Tuesday, June 2, 2026

မိခင်မေတ္တာ (အပိုင်း - ၄)

အခန်း - ၁၅။ အရေးကြီးသောရွေးချယ်မှု



အခန်း - ၁၅

အခန်း ၁၅

အရေးကြီးသောရွေးချယ်မှု

 

မစ္စတာအင်ဒါဆင်သည် သူ့အခန်းသို့ ပြန်ရောက်လျှင် ရောက် ချင်း အခိုင်းအစေကလေးတစ်ဦးက သူ့ထံသို့ စာတစ်စောင်ယူလာပြီး ပြန်စာကိုပါ တစ်ပါတည်းစောင့်ယူလာဖို့ စာပေးပို့သူက သူ့အား မှာကြား ကြောင်းပြောပြလေသည်။

စာရေးပေးပို့သူမှာ စံဖရန်စစ္စကိုမြို့ မှလိုက်ပါလာသောခရီးသည် တစ်ဦးဖြစ်သော မစ္စစ်စလိုကန်ဖြစ်ပေသည်။ ထိုအမျိုးသမီးကြီးသည် လွန်ခဲ့သောအင်္ဂါနေ့၌ စည်းဝေးကျင်းပစဉ်က ဓမ္မဆရာကြီး၏ ဆုတောင်း ပတ္ထနာကို များစွာနှစ်ခြိုက်သဘောကျမိသူ ဖြစ်ပေသည်။ အောက်ပါ အတိုင်း သူမက စာထဲမှာရေးလိုက်လေသည်။

မစ္စတာအင်ဒါဆင်ရှင့်-

ဥပုသ်နေ့ပြဿနာနှင့်ပတ်သက်ပြီး ခရီးသည်အများကပင် ဆရာ ကြီး၏ဟောပြောခြင်းကို နားထောင်လိုကြပါသေးသည်။ ဤကိစ္စသည် များစွာအရေးကြီးသည်ကို ကျွန်မတို့တွေ့ရှိပါသောကြောင့် နောက်တစ် ကြိမ် ၎င်းကိစ္စနှင့်ပတ်သက်ပြီးဟောပြောရန် ကျွန်မတို့က အထူးတိုက် တွန်းလိုပါသည်။ မနက်ဖြန်(တနင်္ဂနွေနေ့)ဧည့်ခန်းမှာ တရားဟောပြော စေလိုပါသည်။ ဟောပြောမည့် အကြောင်းအရာကတော့ ကျွန်မတို့ အတွက်အများဆုံးအကျိုးရှိစေမည့်အကြောင်းကို ဟောပြောနိုင်ပါသည်။ ယခုစာယူလာသော လူကလေးအားဖြင့် ကျိုးကြောင်း စာပြန်ပါရန်။

မစ္စစ်ဖရက်စက်()စလိုကန်

မစ္စတာအင်ဒါဆင်အတွက် သမာသမတ်ဖြစ်အောင်ပြောဆိုရမည် မှာ၊ သူသည်ယုံကြည်သော ဝါဒကိုဖြန့်ချိရန် အခွင့်ကောင်းရှာကြံနေသူ မဟုတ်ပါ။ သူတစ်ပါးအား ဘာသာအယူဝါဒတစ်ခုကိုပစ်၍ အခြားတစ်ခု ကိုလက်ခံရအောင် မပြုလုပ်လိုပါ။ သူ၏တာဝန်မှာ ဝိညာဉ်များ ကယ် တင်ဖို့ဖြစ်သည်။ သို့ရာတွင်သူပြုလုပ်သမျှ၏ တစ်ခုတည်းသော ရည်ရွယ် ချက်မှာ ခရစ်တော်နှင့်ကိုယ်တော်၏ လက်ဝါးကပ်တိုင်မှာ အသေခံတော် မူခြင်းတရားများကို ဟောပြောရန် ဖြစ်ပါသည်။ ကျမ်းစာ၌ပါရှိသော ဩဝါဒများကို သွန်သင်ပေးရန်အရေးကြီးကြောင်း သူကောင်းစွာ သိရှိပေ သည်။ ထိုကဲ့သို့သော သွန်သင်မှုမရှိလျှင် အပြုအမူ၊ အသွားအလာ၊ အနေအထိုင်အတွက် ရှေ့ဆောင်လမ်းပြရှိမည် မဟုတ်သည့်အပြင် တပည့်တော်တစ်ဦးဦးအား ဘုရားသခင်နိုင်ငံတော်သို့ ဖြူးဖြူးဖြောင့် ဖြောင့်လမ်းညွှန်ပို့ဆောင်ပေးမည့်လမ်းကြောင်း ရှိမည်မဟုတ်သည်ကို လည်း သူသိရှိပေသည်။

သူ့အား တရားဟောပြောရန် ခေါ်ဖိတ်ခြင်းသည် ဖြောင့်မတ်ခြင်း တရားကိုဧကန်အမှန်ဆာငတ်ခင်မွတ်သောကြောင့်၊ သို့မဟုတ် မျိုးစေ့ကို စိုက်ပျိုးရန်မြေသည် အသင့်ရှိပြီးဖြစ်သောကြောင့် ခေါ်ဖိတ်သည်ကို သူ သိရလေသည်။ ထိုကြောင့် ခေါ်ဖိတ်ခြင်းကို လက်ခံကြောင်း စာတို ကလေးရေးပေးပြီးနောက် သူဘာဟောပြောရမည်ကို စဉ်းစားစိတ်ကူး လေသည်။

ဤစည်းဝေးသည် သူ့အသက်တာတွင် အရေးအကြီးဆုံးသော ကဏ္ဍတစ်ခုဖြစ်စေဖို့ ဘုရားသခင်က စီမံခန့်ခွဲထားသည်ကို မစ္စတာ အင်ဒါဆင်ကမသိရှိပေ။

 

မာလိန်မှူးမန်း၏ဆုတောင်းချက်

စည်းဝေးကျင်းပချိန်ရောက်သောအခါ ဧည့်ခန်းတွင် ပရိသတ် များပြည့်နှက်လျက်ရှိပေသည်။ မစ္စတာစပေါလ်ဒင်း၊ မစ္စတာနှင့်မစ္စစ် ဂရယ်ဂရီတို့သည် ရှေ့ပိုင်းတွင်ထိုင်လျက်၊ သူတို့မျက်နှာများမှာ မြော်လင့် ချက်အမျိုးမျိုးဖြင့် လွှမ်းမိုးလျက်ရှိကြလေသည်။ တရားသူကြီး ကာရှော သည် ထင်ရှားသောနေရာတွင်ထိုင်၍ သူတို့အနီးမှာ မစ္စတာ ဆီဗာရန့် () နှင့် ဟဲရာလ်()ဝီလ်ဆင်တို့ ထိုင်ကြလေသည်။ ဟဲရာလ်() သည် သူ့ ကျမ်းစာကိုလက်ထဲတွင် ကိုင်ထားလေသည်။ မစ္စစ်စလိုကန် နှင့် သူ့ မိတ်ဆွေများတို့က မြင်သာနိုင်၍ ကြားရကောင်းသောနေရာတွင် ထိုင်ကြ လေသည်။ မစ္စတာကိုနန်လည်းတက်ရောက်လေသည်။

ဤစည်းဝေးကို ကျင်းပသောအခြေအနေသည် ရက်အနည်းငယ် ခန့်က ကျင်းပခဲ့သောစည်းဝေး၏ အခြေအနေနှင့် ကွာခြားလှတော့သည်။

ဤမျှတိုတောင်းသောအချိန်အတွင်း ဘုရားသခင်၏ ကျေးဇူးတော်သည် အများသောသူတို့၏ စိတ်နှလုံးကို ရိုးသားနှိမ့်ချဆုံးသော ကိုယ်စားလှယ် များအားဖြင့် အံ့သြဖွယ်ကောင်းလောက်အောင် ပြုပြင်တော်မူလေသည်။ ယနေ့တွင် ဓမ္မဆရာနှင့် လူထုပရိသတ်ပါ မကြုံစဖူးသောဘဝလွတ်လပ်မှ မျိုးကိုခံစားရကြလေသည်။ အဘယ်ကြောင့်ဆိုသော် ယုံကြည်သောသူ အား လွတ်လပ်မှုပေးသော သမ္မာတရားကို ဤမျှလောက်တစ်ခါမျှ နှစ်နှစ် ခြိုက်ခြိုက်လက်မခံဖူးပေ။ (ရှင်ယောဟန်ခရစ်ဝင် :၃၂၊၃၆)

မာလိန်မှူးမန်း၏ ဆုတောင်းချက်ဖြင့် စည်းဝေးကို ဖွင့်သော ကြောင့် အများသောပရိသတ်က များစွာ အံ့သြသွားကြလေသည်။ သူ့ ဆုတောင်းချက်မျိုးကို ထိုဧည့်ခန်းတွင်တစ်ခါမျှမကြားဖူးပေ။ နောင်ကိုလည်း ကြားရတော့မည်မဟုတ်ပေ။

တုန်ယင်သောအသံဖြင့် မာလိန်မှူးက ဆုတောင်းသည်မှာ၊ ကောင်းကင်ဘုံ၌ရှိတော်မူသော ဘုရားသခင်၊ ကိုယ်တော်၏ ခြေရင်း တော်သို့ ယခုအချိန်တွင် ကျွန်တော်မျိုးတို့အား ခေါ်တော်မူသောကြောင့် ကိုယ်တော်၏ကျေးဇူးတော်ကို ကျွန်တော်မျိုးတို့ ချီးမွမ်းပါ၏။ ကျွန်တော် မျိုးတို့၏ အသက်တာတစ်လျှောက်လုံးတွင် ကိုယ်တော်၏ ကောင်းမြတ် တော်မူခြင်းကို ပြသတော်မူသည်အတွက်လည်း ကိုယ်တော်၏ ကျေးဇူး တော်ကို ချီးမွမ်းပါ၏။ ကျွန်တော်မျိုးတို့သည် ငယ်ရွယ်ချိန်တွင်ပင် ဖြောင့် မတ်ခြင်းတရားလမ်းထဲ လျှောက်လိုက်အံ့သောငှာ ကိုယ်တော်၏ ညွှန် ကြားလမ်းပြမှုအရ ကြိုးပမ်းခဲ့ကြသော ကျွန်တော်မျိုးတို့၏ မိခင်များ၊ ကျွန်တော်မျိုးတို့အား ဆုတောင်းတတ်ရန် သွန်သင်ပေးသောမိခင်များ၊ ကိုယ်တော်၏ ပညတ်တော်များကို မြတ်နိုး၍ နာခံရန်သွန်သင်ပေးသော မိခင်များအတွက် ကိုယ်တော်၏ ကျေးဇူးတော်ကို ချီးမွမ်းကြပါ၏။ အကယ်စင်စစ် ကိုယ်တော်သည် ကျွန်တော်မျိုးတို့အတွက် မိခင်ကို ဖန် ဆင်းတော်မူသည့်အတွက် ကိုယ်တော်သည် မိခင်များထက်ပင် ကောင်း မြတ်တော်မူပါ၏။ ထိုကြောင့် ကျွန်တော်မျိုးတို့သည် ကိုယ်တော်ကို ကိုးစားကြပါသည်။ ယနေ့ကျွန်တော်မျိုးတို့ကို သိမ်းပိုက်၍ ကိုယ်တော်၏ သန်မာတောင့်တင်းသော လက်မောင်းများအတွင်း၌ ချီမထားတော်မူပါ။ ဤလောကကြီးနှင့် ၎င်း၏မှားယွင်းမှုတို့ကို ကျွန်တော်မျိုးတို့သည် ရွံရှာ လှပါပြီ။ အိုကယ်တင်ရှင်၊ ကျွန်တော်မျိုးတို့အား ကတိတော်အတိုင်း သက်သာမှုကိုပေးသနားတော်မူပါ။ ကျွန်တော်မျိုးတို့သည် မိမိတို့ကိုယ် ကို ကိုယ်တော်၏ ဝိညာဉ်တော်လက်တွင်းသို့ အပ်နှံကြပါ၏။ ယခုမှာ ကျွန်တော်မျိုးတို့ကို သွန်သင်တော်မူပါ။ ကျွန်တော်မျိုးတို့သည် သမ္မာ တရားကို ပြည့်ပြည့်စုံစုံရရှိအံ့သောငှာ ကျွန်တော်မျိုးတို့အား ရှေ့ဆောင် လမ်းပြတော်မူပါ။ ကိုယ်တော်သည် ရှေ့ဆောင်လျက်ရှိပါ၏။ ကျွန်တော် မျိုးတို့သည်လည်း နောက်တော်မှ လိုက်လျက်ရှိပါသည်။ အထက်က ကိုယ်တော်၏နောက်တော်ကိုလိုက် လျှောက်ဖို့ရန် မည်မျှပင်မလိုလား ကြသော်လည်း ယနေ့မှာ ကျွန်တော်မျိုးတို့၌ ထိုစိတ်သဘောမျိုးမရှိ တော့ပါ။ အို၊ မင်္ဂလာရှိတော်မူသော ဘုရားသခင်၊ ဤလူစုအထဲတွင် လုံးဝအောင်မြင်ခြင်းကို လိုလားနေကြသော သားသမီးများကို ရှာဖွေ တော်မူပါ။ ကူညီမစတော်မူပါ။ ဤသူတို့တွင် အချို့သည် သူတို့လက်ခံ ရန်ခဲယဉ်းသည့် အသစ်သောအရာများကို ကိုယ်တော်၏ ဒေသနာတော်မှ သိမြင်ရကြပါပြီ။ ကိုယ်တော်သည် သူတို့အား စောင်မတော်မူပါ။ မှား ယွင်းသော ယုံကြည်မှုမှောင်မိုက်အတိမှ ကျွန်တော်တို့ကို ထုတ်ဆောင် တော်မူပါ။ ကျွန်တော်မျိုးတို့သည် တစ်နေ့သောသက်တာ လမ်းခရီးအဆုံး တွင် ကျွန်တော်မျိုးတို့၏မိခင်များနှင့်ပြန်လည်တွေ့ဆုံနိုင်ခွင့်၊ ကိုယ်တော် ဘုန်းတော်နှင့်ဖူးမြော်နိုင်ခွင့်ရရှိအံ့သောငှာ မှန်ကန်သောအရာဟူသမျှ နစ်နာမှုအမျိုးမျိုးကို ဂရုမစိုက်ဘဲ ပြုလုပ်မည့် ရဲရင့်ခြင်းသတ္တိကို            ပေးသနားတော်မူပါ။ ကိုယ်တော်၏ ကတိတော်ထားရှိချက်ကြောင့် လည်းကောင်း၊ကျွန်တော်မျိုးတို့၏ လိုလေသေးရှိမှုကြောင့်လည်းကောင်း ဤဆုများကိုပြည့်စေတော်မူပါ။ ကိုယ်တော်၏ သားတော်၊ ကျွန်တော်မျိုး တို့ကယ်တင်ရှင်သခင်ယေရှု၏ နာမတော်ကို အမှီပြု၍ ရိုသေစွာတောင်း လျှောက်ဝံ့ပါသည်အဘဘုရား။ အာမင်။

