အခန်း ၈၃—“ဧမောက်မြို့သို့
လျှောက်သွားခြင်း”
ဤအခန်းသည်
လုကာခရစ်ဝင် ၂၄း ၁၃-၃၃ ကို
အခြေခံထားပါသည်။
ရှင်ပြန်ထမြောက်သည့်နေ့၏
နေ့လယ်ခေါင်နောက်ပိုင်းတွင်၊ တပည့်တော်နှစ်ဦးသည် ယာေရုရှလင်မြို့မှ မိုင် ၈ ကွာဝေးသော
ဧမောက်မြို့ငယ်ဆီသို့ သွားကြရာလမ်း၌ ရှိနေကြသည်။ ဤတပည့်တော်များသည် ပသခါပွဲတော်ကို
ကျင်းပရန် ရောက်ရှိလာခဲ့ကြသူများဖြစ်ပြီး၊ ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာများကြောင့်
အလွန်အမင်း တွေဝေစိုးရိမ်လျက် ရှိနေခဲ့ကြသည်။ သူတို့သည် ခရစ်တော်၏ ကိုယ်ခန္ဓာကို
ယူဆောင်သွားခဲ့ခြင်းနှင့် ပတ်သက်သည့် သတင်းကိုလည်းကောင်း၊ ကောင်းကင်တမန်များကို
မြင်တွေ့ခဲ့ကြပြီး ယေရှုနှင့် တွေ့ဆုံခဲ့ကြကြောင်း အမျိုးသမီးများ၏
ပြောကြားချက်ကိုလည်းကောင်း ကြားသိခဲ့ကြရပြီး ဖြစ်သည်။ ယခုအခါတွင် မိတို့၏အိမ်သို့
ပြန်လာကြရင်း၊ သူတို့သည် တရားစွဲဆိုခြင်းနှင့် ကားစင်တင်အသတ်ခံရခြင်းတို့၏
မြင်ကွင်းများကို ဆွေးနွေးပြောဆိုနေကြသည်။ သူတို့သည် ဤမျှလောက်
စိတ်ပျက်အားငယ်ဖူးခြင်း လုံးဝ မရှိခဲ့ကြပေ။
သူတို့၏ ခရီးလမ်းတွင်
သူစိမ်းတစ်ဦးက သူတို့နှင့် လာရောက်ပူးပေါင်းခဲ့သော်လည်း၊ သူတို့သည် မိတို့၏
ဝမ်းနည်းပူဆွေးမှုတွင် အလွန်အမင်း နှစ်မြုပ်နေကြသဖြင့် ထိုသူကို သေချာစွာ
မစောင့်ကြည့်မိကြပေ။ သူတို့သည် ၎င်းတို့၏ နှလုံးသားထဲရှိ အတွေးများကို
ဆက်လက်ထုတ်ဖော်ပြောဆိုနေကြပြီး၊ နားမလည်နိုင်ကြသေးသကဲ့သို့ ရှိနေကြသော ခရစ်တော်
ပေးခဲ့သည့် သင်ခန်းစာများနှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေးနေကြသည်။ ယေရှုသည်
သူတို့ကို နှစ်သိမ့်ပေးလိုစိတ် အလွန်ပြင်းပြနေခဲ့သည်။ ဤမျှလောက် အရှက်ကွဲခြင်းကို
ခံခဲ့ရသော ဤသူသည် တကယ်ပင် ခရစ်တော် ဖြစ်နိုင်ပါမည်လော ဟူသော အတွေးကို သူတို့၏
စိတ်နှလုံးထဲသို့ ဝင်ရောက်လာစေခဲ့သည့် တစ်ခုနှင့်တစ်ခု ဆန့်ကျင်နေပြီး
တွေဝေစိုးရိမ်ဖွယ်ရာ အယူအဆများကို ကိုယ်တော် နားလည်တော်မူခဲ့သည်။ သူတို့သည်
ငိုကြွေးနေကြသည်။ ယေရှုသည် သူတို့၏ မျက်ရည်များကို သုတ်သင်ပေးပြီး
ဝမ်းမြောက်ခြင်း၊ ရွှင်လန်းခြင်းတို့ဖြင့် သူတို့၏ စိတ်နှလုံးကို ဖြည့်ဆེးပေးလိုတော်မူခဲ့သည်။ သို့သော်
