အခန်း ၅၈—ကျယ်လောင်သောကြွေးကြော်သံ
ကောင်းကင်၌ ကောင်းကင်တမန်များသည် အလျင်အမြန် ဟိုမှဒီသို့
သွားလာကြသည်ကို ကျွန်ုပ်မြင်ရ၏။ အရေးကြီးသောဖြစ်ရပ်တစ်ခု၏ ပြည့်စုံခြင်းအတွက်
ပြင်ဆင်ရန် သူတို့သည် မြေကြီးသို့ဆင်းသက်ပြီး တစ်ဖန်ကောင်းကင်သို့ တက်ကြသည်။
ထို့နောက် အခြားသော တန်ခိုးကြီးကောင်းကင်တမန်တစ်ပါးသည် မြေကြီးသို့ဆင်းသက်ကာ
တတိယကောင်းကင်တမန်နှင့် သူ၏အသံကို ပေါင်းစပ်၍ ထိုကောင်းကင်တမန်၏ သတင်းစကားအား
တန်ခိုးနှင့် အင်အားပေးရန် တာဝန်ပေးအပ်ခြင်းခံရသည်ကို ကျွန်ုပ်မြင်ရ၏။
ထိုကောင်းကင်တမန်အား ကြီးမားသောတန်ခိုးနှင့် ဘုန်းအသရေ ပေးအပ်ခဲ့ပြီး၊
သူဆင်းသက်လာသောအခါ မြေကြီးသည် သူ၏ဘုန်းအသရေဖြင့် လင်းလက်လာ၏။
ထိုကောင်းကင်တမန်နှင့်အတူ ပါလာသောအလင်းသည် နေရာအနှံ့ ထိုးဖောက်ဝင်ရောက်သွားပြီး၊
သူသည် အားကောင်းသောအသံဖြင့် ကျယ်လောင်စွာ ကြွေးကြော်သည်မှာ၊ “ဗာဗုလုန်မြို့ကြီးသည်
ပြိုလဲပြီ၊ ပြိုလဲပြီ။ နတ်ဆိုးတို့၏နေရာ၊ မသန့်ရှင်းသောဝိညာဉ်အမျိုးမျိုးတို့၏
ခိုလှုံရာနှင့် မသန့်ရှင်း၍ ရွံရှာဖွယ်ကောင်းသော ငှက်အမျိုးမျိုးတို့၏
လှောင်အိမ်ဖြစ်လာပြီ” ဟူ၍ဖြစ်၏။ ဗျာဒိတ် ၁၈:၂။
ဒုတိယကောင်းကင်တမန် ပေးခဲ့သော
ဗာဗုလုန်ပြိုလဲခြင်းသတင်းစကားကို ထပ်မံကြွေးကြော်ခဲ့ပြီး၊ ၁၈၄၄ ခုနှစ်မှစ၍
အသင်းတော်များအတွင်း ဝင်ရောက်လာခဲ့သော ဖောက်ပြန်ပျက်စီးမှုများအကြောင်းကို
ထပ်မံဖော်ပြထား၏။ ဤကောင်းကင်တမန်၏အလုပ်သည် အချိန်တော်တော်မှန်ကန်စွာ ရောက်လာပြီး၊
တတိယကောင်းကင်တမန်၏ သတင်းစကားသည် ကျယ်လောင်သောကြွေးကြော်သံအဖြစ်
ပိုမိုအားကောင်းလာသောအခါ နောက်ဆုံးကြီးမားသောအလုပ်၌ ပူးပေါင်းပါဝင်၏။ ထိုသို့ဖြင့်
ဘုရားသခင်၏လူတို့သည် မကြာမီရင်ဆိုင်ရမည့် စုံစမ်းခြင်းနာရီ၌ ရပ်တည်နိုင်ရန်
ပြင်ဆင်ကြရ၏။ သူတို့အပေါ်၌ ကြီးမားသောအလင်းတစ်ရပ် တည်နေသည်ကို ကျွန်ုပ်မြင်ရပြီး၊
သူတို့သည် တတိယကောင်းကင်တမန်၏ သတင်းစကားကို မကြောက်မရွံ့ ကြွေးကြော်ရန်
စည်းလုံးကြ၏။
ကောင်းကင်မှ တန်ခိုးကြီးသောကောင်းကင်တမန်ကို ကူညီရန်
ကောင်းကင်တမန်များ စေလွှတ်ခံရကြ၏။ နေရာအနှံ့မှ ထွက်ပေါ်လာသကဲ့သို့ ထင်ရသော အသံများကို
ကျွန်ုပ်ကြားရသည်မှာ၊ “ငါ၏လူတို့၊ သူမ၏အပြစ်များတွင် မပါဝင်ရဘဲ သူမ၏ဘေးဒဏ်များကို
မခံရစေရန် သူမထံမှ ထွက်ကြလော့။ အကြောင်းမူကား သူမ၏အပြစ်များသည်
ကောင်းကင်တိုင်အောင် ရောက်ကြပြီ၊ ဘုရားသခင်သည်လည်း သူမ၏အဓမ္မအမှုများကို
