Wednesday, March 19, 2025

 




အခန်း - ၆၆

လူအမျိုးမျိုးတန်းတူခြင်း


၁။ လူမျိုးတို့၏အမိဘယ်သူနည်း။

        ထိုအခါ လူသည် (အာဒံ) မိမိမယားကိုဧ၀အမည်ဖြင့် မှည့်လေ၏။အကြောင်းမူကား သူသည်အသက်ရှင်သော သူအပေါင်းတို့၏ အမိဖြစ်သတည်း။ (က၊ ၃း၂၀။)

၂။ လူအမျိုးမျိုးတို့သည် မည်ကဲ့သို့တော်စပ်ကြသနည်း။

        လောကဓါတ်မှစ၍ လောကဓါတ်၌ရှိလေသမျှသောအရာတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်သည် . . . . ခပ်သိမ်းသော သူတို့အား ဇီ၀အသက်နှင့် အတူကွ ထွက်သက်ဝင်သက်မှစ၍ ခပ်သိမ်းသော အရာတို့ကို ပေးတော်မူသော အရှင်ဖြစ်၍ . . . မြေတစ်ပြင်လုံး၌ နေရသောလူအမျိုးမျိုးတို့ကို တစ်သွေးတည်းနှင့် ဖန်ဆင်းတော်မူ၍။ (တ၊ ၁၇း၂၄-၂၇။)

၃။ အာဒံမှဆင်းသက်သောအမျိုးအနွယ်သည် တစ်နိုင်ငံတစ်ဘာသာအဖြစ်နှင့် ဘယ်မျှကြာတည်ရှိသနည်း။

        မြေကြီးသားအပေါင်းတို့သည် ဘာသာတစ်မျိုးတည်း၊ စကားတစ်မျိုးတည်းရှိကြသည်ဖြစ်၍။ (က၊ ၁၁း၁။)

မှတ်ချက်။ ဤကျမ်းချက်တွင်ပါဝင်သော အချိန်သည် လူကိုဖန်ဆင်းပြီးသည်နောက် နှစ်ပေါင်း ၁၇၀၀ ကျော်ကျော်ဖြစ်သည်။

၄။ လူအမျိုးမျိုးတို့သည် အဘယ်သို့ကွဲပြား၍ နိုင်ငံများ၊ ဘာသာစကားများကို ဖြစ်လာကြသနည်း။

        ထိုသို့ထာ၀ရဘုရားသည် သူတို့ကို မြေကြီးတစ်ပြင်လုံး၌ အရပ်ရပ်ကွဲပြားစေတော်မူသဖြင့် သူတို့သည် မြို့ကိုမတည်ဘဲနေကြ၏။ သို့ဖြစ်၍ ထိုမြို့၌ ထာ၀ရဘုရားသည် မြေကြီးသားအပေါင်းတို့၏ စကားကိုရှုပ်ထွေးစေ၍။ (က၊ ၁၁း၈၊၉။)

မှတ်ချက်။ လူတို့သည် ဘုရားသခင်၏ကတိတော်ကို မယုံကြည်သောကြောင့် ဗာဗုလုန်ရဲတိုက်ကို တည်ဆောက်ကြသည်။ အစအဦးက အပြစ်မဝင်လျှင်လူမျိုးအပေါင်းတို့သည် မကွဲပြားသောနိုင်ငံတစ်ပါး၊ ဘာသာစကားလည်း တစ်ပါးတည်ရှိမည်။ ယခုမှာ အပြစ်ဒုစရိုက်သည်အနည်းနည်းအားဖြင့် ကွဲပြားခြင်းကို သွတ်သွင်းသောကြောင့် နိုင်ငံများ၊ တိုင်းပြည်များ၊ နယ်ခရိုင်များ၊ မြို့ကြီးမြို့ငယ်များ၊ ရွာဇနပုဒ်များ၊ အရပ်များ၊ အိမ်များ၊ လူများတို့သည် အစဉ်တစိုက် တစ်ဦးနှင့်တစ်ဦး ဆန့်ကျင်ဘက်ပြုကြသည်။

၅။ ဤကွဲပြားခြင်းများကို စုဆောင်း၍ လူအမျိုးမျိုးတို့ကို တစ်ဦးတည်းဖြစ်စေခြင်းငှာ ဤလောကသို့ ဘယ်သူဆင်းသက်ကြွလာတော်မူသနည်း။

