အခန်းကြီး - ၅၀
ကမ္ဘာဦးကျမ်း
မောရှေကျမ်း၏ပထမဆုံးစာအုပ်
ခေါင်းစဥ်
ဟေဗြဲကျမ်း၏ ခေါင်းစဉ်မှာ bereshith ဖြစ်ပြီး၊
"အစဦး၌" ဟု အဓိပ္ပာယ်ရ၏။ ၎င်းသည် ဟေဗြဲကျမ်းစာ၏ ပထမဆုံးစကားလုံးဖြစ်သည်။
စက်ကျူးဂျင့် Septuagint ဂရိ ဘာသာပြန်ကျမ်းတွင် geneseos ဟူသော
စကားလုံးကို အသုံးပြုထားပြီး၊ “မူလအစ” (၂:၄၊ ၅:၁) ဟု အဓိပ္ပာယ်ရသည်။
ထိုစကားလုံးကို ဗူးဂိတ် Vulgate လက်တင် ကျမ်းက
လက်ခံသုံးစွဲခဲ့ပြီး၊ နောက်ပိုင်းဘာသာပြန်ကျမ်းအများစု၏ ခေါင်းစဉ် ဖြစ်လာခဲ့သည်။
ကမ္ဘာဦးကျမ်းသည် ပင်တာတုခ် Pentateuch ဟုခေါ်သော
"ကျမ်းငါးစောင်" ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး၊ ဂျူးဘာသာနှင့်
ရှေးဦးခရစ်ယာန်များက ဤကျမ်းငါးစောင်ကို တစ်အုပ်တည်းအဖြစ် မှတ်ယူခဲ့ကြသည်။
ပင်တတုခ်ကျမ်းကို ဂျူးဘာသာ၌ တိုရာ torah (သို့)
ပညတ်တ္တိကျမ်း ဟူ၍လည်း သိကြပြီး၊ ၎င်းသည် ဖွဲ့စည်းပုံအားဖြင့် စည်းလုံးညီညွတ်သော
ကျမ်းစာတစ်စောင်ဖြစ်ကာ ယင်း၏ အခြေခံဇာတ်ကြောင်းမှာ ဘုရားသခင်၏လူမျိုးတော်
ခရီးသွားလာမှုဖြစ်ပြီး၊ ဝတ်ပြုရာကျမ်းသည် ထိုဖွဲ့စည်းပုံ၏ ဗဟိုချက်မအဖြစ်
တည်ရှိပါသည်။
စာရေးသူနှင့် ရေးသားချိန်
ကမ္ဘာဦးကျမ်းတွင် စာရေးသူကို
တိုက်ရိုက် ထင်ရှားစွာမဖော်ပြသော်လည်း၊ ဓမ္မသစ်ကျမ်းတွင် ရည်ညွှန်းထားသည့်အတိုင်း
(ဥပမာ - တ ၁၅:၁ တွင် အရေဖျားလှီးခြင်းကို "မောရှေ၏ထုံးတမ်း"ဟု
ရည်ညွှန်းထားခြင်း၊ ယော ၇:၂၂ ကိုလည်းရှုပါ) မောရှေနှင့် နီးနီးကပ်ကပ်
ဆက်စပ်နေပါသည်။ သမိုင်းတစ်လျှောက်လုံးတွင် ဂျူးနှင့် ခရစ်ယာန်
ကျမ်းပညာရှင်အများစုသည် မောရှေကို ပင်တတုခ်၏ စာရေးဆရာ/တည်းဖြတ်သူအဖြစ်
နားလည်သဘောပေါက်ခဲ့ကြသည်။ သို့ရာတွင် လွန်ခဲ့သည့် ရာစုနှစ် နှစ်ခုအတွင်း
ဆင်ခြင်တုံတရားဝါဒ (rationalism) ထွန်းကားလာမှုနှင့်အတူ
ဤနားလည်မှုကို စောဒကတက်လာခဲ့ကြသည်။ သမ္မာကျမ်းစာ၏ အဆင့်မြင့်ဝေဖန်ရေး (higher
criticism) ဟုခေါ်သော စာပေနည်းလမ်းကို အသုံးပြုသည့် ပညာရှင်များက