လူပရိသတ်ထဲမှ အာမင်" (မှန်ပေစွ) ဟူသောပြောဆိုသံကို မကြာခဏကြားရလေသည်။ မာလိန်မှူးသည် ဒူးထောက်ရာမှထသော အခါ ငယ်ဖြစ်ကို အနူးအညွတ်သတိရစေသော သူ့ဆုတောင်းပတ္ထနာ ကြောင့် မျက်ရည်များကို လက်ကိုင်ပဝါနှင့်သုတ်နေသူများကား မနည်း လှပေ။

 

မစ္စတာအင်ဒါဆင်ကမှတ်သားထားသော

ကျမ်းစာကိုအသုံးပြုခြင်း

မစ္စတာအင်ဒါဆင်က မတ်တတ်ထ၍ စကားပြောမည်အပြုတွင် မစ္စစ်စလိုကန်ကထ၍ စကားပြောလေသည်။

ဆရာကြီးရှင့် ဟု အစချီ၍ပြောဆိုသည်မှာ၊ ဒီတစ်ခါမှတ်သား ထားတဲ့ကျမ်းစာကို အသုံးပြုမည်လား။ ခုနက ဆုတောင်းချက်ကြောင့် ကျွန်မတော့ ဒီစည်းဝေးဟာ မိခင်များအတွက် စည်းဝေးလို့သဘောထား ပါတယ်။ ဒီကျမ်းစာဟာလည်း မိခင်ကျမ်းစာဖြစ်နေတော့သူ့ကို အသုံးပြု ရရင် တော်သင့်လိမ့်မယ်လို့ထင်ပါတယ်။ ဒါဟာနည်းနည်းစိတ်ကူးယဉ် တယ် လို့ဆိုရင်ဆိုနိုင်ပါတယ်။ ဒါပေမယ့် တချို့လူတွေအတွက် ကောင်း ကျိုးဖြစ်စေပါလိမ့်မယ်။

ဟဲရာလ်()ဝီလ်ဆင်သည် ထိုကျမ်းစာကို ဝမ်းမြောက်ဝမ်းသာ စွာယူလာ၍ စကားပြောမည့် ပုဂ္ဂိုလ်ရှေ့တွင် တင်ထားလိုက်လေသည်။ ဤနည်းအားဖြင့် မိခင်တစ်ဦး၏ အသံကိုဆက်လက်ကြားရမည်။ ထိုမိခင် ဆုတောင်းချက်သည်လည်း ပြည့်စုံခြင်းသို့ ရောက်ရမည်။ လူတစ်ဦး တစ်ယောက်သည် မိမိဘဝလမ်းစဉ်ကို ဘုရားသခင်၏အလိုတော်အတိုင်း ပြုပြင်စီမံခွင့်ပေးလျှင် ထိုသူသည် သေလွန်သော်လည်း သူ့ဘဝသည် သူတစ်ပါးအတွက် ကောင်းကျိုးပြုသည်မဟုတ်ပါလော။

မစ္စတာအင်ဒါဆင်က၊ မိတ်ဆွေတို့၊ ခင်ဗျားတို့သိတဲ့အတိုင်း အများတောင်းပန်ချက်အရ ဒီနေ့ ကျွန်တော်တရားဟောပြောရပါတယ်။ အများသောသူတို့မှာ ဘုရားသခင်၏ ဥပုသ်နေ့တွင် ဖေါ်ပြထားသည့် ဧဝံ ဂေလိတရားနို့စစ်ကို ပိုမိုသောက်စို့လိုတဲ့ ဆန္ဒရှိကြပါတယ်။ အဲဒီ ပုဂ္ဂိုလ် တွေ အကျိုးရှိအောင် အထက်ကမတွေ့ရသေးတဲ့ အခြေခံသဘော တရား အနည်းငယ်ကို ကျွန်တော် တိုတိုတုတ်တုတ်တင်ပြပါမယ်။ အကောင်း ဆုံးကတော့ လွန်ခဲ့တဲ့အင်္ဂါနေ့အစည်းအဝေးမှာ တစ်ဦးတစ်ယောက်က ရေးမေးလိုက်တဲ့ မေးခွန်းကိုဖြေဆိုခြင်းပဲလို့ သဘောရပါတယ်။ မေးခွန်း က ဗျာဒိတ်ကျမ်း ၁၃:၁၇ တွင် ဖေါ်ပြပါရှိသော သားရဲ၏ တံဆိပ်ဆိုသည် မှာ ဘာကိုဆိုလိုသနည်း။

ကျွန်တော်တိုတိုပဲပြောပါမယ်။ ဒါကြောင့် ခါတိုင်းလို တရား ဟောစည်းဝေးမျိုးမဟုတ်ဘဲ စာသင်ခန်းမှာလို အမေးအဖြေတွေ လုပ်ကြ တာပေါ့။

ဗျာဒိတ်ကျမ်း ၁၂ ၁၃ နဲ့ ၁၇ မှာ ဖေါ်ပြပါရှိတဲ့ သားရဲဟာ စာတန်ရဲ့ပယောဂမကင်းတဲ့အပြင် အသင်းတော်ရဲ့ ကြိုးကိုင်မှုခံရပြီး ဘုရားသခင်ကို ဆန့်ကျင်ဘက်ပြုတဲ့ မြေကြီးနဲ့ဆိုင်တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ဗျာဒိတ်ကျမ်း ၁၃ အရဆိုရင် အဲဒီအဖွဲ့အစည်းဟာ ပုရော ဖက်အနာဂတ္တိ စကားနဲ့သက်ဆိုင်တဲ့ အချိန်ဖြစ်တဲ့ လေးဆယ်နှစ်လ (ပကတိရှိရင်းအချိန်အားဖြင့် ခရစ်နှစ် ၅၃၈ မှ ၁၇၉၈ ထိရောက်ရှိသော နှစ်ပေါင်းတစ်ထောင့်နှစ်ရာ့ခြောက်ဆယ်) ပတ်လုံး ကြီးစွာသော စကား ကို လည်းကောင်း၊ ဘုရားသခင်ကို ပြစ်မှားသောစကားကိုလည်းကောင်း ပြောရသောအခွင့် ရရှိပြီး သန့်ရှင်းသူတို့ကို စစ်တိုက်၍ နိုင်ရသောအခွင့် လည်းရရှိတဲ့ ရောမအသင်းတော်ရဲ့ကြိုးကိုင်မှုကို ခံရပါတယ်။ ငယ်၊ - ကိုကြည့်ပါ။ ဘုရားသခင်ရဲ့တပည့်တော်များ ကြားထဲမှာနေရာယူတဲ့ ဒုစရိုက်လူ၊ ပျက်စီးခြင်း၏သား ဟာ ရောမနိုင်ငံကို ကြိုးကိုင်ခွင့်ရပြီး နောက် ကျမ်းစာနေရာမှာ လူ့ထုံးတမ်းဓလေ့တွေကို အစားသွင်းပြီး ဥပုသ် နေ့နေရာမှာ ပထမနေ့ကိုအစားထိုးခြင်းအားဖြင့် ဘုရားသခင်ရဲ့ ပညတ် တရားကိုပြောင်းလဲပါတယ်။ သက်သာလောနိတ်သြဝါဒစာဒုတိယစောင် :၃၊၄။ ဒံယေလအနာဂတ္တိကျမ်း ၇း၂၅ နဲ့ တခြားကျမ်းချက်များကို ကြည့် ပါ။ ဒါတွေဟာ ရာဇဝင်နဲ့ပတ်သက်တာတွေဖြစ်တဲ့အတွက်ကြောင့် လူ တိုင်းဖတ်သင့်ပါတယ်။

ဒါကြောင့် အမှုမဲ့အမှတ်မဲ့ကြည့်ရုံမျှဖြင့် သားရဲ၏တံဆိပ် ဆိုတာ ဟာ ရောမဘာသာက ဘုရားသခင်ရဲ့သမ္မာတရားနဲ့ တပည့်တော်များကို တိုက်ခိုက်နှိမ်နင်းရာမှာ ရင်းရင်းနှီးနှီးပတ်သက်တဲ့အရာသာလျှင် ဖြစ်ရ မယ်ဆိုတာခင်ဗျားတို့ တွေ့ရှိပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ဗျာဒိတ် ကျမ်း ၁၄း၉-၁၁ က သားရဲရဲ့တံဆိပ်ကို လက်ခံတဲ့လူဟာ ဘုရားသခင်နဲ့ ပြောင်ပြောင်ကြီးဆန့်ကျင်တဲ့လူဖြစ်လာပြီး ကိုယ်တော်ရဲ့အမျက်တော် စပျစ်ရည်စစ်ကို သောက်ရလိမ့်မယ်လို့ ပြတ်ပြတ်သားသားပြောဆိုထား ပါတယ်။ ဒါကြောင့် တံဆိပ် ဟာဘာလဲဆိုတာ နှုတ်ကပါဌ်တော် မှ ရှင်းရှင်းလင်းလင်းပြသရပါမယ်။

တံဆိပ် ဆိုတာဟာ အမှတ် လက္ခဏာ ဆိုတဲ့စကားလုံးတွေနဲ့

အဓိပ္ပါယ်တူပါတယ်။ အဲဒီစကားလုံးတွေကို အလဲအလှယ် သုံးရပါတယ်။ ဥပမာ၊ ယေဇကျေလအနာဂတ္တိကျမ်း ၉း၄ မှာ ဘုရားသခင်က ကိုယ်တော် ရဲ့စေတမန်ကို ညည်းတွားငိုကြွေးသောသူတို့၏ နဖူးပေါ်မှာ အမှတ်ပေး ထားလော့ လို့ မိန့်တော်မူပါတယ်။ ဗျာဒိတ်ကျမ်း ၇း၃ မှာတော့ ဒီလူများ ရဲ့ နဖူး၌တံဆိပ်ခတ် တယ်လို့ ဆိုပါတယ်။ ရောမသြဝါဒစာ :၁၁၊၁၂ မှာ တော့ တံဆိပ် နဲ့ လက္ခဏာ ကို အဓိပ္ပါယ်တစ်မျိုးတည်းထားပြီး အသုံး ပြုထားပါတယ်။ ဖြောင့်မတ်ခြင်း တံဆိပ်တည်းဟူသော အရေဖျားလှီး ခြင်း၏ လက္ခဏာကိုခံရသတည်း။ဒါကြောင့် ဘုရားသခင်ရဲ့တံဆိပ်ဆို သည်ကို ဘုရားသခင်ရဲ့အမှတ် သို့မဟုတ် လက္ခဏာသို့ အလဲအလှယ် အသုံးပြုလုပ်နိုင်ပါတယ်။

ဒီကိစ္စကို ရှိရင်းအတိုင်းတင်ပြရမယ်ဆိုရင် သားရဲမှာ သူ့ကိုယ် ပိုင်တံဆိပ်၊ သူ့အမှတ်၊ သူ့လက္ခဏာရှိပါတယ်။ အဲဒါနဲ့ဆန့်ကျင်ပြီး ဘုရား သခင်ရဲ့တံဆိပ်၊ ဘုရားသခင်ရဲ့အမှတ်၊ ဘုရားသခင်ရဲ့လက္ခဏာဆိုတာ ရှိပါတယ်။ သားရဲရဲ့တံဆိပ်၊ အမှတ်၊ လက္ခဏာလက်ခံခဲ့တဲ့ လူဟာ သေခြင်းခံရမယ်။ ဘုရားသခင်ရဲ့တံဆိပ်၊ အမှတ်၊ လက္ခဏာ လက်ခံတဲ့ လူဟာ အသက်ရှင်ရမယ်၊ ထာဝရအသက်ရှင်ရမယ်။

 