        ငါသည်လည်းမြေကြီးနှင့်ခွာ၍ မြှောက်ထားခြင်းကို ခံရလျှင် လူအပေါင်းတို့ကို ငါ့ထံသို့ငါဆွဲမည်ဟု မိန့်တော်မူ၏။ (ယော၊ ၁၂း၃၂။)

၆။ ခရစ်တော်၏တပည်တို့သည် အချင်းချင်းမည်ကဲ့သို့တော်စပ်သနည်း။

        သင်တို့မူကား၊ အရှင်ဘုရားဟုခေါ်ဝေါ်ခြင်းကိုမခံကြနှင့်။ ခရစ်တော်တည်းဟူသော သင်တို့ဥပဇ္ဇျာယ်ဆရာတစ်ပါးတည်းရှိ၏။ သင်တို့အပေါင်းတို့သည် ညီအစ်ကိုချင်းဖြစ်ကြ၏။ (မ၊ ၂၃း၈။)

၇။ ဘယ်သူသည် အကြီးဆုံးဖြစ်မည်ဟုတပည့်တော်တို့သည် အချင်းချင်းငြင်းစုံသောအခါ ယေရှုသည်အဘယ်သို့ မိန့်တော်မူသနည်း။

        ကိုယ်တော်ကလောကမင်းတို့သည် အစိုးတရပြုတတ်ကြ၏။. . .သင်တို့မူကား ထိုသို့မပြုကြနှင့်။ သင်တို့တွင် အကဲအမှူးပြုသော သူကိုငယ်သားကဲ့သို့ဖြစ်စေ၊ အုပ်စိုးသော သူကိုလည်း အစေခံကဲ့သို့ဖြစ်စေ။ (လု၊ ၂၂း၂၄-၂၆။)

၈။ ခရစ်တော်၏အကျင့်တော်နှင့် ဒေသနာတော်၌ သူတစ်ပါးသည် ဘာအကျင့်စာရိတ္တတော်ကိုတွေ့မြင်ကြသနည်း။

        အရှင်ဘုရား၊ ကိုယ်တော်သည် သစ္စာရှိပါ၏။ အဘယ်သူကိုမျှမကြောက်၊ လူမျက်နှာကို မထောက်ဘဲ ဘုရားသခင်၏တရားလမ်းကို ဟုတ်မှန်စွာပြတော်မူသည်ကို အကျွန်ုပ်တို့သိကြပါ၏။ (မ၊ ၂၂း၁၆။)

၉။ လူမျက်နှာကိုထောက်လျှင် ဘာကိုပြုကြသနည်း။

        လူမျက်နှာကိုထောက်လျှင်အပြစ်ကိုပြုသောသူဖြစ်ကြ၏။ တရားကိုလွန်ကျူသောသူဟု ပညတ်တော်အားဖြင့် ထင်ရှားစွားဖြစ်ကြ၏။ (ယာ၊ ၂း၁-၉။)

၁၀။ ဧဝံဂေလိတရားသည် ဘယ်ပညတ်နှစ်ပါးအပေါ်၌တည်သနည်း။

        သင်၏ဘုရားသခင်ထာ၀ရဘုရားကို စိတ်နှလုံးအကြွင်းမဲ့. . .ချစ်လော့။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့။ (လု၊ ၁ဝး၂၇။)

၁၁။ ခရစ်တော်သည် မြေကြီးပေါ်မှာရှိနေစဉ် လူမျိုးအပေါင်းတို့နှင့်ပေါင်းဖေါ်သလော။

အဖြေ။ ကိုယ်တော်သည် လူအမျိုးမျိုးတို့နှင့်ပေါင်းဖေါ်၍ ဖါရိရှဲ၊အခွန်ခံ၊ ဆိုးသောသူတို့နှင့်အတူစားသောက်သည်။ (လု၊ ၁၁း၃၇။ ၁၉း၂။ မာ၊ ၂း၁၅-၁၇။ ယော၊ ၄း၉၊၄၀-၄၃။) အလျင်ကဆိုးဖူးသော မိန်းမတစ်ယောက်အားဖြင့် ဆီမွှေးနှင့် လိမ်းခြင်း ကို ကျေးဇူးတင်သောသဘောနှင့် ကိုယ်တော်ခံတော်မူသည်။ (လု၊ ၇း၃၇-၅၀။) ကိုယ်တော်သည် သေသောသူ၊ သေကာနီးသောသူ၊ မမာမကျန်းသော သူတို့အပေါ်၌ လက်တော်ကိုတင်၍ ချမ်းသားပေးတော်မူသည်။ (လု၊ ၇း၁၁-၁၅။ ၈း၅၄-၅၆။ ၁၃း၁၂၊ ၁၃။) ကိုယ်တော်သည် ခမည်းတော်၏ သေကာနီးဖြစ်နေကြသော သားသမီးတို့ကို ကယ်တင်အံ့သောငှာ ဆင်းသက်ကြွလာတော်မူသောကြောင့် လူအပေါင်းတို့ကို ကြည့်ရှုပြုစုသွားရောက်တော်မူ၏။

