လောင်းကစား
တရားဝင်ထုတ်ပြန်ချက်များ
လောင်းကစားခြင်း—အခကြေးငွေပေး၍ ကံစမ်းကစားခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည့် လောင်းကစားခြင်း—သည် ကမ္ဘာတစ်ဝန်းရှိ လူများအပေါ် ပိုမို၍ သက်ရောက်မှုရှိလာလျက်ရှိသည်။ အခြားသူများ၏ ဆုံးရှုံးမှုဖြင့် မိမိအနိုင်ရရှိခြင်းဟူသော အယူအဆသည် ယနေ့ခေတ်၏ ကျိန်စာတစ်ရပ် ဖြစ်လာသည်။ လူမှုအသိုင်းအဝိုင်းသည် လောင်းကစားခြင်းနှင့် ဆက်စပ်သော ရာဇဝတ်မှုများ၊ ထိခိုက်နစ်နာသူများအား ကူညီပံ့ပိုးမှုနှင့် မိသားစုပျက်စီးမှုတို့၏ တိုးပွားလာသော ကုန်ကျစရိတ်များကို ခံစားနေရပြီး၊ ယင်းတို့သည် လူနေမှုဘဝ၏ အရည်အသွေးကို ယိုယွင်းစေသည်။ SDA
များသည် လောင်းကစားခြင်းသည် ခရစ်ယာန်အခြေခံမူများနှင့် မကိုက်ညီသောကြောင့် အစဉ်တစိုက် ဆန့်ကျင်ခဲ့ကြသည်။ ၎င်းသည် သင့်လျော်သော ဖျော်ဖြေရေးပုံစံတစ်ရပ်လည်း မဟုတ်သကဲ့သို့ ရန်ပုံငွေရှာဖွေရန် တရားဝင်နည်းလမ်းတစ်ရပ်လည်း မဟုတ်ပါ။
လောင်းကစားခြင်းသည် ခရစ်ယာန်ဘဏ္ဍာစီမံခန့်ခွဲမှုဆိုင်ရာ အခြေခံမူများကို ချိုးဖောက်သည်။ ဘုရားသခင်သည် ပစ္စည်းဥစ္စာအကျိုးအမြတ်ရရှိရန် သင့်လျော်သောနည်းလမ်းမှာ အလုပ်လုပ်ခြင်းဖြစ်သည်ဟု သတ်မှတ်ထားသည်။ အခြားသူများထံမှ ရရှိအောင်မြင်ရန် မျှော်လင့်၍ ကံစမ်းကစားခြင်း မဟုတ်ပါ။ လောင်းကစားခြင်းသည် လူမှုအသိုင်းအဝိုင်းအပေါ် ကြီးမားသော သက်ရောက်မှုရှိသည်။ လောင်းကစားခြင်းအလေ့အထအတွက် ငွေကြေးရရှိရန် ကျူးလွန်သော ရာဇဝတ်မှုများ၊ ရဲတပ်ဖွဲ့၏ စောင့်ကြပ်ထိန်းသိမ်းမှု တိုးမြှင့်ရခြင်းနှင့် ဥပဒေရေးရာကုန်ကျစရိတ်များအပြင် မူးယစ်ဆေးဝါးနှင့် ပြည့်တန်ဆာလုပ်ငန်းတို့နှင့် ဆက်စပ်သော ရာဇဝတ်မှုများကြောင့်လည်း ဘဏ္ဍာရေးဆိုင်ရာ ကုန်ကျစရိတ်များ ဖြစ်ပေါ်လာသည်။ လောင်းကစားခြင်းသည် ဝင်ငွေကို မဖန်တီးပေးပါ။ ယင်းအစား ဆုံးရှုံးလျှင် အခက်အခဲကြုံရနိုင်သောသူများထံမှ ယူဆောင်ပြီး အနိုင်ရသူအနည်းငယ်ထံသို့ ပေးအပ်ခြင်းသာ ဖြစ်သည်။ အကြီးမားဆုံး အနိုင်ရသူမှာ လောင်းကစားလုပ်ငန်းကို လုပ်ကိုင်သူပင် ဖြစ်သည်။ လောင်းကစားလုပ်ငန်းများသည် စီးပွားရေးအတွက် အကျိုးကျေးဇူးရှိနိုင်သည်ဟူသော အယူအဆသည် ထင်ယောင်ထင်မှားမှုတစ်ရပ်သာ ဖြစ်သည်။ ထို့အပြင် လောင်းကစားခြင်းသည် မိသားစု၊ အိမ်နီးချင်းများ၊ ဆင်းရဲနွမ်းပါးသူများနှင့် အသင်းတော်အပေါ် ခရစ်ယာန်တို့၏ တာဝန်ယူမှုကို ချိုးဖောက်သည်။¹