စတုတ္ထပညတ်သည်ဘုရားသခင်၏တံဆိပ်

အခုမှာကျွန်တော်တို့ဟာ အင်မတန်စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းကိုရောက်ရှိလာပါတယ်။ တံဆိပ်၊ အမှတ်၊ လက္ခဏာဆိုတဲ့ အသုံးအနှုန်းတွေဟာ ဘုရားသခင်ရဲ့နှုတ်ကပါဌ်တော်ထဲမှာ ပညတ် သို့မဟုတ် ဥပဒေနဲ့ဆိုင်တဲ့ စာချုပ်စာတမ်းများကို အထူးကိုးကားအသုံး ပြုထားပါတယ်။ ယေဇဗေလဟာ အာဟပ်မင်း၏ အမည်တော်နှင့် စာရေး၍ တံဆိပ်တော်နှင့်ခတ် ပါတယ်။ ဓမ္မရာဇဝင်တတိယစောင် ၁၈:၈။ ဧသတာလက်ထက်မှာ ရဟူဒီလူမျိုးတွေကို ဖျက်ဆီးပစ်ရန် ဟာမန်က အမိန့်ထုတ်တဲ့အခါမှာ ဘုရင်အာရွှေရုမင်း၏ အမိန့်တော် စာကိုရေး၍ ဘုရင်မင်း၏လက်စွပ်တော်နှင့်တံဆိပ်ခတ်လေ၏။ ဧသတာ ဝတ္ထု :၁၂။ ဒီလိုလက်စွပ်တော်နဲ့ တံဆိပ်ခတ်တာဟာ ရှေးကအလေ့ အထပါ။ ရှင်ဘုရင်ရဲ့နာမည်ဟာ လက်စွပ်မှာ ထုထားပါတယ်။ အဲဒီ လက်စွပ်ကိုနှိပ်ရင် ဘုရင့်နာမည်ပေါ်လာပါတယ်။ ဒီနည်းနဲ့စာချုပ်စာ တမ်းတွေကို တံဆိပ်ခတ်နှိပ်တဲ့အခါမှ အဲဒီစာချုပ်တွေဟာ တရားဝင် ဖြစ်သွားပါတယ်။ ကျွန်တော်တို့ရှာဖွေနေတဲ့အချက်ကို နားလည်ရအောင် ဒီကိစ္စကိုသတိပြုရပါမယ်။ ဘုရားသခင်ရဲ့တံဆိပ်၊ သို့မဟုတ် လက္ခဏာ ဟာ ကိုယ်တော်ရဲ့ပညတ်တော်နဲ့ ဆက်စပ်နေပါတယ်။ ကိုယ်တော်ရဲ့ နာမည်ကိုပညတ်တော်တံဆိပ်ရှိတဲ့အပိုင်းမှာ တွေ့ရပါတယ်။ ဒါကြောင့် အဲဒီတံဆိပ်ကသာလျှင်မှန်တဲ့ပညတ်ဥပဒေကို အာဏာတည်စေပါတယ်။

ဥပဒေနဲ့ဆိုင်တဲ့တံဆိပ်တိုင်းမှာ အချက်သုံးချက် ဖေါ်ပြရမယ် ဆိုတာ ကျွန်တော်အထူးပြောရန်မလိုပါ။ ပထမမှာ၊ အရာရှိနာမည် ရှိရ မယ်။ ဒုတိယမှာ၊ အဲဒီအရာရှိရဲ့ရာထူး။ တတိယမှာ၊ အဲဒီအရာရှိရဲ့ အာဏာစက်တည်ရာနယ်ပယ်။ အဲဒီနည်းအတိုင်းပဲ။ ကျွန်တော်တို့ တိုင်း ပြည်ရဲ့သမ္မတကြီးဟာ ဥပဒေကြမ်းတစ်ခုခု သို့မဟုတ် တခြားစာချုပ် စာတမ်းတစ်ခုခုကို လက်မှတ်ရေးထိုးတဲ့အခါမှာ သူ့နာမည်ကို သမ္မတ၊ အမေရိကန်ပြည်ထောင်စုသမ္မတနိုင်ငံတော် ဆိုတဲ့ စကားတွေနဲ့တွဲပြီး ရေးထိုးရပါမယ်။ သူ့နာမည်တစ်ခုတည်းနဲ့လည်း ရေးထိုးရုံနဲ့မပြီးပါ။ ဘာ ဖြစ်လို့လဲဆိုတော့ သူနဲ့နာမည်တူအခြားလူတွေ ရှိကောင်းရှိမယ်။ သူ့ နာမည်နဲ့ ရာထူးနှစ်ခုတည်းနဲ့လည်း မပြီးသေးပါဘူး။ သူနဲ့နာမည်တူ လူတစ်ယောက်ဟာ ကုမ္ပဏီတစ်ခုခု၊ စာပေအသင်းတစ်ခုခုရဲ့ဥက္ကဌ ဖြစ်ကောင်းဖြစ်မယ်။ ဒါကြောင့် သုံးမျိုးစလုံးရှိရမယ်။ ၁။ နာမည်။ ၂။ သမ္မတ’(ရာထူး) ၃။ အမေရိကန်ပြည်ထောင်စုသမ္မတနိုင်ငံတော် (နယ်ပယ်)

ပညတ်တော်ဆယ်ပါးဖြစ်တဲ့ ဘုရားသခင့်ပညတ်တော်မှာလည်းဒီမူကိုအကယ်အမှန်အသိအမှတ်ပြုသလားဆိုတာ ကျွန်တော်အခုမေးပါရစေ။

ပထမဆုံးပညတ်နဲ့ နောက်ဆုံးပညတ်ငါးခုက ဘုရားသခင်ရဲ့ နာမတော်ကိုမဖေါ်ပြပါ။ ဒုတိယ၊ တတိယနဲ့ ပဉ္စမပညတ်များက ကိုယ်တော်ရဲ့နာမတော်ကိုသာဖေါ်ပြပါတယ်။ ဒါပေမယ့်၊ ဥပုသ်နေ့နဲ့ သက်ဆိုင်တဲ့ စတုတ္ထပညတ်က ကိုယ်တော်ရဲ့နာမတော်၊ ကိုယ်တော်ရဲ့ ရာထူးနဲ့ ကိုယ်တော်ရဲ့နယ်ပယ်ကို ဖေါ်ပြပါတယ်။ သတ္တမနေ့သည် သင်၏ ဘုရားသခင် ထာဝရဘုရား(ယေဟောဝါ) ဥပုသ်နေ့ဖြစ်၏။ နေရာတွင် ကိုယ်တော်၏ နာမတော်ကိုဖေါ်ပြထား၏။ ထာဝရဘုရား သည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ ၎င်းတို့၌ရှိသမျှကို ခြောက်ရက် တွင်ဖန်ဆင်းတော်မူ၏။ ဤနေရာတွင် ကိုယ်တော်၏ ရာထူးဖြစ်သော ဖန်ဆင်းရှင်၊ ကိုယ်တော်၏ အာဏာစက်တည်ရာနယ်ပယ်ဖြစ်တဲ့ ကောင်း ကင်နဲ့ မြေကြီးတို့ကို ဖေါ်ပြထားပေသည်။ စကြဝဠာတစ်တိုင်းလုံးကို ဖန်ဆင်းတော်မူတဲ့အရှင်ဖြစ်တဲ့ ယေဟောဝါ(ထာဝရဘုရား) ဆိုတာဟာ ကိုယ်တော်ရဲ့ရာထူးနဲ့ဆိုင်တဲ့ တံဆိပ်တော်ဖြစ်ပါတယ်။ စတုတ္ထပညတ် ဟာ ဘုရားသခင့်ပညတ်တော်ရဲ့ ရာထူးနဲ့ဆိုင်တဲ့ တံဆိပ်ဖြစ်ပါတယ်။ အဲဒီတံဆိပ်မပါရှိရင် အဲဒီပညတ်ဟာ အတည်ဖြစ်မည်မဟုတ်ပါ။ ဒီဟာ ဒီအတိုင်းဟုတ်တယ်မဟုတ်လား။

မေးမြန်းသူမရှိပေ။ မှန်ကန်ကြောင်းထင်ရှားလှတော့၏။

ဘုရားသခင်ဟာ ခပ်သိမ်းသောအရာများရဲ့ ဖန်ဆင်းတော်မူတဲ့ အရှင်ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ဟာ ကိုယ်တော်ရဲ့ စကား တော်ကို နာခံသင့်ကြောင်းကိုယ်တော်က အစဉ်ပဲ ညွှန်ပြထားတော်မူပါ တယ်။ ကမ္ဘာဦးကျမ်း ၁း၁။ ထွက်မြောက်ရာကျမ်း၊ ၂၀း၈-၁၁။ ယေရမိ အနာဂတ္တိကျမ်း ၁၀း၁၀-၁၂။ ဆာလံကျမ်း ၉၆:၅။ ၃၃း၆- နှင့် တခြား ကျမ်းချက်များကိုကြည့်ပါ။ အကယ်၍ ခင်ဗျားတို့အထဲက တစ်ဦးဦးက သာသနာပလူတို့အတွက် သာသနာပြုဆရာအဖြစ်နဲ့သွားရောက် ဆောင် ရွက်ရမယ်ဆိုရင် စတုတ္ထပညတ်မှာပါရှိတဲ့ တရားမှန်နဲ့ ၎င်းကို ကိုယ်တိုင် ဖြောင့်ဖြောင့်မှန်မှန် ကျင့်သုံးမှုကသာ ကျွန်တော်တို့ရဲ့ ဘုရားသခင်ဟာ ထာဝရဘုရားသခင်ဖြစ်ကြောင်း ယုံကြည်စေပါလိမ့်မယ်။

အဲဒီအချက်ရှေ့ကို နည်းနည်းပိုပြီး ဖြေရှင်းပြပါခင်ဗျားဟု မစ္စတာစပေါလ်ဒင်းကတောင်းပန်လေသည်။

သာသနာပလူတွေက သူတို့ရဲ့နတ်ဘုရားများဟာ ထူးကဲကြီး မြတ်တယ်လို့ ယုံကြည်ကြပေမယ့် အဲဒီနတ်ဘုရားတွေမှာ ဖန်ဆင်းနိုင်တဲ့ တန်ခိုးသတ္တိရှိတဲ့အတွက်ကြောင့် သူတို့ကကိုးကွယ်ကြတာမဟုတ်ပါဘူး။ ဒါကြောင့် ခင်ဗျားတို့က အဲဒီသာသနာပလူတွေကို ယေဟောဝါဆိုတဲ့ ထာဝရဘုရားဟာ ဖန်ဆင်းရှင်ဖြစ်ကြောင်း၊ ထိုကဲ့သို့ဖန်ဆင်းရှင်ဖြစ်တဲ့ အတွက်ကြောင့် သူတို့ကိုးကွယ်နေတဲ့ အရာဝတ္ထုများကို ထာဝရဘုရား ကပင် ဖန်ဆင်းတော်မူကြောင်း သက်သေတင်ပြနိုင်ရင်၊ သူတို့ရဲ့နတ် ဘုရားများကပင် ထာဝရဘုရားရဲ့ အမိန့်တော်များကို နာခံရမယ်ဆိုတာ သူတို့သိမြင်ကြပါလိမ့်မယ်။ အဲဒီနည်းအားဖြင့် ဥပုသ်နေ့နဲ့ပတ်သက်တဲ့ ပညတ်ဟာ ထိုသာသနာပလူတွေရဲ့ကိုးကွယ်မှုကိုပြောင်းလဲစေပါတယ်။ ခင်ဗျားတို့ရဲ့နာခံမှုကလည်း ဘုရားသခင်ဟာ တည်ရှိမြဲတည်ရှိပြီး ကိုယ် တော်အား မိမိကိုယ်ကို အပ်နှံတဲ့လူတွေကို အသစ်ပြုပြင်ကြောင်း သူ တို့ကို နားလည်စေပါလိမ့်မယ်။

 

ပြောင်းလဲမှုရောမအသင်းတော်ကထောက်ခံ

အဲဒီဖြေရှင်းချက်ဟာ တယ်ကောင်းသဗျာ၊ ကျွန်တော်တို့လို သာသနာပြုဆရာတွေဟာ အမြဲမှတ်ထားဖို့ကောင်းသဗျာဟု မစ္စတာ စပေါလ်ဒင်းကဆိုလေသည်။

မစ္စတာကိုနန်က ပြောဆိုသည်မှာ၊ မစ္စတာအင်ဒါဆင်ခင်ဗျား၊ သားရဲတံဆိပ်အကြောင်းကော၊ ခင်ဗျား အဲဒီအကြောင်း မပြောသေးပါ လား။

မစ္စတာအင်ဒါဆင်က၊ ကျွန်တော်၊ ခင်ဗျားမေးခွန်းကို ခင်ဗျား ကိုယ်တိုင်ပြန်ဖြေခိုင်းပါမယ်။ အကယ်၍ ဥပုသ်နေ့နဲ့ဆိုင်တဲ့ ပညတ်ဟာ ဘုရားသခင်ရဲ့တံဆိပ်ဖြစ်ခဲ့ရင် (ဖြစ်လည်းဖြစ်ပါတယ်) နောက်ပြီးတော့ လည်း သားရဲရဲ့တံဆိပ်ဟာ ဘုရားသခင်ရဲ့တံဆိပ်နဲ့ဆန့်ကျင်ဘက်ဖြစ်ရင် သားရဲရဲ့တံဆိပ်ဟာ ဘာဖြစ်တယ်လို့ ကျွန်တော်တို့မှန်းဆနိုင်သလဲ။

သားရဲတံဆိပ်ဟာလည်း ဥပုသ်တစ်မျိုးမျိုးပေါ့။ အခုဖြစ်နိုင်တာ က ဥပုသ်နေ့တစ်ခုနဲ့တစ်ခု ဘက်ပြိုင်ခြင်းပဲ ဟု မစ္စတာကိုနန်က ပြန်ဖြေ လေသည်။