ကိုယ်တော်သည် သူတို့ အစဉ်တစိုက် မေ့လျော့မည်မဟုတ်သော သင်ခန်းစာများကို ဦးစွာ
ပေးအပ်ရမည် ဖြစ်သည်။
“ကိုယ်တော်ကလည်း၊ သင်တို့သည်
လမ်းလျှောက်လျက် အချင်းချင်း အဘယ်အရာများကို အပြန်အလှန် ဆွေးနွေးပြောဆို၍
မျက်နှာငယ်လျက် ရှိကြသနည်းဟု မေးတော်မူ၏။ ထိုသူတို့တွင် ကလိယောပုဟု အမည်တွင်သောသူက
ပြန်၍၊ ကိုယ်တော်သည် ယာေရုရှလင်မြို့၌ ဧည့်သည်တစ်ဦးသာ ဖြစ်၍၊ ဤရက်ပိုင်းအတွင်း
ထိုမြို့၌ ဖြစ်ပျက်ခဲ့သမျှသော အရာများကို မသိဘဲ နေသလောဟု လျှောက်၏။” သူတို့သည်
ဘုရားသခင်ရှေ့တော်နှင့် လူအပေါင်းတို့ရှေ့တော်၌ “အလုပ်အကိုင်နှင့်
စကားပြောဆိုမှုတို့တွင် တန်ခိုးနှင့်ပြည့်စုံသော ပရောဖက်တစ်ပါး” ဖြစ်သည့်
မိမိတို့၏ ဆရာနှင့်ပတ်သက်သော စိတ်ပျက်အားငယ်ရမှုကို ကိုယ်တော်အား ပြောပြကြပြီး၊
“ပင်မ ပုရောဟိတ်များနှင့် ကျွန်ုပ်တို့၏ အကြီးအကဲများသည် ကိုယ်တော်ကို သေဒဏ်ချမှတ်ရန်
အပ်နှံခဲ့ကြပြီး ကားစင်တင် အသတ်ခဲ့ကြပါပြီ” ဟု လျှောက်တင်ကြသည်။ တုန်လှုပ်နေသော
နှုတ်ခမ်းများဖြင့် သူတို့က၊ “ဤသူသည် ဣသရေလအမျိုးကို ရွေးနှုတ်မည့်သူ
ဖြစ်လိမ့်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ခဲ့ကြပါသည်၊ ဤအရာများ ဖြစ်ပျက်ခဲ့သည်မှာ
ယနေ့ဆိုလျှင် သုံးရက်မြောက်ရှိပြီ ဖြစ်ပါသည်” ဟု ထပ်လောင်း ပြောဆိုကြသည်။
သူတို့သည် ခရစ်တော်၏
စကားများကို မအမှတ်ရကြခြင်းနှင့် တတိယမြောက်နေ့တွင် ကိုယ်တော်
ရှင်ပြန်ထမြောက်မည်ဟု ကိုယ်တော် ကြိုတင်ဟောကြားခဲ့သည်ကို မသိရှိကြခြင်းမှာ
အံ့သြစရာပင် ဖြစ်သည်။ ပုရောဟိတ်များနှင့် အကြီးအကဲများကမူ မမေ့ကြပေ။
ကိုယ်သဏ္ဌာန်ဖျောက်ထားလျက်ရှိသော
ယေရှုက ကျမ်းစာများကို ရှင်းပြခြင်း
“ထိုအခါ ကိုယ်တော်က၊ အို လူမိုက်တို့၊
ပရောဖက်များ ဟောပြောသမျှသော အရာများကို ယုံကြည်ရန် နှလုံးနှေးကွေးသောသူတို့၊
ခရစ်တော်သည် ဤဒုက္ခဆင်းရဲများကို ခံစားရမည်ဖြစ်ပြီးမှ မိမိ၏ ဘုန်းတော်ထဲသို့ ဝင်စားရမည်
မဟုတ်လောဟု မိန့်ဆိုတော်မူ၏။” ဤမျှလောက် စေတနာထက်သန်မှုနှင့် စာနာမှုတို့ဖြင့်
စကားပြောဆိုနေသူမှာ မည်သူ ဖြစ်နိုင်မည်နည်း။ ပထမဆုံးအကြိမ်အဖြစ် သူတို့သည်