အောက်မေ့တော်မူပြီ” ဟူ၍ဖြစ်၏။ ဗျာဒိတ် ၁၈:၄၊ ၅။ ဤသတင်းစကားသည် တတိယသတင်းစကား၏
ထပ်ဆောင်းအပိုင်းတစ်ရပ်ဖြစ်သကဲ့သို့ ထင်ရပြီး၊ ၁၈၄၄ ခုနှစ်တွင်
သန်းခေါင်ယံကြွေးကြော်သံက ဒုတိယကောင်းကင်တမန်၏ သတင်းစကားနှင့် ပူးပေါင်းခဲ့သကဲ့သို့
၎င်းနှင့် ပူးပေါင်း၏။ ဘုရားသခင်၏ဘုန်းအသရေသည် စိတ်ရှည်စွာ စောင့်မျှော်နေသော
သန့်ရှင်းသူတို့အပေါ်၌ တည်နေပြီး၊ သူတို့သည် နောက်ဆုံးအလေးအနက်ထားရမည့်
သတိပေးချက်ကို မကြောက်မရွံ့ ပေးကာ ဗာဗုလုန်ပြိုလဲခြင်းကို ကြွေးကြော်၍
ဘုရားသခင်၏လူတို့အား သူမထံမှ ထွက်လာကြရန် ခေါ်ဆိုခဲ့ကြ၏။ ထိုသို့ပြုခြင်းဖြင့်
သူမ၏ ကြောက်မက်ဖွယ်သော ပျက်စီးခြင်းမှ လွတ်မြောက်နိုင်ကြမည်ဖြစ်၏။
စောင့်မျှော်နေသူတို့အပေါ်သို့ သွန်းလောင်းသောအလင်းသည်
နေရာအနှံ့ ထိုးဖောက်ဝင်ရောက်သွား၏။ အသင်းတော်များအတွင်း၌ အလင်းတစ်စုံတစ်ရာ
ရှိနေသူများ၊ သတင်းစကားသုံးရပ်ကို မကြားဖူးသေးသူများနှင့် မပယ်ချခဲ့သူများသည်
ခေါ်ဆိုချက်ကို နားထောင်၍ ကျဆင်းသွားသောအသင်းတော်များမှ ထွက်လာကြ၏။ ဤသတင်းစကားများ
ပေးအပ်ပြီးနောက်ပိုင်းတွင် တာဝန်ခံရမည့်အရွယ်သို့ ရောက်လာသူများစွာရှိကြ၏။
ထိုသူတို့အပေါ်သို့ အလင်းထွန်းလင်းလာပြီး အသက် သို့မဟုတ် သေခြင်းကို ရွေးချယ်ရန်
အခွင့်ရကြ၏။ အချို့တို့သည် အသက်ကို ရွေးချယ်ပြီး မိမိတို့၏သခင်ကို စောင့်မျှော်၍
ကိုယ်တော်၏ပညတ်တော်အလုံးစုံကို စောင့်ရှောက်နေသူတို့နှင့်အတူ
မိမိတို့၏ရပ်တည်ချက်ကို ခိုင်မြဲစွာ ပြုကြ၏။ တတိယသတင်းစကားသည် မိမိ၏အလုပ်ကို
ပြုရမည်ဖြစ်၏။ လူအပေါင်းတို့သည် ထိုသတင်းစကားအပေါ် စမ်းသပ်ခံရကြမည်ဖြစ်ပြီး၊
အဖိုးတန်သူတို့သည် ဘာသာရေးအဖွဲ့အစည်းများထံမှ ခေါ်ထုတ်ခံရကြမည်ဖြစ်၏။
အမှန်တရားကို ရိုးသားစွာ လက်ခံသူတို့ကို အားပေးဆွဲဆောင်သော
တန်ခိုးတစ်ရပ်က လှုပ်ရှားစေ၏။ ဘုရားသခင်၏တန်ခိုး ပေါ်ထွက်လာခြင်းသည် မယုံကြည်သော
သူတို့၏ ဆွေမျိုးများနှင့် မိတ်ဆွေများအပေါ် ကြောက်ရွံ့ခြင်းနှင့်
ထိန်းချုပ်ခြင်းကို ဖြစ်စေသဖြင့်၊ ဘုရားသခင်၏ဝိညာဉ်တော်၏ အလုပ်ကို မိမိတို့အပေါ်၌
ခံစားရသူတို့အား တားဆီးရန် သူတို့သည် မရဲကြသကဲ့သို့ တားဆီးနိုင်သော တန်ခိုးလည်း
မရှိကြ။ နောက်ဆုံးခေါ်ဆိုချက်သည် ဆင်းရဲသောကျွန်များထံသို့ပင် ရောက်ရှိခဲ့၏။
သူတို့အထဲမှ ဘုရားတရားကို ရိုသေသူများသည် မိမိတို့၏ ပျော်ရွှင်ဖွယ်
လွတ်မြောက်ခြင်းအလားအလာကြောင့် စိတ်လှုပ်ရှားဝမ်းမြောက်သော သီချင်းများကို
သွန်းလောင်းသီဆိုကြ၏။ [မှတ်ချက်—ဒုတိယအကြိမ်ကြွလာချိန်၌
