အခန်း - ၁၇။ ဝတ်ပြုခြင်းအစီအစဉ်များ၌ပါဝင်ကူညီဆက်ကပ်ပေးခြင်း၊ ဧည့်ကြိုအဖြစ်လုပ်ဆောင်ခြင်း၊ ဥပုသ်စာဖြေကျောင်းအချိန်၊ နေ့လည်တရားဟောစည်းဝေး၊ လူငယ်လူရွယ်အစီအစဉ်၊ ရက်သတ္တပတ်အလယ်ဆုတောင်းစည်းဝေး၊ ဈာပနအစီအစဉ်များ၊ ရေနှစ်ခြင်းမင်္ဂလာအစီအစဉ်
အခန်း - ၁၈။ သန့်ရှင်းသောပွဲတော်မင်္ဂလာ ခြေဆေးခြင်းမင်္ဂလာ (သခင်၏ညစာ) ပွဲတော်မင်္ဂလာ အသင်းသားနည်းသောအသင်းတော်များအတွက် - ဦးဆောင်ပါဝင်သူများ - ကျင်းပပုံအဆင့်ဆင့် - ပွဲတော်မင်္ဂလာစည်းကမ်း အသင်းသားမနည်းမများရှိသောအသင်းတော်များအတွက် - ဦးဆောင်ပါဝင်သူများ - ကျင်းပပုံအဆင့်ဆင့် * သခင်ဘုရား၏ညစာ (ပွဲတော်မင်္ဂလာ) ကျင်းပခြင်း ပြုလုပ်ပုံအစီအစဉ် ပြန်လည်သတိရအောက်မေ့ရန်အချက်များ ဖျားနာနေသူများနှင့်အိမ်ပြင်မထွက်နိုင်သူများအတွက် သခင်ဘုရား၏ညစာ (ပွဲတော်မင်္ဂလာ) * သန့်ရှင်းသောပွဲတော်အုပ်နှင့်ခြေဆေးခြင်းမင်္ဂလာအတွက် အသုံးအဆောင်ပစ္စည်းများကိုစီမံထားရှိခြင်း ပွဲတော်တင်စားပွဲအဝတ်တော်ဖွင့်ခြင်းနှင့်ဖုံးအုပ်ခြင်း အဝတ်တော်ဖွင့်ခြင်း အဝတ်တော်ကိုပြန်ဖုံးအုပ်ခြင်း * လတ်ဆတ်သောမုန့်နှင့်ကစော်မပေါက်သောစပျစ်ရည်သစ် ပြင်ဆင်နည်း ပွဲတော်မုန့်ပြုလုပ်နည်း ကစော်မပေါက်သောစပျစ်ရည်ပြင်ဆင်နည်း * သခင်၏ညစာစားပွဲ (ပွဲတော်မင်္ဂလာ) အတွက်နေရာ ချထားခြင်းပုံစံ အ သင်းသားနည်းသောအသင်းတော် အ သင်းသားမနည်းမများနှင့်အသင်းတော်ကြီးများ အတွက်နေရာပြင်ဆင်ပေးပုံ အသင်းထောက်များပရိသတ်ကို မုန့်နှင့်စပျစ်ရည်ဝေရန်ဇယား - အသင်းသားနည်းသောအသင်းတော် အသင်းသားမနည်းမများနှင့်အသင်းတော်ကြီးများ အတွက်ပုံစံ * သခင့်ညစာစားပွဲ (ပွဲတော်မင်္ဂလာ) အတွက်အစီအစဉ် အဆုံးသတ်ပုံ၊ ပုံစံဇယား အသင်းသားနည်းသောအသင်းတော် အသင်းသားမနည်းမများနှင့်အသင်းတော်ကြီးများ အတွက်ပုံစံ
အခန်း (၁၇)
ဝတ်ပြုခြင်းအစီအစဉ်များ၌ပါဝင်ကူညီဆက်ကပ်ပေးခြင်း
အသင်းထောက်နှင့် အသင်းထောက်မယ်တို့၏ တာဝန်သည် အမျိုးစုံလှ သည်။ သူတို့၏အရည်အချင်းများသည် အမျိုးစုံလှပါသည်။
အသင်းတော်လက်စွဲမှ အောက်ပါအသင်းထောက်၊ အသင်းထောက်မယ် များ၏ တာဝန်ကို ရေးသားထားပါသည်။ (၁) ဝတ်ပြုခြင်းနှင့်အစည်းအဝေးများ တွင် ကူညီလုပ်ဆောင်ပေးခြင်း၊ (၂) အသင်းသားများထံလည်ပတ်ခြင်း၊ (၃) ရေ နှစ်ခြင်းမင်္ဂလာအတွက်ပြင်ဆင်ပေးခြင်း၊ (၄) ပွဲတော်မင်္ဂလာအတွက် ကူညီပေး ခြင်း၊ (၅) ဖျားနာသူ၊ ဆင်းရဲသူများကိုကူညီမစပေးခြင်း၊ (၆) အသင်းတော်ပိုင် ပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့ဖြစ်သည်။
ဧည့်ကြိုအဖြစ်လုပ်ဆောင်ခြင်း
ဝတ်ပြုခြင်းအစီအစဉ်နှင့် စည်းဝေးပွဲများတွင် ကြိုဆိုရေးတာဝန်အဖြစ် ကူညီလုပ်ဆောင်ခြင်း၌ “ဘုရားကျောင်း၌ ဝတ်ပြုခြင်းအစီအစဉ်မှာ အသင်း ထောက်များအနေဖြင့် ဧည့်သည်များကို ကြိုဆိုနှုတ်ဆက်ပြီး ဘုရားကျောင်း အတွင်း နေရာလွတ်ထိုင်ခုံများသို့ ပို့ဆောင်နေရာချပေးလေ့ရှိသည့် အသင်းအုပ် ဆရာ နှင့်အသင်းလူကြီးများကိုကူညီရန်အတွက်လည်း အဆင်သင့်အမြဲရှိနေပြီး ဘုရားကျောင်းအတွင်း ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်အဆင်ပြေပြီး အထစ် အငေါ့မရှိစေရန်အတွက်ဖြစ်သည်။ ထိုတာဝန်ကိုအသင်းထောက် အထူးသဖြင့် အသင်းထောက်မယ်များကို ခန့်အပ်ပေးမည်ဆိုလျှင် ပထမရာစုနှစ်မှ ပဉ္စမရာစု နှစ်အထိ ခရစ်ယာန်အသင်းတော်များ၏လုပ်ထုံးလုပ်နည်းနှင့်တူညီနေပါသည်။
“ရီလေ” ၏ အဆိုပြုချက်ကို ကျွန်တော်ပြန်ပြီးတင်ပြချင်ပါသည်။ အသင်း တော်စည်းမျဉ်း၊ သွန်သင်ချက်နှင့် ဝတ်ပြုခြင်းကဏ္ဍဆိုင်ရာ တမန်တော်များ ခေတ်ဖွဲ့စည်းပုံစာအုပ်မှ ကောက်နုတ်ထားသည်။ ပထမရာစုနှစ် (၅) ခု အတွင်း ခရစ်ယာန်အသင်းတော်သည် ရေနှစ်ခြင်းခံယူသော အမျိုးသမီးများကို တွဲကူ ဖေးမပေးရန် အသင်းထောက်မယ်များကို ခန့်အပ်တာဝန်ပေးထားသည်။ ၎င်း အပြင် ဝတ်ပြုကျောင်းသို့ ရောက်လာသောအမျိုးသမီးများကို ကြိုဆိုနှုတ်ဆက် ကာ၊ ထိုင်ခုံရှိရာအထိ လိုက်ပါပို့ဆောင်.ပေးသည်။ သူတို့နှင့်အတူတကွ ငြိမ် သက်စွာထိုင်နေပေးသည်။
အခန်း (၅) တွင် ပါရှိပြီးဖြစ်သည်အတိုင်း အသင်းထောက်မယ်နှင့် အသင်း ထောက်များ၏ လုပ်ဆောင်ရသောကဏ္ဍ၌ ရှင်းရှင်းလင်းလင်း ဖော်ပြပြီး ဖြစ် သည်။ ၁၉၉၅ ခုနှစ်၌ပုံနှိပ်ထုပ်ဝေသော အသင်းတော်လက်စွဲစာအုပ်မှ ကူးယူ ရေးသားထားသည့်စာသားမှာ အသင်းထောက်နှင့်အသင်းထောက်မယ်များတို့ သည် မိမိတို့၏ တာဝန်ကို ဆက်လက်ထမ်းရွက်ရန်ဖြစ်သည်။ ယင်းတာဝန်များ မှာ ကြိုဆိုနေရာချထားခြင်း၊ နှုတ်ဆက်ကောင်းချီးပေးခြင်း စသည်တို့ကို နယ် အသင်းတော်များမှာ ကျင့်သုံးလျက်ရှိပြီးသားဖြစ်သည်။ ထို့အတွက်ကြောင့် (၂၁) ရာစုနှစ်၌ရှိသော မြော်လင့်ခြင်းအသင်းထောက်နှင့် အသင်းထောက်မယ်များ သည် မိမိတို့၏တာဝန်ကို ကျေပွန်စွာဆောင်ရွက်ရင်း အသင်းတော်ကို တိုးတက် အောင်မြင်စွာ ရှေ့သို့တွန်းပို့ပေးရမည်။ “နေးလာ” က တချို့အသင်းတော်များ၌ အသင်းထောက်၊ အသင်းထောက်မယ်များအစား တခြားသူများ ဝင်ရောက်ကြ ပြီး ကြိုဆိုရေးတာဝန်ကိုလုပ်ဆောင်သည်ကို မြင်တွေ့ရသည်ဟု သူသတိထား မိကြောင်းသုံးသပ်ပြီး အသင်းထောက်၊ အသင်းထောက်မယ်များထက် မည်သူ တစ်ဦးတစ်ယောက်မျှ ကြိုဆိုခြင်းတာဝန်ကို ပို၍မလုပ်ဆောင်နိုင်ကြောင်း၊ ဆက်လက်ပြီး “မည်သည့်အသင်းထောက်၊ အသင်းထောက်မယ်မဆို ကြိုဆို ခြင်းတာဝန်တစ်ခုတည်းကိုလုပ်ခြင်းဖြင့် ကျေနပ်နိုင်မည်မဟုတ်ဟု “နေးလာ” က လက်ခံသုံးသပ်ပြီး အသင်းထောက်ကသာ ကြိုဆိုခြင်းကို ပြုလုပ်ရန် အကောင်းဆုံးဖြစ်ကြောင်းပြောသည်။
အသင်းသားများ၊ ဧည့်သည်များ ဘုရားကျောင်းသို့လာရာ၌ ကြိုဆိုပြီး နေရာရှာဖွေချထားခြင်းတာဝန်သည် အသင်းထောက်၊ အသင်းထောက်မယ် များအနေဖြင့် အဆင်သင့်အမြဲစိတ်ထဲထားရှိရပါမည်။ သတိပြုရမည် အချက်ရှိ သည်။ အသင်းထောက်များ၊ အသင်းထောက်မယ်များအကြား အလုအယက် ပြိုင်ဆိုင်ကြိုဆိုခြင်းမျိုးမဖြစ်စေပါနှင့်။ ဓမ္မဆရာ၏ ဦးဆောင်မှုဖြင့် သူတို့သည် စည်းစနစ်တကျဖြင့် ညီညွတ်စွာလုပ်ဆောင်သွားကြရမည်သာဖြစ်သည်။ ထို့ အတွက်ကြောင့် နယ်အသင်းတော်မှ ကွဲပြားခြားနားသော လိုအပ်မှုများ ရှိနေ သော်လည်း အောက်ပါအစီအစဉ်ကို အခြေခံပုံစံအဖြစ်သတ်မှတ်ပြီး လုပ်ဆောင် ရန်တိုက်တွန်းပါသည်။
ဧည့်ကြိုအဖြစ်လုပ်ဆောင်ခြင်း
၁။ ကောင်းချီးပေးနှုတ်ဆက်စကားဖြင့် နွေးထွေးစွာ၊ တည်ငြိမ်စွာဝတ်ပြုလာ သူကိုကြိုဆိုပါ။
၂။ ထိုင်ခုံရှိရာသို့ရောက်အောင် လိုက်ပါပို့ဆောင်ပါ။
၃။ ဝတ်ပြုခြင်းအစီအစဉ်စာရွက်၊ သီချင်းစာအုပ်နှင့်ဝေစာများကိုဝေငှပေးပါ။ ၄။ သူတို့ထံမှရရှိသောအလှူငွေကို သေသေချာချာဖြတ်ပိုင်းများဖြင့် ငွေထိန်း
ဌာန၏အသိအမှတ်ပြုစာများကို ပြန်လည်ပေးအပ်ပါ။
၅။ အရေးပေါ်လိုအပ်လာသမျှကို ချက်ချင်းကူညီနိုင်ရန် သင့်လျော်သော ကူညီမည့်သူကိုပြင်ဆင်ထားပါ။
၆။ ဝတ်ပြုခြင်းအစီအစဉ်အပြင် သီးခြားအစီအစဉ်များ၌ နေရာတကျ အတန်း လိုက်အတန်းလိုက် နေရာချထားပါ။ အစီအစဉ်ပြီးဆုံး၍ နောက်တစ်ကြိမ် အစီအစဉ်အတွက် ခန်းမဆောင် သို့မဟုတ် အခန်းကို ပြန်လည်၍ နေရာ တကျပြုပြင် ပြင်ဆင်ပါ။
အသင်းထောက်၊ အသင်းထောက်မယ်များ ကြိုဆိုရေးတာဝန်ကို ဆောင် ရွက်ရာ၌ ထိုင်ခုံ၌ ထိုင်နေသောအသင်းသား သို့မဟုတ် ဧည့်သည်များကို ကောင်းစွာကြည့်ရှုမှတ်သားထားပြီး တစ်ဦးစီကို သိကျွမ်းထားရမည်။ သူတို့၏ အိမ်သို့သွားရောက်ဆုတောင်းပေးရန်၊ ဘုရားကျောင်းသို့ ရောက်မလာနိုင်လျှင် ချက်ချင်းသွားပြီးအိမ်သို့ တွေ့ဆုံရန်လိုအပ်ပါသည်။ အထူးအစီအစဉ်ဖိတ်စာ များပို့ပေးခြင်းအကူအညီလိုအပ်လျှင် သားသမီးများကို ကူညီရန် သင့်လျော် မည့်သူကို စေလွှတ်ပေးခြင်းများ ပြုလုပ်ပေးရန်လိုသည်။ ထိုသူတို့၏အိမ်ထောင် ၌ အဖွဲ့ငယ်များစုရုံးပြီး ဝတ်ပြုခြင်းအစီအစဉ်ပြုလုပ်ခြင်းဖြင့် ဝိညာဉ်ရေးလမ်းပြ ပေးရပါမည်။ ထိုမှတစ်ဆင့် သူတို့၏ပတ်ဝန်းကျင်သို့ အမှုတော်သည် ပျံ့နှံ့ သွားလိမ့်မည်။
|
ဝတ်ပြုခြင်းအစီအစဉ်များ၌ပါဝင်ကူညီဆက်ကပ်ပေးခြင်း |
အသင်းတော်၌ မည်သည့်အစီအစဉ်ကျင်းပခြင်းမျိုးမဆို အသင်းထောက်၊ အသင်းထောက်မယ်များတို့သည် ပါဝင်ကူညီကြရသည်။ ဘုရားကျောင်းအတွင်း ဝတ်ပြုခြင်း၊ ဥပုသ်စာဖြေအစီအစဉ်၊ နေ့လည်တရားဟောဝတ်ပြုခြင်း၊ မြော်လင့် ခြင်းလူငယ်အစီအစဉ်၊ ရက်သတ္တပတ်ဆုတောင်းစည်းဝေး၊ အသုဘအစီအစဉ်၊ ရေနှစ်ခြင်းအစီအစဉ်၊ ပွဲတော်မင်္ဂလာအစီအစဉ် အစရှိအစီအစဉ်များတွင် ပါဝင် ကူညီပေးရမည်။
ဥပုသ်စာဖြေကျောင်းအချိန်
အသင်းထောက်၊ အသင်းထောက်မယ်များတို့သည် ဥပုသ်စာဖြေကျောင်း အချိန်တွင် အမြဲရှိရမည်။ သင်ခန်းစာကို သေသေချာချာလေ့လာထားရမည်။ လိုအပ်လာပါက သင်ခန်းစာကို ဦးဆောင်သင်ကြားပေးနိုင်ရမည်။
ဝိညာဉ်ရေးရာအတွက် ခေါ်တော်မူခြင်းခံရသောကြောင့် ဘုရားသခင်၏ အမှုတော်ကိုဆောင်ရန် နှိုးဆော်ခြင်းခံရသည်။ ဥပုသ်စာဖြေဌာနမှ ခေါင်းဆောင်
များသည် ဤကဲ့သို့အသင်းထောက်၊ အသင်းထောက်မယ်များကို ဥပုသ်စာဖြေ ကျောင်းဆရာ၊ ဆရာမအဖြစ် သင်ကြားပေးစေရန်အသုံးပြုရကြမည်။
တာဝန်ကျသောအသင်းထောက်များသည် ဥပုသ်စာဖြေကျောင်း အစီအစဉ် မစတင်မီ တစ်နာရီကြိုပြီးရောက်ရှိလာကာ တံခါးဖွင့်ခြင်း၊ အခန်းတွင်း လေဝင် လေထွက်၊ အပူအအေးမျှတမှုရှိမရှိ ကြိုတင်ပြင်ဆင်ပေးရမည်။ တခြားသော အသင်းထောက်နှင့်အသင်းထောက်မယ်များလည်း အနည်းဆုံး နာရီဝက်အလို မှာ ရောက်ရှိလာရမည်။ ဝတ်ပြုလာသူများကိုကြိုဆိုရန်၊ နှုတ်ဆက်ရန်၊ ကူညီ လမ်းပြပေးရန်နှင့် ရိုသေသမှုရှိသော အစီအစဉ်ဖြစ်ရန် စီစဉ်ပေးရမည်။ ကြိုဆို ခြင်းတာဝန်ခံများမှ အကူအညီလိုအပ်လျှင် အသင်းထောက်၊ အသင်းထောက် မယ်များက အစီအစဉ်စာရွက်ကိုဝေပေးခြင်း၊ အလှူငွေစာအိတ်များ ချထားပေး ခြင်း၊ သီချင်းစာအုပ်များချပေးခြင်း၊ ဧည့်သည်များကိုလူကြီးတန်း သို့မဟုတ် ဓမ္မဆရာ၏ အတန်းသို့ခေါ်ဆောင်ပေးခြင်း၊ ကလေးငယ်များပါသော သူကို ကလေးတန်းသို့ပို့ပေးခြင်း၊ မိဘများကို လူကြီးတန်း သို့မဟုတ် ဓမ္မဆရာအတန်း သို့ ပြန်ပို့ပေးခြင်းများစသည့်တာဝန်ရှိသည်။
နေ့လည်တရားဟောစည်းဝေး