မစ္စတာအင်ဒါဆင်က ဟုတ်လိုက်တာဗျာ။ အဲဒါဟာ ရာဇဝင်က သက်သေခံနေပါတယ်။ မနေ့ကဘဲ ကျွန်တော်တင်ပြပြီးပါပြီ။ သားရဲ၊ ရောမဘာသာ၊ တိုင်းပြည်နဲ့ အသင်းတော်ပူးပေါင်းဆောင်ရွက်ပြီး လေး ရာစုနှစ်မှာ ဘုရားသခင်ရဲ့ နှုတ်ကပါဌ်တော်ကို လူ့ဓလေ့ထုံးစံတွေနဲ့ အစားထိုးတယ်။ နောက်ပြီးတော့လည်း စတုတ္ထပညတ်တော်ကို ရဲဝံ့စွာ အတိုက်အခံလုပ်ပြီး ဥပုသ်နေ့ကိုတနင်္ဂနွေနေ့နဲ့အစားထိုးပါတယ်။ အဲဒီ အချိန်အခါက ယူဆီဘီယက်()ဆိုတဲ့ ဂိုဏ်းအုပ်တစ်ပါးက ဥပုသ်နေ့မှာ ကျွန်တော်တို့ပြုအပ်တဲ့ ဘာသာရေးဝတ္တရားတွေကို သခင်ဘုရားရဲ့ နေ့သို့ ပြောင်းလဲပြုလုပ်ကြဖို့ ရောမအသင်းတော်က စီစဉ်ထားလိုက်ပြီးလို့ အတည့်အလင်းပြောဆိုခဲ့ပါတယ်။ မကြာမီတုန်းက အမေရိကန်ပြည်မှ ထုတ်ဝေတဲ့ ရောမရှေ့ဆောင်သတင်းစာကြီးတစ်စောင်က ဘယ်လို ရေး သားလိုက်သလဲဆိုတော့ ရောမအသင်းတော်သည် ၎င်း၏ မမှားယွင်း နိုင်သော အာဏာအရ တနင်္ဂနွေနေ့ကိုပညတ်ဟောင်း၏ ဥပုသ်နေ့အစား သန့်ရှင်းသောနေ့အဖြစ်တည်ထောင်လိုက်သည်။ မနေ့က ကျွန်တော် ဖတ်မိလိုက်တဲ့ ရောမအသင်းတော် အမေးအဖြေစာအုပ်ကလည်း ကျွန်ုပ် တို့သည် သတ္တမနေ့အစား ပထမနေ့ကို ဥပုသ်စောင့်ကြသည်။ အဘယ် ကြောင့်ဆိုသော်၊ လောဒိကိမြို့၌ (ခရစ်သက္ကရာဇ် ၃၃၆) ကျင်းပခဲ့သော စည်းဝေးတွင် ရောမအသင်းတော်က ဘုရားဝတ်ပြုကိုးကွယ်မှုကို သတ္တမ နေ့မှ ပထမနေ့သို့ပြောင်းလဲလိုက်သည် လို့ ဆိုပါတယ်။

ဘုရားသခင်က ကိုယ်တော်ရဲ့အာဏာစက်တည်ကြောင်း သက် သေအဖြစ် ဥပုသ်နေ့တံဆိပ်ကို ညွှန်ပြတော်မူသလိုပဲ ရောမအသင်းတော် ကြီးကလည်း သူ့ရဲအာဏာစက်တည်ကြောင်း သက်သေအဖြစ်နဲ့ တနင်္ဂ နွေတံဆိပ်ကိုညွှန်ပြပါတယ်။သူထုတ်ဝေတဲ့အမေးအဖြေစာအုပ်ကလည်း သူ့မှာပွဲနေ့ရက်တွေနဲ့ အခါကြီးရက်ကြီးများကို စီမံခန့်ခွဲချပေးနိုင်တဲ့ အာဏာရှိကြောင်းတင်ပြတဲ့သက်သေက ဥပုသ်နေ့ကို တနင်္ဂနွေနေ့သို့ ပြောင်းလဲလိုက်ခြင်းပါပဲ။ အဲဒီနည်းအားဖြင့် ၎င်းရဲ့ တံဆိပ် ကို ဘုရား သခင်ရဲ့ တံဆိပ် နဲ့ ဝါဝါကြွားကြွားအတိုက်အခံ လုပ်ထားပါတယ်။

အားလုံးကိုခြုံကြည့်တဲ့အခါ ဘာတွေ့ရသလဲဆိုရင် ဖေါက်ပြန် တဲ့ သြဇာအာဏာရှိသူဟာ ဘုရားသခင်ရဲ့တံဆိပ်တော်ကို ချေဖျက်ခြင်း အားဖြင့် အဲဒီတံဆိပ်နေရာမှာ တနင်္ဂနွေနေ့ကို အစားထိုးခြင်းအားဖြင့် ဘုရားသခင်ရဲ့ပညတ်တော်ကို ချိုးဖေါက်လိုက်ပါတယ်။ အဲဒီဖေါက်ပြန် ခြင်းဟာ လူတွေကို အဲဒီလိုပြောင်းလဲမှုကို လက်ခံဖို့ တောင်းဆိုပါတယ်။ နောက်ပြီးတော့လည်း ဘယ်အချိန်မဆို၊ ဘယ်နေရာမှာမဆို အခွင့်ရတိုင်း ၎င်းရဲ့တောင်းဆိုချက်တွေကို ဥပဒေနဲ့အတည်ဖြစ်အောင် လုပ်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်နဲ့ တခြားအရပ်ဒေသတွေမှာ ပထမနေ့ကို ငြိမ်ဝပ် စွာနေရမယ်ဆိုတဲ့ ပညတ်တော်ရဲ့နောက်ကွယ်မှာ ဒီမူကြီးကိုပဲ ချထားပါ တယ်။ ခင်ဗျားတို့မသိသေးတဲ့အချက်တစ်ခုကို ကျွန်တော်ထုတ်ဖေါ်ပြော ဆိုရဦးမယ်။ ဘုရားသခင်၏ နှုတ်ကပါဌ်တော်ထဲမှာ ဖေါ်ပြပါရှိတဲ့ ပုရော ဖက် အနာဂတ္တိစကားတွေနဲ့ ရောမအသင်းတော်ရဲ့ အကြံတွေကပါ၊ ဘယ်လို ညွှန်ပြကြသလဲဆိုတော့ မကြာမီဘဲ လူမျိုးတိုင်းဟာ တနင်္ဂနွေ နေ့ကို ကမ္ဘာအဝန်း ဥပုသ်စောင့်တဲ့နေ့အဖြစ်သတ်မှတ်ဖို့ ဥပဒေပညတ် တွေထုတ်ကြမယ်။ လူတွေကိုလည်းအတင်းအကျပ် အဲဒီနေ့ကို စောင့်ခိုင်း မယ်။ မစောင့်တဲ့လူတွေဟာ သေဘေးနဲ့ တွေ့ကြုံရမယ်။ ဗျာဒိတ်ကျမ်း ၁၃ တစ်ခုလုံးကိုဖတ်ကြည့်ပါ။

 

ဥပုသ်နေ့ကိုပြန်လည်ပြုပြင်ဖို့ ယခုပင် တိုက်တွန်းထား၏

ခရစ်ယာန်အများဟာ ပထမနေ့ကိုစေတနာသန့်သန့်နဲ့ ဥပုသ် စောင့်ခဲ့ကြပါတယ်။ အဲဒီလိုစောင့်တဲ့အတွက် ဘုရားသခင်ရဲ့အလိုတော် ကိုဆောင်ရွက်ရာရောက်တယ်လို့လည်းယုံကြည်နေပါတယ်။ ကိုယ်တော် ကလည်း သူတို့ရဲ့စေတနာကိုလက်ခံတော်မူပါတယ်။ ဒါပေမယ့် ယခုမှာ အလင်းတရားဟာ ထွန်းလင်းနေပါပြီ။ မှန်တဲ့ဥပုသ်နေ့အစား မှားယွင်းတဲ့ ဥပုသ်နေ့ကို မြှောက်စားတဲ့လမ်းစဉ်၊ အဲဒီမှားယွင်းတဲ့ ဥပုသ်စောင့်ခြင်း ကိုလည်းပြစ်ဒဏ်နဲ့ခြိမ်းခြောက်အတည်ပြုရန် ကြိုးပမ်းတဲ့သားရဲနဲ့ ၎င်းရဲ့ ရုပ်တုတို့ သက်ဆိုင်ပါဝင်နေတဲ့ ဖေါက်ပြန်တဲ့လမ်းစဉ်ကို ရှောင်ရှားဖို့ ဘုရားသခင်က ကျွန်တော်တို့ကို သတိပေးထားပါတယ်။ အဲဒီနည်းအား ဖြင့် မှားယွင်းတဲ့ဥပုသ်ဟာ အဲဒီဖေါက်ပြန်တဲ့လမ်းစဉ်ရဲ့ တံဆိပ် ဖြစ်လာ ပါတယ်။ အကယ်၍လူဟာ ဘုရားသခင်ပေးတော်မူတဲ့ အလင်းတရား ရှိလျက်နဲ့ ဘုရားသခင်ရဲ့ဥပုသ်နေ့မှန်ကို ငြင်းပယ်ပြီး သားရဲနဲ့၎င်းရဲ့ ရုပ်တုက အတင်းအကျပ်အတည်ပြုထားတဲ့ တနင်္ဂနွေနေ့ကို သူတို့ရဲ့ သစ္စာတော်စောင့်ထိန်းမှ အထိမ်းအမှတ်အဖြစ်နဲ့လက်ခံလျှင် ဘုရားသခင် ရဲ့သတိပေးချက်ကို ဆန့်ကျင်ဘက်ပြုပြီး သားရဲရဲ့တံဆိပ်ကို ခံယူရာ ရောက်ပါတယ်။ လူဟာသူ့ဘဝမှာ ဘယ်အချိန် ဘယ်အခါမျိုးမှာ ဘုရား သခင်နဲ့အဆက်ဖြတ်ခြင်းခံရတယ်ဆိုတာကို သေမျိုးဖြစ်တဲ့ လူလူချင်းက မဆုံးဖြတ်ရပါ။ တရားစီရင်မှုဟာ ဘုရားသခင်နဲ့သာဆိုင်တဲ့အလုပ်ပါ။

ဒါကြောင့် အခုအချိန်မှာ၊ ကိုယ်တော်ရဲ့ပညတ်တော်ကို ရိုသေပြီး ၎င်းက ချပေးတဲ့သြဝါဒများကို လိုက်နာကျင့်သုံးဖို့ ဘုရားသခင်က ခေါ် တော်မူလျက်ရှိပါတယ်။ ဥပုသ်နေ့ကို သူရှိရင်းနေရာပြန်လည်ထားရှိရန် ကိုယ်တော်က ကျွန်တော်တို့အား ဖျောင်းဖျလျက်ရှိပါတယ်။ (ဟေရှာယ အနာဂတ္တိကျမ်း ၈း၁၆) ၎င်းကိုလည်း မရှုတ်ချရန် အကြံဉာဏ်ပေးထား တော်မူပါတယ် (ဟေရှာယအနာဂတ္တိကျမ်း ၅၈း၁၃) ဒီတရားမှန်ကို ကျွန်တော်တို့ အားလုံးလက်ခံရရှိပြီးတဲ့တိုင်အောင် မနုဿလူသတ္တဝါကို အချင်းချင်း စစ်မက်တိုက်ခိုက်မှုများအား ဆိုင်းငံ့ထားဖို့ ဘုရားသခင်က ကိုယ်တော်ရဲ့စေတမန်များကို အမိန့်ထားရှိတော်မူပါတယ်(ဗျာဒိတ်ကျမ်း ၇း၁-) ခပ်သိမ်းသောအရာများကို ဖန်ဆင်းတော်မူတဲ့ ဘုရားသခင် တစ်ပါးတည်းကိုသာ ဝတ်ပြုကိုးကွယ်ကြရန်ခေါ်ဖိတ်တဲ့ ဧဝံဂေလိတရား တော်ကို ကိုယ်တော်ဟာ တစ်ကမ္ဘာလုံးသို့ ဖြန့်ချိတော်မူပါတယ်။ (ဗျာ ဒိတ်ကျမ်း ၁၄း၆၊၇) နောက်ဆုံးမှာ၊ လူအများတို့ဟာ တနင်္ဂနွေနေ့တံဆိပ် ကို လက်မခံဘဲ ဘုရားသခင်ကို လက်ခံပြီးလျှင် ကိုယ်တော်ရဲ့ ပညတ် တော်ရှိသမျှကိုစောင့်ရှောက်လိမ့်မည်ဖြစ်ကြောင်း(ဗျာဒိတ်ကျမ်း၁၄း၁၂) ဒီလူတွေကိုလည်း ကိုယ်တော်ရဲ့တံဆိပ်နဲ့တံဆိပ်ခတ်တော်မူပြီး နောက် ဆုံးတွင် ဘုန်းတော်နိုင်ငံရှိဇိအုန်တော်ပေါ်မှာ သူတို့ကိုရပ်စေတော်မူမည် ဖြစ်ကြောင်း(ဗျာဒိတ်ကျမ်း၁၄း၁)တို့ကိုဘုရားသခင်ကပြတော်မူပါတယ်။

တစ်ဖက်မှာဆိုရင်၊ ဘုရားသခင်ရဲ့မှာကြားတော်မူချက်ကို ငြင်း ပယ်သောသူ၊ ဘုရားသခင်ကို ဆန့်ကျင်ဘက်ပြုတဲ့အာဏာရှိသူရဲ့ စိတ် ကြိုက်လိုက်ပြီး ကမ္ဘာကြီးနဲ့ပလူးကာ ကမ္ဘာကြီးရဲ့အသွင်ကို ဆောင်သော သူတို့ဟာ ကိုယ်တော်ရဲ့ဒေါသဖလားမှလောင်းတဲ့ အမျက်တော်စပျစ် ရည်စစ်ကိုသောက်ရပြီး (ဗျာဒိတ်ကျမ်း ၁၄း၉-၁၁) ကမ္ဘာမြေကြီးသားတို့ တွေ့ကြုံခံစားရမယ့် နောက်ဆုံးဘေးဒဏ်များကိုလည်း ရောနှောခံစားရ ကြလိမ့်မယ်(ဗျာဒိတ်ကျမ်း ၁၆)

ဒါကြောင့်ကျွန်တော်ဘာကြောင့် ဒီအကြောင်းကို ဒီလောက် စိတ်ဝင်စားတယ်ဆိုတာ ခင်ဗျားတို့ သိရှိနိုင်ပါတယ်။ ခင်ဗျားတို့အဖို့မှာ လည်း ဒီအကြောင်းကို လေ့လာရကျိုးနပ်ပါသလား။ ခင်ဗျားတို့အထဲက တစ်ဦးဦးက ဒီပြဿနာကို ပေါ့ပေါ့ဆဆသဘောထားဖို့ စိတ်ကူးမိပါ သလား။ ခင်ဗျားတို့ဟာ ရောမပြည် သို့မဟုတ် ခရစ်တော်။ တနင်္ဂနွေနေ့ သို့မဟုတ် ဥပုသ်နေ့။ သားရဲရဲ့တံဆိပ်သို့မဟုတ် အသက်ရှင်တော်မူတဲ့ ဘုရားသခင်ရဲ့တံဆိပ်အသီးအသီးရှိရာ ဘယ်ဟာကို ရွေးချယ်ကြမလဲ။