ပင်တတုခ်သည် ဘီစီ ၁၀ ရာစုမှ ဘီစီ ၅ ရာစုအတွင်း အမည်မသိ စာရေးဆရာများမှ
ရေးသားခဲ့သည့် အနည်းဆုံး မူကွဲလေးခုမှ ကောက်နုတ်ထားသော ရှုပ်ထွေးသည့် တည်းဖြတ်မှု
သမိုင်းကြောင်း၏ ရလဒ်တစ်ခုဖြစ်သည်ဟု အဆိုပြုခဲ့ကြသည်။
သမ္မာကျမ်းစာ၏ ကာလစဉ်ဖြစ်ရပ်များနှင့် ကမ္ဘာဦးကျမ်း၏
အတွင်းပိုင်းသက်သေအထောက် အထားများကို ထည့်သွင်းစဉ်းစားလျှင် ဤကျမ်း (ပင်တတုခ်၏
အခြားကျမ်းများနှင့်အတူ) သည် ဘီစီ ၁၅ ရာစုခန့်က မောရှေမှ ရေးသားခဲ့သည်မှာ
ပိုမိုဖြစ်နိုင်ခြေရှိပါသည်။ သို့ရာတွင် သူသည် ကမ္ဘာဦးကျမ်းပါ ဖြစ်ရပ်များ
(ဖန်ဆင်းခြင်း၊ အပြစ်တွင်ကျရှုံးခြင်း၊ ရေလွှမ်းမိုးခြင်း၊ ဘိုးဘေးဘီဘင်များ၏
ဖြစ်ရပ်များ)ကို မျက်မြင်သက်သေမဟုတ်သည့်အတွက်၊ ထိုဖြစ်ရပ်များကို ရေးသားရာတွင်
သူသည် ဘုရားသခင်၏ ဉာဏ်ပညာပေးခြင်းနှင့် ဗျာဒိတ်ရူပါရုံများကို ရရှိခြင်းအပြင်၊
စုဆောင်းထားသည့် ဖြစ်ရပ်မှန်ပုံပြင်များ၊ မျိုးရိုးစဉ်မှတ်တမ်းများ၊
အချက်အလက်မှတ်တမ်းများနှင့် ရိုးရာဓလေ့များကိုလည်း အသုံးပြုခဲ့သည်မှာ
ဖြစ်နိုင်ခြေအရှိဆုံးဖြစ်ပါသည်။
အကြောင်းအရာနှင့် အဓိကအချက်များ
ကမ္ဘာဦးကျမ်း၏ အဓိကအချက်များထဲမှတစ်ခုမှာ အစပြုခြင်းများ
ဖြစ်သည်။ ကမ္ဘာမြေ၊ ကောင်းကင်၊ အလင်း၊ အမှောင်၊ တိရစ္ဆာန်များ၊ အပင်များ၊
လူသားမျိုးနွယ်၊ ထိမ်းမြားခြင်း၊ ဥပုသ်နေ့၊ ပဋိညာဉ်မိသားစု၊ အပြစ်နှင့်
ကယ်တင်ခြင်း—ဤအရာအားလုံး၏ အစသည် ဤစာအုပ်တွင် အစဥ်အလိုက် မှတ်တမ်းတင်ထားသည်။
ကျမ်းတစ်အုပ်လုံးတွင် မျိုးရိုးစာရင်းများကို ဂရုတစိုက်
ထည့်သွင်းဖော်ပြခြင်းဖြင့်၊ စာဖတ်သူအား အစပြုခြင်း (မွေးဖွားခြင်း) နှင့် နောက်ထပ်
ဆက်လက်ဖြစ်ပေါ်မှု၏ အရေးပါပုံကို သတိပေးထားသည်။
ကမ္ဘာဦးကျမ်းသည် ကျမ်းစာ၏ ကျန်အပိုင်းများကို
နားလည်ရန်အတွက်လည်း အခြေခံအရေးပါသော ကျမ်းတစ်စောင်ဖြစ်သည်။ ဓမ္မဒသန (ဘုရားသခင်သည်
ဖန်ဆင်းရှင်နှင့် ကယ်တင်ရှင်ဖြစ်သည်)၊ လူသားဗေဒ (လူသားမျိုးနွယ်ကို မြေမှုန့်မှ