လောင်းကစားခြင်းသည် မျှော်လင့်ချက်အတုများကို ဖန်တီးပေးသည်။ “အကြီးအကျယ် အနိုင်ရရှိမည်” ဟူသော လောင်းကစားခြင်း၏ အိပ်မက်သည် စာရင်းအင်းအရ အနိုင်ရရှိရန် အလွန်နည်းပါးသော အခွင့်အလမ်းအပေါ် အခြေခံသည့် မှားယွင်းသောအိပ်မက်ဖြင့် စစ်မှန်သောမျှော်လင့်ချက်ကို အစားထိုးလိုက်သည်။ ခရစ်ယာန်များသည် မိမိတို့၏ မျှော်လင့်ချက်ကို စည်းစိမ်ဥစ္စာ၌ မထားရကြပါ။ ဘုရားသခင်က ကတိပြုထားသော ဘုန်းအသရေရှိသည့် အနာဂတ်၌ ခရစ်ယာန်တို့၏ မျှော်လင့်ချက်သည် “သေချာပြီး အတည်ပြုနိုင်သော” မျှော်လင့်ချက်ဖြစ်သည်—လောင်းကစားခြင်း၏ အိပ်မက်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ သမ္မာကျမ်းစာက ညွှန်ပြသော ကြီးမားသောအမြတ်မှာ “ရောင့်ရဲခြင်းနှင့်အတူ ဘုရားဝတ်၌မွေ့လျော်ခြင်း” ဖြစ်သည်။²
လောင်းကစားခြင်းသည် စွဲလမ်းစေသည်။ လောင်းကစားခြင်း၏ စွဲလမ်းစေသော အရည်အသွေးသည် ခရစ်ယာန်လူနေမှုပုံစံနှင့် လုံးဝမကိုက်ညီပါ။ အသင်းတော်သည် လောင်းကစားခြင်း သို့မဟုတ် အခြားစွဲလမ်းမှုများကြောင့် ခံစားနေရသူများကို အပြစ်တင်ရန်မဟုတ်ဘဲ ကူညီရန် ရည်ရွယ်သည်။ ခရစ်ယာန်များသည် မိမိတို့၏ အရင်းအမြစ်များနှင့် လူနေမှုပုံစံအတွက် ဘုရားသခင်ရှေ့တွင် တာဝန်ရှိကြောင်း အသိအမှတ်ပြုကြသည်။³
SDA အသင်းတော်အဖွဲ့အစည်းသည် ရန်ပုံငွေရှာဖွေရန်အတွက် မဲဖောက်ခြင်း သို့မဟုတ် ထီဖောက်ခြင်းများကို လက်မခံသကဲ့သို့ ရည်ရွယ်ချက်မည်မျှပင် ကောင်းမွန်စေကာမူ အဖွဲ့ဝင်များအား ထိုကဲ့သို့သော လုပ်ဆောင်မှုများတွင် ပါဝင်ခြင်းမပြုရန် တိုက်တွန်းသည်။ ထို့အပြင် နိုင်ငံတော်က ကမကထပြုသော လောင်းကစားခြင်းကိုလည်း အသင်းတော်က လက်မခံပါ။ SDA
အသင်းတော်သည် လူတစ်ဦးချင်းစီနှင့် လူမှုအသိုင်းအဝိုင်းအပေါ် ထိခိုက်စေသော အကျိုးဆက်များရှိသည့် လောင်းကစားခြင်း ပိုမိုလွယ်ကူစွာ ရရှိနိုင်လာမှုကို တားဆီးရန် အာဏာပိုင်အားလုံးအား တောင်းဆိုသည်။
SDA အသင်းတော်သည် အထက်တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည့် လောင်းကစားခြင်းကို ပယ်ချပြီး လောင်းကစားခြင်းမှ တိုက်ရိုက်ရရှိသည်ဟု ရှင်းလင်းစွာ သိရှိရသော ရန်ပုံငွေများကို တောင်းခံခြင်း သို့မဟုတ် လက်ခံခြင်း ပြုမည်မဟုတ်ပါ။
၁။ ၁ သက် ၄:၁၁; က ၃:၁၉;
မ ၁၉:၂၁;
တ ၉:၃၆;
၂ ကော ၉:၈၊ ၉
၂။ ၁ တိ ၆:၁၇; ဟေဗြဲ ၁၁:၁;
၁ တိ ၆:၆
၃။ ၁ ကော ၆:၁၉၊ ၂၀
ဤထုတ်ပြန်ချက်ကို Canada နိုင်ငံ Toronto မြို့၌ ကျင်းပသည့် General Conference Session အစည်းအဝေးကာလ၊ June ၂၉–July ၉၊ ၂၀၀၀ ခုနှစ်တွင် ထုတ်ပြန်ရန်အတွက် General Conference of SDA ၏ အုပ်ချုပ်ရေးကော်မတီ (ADCOM) က မဲခွဲဆုံးဖြတ် အတည်ပြုခဲ့သည်။
မူရင်းလင့်
https://gc.adventist.org/official-statements/gambling/
No comments:
Post a Comment