ဥပုသ်နေ့လည် တရားဟောစည်းဝေးဝတ်ပြုခြင်းအစီအစဉ်၌ အသင်း ထောက် များအနေဖြင့် ဆယ်ဖို့တစ်ဖို့နှင့် အလှူငွေများကိုကောက်ခံရသည့် အရေးကြီးသောတာဝန်ကို ဆောင်ရွက်ရသည်။ အလှူငွေကောက်ခံနေသော အခါ ရိုသေသမှုနှင့်ကြင်နာသော အမူအရာများရှိဖို့ရန်လိုသည်။ အသင်းထောက် ခေါင်းဆောင်က သုံးလပတ်အတွင်း အလှူငွေကောက်ရာမှာ တာဝန်ကျသော သူများကို ကြိုတင်ကြေညာထားရမည်။ မတော်တဆအသင်းထောက်တစ်ဦး တစ်ယောက်က မိမိ၏တာဝန်ကို လုပ်ဆောင်ရန်အခြေအနေမပေးလျှင် လူစား ထိုးဝင်ရောက်နိုင်ရန် အသင်းထောက်ခေါင်းဆောင်က စီစဉ်ပေးရလိမ့်မည်။ ပါ ဝင်ရမည့်အသင်းထောက်ဦးရေမှာ ပရိသတ်မည်မျှရှိသည့်အပေါ်၌ မူတည်ပါ သည်။ သို့မဟုတ် ဘုရားကျောင်း၏ ပုံစံအပေါ်မှာမူတည်နေပါသည်။ ဘုရား ကျောင်းငယ်များအတွက် တာဝန်မှာနည်းပြီး ရိုးရိုးလေးဖြင့် ပြီးသွားသည်။ များသောအားဖြင့် အသင်းတော်ငယ်လေးပင်ဖြစ်သော်လည်း အစီအစဉ်များ ကမောက်ကမ ဖြစ်တတ်ကြသည်။ အသင်းထောက်များသည် အလှူငွေကောက် သောအခါ ဝတ်စုံများကို ညီညာစွာဝတ်ဆင်ကြရမည်။ အင်္ကျီအဖြူလည်ခေါင်း တုံး၊ အပေါ်ခံတိုက်ပုံအနက်နှင့်ပုဆိုးအနက်ကွက်ပါ၊ အပေါ်ခံတိုက်ပုံဖြင့် လိုက် ဖက်သော အရောင်ကို ရွေးချယ်ဝတ်ဆင်ကြရမည်။ အလှူခံအိတ်ကို အစီအစဉ် မစတင်မီ ပလ္လင်ရှေ့သို့ အသင်းထောက်များအားလုံး ညီညာစွာ လာရောက်တင် ထားရမည်။
အသင်းတော်တစ်ပါးနှင့်တစ်ပါး ဆယ်ဖို့တစ်ဖို့နှင့် အလှူငွေကောက်ခံပုံ မတူညီကြပါ။ သို့သော်လည်း များသောအားဖြင့် အခြေခံလုပ်ဆောင်ခြင်း တူညီ နေကြသည်။ အောက်ပါလုပ်ဆောင်ပုံအဆင့်ဆင့်မှာ ဥပမာဖြစ်သည်။
အသင်းလူကြီးက ဆယ်ဖို့တစ်ဖို့နှင့် အလှူတော်ငွေကိုကောက်ခံရန် ကြေ ညာလိုက်သည်နှင့် အသင်းထောက်များသည် အဆင်သင့်မိမိတို့ ရှေ့ဆုံးတန်းမှ နေရာယူထိုင်ထားသောကြောင့် မတ်တတ်ရပ်ပြီး ပလ္လင်၏အရှေ့၌ ညီညီညာ ညာရပ်နေရမည်။ ရှေ့ဆုံးမှနေရာမယူထားမိခဲ့သော် မိမိတို့ရှိနေသော ထိုင်ခုံမှ ထလာပြီး ပလ္လင်အရှေ့၌ ညီညီညာညာမတ်တတ်ရပ်ကြရမည်။ အသင်းလူကြီး မှ အလှူခံခွက်/အိတ်များကမ်းပေးမှ လက်ခံယူကြရမည်။ ယင်းနောက် အသင်း လူကြီးကပင် တိုတိုတုတ်တုတ် ဆုတောင်းချက်ကို ဆိုလိုက်မည်။ အသင်း ထောက်များသည် နှစ်ယောက်တစ်တွဲ၊ နှစ်ယောက်တစ်တွဲ အလှူငွေကို ကောက်ခံကြလိမ့်မည်။ ဖြည်းဖြည်းနှင့်မှန်မှန်ဖြင့် အသင်းထောက်တို့သည် အလှူခံခွက်/ အိတ်ကို ထိုင်ခုံအတန်းလိုက် အတန်းလိုက် တစ်တန်းချင်းကမ်း ပေးရမည်။ အလှူငွေခွက်/အိတ်ကို သတိရှိရှိနှင့်ကိုင်ထားကြရမည်။ လက်နှစ် ဘက်လုံးဖြင့်ကိုင်ထားရမည်။
အလှူငွေများအားလုံးကောက်ခံပြီးသည်နောက် အသင်းထောက်များသည် သီးသန့်အခန်းထဲ၌ အဆင်သင့်စောင့်နေပြီး အသင်းလူကြီးမှ ပရိသတ်ကို မတ်တတ်ရပ်ရန် ကြေညာသောအချိန်မှာ သူတို့သည် နှစ်ယောက်တစ်တွဲ နှစ်ယောက်တစ်တွဲဖြင့် ပလ္လင်အရှေ့သို့ အလှူခံခွက်/အိတ်ကို ရင်ခွင်ပိုက်ပြီး ချီတက်သွားရမည်။ အသင်းလူကြီးက မာလခိ ၃း၈-၁၀ ကိုဖတ်ကြားပြီး အဆုံး သတ်ရသည်။ အသင်းလူကြီးမှ အလှူတော်ငွေကိုဆက်ကပ်ဆုတောင်း ပေးပြီး ချိန်၌ လူထုပရိသတ်က ဆက်ကပ်သော ဓမ္မသီချင်းတစ်ပိုဒ်ကိုသီဆိုကာ အလှူ ငွေခွက်/အိတ်ကို ဘဏ္ဍာထိန်းအခန်းတွင်းသို့ သယ်သွားကြရမည်။ တခြားသော အသင်းထောက်များက မိမိတို့ထိုင်ခုံ၌ပြန်လည်ပြီးထိုင်ကြရမည်။
အသင်းထောက်များသည် အလှူငွေကိုရေတွက်ပြီး စာရွက်ပေါ်၌ ရေးမှတ် ကာ အသင်းထောက်ခေါင်းဆောင်မှ လက်မှတ်ထိုးပြီး ဘဏ္ဍာထိန်းဆီသို့ အပ် လိုက်ရမည်။ ဘဏ္ဍာရေးမှူးမှ အလှူငွေပမာဏ၏ပြေစာကို အသင်းထောက် အား ပြန်လည်ပေးအပ်လိမ့်မည်။ အသင်းထောက်အင်အားလုံလုံ လောက် လောက်ပြည့်စုံလျှင် အလုပ်ကိုမြန်မြန်ဆန်ဆန် ပြီးစီးစေလိမ့်မည်။ ဘဏ္ဍာထိန်း အတွက်လည်း လုံခြုံမှုရှိလိမ့်မည်။ တချို့အသင်းတော်များ၌ အသင်းထောက် တစ်ဦး၊ နှစ်ဦးကသာ အလှူငွေများကို ဘဏ်သို့ တိုက်ရိုက်ယူသွားသည်။ အသင်း တော်၌ ငွေကိုလုံခြုံစွာထားသောအခန်း သီးသန့်ထားရှိတတ်သည်။ ဘဏ္ဍာထိန်း နှင့်အသင်းထောက်များ မိမိတို့အိမ်၌အလှူငွေများကို မထားသင့်ပါ။
ကြီးသောအသင်းတော်ကြီးများ၌ အသင်းထောက်များသည် ကောက်ခံ ရရှိသောဆယ်ဖို့တစ်ဖို့နှင့်အလှူငွေကို အနည်းဆုံးသုံးလတစ်ကြိမ်စာရင်းများကို ပြန်လည်စစ်ဆေးပြီး အလှူငွေနှင့်ကိုက်ညီမှုရှိမရှိ၊ အမှားအယွင်းရှိမရှိ စိစစ်ကြ ရမည်။
အသင်းထောက်မယ်များသည် ဥပုသ်နေ့နေ့လယ်ဝတ်ပြုခြင်းအစီအစဉ်၌ ဝတ်စုံကို သေသေသပ်သပ်စုံညီစွာဝတ်ဆင်ကြရမည်။ ပူပြင်းသောရာသီများ၌ အင်္ကျီအဖြူအထူကြီးမဟုတ်သော အဝတ်များကို ဝတ်ဆင်ကြရမည်။ တချို့ သောအသင်းထောက်မယ်တို့သည် မိုးရာသီနှင့်ဆောင်းကာလများတွင် အပေါ်ခံ အင်္ကျီအနက်နှင့်သင့်လျော်သောအဝတ်ကို ဝတ်ဆင်ကြသည်။
အသင်းထောက်မယ်အနည်းဆုံးတစ်ဦးသည် အမြဲလူနာပြုစုသော အခန်း ၌ ထိုင်နေပြီး ကလေးမိဘများနှင့်ကလေးငယ်များ၊ တွားသွားသောကလေးများ တို့ကို လိုအပ်ဗါက အချိန်မရွေးပြုစုပေးရမည်။ ကလေးငယ်များပြေးရင်း ချော် လဲထိခိုက်ခြင်း၊ ဗိုက်အောင့်ဗိုက်နာခြင်း၊ ရေသီးခြင်း၊ အစားသီးခြင်း၊ ငိုလွန်းအား ကြီး၍အသွားခြင်းမျိုး၊ နို့သောက်ရင်းသီးသွားခြင်းမျိုးကို အထူး ဂရုစိုက်ကြည့်ရှု ပေးရန်လိုသည်။
အသင်းထောက်မယ်များ မိမိတို့ထိုင်နေသောနေရာတစ်ဝိုက်ရှိ သေသပ်မှု ရှိဖို့ရန် ဂရုစိုက်ပေးရမည်။ နှောင့်ယှက်ခြင်းတစ်စုံတစ်ရာဖြစ်လာသောနေရာသို့ ချက်ချင်းထွက်သွားပြီး ပြဿနာကြီးငယ်ကို ဖြေရှင်းပေးရန် စိတ်ကိုအမြဲထား ရမည်။ သို့မဟုတ် အသင်းထောက်များ၊ ကြိုဆိုရေးတာဝန်ယူနေသူများကို သတိ ပေးပြီး ပြဿနာရှိသောနေရာကို အချိန်မရွေး ဖြေရှင်းပစ်ရမည်။ အနှောင့် အယှက်ဖြစ်နေသောနေရာကို ဖြေရှင်းသောအခါ အလွန်ပါးနပ်လိမ္မာဖို့ရန် လို သည်။ ပြဿနာကိုမဖြေရှင်းမှု စိတ်ထဲကောင်းစွာဆုတောင်းရန်လည်း လိုပါ သည်။ ဖြစ်နေဆဲပြဿနာထက် ပိုမိုကြီးလာသောအခြေအနေမဖြစ်သွားဖို့ရန် လေ့လာဆုံးဖြတ်ရမည်။
အသင်းထောက်မယ်တို့သည် တရားဟောပလ္လင်အနောက်ခြမ်းမှ ထားရှိ ထားသော သောက်ရေအိုးခွက်ပန်းကန်များ သန့်ရှင်းသပ်ရပ်စေရန် အမြဲသတိ ထားရမည်။ ရေများလည်းအမြဲလတ်ဆတ်သန့်ရှင်းပြီး အခန်းမှာအပူချိန် အနေ တော်လေးရှိစေရမည်။ အေးလွန်းသောရေကို သောက်မိသောတရားဟောပြော သူသည် အသံအိုးကိုထိခိုက်စေနိုင်သည်။ တရားဟောပလ္လင်အတွက် ထားရှိ
|
ဝတ်ပြုခြင်းအစီအစဉ်များ၌ပါဝင်ကူညီဆက်ကပ်ပေးခြင်း |
သော ရေဗူးမှာ အဖုံးမပါလျှင် အဝတ်စလေးတစ်စဖြင့် ဖုံးအုပ်ထားပေးပါ။ ခလုတ်ဖြင့်ဖွင့်ရသောရေဗူးထက်ရေဗူးပုလင်းကပို၍သင့်လျော်ပါသည်။ နှုတ်သီး ရှိသောရေဗူးလည်း အဆင်သင့်ထားရှိရန်လိုသည်။ ဓမ္မဆရာ သို့မဟုတ် စကား ပြောသူသည် ရေရိုးရိုးအပြင် ဖျော်ရည်တစ်မျိုးမျိုးကို တောင်းဆိုတတ်သည်။ ထို့အတွက်ကြောင့် အဆင်သင့်လုပ်ဆောင်ထားပေးလျှင်ကောင်းသည်။
အသင်းထောက်ခေါင်းဆောင်က ထိုတာဝန်များကို အသင်းထောက်များ အား အလှည့်ကျတာဝန်ယူရန် တာဝန်ကျဇယားဆွဲထားပေးရမည်။ နေ့လယ် တရားဟောဝတ်ပြုချိန် ပြီးဆုံးသွားချိန်၌ အသင်းထောက်မယ်များ၊ အသင်း ထောက်များ၊ ကြိုဆိုရေးအဖွဲ့များက ကျမ်းစာအုပ်များ၊ သီချင်းစာအုပ်များကို နေရာတကျပြန်စီထားပေးရမည်။ ကြမ်းခင်းပေါ်သို့ကျနေသော စာရွက်စာတမ်း အပိုင်းအစများ ကောက်သိမ်းစုစည်းပြီး အပျောက်အရှမရှိအောင် သေသေ သပ်သပ် ပြန်ထားပြီး ဘုရားကျောင်းပြတင်းပေါက်၊ တံခါးများကို သေချာစွာ လုံခြုံအောင် ပိတ်ခဲ့ရမည်။
လူငယ်လူရွယ်အစီအစဉ်
အသင်းထောက်၊ အသင်းထောက်မယ်များ လူငယ်ကြိုးစားခြင်းအချိန် အစီ အစဉ်၌ရှိခြင်းဖြင့် လူငယ်များကို ပုံသက်သေကောင်းဖြစ်စေပါသည်။ လူငယ်တို့ ၏ တိုးတက်ခြင်းကို စိတ်ဝင်စားကြောင်းပြသနေသည်။ ထိုအစီအစဉ် တက် ရောက်ခြင်းဖြင့် အသင်းထောက်၊ အသင်းထောက်မယ်တို့သည် လူငယ် လူရွယ် များနှင့် လက်ပွန်းတတည်းရင်းနှီးမှုတည်ဆောက်နိုင်သည်။
လူငယ်ကြိုးစားခြင်းအစီအစဉ်မှ အသင်းထောက်နှင့်အသင်းထောက်မယ် တို့၏ မျိုးဆက်သစ်ကို မွေးထုတ်ပေးနိုင်သည်။ အစည်းအဝေးအစီအစဉ်အတွင်း နေ့လယ်တရားဟောစည်းဝေးအချိန်မှအသင်းထောက်ကြီးများ၊အသင်းထောက်မယ်များလုပ်ဆောင်ခဲ့သော တာဝန်အတိုင်း အတုယူပြီးလိုက်လုပ်နိုင်သည်။
လူငယ်ကြိုးစားခြင်းအချိန်မှာ အငယ်တန်းအသင်းထောက်များ၊ အသင်း ထောက်မယ်များအနေဖြင့် ဝတ်စုံများဝတ်ဆင်ရန် မလိုအပ်သော်လည်း အဝတ် အစားများ ကောင်းကောင်းမွန်မွန် သေသေသပ်သပ်ဝတ်လာရန်လိုသည်။ ကျွန် တော်ဆိုလိုသည်မှာ ဖြစ်ကတတ်ဆန်းဝတ်လာခြင်းမျိုးမဟုတ်ဘဲ တင့်တယ် သေသပ်သော အဝတ်ကို ဝတ်လာရန်ဖြစ်သည်။ ဆံပင်များလည်း ကောင်းမွန်စွာ ညှပ်ထားပြီး သပ်သပ်ရပ်ရပ်ပုံစံဖြင့် ရှိနေရမည်။ လူငယ်လူရွယ်များ၏ ရှေ့၌ ဝိညာဉ်ရေးခေါင်းဆောင်များအဖြစ် ပုံပမာကောင်းပြသရန်လိုသည်။
အငယ်တန်းအသင်းထောက်၊ အသင်းထောက်မယ်များ တာဝန်ယူ လုပ် ဆောင်သင့်သောအလုပ်များမှာ အလှူငွေကောက်ခံခြင်း၊ ရိုသေလေးစားစွာ ငြိမ် သက်နေခြင်း၊ သမ္မာကျမ်းစာအုပ်များ၊ သီချင်းစာအုပ်များ နေရာတကျ အစီ အစဉ်အတိုင်းရှိ၊ မရှိ ကြည့်ရှုစစ်ဆေးရန်၊ မလိုအပ်သောစာရွက်၊ အမှိုက်များကို ကောက်ပြီးစုသိမ်းရှင်းလင်းခြင်း၊ ကြမ်းခင်းများကို သန့်ရှင်းစွာတိုက်ချွတ်ခြင်း တို့ပါဝင်ပါသည်။
အကြီးတန်းအသင်းထောက်ခေါင်းဆောင် သို့မဟုတ် အသင်းထောက်မယ် ခေါင်းဆောင်က အငယ်တန်းအသင်းထောက်၊ အသင်းထောက်မယ်တို့ကို သင် ပြညွှန်ကြားရန် အမြဲတမ်းအသင်းထောက်၊ အသင်းထောက်မယ်တစ်ဦးကို ထား ရှိစီစဉ်ညွှန်ကြားထားရမည်။အရေးပေါ်အခြေအနေဖြစ်လာလျှင် ကူညီပေးတတ် ရန်ဖြစ်သည်။
ရက်သတ္တပတ်အလယ်ဆုတောင်းစည်းဝေး
အသင်းထောက်၊ အသင်းထောက်မယ်များအနေဖြင့် ရက်သတ္တပတ် အလယ်ဆုတောင်းစည်းဝေးဝတ်ပြုခြင်းတိုင်းကို အားသွန်ခွန်စိုက်တက်ရောက် ရမည်။ သူတို့ရှိနေခြင်းသည် အသင်းအုပ်ဆရာ၊ အသင်းလူကြီးများရှိနေခြင်းနှင့် ပင် အလားတူသော အရေးကြီးသည့်ကိစ္စဖြစ်သည်။ ထိုသူတို့သည်လည်း အသင်းတော်၌ ဝိညာဉ်ရေးခေါင်းဆောင်ကြီးများဖြစ်ကြသည်။ ပုံပမာကောင်း ပြသရန် အထူးလိုအပ်ပါသည်။
ဓမ္မဆရာအသင်းအုပ်နှင့်အသင်းလူကြီးများက သူတို့ကို ဦးဆောင်မှု အပိုင်း ၌ ပါဝင်ရန် တာဝန်စီစဉ်ပေးရမည်။ သီချင်းဦးဆောင်ခြင်း၊ အထူး ဆုတောင်းရန် အချက်ကို မေးမြန်းတောင်းဆိုခြင်း၊ သက်သေခံခြင်း၊ သတင်း စကားများဝေငှ
ခြင်းကို တစ်ကြိမ်ပြီးတစ်ကြိမ်ပြုလုပ်စေရမည်။