ဖန်ဆင်းထားပြီး မြေမှုန့်သို့ ပြန်လည်ရောက်ရှိမည်)၊ လူမှုဗေဒ (အိမ်ထောင်ရေး၊
မိသားစုအရေးနှင့် ပိုမိုကျယ်ပြန့်သော လူ့အဖွဲ့အစည်းကို နားလည်ခြင်း)၊ စကြဝဠာဗေဒ
(စကြဝဠာ၏ မူလအစနှင့်ပတ်သက်သော အယူအဆ)၊ နှင့် ကယ်တင်ခြင်းဗေဒ (ဖန်ဆင်းခြင်းနှင့်
အပြစ်ထဲကျခြင်းမှရသော အလင်းဖြင့် ကယ်တင်ခြင်းအစီအစဉ်ကို လေ့လာခြင်း) တို့သည်
ကမ္ဘာဦးကျမ်းမှ ရရှိသော အခြေခံအယူအဆအချို့ဖြစ်ပြီး၊ ကျမ်းစာ၏ ကျန်အပိုင်းများကို
နားလည်ရန် လိုအပ်သော အခြေခံများဖြစ်သည်။
ဖန်ဆင်းခြင်းနှင့် ပြန်လည်ဖန်ဆင်းခြင်းကို ဆက်စပ်ပေးသော
အခြားအရေးကြီးသည့် ဓမ္မဒသနတစ်ခုမှာ ဖရိုဖရဲဖြစ်မှု-စနစ်တကျဖြစ်မှု (disorder-order) သည်အဓိကအချက်တစ်ခု
ဖြစ် သည်။ ကမ္ဘာဦးကျမ်း ၁:၂ တွင် ကမ္ဘာမြေကို ဖရိုဖရဲဖြစ်နေသော အခြေအနေ
(“အဆင်းသဏ္ဍာန်မရှိ၊ လွတ်လပ်လဟာဖြစ်၏”) အဖြစ် ဖော်ပြထားသော်လည်း၊ ဘုရားသခင်၏
နှုတ်ကပတ်တော် သည် ကမ္ဘာလောကကို စနစ်တကျ ဖွဲ့စည်းပေးကာ ရုပ်ပိုင်းဆိုင်ရာနှင့်
အချိန်ကာလဆိုင်ရာ ပတ်ဝန်းကျင်ကို ဖန်တီးပေးခဲ့သည်။ သတ္တမနေ့ ဥပုသ်နေ့သည်
စနစ်တကျဖွဲ့စည်းထားပြီး သန့်ရှင်းသောအသက်တာ၏ အထွတ်အထိပ်ဖြစ်သည်။ သို့သော်၊
ကမ္ဘာဦးကျမ်း ၃ တွင် ဖော်ပြထားသော အပြစ်ထဲတွင်ကျရောက်ခြင်းဖြစ်ရပ်အရ၊
အပြစ်၏ဝင်ရောက်မှုသည် ကနဦးဖန်ဆင်းခြင်းစနစ်ကို ပြောင်းပြန်လှန်ပစ်ကာ ဖရိုဖရဲဖြစ်မှုကို
ဖန်တီးခဲ့ပြီး၊ ယောက်ျားနှင့်မိန်းမ (၃:၁၂) နှင့် ကျန်ဖန်ဆင်းခြင်းများ (၃:၁၅၊
၁၇–၁၉) ကို ထိခိုက်စေခဲ့သည်။ ဖရိုဖရဲဖြစ်မှုသည် ပထမဆုံးလူသေခြင်း (၄:၈)၊
လူသား၏ဆိုးယုတ်မှုကြောင့် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ရေလွှမ်းမိုးခြင်းဖြင့်
ကမ္ဘာကို အလုံးစုံနီးပါးဖျက်ဆီးခြင်း (အခန်းကြီး ၆–၉) တို့တွင်လည်း
ပို၍မြင်တွေ့နိုင်သည်။ ရေလွှမ်းမိုးခြင်းအပြီးတွင်ပင်၊ ဖရိုဖရဲဖြစ်မှုသည်
ဆက်လက်ရှင်သန်နေပြီး၊ ဘာသာစကားများကို ရှုပ်ထွေးစေကာ လူများကို ပြန့်ကျဲစေသော