မစ္စတာ စပေါလ်ဒင်းမှာ ခုန်၍ထမလိုပင်ဖြစ်နေတော့၏။ သူက မစ္စတာအင်ဒါဆင်ခင်ဗျား၊ ကျွန်တော် စကားနည်းနည်းပြောပါရစေဟု စကားပြောခွင့်တောင်းလေသည်။

သူသည် လူပရိသတ်ဘက်သို့ မျက်နှာမူ၍ ရပ်နေသောအခါ သူ့ ဘဝသစ်ကိုမှတ်သားမည့်စကား၊ နားထောင်သောသူအများတို့၏ ဘဝကို လေးလေးနက်နက်ထိခိုက်မည့်စကား ပြောဆိုမည်မှာ ထင်ရှားလေတော့ သည်။

 


အခန်း - ၁၆

အခန်း ၁၆

မှတ်သားထားသောကျမ်းစာ၏ အကျိုးကျေးဇူး

 

          မစ္စတာစပေါလ်ဒင်းသည် သူ့ အသံထွက်အောင်လုပ်၍မရသလို ရှိနေလေသည်။ သူ၏နောက်ကြောင်းရာဇဝင်တစ်ခုလုံးကို ပြန်လည် စဉ်းစားမိရာတွင် သူ့အတိတ်ဘဝ၏ အနှစ်သာရကင်းမဲ့မှုကိုလည်း တွေ့ မြင်ရပေတော့သည်။

          သူက မိတ်ဆွေတို့ခင်ဗျား၊ ခင်ဗျားတို့အထင်အရှားတွေ့ မြင် သိရှိတဲ့အတိုင်း ဒီခရီးတစ်လျှောက်လုံးမှာ စတုတ္ထပညတ်ကို ခရစ်ယာန် တိုင်းစောင့်ထိန်းအပ်တယ်ဆိုတဲ့ယူဆချက်ကိုကျွန်တော်ဟာမဆုတ်မနစ် တိုက်ဖျက်ခဲ့ပါတယ်။

          “တစ်နေ့မှာတရားသူကြီးကာရှောက ကျွန်တော့်ကို သူဟာ အာ ကင်စောပြည်နယ်မှာ သိကျွမ်းခဲ့ကြောင်း၊ ဥပုသ်နေ့ကို စောင့်ရှောက်တဲ့ လူတစ်ယောက်ရဲ့အမှု သူ့ရုံးမှာစစ်ဆေးတဲ့အခါမှာ ကျွန်တော်က အဲဒီ ဘက်ကမလိုက်ဘဲ တရားလိုဘက်ကလိုက်ပြီး သက်သေခံကြောင်း ပြော ပြခဲ့တာကို ခင်ဗျားတို့ကြားရကြပါတယ်။ သူပြောတာတွေဟာ အမှန်တွေ ချည်းပါပဲ။ အဲဒီသတ္တမနေ့ဥပုသ်အသင်းသားဟာ ပြစ်မှုထင်ရှားပြီး ပြစ် ဒဏ်ခံရတဲ့အခါ ကျွန်တော်ဟာ အကြီးအကျယ် ဝမ်းသာအားရဖြစ်မိပါ တယ်။ ကျွန်တော့်တစ်ယူသန်မှုကြောင့်အနစ်နာခံတဲ့တရားခံဟာ သေဆုံး သွားတဲ့အခါကျတော့လည်း ကျွန်တော်စိတ်မကောင်းမဖြစ်မိပါ။ ဒါတွင် မကသေးဘူး။ ဒီခရီးစထွက်လာကတည်းက ဟောဒီ ဝီလ်ဆင်ဆိုတဲ့ လူငယ်ကလေးရဲ့လေသံဟာ ပျောက်သွားရအောင်တစ်ခုခုဖြစ်ပျက်ပါစေ လို့တောင် ဆုတောင်းမိပါသေးတယ်။ ကျွန်တော်သူ့ကိုတောင်မက သူ့ ကျမ်းစာကိုပါ မုန်းခဲ့ပါတယ်။

          ဒါပေမယ့်ဘုရားသခင်ဟာ ကျွန်တော်ရဲ့ပညာမျက်စိကိုပွင့်လင်း စေပါတယ်။ ကျွန်တော့်စိတ်ကိုလည်း အနူးအညွတ်ဖြစ်စေပါတယ်။ ကိုယ်တော်ရဲ့ဝိညာဉ်သစ်နဲ့ဆိုင်တဲ့ ကတိတော်ကိုလည်း ပြည့်စုံစေပါ တယ်။ ဒီနေ့မှာ ကိုယ်တော်ရဲ့အလိုတော်ကိုဆောင်ရွက်ဖို့ ကျွန်တော့်မှာ အားရဝမ်းမြောက်ခြင်းရှိပါတယ်။ ကျွန်တော်မထီမဲ့မြင်ပြုရုံသာမက ရွံရှာ တဲ့ဥပုသ်နေ့ပါတဲ့ ပညတ်တော်ကိုလည်း အခုအခါမှာ ကျွန်တော်ရဲ့ စိတ် နှလုံးမှာ ရေးသားထားတော်မူပါပြီ။ ကျွန်တော်ဟာ ကိုယ်တော်၌ ငြိမ် သက်ခြင်းရှိပါတယ်။

          “မစ္စတာဝီလ်ဆင်မှာ ဘုရားတရားကိုင်းရှိုင်းတဲ့ မိခင်ရှိပါတယ်။ သူမဟာ ဘုရားသခင်ရဲ့နှုတ်ကပါဌ်တော်ကို မြတ်နိုးပါတယ်။ သူမရဲ့ သား ကလေးကိုလည်း သူမနည်းတူ ကျမ်းစာကို မြတ်နိုးစေလိုပါတယ်။ အဲဒီ ရည်ရွယ်ချက်နဲ့ ဟောဒီစာအုပ်ကို မျက်ရည်နဲ့ ဆုတောင်းချက်အရင်းခံပြီး မှတ်သားထားခဲ့ပါတယ် (ဤသို့ပြောစဉ် တရားဟောစားပွဲပေါ်က မှတ် သားထားသော ကျမ်းစာအုပ်ကို ဆွဲယူလိုက်လေသည်) သူမရဲ့ မေတ္တာ အရင်းခံတဲ့လုပ်ငန်းကို တစ်နည်းနည်းအားဖြင့် ကောင်းချီးပေးတော်မူ မည်ကို သူမယုံကြည်ပါတယ်။ မျှော်လင့်ချက်အတိုင်း ပြည့်စုံခဲ့တာကို လည်း ခင်ဗျားတို့မြင်တဲ့အတိုင်းပါပဲ။ သူမရဲ့သားဟာ ကိုယ်တော်ကို တွေ့ရှိပါပြီ။ ဒါပေမယ့် ဟောဒီကျမ်းစာအုပ်နဲ့ သူ့မိခင်ရဲ့ဆုတောင်းချက် ဟာ ကျွန်တော်ခေါင်းမာစွာလမ်းလွဲကို မလိုက်ဖို့ကိုလည်း တားဆီးထား ပါတယ်။

          သူ၏ သက်သေခံချက်မှာ အလွန်စိတ်ပါလက်ပါလည်းဖြစ်၊ စေတနာကလည်းထက်သန်၊ သိမ်မွေ့ကလည်း သိမ်မွေ့လှသောကြောင့် ထိုစည်းဝေးရာနေရာ၌ရှိသောလေသည်ပင် ဘုရားသခင်၏မေတ္တာတော် နှင့်ပြည့်နှက်လေးလံနေဟန်ရှိလေသည်။

          “ဒါဖြင့်ခင်ဗျားတကယ်ပဲ ကျွန်တော့်လမ်းစဉ်လိုက်မလို့လား ဟု ဟဲရာလ်()ဝီလ်ဆင်က မစ္စတာစပေါလ်ဒင်းအားမေးလေသည်။

          မစ္စတာစပေါလ်ဒင်းပြန်လည်ဖြေကြားရာတွင် ရှေးဦးစွာ လက်ထဲ ၌ကိုင်ထားသည့် ခေါက်ထားသော စာရွက်ကလေးကို ဖွင့်ပြလေသည်။ ၎င်းစာရွက်မှာ သူ့အားယခုသာသနာကိစ္စနှင့်လွှတ်လိုက်သော သာသနာ ဘုတ်အဖွဲ့ထံတင်သွင်းမည့်ထွက်စာဖြစ်၏။ ထိုစာမှာအောက်ပါတိုင်းပင်။

 

မစ္စတာစပေါလ်ဒင်းအလုပ်မှထွက်၏

ညီအစ်ကိုများခင်ဗျား-

          “ဘုရားသခင်သည် ကျွန်တော်၏ ဘဝအသက်တာကို အံ့သြဖွယ် ကောင်းလောက်အောင် ပြုပြင်လျက်ရှိပါတယ်။ ကျွန်တော်သည် တာရှု မြို့သား ရှောလုကဲ့သို့ နှစ်ပရိစ္ဆေဒမြောက်မြားစွာပင် မိုက်မဲစွာတုတ်ချွန် ကိုခြေနှင့်ကျောက်လျက်ရှိခဲ့ကြောင်းလည်း ဘုရားသခင်က ကျွန်တော် အား အမြင်မှန်ကို ပေးတော်မူပါပြီ။ ဤပင်လယ်လမ်းခရီးဆုံးသို့မရောက် မီပင် ကျွန်တော်၏ အထက်ကယုံကြည်မှုနှင့် ဩဝါဒများသည် ယခုအခါ ကျွန်တော်နှင့်ပြောင်ပြောင်ကြီး ဆန့်ကျင်နေကြပြီ ဖြစ်သောကြောင့် ကျွန်တော်အရှေ့ဘက်တိုင်းပြည်များသို့ ခရီးထွက်လာရသည့် ရည်ရွယ် ချက်ကို ဖြည့်စွက်ခြင်းမှ ခွင့်လွှတ်ရန်နှင့် နိုင်ငံခြားသာသနာပြုဘုတ် အဖွဲ့တွင် အသင်းသားအဖြစ်မှ နုတ်ထွက်ခွင့်ပြုပါရန်။

          “ကျွန်တော်၏ခြေလှမ်းသစ်ကို နားလည်နိုင်ရန် အတိတ်ကာလ ကတွေ့ ဆုံရင်ဆိုင်ခဲ့သော ကျွန်တော်၏ ကိုယ်တွေ့အတွေ့အကြုံအဖြစ် အပျက်များကို အကျဉ်းချုံး၍ပြောပါရစေ။

          “လူကြီးမင်းများ ကောင်းမွန်စွာ သိရှိကြသည်အတိုင်း ကျွန်တော် လုပ်ဖေါ်ဆောင်ဘက် ညီအစ်ကိုများက တရားဓမ္မစကားရည်လုပွဲများ တွင်လည်းကောင်း၊ အများကမှားယွင်းသည်ဟု ယူဆသော သတ္တမနေ့ ဥပုသ်အသင်းသားများနှင့် ဆွေးနွေးငြင်းခုံရာတွင်လည်းကောင်း ကျွန် တော်အား ရွေးချယ်စေလွှတ်ပါသည်။ ကျွန်တော်ဆောင်ရွက်မှုတွေမှာ လည်း ထူးထူးချွန်ချွန်အောင်မြင်မှုနဲ့တွေ့ရသည်ဟု အများက သဘောရ ကြပါသည်။ မကြာမီက ကျွန်တော်တို့အာကင်စောပြည်နယ်မှ တနင်္ဂနွေ နေ့ကို ဥပုသ်စောင့်ရမည်ဆိုသည့် ဥပဒေပညတ်ကို ချိုးဖေါက်သည့် တရားခံများအား ဥပဒေအရအရေးယူရန် လှုံ့ဆော်ရသည့်လုပ်ငန်းအား ကျွန်တော့်ကိုပင် ရွေးကောက်ဆောင်ရွက်စေပါသည်။ ဤလုပ်ငန်းတွင် လည်း ကျွန်တော်၏ ဆောင်ရွက်မှုမှာ အောင်မြင်သင့်သလောက် အောင် မြင်သည်ဟု အများက သဘောထားကြပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်ဆောင်ရွက်မှုကြောင့် ပြစ်မှုထင်ရှားပြီး ပြစ်ဒဏ်ပေးခြင်းခံရ သောသူပေါင်းမှာ အတော်များပါသည်။ ကျွန်တော့်မှာ ကျွန်တော်တို့ ခရိုင် ကွန်ဖရင့်ကြီး၏ ချီးကျူးခြင်းကိုလည်းခံရပါသေးသည်။

          “သို့ရာတွင် ကျွန်တော်၏ အများသောယုံကြည်မှုများမှာ သမ္မာ ကျမ်းစာ၌အခြေမပြုဟူသော ထူးဆန်းသည့်စွဲလမ်းမှုသည် ကျွန်တော့် အား ဆွဲကိုင်ထားလျက်ရှိသည်မှာလည်း ကာလအတော်ညောင်းခဲ့ပါပြီ။ မကြာခဏပင် ဆွေးနွေးငြင်းခုံမှုကို စိတ်ပါလက်ပါပြုလုပ်နေစဉ်မှာပင် ကျွန်တော်၏ အယူအဆများမှာ လွဲချော်မှားယွင်းနေသည်ဖြစ်ကြောင်း အသံတစ်သံက ကျွန်တော့်အား ပြောကြားလျက်ရှိပါသည်။ ကျွန်တော်၏ မိုက်မဲအားနည်းမှုကြောင့်သာ ထိုကဲ့သို့ စိတ်တွင်ထင်မှတ်သည်ဟု ယူဆ ကာ ထိုအသံကို နားမထောင်ဘဲနေခဲ့ပါသည်။ ကျွန်တော်၏ ယုံကြည်မှု များကို ရပ်နားစစ်ဆေးရမည်ဟူသော စိတ်ကူးကိုလည်း အစဉ်တစိုက် ချိုးနှိမ်ခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော်၊ ကျွန်တော်သည် ပြောင်းလဲ မှုကိုမလိုလားပေ။ အမှန်ကိုမြတ်နိုးသည်ထက် ကျွန်တော်၏ ဂုဏ်မောက် မှုနှင့် ကျွန်တော့်ဆွေမျိုးဉာတကာ၏ စိတ်နေသဘောထားကိုသာ ပိုမို၍ လေးစာခဲ့ပါသည်။