အသင်းထောက်၊ အသင်းထောက်မယ်များ တာဝန်မရှိသည့်အချိန်ဖြစ်နေ သည့်တိုင် အလှူငွေ ကောက်ခံပေးခြင်း၊ ဝတ်ပြုရာ အခန်းအပူအအေးမျှတ အောင်ပြင်ဆင်ပေးခြင်း၊ ရိုသေသမှုရှိသောဝတ်ပြုခြင်းရှိရန် တည်တည်ငြိမ်ငြိမ် ထားရှိပေးခြင်း၊ အသင်းအုပ်ဆရာနှင့်အသင်းလူကြီးများ တာဝန်ယူနေစဉ် အဘက်ဘက်မှ ကူညီမစခြင်းတို့ဖြစ်သည်။ အသင်းထောက်ခေါင်းဆောင်နှင့် အသင်းထောက်မယ်ခေါင်းဆောင်တို့သည် အသင်းထောက်၊ အသင်းထောက် မယ်များကို ဘုရားကျောင်း၏ အစီအစဉ်များကို အားလုံးပါဝင်ကြရန် တာဝန် အသီးသီးခွဲဝေပေးထားရမည်။ သူတို့သည် ဘုရားကျောင်း၌ တာဝန်များ ထမ်း ဆောင်နေခြင်းကြောင့် အသင်းသားများက ဝိညာဉ်ရေးခေါင်းဆောင်ဟု အသိ အမှတ်ပြုသတိထားကြလိမ့်မည်။
အသင်းထောက်နှင့်အသင်းထောက်မယ်များ ရက်သတ္တပတ်အလယ် ဆု တောင်းစည်းဝေးရောက်ရှိလာကာ အဝတ်အစားများသေသေသပ်သပ် လေးစား ဖွယ်ကောင်းအောင်ဝတ်ဆင်လာခြင်းသည် အလွန်အရေးကြီးပါသည်။ အသင်း ထောက်သည် အပေါ်ခံနှင့်လည်ခေါင်းတုံး၊ အသင်းထောက်မယ်များသည် ထမီ၊ ခါးတိုရင်ဖုံးနှင့် အပေါ်မှလျှော သို့မဟုတ် အပေါ်ခံအင်္ကျီကို လုံလုံခြုံခြုံ ရိုသေသ မှုရှိရှိဝတ်ဆင်ကြရမည်။ ဝတ်စားဆင်ယင်ပုံသည် သူတို့ကိုလေးစားရိုသေထိုက် သော အခြေအနေမျိုးကိုဖြစ်စေသည်။ ကျောင်းဝင်းသို့ အလုပ်လုပ်ရန်မှတပါး တခြားအချိန်များ၌ ရောက်ရှိလာလျှင် အဝတ်အစား ကောင်းကောင်းမွန်မွန် ဝတ်ဆင်လာစေပါ။ ဗိမာန်တော်သို့ဝင်လာသော အသင်းထောက်၊ အသင်း ထောက်မယ်တို့သည်မတော်လျော်သောအဝတ်အစားများဝတ်လာလျှင်အသင်း သားများ၏ အထင်မှားပြီး ရိုသေမှုကျဆင်းစေနိုင်သည်။ ဘုရားကျောင်းသို့ ရောက်ရှိလာကြသော ဧည့်သည်များသည်လည်း ဓမ္မဆရာ၊ အသင်းလူကြီး၊ အသင်းထောက်၊ အသင်းထောက်မယ်၊ အသင်းတော်၌ တာဝန်ရှိလူကြီးလူ ကောင်းဟုသိရှိနိုင်ရန် ဝတ်ပုံစားပုံမှာ အထူးလိုအပ်ပါသည်။ သူတို့၏ဝတ်ဆင် ပုံသည် အချက်ပြသောမီးကဲ့သို့ဖြစ်သင့်သည်။ အသင်းထောက်များအမြဲတစေ အဝတ်နှစ်မျိုးကို အဆင်သင့်ဆောင်ထားရန်လိုသည်။ အလုပ်လုပ်ရန်နှင့် ဘုရား ကျောင်းထဲဝင်ရန် သူတို့၏ ကားထဲ၌ အဆင်သင့်ထားရှိရမည်။ (မြန်မာပြည်၌ အသင်းထောက်များ ကားစီးနိုင်သူ အလွန်ရှားပါးသောကြောင့် လွယ်အိတ်ထဲ အမြဲအဝတ်ပိုကိုဆောင်ထားပါ။ အရေးပေါ်အခြေအနေအတွက်ဖြစ်သည်။)
ဈာပနအစီအစဉ်များ
အသင်းတော်အပေါ်သံယောဇဉ်ရှိသော အသင်းသားများသည် သေခြင်း ဟူသော အရာနှင့်ရင်ဆိုင်ကြုံတွေ့ရသော အချိန်သည် ခါးသီးသောစုံစမ်းမှု တစ်ရပ် ဖြစ်ပါသည်။ အသင်းထောက်၊ အသင်းထောက်မယ်များတို့သည် အဓိက အားပေးနှစ်သိမ့်သူများ ဖြစ်ကြသည်။ အောက်ပါအချက်များသည် အထူးလုပ် ဆောင်ပေးရန် တာဝန်များဖြစ်သည်။
(၁) တာဝန်ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ အသင်းထောက် ခေါင်း ဆောင်သည် ကျန်ရစ်သူမိသားစု၏ စိတ်သက်သာရာရရန် လွမ်းသူ့ ပန်းခြင်းကို အရောက်ပို့ပေးရမည်။
(၂) အသင်းထောက်မယ်များက အသုဘအစီအစဉ်ကျင်းပသော နေ့၌ အစားအစာများကို ကျန်ရစ်သူမိသားစုကိုယ်စား စီစဉ်ပေးရမည်။ ဆွေမျိုးဧည့်သည်မည်မျှလာမည်ကို ခန့်မှန်းဆုံးဖြတ်ပြီး ပြင်ဆင်ကြ ရမည်။ အစားအစာပြင်ဆင်ကျွေးမွေးချိန်ကို သတ်မှတ်ပေးရမည်။ ကြေကွဲနေသောအချိန်၌ အသင်းထောက်၊ အသင်းထောက်မယ်များ သည် အသင်းတော်ကိုယ်စား ကျန်ရစ်သူမိသားစုအိမ်ထောင်သို့ အမြဲ လည်ပတ်ပေးပြီး အားပေးရမည်။
(၃) အသင်းထောက်မယ်များ အစားအစာချက်ပြုတ်ပြင်ဆင်ကျွေးမွေးရန် အသင်းထောက်များက ဝင်ရောက်ကူညီပေးရမည်။ ဘုရားကျောင်း၌ မိသားစုမှ ကျွေးမွေးလိုသော်လည်းကောင်း၊ တခြားနေရာ၌သော် လည်းကောင်း ကူညီလုပ်ကိုင်ပေးရန်လိုသည်။
(၄) အသုဘချခြင်းအစီအစဉ်မှာ အသင်းထောက်မယ်များက ပန်းခွေ၊ ပန်း ခြင်းများကိုကိုင်ဆောင်ပြီး အသင်းထောက်များက အခေါင်းတလား
ကို သယ်ဆောင်သွားရမည်။
ဈာပနကော်မတီ
သာမညတာဝန်များကိုလုပ်ဆောင်ရင်း အသင်းထောက်၊ အသင်းထောက် မယ်တို့သည် ဝမ်းနည်းကြေကွဲနေသော မိသားစုကို သေချာစွာဝိညာဉ်သဘော နှင့်ပြုစုပေးပါ။ မိသားစုများနှင့်ရင်းနှီးသည်ထက် ပို၍ရင်းနှီးအောင် လုပ်ဆောင် ရပါမည်။ မစကူညီခြင်းနှင့်အကြံဉာဏ်ပေးခြင်းများကို အထူးပေးရန် လိုအပ်ပါ သည်။ ထိုအထဲမှ ဈာပနကော်မတီဖွဲ့စည်းပြီးလုပ်ဆောင်ခြင်းသည် အကောင်း ဆုံးသောနည်းလမ်းတစ်ခုဖြစ်သည်။ ဈာပနကော်မတီတွင် အသင်းထောက်၊ အသင်းထောက်မယ်၊ တခြားစိတ်ဝင်စားသောအသင်းသားများ ပါဝင်စေရမည်။ ကော်မတီအတွက် သုံးသပ်ချက်များ၌ အသင်းသားများ ပါဝင်သောကြောင့် ဆင်ခြင်ဉာဏ်ကောင်းသော အသင်းသားများနှင့်အတူ ပတ်ဝန်းကျင်နှင့် ကိုက် ညီသော အစီအစဉ်ကို ပြုလုပ်ရမည်။ ရပ်ကွက်အတွင်းမှ ပြင်ဆင်ပေးသူ၊ စီစဉ် ပေးသူနှင့် သဘောထားအဆင်ပြေအောင်လုပ်ဆောင်ပါ။ ကူးလူးယှက်နွယ်ပြီး အပြန်အလှန်လုပ်ဆောင်နိုင်အောင် စီစဉ်ဆောင်ရွက်ပါ။
ဈာပနကော်မတီ၏အလုပ်အမှုဆောင်သည် အသုဘကိစ္စနှင့်ပတ်သက်ပြီး အသင်းအုပ်ဆရာနှင့် အသင်းတော်ခေါင်းဆောင်များကို ဆက်သွယ်အသိပေး ရန်နှင့် ဖော်ပြပါဌာနများကိုလည်းဆက်သွယ်ပါ။ ဧည့်သည်ကိုဧည့်ခံသောဌာန၊ အသင်းထောက်၊ အသင်းထောက်မယ်၊ ကြိုဆိုရေးအဖွဲ့၊ အသံချဲ့စက်၊ ဗွီဒီယို ရိုက်ကူးရေး စသည့်ဌာနကို ဆက်သွယ်ပြီး တေးဂီတအဖွဲ့ ၊ နာရေးကူညီမှုအဖွဲ့ ကို ဆက်သွယ်ထားရမည်။ ၎င်းနောက် ခေါင်းဆောင်များကို မိသားစုမှ ဖြစ်စေ ချင်သော သင့်လျော်သည့်အစီအစဉ်များ၊ အချိန်၊ ရက်စွဲ၊ နေရာထိုင်ခင်း၊ ပို့ ဆောင်သင်္ဂြိုဟ်မည့်နေရာ အစရှိသည်တို့ကို ကြေညာပေးထားရမည်။
မိသားစုအတွက် ဈာပနကော်မတီမှစီစဉ်ပေးရန် လိုအပ်သော အစီအစဉ် များမှာ–
(၁) လုပ်ဆောင်စရာဈာပနအစီအစဉ်နှင့်လိုအပ်သည့်စာရင်း
(၂) အဝေးမှလာသောဆွေမျိုးနှင့် ဧည့်သည်များအတွက် တည်းခိုခန်း
အတွက် စာရင်း
(၃) အမျိုးများတည်းခိုချင်သောအသင်းသားများအိမ်စာရင်း
(၄) အဝေးမှလာသော ဆွေမျိုးအတွက် လေဆိပ်နှင့် တခြားသယ်ယူပို့ ဆောင်ရေးစခန်းတွင် အစီအစဉ်ပြီး၍ အရန်သင့်ဆက်သွယ်ထားခြင်း စာရင်း
ဈာပနအစီအစဉ်နေ့ရက်၌ ဈာပနကော်မတီတာဝန်ခံက တချို့သော ကော် မတီဝင်များကို အစီအစဉ်မစမီတစ်နာရီစောပြီးရောက်လာစေရန်နှင့် အောက်ပါ ကိစ္စများကို ကြိုတင်လုပ်ဆောင်ရန် မှာကြားထားရမည်။
(၁) မိသားစုများ ဈာပနအစီအစဉ်မစမီတွေ့ဆုံနိုင်ရန် အခန်းကိုပြင်ဆင် ထားရမည်။ သောက်ရေသုံးရေ၊ ဖျော်ရန်၊ ခွက်များနှင့်တစ်ရှူးများကို အဆင်သင့်ချထားရမည်။
(၂) ဗိမာန်တော်၌ ဦးဆောင်မည့်သူများအတွက်နှင့် မိသားစုများထိုင်ရန် နေရာထိုင်ခုံများကို ပြင်ဆင်ပေးစေပါ။ တစ်ရှူးများကို မိသားစုများ ထိုင်မည့်နေရာမှာချထားရန်။
(၃) ဦးဆောင်မည့်သူများကို နေရာယူစေပြီး၊ မိတ်ဆက်ပေးစေပါ။
(အသင်းအုပ်ဆရာနှင့်မိတ်ဆက်ပေးပါ။)
(၄) ဦးဆောင်သူများအားလုံးကို အစီအစဉ်စာရွက်ဝေပေးလိုက်ပါ။
(၅) အသင်းအုပ်ဆရာနှင့် ကျန်ရစ်သူမိသားစုအတွက် သတင်းပေးသူ
အဖြစ် အရန်သင့်အမြဲရှိနေပါ။
(၆) ကျန်ရစ်သူမိသားစုမှ ဆုတောင်းပေးရန် တောင်းဆိုသောအချက်များ ကို အသင်းအုပ်ဆရာမှသိရှိရန် ကြိုတင်မေးမြန်းပေးရမည်။ စုရုံးသော အခန်းနှင့်ဆက်လက်လုပ်ဆောင်သောအစီအစဉ်အတွက် ကြိုတင်ပြီး
ဆုတောင်းချက်များကိုစုဆောင်းရမည်။
(၇) အစားအစာများပြင်ဆင်ခြင်းပြီးမပြီးကို စုံစမ်းစစ်ဆေးရမည်။
(၈) သူနာပြုနှင့်ဆရာဝန်များ အရေးပေါ်ကူညီနိုင်ရန် ကြိုတင်ပြင်ဆင် ထားပါ။
အထက်ပါအစီအစဉ်များသည် ဈာပနဦးဆောင်သူများ အမှုတော်ဆောင် အသင်းအုပ်ဆရာတို့နှင့်လည်းကောင်း တိုင်ပင်ပြီး လုပ်ဆောင်ကြရန်ဖြစ်သည်။ ဈာပနကော်မတီတာဝန်ခံသည် ဈာပနအစီအစဉ်ပြီးဆုံးပြီးနောက် အသင်း ထောက် သို့မဟုတ် အသင်းထောက်မယ်နှစ်ဦးကို ကျန်ရစ်သူမိသားစုအား ကူညီရန် ဆက်လက်ထားရှိပေးရမည်။ မိသားစုနှင့်အတူ နှစ်လမှတစ်နှစ်အထိ နီးကပ်ကူညီမှုများကို လုပ်ပေးရမည်။ လိုအပ်လာသောအခြေအနေပေါ် သုံးသပ် ပြီး လုပ်ဆောင်သွားရန်လိုပါသည်။ အားလပ်သောရက်များ၌ အထူးသတိထား ပြီး ထိုမိသားစုများကိုဆက်သွယ်ခြင်း၊ သူတို့၏ အိမ်ထောင်သက် နှစ်ပေါင်း၊ ရက်စွဲများ၊ မွေးနေ့များ၊ ကွယ်လွန်ခဲ့သော နေ့စွဲများကို အထူးဂရုစိုက်ပေးပြီး ဆက်သွယ်လုပ်ဆောင်ပေးပါ။ ဆက်သွယ်မှုပြုရာ၌ ကိုယ်တိုင်လည်ပတ်သွား ရောက်ခြင်း၊ တယ်လီဖုန်းအားဖြင့်ဆက်သွယ်ခြင်း သို့မဟုတ် ကတ်များ ပို့ပေး ခြင်းများပြုလုပ်ပေးပါ။
ဈာပနအစီအစဉ်ပြုလုပ်ရန်နှင့် မိသားစုများကိုနှစ်သိမ့်ရန် အကြံပေးသော စာအုပ်ငယ်မှာ “ရိုးစင်းသောဈာပန၏ အစီအစဉ်” ဟု ခေါင်းစဉ်ပေးထားပါ သည်။ ၎င်းစာအုပ်ကို အာရ်စတီဗင်နော်မင်ရေးသားထားသည်။
ရေနှစ်ခြင်းမင်္ဂလာအစီအစဉ်
အသင်းတော်လက်စွဲ၌ ရေးသားပြုစုထားသော အကြောင်းအရာများ အထဲမှ တတိယမြောက်အကြောင်းအရာမှာ ရေနှစ်ခြင်းမင်္ဂလာ၌ အသင်း ထောက်၊ အသင်းထောက်မယ်များ၏ ကူညီလုပ်ဆောင်ရမည့်တာဝန်ဝတ္တရားကို ရေးသားထားပါသည်။
ရေနှစ်ခြင်းခံယူခြင်းအစီအစဉ်မှာ အသင်းထောက်အနေဖြင့် ရေထဲသို့ ဆင်း သွားစဉ်နှင့် ရေထဲမှပြန်ထွက်လာစဉ် ကူညီတွဲခေါ်ခြင်းတာဝန်ကို လုပ်ဆောင် ရန် အသင့်ပြင်ဆင်ထားရမည်။ အသင်းထောက်များက အမျိုးသားများကို ကူညီ တွဲခေါ်ပြီး၊ အသင်းထောက်မယ်များက အမျိုးသမီးများကို ကူညီတွဲခေါ်ပေးရ မည်။ ရေနှစ်ခြင်းခံယူသူများကို အထူးဂရုစိုက်ရန်လိုသည်။ ရေနှစ်ခြင်းခံ ဝတ်ရုံ များသေသပ်ခြင်း ရှိ၊ မရှိ ရေနစ်ခြင်းခံဝတ်ရုံမရရှိသော အသင်းတော်များ၌ ဝတ်ဆင်သောအဝတ်များ သေသပ်သပ်ရပ်ခြင်းဖြစ်ပါသလား။ ရေနှစ်ခြင်း ခံယူ ပြီးသည်နောက် အသင်းတော်ဓမ္မဆရာ သို့မဟုတ် အသင်းလူကြီးမှ အနည်းငယ် သောမိန့်ခွန်း သို့မဟုတ် ကျေးဇူးတင်စကားကို အသင်းတော် ကိုယ်စားပြော ကြားရန် စီစဉ်ပေးရမည်။
ရေနှစ်ခြင်းခံယူမည့်ပုဂ္ဂိုလ်အားအခြေအနေသုံးရပ်အပေါ်မူတည်ပြီး ရေနှစ် ခြင်းပေးနိုင်သည်။ ၎င်းမှာ မှန်ကန်ခြင်း၊ ကြိုတင်သင်တန်းပေးထားခြင်း နှင့် အသက်ပြည့်မီခြင်းတို့ဖြစ်သည်။
မှန်ကန်ခြင်းရှိရမည်ဟု အဓိပ္ပါယ်ဖော်ရာ၌ ရေထဲသို့နစ်မြုပ်၊ စုံးစုံးမြှုပ်ခြင်း ဖြင့် ရေနှစ်ခြင်းခံယူခြင်းသည် ဂရိဝေါဟာရမှ ဗတ္တိဇံဟုခေါ်ထားသည်။ ကျမ်းစာ အရ၊ ရေ၌စုံးစုံးနစ်မြုပ်ရမည်ကို မာကု ၁း၉-၁ဝ နှင့် တမန်တော် ၈း၃၈-၃၉ တွင် တွေ့ရသည်။
ကြိုတင်သင်ကြားပေးရသောကဏ္ဍမှာ ယေရှုကိုအမှန်တကယ် မိမိကယ် တင်ရှင်အဖြစ်ယုံကြည်ရမည်။ အပြစ်မှ နောင်တရရမည်။ ပြောင်းလဲသော အသက်တာ၌ နေထိုင်နေရမည်။ ယေရှုရှင်မိန့်မှာထားသည့် နှုတ်ထွက်စကား အတိုင်းနှင့် သွန်သင်ခဲ့သမျှအတိုင်း နေထိုင်အသက်ရှင်သူဖြစ်ရမည်။ (မာကု ၁၆း၁၅-၁၆။ တမန်တော် ၂း၃၇-၃၈။ ၃း၁၉။ မဿဲ ၂၈း၁၈-၂ဝ။)