ဘုရားသခင်၏ တရားစီရင်ခြင်း (၁၁:၁–၉) ကိုလည်း ထင်ရှားစွာတွေ့မြင်နိုင်သည်။
ကမ္ဘာဦးကျမ်းသည်
ကတိတော်များ စာအုပ်လည်းဖြစ်၏။ ကမ္ဘာဦးကျမ်း ၃:၁၅ တွင် စတင်ကာ၊ ဘုရားသခင်ဖက်မှ
အစပြုလှုပ်ရှားပြီး မိန်းမ၏ အမျိုးအနွယ် (သားစဉ်မြေးဆက်) နှင့်
မြွေ၏အမျိုးအနွယ်ကြား ပဋိပက္ခကို ဖြေရှင်းမည့် ကတိတော်ကို ပေးခဲ့သည်။ အလားတူ၊
ရေလွှမ်းမိုးခြင်းအပြီးတွင် ကာကွယ်ပေးမှုနှင့် ကောင်းချီးမင်္ဂလာဆိုင်ရာ
ဘုရားသခင်၏ ကတိတော်ကို ထည့်သွင်းပေးခဲ့သည် (၈:၂၁–၉:၁)။ အာဗြဟံနှင့်
သူ၏အမျိုးအနွယ်များအား ဘုရားသခင်၏ ရွေးချယ်ခြင်းနှင့် ပတ်သက်သော ကတိတော်များ
(၁၂:၁–၃၊ ၇၊ ၁၃:၁၅–၁၇၊ ၁၅:၇–၂၁၊ ၁၇:၄–၈၊ ၂၂:၁၆–၁၈၊ ၂၆:၂–၄၊ ၂၈:၁၃–၁၄) တို့သည်
ဖြစ်ရပ်ဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ပြီး၊ ထို့အပြင်
ထိုကတိတော်များသည် တရားဟောရာကျမ်းနှင့်လည်း ဆက်စပ်နေသည်။ ထိုကျမ်းတွင်
လူမျိုးတစ်ခုလုံးနှင့်ဆိုင်သော ကတိတော်များနှင့် ကျိန်ခြင်းများ ပါဝင်သည် (တရား
၂၈–၃၂)။ ကတိတော်များ၏ အရေးကြီးသော အစိတ်အပိုင်းများတွင် အမျိုးအနွယ်၊ မြေယာနှင့်
ဘုရားသခင်၏ လူမျိုးများအား တိုင်းနိုင်ငံများအတွက် ကောင်းချီးမင်္ဂလာ၏
အရင်းအမြစ်ဖြစ်စေရန် ရည်ရွယ်ချက် (က ၁၂:၃) တို့ ပါဝင်သည်။ ကမ္ဘာဦးကျမ်းရှိ
ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများသည် ဘုရားသခင်ကို ဗဟိုပြုထားပြီး၊
အခြေအနေပေါ်မှုတည်သည့် အရာများ ပါဝင်နေသော်လည်း၊ လူသား၏လုပ်ဆောင်မှုအပေါ်
လုံးဝမှီခိုနေခြင်းတော့ မဟုတ်ချေ။
ပဋိညာဉ်သဘောတရားသည် ကမ္ဘာဦးကျမ်းတစ်လျှောက်
ပျံ့နှံ့လျက်ရှိပြီး၊ ရေလွမ်းမိုးခြင်း အတ္ထုပ္ပတ္တိမှ စတင်မိတ်ဆက်ထားကာ (၆:၈၊
၉:၈–၁၇) အာဗြဟံနှင့်ပြုထားသော ပဋိညာဉ်တွင် (၁၅:၁၈၊ ၁၇:၂–၂၇) ပို၍တရားဝင်
ချဲ့ထွင်ဖော်ပြထားသည်။ ပဋိညာဉ်၏အဓိပ္ပာယ်မှာ ဘုရားသခင်၏ လူသားမျိုးနွယ်အပေါ်
ကတိသစ္စာပြုခြင်းပင်ဖြစ်သော်လည်း၊ ၎င်း၏ဖွံ့ဖြိုးတိုးတက်မှုသည် ယေဘုယျအဆင့်မှ