မျှော်လင့်ချက် ရှိလာသကဲ့သို့ ခံစားလာကြရသည်။ သူတို့သည် မိတို့၏ ခရီးဖော်ကို
စူးစူးစိုက်စိုက် မကြာခဏ ကြည့်ရှုခဲ့ကြပြီး၊ သူ၏စကားများသည် ခရစ်တော်
မိန့်ဆိုခဲ့မည့် စကားများအတိုင်းပင် ဖြစ်သည်ဟု တွေးတောခဲ့ကြသည်။
သမ္မာကျမ်းစာ
သမိုင်း၏ အစပျိုးရာဖြစ်သော မောရှေ၏ ကျမ်းစာမှစတင်လျက်၊ ခရစ်တော်သည် သမ္မာကျမ်းစာ
တစ်ခွင်လုံးတွင် မိမိနှင့်ပတ်သက်သော အရာများကို ရှင်းလင်းဖော်ပြပေးတော်မူခဲ့သည်။
ကိုယ်တော်သည် မိမိမည်သူဖြစ်ကြောင်းကို အစောပိုင်းကတည်းက သတိပေးဖော်ပြခဲ့ပါက
သူတို့သည် အခြားမည်သည့်အရာကိုမျှ ငတ်မွတ်တောင့်တကြမည် မဟုတ်ပေ။ သို့သော်
သူတို့အနေဖြင့် ဟောင်းနွမ်းသော ဓမ္မဟောင်းကျမ်း၏ ပုံဥပမာများနှင့်
ပရောဖက်ပြုချက်များကို နားလည်သဘောပေါက်ရန် လိုအပ်ပေသည်။ ဤအရာများပေါ်တွင် သူတို့၏
ယုံကြည်ခြင်း တည်ဆောက်ထားရမည် ဖြစ်သည်။ ခရစ်တော်သည် သူတို့ကို ယုံကြည်လာစေရန်
အံ့ဖွယ်နိမိတ်များကို ပြုလုပ်ပြခြင်း မရှိခဲ့ပေ၊ ကျမ်းစာများကို ရှင်းပြရန်မှာ
ကိုယ်တော်၏ ပထမဆုံး လုပ်ဆောင်ချက် ဖြစ်သည်။ ကိုယ်တော်၏ သေဆုံးခြင်းသည် သူတို့၏
ယုံကြည်ခြင်းအတွက် အခိုင်မာဆုံးသော သက်သေအထောက်အထား ဖြစ်ကြောင်း
ပရောဖက်ကျမ်းများမှတစ်ဆင့် ကိုယ်တော် ပြသပေးခဲ့သည်။
ယေရှုသည် မိမိ၏
မစ်ရှင်အတွက် သက်သေခံချက်တစ်ခုအနေဖြင့် ဓမ္မဟောင်းကျမ်း၏ အရေးပါပုံကို
ပြသပေးခဲ့သည်။ ကယ်တင်ရှင်ကို ဓမ္မသစ်ကျမ်းတွင်ကဲ့သို့ပင် ဓမ္မဟောင်းကျမ်း၌လည်း
ရှင်းလင်းစွာ ဖော်ပြထားသည်။ ပရောဖက်ပြုချက်များပြည့်နှက်နေသော အတိတ်ကာလမှ
အလင်းရောင်သည် ခရစ်တော်၏ အသက်တာနှင့် ဓမ္မသစ်ကျမ်း၏ သင်ခန်းစာများကို
ရှင်းလင်းလှပစွာ ထင်ရှားစေသည်။ ခရစ်တော်၏ အံ့ဖွယ်နိမိတ်များထက် ပိုမိုခိုင်မာသော
သက်သေကို ဓမ္မဟောင်းကျမ်း၏ ပရောဖက်ပြုချက်များနှင့် ဓမ္မသစ်ကျမ်း၏
သမိုင်းကြောင်းတို့ကို နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် တွေ့ရှိရသည်။
လူတို့၏
ဆန္ဒများနှင့်အညီ မိမိ၏ ပလ္လင်နှင့် နိုင်ငံတော် အာဏာကို သိမ်းပိုက်မည့် မေရှိယကို
တပည့်တော်တို့ မျှော်လင့်ခဲ့ကြခြင်းသည် လမ်းမှားသို့ ရောက်စေခဲ့သည်။ ခရစ်တော်၏