အသက်အပိုင်းအခြားအနေဖြင့် နုနယ်သောကလေးမဖြစ်ရ။ ပိုင်းခြား သိ တတ်သောအရွယ်ဖြစ်ရမည်။ကလေးသူငယ်များသည်သမ္မာကျမ်းစာ၏သွန်သင် ချက်ကို နားမလည်တတ်ပါ။ ရေနှစ်ခြင်းခံရန် ယေရှုရှင်ကိုလည်း ကယ်တင်ရှင် အဖြစ် နားမလည်တတ်သေးပါ။ ထိုကြောင့် ရေနှစ်ခြင်းခံယူသူသည် မိမိ ကိုယ်၌က ယုံကြည်ခြင်းနှင့်ပတ်သက်၍ ဆုံးဖြတ်နိုင်သောအရွယ်ဖြစ်ရမည်။
အောက်ပါအချက်များသည် အသင်းထောက်၊ အသင်းမယ်များအတွက် နောက်ဆက်တွဲအကြံပေးချက်ဖြစ်သည်။ ရေနှစ်ခြင်းပွဲအစီအစဉ်သို့ပါဝင်ရမည့် သတိပေးခြင်းဖြစ်သည်။
(၁) အသင်းထောက်များ ရေနှစ်ခြင်းကန်ကို ထပ်တလဲလဲသန့်စင်အောင် ဆေးကြောတိုက်ချွတ်ပါ။ ရေကန်ထဲရှိနေသည့် ရေအပူအအေးမျှတ နေပါစေ။
(၂) အသင်းထောက်ခေါင်းဆောင်က နှစ်ခြင်းမင်္ဂလာခံယူမည့်သူအတွက် ဝတ်ရုံများကို အရွယ်အစားအလိုက် သေချာစွာစစ်ဆေးထားပါ။ ကိုယ် သုတ်ပဝါများ၊ ရေလဲအဝတ် (ပုဆိုး၊ ထမီ) များ၊ ရေချိုးစဉ် အသုံးပြု သော ခေါင်းစွပ်၊ ခြေစွပ်များကို လက်ထဲ၌အဆင်သင့်ကိုင်ထားပါ။ ရေနှစ်ခြင်းမခံမီရက်အတွင်း ကြိုတင်ဝယ်ယူထားပါ။ အဆိုပါ ပစ္စည်း များအားလုံး၏အရောင်သည် အဖြူရောင်ဖြစ်လျှင် အားလုံးအတွက် အဆင်ပြေပါသည်။ ပစ္စည်းများကို လုံခြုံသောအဝတ်လဲခန်း၌ လုံလုံ ခြုံခြုံသိမ်းထားရမည်။
(၃) အသင်းထောက်ခေါင်းဆောင်နှင့် အသင်းထောက်မယ်ခေါင်းဆောင် တို့သည် အသုံးအဆောင်ပစ္စည်းများနှင့်အဝတ်အပိုများကို အဆင် သင့် အပိုထားရှိရမည်။ ရုတ်တရက် နောက်ဆုံးအချိန်မှာပင် ရေနှစ် ခြင်းခံရန် စိတ်ဆုံးဖြတ်လာသူရှိတတ်သည်။ သူတို့အတွက် အရန်သင့် ထားရှိရခြင်းဖြစ်သည်။ အသင်းထောက်ခေါင်းဆောင်သည် နားကပ်၊ ဆွဲကြိုး၊ စတီးကြိုးများဆက်ထားသော ဝက်အူသေးသေးလေးများ၊ သံကြိုးစတီးကြိုးများကိုဖြတ်နိုင်သော သံညှပ်သည့်ပလာယာ စသည့် ပစ္စည်းများ အရန်သင့်ဆောင်ထားရမည်။
(၄) အသင်းထောက်ခေါင်းဆောင်က တိုးတိုးတိတ်တိတ်ဖြင့် လုံခြုံသော နေရာသို့ ရေနှစ်ခြင်းခံရန် ပြင်ဆင်နေသောသူများမှ ဆင်ယင်ထား သည့် ကိုယ်ပေါ်မှပစ္စည်းများကို လူမမြင်နိုင်သောနေရာ၌ ဖြုတ်ပေး ရမည်။ အစီအစဉ်မစတင်မီ သေသေချာချာ စစ်ဆေးပြီးဖြုတ်ပစ်ပါ။
(၅) အသင်းထောက်ခေါင်းဆောင်များ၊ အသင်းထောက်မယ်ခေါင်းဆောင် များက ရေနှစ်ခြင်းကန်ထဲသို့ဆင်းလာမည့် နှစ်ခြင်းခံသူကို ဓမ္မဆရာ ထံသို့ပို့ဆောင်ပေးပါ။ နှစ်ခြင်းခံမည့်သူ၏ နာမည်ကိုလည်းကောင်း၊ နေရပ်လိပ်စာ၊ တယ်လီဖုန်းနံပါတ်၊ မွေးသက္ကရာဇ်၊ ရေနှစ်ခြင်းခံယူ သည့်ရက်စွဲ စသည်တို့ကို (၃လက်မ× ၅လက်မ) အရွယ်ကတ်ပြား ပေါ်၌ရေးသားပြီး ရေနှစ်ခြင်းခံမည့်အချိန်၌ ဓမ္မဆရာကို ပေးအပ်ရ မည်။
(၆) အသင်းထောက်ခေါင်းဆောင်က အမျိုးသားရေနှစ်ခြင်းခံသူများ နှစ် ခြင်းကန်ထဲဝင်လာသည်မှပြန်ထွက်သွားသည့်အချိန်အထိစောင့်ကြပ် ပြီး အဝတ်အစားလဲလှယ်ရန်ကူညီပေးပါ။ ထိုနည်းတူ အမျိုးသမီး အသင်းထောက်များလည်း အမျိုးသမီးအချင်းချင်းကိုကူညီစေပါ။
(၇) ရေနစ်ခြင်းခံခြင်းအစီအစဉ်နောက်ဆက်တွဲ တရားဒေသနာ ဟော ပြောခြင်းရှိလျှင် အသင်းထောက်၊ အသင်းထောက်မယ်များက ရေနှစ် ခြင်းခံမည့်သူကို မြန်မြန်ဆန်ဆန်အဝတ်လဲလှယ်စေရပါမည်။ ဥပုသ် စာဖြေ ကျောင်းပြီးပြီးချင်း ချက်ချင်းလုပ်ဆောင်ပါ။ ရေနှစ်ခြင်းခံသူ များတို့နှင့်အတူ ရှေ့ဆုံးတိုင်ခုံမှာထိုင်နေရင်း သူတို့အတွက် သက် သောင့်သက်သာဖြစ်စေပါ။ ဓမ္မဆရာမှ ကတိဝန်ခံချက်များ ဖတ်ကြား ပေးပြီးနောက်၊ ရေနှစ်ခြင်းခံရန် သူတို့ကိုအသင်းထောက်၊ အသင်း ထောက်မယ်များက ဦးဆောင်ပို့ဆောင်ပြီး ရေကန်ရှိရာသို့ ကူညီပို့ ဆောင်ပေးပါ။
(၈) အမျိုးသမီးအသင်းထောက်က နှစ်ခြင်းကန်မှပြန်တက်လာသော ရေ နှစ်ခြင်းခံအမျိုးသမီးများ၏ ကိုယ်ပေါ်သို့ ချက်ချင်းအဝတ်စဖြင့် လွှမ်း ခြုံပေးလိုက်ပါ။ လှေကားဖြင့် စတက်လာသည်နှင့် ကန်ပေါ်သို့တက် လျှင်တက်ချင်းခြုံပေးပါ။ ယင်းနောက် အဝတ်လဲခန်းသို့ ချက်ချင်း ခေါ်သွားပါ။ အဝတ်လဲခန်း၌ အဝတ်လဲနေစဉ် အသင်းထောက်မယ် သည် တံခါးအပြင်ဘက်၌ သေသေချာချာစောင့်ပေးရမည်။ ရေနှစ် ခြင်းခံသူအတွက် လုံခြုံရေးဖြစ်သည်။
(၉) အဝတ်များလဲပြီးသည့်နောက်ပိုင်း ဗိမာန်တော်သို့ပြန်ခေါ်လာပေးပြီး အတူတကွဝတ်ပြုကြရန်ဖြစ်သည်။
(၁ဝ) အစီအစဉ်အားလုံးပြီးမြောက်သွား၍ အသင်းထောက်နှင့် အသင်း ထောက်မယ်များတို့သည် အဝတ်စိုများကိုစုသိမ်းပြီး အသင်းတော် ဘုရားကျောင်းနှင့်သက်ဆိုင်သောအရာအားလုံးကို လျှော်ဖွတ်၊ ဆေး ကြောသန့်စင်ပြီး အခြောက်ခံကာ သေသေချာချာသူ့နေရာနှင့်သူ ပြန်သိမ်းထားရမည်။
(၁၁) အသင်းထောက်များ ရေနှစ်ခြင်းကန်ကို ရေပြန်ထုတ်ရန် တာဝန်ရှိ သည့်တိုင် နောက်တစ်ကြိမ်ရေနှစ်ခြင်းခံရန် ရက်ကပ်နေလျှင် ပိုး သတ်ဆေး၊ ရေသန့်ဆေးများကိုထည့်ပြီး ရေမဖောက်ထုတ်ဘဲ ဆက် လက်ထားရှိနိုင်သည်။
(၁၂) နေဝင်သွားသည်နှင့်အဝတ်လဲခန်းမှ နှစ်ခြင်းကန်အထိ အသင်း ထောက်၊ အသင်းထောက်မယ်များက သန့်ရှင်းရေးလုပ်ဆောင်ကြရန် ဖြစ်သည်။
အသင်းထောက်နှင့်အသင်းထောက်မယ်များတို့၏ တခြားအရေးကြီးသော တာဝန်မှာ ရေနှစ်ခြင်းခံဝတ်ရုံသည် ရေစိုသောအခါ၌ အသားအထိ ဖောက်ထွင်း မြင်တွေ့နိုင်သောအရောင်မျိုးကို မသုံးမိစေရန်ဖြစ်သည်။ အဖြူရောင် သို့မဟုတ် အနက်ရောင်သည် သင့်လျော်သော အရောင်ဖြစ်သည်။ အဝတ်လဲခန်းကို ကျယ် ကျယ်ဝန်းဝန်းနှင့်နွေးထွေးမှုရှိပြီး ဆွဲဆောင်မှုရှိသောအခန်းဖြစ်အောင် ပြင်ဆင် ထားပါ။ နောက်ဆုံးအနေဖြင့် ရေနှစ်ခြင်းကန်မှရေကို ကြိုတင်စစ်ဆေးပြီး အပူ ပေးစက်ကို လိုအပ်သလိုချင့်ချိန်နိုင်ရန် အဆင်သင့်ပြင်ဆင်ထားပေးပါ။
အခန်း (၁၈)
သန့်ရှင်းသောပွဲတော်မင်္ဂလာ
အသင်းတော်လက်စွဲစာအုပ်မှ စတုတ္ထမြောက်အသင်းထောက်၊ အသင်း ထောက်မယ်များတို့၏ တာဝန်မှာ ပွဲတော်မင်္ဂလာအတွက် ကူညီဆောင်ရွက် ပေးခြင်းဖြစ်သည်။
ခြေဆေးမင်္ဂလာကျင်းပချိန်၌ အသင်းထောက်နှင့် အသင်းထောက်မယ် များသည် လိုအပ်သမျှကို ကြိုတင်ပြင်ဆင်ထားရမည်။ အစီအစဉ်အတွက် ခြေ သုတ်ပဝါ၊ ရေဇလုံအဆင်သင့်ရှိနေပြီး ရေသည် အပူအအေးအနေတော် ဖြစ်စေ ရမည်။ ရေပုံးအစရှိသည့်လိုအပ်သမျှကို ကြိုတင်စီမံထားရမည်။ အစီအစဉ် အားလုံးပြီးဆုံးသွားပြီးနောက် အိုး၊ ခွက်၊ အသုံးအဆောင်ပစ္စည်းများ၊ ခြေသုတ် အဝတ်များအစရှိသည်တို့ကို ဆေးကြောလျှော်ဖွတ်ပြီးလျှင် သူ့နေရာနှင့်သူ ပြန် ထားပေးရမည်။
သခင်ဘုရား၏ညစာစားပွဲပြီးသည်နောက် ကျန်ကြွင်းလျက်ရှိသော မုန့်နှင့် စပျစ်ရည်များကို သေသေချာချာထုပ်ပိုး၊ စုသိမ်းပြီး ကောင်းချီးပေး ဆုတောင်း ထားသော မုန့်နှင့်စပျစ်ရည်များကို သီးသန့်ထားပြီး၊ ကောင်းချီးပေးဆုတောင်း ပေးပြီးသားစပျစ်ရည်အကျန်ကို ရိုသေသမှုရှိစွာ သွန်ပစ်သွန်းလောင်းရမည်။ ကောင်းချီးပေးဆုတောင်းထားပြီးသော မုန့်များကိုမူ မြေသို့မြှုပ်နှံလိုက်ရမည်။ မီးရှို့ပစ်နိုင်သည်။ သို့မဟုတ်လျှင် တစ်မျိုးမျိုးဖြင့် ရိုသေစွာဖယ်ထားပြီး ပြန်မသုံး မိစေရန်သတိပြုရမည်။
အသင်းထောက်မယ်များက ပွဲတော်အုပ်တင်မည့်စားပွဲကို ပြင်ဆင်ရမည်။ မုန့်နှင့်စပျစ်ရည်ကိုလည်း ပြင်ဆင်ရမည်။ ပွဲတော်တင်စားပွဲကို ကောင်းစွာ နေရာချထားရမည်။ စပျစ်ရေများပွဲတော်ခွက်ထဲသို့ လောင်းချဖြည့်ပေးခြင်း၊ တဆေးမဲ့မုန့်များကို ပန်းကန်ပြားထဲသို့ထည့်ပေးခြင်း၊ ပွဲတော်အုပ်ကို စားပွဲပေါ် တင်ပြီး အဝတ်ဖြူဖုံးပေးခြင်းများကို အသင်းထောက်မယ်များပြုလုပ်ကြရမည်။ ဤအရာများကို အစီအစဉ်မစမီအဆင်သင့်လုပ်ဆောင်ပြီးစီးထားရမည်။
ခြေဆေးခြင်းမင်္ဂလာ
ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၃း၁-၁၀ အတိုင်း ကျင့်သုံးကြလျှင် ခြေဆေး ခြင်းမင်္ဂလာသည် ဗတ္တိဇံအငယ်စားဖြစ်သည်။ ဗိတ္တိဇံခံခြင်းသည် ကျွန်ုပ်တို့၏ အပြစ်ကိုဆေးကြောပစ်သည်ဟု ပုံဆောင်ထားပါသည်။ လွန်ခဲ့ပြီးသော အပြစ် အားလုံးကို ဆေးကြောသုတ်သင်သည်ဟု ခံယူပါသည်။ သို့သော် ခြေဆေးခြင်း မင်္ဂလာသည် လောလောလတ်လတ်အဖြစ် အားလုံးဆေးကြောသည်ဟု ပုံ ဆောင်ထားပါသည်။ အချင်းချင်းနားလည်မှုလွဲမှားသွားခြင်းများ၊ အခြားသူနှင့် သဘောထားခြင်း မတိုက်ဆိုင်ခြင်းများရှိနေခဲ့လျှင် ခြေဆေးခြင်းမင်္ဂလာပြုခြင်း ဖြင့် ပြန်လည်သင့်မြတ်စေရန်ဖြစ်သည်။ ဓမ္မဆရာလက်စွဲစာအုပ်မှ -
ခြေဆေးခြင်းမင်္ဂလာသည် မှားယွင်းခြင်းကို အမှန်ပြန်လည်ဖြစ်စေရန် သဘောထားခြင်းမတိုက်ဆိုင်သူများတို့နှင့် အထူးပြန်လည်သင့်မြတ်ခြင်းကို ဆို လိုပါသည်။ လင်နှင့်မယားကြား၊ မိဘနှင့်သားသမီးများအကြား မကြာခဏ အဖု အထစ်များ လျှို့ဝှက်စွာ ရှိတတ်ကြသည်။ ပွဲတော်မင်္ဂလာကျင်းပခြင်းဖြင့် မိသားစုများ ပြန်လည်ပေါင်းစည်းပြေပြစ်စေပါသည်။
ပွဲတော်မင်္ဂလာမဝင်မီတစ်ပတ်အနည်းဆုံးကြိုတင်ပြီး ဝိညာဉ်ရေးပြင်ဆင် မှုများပြုလုပ်ရပါမည်။ ဓမ္မဆရာ၊ အသင်းလူကြီး၊ အသင်းထောက်၊ အသင်း ထောက်မယ်များသည်-
(၁) ဘုရားသခင်နှင့်ဆက်သွယ်ခြင်းကို ပြန်လည်သုံးသပ်ပြီး ဆုတောင်း ခြင်း၊ အပြစ်ဝန်ချခြင်းကို ပြုလုပ်ရပါမည်။
(၂) သမ္မာကျမ်းစာနှင့်ဝိညာဉ်တော်စာပေမှ ရေးသားထားသော ပွဲတော် မင်္ဂလာနှင့်ပတ်သက်သည့်အကြောင်းများကို ပြန်လည်ဖတ်ရှုရမည်။ (မဿဲ ၂၆း၁၇-၃၀။ မာကု ၁၄း၁၂-၂၆။ လုကာ ၂၂:၇-၃၉။ ယောဟန် ၁၃း၁-၁၇။ ၁ကော ၁၀။ ၁၁း၁၇-၃၄။) ထာဝရလိုအင် သက်တော်စဉ်၊ စာမျက်နှာ ၆၄၂-၇၈၇။
(၃) အပြစ်ရှိသည်ဟု ထင်နေသော အထီးကျန်အားငယ်သူများအတွက် ခွင့်လွှတ်ခြင်းကိုရှာဖွေပေးပါ။
(၄) ထိုသူများကို စိတ်မကျေမနပ်ဖြစ်စေသူများအား ခွင့်လွှတ်ပါ။ ခံစား နေရသူများအား အပြစ်လွှတ်ခြင်းခံရကြောင်း အသေအချာပြောပြပါ။
(၅) ဓမ္မဆရာနှင့်အသင်းတော်လူကြီးသည် ဝိညာဉ်ရေးပြည့်ဝသော ဒေသ နာတရားကိုပြင်ဆင်ပြီး တိုတိုရှင်းရှင်းနှင့်အခြေအနေပေါ် သင့်လျော် သောဟောပြောချက်ကို ဟောပြောရမည်။
အောက်ဖော်ပြပါအချက်များကို သေချာစွာစဉ်းစားပြီး ကိုယ်ကာယနှင့် ဆိုင်သောပွဲတော်ကျင်းပခြင်းကို ပြင်ဆင်ရန်ဖြစ်သည်။
(၁) ပြင်ဆင်မှုအားလုံးသည် ပွဲတော်မကျင်းပမီ အကုန်အစင်ပြီးစီးထား ရမည်။ အထူးသဖြင့် ဥပုသ်မဝင်မီ အားလုံးပြီးစီးထားရမည်။ လက် သုတ်ပဝါ၊ ဆပ်ပြာနှင့်ရေများသည် ခြေဆေးခြင်းမင်္ဂလာပြီးလျှင် ပြီး ချင်း အသုံးပြုနိုင်ရန် အဆင်သင့်ရှိရမည်။