အထူးသီးသန့်အဆင့်သို့ တဖြည်းဖြည်း ပြောင်းလဲခဲ့သည်။
လက်တွေ့အဆင့်တွင်၊ ကိုယ်တိုင်ဘာသာရေးအားထုတ်မှု၊
ဆုတောင်းခြင်းနှင့် ကိုးကွယ်ခြင်းတို့သည် ကမ္ဘာဦးကျမ်းတွင် အရေးပါသော အခန်းကဏ္ဍမှ
ပါဝင်၏။ အာဗြဟံ၏ သားတစ်ယောက်ရရန် ဆုတောင်းခြင်း (၁၅:၁–၃)၊ ပျက်စီးမည့် သောဒုံနှင့်
ဂေါမောရမြို့များအတွက် ဆုတောင်းခြင်း (၁၈:၁၆–၃၃)၊ နှင့် ဘုရင်အဘိမလက်အတွက်
ဆုတောင်းခြင်း (၂၀:၇၊ ၁၇–၁၈) တို့သည် ယုံကြည်ခြင်းဆိုင်ရာ ကိုယ်တွေ့များ၏
ကောင်းသောဥပမာများဖြစ်သည်။ အာဗြဟံ၏ကျွန်ကလည်း ဆုတောင်းချက်ကို အဖြေရခဲ့သည်
(၂၄:၁၂–၁၄၊ ၂၆–၂၇၊ ၄၂–၄၄)၊ ထို့အတူ ဣဇက်သည် မြုံနေသော ရေဗက္ကအတွက်
ဆုတောင်းပြည့်ခဲ့သည် (၂၅:၂၁)။ အမျိုးသမီးများလည်း ကမ္ဘာဦးကျမ်းတွင်
ဆုတောင်းကြကြောင်း၊ လေအာ၏ သားသမီးရရန်နှင့် ခင်ပွန်း၏ချစ်ခြင်းမေတ္တာရရန်
ဆုတောင်းခြင်း (၂၉:၃၂–၃၃၊ ၃၀:၁၇)၊ နှင့် ရာခေလ၏ အလားတူဆုတောင်းခြင်း (၃၀:၂၂)
တို့ကို မြင်တွေ့နိုင်သည်။ ဤစာရင်းတွင် ဆုတောင်းချက်များစွာ ထပ်မံထည့်သွင်းနိုင်သည်။
ကမ္ဘာဦးကျမ်းလာ ဘုရားသခင်သည် သူဖန်ဆင်းထားသောသူတို့နှင့် ထိတွေ့ဆက်ဆံပြီး၊
ဆုတောင်းချက်များကို နားထောင်ကာ သူသတ်မှတ်ထားသော အချိန်တွင် အဖြေပေးတော်မူသည်။
လူသားများက ကိုးကွယ်ခြင်းဆိုင်ရာပြုမူမှုများဖြင့် တုံ့ပြန်ကြသည် (၈:၂၀အဆက်၊
၁၂:၇–၈၊ ၁၃:၄၊ ၁၈၊ ၁၄:၂၀၊ ၂၂:၉–၁၀၊ ၂၆:၂၅၊ ၃၅:၁၊ ၇၊ ၄၆:၁)။
ကမ္ဘာဦးကျမ်းသည် ကျမ်းစာဖတ်သူအား ဘုရားသခင်၏
စရိုက်လက္ခဏာနှင့် ပုန်ကန်သော လူသားမျိုးနွယ်အား ကိုင်တွယ်ဖြေရှင်းသည့် သူ၏
အစီအစဉ်ကို မိတ်ဆက်ပေးသည်။ သူသည် နှုတ်ကပတ်တော်အားဖြင့်လည်းကောင်း၊
လုပ်ဆောင်ချက်အားဖြင့်လည်းကောင်း ဖန်ဆင်းတော်မူပုံ၊ ဖန်ဆင်းရာတွင် တွေ့ရသော
ပုံစံအမျိုးမျိုး၊ သဏ္ဌာန်အမျိုးမျိုးနှင့် အရောင်အသွေးစုံလင်ခြင်းကို
နှစ်သက်တော်မူပုံတို့ကို ဖော်ပြထားသည်။ သတ္တမမြောက်နေ့ ဥပုသ်နေ့ကို အလုပ်အားလုံးမှ
အနားယူရန် အထိမ်းအမှတ်တစ်ခုအဖြစ်လည်းကောင်း၊ ဖန်ဆင်းရှင်နှင့် ဖန်ဆင်းခံတို့ကြား အတားအဆီးမရှိသော
