတ် တာဝန်ဝတ္တရားကြောင့်
ဖြစ်ပေါ်လာသော မေတ္တာမဟုတ်ဘဲ သန့်ရှင်းမှန်ကန်ပြီး အသက်ပေးသောမေတ္တာဖြင့်
ချစ်တော်မူသောအရှင်၏ ချစ်ခြင်းကို ကျွန်ုပ်တို့ခံရကြောင်း နားလည်သဘောပေါက်ရမည်။
ယေရမိ ၃၁း၃ တွင် ဘုရားသခင်က “အကယ်စင်စစ် ငါသည် သင့်ကို
ထာဝရမေတ္တာနှင့် ချစ်ပြီ။ ထို့ကြောင့် သင့်ကို ကရုဏာမေတ္တာနှင့် ငါ့ထံသို့
ဆွဲဆောင်ပြီ” ဟု မိန့်တော်မူသည်။
၁ယောဟန် ၄း၁၈ တွင်လည်း “မေတ္တာ၌ ကြောက်ရွံ့ခြင်းမရှိ။
စုံလင်သောမေတ္တာသည် ကြောက်ရွံ့ခြင်းကို ပယ်ရှားတတ်၏။ ကြောက်ရွံ့ခြင်းသည်
ညှဉ်းဆဲခြင်းနှင့်ဆိုင်သောကြောင့် ဖြစ်၏။ ကြောက်ရွံ့သောသူသည် မေတ္တာ၌
စုံလင်ခြင်းမရှိသေး” ဟု ဆိုထားသည်။
ဝိညာဉ်တော်၏အသီးကို ကျွန်ုပ်တို့ထင်ဟပ်ဖော်ပြသောအခါ
ပြောင်းလဲခြင်းသည် အမှန်တကယ်ဖြစ်ကြောင်း ကျွန်ုပ်တို့သိနိုင်သည်။ သို့သော်
တစ်ကြိမ်တစ်ခါ ချော်လဲခြင်းသည် ဝိညာဉ်တော်မရှိတော့ဟု မဆိုလိုပါ။ ပြောင်းလဲခြင်းသည်
ချက်ချင်းပြီးပြည့်စုံသွားခြင်းမဟုတ်ဘဲ ဖြစ်စဉ်တစ်ခုဖြစ်သည်။ ထိုအရာသည် ဘုရားသခင်က
ကျွန်ုပ်တို့အတွင်း၌ ကိန်းဝပ်၍ အတွင်းမှ အလုပ်လုပ်ကာ
ကျွန်ုပ်တို့၏အတွေးများ၊ ဆန္ဒများနှင့် လုပ်ဆောင်မှုများကို
ကိုယ်တော်၏စရိုက်လက္ခဏာနှင့် ထင်ဟပ်တူညီလာစေရန် တဖြည်းဖြည်း
ပုံဖော်ပေးခြင်းဖြစ်သည်။ ကျွန်ုပ်တို့ ချော်လဲသည့်အခါ၌ပင် ကိုယ်တော်၏မေတ္တာနှင့်
ဝိညာဉ်တော်သည် ကျွန်ုပ်တို့အား ဆက်လက်လမ်းညွှန်၊ ပြုပြင်ပေးပြီး
ပြန်လည်ထူထောင်ပေးကာ ရေရှည်တည်တံ့သော ကြီးထွားမှုကို ဖြစ်ပေါ်စေသည်။
ထို့ကြောင့် ကျွန်ုပ်တို့၏ဝိညာဉ်ရေးအတွေ့အကြုံအတွက်
အခြားသူများအပေါ်သာ အားမကိုးနိုင်ပါ။ ယေရှုထံသို့ ကြည့်ရှုပြီး
ကိုယ်တော်၏ဝိညာဉ်တော်က ကျွန်ုပ်တို့ကို လမ်းညွှန်ရန် ခွင့်ပြုရမည်။ လူသားတို့သည်
အမြဲတမ်း ချော်လဲကြပြီး မပြည့်စုံကြပေ။ သို့သော် ခရစ်တော်ကို စိတ်အားထက်သန်စွာ
ရှာဖွေနေသူများသည် ဝိညာဉ်ရေးရာ ပြန်လည်ထူထောင်ခြင်း၏ ခရီးလမ်းပေါ်တွင် ရှိနေကြသည်။
အခြားသူများ ကျရှုံးသည့်အခါ၌ပင် ယေရှုသည် မည်သည့်အခါမျှ ကျရှုံးတော်မမူပါ။