တပည့်တော်များသည် ကိုယ်တော်အတွက် ခွဲဝေပေးထားခဲ့သော ဆင်းရဲဒုက္ခခွက်နှင့် ပတ်သက်၍
နားလည်သဘောပေါက်ကြရမည် ဖြစ်သည်။ ဤကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲကြီးသည်
ကမ္ဘာမြေကြီး တည်ထောင်ခြင်းမတိုင်မီက ပြုလုပ်ခဲ့သော ပဋိညာဉ်၏ ပြည့်စုံခြင်းပင် ဖြစ်ကြောင်း
ကိုယ်တော် ပြသပေးခဲ့သည်။ အပြစ်တရားတွင် ဆက်လက်ကျင်လည်နေလျှင် တရားလွန်ကျူးသူတိုင်း
သေဆုံးရမည့်နည်းတူ၊ ခရစ်တော်သည်လည်း သေဆုံးရမည် ဖြစ်သည်။ ဤအရာအားလုံး
ဖြစ်ပျက်ရမည်ဖြစ်သော်လည်း၊ ရှုံးနိမ့်ခြင်းဖြင့် ပြီးဆုံးသွားမည် မဟုတ်ဘဲ
ဘုန်းအသရေနှင့်ပြည့်စုံသော အောင်ပွဲဖြင့် ပြီးဆုံးရမည် ဖြစ်သည်။ လောကကြီးကို
အပြစ်တရားမှ ကယ်တင်ရန်အတွက် ကြိုးပမ်းအားထုတ်မှုမှန်သမျှကို
ပြုလုပ်ရမည်ဖြစ်ကြောင်း ယေရှု သူတို့အား မိန့်ဆိုခဲ့သည်။ ကိုယ်တော်၏
နောက်လိုက်များသည် ကိုယ်တော် ရှင်သန်ခဲ့သည့်အတိုင်း ရှင်သန်ရမည်ဖြစ်ပြီး၊
မလျှော့သော ဇွဲလုံ့လဖြင့် ကိုယ်တော် လုပ်ဆောင်ခဲ့သည့်အတိုင်း လုပ်ဆောင်ကြရမည်
ဖြစ်သည်။
ဤကဲ့သို့ဖြင့်
ခရစ်တော်သည် တပည့်တော်များ ကျမ်းစာကို နားလည်နိုင်စေရန်အတွက် ၎င်းတို့အား
ဟောပြောဆုံးမခဲ့သည်။ ယာေရုရှလင်မြို့ ဖျက်ဆီးခံရမည့်အကြောင်းကို ကိုယ်တော်
မိန့်ဆိုသောအခါ၊ သူတို့သည် ပျက်စီးခြင်းသို့ ရောက်မည့် မြို့ကို ငိုကြွေးလျက်
ကြည့်ရှုခဲ့ကြသည်။ သို့သော် သူတို့၏ ခရီးဖော်မှာ မည်သူဖြစ်ကြောင်းကို သူတို့ လုံးဝ
မရိပ်မိကြသေးပေ၊ အကြောင်းမှာ ခရစ်တော်သည် အခြားသူတစ်ဦးအဖြစ် ဟန်ဆောင်လျက်
မိမိကိုယ်ကို ရည်ညွှန်းပြောဆိုခဲ့သောကြောင့် ဖြစ်သည်။ ကိုယ်တော်သည်
သူတို့ကဲ့သို့ပင် ကြမ်းတမ်းသော ကျောက်တုံးများပေါ်တွင် သတိကြီးစွာဖြင့်
လျှောက်လှမ်းခဲ့ပြီး၊ တစ်ခါတစ်ရံတွင် ခဏတာ အနားယူရန် သူတို့နှင့်အတူ
ရပ်တန့်ခဲ့သည်။
သူတို့၏
နှလုံးသားများသည် ထိုသူစိမ်းဆီသို့ ဆွဲငင်ခြင်း ခံခဲ့ရသည်
ခရီးသွားလာနေစဉ်အတွင်း
နေဝင်သွားခဲ့ပြီး လယ်ကွင်းထဲရှိ အလုပ်သမားများသည်လည်း ၎င်းတို့၏ လုပ်ငန်းခွင်မှ
ထွက်ခွာသွားကြပြီ ဖြစ်သည်။ တပည့်တော်များသည် မိမိတို့၏ အိမ်သို့