ဆက်ဆံရေးအခွင့်အရေးတစ်ခုအဖြစ်လည်းကောင်း ဖန်ဆင်းပေးခြင်းအားဖြင့်
လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ စိတ်ဝင်စားမှုနှင့် စောင့်ရှောက်မှုကို
အလေးပေးဖော်ပြထားသည်။
ကမ္ဘာဦးကျမ်းတွင် ကျမ်းစာ၏ ကြီးမားသောပုံရိပ်ကို
မိတ်ဆက်ပေးသည့် အခြားအရေးကြီးသော အစိတ်အပိုင်းတစ်ခုမှာ အကောင်းနှင့်အဆိုးကြား
မဟာတိုက်လှန်ပွဲ ဖြစ်သည်။ ဤပဋိပက္ခသည် ကောင်းကင်မှ စတင်ဖြစ်ပွားခဲ့ပြီး (ဗျာ
၁၂:၇–၉)၊ နောက်ဆုံးတွင် ဤကမ္ဘာမြေသို့ ရောက်ရှိလာခဲ့သည်။ ဤအကျပ်အတည်းကို
ဘုရားသခင်၏ တုံ့ပြန်မှုမှာ သူ၏ပဋိညာဉ်ကို ကတိပြုခြင်းဖြစ်သည်။ ဤပဋိညာဉ်သည်
တစ်ဦးတစ်ယောက် သို့မဟုတ် မိသားစုတစ်စုအတွက်သာမက၊ လူမျိုးတိုင်းအတွက်
ကောင်းချီးမင်္ဂလာဖြစ်စေရန် ရည်ရွယ်သည်။ ကမ္ဘာဦးကျမ်း ၃:၁၅ တွင်
အရိပ်အမြွက်ပြထားသည့်အတိုင်း ယေရှုခရစ်တော်၏ လူ့ဇာတိခံယူခြင်းနှင့် စာတန်အား
အပြီးတိုင်အောင်နိုင်ခြင်းသည် ပြဿနာ၏ နောက်ဆုံးအဖြေ ဖြစ်ပါသည်။
ကမ္ဘာဦးကျမ်းနှင့် ဗျာဒိတ်ကျမ်းသည် ကျမ်းစာတစ်ခုလုံး၏
အစနှင့်အဆုံးကို ချိတ်ဆက်ပေးသော ကွင်းစကွင်းပိတ်တစ်ခုကဲ့သို့ ဖြစ်သည်။
ပျောက်ဆုံးသော ပရဒိသုဘုံနှင့် ပြန်လည် ထူထောင်သော ပရဒိသုဘုံကြားတွင်၊
ကယ်တင်ခြင်းစီမံကိန်းကို ဖွံ့ဖြိုးတိုးတက်စေပြီး၊ ဤအစီအစဉ်၏ ပိုမိုတိကျသောအသေးစိတ်များကို
ဆက်လက်ဖော်ပြသည်။ နောက်ဆုံးတွင်၊ ယေရှုခရစ်၏ မွေးဖွားခြင်း၊ ဘဝ၊ အသေခံခြင်း၊
ရှင်ပြန်ထမြောက်ခြင်းနှင့် ကောင်းကင်ဆိုင်ရာအမှုတော်ဆောင်ခြင်းတို့တွင် ဘုရားသခင်၏
မေတ္တာတော်နှင့် တရားမျှတမှုကို ထင်ရှားစွာပြသခဲ့သည်။
၁။ ရည်ရွယ်ချက်နှင့် စာပေဖွဲ့စည်းပုံ
ကမ္ဘာဦးကျမ်းသည်
စကြာဝဠာဆိုင်ရာ အမြင်မှ ပုဂ္ဂိုလ်ရေးနှင့် သီးခြားဆိုင်ရာအမြင်သို့
ထင်ရှားသောပြောင်းလဲမှုတစ်ခုဖြင့် သွင်ပြင်လက္ခဏာရှိပါသည်။ ကမ္ဘာဦးကျမ်း ၁:၁–၁၁:၂၆
တွင် ရှေးဟောင်းသမိုင်းကြောင်းကို အဓိကထားလျက် လူသားမျိုးနွယ်၏ မူလဇစ်မြစ်ကို