          “ကျွန်တော့်အား ယခု ဒူးထောက်စေသော အဖြစ်အပျက်များကို လည်း တစ်ခုပြီးတစ်ခု တွေ့ကြုံခဲ့ရပါသည်။ အသက်ရှင်ခြင်းသို့ဝင်စား စေနိုင်သောတံခါးကိုဖွင့်ပေး၍ အလင်းတရားလည်း ကြည်လင်စွာ ထွန်း တောက်လျက် ဘုရားသခင်၏ မေတ္တာတော်သည်လည်း ကျွန်တော့်အား နောင်တရစေပြီဖြစ်သောကြောင့် ကျွန်တော်သည် သန့်ရှင်းသော ဝိညာဉ် တော်၏ဆွဲဆောင်မှုများသို့ ကျွန်တော့်ကိုယ်ကို လုံးဝအပ်နှံပါတော့မည်။ ကျွန်တော်သည် အသက်ရှင်ခြင်းလမ်းအစစ်ကိုတွေ့ရှိပါပြီ။ ယေရှုခရစ်၏ နောက်တော်သို့ လိုက်လျှောက်ရာတွင် ကျွန်တော်သည် ကိုယ်တော်၌ ပျော်မွေ့ခြင်းရှိပါသည်။ ကျွန်တော်မရှင်းမလင်းဖြစ်နေသော ပြဿနာ များနှင့် စိတ်ဒွိဟဖြစ်မှုများသည် ယခုအခါ လွင့်စဉ်ပျောက်ကွယ်သွားပါ ပြီ။ ကျွန်တော်သည် ဒုတိယမွေးခြင်းခံရပြီးသည်ကိုလည်း ဝိညာဉ်တော် က သက်သေခံလျက်ရှိပါသည်။

          “အကျဉ်းချုံးပြောရသော်၊ ညီအစ်ကိုများတို့၊ ယခုမှာ ကျွန်တော် သည် သတ္တမနေ့ဥပုသ်ကိုစောင့်သောသူဖြစ်နေပါပြီ။

          “ရှေ့ကိုအနည်းငယ်ဆက်လက်ပြောခွင့်ပြုပါလျှင် ယခုကျွန်တော် ဘာကြောင့် ဒီခြေလှမ်းကို လှမ်းရသည့်အကြောင်းရင်းအချို့ကို ကျမ်း အကိုးအကားနှင့်တင်ပြပါမည်။

1    ဘုရားသခင်၏ နှုတ်ကပါဌ်တော်တစ်အုပ်လုံးသည် ကိုယ်တော် ပြုပြင်စီရင်ချပေးတော်မူသောအရာဖြစ်သည်(တိမောသေသြဝါဒ စာဒုတိယစောင် ၃း၁၆၊၁၇။ ရောမသြဝါဒစာ ၁၅:)

2     ယေရှုခရစ်သည် ထိုကျမ်းစာကို ပြုပြင်စီရင်တော်မူသောအရှင် ဖြစ်တော်မူ၏။ (ရှင်ပေတရုသြဝါဒစာဒုတိယစောင် :၂၁။ ရှင်ပေ တရုသြဝါဒစာပထမစောင် ၁း၁၀၊၁၁)

3    ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းနှစ်ခုစလုံးက ခရစ်တော်ကို ရေးသားဖေါ်ပြကြသည်။(ရှင်လုကာခရစ်ဝင် ၂၄:၂၅-၂၇။ ရှင်ယောဟန်ခရစ်ဝင် :၃၉)

4    ကမ္ဘာဦးမှစ၍သိရသော ဧဝံဂေလိတရားတော်ကို လူသည် ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ရောက်၏။ (ဗျာဒိတ် ကျမ်း ၁၃း၈။ ဂလာတိသြဝါဒစာ ၃း၈ ကို ရှင်ယောဟန်ခရစ်ဝင်  :၅၆ နှင့်တွဲဖတ်ပါ။ ဟေဗြဲသြဝါဒစာ :၁၊၂။)

5    ဧဝံဂေလိတရားတော်သည် အပြစ်မှ ကယ်တင်သည် (ရှင်မဿဲ ခရစ်ဝင် :၂၁။ ရောမသြဝါဒစာ ၁း၁၆) ဒုစရိုက်သည် လူ့ကျင့်စဉ် ဖြစ်သော ပညတ်တော်ဆယ်ပါးကို လွန်ကျူးခြင်းဖြစ်၏။ (ရှင် ယောဟန်ဩဝါဒစာပထမစောင် :၄။ ပညတ်တော်သည် ဒုစရိုက် ကို ညွှန်ပြ၏၊ ၎င်းအပြစ်မှ လူကိုဧဝံဂေလိတရားက ကယ်တင် (ရောမသြဝါဒစာ ၃း၂၀)

6    ကမ္ဘာဦး၌အပြစ်တရားသည် လောကသို့ ချဉ်းနင်းဝင်ရောက်လာ (ရောမသြဝါဒစာ :၁၂) ပညတ်တရားမရှိလျှင် လွန်ကျူးခြင်း အပြစ်မရှိ (ရောမသြဝါဒစာ :၁၅။ :၁၃) ထိုကြောင့် အပြစ် သည် ကမ္ဘာဦးကပင်စတင်ပေါ်ပေါက်လာ၏။

7  ဘုရားသခင့်ပညတ်တော်၏ တစ်စိတ်တစ်ဒေသအနေနှင့် ဥပုသ် နေ့ကို ကျွန်ုပ်တို့၏ ပထမ မိဘများအားပေးတော်မူပါသည်(ကမ္ဘာ ဦးကျမ်း ၂း၁-)

8    ဥပုသ်နေ့ကို မနုဿလူသတ္တဝါတစ်မျိုးလုံးအတွက် ပေးတော်မူ ၏။ (ရှင်မာကုခရစ်ဝင် :၂၇)

9    ခရစ်တော်သည် ဖန်ဆင်းတော်မူသော အရှင်ဖြစ်သောကြောင့် (ရှင်ယောဟန်ခရစ်ဝင် ၁း၁-၃၊၁၄။ကောလောသဲသြဝါဒစာ ၁း၁၆) ဥပုသ်နေ့ကိုပြုပြင်စီရင်၍ လူအားပေးတော်မူသောသူကား ကိုယ် တော်ပင်ဖြစ်သည်။ ပညတ်တော်၌ ဖေါ်ပြပါရှိသော ဥပုသ်နေ့ သည် ခရစ်တော်၏ဥပုသ်နေ့ဖြစ်၏။

10  အာမခံတစ်ဦးတည်းဖြစ်သော ခရစ်တော်ကိုယ်တိုင် သိနာတောင် ပေါ်မှာ ပညတ်တော်ကို ပေးတော်မူ၏။ (ဂလာတိသြဝါဒစာ :၁၉ ကို တိမောသေသြဝါဒစာပထမစောင် :၅နှင့်တွဲဖတ်ပါ) ပညတ် တော်ဆယ်ပါးသည် အထူးသဖြင့် သခင်ယေရှု၏ လက်ဆောင်ဖြစ် သည်။

11  ကျွန်တော်တို့တွေ့ရှိပြီးသည်အတိုင်း ခရစ်တော်သည် ပုရောဖက် များအားဖြင့် မိန့်တော်မူသည်။ (ရှင်ပေတရုသြဝါဒစာပထမစောင် :၁၀၊၁၁) ပုရောဖက်များအားဖြင့်လည်း ပညတ်တရားကို ကိုယ် တော်သည် မြတ်နိုးကြောင်း ကြိုတင်မိန့်တော်မူပေသည်။

(ဆာလံကျမ်း ၄၀:၇၊၈။ ဟေရှာယအနာဂတ္တိကျမ်း ၄၂း၂၁)

12 ကိုယ်တော်သည် ဤလောကသို့ ကြွရောက်လာတော်မူစဉ်က ကိုယ်တော်ကိုယ်တိုင် ပညတ်တော်ဆယ်ပါးကို စောင့်ထိန်းသည် သာမက ၎င်း၏ သန့်ရှင်းမြင့်မြတ်ခြင်းနှင့် နယ်ပယ်ကျယ်သော တောင်းဆိုမှုပြုခြင်းများကိုလည်း သွန်သင်တော်မူသည်(ရှင်ယော ဟန်ခရစ်ဝင် ၁၅:၁၀။ ရှင်မဿဲခရစ်ဝင် :၁၇၊၁၈။ ၁၉:၁၇)

13  ဓမ္မသစ်ကျမ်းတစ်ခုလုံးသည် - ယေရှု၏ သြဝါဒများနှင့်ပညတ် တရား၏ တန်ခိုးအာဏာကိုဖေါ်ပြ၏ (ရောမသြဝါဒစာ :၃၁။ ရှင်ယာကုပ်သြဝါဒစာ :-၁၂။ ဗျာဒိတ်ကျမ်း ၂၂:၁၄)

14   ဧဒင်ဥယျာဉ်၌ချပေးချိန်ကတည်းက ယခုထက်ထိ ပညတ်တော် ကို တစ်ကြိမ်တစ်ခါမျှအပြောင်းအလဲမလုပ်ခဲ့ပေ။ အဘယ်ကြောင့် ဆိုသော် ဘုရားသခင်သည် ပြောင်းလဲခြင်းမရှိ (မာလခိ ၃း၆။ ရှင်မဿဲခရစ်ဝင် :၁၈)

15  ထိုကြောင့် ပညတ်တော်အလယ်ဗဟို၌ထားရှိသော ဥပုသ်နေ့၊ ၎င်းကျင့်စဉ်၏ အရေးပါအရာရောက်သောအပိုင်းဖြစ်သော ဥပုသ် နေ့ကို မပြုမပြင် မပြောင်းလဲသည်သာမက မပြောင်းလဲနိုင်သော

အခြေ၌ ကျွန်တော်တို့အား ပေးတော်မူပါသည်။ လူ့ကျင့်စဉ်များ သည် ပြောင်းလဲခြင်းမရှိ။

16  ဘယ်ခေတ်၌မဆို လူသည်ဘုရားသခင်၏ စကားတော်ကို နာခံ သည် နာမခံသည်ကိုလည်းကောင်း၊ သစ္စာရှိမရှိကိုလည်းကောင်း၊ ဥပုသ်နေ့အားဖြင့် စုံစမ်းတော်မူပါသည် (ထွက်မြောက်ရာကျမ်း - ၁၆:၄၊၂၇၊၂၈။ ယေရမိအနာဂတ္တိကျမ်း ၁၇:၂၄၊၂၅။ ထွက်မြောက် ရာကျမ်း ၃၁း၁၆၊၁၇။ ယေဇကျေလအနာဂတ္တိကျမ်း ၂၀း၁၂၊၂၀)

17  ဥပုသ်နေ့သည် ဘုရားသခင့်ပညတ်တော်၏ တံဆိပ်ဖြစ်သည် အတွက် ခေတ်ကာလကုန်ဆုံးချိန်တွင် ဧဝံဂေလိတရားတော်၏ ကြီးကျယ်သောစုံစမ်းချက်လည်း ဖြစ်ပေသည်။ (ဗျာဒိတ်ကျမ်း ၇း၁-၃။ ၁၄:၆၊၇။ ဟေရှာယအနာဂတ္တိကျမ်း ၅၆:- နှင့် နှိုင်းယှဉ် ကြည့်ပါ)

18  ရက်သတ္တပတ်သည် ရှေးခေတ်ယခုခေတ်နှစ်ခုစလုံးရှိ လူမျိုးတို့ မှတ်တမ်းများအရ ဧဒင်အရပ်မှ ဆင်းသက်လာကတည်းက ယခု အချိန်အထိ ရှုပ်ထွေးခြင်းမရှိ။ ရက်ရေတွက်ရာ၌လည်း ရက်ပို ရက်လျှော့မရှိပေ။ အများအားဖြင့် ရက်သတ္တပတ်၏ နေ့ရက် အမည်များသည်လည်း တစ်တိုင်းပြည်နှင့်တစ်တိုင်းပြည် တူညီ သည်ကို တွေ့ရှိရပေသည်။

19  သိနာတောင်ခေတ်မှစ၍ ရဟူဒီလူမျိုးသည် သတ္တမနေ့ကို တရို တသေထိန်းသိမ်းစောင့်ရှောက်လာ၏။ သိနာတောင်ခေတ်သည် ခုနစ်ရက်အတွင်း ခပ်သိမ်းသောအရာများကို ဘုရားသခင်ဖန်ဆင်း တော်မူသည်ကို ထောက်ခံပေသည်။ ထိုကြောင့် ကျွန်ုပ်တို့ခေတ် တွင် ရက်သတ္တပတ်နှင့် သတ္တမနေ့ရက်သည် ကမ္ဘာဦးအချိန်က ရက်သတ္တပတ်နှင့်ထပ်တူထပ်မျှဖြစ်သည်မှာယုံမှားဖွယ်ရာမရှိပေ။

20 သခင်ယေရှုသည် ဥပုသ်နေ့ကို စောင့်ရှောက်တော်မူလေသည် (ရှင်လုကာခရစ်ဝင် :၁၆) ထိုကြောင့် ကျွန်တော်လည်း ထိုဥပုသ် နေ့ကိုစောင့်ရှောက်ရမည်။