ကျွန်စနစ်ရှိနေမည်ဖြစ်ကြောင်းကို တမန်တော် ယောဟန်က ဗျာဒိတ် ၆:၁၅၊ ၁၆ တွင် “ကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ” လူအပေါင်းတို့က
“တောင်များနှင့် ကျောက်များ” သည် မိမိတို့အပေါ်သို့ ကျရောက်၍ ပလ္လင်ပေါ်တွင်
ထိုင်တော်မူသောသူ၏ “မျက်နှာတော်” မှ ပုန်းကွယ်စေရန် တောင်းဆိုကြသည့်အကြောင်းကို
ထင်ရှားစွာ ဖော်ပြထားခြင်းအားဖြင့် ရှင်းလင်းစွာ ပြထား၏။—တည်းဖြတ်သူများ။]
သူတို့၏သခင်များသည် သူတို့ကို မတားဆီးနိုင်ကြ။ ကြောက်ရွံ့ခြင်းနှင့်
အံ့ဩခြင်းတို့က သူတို့ကို တိတ်ဆိတ်စေ၏။ ကြီးမားသောအံ့ဖွယ်အမှုများ ဖြစ်ပေါ်ခဲ့ကြ၏။
ဖျားနာသူများ ပျောက်ကင်းလာကြပြီး၊ ယုံကြည်သူများနောက်သို့ နိမိတ်လက္ခဏာများနှင့်
အံ့ဖွယ်အမှုများ လိုက်ပါလာကြ၏။ ဘုရားသခင်သည် ထိုအလုပ်၌ ရှိတော်မူ၏။
သန့်ရှင်းသူတိုင်းသည် အကျိုးဆက်များကို မကြောက်ဘဲ မိမိ၏ကိုယ်ပိုင်သြတ္တပ္ပစိတ်မှ
ရရှိသော ယုံကြည်ချက်အတိုင်း လိုက်နာ၍ ဘုရားသခင်၏ပညတ်တော်အလုံးစုံကို
စောင့်ရှောက်နေသူတို့နှင့် ပူးပေါင်းကြ၏။ ထို့နောက် သူတို့သည် တန်ခိုးနှင့်
တတိယသတင်းစကားကို အရပ်ရပ်သို့ ကျယ်လောင်စွာ ကြွေးကြော်ကြ၏။ ဤသတင်းစကားသည်
သန်းခေါင်ယံကြွေးကြော်သံထက် အဆပေါင်းများစွာ သာလွန်သော တန်ခိုးနှင့် အင်အားဖြင့်
အဆုံးသတ်မည်ကို ကျွန်ုပ်မြင်ရ၏။
အထက်မှ
တန်ခိုးဖြင့် ပြည့်စုံစေခြင်းခံရသော ဘုရားသခင်၏အစေခံများသည် မိမိတို့၏မျက်နှာများ
လင်းလက်တောက်ပ၍ သန့်ရှင်းသော ဆက်ကပ်အပ်နှံခြင်းဖြင့် ထွန်းလင်းလျက်
ကောင်းကင်မှလာသော သတင်းစကားကို ကြွေးကြော်ရန် ထွက်သွားကြ၏။
ဘာသာရေးအဖွဲ့အစည်းများအတွင်း နေရာအနှံ့ ပြန့်ကျဲနေသော ဝိညာဉ်များသည်
ထိုခေါ်ဆိုချက်ကို တုံ့ပြန်ကြ၏။ အဖိုးတန်သူတို့သည် ပျက်စီးရန် သတ်မှတ်ထားသော
အသင်းတော်များမှ အလျင်အမြန် ထွက်ခွာလာကြ၏။ ထိုသို့ဖြစ်ခြင်းမှာ
ပျက်စီးခြင်းမတိုင်မီ လောတကို သောဒုံမြို့မှ အလျင်အမြန် ခေါ်ထုတ်ခဲ့သကဲ့သို့
ဖြစ်၏။ ဘုရားသခင်၏လူတို့အပေါ် အလွန်ကြွယ်ဝစွာ တည်နေသော
ထူးမြတ်သည့်ဘုန်းအသရေကြောင့် သူတို့သည် ခွန်အားရရှိကြပြီး စုံစမ်းခြင်းနာရီကို
ခံနိုင်ရန် ပြင်ဆင်ခံရကြ၏။ နေရာအနှံ့ လူအများ၏အသံများကို ကျွန်ုပ်ကြားရသည်မှာ၊
“ဤအရပ်၌ သန့်ရှင်းသူတို့၏ သည်းခံခြင်းရှိ၏။ ဤအရပ်၌ ဘုရားသခင်၏ပညတ်တော်များကို
စောင့်ရှောက်၍ ယေရှု၏ယုံကြည်ခြင်းကို ကိုင်စွဲထားသူတို့ ရှိကြ၏” ဟူ၍ဖြစ်၏။ ဗျာဒိတ် ၁၄:၁၂။
No comments:
Post a Comment