(ဤကမ္ဘာမြေ၏ဖန်ဆင်းခြင်း၊ ပြစ်မှားခြင်း၊ ကမ္ဘာလုံးဆိုင်ရာ ရေလွမ်းမိုးခြင်းနှင့်
လူများကွဲပြားခြင်းအပါအဝင်) ဖော်ပြထားပါသည်။ ကမ္ဘာဦးကျမ်း ၁၁:၂၇–၅၀:၂၆ တွင်
လူသားမျိုးနွယ်၏ ကျယ်ပြန့်သောပုံရိပ်ကို ဆက်လက်ဖော်ပြခြင်းထက် ဘိုးဘေးစဉ်ဆက်
သမိုင်းကြောင်းကို ဆက်လက်တင်ပြရင်း မိသားစုတစ်ခုတည်း၏ အတက်အကျများ၊
ကြီးထွားမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အပေါ် အာရုံစိုက်ထားပါသည်။ ဤအပိုင်းတွင်
စာသားသည် ပိုမိုတိကျပြီး၊ ပထဝီနှင့် သမိုင်းဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို
ပိုထင်ရှားစေသည်။
အခြားအရေးပါသောစာပေအင်္ဂါတစ်ရပ်မှာ တိုလေဒေါ့ toledoth ("မျိုးရိုးဇာတိ/သမိုင်း")
ဟူသော ဖော်ပြချက် သို့မဟုတ် ပုံသေနည်းဖြစ်ပြီး၊ ယင်းသည် ယေဘုယျအားဖြင့်
မျိုးရိုးဇာတိစာရင်းတစ်ခုနှင့် ဆက်စပ်နေပါသည်။ ကမ္ဘာဦးကျမ်း ၁:၁–၁၁:၂၆ တွင်
ဤကဲ့သို့သော ပုံသေနည်း ငါးခုပါရှိပြီး (၂:၄၊ ၅:၁၊ ၆:၉၊ ၁၀:၁၊ ၁၁:၁၀)၊ နောက်ထပ်
ခြောက်ခုကိုလည်း ဆက်လက်တွေ့ရမည်ဖြစ်သည် (၁၁:၂၇၊ ၂၅:၁၂၊ ၁၉၊ ၃၆:၁ [၃၆:၉
တွင်ထပ်မံသုံးထား]၊ ၃၇:၂)။ အရာရာတိုင်းတွင်၊ တိုလေဒေါ့ ပုံသေနည်းသည်
ကျယ်ပြန့်သောမျိုးရိုးဇာတိစာရင်းကို မိတ်ဆက်ပေးခြင်း သို့မဟုတ်
အဆုံးသတ်ပေးခြင်းဖြစ်စေ၊ အနည်းဆုံး မျိုးဆက်နှစ်ဆက်ပါဝင်သော ကနဦးအကျဉ်းချုပ်မျိုးရိုးဇာတိစာရင်းဖြင့်
ဇာတ်လမ်းတစ်ပုဒ်ကို မိတ်ဆက်ပေးခြင်းဖြစ်စေ၊ ပြုလုပ်ပါသည် (၆:၉၊ ၁၁:၂၇၊ ၂၅:၁၉)။
ဤပုံသေနည်းများ၏တည်နေရာများသည် ၎င်းတို့ကို အဓိကဇာတ်လမ်းများကြားရှိ
ဆက်သွယ်မှုများအဖြစ် အနုပညာဆန်ဆန် ထည့်သွင်းထားကြောင်း၊ ရှေးခေတ်လူ့အဖွဲ့အစည်းတွင်
အလွန်အရေးပါပြီး မူလဇစ်မြစ်ဆိုင်ရာကိစ္စနှင့် နီးကပ်စွာဆက်နွယ်နေသော
မျိုးရိုးဇာတိစာရင်းများ၏ အခြေခံအုတ်မြစ်ကို မိတ်ဆက်ပေးကြောင်း ညွှန်ပြနေပါသည်။
ကမ္ဘာဦးကျမ်းကို
ပင်တာတုခ် (ကျမ်းငါးစောင်) တစ်ခုလုံး၏ ကျယ်ပြန့်သောအကြောင်းအရာထဲ၌