၁၂။ ခရစ်တော်၏ နောက်ဆုံးသိုးခြံ၌ကွဲပြားခြင်း ဘယ်နှစ်မျိုးရှိသနည်း။

        သိုးခြံတစ်ခု၊ သိုးထိန်းတစ်ပါးတည်းရှိရလိမ့်မည်။ (ယော၊ ၁ဝး၁၆။)

၁၃။ လူအမျိုးမျိုးတို့၏မျက်နှာကိုထောက်ထားခြင်းအကြောင်း ပေတရုအား ဘုရားသခင်သည်အဘယ်သို့ဆုံးမပြသတော်မူသနည်း။

        ယုဒလူဖြစ်သောသူတို့သည် တစ်ပါးအမျိုးသားတို့နှင့် မပေါင်းဖေါ် မချဉ်းကပ်အပ်သည်ကို သင်တို့သိကြ၏။ သို့သော်လည်း ညစ်ညူးသည် မစင်ကြယ်ဟုအဘယ်သူကို မျှမခေါ်ရမည်အကြောင်း ဘုရားသခင်သည်ငါ့အား ဆုံးမပြသတော်မူပြီ။ (တ၊ ၁ဝး၁၁-၁၆၊၂၈။)

၁၄။ ခရစ်တော်၏တပည့်တော်တို့တွင် ကွဲပြားသောလူမျိုးတန်းရှိသလော။

        ယေရှုခရစ်၌ ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ကျွန်မရှိ၊ လူလွတ်မရှိ၊ ယောက်ျားမရှိ၊ မိန်းမမရှိ၊ ထိုသခင်၌ သင်တို့အပေါင်းသည် တစ်လုံးတစ်၀တည်းဖြစ်ကြ၏။ (ဂလ၊ ၃း၂၈။ ရော၊ ၁၁း၁၁-၁၃။၁ကော၊ ၁၂း၁၃။ ကော၊ ၃း၉-၁၁။)

၁၅။ ကောင်းကင်ပေါ်မြေကြီးပေါ်မှာရှိသောတစ်အိမ်ထောင်လုံးသည်ဟူသော သားတော်အပေါင်းတို့၏ အချုပ်အချာကား ဘယ်သူနည်း။

        အထက်ဆိုခဲ့ပြီးသော အကြောင်းကြောင့် ကောင်းကင်ပေါ်မြေကြီးပေါ်မှာရှိသော တစ်အိမ်ထောင်လုံးတည်းဟူသော သားတော်အပေါင်းတို့၏ အချုပ်အခြာဖြစ်တော်မူသော ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်ရှေ့မှာ ငါသည်ဒူးထောက်၍ ဆုတောင်းလေ့ရှိ၏။ (ဧ၊ ၃း၁၄၊၁၅။)

၁၆။ ကျွန်ုပ်တို့သည် အမျိုး၊ အတန်း၊ ကြွယ်၀ခြင်း၊ ပညာတို့အတွက်ကြောင့် ဘုရားသခင်ရှေ့တော်၌ မျက်နှာရကြမည်လော့။

        ယုဒအမျိုး၊ ဟေလသအမျိုးကိုမရွေး၊ လူအပေါင်းတို့ကို အစိုးရသော အရှင်တစ်ပါးတည်းရှိ၍ ကိုယ်တော်ကို ဆုတောင်းသော သူအပေါင်းတို့၌ ကျေးဇူးကြွယ်၀တော်မူ၏။ အကြောင်းမူကား ထာ၀ရဘုရားကို ဆုတောင်းသော သူရှိသမျှတို့သည် ကယ်တင်တော်မူခြင်း သို့ရောက်ရကြလတ္တံ့။ (ရော၊ ၁ဝး၁၂၊ ၁၃။ တ၊ ၁၅း၇-၉။)

မူလ မာတိကာသို့

No comments:

Post a Comment