(၂) အသင်းထောက်၊ အသင်းထောက်မယ်များသည် ခြေဆေးခြင်းမင်္ဂလာ အရိုး၌ပါဝင်ရမည်ဖြစ်သောကြောင့် လိုအပ်သောအရာများကို အပြီး ပြင်ဆင်ထားရမည်။ ပွဲတော်မင်္ဂလာအစီအစဉ်ကို နှောင့်နှေးကြန့်ကြာ စေမှုမှ ကာကွယ်ပေးနိုင်သည်။
(၃) အသင်းထောက်ခေါင်းဆောင်က ယောက်ျားများအားလုံးကိုဦးဆောင် ပြီး အသင်းထောက်မယ်ခေါင်းဆောင်က အမျိုးသမီးများအားလုံးကို ဦးဆောင်ကာ လူတိုင်းပါဝင်နေသော အစီအစဉ်ကို ကြည့်ရှုနေရင်း သီချင်းများ ဦးဆောင်သီဆိုခြင်း၊ သက်သေခံစကားပြောကြားခြင်း ဆုတောင်းခြင်းများပြုလုပ်ရပါမည်။ သက်သေခံစကားကို တိုတိုနှင့် လိုရင်းပြောခြင်းဖြင့် တခြားသူများလည်း သက်သေခံခွင့်ရရှိပါမည်။ တခြားသူများကိုလည်း ပါဝင်ခွင့်ပေးပါ။
(၄) အသင်းထောက်နှင့်အသင်းထောက်မယ်များတို့သည် ပွဲတော်မင်္ဂလာ ၏အနက်အဓိပ္ပါယ်ကို သေချာစွာနားမလည်သော သားသမီးရှိမိဘ များအပေါ် အထူးအလေးထားရန်လိုသည်။ မိဘတစ်ဦးဦးက သူ၏ သား၊ သမီးသည် သခင်၏ ညစာစားပွဲအကြောင်းကိုနားလည်ပါသည် ဟု အာမခံနိုင်လျှင် ထိုသား၊ သမီးကို မိဘ၏ ကွပ်ကဲမှုအောက်၌ ပွဲတော်မင်္ဂလာကိုပါဝင်စေပါ။ စည်းမျဉ်းစည်းကမ်းမှာ ကလေးများ သခင်၏ ညစာစားပွဲတော်၌ ပါဝင်ခြင်းနည်းအတိုင်း ပါဝင်ခွင့်ပေးရ မည်။
|
သန့်ရှင်းသောပွဲတော်မင်္ဂလာ |
(၅) အသင်းထောက်၊ အသင်းထောက်မယ်တို့သည် ပွဲတော်မင်္ဂလာ ဝင် ရောက်ရန်ရောက်လာသူအားလုံးကို အစီအစဉ်မစတင်မီ နေရာတကျ ထိုင်ကြပါရန် သတိပေးနှိုးဆော်ရပါမည်။ ပရိသတ်လူဦးရေနည်းခဲ့ သော် ပရိသတ်များကို ခုံတိုင်းစေ့ခပ်ကြဲကြဲထိုင်ကြပါရန် အရှေ့ဆုံးမှ နေ၍ တတိယခုံတန်းတွင်စပြီးထိုင်ပေးကြပါရန် မေတ္တာရပ်ခံပေးပါ။ (အကယ်၍ အသင်းထောက်၊ အသင်းထောက်မယ်များက အရှေ့ဆုံးခုံ တန်းမှာနေရာယူမည်ဆိုလျှင်။) အကယ်၍ ပွဲတော်ဝင်ပရိသတ်များ ပြားလွန်းနေလျှင် ဘုရားကျောင်းခုံတန်း၏ အစွန်းနှစ်ဘက်ကို နေရာ လပ်ပေးပြီး အသင်းထောက်များမုန့်နှင့် စပျစ်ရည်ဝေပေးရာ၌ ခုံ အလယ်၌ထိုင်သောသူကို အခက်အခဲမရှိ ပွဲတော်အုပ်ကို ကမ်းပေးနိုင် ရန် စီစဉ်ပေးရမည်။ အသင်းထောက်များ မုန့်နှင့် စပျစ်ရည်ကို ဝေပေး ရာ၌ ခုံတန်းများအကြား ဝင်သာထွက်သာနိုင်ရန် ပရိသတ်မှနေရာ လပ်ပေးထားစေပါ။ အကြောင်းအရာ၏ အဆုံးပိုင်း ဆွဲထားသော ဇယားကွက်ကိုကြည့်ပါ။
သခင်၏ညစာ (ပွဲတော်မင်္ဂလာ)
ရိုသေခြင်း၊ လေးမြတ်ခြင်းနှင့်အတူ ညီညာသော လုပ်ဆောင်ခြင်းမျိုးသည် အစီအစဉ်အတွက် အထူးအရေးကြီးပါသည်။ ရိုသေသမှုပြုခြင်းရှိရန် အထူးဂရု စိုက်ပါ။ ထို့အတွက်ကြောင့် ဓမ္မဆရာ၊ အသင်းလူကြီး၊ အသင်းထောက်များ တို့သည် ပွဲတော်မစတင်မီ အစီအစဉ်များကို ကြိုတင်လေ့ကျင့်ထားရန် လိုပါ သည်။ ပွဲတော်မင်္ဂလာမကျင်းပမီတစ်ညအလိုတွင် ကြိုတင်လေ့ကျင့်ထားကြ ရန် အကြံပြုချင်ပါသည်။ ကြိုတင်လေ့ကျင့်ခြင်းမှာ ပါဝင်ခဲ့သူသာလျှင် အစီ အစဉ်၌ပါဝင်သင့်ပါသည်။ အစီအစဉ်ကျင်းပနေသောအချိန်သည် လေ့ကျင့်နေ သောအချိန်မဟုတ်တော့ပါ။ ရိုသေသမှုဖြင့် ညီညာလေးစားစွာပြုလုပ်ရမည့် အချိန်ပင်ဖြစ်သည်။
အသင်းသားနည်းသောအသင်းတော်များအတွက်
(၁) တာဝန်ရှိဦးဆောင်သူများ
ဓမ္မဆရာသည် ပွဲတော်ကို ဦးဆောင်ကျင်းပရာ၌ အသင်းလူကြီးများ၊ အသင်းထောက်များ၊ အသင်းထောက်မယ်များ များနိုင်သမျှ များများပါဝင်စေ ခြင်းဖြင့် အစီအစဉ်သည် နှောင့်နှေးကြန့်ကြာမှုမှ ကာကွယ်ပေးသည်။ လုပ် ဆောင် စေသောသူများအရေအတွက်မှာ ပရိသတ်၏ အနည်းအများအပေါ်၌ တည်နေပါသည်။ အသုံးပြုရသည့်ပွဲတော်ခွက်အရေအတွက်နှင့်သက်ဆိုင်သည့် ကြိုတင်လေ့ကျင့်ထားသော ဦးဆောင်သူအရေအတွက်နှင့် သက်ဆိုင်သည်။ ပွဲတော်စားပွဲ၌ ဦးဆောင်မည့်သူလူဦးရေမှာ ယေဘုယျအားဖြင့် လေးဦးရှိသင့် သည်။ ဓမ္မဆရာ၊ အသင်းလူကြီး (၁) နှင့် တခြားအသင်းလူကြီးနှစ်ဦးတို့ဖြစ်ရ မည်။ ဥပမာအနေဖြင့်ဖော်ပြပါပုဂ္ဂိုလ်များတို့သည် ဦးဆောင်ပါဝင်စေရမည့်သူ များ ဖြစ်ကြသည်။ ဓမ္မဆရာ၊ အသင်းလူကြီး (၁) တခြားအသင်းလူကြီးနှစ်ဦး အသင်းထောက်လေးဦးနှင့် အသင်းထောက်မယ်လေးဦးတို့ဖြစ်ကြသည်။
(၂) ကျင်းပပုံအဆင့်ဆင့်
ဓမ္မပရိသတ်များကို အသင်းထောက်များမှ သတ်မှတ်ပေးထားသော နေရာ များ၌ အသီးသီးနေရာယူပေးကြပါရန် အကြံပြုအသိပေးပါ။ ဦးဆောင်မည့်သူ များအားလုံး အဆင်သင့်တန်းစီထားပါ။ (သီးသန့်ထားရှိထားသောအခန်း) ကြို တင်လေ့ကျင့်မှု၌ မပါဝင်သောသူများပင်လျှင် ဝင်ရောက်တန်းစီစေပါ။ သေချာ စွာဝတ်ဆင်ထားသူတိုင်း လုပ်ဆောင်မှုအဆင့်တွင် ပါဝင်ပါသည်။ တိုက်ပုံအင်္ကျီ အမည်းရောင်၊ အဖြူရောင်ရှပ်အင်္ကျီ၊ အဖြူရောင်လက်အိတ်နှင့် အဖြူရောင် ရင်ထိုးတစ်မျိုးမျိုးကို ဆင်မြန်းထားကြရမည်။ အသင်းထောက်မယ်များအနေ ဖြင့် အဖြူရောင်ဝတ်စုံ၊ အဖြူရောင်လက်အိတ် (တချို့နေရာများ၌ အသင်း ထောက်မယ်များသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ကြသည်။ အထူးသဖြင့် ဆောင်းရာသီတွင် ဓမ္မဆရာနှင့်အသင်းလူကြီးများ ဝတ်ဆင်ရမည်မှာ- တိုက်ပုံ အနက်၊ အနောက်တိုင်းဝတ်စုံဝတ်လျှင် အနက်ရောင်ကုတ်၊ ရှပ်အင်္ကျီအဖြူ၊ နက် ကတိုင်အဖြူရောင် သို့မဟုတ် လက်ခံနိုင်သောအရောင် တစ်မျိုးမျိုးကို ဝတ်ဆင် ရပါမည်။
ဘုရားကျောင်း၏ အလယ်လမ်းကျောင်းအတိုင်း ဝင်လာကြရမည်။ အသင်း ထောက်မယ်များသည် အသင်းထောက်များ၏ ညာဘက်၌ပါဝင်ချီတက်လာရ မည်။ စုစည်းနိုင်သမျှစုစည်းပြီးချီတက်လာပါ။ တစ်ဦးနှင့်တစ်ဦးခပ်စိပ်စိပ်နေ ပါ။ ကြိုတင်လေ့ကျင့်ထားသူများက ဦးဆောင်ချီတက်ရမည်။ ပွဲတော်အုပ်ကို ဖုံးအုပ်ထားသော အဝတ်အား ဖွင့်မည့်အသင်းထောက်မယ်နှစ်ဦးသည် နောက် ဆုံးတန်းမှချီတက်လာစေပါ။ သူတို့နှစ်ဦး၏ရှေ့၌ ပွဲတော်ကိုပြန်လည် ဖုံးအုပ် မည့် အသင်းထောက်မယ်နှစ်ဦးကို ချီတက်ရန်နေရာပေးပါ။ ဓမ္မဆရာနှင့် အသင်းလူကြီးများက အသင်းထောက်၊ အသင်းထောက်မယ်များတို့၏ နောက်မှ လိုက်လာကြရမည်။ ဓမ္မဆရာ၏လက်ယာဘက်၌ အသင်းလူကြီး (၁)၊ ယင်း နောက် တခြားအသင်းလူကြီးနှစ်ဦးက အနောက်မှလိုက်ပါလာရမည်။
အသင်းထောက်၊ အသင်းထောက်မယ်၊ ဓမ္မဆရာနှင့်အသင်းလူကြီးများ ဘုရားကျောင်း၏ အလယ်လမ်းအတိုင်း ချီတက်လာရမည်။ ဘယ်ခြေကို အရင် စပြီးလှမ်းစေပါ။ အသင်းထောက်မယ်များက လက်ယာဘက်အရှေ့ဆုံးခုံတန်း သို့လည်းကောင်း၊ အသင်းထောက်များက အရှေ့ဆုံးလက်ဝဲဘက်ခုံတန်းသို့ လည်းကောင်း ချီတက်နေရာယူကြရမည်။ အသင်းထောက်၊ အသင်းထောက် မယ်များတို့သည် အစီအစဉ်အတိုင်း အစွန်ဆုံးနေရာကိုစတင်ယူခြင်းဖြင့် နောက် ဆုံးတန်းမှချီတက်လာသော အသင်းထောက်၊ အသင်းထောက်မယ်တို့သည် ပွဲတော်စားပွဲထားရှိရာ၌ အနီးဆုံးနေရာ၌ ဝင်ရောက်နေရာယူနိုင်မည်။
ဓမ္မဆရာသည် ပွဲတော်စားပွဲ၏ လက်ဝဲဘက်မှပတ်ဝင်ပြီး စားပွဲ၏ အနောက်ဘက်၌ နေရာဝင်ယူရမည်။ တစ်ချိန်တည်းမှာပင် အသင်းလူကြီး (၁) သည် ပွဲတော်စားပွဲ၏ လက်ယာဘက်မှကွေ့ဝင်ပြီး နေရာယူရပါမည်။ တခြား အသင်းလူကြီးနှစ်ဦးက အစီအစဉ်အတိုင်း ဓမ္မဆရာသွားသော လမ်းကြောင်း အတိုင်းနှင့် အသင်းလူကြီး (၁) သွားသော လမ်းကြောင်းအတိုင်း အနောက်မှ လိုက်ပါနေရာယူကြရမည်။
ဦးဆောင်မည့်သူများအားလုံး မျက်နှာချင်းဆိုင်စုံညီစွာ ရပ်နေကြပြီဖြစ် သည်။ ဓမ္မဆရာမှအချက်မပြမချင်း ငြိမ်သက်စွာရပ်နေကြရမည်။ ဓမ္မဆရာမှ ခေါင်းကိုအသာလေးညိတ်ပြီးအချက်ပြမှသာ ညီညာစွာထိုင်ကြရမည်။ ဓမ္မဆရာ နှင့်အသင်းလူကြီးသုံးဦးတို့မှ အစီအစဉ်တစ်လျှောက် မတ်တတ်ရပ်နေကြရပါ မည်။ (နောက်ဆုံးပိုင်းဖော်ပြသောဇယားကိုကြည့်ပါ။)
(၃) ပွဲတော်မင်္ဂလာစည်းကမ်း
ဓမ္မပရိသတ်များအားလုံး ငြိမ်သက်စွာထိုင်နေချိန်၌ ဦးဆောင်သူများမှာ တည်ငြိမ်စွာရပ်နေရမည်။ ယင်းအချိန်၌ အာရုံပြုသီဆိုသောဓမ္မသီချင်းကို ဆက် ကပ်သီဆိုစေပါ။ ဓမ္မသီချင်းပထမအပိုဒ်ပြီးသည်နှင့် ဓမ္မဆရာက ပွဲတော် စားပွဲ ကို ဖုံးထားသော အဝတ်စဖွင့်ရန် အသင်းထောက်မယ်နှစ်ဦးကို ခေါင်းညိတ် အချက်ပြရမည်။ အသင်းထောက်မယ်နှစ်ဦးက ရှေ့သို့တက်လာပြီး ဓမ္မသီချင်း ဆက်လက်သီဆိုနေချိန်မှာ ငြိမ်သက်စွာရပ်နေရမည်။ (အသေးစိတ်ကို ပွဲတော် အဝတ်စဖွင့်ခြင်းဖုံးအုပ်ခြင်းအကြောင်းတွင်ကြည့်ပါ။ထို့နောက် အသင်းထောက် မယ်နှစ်ဦး တာဝန်ပြီးသည်နောက် မိမိတို့နေရာသို့ပြန်လည်နေရာယူကြရမည်။ ပွဲတော်ဖုံးထားသောအဝတ်ကို ဖွင့်ပြီးသည့်အတွက် ဓမ္မဆရာက ဦးခေါင်းကို အသာလေးအချက်ပြပြီး စားပွဲ၏အနောက်ထိုင်ခုံတွင် အားလုံးညီညာစွာထိုင်ကြ ရမည်။ (ဓမ္မဆရာမှာရပ်နေဆဲ၊ အသင်းလူကြီးများအားလုံးထိုင်နေလျက်။) ထို အချိန်၌သီချင်းလည်းဆုံးသွားပြီဖြစ်သည်။ အစီအစဉ်အတိုင်းအဆင်ဆင့် ပြုလုပ် ရန်အကြံပေးချက်မှာ ပထမဦးစွာနှလုံးသွင်းရန် နှုတ်ကပတ်ကျမ်းချက်ကို ဖတ် ကြားရန်ဖြစ်သည်။
အသင်းသားမနည်းမများရှိသောအသင်းတော်များအတွက်
(၁) ဦးဆောင်ပါဝင်သူများ
အထက်ပါအစီအစဉ်အတိုင်း အသင်းတော်ငယ်၊ အသင်းတော်မကြီး မငယ်၊ အသင်းတော်ကြီးများ၌ ပွဲတော်မင်္ဂလာကျင်းပရာ၌ ပြုလုပ်ရပါမည်။ ဦးဆောင် ပါဝင်သူအရေအတွက်မှာ ပွဲတော်အုပ်၏ အရေအတွက်ကိုကြည့်ပြီး သင့်လျော် သလိုလုပ်ဆောင်ရပါမည်။ ၎င်းအပြင် ကြိုတင်လေ့ကျင့်ထားသော ဦးဆောင်သူ
အရေအတွက်ကိုလည်း သင့်လျော်သလိုပါဝင်စေပါ။
(၂) ကျင်းပပုံအဆင့်ဆင့်
အသင်းထောက်၊ အသင်းထောက်မယ်များမှ ဓမ္မပရိသတ်ကို အစီအစဉ် တကျထိုင်ပေးရန် အကူအညီတောင်းပါ။ ခုံတန်း၏ အစွန်နှစ်ဘက်ကို နေရာ လပ်ချန်ထားစေပါ။ သို့မဟုတ် အသင်းထောက်များမှ ကမ်းပေးလာသောပွဲတော် ခွက်များ၊ မုန့်များသည် အလယ်တန်းသို့ ကောင်းစွာ ရောက်နိုင်အောင် နေရာကို စီစဉ်ထားပါ။
ဦးဆောင်ပါဝင်သူများအားလုံး ပွဲတော်စားပွဲကို မိမိနေရာအသီးသီး၌ နေရာ ယူဝိုင်းထားရမည်။ ကြိုတင်လေ့ကျင့်မှုတွင် မပါဝင်နိုင်ခဲ့သည့်တိုင် အသင်း ထောက်၊ အသင်းထောက်မယ်များအားလုံးပါဝင်ပြီး ရိုသေသမှုဖြင့် ညီညာသော ဝတ်စုံဖြင့်ဝတ်ထားကာ ပွဲတော်အုပ်စားပွဲကို ဂါရဝပြုသည့်အနေဖြင့် မတ်တတ် ရပ်တန်းစီထားကြရမည်။