ဖတ်ရှုနားလည်သင့်သည်။ အစပြုခြင်းကျမ်းသည် နောက်ကျမ်းများအတွက် အခြေခံအုတ်မြစ်ကို
ချပေးထားပြီး၊ ထိုကျမ်းများတွင် ဘုရားသခင်၏ ပဋိညာဉ်ခံလူမျိုးဖြစ်ရန် ရည်ရွယ်ထားသော
လူမျိုးတစ်စု၏ အသေးစိတ်အကြောင်းအရာများကို ပိုမိုအလေးထားဖော်ပြထားသည်။
ကျန်လေးကျမ်းတွင် သန့်ရှင်းသောလူ့အဖွဲ့အစည်းတွင် သန့်ရှင်းသောဘဝနေထိုင်နည်းနှင့် ပတ်သက်သော အကြောင်းအရာများကို
အဓိကထားဖော်ပြထားသည်။ ကမ္ဘာဦးကျမ်းနှင့် ထွက်မြောက်ရာကျမ်းကြား ဆက်စပ်မှုများသည်
စာသားဆိုင်ရာ ချိတ်ဆက်မှုများဖြင့် ပြည့်နှက်နေသည်။ ကမ္ဘာဦးကျမ်း အခန်းကြီး ၅၀
တွင် ယောသပ်၏ သေခြင်းနှင့် သူ၏အလောင်းကို မံမီသွင်းခြင်းအကြောင်း ဖော်ပြထားပြီး၊
ထွက်မြောက်ရာကျမ်း ၁:၁ တွင် အဲဂုတ္တုပြည်၌ ယာကုပ်၏ သားများ၏ အခြေအနေများ
လုံးဝပြောင်းလဲသွားပုံကို ဖော်ပြထားသည်။ ဣသရေလလူမျိုး၏ ကြီးထွားမှုကို ဖော်ပြသော
စကားလုံးများသည် ဖန်ဆင်းခြင်း (ထွက် ၁:၇၊ က ၁:၂၂၊ ၂၈)၊ နောဧအချိန်
ဖန်ဆင်းခြင်းအသစ် (က ၈:၁၇၊ ၉:၁၊ ၇)၊ နှင့် ဘိုးဘေးများအား ပေးထားသော ကတိတော်များ
(က ၁၇:၆၊ ၂၀၊ ၂၈:၃) တို့နှင့် ပြန်လည်ပဲ့တင်ထပ်နေပါသည်။
ကမ္ဘာဦးကျမ်း အကျဥ်းချုပ်
၁။
ရှေးခေတ်သမိုင်း - လူသားမျိုးနွယ်တစ်ရပ်လုံးကို အဓိကထားခြင်း (၁:၁–၁၁:၂၆)
က။ ဘုရားသခင်၏ စုံလင်သောဖန်ဆင်းခြင်း (၁:၁–၂:၂၅)
ခ။ လူသားမျိုးနွယ်၏ ကျရှုံးခြင်း (၃:၁–၂၄)
ဂ။ သေခြင်းတရား ဝင်ရောက်လာခြင်း (၄:၁–၂၆)
ဃ။ ချိတ်ဆက်မှု - အာဒံမှ နောဧအထိ
မျိုးရိုးစာရင်း (၅:၁–၃၂)
င။ ရေလွှမ်းမိုးခြင်းနှင့် ပဋိညာဉ် (၆:၁–၉:၂၉)
စ။ တိုင်းနိုင်ငံများ ပြန့်ကျဲခြင်း
(၁၀:၁–၁၁:၂၆)
၂။
ဘိုးဘေးများ၏သမိုင်း - မိသားစုတစ်စုကို အဓိကထားခြင်း (၁၁:၂၇–၅၀:၂၆)
က။ အာဗြဟံ၏ ဇာတ်ကြောင်း (၁၁:၂၇–၂၅:၁၈)
ခ။ ဣဇက်၏ ဇာတ်ကြောင်း (၂၅:၁၉–၂၆:၃၅)
ဂ။ ယာကုပ်၏ ဇာတ်ကြောင်း(၂၇:၁–၃၅:၂၉)
ဃ။ ဧသော၏ သားစဉ်မြေးဆက် (၃၆:၁–၄၃)
င။ ယောသပ်နှင့် သူ၏ညီအစ်ကိုများ (၃၇:၁–၅၀:၂၆)

No comments:
Post a Comment