21 ခရစ်တော်လက်ဝါးကပ်တိုင်၌ အသေခံတော်မူပြီးနောက် ကိုယ် တော်နှင့်ရင်းနှီးသော အမျိုးသမီးများသည် ဥပုသ်နေ့ကို စောင့် ရှောက်ကြသည်(ရှင်လုကာခရစ်ဝင် ၂၃:၅၆)

22 တမန်တော်များဥပုသ်နေ့ကို စောင့်ရှောက်ကြသည် (တမန်တော် ဝတ္ထု ၁၇:၂။ ၁၈:)

23 ခရစ်တော်ပေါ်ထွန်းတော်မူပြီးနောက် နှစ်ပေါင်းနှစ်ရာကျော်ကျော် အချိန်အတောအတွင်း ခရစ်ယာန်များသည် သတ္တမနေ့၌ ဥပုသ် စောင့်ကြသည်။

24  တနင်္ဂနွေနေ့သည် ရှေးခေတ်သာသနာပလူမျိုးများ နေကို ကိုး ကွယ်သော နေ့ထူးနေ့မြတ်ဖြစ်၏။ ထိုနေ့၌ စည်းဝေးပြုလုပ်ရ သော အလေ့အထကို လူအများ စိတ်ကြိုက်ပြုလုပ်ရန်၊ ခရစ်ယာန် သာသနာကို လူကြိုက်များအောင်ပြုလုပ်ရန် လိုလားကြသော ရည်မှန်းချက်ကြီး၌ လောကီဆန်သော အသင်းတော်ခေါင်းဆောင် များက လိုက်နာကြလေသည်။ ခရစ်ယာန်များသည် သစ္စာရှိခဲ့လျှင် တနင်္ဂနွေနေ့၌ ဘုရားဝတ်ပြုမှုသည် ဘယ်အခါမျှ ဥပုသ်နေ့ကို အစားထိုးနိုင်မည်မဟုတ်ပါ။

25 လေးရာစုနှစ်တွင် ခရစ်ယာန်သာသနာကြီးသည် လုံးဝ ကျဆုံးနေ သောအခါ ခရစ်ယာန်အသင်းတော်သည် ပြည်ပိုင်အစိုးရနှင့် လက် တွဲလေသည်။ ထိုနည်းအားဖြင့် တနင်္ဂနွေနေ့ဥပုသ်စောင့်ခြင်းကို ဥပဒေအရအတည်ပြုခဲ့ရာမှာ ယခုတိုင်အောင် အတည်ဖြစ်လျက် နေ၏။ ရောမအသင်းတော်က ဒံယေလအနာဂတ္တိ ကျမ်း ၇း၂၅ ၌ဖေါ်ပြပါရှိသော အနာဂတ္တိစကားအရ ဥပုသ်နေ့ကို ပြောင်းလဲ လိုက်လေသည်။

26 ကမ္ဘာကြီးတစ်ခုလုံးက ဥပုသ်နေ့ကို ဘေးဖယ်ထားသော်လည်း ၎င်းကိုစောင့်ထိန်းခြင်းအားဖြင့် ကိုယ်တော်အား ရိုသေသမှုပြုရန် ဘုရားသခင်သည် လူတို့အား ခေါ်တော်မူလျက်ရှိပါသည်။ (ဟေရှာ အနာဂတ္တိကျမ်း၅၈း၁၃။ ရောမအသင်းကို မလိုက်နာဘဲ ၎င်း၏ တံဆိပ်ကိုလည်း လက်မခံဘဲနေရန် ဘုရားသခင်သည် သူတို့အား သတိပေးထားပေသည်။ (ဗျာဒိတ်ကျမ်း ၁၄း၉-၁၁)

27  ကိုယ်တော်၏ သတိပေးချက်ကို လူအချို့တို့သည် နာခံ၍ ကိုယ် တော်၏ ပညတ်ရှိသမျှကို စောင့်ရှောက်ကြလိမ့်မည် (ဗျာဒိတ် ကျမ်း ၁၄း၁၂)

28 ဤသစ္စာရှိသော လူတို့ကို ကိုယ်တော်၏ နာမတော်နှင့်တံဆိပ် ခတ်ထားသည်။ သူတို့သည် ပြည်တော်သစ်ရောက်ကြသောအခါ ဤမြေကြီးပေါ်၌ရှိစဉ် ခရစ်တော်၌ တွေ့ရှိရသော ဥပုသ်နေ့၏ မင်္ဂလာဆုကျေးဇူးများကို ထာဝရကာလပတ်လုံး ဆက်လက်ခံစာ ကြရမည်(ဗျာဒိတ်ကျမ်း ၁၄:၁။ ဟေရှာယအနာဂတ္တိကျမ်း ၆၆:၂၂၊ ၂၃)

 

          “ညီအစ်ကိုတို့၊ ဤကျမ်းချက်များ ၌ရေးသားထားချက်များ ကြောင့် ကျွန်တော်သည် ပဋိညာဉ်သစ်၏ အစီအစဉ်အရ ကျွန်တော်၏ စိတ်နှလုံးကို ဘုရားသခင်အား လုံးလုံးအပ်နှင်းပါသည်။ ကျွန်တော်သည် ကိုယ်တော်၏ သန့်ရှင်းသောဥပုသ်နေ့၏ ကောင်းချီးမင်္ဂလာများကိုလည် ခံစားနေရပါပြီ။ ယခုတွေ့ရှိရသော ဘဝသစ်မှာ အလွန်မြတ်နိုးဖွယ်ဖြစ် သောကြောင့် ကျွန်တော်နှင့်တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွားရန် ညီအစ်များကို ဖိတ်ကြားအပ်ပါသည်။ ကမ္ဘာကြီးတစ်ခုလုံးသို့ ကိုယ်တော် သာသနာတော်ကြီးလျင်မြန်စွာပြန့်ပွားစေပြီး နောက်ဆုံးအောင်မြင် သော နေ့ကြီးကို အလျင်အမြန်ရောက်ရှိနိုင်စေရန် ညီအစ်ကိုများလည်း ကျွန်တော်နှင့်အတူ ကိုယ်တော်အား ဆက်ကပ်ကြပါစို့။

 

သင်တို့ညီအစ်ကိုနှင့်လုပ်ဖေါ်ဆောင်ဘက်

ဟျူး၊ အင်() စပေါလ်ဒင်း

 

 

မစ္စတာစပေါလ်ဒင်းလက်ဝါးကပ်တိုင်ထမ်းဖြစ်လာခြင်း

 

          ဟုတ်ပါတယ်၊ ဟဲရာလ်() မင်းနဲ့ကျုပ်အတူတူသွားမယ်။ ဒီနေ့ မှာ လက်ဝါးကပ်တိုင်ရဲ့သာသနာပြုဆရာအစစ်အမှန်အနေနဲ့ ကျုပ်သခင် ရဲ့အမှုတော်ကို ဆောင်ရွက်ပါတော့မယ်။ အကယ်၍ သတ္တမနေ့ ဥပုသ် စောင့်တဲ့ညီအစ်ကိုတော်များက ကျုပ်ရဲ့လိုအင်ဆန္ဒကို လက်ခံကြမယ် ဆိုရင် ကိုယ်တော်ရဲ့နေ့ကြီးအတွက် လူတွေကို ပြင်ဆင်ရတဲ့ သူတို့ရဲ့ လုပ်ငန်းမှာ ကျုပ်လည်း ပါဝင်ကူညီဆောင်ရွက်ရတဲ့ အခွင့်အရေးရမှာပဲ။ အဲဒီလိုအခွင့်အရေးရရင် ကျုပ်မှာအင်မတန် စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်ရမှာပဲ။

          နောက်ဆုံးကျွန်တော်မေးချင်တာက ကျွန်တော်နဲ့အတူ ကျွန် တော့်လမ်းစဉ်ကိုလိုက်လိုတဲ့ တခြားပုဂ္ဂိုလ်များရှိပါသေးသလား။

          အထက်ပါထုတ်ဖေါ်ပြောဆိုခြင်းနှင့်ခေါ်ဖိတ်ခြင်းသည် လျှပ်စစ် တမျှလျင်မြန်သောအကျိုးကိုပြုစုလေသည်။လူနှစ်ဆယ်မျှ အလျင်အမြန် မတ်တတ်ရပ်ကြလေသည်။

          တရားသူကြီးကာရှောသည် မစ္စတာစပေါလ်ဒင်း၏ လက်ကိုကိုင် လျက်ပြောဆိုသည်မှာ၊ မိတ်ဆွေတို့ဒီနေ့မှာခံစားရတဲ့အံ့သြဖွယ်ကောင်း တဲ့ ကောင်းချီးမင်္ဂလာများက ကျွန်တော့်အားရှိမုန်ကဲ့သို့ ဗျာဒိတ်တော် အတိုင်း ကိုယ်တော်၏ ကျွန်သည် ငြိမ်ဝပ်စွာစုတေရသော အခွင့်ကို ကိုယ် တော်သည် ယခုတွင်ပေးတော်မူပါ။ ကယ်တင်သောအရှင်ကို အကျွန်ုပ် သည် ကိုယ့်မျက်စိနှင့်မြင်ရပါပြီ လို့ ပြောဆိုပါတယ်။ ကျွန်တော်ဟာ ငြိမ်သက်မှုကို တွေ့ရပါပြီ။ ယခုအသက်ခုနစ်ဆယ်ပြည့်ကာနီးမှာ ငြိမ် သက်ခြင်းကိုပထမဆုံးတွေ့ ရှိခံစားရပါတယ်။

          ထို့နောက် မစ္စတာဆီဗာရန့်()သည် လူပရိသတ်ဘက် လှည့်၍ ပြောဆိုသည်မှာ၊ ကျွန်တော်ဟာ အနှစ်သုံးဆယ်ကျော်ကျော် ကုန်သည် လုပ်စားခဲ့ပါတယ်။ ငယ်စဉ်တောင်ကျေးကလေးဘဝကတည်းက ကျွန် တော်ဟာ မှန်တာကိုလုပ်လိုတဲ့ ဆန္ဒရှိပါတယ်။ ဒါပေမယ့် ခရစ်ယာန် ဘာသာမှာ မှန်တာဆိုလို့မရှိကြောင်း၊ ကျွန်တော်အဖို့မှာ ကောင်းတာ လုပ်ရင်တစ်နေ့ကျသော်ကောင်းတဲ့နေရာလားမည်ဖြစ်ကြောင်း ယုံကြည် ခဲ့သူတစ်ဦးဖြစ်ပါတယ်။

          “ကျွန်တော့်ဇနီးစိတ်ကြိုက်ဖြစ်အောင်၊ ကျွန်တော့်ကုန်သည် လုပ် ငန်း အကျိုးဖြစ်ရအောင်ဆိုပြီး ကျွန်တော်ဟာ မကြာမီတုန်းကပဲ ခရစ် ယာန်အသင်းထဲဝင်လိုက်ပါတယ်။ ကျွန်တော်အခုလိုဝင်တာဟာ နံမည်ပါ ပဲ။ တကယ့်တကယ်မှာဆိုရင် ကျွန်တော့်စိတ်ထဲမှာ ပျော်ပိုက်ခြင်း မရှိပါ ဘူး။

          “နှစ်နှစ်လောက်တုန်းက စံဖရန်စစ္စကိုမြို့မှာ ဆရာကြီးအင်ဒါဆင် တရားဟောကြားဖူးပါတယ်။ သူဟောပြောသွားတဲ့စကားတွေဟာ ရှင်း လင်းပြတ်သားလှပါတယ်။ တစ်နည်းအားဖြင့် သူဟောပြောလိုက်တဲ့ အချက်ကို ကျွန်တော်ဟာ တော်တော်သဘောကျမိပါတယ်။ ဒါလည်းပဲ ဗဟုသုတ တိုးတက်မှုလောက်သာပါပဲ။ စိတ်ထိခိုက်မှုတော့မဖြစ်ဘူး။

          “ဒါပေမယ့် လွန်ခဲ့တဲ့အင်္ဂါနေ့က ဆရာကြီးအင်ဒါဆင်ဟောပြော တဲ့တရားဟာ ကျွန်တော့်စိတ်ကို အထူးပဲထိခိုက်ပါတယ်။ ကျွန်တော့် အပြစ်တွေကိုအထင်အရှားတွေ့မြင်ရပါတယ်။ ဘုရားသခင်က ကျွန်တော့် အား ဘာဖြစ်စေလိုတယ်ဆိုတာလည်း သိမြင်ရပါတယ်။ ဆရာကြီးရဲ့ ဥပုသ်နေ့နဲ့ပတ်သက်တဲ့ ဟောပြောချက်ထဲမှာ ကျွန်တော်ရဲ့အဖြစ်မှန်ကို ပြတဲ့ အလင်းတရားကိုတွေ့မြင်ရပါတယ်။ ကျွန်တော်ရဲ့အပြစ်တွေဟာ ကျွန်တော့်ရှေ့မှာပေါ်လာပြီး ကျွန်တော်ဟာ ပြစ်ဒဏ်သင့်နေတဲ့လူဖြစ် ကြောင်းလည်း တွေ့မြင်ရပါတယ်။ ဒါပေမယ့်လို့ ဒါတွေအားလုံးဟာ ကျွန်တော်ရဲ့စိတ်ကို နှစ်သိမ့်စေပါတယ်။ ဝိညာဉ်တော်ဟာ ကျွန်တော့်ကို ကုသပါတယ်။ ယနေ့မှာ ကျွန်တော်ဟာ ဘုရားသခင့်ကျေးဇူးတော် ကြောင့် လူသစ်ဖြစ်ပါပြီ။ ဥပုသ်နေ့ဟာ ကျွန်တော့်အဖို့ ဝမ်းမြောက် စရာဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ဇယားနဲ့အညီ ဖြောင့်မတ်တဲ့လူဟာ ဘယ်လိုဖြစ်ရမယ်ဆိုတာကိုလည်း အခုကျွန်တော်သိပါပြီ။