ယခုပြမည့်ပုံစံမှာ အသင်းလူကြီး (၁၂) ဦး၊ အသင်းထောက် (၁၂) ဦး၊ အသင်း ထောက်မယ် (၁၂) ဦး၊ အသင်းလူကြီး (၁) နှင့် ဓမ္မဆရာတို့ပါဝင်ကြပါသည်။ လုပ်ဆောင်မှုအဆင့်မှာ တရားပလ္လင်၏ ရှေ့၌ လမ်းနှစ်သွယ်ဖြင့် ဘုရားကျောင်း ထိုင်ခုံများကို ချထားပေးရမည်။ အသင်းထောက်များ နှစ်ယောက်တစ်တွဲစီ တန်း စီပြီး လက်ဝဲဘက်လျှောက်လမ်းမှတန်းစီကာ ၎င်းတို့၏အနောက်၌ ဓမ္မဆရာက နေရာယူထားပါ။ အသင်းထောက်မယ်များလည်း နှစ်ယောက်တစ်တွဲဖြင့် ပွဲတော်ကို ဖုံးအုပ်ထားသောအဝတ်ကိုဖွင့်ရန်၊ ဖုံးရန်အတွက် လက်ယာဘက် လျှောက်လမ်းမှတန်းစီထားပြီး ကျန်သောအသင်းထောက်မယ်များကို ထိုနည်း အတိုင်း နှစ်ယောက်တစ်တွဲဆက်လက်တန်းစီထားပါ။ အသင်းလူကြီး (၁) က ၎င်းတို့၏ နောက်တွင် နေရာယူထားကာ အခြားအသင်းလူကြီးများက နှစ် ယောက်တစ်တွဲ သူ၏အနောက်၌နေရာယူ တန်းစီထားရမည်။ သတိပြုရမည်မှာ ပွဲတော်ကိုဖွင့်မည့်အသင်းထောက်မယ်နှစ်ဦးနှင့် ပြန်လည်ဖုံးအုပ်မည့် အသင်း ထောက်မယ်နှစ်ဦးတို့သည် ပွဲတော် စားပွဲနှင့်အနီးဆုံးနေရာ၌ထိုင်နေရန်စီစဉ်ပါ။ ချီတက်သွားသောအခါ နှစ်ယောက်တစ်တွဲဖြင့် မစိပ်မကျဲ ဖြစ်နေစေရမည်။ ထို့အတွက်ကြောင့် ကြိုတင်လေ့ကျင့်မှုကို အသင်းထောက်၊ အသင်းထောက် မယ်များအနေဖြင့် လေ့ကျင့်ထားရန် လွန်စွာအရေးကြီးပါသည်။
အသင်းထောက်၊ အသင်းထောက်မယ်၊ အသင်းလူကြီးများနှင့် ဓမ္မဆရာ သည် မိမိတို့ ချီတက်သွားရမည့်လျှောက်လမ်းအတိုင်း ဦးစွာဘယ်ဘက်ခြေကို စလှမ်းသွားရမည်။ လူရှစ်ဦးထိုင်နိုင်သော ခုံတန်းကို ရှေ့ဆုံးတန်း၌ ထားရှိထား သည့်အလျောက်၊ ပွဲတော်ဖုံးအဝတ်ဖွင့်မည့် အသင်းထောက်မယ်နှစ်ဦးနှင့် ပြန် လည် ဖုံးအုပ်မည့်အသင်းထောက်မယ်နှစ်ဦးတို့သည် ပွဲတော်စားပွဲ၏ ရှေ့တည့် တည့် အလယ်တန်းခုံတွင် ဝင်ရောက်ကာနေရာယူပြီး ရပ်နေရပါမည်။ ကျန် သော အသင်းထောက်မယ်များလည်း နှစ်ယောက်တစ်တွဲစီ မိမိတို့၏ အရှေ့ဆုံး လက်ယာဘက် ခုံတန်းများတွင် နေရာယူကာရပ်နေရပါမည်။ ထိုနည်းတူ ရှေ့ ဆုံးမှ အသင်းထောက် (၄)ဦးသည်လည်း အလယ်တန်းခုံတန်းရှည်၌ အသင်း ထောက်မယ် (၄) ဦးနှင့်အတူဝင်ရောက်နေရာယူကာ ရပ်နေကြရပါမည်။ ကျန် သောအသင်းထောက် (၈) ဦးက လက်ဝဲဘက်ရှေ့ဆုံးခုံတန်းတွင် နေရာဝင်ယူ ကာရပ်နေပါ။ ဓမ္မဆရာက ပွဲတော်စားပွဲ၏ လက်ဝဲဘက်မှ စားပွဲ၏ အနောက် ဘက်သို့ နေရာဝင်ယူသကဲ့သို့၊ အသင်းလူကြီး (၁) သည်လည်း လက်ယာဘက် မှ စားပွဲ၏အနောက်ဘက် ဓမ္မဆရာ၏လက်ဝဲဘက်တွင် နေရာဝင်ယူကာ ရပ်နေ ပါ။ ထိုနည်းအတိုင်း ဓမ္မဆရာ၏ နောက်မှလိုက်လာသော အသင်းလူကြီး (၆) ဦး နှင့် အသင်းလူကြီး (၁) ၏ နောက်မှလိုက်ပါလာသော အသင်းလူကြီးခြောက်ဦး အသီးသီးတို့သည် ဝဲယာနှစ်ဘက်မှနေ၍ ဓမ္မဆရာနှင့် အသင်းလူကြီး (၁) ၏ ထိုင်ခုံနေရာနှင့် အနည်းငယ်နောက်ဘက်ကျသော နေရာတွင် ဝင်ရောက်နေရာ ယူကာ မတ်တတ်ရပ်ထားရမည်။ ဓမ္မဆရာနှင့် အသင်းလူကြီးများတို့သည် ပရိသတ်ကိုမျက်နှာချင်းဆိုင်ကာရပ်နေကြရမည်။
အသင်းထောက်၊ အသင်းထောက်မယ်များမှာမူ ပွဲတော်စားပွဲကို မျက်နှာ ချင်းဆိုင် မတ်တတ်ရပ်နေကြရမည်။ ဓမ္မဆရာမှအချက်ပြမလုပ်မချင်း ငြိမ်သက် စွာရပ်နေရမည်။ ဓမ္မဆရာမှ ခေါင်းညိတ်အချက်ပြမှသာ အသင်းထောက်၊ အသင်းထောက်မယ်များသည် ထိုင်ခုံတွင်ညီညာစွာထိုင်ကြရမည်။ ထိုအချိန်၌ အသင်းလူကြီးများနှင့်ဓမ္မဆရာမှာ ရပ်နေမြဲရပ်နေကြရမည်။ (အခန်း၏ အဆုံး ပိုင်းဇယားကိုကြည့်ပါ။
(၃) ပွဲတော်မင်္ဂလာစည်းကမ်း
ပြုလုပ်ပုံစည်းမျဉ်းစည်းကမ်းမှာ အသင်းတော်ငယ်များ၏ လုပ်ဆောင်ပုံ နှင့် တူညီနေပါသည်။
သခင်ဘုရား၏ညစာ (ပွဲတော်မင်္ဂလာ) ကျင်းပခြင်း
(ပြုလုပ်ပုံအစီအစဉ်)
အစီအစဉ်စတင်
- စန္ဒယားဓမ္မသီချင်းသံ
အစီအစဉ်အဆင့်ဆင့်
- ဦးဆောင်သူများဝင်လာ
*********
အာရုံပြုဓမ္မသီချင်း ၃၈။ တိုင်တော်တွင်
- ပရိသတ်
ပွဲတော်စားပွဲဖွင့်ခြင်း
- အသင်းထောက်မယ်များ
ကျမ်းစာဖတ်ရွတ်ခြင်း (၁ကော ၁၁း၂၃၊၂၄)
- ဓမ္မဆရာ
သန့်ရှင်းသောမုန့်အတွက်
- အသင်းလူကြီး
ကောင်းချီးပေးဆုတောင်း
သန့်ရှင်းသောလက်ဆေးကြောခြင်း
- ဓမ္မဆရာနှင့်အသင်းလူကြီး (၁)
သန့်ရှင်းသောမုန့်ဖဲ့ခြင်း
- ဓမ္မဆရာနှင့်အသင်းလူကြီး (၁)
သန့်ရှင်းသောမုန့်ကိုဝေပေးခြင်း
- အသင်းထောက်များ
အာရုံပြုဓမ္မသီချင်း “သင်ရှိခဲ့သလား”
- ပရိသတ်
*****
နှုတ်ကပတ်တော်ဖတ်ကြားခြင်း (၁ကော ၁၁း၂၅၊၂၆) - ဓမ္မဆရာ
သန့်ရှင်းသောစပျစ်ရည်ကိုကောင်းချီးပေး
- အသင်းလူကြီး
သန့်ရှင်းသောစပျစ်ရည်ဝေငှခြင်း
- အသင်းထောက်များ
အာရုံပြုဓမ္မသီချင်း (၁၂၉)
(သွေးနှင့်ပြည့်သောစမ်းရည်တွင်းရှိသည်)
- ပရိသတ်
ပွဲတော်ခွက်ပြန်လည်စုသိမ်းခြင်း
- အသင်းထောက်များ
******
ပွဲတော်စားပွဲပြန်လည်ဖုံးအုပ်ခြင်း
- အသင်းထောက်မယ်များ
သက်သေခံစကား (အဖွဲ့ငယ်)
- ပရိသတ်
တပည့်တော်ဖြစ်ခြင်းဓမ္မသီချင်း (၅၉၈)
(သန့်ရှင်းသူများစောင့်ကြည့်နေကျူး)
- ပရိသတ်
အပိတ်ကောင်းချီးပေးဆုတောင်း
- ဓမ္မဆရာ
ဦးဆောင်သူများပြန်လည်ထွက်ခွာခြင်း
- ဦးဆောင်သူများ
ပရိသတ်ထွက်ခွာ
**********
ကျေးဇူးတင်အလှူငွေကိုတံခါးဝတွင်
ကောက်ခံခြင်း
- အသင်းထောက်များ
ပြန်လည်သတိရအောက်မေ့ရန်အချက်များ
(၁) အသင်းထောက်ခေါင်းဆောင်၊ အသင်းထောက်မယ် ခေါင်းဆောင်တို့
သည် မိမိတို့၏အသင်းထောက်၊ အသင်းထောက်မယ်များကို သန့်ရှင်း
သောပွဲတော်မင်္ဂလာပွဲကျင်းပရာ၌ တစ်နှစ်လုံးဦးဆောင်ပါဝင်ကြပါ ရန် ညွှန်ကြားထားရမည်။ ၎င်းညွှန်ကြားချက်ကို အစီအစဉ်မကျင်းပမီ ကြိုတင်သတိပေးသောကြောင့် အကြိုလေ့ကျင့်မှုတွင် အားလုံးပါဝင် လာနိုင်မည်ဖြစ်သည်။
(၂) လိုအပ်သမျှပစ္စည်းများကို တစ်ပတ်အလိုတွင်ကြိုတင်စစ်ဆေးပါ။
(၃) ပွဲတော်အုပ်ကို ဖုံးအုပ်ထားသော အဝတ်စအားဖွင့်ခြင်း၊ ဖုံးအုပ်ခြင်းမှာ အသင်းထောက်မယ်များတို့၏ သီးသန့်လုပ်ဆောင်ရမည့်တာဝန်ဖြစ် သည်။ မတော်တဆအမှားအယွင်းများရှိခဲ့သော် လက်ထဲ၌ပင် ကိုင် ထားပါစေ။ ဓမ္မဆရာမှ လိုအပ်သလိုကူညီမည့်သူများကို ထပ်ဆင့် ညွှန်ကြားလိမ့်မည်။ သို့မဟုတ် အခြားသူများကို အကူအညီတောင်း ပေးလိမ့်မည်။ အခြေအနေအရပ်ရပ်၌ စိတ်ချလက်ချ ညွှန်ကြားချက် အတိုင်း လုပ်ဆောင်သင့်ပါသည်။ ဦးဆောင်သူများမှ မိမိတို့လုပ် ဆောင်ရမည့် တာဝန်ကိုလုပ်ဆောင်ပါ။ မမျှော်လင့်သောအစီအစဉ် ကမောက်ကမဖြစ်လာခြင်းရှိလျှင်ဓမ္မဆရာ၏ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ပါ။
|
သန့်ရှင်းသောပွဲတော်မင်္ဂလာ |
(၄) ဓမ္မဆရာတစ်ပါးတည်းသာ ပွဲတော်စားပွဲပေါ်မှ ပွဲတော်မုန့်၊ ပွဲတော် ခွက်၊ ဖလားများကိုရွှေ့ခြင်း၊ စီခြင်း၊ ပြန်၍နေရာတွင်ထားခြင်းအခွင့် ရှိသည်။ အကယ်၍သူသည် အကူအညီလိုအပ်ပါက အချက်ပြလာ မြင့်ပါမည်။ ထိုကြောင့် ဓမ္မဆရာ၏လှုပ်ရှားမှုနှင့်မျက်နှာအနေအထား ကို အစဉ်သတိပြုနေရပါမည်။ စကားပြောစရာရှိလာလျှင် လေသံတိုး တိုးလေးဖြင့် ပြောလာပါလိမ့်မည်။ ထို့အတွက်ကြောင့် နိုးနိုး ကြား ကြားသတိနှင့်ရှိရန်လိုပါသည်။
(၅) အသင်းထောက်၊ အသင်းထောက်မယ်နှင့် အသင်းလူကြီးတို့သည် ပွဲတော်မင်္ဂလာအစီအစဉ်အတွင်း အာရုံပြုစူးစိုက်ထားပြီး သတိအမြဲ ရှိကြရပါမည်။ သီချင်းဆိုနေရင်း အာရုံမပျံ့စေပါနှင့်။ တစ်ဦးနှင့် တစ်ဦးစကားမပြောကြပါနှင့်။ အစီအစဉ်စာရွက်ကို ငုံ့၍မဖတ်ပါနှင့် စသည့်အခြားနေရာသို့ စိတ်ကို မရောက်စေပါနှင့်။ မတော်တဆ ဓမ္မဆရာမှ အချက်ပြလာသောအခါ မသိလိုက်ဘဲဖြစ်သွားမည်ကို စိုး ရိမ်ရသည်။ မည်သည့်ပစ္စည်းတစ်စုံတစ်ရာကိုမျှ မိမိနှင့်အတူပါမလာ ပါစေနှင့်။ ဥပမာ- အိတ်ဆောင်စာအုပ်ငယ်၊ ကျမ်းစာ၊ ဖုန်းများ၊ ရေဒီ ယိုလိုင်းဖြင့်ဆက်သွယ်ထားသောကိရိယာ (ပေဂျာ) ကလေးငယ်၊ အစီအစဉ်စာရွက်၊ အသံဖမ်းစက်၊ ကုတ်အင်္ကျီကိုင်ထားခြင်း စသည် တို့ဖြစ်သည်။ ဓမ္မဆရာကိုမျက်ခြည်မပြတ်ကြည့်နေပါ။
(၆) ဓမ္မဆရာနှင့်အသင်းလူကြီး (၁) မှ မုန့်နှင့်စပျစ်ရည်ကို အခြားအသင်း လူကြီးများလက်သို့ ပွဲတော်စားပွဲ၏အနောက်မှနေ၍ ကမ်းပေးလိမ့် မည်။ အသင်းလူကြီးများမှတစ်ဆင့် အသင်းထောက်များလက်သို့ ထပ်ဆင့်ကမ်းပေးလာပါလိမ့်မည်။ ထိုနည်းတူ ပွဲတော်ဖလားခွက်ကို အသင်းထောက်များပြန်ယူလာပြီး အသင်းလူကြီးများလက်သို့လည်း ကောင်း အသင်းလူကြီးများက၊ အသင်းလူကြီး (၁) နှင့်ဓမ္မဆရာသို့ လက်ဆင့်ကမ်းရသည်။ မုန့်နှင့်ပွဲတော်ခွက်အုပ်ကို ကိုင်ဆောင်ရာ၌ ရင်ခွင်၌ထားပြီးမြဲစွာလက်နှစ်ဘက်ဖြင့်ကိုင်ပါ။ အထူးသဖြင့် ခါးနှင့် တစ်တန်းတည်းရှိနေရန် လိုပါသည်။ လက်ချောင်းကို သေချာစွာ အသုံးပြုပြီး လက်မကိုအပေါ်မှအုပ်ပြီးကိုင်ထားပါ။
(၇) အသင်းထောက်များမုန့်ဝေပေးခြင်း၊ စပျစ်ရေခွက်များကမ်းပေးခြင်း (ပြန်လည်သိမ်းခြင်း) အချိန်မှာ ခုံတန်း၏အလယ်တန်းမှစပြီး အစွန် ပိုင်းသို့ကမ်းပေးပါ။
(၈) အသင်းထောက်များ မုန့်ကိုသော်လည်းကောင်း၊ စပျစ်ရည်ကိုသော် လည်းကောင်း ဝေပေးပြီးနောက် အလယ်လမ်းကြားမှနှစ်ယောက် တစ်တွဲရပ်နေပေးပါ။ ပွဲတော်စားပွဲကို မျက်နှာချင်းဆိုင်ထားပါ။ ဓမ္မ ဆရာမှပရိသတ်ကိုကြည့်ရင်း အားလုံးရရှိပါပြီလားဟု မေးလျှင် တစ်ဦးတစ်ယောက်မှလက်ထောင်လာလျှင် အနီးဆုံးအသင်းထောက် က ချက်ချင်းကမ်းပေးပြီး ဝေငှသွားရပါမည်။ ထိုနည်းအတိုင်း စပျစ်ရည်ခွက်ကိုပြန်သိမ်းသောအခါ၌လည်း အလားတူလုပ်ဆောင် စေပါ။
(၉) ပရိသတ်အားလုံးရရှိပြီးသောအချိန်မှာ ဓမ္မဆရာမှခေါင်းကို အသာ လေး ညိတ်ပြီးအချက်ပြသည်နှင့် အသင်းထောက်များသည် ပွဲတော် စားပွဲသို့ ပြန်လည်ချီတက်လာကြရမည်။ ရိုသေစွာရပ်နေပြီး ဓမ္မဆရာ မှ ခေါင်းညိတ်အချက်ပေးသည်နှင့် အသင်းလူကြီး၏ လက်သို့ ကမ်း ပေးကာ အသင်းလူကြီးများမှတစ်ဆင့် ဓမ္မဆရာက လက်ခံရသည်။ ဓမ္မဆရာမှခေါင်းညိတ်အချက်ပြသောအခါ အသင်းထောက်များ မိမိ တို့ ထိုင်ခုံသို့နေရာပြန်ယူကြမည်ဖြစ်သည်။
(၁ဝ) အသင်းထောက်များအားလုံးပြန်ထိုင်ပြီးချိန်၌ ဓမ္မဆရာမှခေါင်းညိတ် အချက်ပြလျှင် အသင်းလူကြီးများသည် အသင်းထောက်နှင့်အသင်း ထောက်မယ်များကို သွားရောက်ကမ်းပေးကြရသည်။ တခြားသော နည်းမှာ ဓမ္မဆရာနှင့်အသင်းလူကြီး (၁) တို့က အသင်းထောက်၊ အသင်းထောက်မယ်များကိုကမ်းပေးကြသည်။ဆက်လက်ပြီးအသင်း လူကြီးများကို တစ်ပါတည်းကမ်းပေး၏။
(၁၁) ပထမနည်းကို အသုံးပြုလုပ်ဆောင်လျှင် အသင်းလူကြီးများသည် အသင်းထောက်၊ အသင်းထောက်မယ်များကို ကမ်းပေးပြီးနောက် ပွဲတော်စားပွဲသို့ပြန်လာပြီး ပွဲတော်စားပွဲ၏ အနောက်ဘက်ထိ လျှောက်လာကာ ဓမ္မဆရာနှင့်အသင်းလူကြီး (၁) တို့ကို ပွဲတော်ခွက် များ ကမ်းပေးကြရသည်။ ဓမ္မဆရာနှင့်အသင်းလူကြီး (၁) တို့က စပျစ် ရည်ခွက်ကို နေရာချစီထားပြီး နောက်ဆုံးစပျစ်ရည်လင်ပန်းကို ကိုင်ဆောင်ကာ၊ အသင်းလူကြီးများအား ကမ်းပေးရသည်။ ဓမ္မဆရာ လုပ်ဆောင်သကဲ့သို့ အသင်းလူကြီး (၁) လည်းလုပ်ဆောင်သွားပါ။ ယင်းနောက် အသင်းလူကြီး (၁) က သူ၏ စပျစ်ရည်လင်ပန်းကို စားပွဲပေါ်ချပြီး ဓမ္မဆရာမှကမ်းပေးသောစပျစ်ရည်ကိုလက်ခံရမည်။ ဓမ္မဆရာသည် ပွဲတော်လင်ပန်းကိုချထားပြီးနောက် ပရိသတ်အား “အတူတကွစားကြစို့ သို့မဟုတ် သောက်ကြစို့ဟုကြေညာလိုက်ပါ။