ဝင်ရောက်တော့မည့်ဆဲဆဲတွင်၊ ထိုသူစိမ်းသည် မိမိ၏ ခရီးကို
ဆက်လက်သွားရောက်မည့်ဟန်ဖြင့် ပြုမူခဲ့သည်။ သို့သော် တပည့်တော်များသည် ကိုယ်တော်ထံမှ
ပိုမိုများပြားသော တရားစကားများကို ကြားနာလိုစိတ် အလွန်ပြင်းပြနေခဲ့ကြသည်။
“ကျွန်ုပ်တို့နှင့်အတူ နေတော်မူပါ” ဟု သူတို့ တိုက်တွန်းခဲ့ကြသည်။ ကိုယ်တော်သည်
ဖိတ်ကြားချက်ကို လက်ခံမည့်ပုံမပေါ်ခဲ့သော်လည်း၊ သူတို့က အတင်းအကျပ်
တောင်းဆိုခဲ့ကြသည်။ “ညဉ့်ချောက်လာပြီ၊ နေ့အချိန်လည်း ကုန်လွန်ခါနီးပြီ ဖြစ်ပါသည်”
ဟု ဆို၏။ ခရစ်တော်သည် ဤတောင်းဆိုမှုကို ငြင်းပယ်မနေဘဲ “သူတို့နှင့်အတူ တည်းခိုရန်
ဝင်သွားတော်မူ၏။”
တပည့်တော်များသည်
မိမိတို့၏ ဖိတ်ကြားမှုကို အတင်းအကျပ် မပြုလုပ်ခဲ့ကြပါက၊ မိတို့၏ ခရီးဖော်မှာ
ရှင်ပြန်ထမြောက်တော်မူသော သခင်ဘုရား ဖြစ်ကြောင်းကို သူတို့ သိရှိကြလိမ့်မည်
မဟုတ်ပေ။ ခရစ်တော်သည် မည်သည့်အခါမျှ မိမိ၏ အဖော်ပြုမှုကို မည်သူ့အပေါ်တွင်မျှ
အတင်းအကျပ် မပြုလုပ်တတ်ပေ။ အနိမ့်ကျဆုံးသော အိမ်သို့ပင် ဝမ်းမြောက်စွာ
ဝင်ရောက်တော်မူမည်ဖြစ်သော်လည်း၊ လူတို့က မိမိတို့နှင့်အတူ နေထိုင်ရန် တောင်းဆိုရန်အတွက်
အလွန်အမင်း ဂရုမစိုက်ဘဲ လျစ်လျူရှုနေကြမည်ဆိုပါက၊ ကိုယ်တော်သည်
ဆက်လက်ထွက်ခွာသွားတတ်သည်။
ရိုးရှင်းသော
ညစာစားပွဲကို မကြာမီ ပြင်ဆင်ပြီး ဧည့်သည်တော်၏ ရှေ့တွင် တည်ခင်းပေးခဲ့ကြရာ၊
ဧည့်သည်တော်သည် စားပွဲ၏ ဦးခေါင်းပိုင်းတွင် ထိုင်တော်မူခဲ့သည်။ ယခုအခါတွင်
ကိုယ်တော်သည် မိမိ၏ ဆရာတော် အမြဲတမ်း ပြုလုပ်တတ်သည့်အတိုင်း အစားအစာကို
ကောင်းကြီးပေးရန် လက်တော်တို့ကို ဆန့်ထုတ်ခဲ့သည်။ တပည့်တော်များသည် အံ့အားသင့်လျက်
လန့်ဖြန့်သွားကြသည်။ သူတို့သည် ထပ်မံကြည့်ရှုကြရာ ကိုယ်တော်၏ လက်တော်များတွင်
သံမှိုရာများကို မြင်တွေ့လိုက်ရသည်။ နှစ်ဦးစလုံးက၊ ဤသူမှာ သခင်ယေရှု ဖြစ်သည် ဟု
ဟစ်ကြွေးကြလေသည်။
သူတို့သည်
ကိုယ်တော်၏ ခြေတော်ရင်းတွင် ပျပ်ဝပ်ရန် ထရပ်ကြသော်လည်း၊ ကိုယ်တော်မှာ
ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။ သူတို့သည် မကြာသေးမီကမှ သင်္ချိုင်းတွင်း၌