          မစ္စတာအင်ဒါဆင်က အခုမစ္စတာဆီဗာရန့်()ရဲ့ နှစ်မြို့ဖွယ် ကောင်းလှတဲ့ သက်သေခံချက်ကြားရတော့ ကျွန်တော်ဝန်ချတောင်းပန် ရမယ့်စကားတစ်ခွန်းကို ပြောရပါမယ်။ ခုနက မစ္စတာဆီဗာရန့်()က ကျွန်တော် စံဖရန်စစ္စကိုမြို့မှာ ဟောလိုက်တဲ့ တရားဟာ သူ့အတွက် ဗဟုသုတတော့ဖြစ်တယ်။ သူ့စိတ်ထိခိုက်မှုမရှိဘူးလို့ ပြောပါတယ်။ အဲဒီ တရားဟောချိန်က ကျွန်တော်ဟာခရစ်တော်နှင့် ကိုယ်တော်၏ လက်ဝါး ကပ်တိုင်မှာ အသေခံတော်မူခြင်းအကြောင်း ဟောပြောရတဲ့အကြောင်း ရင်းကိုရေရေလည်လည်မသိသေးပါဘူး။ ကျွန်တော်ရဲ့ သာသနာ့ဝန်ထမ်း အမှုဟာ လုပ်ရိုးလုပ်စဉ်လောက်ပါပဲ။ ဒါကြောင့် ကျွန်တော်ဟောပြော တာတွေဟာ နားထောင်သူလူထုပရိသတ်ရဲ့ စိတ်ထိခိုက်မှုကိုမဖြစ်စေပါ။ အခုမှာ ပိုမိုကောင်းမွန်တဲ့ လုပ်နည်းကိုင်နည်းကို တွေ့ရှိရပြီးဖြစ်တဲ့ အတွက် ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။

မစ္စတာကိုနန်ပင် လက်မြှောက်လေပြီ

 

          ဤအချိန်တွင် မစ္စတာကိုနန်က လူပရိသတ် အံ့သြရလောက် အောင် ထ၍ပြောသည်မှာ မိတ်ဆွေတို့၊ ကျွန်တော်ဟာ ရောမအသင်း

တော်မှာ ငယ်ဖြူပါ။ ဒါကြောင့် ဘယ်အရာမှ ကျွန်တော့်ရဲ့ယုံကြည်မှုကို မပြောင်းလဲနိုင်ဘူးဆိုပြီး ဂုဏ်ယူခဲ့ပါတယ်။ ကျွန်တော့်အဖို့ဆိုရင် ရောမ အသင်းတော်ဟာအမှန်ဆုံးအသင်းတော်ပဲ။ လွန်ခဲ့တဲ့နာရီပေါင်း နှစ်ဆယ် လောက်အထိ ကျွန်တော့်ယုံကြည်မှုအတွက် စိုးရိမ်ကြောက်ကြဖြစ်စေတဲ့ အရာဆိုလို့ တစ်ခုမှမတွေ့ရှိပါ။ ဒါပေမယ့် ဒီအချိန်မှာ ကျွန်တော်ဟာ လုံးဝပြောင်းလဲပြီးတဲ့လူပါ။ ကျွန်တော့်ရဲ့ လက်တွေဟာ ပုပ်ရဟန်းမင်း၊ ဂိုဏ်းအုပ်တို့ရဲ့ အနှောင်အဖွဲ့မှကင်းလွတ်ပါပြီ။ ကျွန်တော်ဟာ သမ္မာ တရား၊ လှပမှု၊ လွတ်လပ်မှုတွေမှာ ကမ္ဘာသစ်တွင် ရောက်ရှိနေပါပြီ။ ကျွန်တော်ဟာ ယေရှုခရစ်တော်ကိုတွေ့ ရှိပါပြီ။ ကိုယ်တော့်ကိုစိတ်ရော ကိုယ်ပါလုပ်ကျွေးသမှုပြုပါတော့မည်။ မစ္စတာအင်ဒါဆင်ကပဲ ကျွန်တော့် အဖို့ ဆုတောင်းပေးပါ။ မစ္စတာစပေါလ်ဒင်းလိုပဲ ကျွန်တော်လည်း ကျွန်တော့်အသင်းတော်ရဲ့ကိစ္စနဲ့ အခုခရီးထွက်လာပါတယ်။ ဒါပေမယ့် ပရိုတက်စတင်အသင်းဝင်တွေနဲ့ပူးပေါင်းပြီး ခေတ်ရဲ့မှောက်မှားမှုတွေမှ၊ အထူးသဖြင့် ဖေါက်ပြန်ခြင်းရဲ့ တံဆိပ်မှ၊ လူတွေကို ကယ်တင်နိုင်ရန် ကျွန်တော့် အသင်းနဲ့ဆိုင်တဲ့ကိစ္စတွေမှ အဆက်ဖြတ်လိုက်ပါပြီ။

          မစ္စစ်စလိုကန်က ဒီဟာအံ့ဩဖို့မကောင်းဘူးလား ဟု ထ၍ ဆို လိုက်သည်မှာ အခန်းတွင်းရှိလူတိုင်းပင် ကြားနိုင်လေသည်။ သူမက ဆက်လက်၍ ဒီလိုအဖြစ်မျိုးကို ကျွန်မကကြည့်ချင်နေတာ ကြာပါပြီ။ ဒီနေ့မှစပြီး ကျွန်မလည်း သတ္တမနေ့ဥပုသ်ကို စောင့်တော့မယ်ဆိုတာ ဒီမှာရှိတဲ့လူတိုင်းသိစေချင်ပါတယ်ဟုပြောလေသည်။

          သူများနည်းတူ မတ်တတ်ရပ်သောမာလိန်မှူးမန်းသည် စကား ပြောခွင့်ရရှိ၍ ပြောဆိုသည်မှာ၊ အနှစ်ငါးဆယ်လောက် မျက်မမြင် ဒုက္ခိ တမျိုးဖြစ်ခဲ့ပြီးမှ ကျွန်တော်ဟာ နောက်ဆုံးမှာ စက္ခုအလင်းကိုရရှိပါပြီ။ ကျွန်တော်မသိတာကို သိတယ်လို့အောက်မေ့ခဲ့ပါတယ်။ သခင်ယေရှုဟာ ဥပုသ်နေ့ကို စနေနေ့မှ တနင်္ဂနွေနေ့သို့ ပြောင်းလဲလိုက်တယ်လို့ ကျွန် တော် စွဲစွဲမြဲမြဲယုံကြည်ခဲ့ပါတယ်။ ဒါကြောင့် ကိုယ်တော့်ကို ရိုသေတဲ့ အနေနဲ့ခုနစ်ရက်မှာ ပထမနေ့ကို ဥပုသ်စောင့်ရမည့်တာဝန်ရှိတယ်လို့ လည်း ထင်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် စုံစမ်းကြည့်တဲ့အခါမှာ ထိုကဲ့သို့ သော ယုံကြည်မှုကို သိကျွမ်းနားလည်မှုကင်းသောသူကသာလျှင် လက်ခံ တယ်ဆိုတာ သိရပါတယ်။ ခရစ်တော်ဟာ ဥပုသ်အပြောင်းအလဲ ဘယ် တုန်းကမှ မလုပ်ခဲ့ပါဘူး။ ရောမအသင်းတော်ကသာလျှင် ဒီအပြောင်း အလဲတွေလုပ်ခဲ့ပါတယ်။ ဒါကြောင့် ပရိုတက်စတင်အသင်းသားအနေနဲ့ ဘုရားသခင်ရဲ့ ပညတ်တော်ဟာ ထာဝစဉ်တည်မြဲတယ်ဆိုတာကို ယုံ ကြည်တဲ့လူတစ်ဦးအနေနဲ့၊ ကျမ်းစာသာလျှင်ယုံကြည်မှု၊ တရားကျင့်သုံးမှ အတွက် စည်းမျဉ်းဖြစ်တယ်လို့ လက်ခံတဲ့လူတစ်ဦးအနေနဲ့ ကျွန်တော် တွေ့ရှိပြီးတဲ့ သမ္မာတရားအတွက် ကျွန်တော့်မှာရှိသမျှ (အချိန်၊ လက်၊ နှလုံး၊ ဘဝ) လှူဒါန်းပါတယ်။ ဒီကနေ့ကစပြီး ကမ္ဘာကြီးဟာ ကျွန်တော့် ကို သတ္တမနေ့ဥပုသ်အသင်းသားတစ်ဦးအနေနဲ့သာ သိရှိရပါမယ်။ ဘုရား သခင်ရဲ့မစမှုကို ခံရတဲ့အတွက်ကြောင့် ကျွန်တော်ဟာ တခြားဘယ် အသင်းသားမှ မလုပ်နိုင်ပါ။ မာလိန်မှူးအဖြစ်နဲ့ ဒီပစိဖိတ် သမုဒ္ဒရာခရီး ထွက်လာသည်မှာ ဒီအကြိမ်ဟာနောက်ဆုံးပါပဲ။

          မစ္စတာနှင့်မစ္စစ်ဂရယ်ဂရီတို့ကလည်း ဘုရားသခင်၏အမိန့်တော် များအတိုင်း လိုက်နာဖို့သူတို့ ကိုယ်ကိုအပ်နှင်းကြောင်း သက်သေခံကြ လေသည်။ မစ္စစ်ဂရယ်ဂရီက အထူးသဖြင့် သူမက မထီမဲ့မြင်ပြု၍ မုန်းတီးရွံရှာသည့်လူကပင် သူမအား ပင်လယ်သင်္ချိုင်းထဲမှ ကယ်တင်ခဲ့ သည်ကို ထည့်သွင်းပြောဆိုလိုက်လေသည်။

          ထိုနေ့တွင် သူတို့ရရှိသောမေတ္တာသစ်၊ ခွန်အားသစ်နှင့်ဘုရား သခင်၏ အစေကိုခံရန် လူပေါင်းတစ်ဆယ့်ခုနစ်ယောက်တို့သည် သန္နိ ဌာန်ချကြလေသည်။ မှတ်သားထားသောကျမ်းစာသည် သူ့တာဝန်ကို ထမ်းခဲ့ပေပြီ။ မိခင်တစ်ဦး၏ ဆုတောင်းချက်မှာလည်း ထင်သည်ထက် ပို၍ပြည့်စုံခဲ့လေပြီ။

 

နောက်ဆက်တွဲအဖြစ်အပျက်များ

 

          နှစ်ပေါင်းများစွာကုန်လွန်ခဲ့လေပြီ။သို့ရာတွင်အကျိုးသက်ရောက် မှုမှာ ဆုံးခန်းမရောက်သေးပေ။ ဟဲရာလ်()ဝီလ်ဆင်သည် စံဖရန်စစ္စကို မြို့သို့ပြန်သွား၍ မစ္စတာဆီဗာရန့်() အကူအညီနှင့် ပညာကို ဆက် လက်သင်ကြားလေသည်။ ထို့နောက် အမှုတော်ကိုဝင်ရောက်ထမ်းရွက်ခဲ့ ရာ ယခုအခါတွင် လက်တင်မင်္ဂလာခံရပြီးသော ဓမ္မဆရာကြီးအဖြစ်နှင့် နိုင်ငံခြားတွင် သာသနာအမှုတော်ကို ထမ်းဆောင်နေလေသည်။ မာလိန် မှူးသည် သင်္ဘောသားဂေဟာဖွင့်ထား၍ ဟဲရာလ်() မှတ်သားထား သော ကျမ်းစာအုပ်ကို ဝိညာဉ်များကယ်တင်ရာတွင် ရေးကြီးခွင်ကျယ် အဖြစ်နှင့် အသုံးပြုလျက်ရှိပေသည်။ ၎င်းကျမ်းစာအုပ်နှင့် တွေ့ဆုံရပြီး ၎င်းကိုပေးသောမိခင်၏အတ္ထုပ္ပတ္တိကို ကြားရသော လူငယ်လူရွယ်အများ မှာ အသစ်သောမြင်ကွင်းကိုရရှိကြပေသည်။

          မစ္စတာစပေါလ်ဒင်းနှင့်မစ္စတာဂရယ်ဂရီတို့မှာ သူတို့၏ ယုံကြည် သူများချက်အတိုင်း ယခုအခါတွင် အမေရိကန်ပြည်အရှေ့ပိုင်းရှိ မြို့ကြီး နှစ်မြို့တွင် သာသနာအမှုတော်ကို ထမ်းရွက်လျက်ရှိပေသည်။ ဒုစရိုက်၌ နစ်မွန်းနေသောသူတို့အား လောက၏အပြစ်ကိုဆောင်သွားသော ဘုရား သခင်၏သိုးသငယ်ထံသို့ပို့ဆောင်ရာတွင် ကြီးကျယ်သော အောင်မြင် မှုများရရှိလျက် နေကြပေသည်။ မစ္စတာစပေါလ်ဒင်း၏ အလုပ်မှထွက်စာ သည် သူနှင့်လုပ်ဖေါ်ဆောင်ဘက်ဟောင်းတချို့အား သူ့လမ်းစဉ်ကို လိုက်စေလေသည်။ မစ္စတာကိုနန်သည် ယခုအခါတွင် ဘာသာရေး ဆိုင်ရာ အဆောက်အအုံတစ်ခုတွင် မန်နေဂျာအဖြစ်ဆောင်ရွက်လျက် ဘာသာရေးဘက်တွင် အလွန်စိတ်အားထက်သန်လျက် ရှိနေလေသည်။ သူ့အဖို့မှာ ဘာသာရေးသည် သူ့အလုပ်အကိုင်ဖြစ်၏။

          ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့အဘခမည်းတော်၏ စီမံချက်များ သည် အဘယ်မျှလောက် အံ့သြဖွယ်ကောင်းသနည်း။ ကိုယ်တော်၏ နှုတ်ကပါဌ်တော်သည် အကျိုးမဲ့မဖြစ်နိုင်။ မိခင်၏ ဆုတောင်းချက်သည် ဧကန်အမှန်ပြည့်စုံခြင်းသို့ ရောက်လိမ့်မည်ဟူသော သင်ခန်းစာကို ဤအဖြစ်မှန်မှယူကြပါစို့။

 



No comments:

Post a Comment