|
သန့်ရှင်းသောပွဲတော်မင်္ဂလာ |
(၁၂) ပွဲတော်စပျစ်ရည်နှင့် စပျစ်ရည်ခွက်ကို ဝေငှခြင်း၊ ပြန်သိမ်းခြင်း အကြောင်းကို နံပါတ် (၆) မှ (၁၁) အတိုင်းပြုလုပ်ပါ။ အကယ်၍ တစ်ခါသုံးခွက်များကို အသုံးပြုခဲ့သော် ပရိသတ်အား အသိပေးပြီး အမှတ်တရ သိမ်းထားစေပါ။
(၁၃) ပွဲတော်စားပွဲကို ပြန်လည်ဖုံးအုပ်ပြီးသည်နောက် အသင်းသားများ သက်သေခံလိုလျှင် အခွင့်အရေးပေးနိုင်ပါသည်။ ရှေ့တက်လာရန် မလိုဘဲ အဖော်အချင်းချင်းဝေငှသက်သေခံရန်သာဖြစ်သည်။ မုန့်ဝေ နေသောအချိန်နှင့် စပျစ်ရည်ဝေနေသော အချိန်များ၌လည်း တစ်ဦး နှင့်တစ်ဦးသက်သေခံစကားပြောနိုင်ပါသည်။ အကယ်၍ အချိန်ကြာ ညောင်းစွာစောင့်နေရလျှင် အဆင်ပြေသောတယ်လီဖုန်းနံပါတ် တစ် ခုခုကိုရွေးပြီး ဖုန်းဖြင့်ဆက်သွယ်ကာ သခင်ခရစ်တော်၏ ကိုယ်ခန္ဓာ နှင့်အသွေးတော်မြတ်အကြောင်းကို ဝေငှသက်သေခံနိုင်သေးသည်။
(၁၄) နောက်ဆုံးကောင်းချီးပေးဆုတောင်းပြီးသည့်နောက် ဓမ္မဆရာမှ ပရိ သတ်များကို စိတ်စေတနာအလျောက်ထည့်ဝင်သောအလှူတော်ငွေ ကို တံခါးဝ၌ကောက်ခံကြောင်းကို ကြိုတင်သတိပေးနှိုးဆော်ရမည်။ အသင်းထောက် သို့မဟုတ် ကြိုဆိုရေးတာဝန်ကျသူများက တံခါးဝ တွင်အလှူခံအိတ်ကိုကိုင်ပြီး အလှူတော်ငွေကိုကောက်ခံပါ။
(၁၅) ပြန်လည်ထွက်ခွာသွားကြသောအချိန်၌ အသင်းထောက်နှင့်အသင်း ထောက်မယ်တို့သည် နှစ်ယောက်တစ်တွဲဖြင့် ဦးစွာထွက်ခွာရပါမည်။ ဝင်လာစဉ်ကအတိုင်းပင်ဖြစ်သည်။ အသင်းလူကြီးများနှင့်ဓမ္မဆရာ သည်လည်း အစုံလိုက်၊ အတွဲလိုက်ပြန်လည်ထွက်ခွာသွားရပါမည်။ (အခန်း၏အဆုံးပိုင်းဇယားကိုကြည့်ပါ။) ကြိုဆိုရေးအဖွဲ့မှလည်း ပရိ သတ်အားလုံး ထွက်ခွာသွားရမည့်လမ်းကြောင်းကို ကူညီပြညွှန်ပေး ပါ။
(၁၆) မနာမကျန်းဖြစ်သူများနှင့် အိမ်ပြင်မထွက်နိုင်သူများအတွက် ပွဲတော် မုန့်နှင့်စပျစ်ရည်ကို အသင်းထောက်မယ်များ ပြင်ဆင်ပြီးနောက်မှာ ကောင်းချီးပေးဆုတောင်းပြီးသား မုန့်နှင့်စပျစ်ရည်အပိုများကို ပြန် လည်စုသိမ်းကာ သင့်လျော်သောအိတ် သို့မဟုတ် ထည့်နိုင်သည့် အရာသာ တစ်ခုခုဖြင့်ထုပ်ပိုးကာ မုန့်များကိုမီးရှို့ခြင်း သို့မဟုတ် မြေမြှုပ်ပစ်လိုက်ရမည်။ စပျစ်ရည်ကိုမြေပေါ်သို့ သွန်းလောင်းပစ် လိုက်ပါ။ အသင်းထောက်မယ်များတို့သည် စားပွဲကို သန့်ရှင်းရေး လုပ်ဆောင်သောအခါ ပွဲတော်အုပ်ကို ဖုံးအုပ်ထားသောအဝတ်ကို ဂရု တစိုက်ဖွင့်ရမည်။ အသင်းထောက်များက စားပွဲကိုနေရာတကျပြန်ပြီး စီထားရန်တာဝန်ရှိသည်။
(၁၇) အချိန်တိုလေးဖြင့်အစီအစဉ်ကို ပြုလုပ်လိုလျှင် အသင်းတော်လက်စွဲ စာမျက်နှာ ၉၇-၉၈ သို့မဟုတ် ဓမ္မဆရာလက်စွဲစာမျက်နှာ ၂၁၆ ၂ ကိုကြည့်ပါ။
ဖျားနာနေသူများနှင့်အိမ်ပြင်မထွက်နိုင်သူများအတွက်
သခင်ဘုရား၏ညစာ (ပွဲတော်မင်္ဂလာ)
အသင်းသားတစ်ဦးဦးသည် အိမ်၌သော်လည်းကောင်း၊ ဆေးရုံ၌သော် လည်းကောင်း ဖျားနာနေလျှင်၊ ပွဲတော်သွားရောက်ပေးရန် စီစဉ်ရမည်။ အသင်း ထောက်ခေါင်းဆောင်က အမျိုးသားလူနာကို ဆက်သွယ်ထားရမည့် တာဝန် ရှိပြီး၊ အသင်းထောက်မယ်က အမျိုးသမီးဖျားနာသူများကို တစ်ပတ် ကြိုတင် ဆက်သွယ်ထားရန်လိုသည်။ ပွဲတော်ဝင်ရန်တစ်ရက်အလို၌ ထပ်မံပြီး နှိုးဆော် သတိပေးပါ။ သို့မှသာ ပွဲတော်ဝင်လိုလျှင် ပြင်ဆင်ထားနိုင်ပြီး၊ မဝင်လိုလျှင် လည်း ကြိုတင်အကြောင်းပြန်နိုင်မည်ဖြစ်သည်။
ခြေဆေးခြင်းမင်္ဂလာကို အိမ် သို့မဟုတ် ဆေးရုံ၌ ပုံမှန်ပြုလုပ်နေကျ အတိုင်း ပြုလုပ်ပေးနိုင်ပါသည်။ များသောအားဖြင့် ဖျားနာသူများ ကိုယ်တိုင် မလုပ်ဆောင်နိုင်သော အရာများရှိနေပါသည်။ အသင်းထောက်ခေါင်းဆောင်နှင့် အသင်းထောက်မယ်ခေါင်းဆောင်တို့သည် နဂိုမူလဆက်သွယ်ထားသော လူနာ ကို ခြေဆေးနိုင်သည်၊ မဆေးနိုင်သည်ကို ကြိုတင်မေးထားရမည်။ အသင်း ထောက်နှင့်အသင်းထောက်မယ်များက ပဝါများ၊ ရေဇလုံများကို အဆင်သင့် ယူလာပြီး ခြေဆေးခြင်းပြုလုပ်လိုသော ဖျားနာသူအတွက် ခြေဆေးပေးပါ။ အသင်းထောက်သည် အမျိုးသားကို ကူညီပေးပြီး အသင်းထောက်မယ်သည် အမျိုးသမီးလူနာများကို ကူညီလုပ်ကိုင်ပေးပါ။ ဓမ္မဆရာနှင့်အသင်းလူကြီး၊ အသင်းထောက်တို့က အသင်းထောက်မယ်မှ ဖျားနာသူအမျိုးသမီး၏ ခြေကို ဆေးပေးချိန်တွင် အပြင်သို့ခဏထွက်ပေးပါ။
အခွင့်အရေးရလျှင်ရသလို ဓမ္မဆရာ သို့မဟုတ် လက်တင်ခြင်းမင်္ဂလာ ခံရသောအသင်းလူကြီး၊ အသင်းထောက်၊ အသင်းထောက်မယ်များအဖွဲ့ဖွဲ့ပြီး ဖျားနာသူထံ သို့မဟုတ် အိမ်ပြင်မထွက်နိုင်သူများထံသို့သွားရောက်ကာ သန့် ရှင်းသောပွဲတော်မင်္ဂလာကို ကျင်းပပေးရမည်။ ဘုရားကျောင်း၌ ပွဲတော်မင်္ဂလာ ဝင်ပြီးသားဖြစ်သောကြောင့် အဖွဲ့သားများအနေဖြင့် ထပ်မံခြေဆေးရန်မလိုအပ် တော့ပါ။
နှုတ်ဆက်စကားနှင့် ဖျားနာသူ၏ ကျန်းမာရေးအခြေအနေကို သုံးသပ်ပြီး သည့်နောက်မှာ အောက်ပါအစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်သွားရပါ မည်။ အသင်းလူကြီး သို့မဟုတ် ဓမ္မဆရာနှင့်အသင်းထောက်၊ အသင်းထောက် မယ်များ ဆက်လက်ကူညီလုပ်ဆောင်ပေးသွားပါမည်။
က။ တိုရှင်းလိုရင်းတရားတစ်ပုဒ်ကိုဟောပေးပါ။
ခ။ ဆုတောင်းပါ။
ဂ။ ယူလာသောပွဲတော်အုပ်ကိုဖွင့်ပြီးပြင်ဆင်ပါ။
ဃ။ သမ္မာကျမ်းစာတစ်ပိုဒ်ဖတ်ကြားပါ။ (၁ကော ၁၁း၂၃၊၂၄)။
င။ မုန့်အတွက်ကောင်းချီးတောင်းခံပါ။
စ။ မုန့်ကိုကမ်းပေးလိုက်ပါ။
ဆ။ သမ္မာကျမ်းစာတစ်ပိုဒ်ပြန်ဖတ်ပါ။ (၁ကော ၁၁း၂၅၊၂၆)။
ဇ။ စပျစ်ရည်အတွက်ကောင်းချီးတောင်းခံပါ။
ဈ။ စပျစ်ရည်ခွက်ကိုကမ်းပေးလိုက်ပါ။
ည။ ဓမ္မသီချင်းတစ်ပုဒ်သီဆိုပါ။
ဋ။ သက်သေခံစကားအနည်းငယ်ပြောပါ။
ဌ။ အပိတ်အနေဖြင့်ကောင်းချီးပေးဆုတောင်းပါ။
မှတ်ချက်။ ။ ယခုနည်းအတိုင်း အကျဉ်းထောင်ထဲ၌ အကျဉ်းခံနေရသော အသင်း သားကို ပွဲတော်မင်္ဂလာပေးနိုင်ပါသည်။
သန့်ရှင်းသောပွဲတော်အုပ်နှင့်ခြေဆေးခြင်းမင်္ဂလာအတွက် အသုံးအဆောင်ပစ္စည်းများကိုစီမံထားရှိခြင်း
(၁) ပွဲတော်မင်္ဂလာအတွက် အသုံးပြုသောအသုံးအဆောင်ပစ္စည်းများ၊ ခွက် များခြေဆေးရာ၌ အသုံးပြုသော အသုံးအဆောင်အားလုံးသည် သန့်ရှင်း ခြင်းရှိသည်။ လေးစားရိုသေသောသဘောဖြင့် အမြဲထားရှိရန် လိုသည်။
(၂) အသင်းထောက်မယ်များတို့သည် ပွဲတော်မင်္ဂလာကျင်းပပြီးသည်နှင့် ချက် ချင်းပွဲတော်ကို ဖုံးအုပ်သောအဝတ်နှင့်ပွဲတော်အုပ်များကို ယူဆောင်သွားရ မည့်တာဝန်ရှိသည်။ လုံခြုံစိတ်ချရသောနေရာသို့ ပြန်လည်ထားရှိကြရ မည်။ ပစ္စည်းထည့်သောဗီရို၊ သေတ္တာပုံး သို့မဟုတ် အိတ်ထဲ၌နေဝင်သွား သည်အထိ ထားရှိရန်လိုသည်။ (အကယ်၍ ပွဲတော်ကိုဥပုသ်နေ့၌ ကျင်းပခဲ့ လျှင်)
|
သန့်ရှင်းသောပွဲတော်မင်္ဂလာ |
(၃) နေဝင်သွားသည်နှင့် အသင်းထောက်မယ်များသည် ပွဲတော်အုပ်ခွက်များ ကို ဆေးကြောသုတ်သင်ပြီး ပလပ်စတစ်ဖြင့်ပတ်ထားကြရမည်။ ၎င်း နောက် လုံခြုံစိတ်ချရသော နေရာ၌ ပြန်လည်ထားရှိရမည်။ ပွဲတော်ကို ဖုံးအုပ်သောအဝတ်စ၊ ခြေသုတ်များ၊ ပဝါများ၊ လက်သုတ်များ လျှော်ဖွတ် မီးပူထိုးပြီး၊ နောက်တစ်ကြိမ်ပွဲတော်မင်္ဂလာအတွက် အဆင်သင့်ထိန်းသိမ်း ထားပါ။
(၄) အသင်းထောက်၊ အသင်းထောက်မယ်တို့သည် ရေများသွန်ပစ်ခြင်း၊ ဇလုံ နှင့်ဆွဲပုံးများကို စုသိမ်းပြီး နေရာတကျထားရန် ခြေသုတ်ပဝါများကို ချက် ချင်းအိတ်ကြီးတစ်လုံးထဲထည့်ပြီး သိမ်းဆည်းထားရမည်။ ထိုပစ္စည်းများ အားလုံးကို နေဝင်သည်အထိ လုံခြုံစွာသိုထားရမည်။
(၅) နေဝင်သွားသောအခါ အသင်းထောက်များအနေဖြင့် ထိုင်ခုံများကို နေရာ တကျပြန်ထားရမည်။ ခြေဆေးမင်္ဂလာကျင်းပခဲ့သောအခန်းကို သန့်ရှင်း ရေးလုပ်ရမည်။ ဇလုံများ၊ ဆွဲပုံးများကို သေချာစွာဆေးကြောတိုက်ချွတ်ပြီး လုံခြုံသောနေရာ ဗီရို၊ သေတ္တာ၊ ပုံး စသည်တို့အထဲ၌ သေချာစွာထားပြီး၊ နောက်တစ်ကြိမ်ပွဲတော်မင်္ဂလာအတွက် အရန်သင့်ထိန်းသိမ်းထားရမည်။ ပဝါများကိုမူ အသင်းထောက်မယ်များထံ ပို့ဆောင်ပြီး လျှော်ဖွတ်သိမ်း ဆည်းထားစေရမည်။
ပွဲတော်တင်စားပွဲအဝတ်တော်ဖွင့်ခြင်းနှင့်ဖုံးအုပ်ခြင်း
ပွဲတော်စားပွဲအဝတ်တော်ဖွင့်ခြင်းနှင့်ဖုံးအုပ်ခြင်းသည် ပွဲတော်မင်္ဂလာ အစီ အစဉ်၌ အထူးအရေးကြီးသောကဏ္ဍတွင် ပါဝင်ပါသည်။ အဝတ်တော်ဖွင့်ခြင်း သည် ပွဲတော်ကိုအစပြုခြင်းနှင့်ဖုံးအုပ်ခြင်းသည် တံဆိပ်ခတ်ထားခြင်းကို ရည် ညွှန်းပါသည်။ အသင်းထောက်မယ်နှစ်ဦးကို ပရိသတ်ကအထူးစိတ်ဝင်စားပြီး သူတို့၏လိမ္မာပါးနပ်သောလှုပ်ရှားမှုကို ကျွမ်းကျင်စွာပြုလုပ်သွားရသည်။
အဝတ်တော်ဖွင့်ခြင်း
အသင်း- ဓမ္မ - အသင်း - အသင်း
လူကြီး ဆရာ လူကြီး(၁) လူကြီး
|
ပွဲတော်တင်စားပွဲ |
အသင်းထောက် အသင်းထောက်
မယ် (က) မယ် (ခ)
(၁) အသင်းထောက်မယ်နှစ်ဦး (က) နှင့် (ခ) တို့သည် သတ်မှတ်ထားသော ပွဲတော်စားပွဲ၏ အစွန်နှစ်ဘက်သို့ တလေးတစားဖြင့် လျှောက်သွားပြီး စားပွဲနှင့်နှစ်ပေခန့်အကွာ၌ မတ်တတ်ရပ်နေရမည်။ တစ်ဦးနှင့်တစ်ဦး မျက် နှာချင်းဆိုင် မတ်တတ်ရပ်နေကြရမည်။ နှစ်ဦးလုံးမှပြိုင်တူ ဘေးတိုက် နှစ်လှမ်းစီ စားပွဲ၏အလယ်သို့လှမ်းရွှေ့ပါ။ သို့မှသာ အဝတ်ကိုကိုင်ရန် ဗဟို ကျကျနေရာသို့ရောက်နေပါလိမ့်မည်။
(၂) နှစ်ဦးလုံးမှ ပြိုင်တူအဝတ်တော်၏ အစွန်းထောင့်များကိုကိုင်ပြီး မြှောက် လိုက်ရမည်။ ပွဲတော်အုပ်နှင့်ခွက်များကို ကောင်းစွာလွတ်သွားသည်အထိ ကိုင်မြှောက်ထားရမည်။ အဝတ်တော်ကို ကိုင်မြှောက်ထားလျက်ပင် စားပွဲ ၏အရှေ့ဘက်သို့ ဘေးတိုက်နှစ်လှမ်းဆီရွှေ့လှမ်းရပါမည်။
(၃) အဝတ်တော်ကို ရင်ဝနှင့်တစ်တန်းတည်းကျအောင် ကိုင်မြှောက်ထားပါ။ စားပွဲဘက်မှအစကို ပရိသတ်ဘက်မှအစရှိရာဘက်သို့ ခေါက်ယူရမည်။ တစ်ဖန်လက်တစ်ဖက်ဖြင့် ခုကိုင်ထားပြီး အောက်ဘက်မှကျနေသော ခေါက်ရိုးကို စားပွဲနှင့်နီးသောလက်များဘက်မှ အောက်သို့ လျှောပြီးကိုင် ပါ။ ယင်းနောက် စားပွဲဘက်မှရင်ဝသို့တစ်တန်းတည်း ပြန်ကျအောင် မတင်ပါ။ သေချာစွာပြန့်အောင်ဆွဲပါ။ စားပွဲဘက်မှနေပြီး ပရိသတ်ဘက်သို့ ပြန်ခေါက်ပါ။ ယင်းနောက် အစကိုလက် တစ်ဖက်ဖြင့် သေချာစွာ ကိုင်ထား ပြီး ကျနေသော အစကိုပြန်ကောက်ကာ စားပွဲဘက်မှစပြီး ပရိသတ်ဘက် သို့ပြန်ခေါက်ပါ။