လျောင်းစက်ခဲ့ရသော ကိုယ်ခန္ဓာပိုင်ရှင် ထိုင်ခဲ့သည့် နေရာကို ကြည့်ရှုကြပြီး၊
“လမ်းခရီးတွင် ကိုယ်တော်သည် ကျွန်ုပ်တို့နှင့် စကားပြောဆိုနေစဉ်၊ ကျွန်ုပ်တို့အား
ကျမ်းစာများကို ဖွင့်ပြပေးနေစဉ်အတွင်း ကျွန်ုပ်တို့၏ နှလုံးသားများသည် ရင်ထဲတွင်
ပူလောင်လျက် မရှိကြသလော” ဟု အချင်းချင်း ပြောဆိုကြသည်။
ဤကြီးမားသော
သတင်းကို ဆက်သွယ်ပြောကြားရန်အတွက် သူတို့၏ ပင်ပန်းနွမ်းနယ်မှုနှင့်
ဆာလောင်မှုတို့မှာ ပျောက်ကွယ်သွားခဲ့ကြပြီ ဖြစ်သည်။ သူတို့သည် စားလက်စ ညစာကို
မစားဘဲထားခဲ့ကြပြီး၊ မြို့တော်ရှိ တပည့်တော်များထံသို့ အကြောင်းကြားရန်အတွက်
မိတို့ လာခဲ့ကြသည့် လမ်းအတိုင်းပင် အပြေးအလွှား ပြန်သွားကြသည်။ သူတို့သည်
မတ်စောက်သော နေရာများကို ကျော်တက်ကြကာ၊ ချောမွတ်သော ကျောက်တုံးများပေါ်တွင်
ချော်လဲလျက်၊ မိတို့ ဝံ့ရဲသည်ထက် ပို၍ အမြန်သွားလိုစိတ်ဖြင့် ပြေးသွားကြသည်။
သူတို့သည် လမ်းမှားသွားခဲ့ကြသော်လည်း လမ်းကို ပြန်တွေ့ခဲ့ကြသည်။ တစ်ခါတစ်ရံ ပြေးလိုက်၊
တစ်ခါတစ်ရံ ယိုင်လဲလိုက်ဖြင့် သူတို့သည် ရှေ့သို့ တိုးသွားကြပြီး၊ မမြင်နိုင်သော
သူတို့၏ ခရီးဖော်သည်လည်း လမ်းတစ်လျှောက်လုံးတွင် သူတို့၏ ဘေးနား၌ ပါရှိနေခဲ့သည်။
ညအချိန်သည်
မှောင်မိုက်နေခဲ့သော်လည်း၊ ဖြောင့်မတ်ခြင်းနေမင်းကြီးသည် သူတို့အပေါ်တွင်
ထွန်းလင်းတောက်ပနေခဲ့သည်။ သူတို့သည် ကမ္ဘာသစ်တစ်ခုထဲသို့ ရောက်ရှိနေကြသကဲ့သို့
ခံစားနေကြရသည်။ ခရစ်တော် ရှင်ပြန်ထမြောက်ပြီ—ဤစကားကို သူတို့သည် အခါခါ
ပြန်လည်ပြောဆိုနေကြသည်။ သူတို့သည် ဝမ်းနည်းပူဆွေးနေကြသူများအား ဧမောက်မြို့သို့
လျှောက်သွားခြင်း၏ အံ့မခန်းဖွယ်ရာ အကြောင်းအရာကို ပြောပြကြရမည် ဖြစ်သည်။
လမ်းခရီးတွင် မည်သူက သူတို့နှင့် လာရောက်ပူးပေါင်းခဲ့သည်ကို သူတို့ ပြောပြကြရမည်
ဖြစ်သည်။ သူတို့သည် ယခုအထိ ပေးအပ်ခဲ့ဖူးသမျှထဲတွင် အကြီးမားဆုံးသော သတင်းစကားကို
သယ်ဆောင်လာခဲ့ကြသည်—ထိုသတင်းစကားမှာ လူသားမျိုးနွယ်၏ ပစ္စုပ္ပန်နှင့် ထာဝရကာလအတွက်
မျှော်လင့်ချက်များ တည်မှီနေသည့် ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်းပင် ဖြစ်ပေသည်။
No comments:
Post a Comment