ကိုယ်တော်သည် ကျွန်ုပ်တို့၏ မပြောင်းလဲသောလမ်းပြ၊ သစ္စာရှိသောအဖော်နှင့်
ရေရှည်တည်တံ့သော ပြောင်းလဲခြင်း၏အရင်းအမြစ် ဖြစ်တော်မူသည်။
နောက်ဆုံးတွင် မေတ္တာ၏ပုံတူသည် ကျွန်ုပ်တို့မည်သို့
အသက်ရှင်သင့်သည်ကို ဖော်ပြထားခြင်းမျှသာ မဟုတ်ပါ။ ထိုပုံတူသည်
ယေရှုကိုယ်တော်တိုင်၏ အသက်တာဖြစ်သည်။ ခရစ်တော်သည် အမှန်တကယ်
မည်သူဖြစ်တော်မူကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။
ယေရှုသည် ဘုရားသခင်၏စရိုက်လက္ခဏာကို ပြည့်စုံစွာ
ဖော်ပြတော်မူသောသူဖြစ်သည်။ ကိုယ်တော်၏အသက်တာ၌ မေတ္တာသည် လက်တွေ့လုပ်ဆောင်မှုတွင်
မည်သို့ပုံပေါ်ကြောင်း ကျွန်ုပ်တို့တွေ့ရသည်—စိတ်ရှည်ခြင်း၊ နှိမ့်ချခြင်း၊
ကိုယ်ကျိုးစွန့်ခြင်းနှင့် သေသည်တိုင်အောင် သစ္စာရှိခြင်းတို့ဖြစ်သည်။ ၁ကောရိန္သု
၁၃ တွင် ဖော်ပြထားသော မေတ္တာ၏ပုံတူကို ခရစ်တော်ကိုယ်တော်တိုင်၏ အသက်တာတွင် ဦးစွာ
ရေးဆွဲဖော်ပြခဲ့သည်။
ဧဝံဂေလိတရားသည် အံ့ဖွယ်ကောင်းသောအရာကို ပြုလုပ်သည်။
ထိုပုံတူကို လေးစားကြည့်ရှုရန်သာ ဖိတ်ခေါ်ခြင်းမဟုတ်ဘဲ ၎င်းကို ပြန်လည်ထင်ဟပ်ဖော်ပြရန်
ဖိတ်ခေါ်ခြင်းဖြစ်သည်။ ခရစ်တော်သည် မိမိ၏စရိုက်လက္ခဏာကို မိမိ၏လူများထဲတွင်
ပြန်လည်ဖော်ပြရန် အလွန်တောင့်တတော်မူသည်။ ဤပြောင်းလဲခြင်းသည်
လူသားတို့၏ကြိုးပမ်းအားထုတ်မှုဖြင့် စတင်ခြင်းမဟုတ်ဘဲ ကိုယ်တော်ထံ အပ်နှံထားသော
နှလုံးသားဖြင့် စတင်ခြင်းဖြစ်သည်။
အယ်လင်ဂျီဝှိုက်က “ခရစ်တော်၏မေတ္တာသည် နှလုံးသားထဲတွင်
တည်နေသောအခါ မွှေးကြိုင်သောရနံ့ကဲ့သို့ ဖုံးကွယ်ထား၍ မရနိုင်ပါ။ ကျွန်ုပ်တို့နှင့်
ထိတွေ့ဆက်ဆံရသူအားလုံးက ၎င်း၏သန့်ရှင်းသော သြဇာလွှမ်းမိုးမှုကို ခံစားရလိမ့်မည်”
ဟု ရေးသားထားသည်။[[၄]]
မေတ္တာကို ဖုံးကွယ်ထား၍ မရနိုင်ပါ။ ခရစ်တော်သည် အတွင်း၌
ကိန်းဝပ်တော်မူသောအခါ ကိုယ်တော်၏မေတ္တာသည် ကျွန်ုပ်တို့၏သဘောထားများ၊
စကားများနှင့် ဆက်ဆံရေးများကို သဘာဝအလျောက် စတင်ပုံဖော်ပေးသည်။
ဘုရားသခင်သည် လူများနိုင်သမျှ များစွာကို
ကယ်တင်လိုတော်မူသည်။ ကောင်းကင်နိုင်ငံသည် လူသားတို့အတွက်