(၄) အသင်းထောက်မယ် (က) က အသင်းထောက်မယ် (ခ) ဆီသို့ ခြေကို လှမ်း လိုက်ပြီး သူမကိုင်ထားသော အစွန်းနှစ်ဖက်ကို လက်မဝက်ခန့် အောက်နှိမ့် ချပြီး အသင်းထောက်မယ် (ခ) ၏ လက်ထဲသို့ မိမိ၏အဝတ်စကို ထည့်ပေး လိုက်ရမည်။ ၎င်းနည်းအတိုင်း အသင်းထောက်မယ် (က) က ခေါက်ကျနေ သောအဝတ်စကို ပြန်ကောက်ကိုင်ကာ အသင်းထောက်မယ် (ခ) ၏ လက် ထဲသို့တစ်ဖန် လက်မဝက်ခန့်အောင်နှိမ့်ချပြီးထည့်ပေးပါ။ စားပွဲပေါ်၌ ရှင်းရှင်းလင်းလင်း လွတ်လွတ်လပ်လပ်ချထားနိုင်သည်အထိ လိုသလို ထိုနည်းအတိုင်းခေါက်ပါ။
(၅) အသင်းထောက်မယ် (ခ) သည် ခေါက်ပြီးထားသောအဝတ်တော်ကို စားပွဲ ၏ အရှေ့ပိုင်းထောင့်တစ်နေရာ၌ ရိုသေစွာတင်လိုက်ရမည်။ သို့မဟုတ် မိမိ၏ လက်ပေါ်၌ ကန့်လန့်ပြတ်တင်ထားပြီး မိမိ၏ထိုင်သော နေရာသို့ ပြန်ယူလာပါ။
(၆) အသင်းထောက်မယ်နှစ်ပါးလုံး ဘေးတိုက်ယှဉ်တွဲကာ မိမိတို့၏ ထိုင်သော နေရာသို့ ပြန်လာရမည်။
အဝတ်တော်ကိုပြန်ဖုံးအုပ်ခြင်း
အသင်း- ဓမ္မ - အသင်း - အသင်း
လူကြီး ဆရာ လူကြီး(၁) လူကြီး
|
ပွဲတော်တင်စားပွဲ |
အသင်းထောက် အသင်းထောက်
မယ် (ဂ) မယ် (ဃ)
(၁) အသင်းထောက်မယ် (ဂ) နှင့် (ဃ) တို့နှစ်ဦးသည် ဘေးချင်းယှဉ်လျက် ပွဲတော်စားပွဲသို့လျှောက်လှမ်းလာရမည်။ အသင်းထောက်မယ် (ခ) ထံမှ အဝတ်တော်ကို အသင်းထောက်မယ် (ဃ) သည် ကြိုတင်ယူထားပြီး ဖြစ်သောကြောင့် သူမ၏ လက်ထဲ၌ အဝတ်တော်ကို ကန့်လန့်ဖြတ်တင် ထားပြီးလျှောက်လာပါ။ သို့မဟုတ် စားပွဲပေါ်တင်ထားသော အဝတ်ဖြစ် လျှင် အသင်းထောက်မယ် (ဃ) က စတင် ကောက်ယူလိုက်ပါ။ ခေါက်ထား သောအဝတ်အလွှာများ အောက်ကျမသွားစေရန် သတိထားပြီး သေချာစွာ ကောက်ကိုင်ပါ။ အသင်းထောက်မယ်နှစ်ဦးသည် ပွဲတော်ဝင်စားပွဲရှေ့၌ မျက်နှာချင်းဆိုင်၊ နှစ်ပေခန့် အကွာမှာမတ်တတ်ရပ်နေပါ။ (ဂ) သည် လက်ဝဲဘက်နှင့် (ဃ) သည် လက်ယာဘက်တွင်ရပ်နေရမည်။
(၂) (ဃ) မှာ အဝတ်တော်ကို မိမိ၏ရင်ဝနှင့် တတန်းတည်းကျအောင် မြှောက် ကိုင်ပါ။ တစ်ကြိမ်တည်းမှာပင် (ဂ) က အဝတ်တော်၏ ပထမခေါက်ရိုးကို စတင်ကိုင်ယူဖြန့်ချကာ အနောက်သို့ခြေလှမ်းကို ဆုတ်လိုက်ပါ။ (ဃ) သည်လည်း မိမိကိုင်ထားသောအစွန်းကို မြဲစွာကိုင်ရင်း နောက်သို့ဆုတ် လိုက်လျှင် အဝတ်တော်သည် ပြန့်သွားလိမ့်မည်။
(၃) (ဂ) နှင့် (ဃ) နှစ်ဦးလုံးက အဝတ်တော်အစကိုကိုင်ပြီး ပရိသတ်ဘက်မှ အစကို အပေါ်သို့ မြှောက်ထားပြီး စားပွဲဘက်မှအစကို အောက်သို့ချကာ အဝတ်တော်၏ အလွှာကို တစ်လွှာချင်းဖြန့်လိုက်ပါ။ နှစ်ဦးလုံးမှပြိုင်တူ ညီညာစွာလုပ်ဆောင်ပါ။
(၄) ဖြန့်ထားပြီဖြစ်သောအဝတ်တော်ကို ရင်ဘောင်တစ်တန်းတည်းဖြင့် ခပ် တင်းတင်းဆွဲဖြန့်ကာ(ဂ) နှင့် (ဃ) သည် ဘေးတိုက်ဖြင့် စားပွဲသို့ရွှေ့ပါ။ အစွန်းနှစ်ဖက်အလယ်ဗဟိုသို့ ရောက်အောင်ရွှေ့ပါ။ အဝတ်တော်ကို ပွဲ တော်အုပ်အပေါ်သို့ ညင်သာစွာဖုံးအုပ်ပေးလိုက်ပါ။ ကိုင်ထားသော အဝတ် တော်၏အနားစွန်းများလက်မှ ပြုတ်ထွက်လွတ်ကျခြင်း လုံးဝမဖြစ်စေရ ပါ။ လက်ဖြင့်ကိုင်ထားလျက်ပင် ညင်သာစွာလက်များကို အောက်သို့ နှိမ့်ချ ပေးရုံသာလိုသည်။
(၅) (ဂ) နှင့် (ဃ) နှစ်ဦးတို့သည် ငြိမ်သက်လျက် မျက်နှာချင်းဆိုင် ဆက်လက် ရပ်နေပြီးမှ စားပွဲ၏အရှေ့ဘက်သို့ ဘေးတိုက်ပြိုင်တူ ရွှေ့လိုက်ပါ။ ဘေး တိုက်နှစ်လှမ်းလှမ်းရပါမည်။ (ဃ) သည် (ဂ) မှသူမ၏ နံဘေးသို့ လာ ရောက်ယှဉ်တွဲရပ်နေသည်အထိ ငြိမ်သက်စွာရပ်နေပါ။ ထိုနောက် နှစ်ဦး
လုံးယှဉ်တွဲလျှောက်လှမ်းကာ မိမိတို့ နေရာသို့ ပြန်လည်ထိုင်ကြရမည်။
လတ်ဆတ်သောမုန့်နှင့် ကစော်မပေါက်သော
စပျစ်ရည်သစ်ပြင်ဆင်နည်း
(၁) ဂျုံမှုန့်ကောင်းကောင်း ၁ ခွက်
(၂) ဆား လက်ဖက်ရည်ဇွန်း ( ) ဇွန်း
(၃) ရေ စားပွဲတင်ဇွန်း (၂) ဇွန်း
(၄) သံလွင်ဆီ/သီးရွက်ဆီ ( ) ခွက်
ပွဲတော်မုန့်ပြုလုပ်နည်း – ဂျုံမှုန့်နှင့်ဆားကို ဦးစွာသမအောင်မွှေပါ။ ရေကို ဆီထဲလောင်းထည့်ပါ။ သို့သော်မမွှေရပါ။ ပစ္စည်းအားလုံးကို ရောပြီး ခက်ရင်း တစ်ချောင်းဖြင့် ခြောက်သွေ့သန့်ရှင်းသောခွက်တစ်လုံးထဲ၌သေချာနှံ့စပ်အောင် မွှေပေးပါ။ ပျော့ပျောင်းသွားသည်အထိမွှေပြီး ဆီစိမ်စာရွက်နှစ်ချပ်ကိုယူကာ တစ်ချပ်ကိုခင်းပြီး၊ ကျန်တစ်ချပ်ကိုမူအပေါ်၌ဖုံးပြီး အထူအပါးညီသည်အထိ ပုလင်း သို့မဟုတ် တစ်ခုခုဖြင့်လှိမ့်ယူပါ။ မုန့်ဖုတ်သောသံပြားပေါ်တင်ပြီး ဓား တစ်ချောင်းဖြင့် လိုချင်သောအရွယ်အစားကို အရာပေးပါ။ ပေါက်သည်အထိ လက်မလွန်သွားအောင် အထူးဂရုစိုက်ပါ။ အပူချိန် ၄၅° F (ဖာရင်ဟိုက်) ဖြင့် ၁ဝ-၁၅ မိနစ် အထိ အပူပေးဖုတ်ပါ။ နောက်ဆုံးအချိန် ၅ မိနစ်အတွင်း တူးမသွား စေရန် အထူးဂရုစိုက်ရမည်။ ပရိသတ် ၅၀ အတွက်လုံလောက်ပါမည်။
ပွဲတော်မုန့်ပြုလုပ်နည်းနောက်တစ်မျိုး
(၁) ဂျုံမှုန့်ကောင်းကောင်းတစ်ခွက်
(၂) ဆား လက်ဖက်ရည်ဇွန်း ( )
(၃) ဆီ စားပွဲတင်ဇွန်း (၃) ဇွန်း (သီးရွက်ဆီသန့်)
(၄) ရေအေး စားပွဲတင်ဇွန်း (၇-၈) ဇွန်း
ပြုလုပ်နည်း - ခွက်ထဲသို့ဆီကိုထည့်ပြီး ဆားဖြင့်ရောပါ။ ရေအေးကို ဖြည်း ဖြည်းချင်းထည့်ပြီး ခက်ရင်းဖြင့်မွှေပါ။ ရောထားသောအရာများသမ သွားအောင် ဖြည်းဖြည်းမွှေပါ။ အရောင်နောက်လာချိန်၌ ဂျုံမှုန့်ကိုခပ်မြန်မြန်ထည့်ပြီး ရော သွားအောင်မွှေပါ။ ဂျုံပြားရိုက်သောခုံပေါ်ပြန်တင်ပြီး အပြန်ပြန် အလှန်လှန် ခေါက်ချဖိနှယ်ပါ။ ယင်းနောက် ဆုံထဲထည့်ပြီးဆန့်နိုင်သည်အထိ ၅ မိနစ်၊ ၆ မိနစ်ခန့်ထောင်းပါ။ ၎င်းနောက်တွင် ဆီစိမ်စက္ကူထဲထည့်ပြီး အပြားလိုက်ဖြစ်
အောင်လှိမ့်ယူပါ။ ဓားထက်ထက်တစ်ချောင်းယူပြီး အရွယ်အစားကို ကြိုက် သလိုအရာပေးလိုက်ပါ။ ၄ဝဝ°F အပူချိန်ဖြင့် ညိုလာသည်အထိ ဖုတ်ပါ။ အညို ရောင်ထွက်လာလျှင် အနံ့သင်းသင်းလေးမွှေးလာပါလိမ့်မည်။
ပွဲတော်မုန့်များ ပွဲတော်အုပ်ထဲ၊ ပွဲတော်စားပွဲပေါ်မတင်မီများသောအားဖြင့် အသင်းထောက်မယ်များက ချိုးဖဲ့ကြရသည်။ မည်သို့ပင်ဖြစ်စေ ဓမ္မဆရာနှင့် အသင်းလူကြီး (၁) တို့ချိုးဖဲ့ရန်အတွက် ချန်ထားပေးပါ။
ကစော်မပေါက်သောစပျစ်ရည်ပြင်ဆင်နည်း
စပျစ်သီးခိုင်လတ်လတ်ဆတ်ဆတ်အခိုင်မှခူးယူပြီး အရည်ညှစ်ယူကာ ရေ မရောဘဲ ဆူလာသည်အထိပြုတ်ရမည်။ အဝတ်သန့်ဖြင့်စစ်ယူပြီး ၁၅ မိနစ် ခန့် ထပ်ပြုတ်ပါ။ စပျစ်ရည်မဆူလာမီ ထပေါ်လာသည့်အမြှုပ်များအားလုံးကို ဆယ် ယူဖယ်ရှားပစ်ပါ။ စပျစ်ရည်ဆူပွက်လာလျှင် အပူခံသောပုလင်းသန့်သန့်ထဲသို့ လောင်းထည့်လိုက်ပါ။ ၎င်းပုလင်းများသည် သန့်ရှင်းထားသော ပုလင်းဖြစ်ပါ စေ။ အပူခံသောပုလင်းဖြစ်မှသာ ကွဲခြင်း၊ ပေါက်ခြင်းကို ကာကွယ်နိုင်မည်ဖြစ် သည်။ ပုလင်းဖော့အဆို့နှင့် တစ်လက်မခွဲခန့်အကွာအထိသာ စပျစ်ရည်ကိုဖြည့် ပါ။ ပုလင်းကိုချက်ချင်းဖော့အဆို့နှင့်ပိတ်ပြီး အဖုံးဖုံးလိုက်ပါ။ အပြင်၌ ဖယောင်း ဖြင့်ချိတ်ပိတ်လိုက်ပါ။ မှောင်သောနေရာ၌ထားထားပါ။ မလိုအပ်ဘဲပုလင်းကို မရွှေ့ပါနှင့်။
သခင်၏ညစာစားပွဲ (ပွဲတော်မင်္ဂလာ) အတွက်
နေရာချထားခြင်းပုံစံ
အသင်းသားနည်းသောအသင်းတော်
အသင်းသားမနည်းမများနှင့်အသင်းတော်ကြီးများအတွက်နေရာပြင်ဆင်
ပေးပုံ
အသင်းထောက် (၁-၁၂) တို့သည် နှစ်ယောက်တစ်တွဲတန်းစီထားပြီး၊ ဓမ္မ ဆရာသည် သူတို့၏နောက်မှလည်းကောင်း၊ အသင်းလူကြီး (၆) ဦးက ဓမ္မဆရာ ၏ အနောက်၌လည်းကောင်း လက်ဝဲဘက်သတ်မှတ်ထားသော လမ်းအတိုင်း စီထားပါ။ လက်ယာဘက် အသင်းထောက်မယ် (A မှ M) တို့သည်လည်း နှစ်ယောက်တစ်တွဲစီတန်းစီထားပြီး သူတို့၏ အနောက်မှ အသင်းလူကြီး (၁) နှင့်၊ အသင်းလူကြီး (၁) ၏ အနောက်မှ အသင်းလူကြီး ခြောက်ဦးကလည်း နှစ်ယောက်တစ်တွဲစီတန်းစီထားရမည်။ ဓမ္မဆရာနှင့် အသင်းလူကြီး (၁) က၊ စားပွဲ၏ အနောက်ဘက်သို့သွားပြီး ဝင်ရပ်နေရမည်။ အသင်းထောက်များက လက်ဝဲဘက်အရှေ့ဆုံးခုံတန်းတွင်နေရာယူကာ၊ အသင်းထောက်လေးဦးသည် ရှေ့ဆုံးအလယ်တန်းခုံထက်ဝက်အထိ နေရာယူထားကြမည်။ အသင်းထောက် မယ်များက လက်ယာဘက်အရှေ့ဆုံးခုံတန်း၌ နေရာဝင်ယူပြီး ကျန်လေးဦးမှာ အလယ်တန်းအရှေ့ဆုံးခုံတန်းမှ ကျန်သော နေရာထက်ဝက်ကို ဝင်ရောက် နေရာယူကြရမည်။
အသင်းထောက်များပရိသတ်ကို
မုန့်နှင့်စပျစ်ရည်ဝေရန်ဇယား
အသင်းသားနည်းသောအသင်းတော်
ဓမ္မဆရာမှခေါင်းညိတ်အချက်ပေးလိုက်သည်နှင့် အသင်းထောက် လေးဦး တို့သည် ပွဲတော်အုပ်ကိုခံယူရန် အသင်းလူကြီး၏ ရှေ့၌ သွားရောက် မတ်တတ် ရပ်နေရမည်။ ဓမ္မဆရာမှ နောက်တစ်ကြိမ်ခေါင်းကို အသာအယာညိတ်ပြလိုက် လျှင် ပရိသတ်ကို ဝေငှရန် အနေအထားကို အဆင်သင့်ပြင်ဆင်ထားရမည်။ အသင်းထောက်နံပါတ် (၁) နှင့် (၄) တို့က ဘုရားကျောင်းအတွင်း ပရိသတ်၏ အရှေ့ပိုင်းထက်ဝက်ကို ဝေပေးရမည်ဖြစ်ပြီး၊ အသင်းထောက် (၂) နှင့် (၃) က အနောက်ပိုင်းပရိသတ်ကိုဝေပေးရမည်။ ပရိသတ်အားလုံးကို ဝေပေးပြီးနောက် လုပ်ဆောင်ရမည်မှာ “ပြန်လည်သတိရအောက်မေ့ရန်အချက်များ” ၏ အစီ အစဉ် ၉-၁၁ ကိုပြန်လည်လုပ်ဆောင်ပါ။ စပျစ်ရည် ဝေပေးပြီး ခွက်များကို ပြန် လည်စုသိမ်းရန် ၎င်းအတိုင်းပြုလုပ်ပါ။
|
သန့်ရှင်းသောပွဲတော်မင်္ဂလာ |
ဓမ္မဆရာမှခေါင်းညိတ်အချက်ပြသောအခါ အသင်းထောက် (၁၂) ဦး တို့ သည် အသင်းလူကြီးများ၏လက်မှ ပွဲတော်အုပ်ကိုလက်ခံရန် ရှေ့သို့ တက်သွား ရမည်။ ဓမ္မဆရာမှ နောက်ထပ်တစ်ကြိမ်ထပ်မံပြီးခေါင်းကိုဆက်ပြသော် သူတို့ သည် ပရိသတ်များကို ပွဲတော်မုန့်/စပျစ်ရည်ကို ဝေပေးရန်နေရာ ယူကြရမည်။ အသင်းထောက် ၂. ၄. ၁၂. ၅. ၁၀ နှင့် ၈ တို့သည် အရှေ့ပိုင်းထက်ဝက်ရှိ ပရိသတ်ကိုတာဝန်ယူဝေပေးရမည်။ အသင်းထောက် ၁. ၃. ၆. ၁၁. ၉ နှင့် ၇ တို့က အနောက်ပိုင်းပရိသတ်ထက်ဝက်ကို တာဝန်ယူဝေပေးရမည်။ ယင်း နောက် ကျန်ရှိသော လုပ်ဆောင်ရန်မှာ “ပြန်လည် သတိရအောက်မေ့ရန် အချက်များ” အမှတ်စဉ် ၉-၁၁ ကို ပြန်လည်လုပ်ဆောင်ကြရမည်။ စပျစ်ရည် ဝေခြင်းနှင့် ပွဲတော်ခွက်ပြန်လည်စုသိမ်းခြင်းအစီအစဉ် ဖြစ်သည်။
သခင့်ညစာစားပွဲ (ပွဲတော်မင်္ဂလာ) အတွက်
အစီအစဉ်အဆုံးသတ်ပုံ၊ ပုံစံဇယား
အသင်းသားနည်းသောအသင်းတော်
အပိတ်သီချင်းနှင့်နောက်ဆုံးကောင်းချီးပေးတောင်းခံခြင်း ပြုလုပ်ပြီးသည် နှင့် ဓမ္မဆရာသည် ခေါင်းညိတ်ပြီး အသင်းထောက်များကို အချက်ပြရမည်။ အသင်းထောက် (14) နှင့် အသင်းထောက်မယ် (A-D) တို့သည် မတ်တတ်ရပ်ပြီး နှစ်ယောက်တစ်တွဲထွက်ခွာသွားကြရမည်။ ပွဲတော်စားပွဲနောက်မှ ရှိသော အသင်းလူကြီးများလည်း လိုက်ပါထွက်ခွာသွားရမည်။ ထို့နောက် ဓမ္မဆရာနှင့် အသင်းလူကြီး (၁) တို့က လိုက်ပါထွက်ခွာသွားရမည်။
အသင်းသားမနည်းမများနှင့် အသင်းတော်ကြီးများအတွက်ပုံစံ
No comments:
Post a Comment