ပြင်ဆင်ထားပြီးဖြစ်သော်လည်း ဘုရားသခင်သည် မိမိကိုယ်ကို ပေးဆက်သောမေတ္တာသည်
အရာအားလုံး လည်ပတ်နေသည့် အခြေခံသဘောတရားဖြစ်သော နိုင်ငံတော်တွင် မည်သူ့ကိုမျှ
အတင်းအကျပ် နေထိုင်စေမည်မဟုတ်ပါ။ ကောင်းကင်သည် ယေရှုရှိနေသောကြောင့်သာ
ဝမ်းမြောက်စရာဖြစ်သည်မဟုတ်ဘဲ ကိုယ်တော်၏စရိုက်လက္ခဏာက ကောင်းကင်တွင်
မည်သို့အသက်ရှင်၊ မည်သို့တွေးခေါ်၊ မည်သို့ချစ်ရမည်ကို သတ်မှတ်ပေးထားသောကြောင့်
ဝမ်းမြောက်စရာဖြစ်သည်။ ခရစ်တော်သည် ယခု ကျွန်ုပ်တို့၏နှလုံးသားများ၏
ဗဟိုချက်မဖြစ်လျှင် ကောင်းကင်ကိုယ်တိုင်ပင် အိမ်ကဲ့သို့ ခံစားရမည်မဟုတ်ပါ။
ခရစ်တော်သည် လုပ်ဆောင်ချက်များ ပြည့်စုံကောင်းမွန်ရန်ကို
စောင့်မျှော်နေတော်မူခြင်းမဟုတ်ဘဲ မေတ္တာ၌ ရင့်ကျက်လာခြင်းကို
စောင့်မျှော်နေတော်မူခြင်းဖြစ်သည်။ ထိုအရာမှာ ကိုယ်တော်၏ကိုယ်ကျိုးစွန့်သော
စရိုက်လက္ခဏာကို ကိုယ်တော်၏နောက်လိုက်များထဲတွင် တိတ်တဆိတ်၊ တည်ငြိမ်စွာ ထင်ဟပ်ဖော်ပြခြင်းဖြစ်သည်။
ထိုမေတ္တာသည် ကိုယ်တော်၏လူများကို ပြည့်ဝစေသောအခါ ထိုပုံတူသည် နောက်ဆုံးတွင်
ပြည့်စုံလာလိမ့်မည်။ ထို့နောက် ခရစ်တော်၏မေတ္တာဖြင့် ပြောင်းလဲခံရသော
အသက်တာများထဲတွင် ကိုယ်တော်၏အလှကို ကမ္ဘာကြီးက မြင်တွေ့သောအခါ
စိတ်နှလုံးအလိုရှိသမျှကို ရွေးနုတ်ရန် တောင့်တနေတော်မူသော ကယ်တင်ရှင်သည်
မိမိ၏သားသမီးများကို အိမ်သို့ စုသိမ်းရန် ကြွလာတော်မူလိမ့်မည်။
[၁] အယ်လင်ဂျီဝှိုက်၊ ခရစ်တော်၏ပုံဥပမာများ၊ ဝါရှင်တန်ဒီစီ၊
ရီဗျူးအန်ဟဲရယ် ပုံနှိပ်ထုတ်ဝေရေးအသင်း၊ ၁၉၀၀၊ ၁၉၄၁၊ စာမျက်နှာ ၆၉။
[၂] အယ်လင်ဂျီဝှိုက်၊ Signs of the
Times၊ ၁၈၉၄ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်။
[၃] အယ်လင်ဂျီဝှိုက်၊ ကုသခြင်းအမှုတော်၊ မောင်တိန်းဗျူး၊
ကယ်လီဖိုးနီးယား၊ ပစိဖိတ်ပရက်စ် ပုံနှိပ်ထုတ်ဝေရေးအသင်း၊ ၁၉၀၅၊ စာမျက်နှာ ၄၇၀။
[၄] အယ်လင်ဂျီဝှိုက်၊ ခရစ်တော်ထံသို့
ခြေလှမ်းများ၊ မောင်တိန်းဗျူး၊ ကယ်လီဖိုးနီးယား၊ ပစိဖိတ်ပရက်စ်
ပုံနှိပ်ထုတ်ဝေရေးအသင်း၊ ၁၉၅၆၊ စာမျက်နှာ ၇၇။
No comments:
Post a Comment