Sunday, March 16, 2025





 အခန်း - ၂၄

မိလေနိကပ်ကာလ

        မိလေနိဆိုသော်၊ လက်တင်ပါဠ်ဘာသာစကားဖြင့် နှစ်ပေါင်း၁၀၀၀။ကျွန်ုပ်တို့ညွှန်ပြသော သီးသန့်ထားသည် နှစ်ပေါင်း ၁၀၀၀သည် မာရ်နတ်ကို ချည်နှောင်ထားသော ကာလကိုဆိုလိုသည်။ ၎င်းကာလသည် ထင်ရှားသောအကြောင်းအရာမျာ နှစ်ပေါင်းအားဖြင့် အခြားကာလများနှင့်သီးသန့် ခွဲ့ခြားထားလေသည်။ ဒုတိယကြွလာတော်မူခြင်းနှင့် ဖြောင့်မတ်သောသူတို့သေခြင်းမှ ထမြောက်ခြင်းသည် ထိုကာလ၏အစ ဖြစ်သတည်း။ မတရားသောသူတို့၏ ထမြောက်ရှင်ပြန်ခြင်း၊ တရားစီရင်ဖြတ်ခြင်းကိုခံခြင်း၊ ၎င်းနောက်မီးအိုင်ထဲ၌ သေကျေပျက်စီးခြင်းတို့သည် ထိုကာလ၏အဆုံး ဖြစ်သတည်း။

၁။ သေခြင်းမှထမြောက်ရှင်ပြန်ခြင်း ဘယ်နှစ်မျိုးရှိသနည်း။                    

        ဤအမှုအရာကို အံ့ဩခြင်းမရှိကြနှင့်၊ သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကိုကြား၍ ထွက်ရမည့် အချိန်ကာလရောက်လတ္တံ့။ ကောင်းသောအကျင့်ကို ကျင့်သောသူတို့သည် အသက်ရှင်ရာ ထမြောက်ခြင်းသို့လည်းကောင်း၊ ဆိုးယုတ်သောအကျင့်ကို ကျင့်သောသူတို့သည် အပြစ်စီရင်ရာထမြောက်ခြင်းသို့ လည်းကောင်း ထွက်ရကြလတ္တံ့။ (ယော၊ ၅း ၂၈၊၂၉။ တ၊ ၂၄း၁၅။)

၂။ ပထမထမြောက်ခြင်း၌ ဘယ်လူစားမျိုးသာဝင်စားရမည်နည်း။                     

        ပထမထမြောက်ခြင်းကို ဝင်စားသောသူသည်- မင်္ဂလာရှိသောသူ၊သန်းရှင်သောသူဖြစ်၏။ ထိုသို့သောသူသည် ဒုတိယသေခြင်း၏ လက်နှင့်ကင်းလွှတ် ရလိမ့်မည်။ (ဗျာ၊ ၂ဝး၆။ ၁သက်၊ ၄း၁၆။)

မှတ်ချက်။ ဤထမြောက်ရှင်ပြန်ခြင်းသည် ဒုတိယကြွလာတော်မူသော အခါ၌ ဖြစ်သည်။

၃။ ၎င်းနှစ်ပေါင်း ၁၀၀၀ အတွင်းတွင် ဤလူစုတို့သည် ဘယ်ကဲ့သို့ထူးခြားသော ဘုန်းကို ခံစားခံစားရမည်နည်း။

        သူတို့သည် အသက်ရှင်၍ အနှစ်၁၀၀၀ ပတ်လုံးခရစ်တော်နှင့်အတူ စိုးစံရကြ၏။ (ဗျာ၊ ၂ဝး၄။)

၄။ ကြွင်းသော လူသေတို့တည်းဟူသော မတရားသောသူတို့ကို ဘယ်သောအခါ၌ ထမြောက်ရှင်ပြန်စေမည်နည်း။                                            

        ကြွင်းသော လူသေတို့သည် ထိုအနှစ်၁၀၀၀ မကုန်မီ အသက်မရှင်ရကြ။ (ဗျာ၊ ၂ဝး၅။)

ဖြောင့်မတ်သောသူတို့ကို ကောင်းကင်သို့ ဆောင်ယူတော်မူခြင်း

၅။ ခရစ်တော်ကြွလာတော်မူသောအခါ ဖြောင့်မတ်သော သူတို့သည် ဘာဖြစ်ကြမည်နည်း။                                        

        ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှာ ထိုသူတို့နှင့်တကွ မိုးတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသော အားဖြင့် သခင်ဘုရားနှင့်အတူအစဉ်မပြတ် နေရကြလိမ့်မည်။ (၁သက်၊ ၄း၁၆၊၁၇။)

၆။ ထိုအခါ ဖြောင့်မတ်သောသူတို့သည် အဘယ်သို့ဆောင်ယူခြင်းကို ခံရမည်နည်း။

        ထိုနောက်မှ ငါကြည့်လျှင် အသီးအသီးဘာသာစကားကို ပြောသောလူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှာ ထွက်၍ အဘယ်သူမျှ မရေတွက်နိုင်သောလူများအပေါင်းတို့သည် ဖြူသော ဝတ်ရုံဝတ်ဆင်လျက်၊ စွန်ပလွံခက်ကို ကိုင်လျက် ပလ္လင်တော်ရှေ့၊ သိုးသငယ်ရှေ့မှာ ရပ်နေကြ၏။ (ဗျာ၊ ၇း ၉၊ ၁၄း၁-၅။ ၁၅း၂-၄။)

မှတ်ချက်။ ပထမထမြောက်ခြင်းနောက် ဖြောင့်မတ်သောသူတို့ကိုကောင်းကင်သို့ ယူဆောင်သွားကြောင်းဤကျမ်းချက်တို့က ထင်ရှားစွာဖေါ်ပြသည်။ ဤသို့ဖေါ်ပြခြင်းသည် ယော၊ ၁၄း၁-၃ တွင်ခရစ်တော်ထားတော်မူသော ကတိတော်နှင့် ညီညွတ်သည်။ ပေတရုသည်ယေရှုနှင့်အတူ ပြင်ဆင်ထားသော အရပ်များသို့လိုက်ချင်သော်လည်း ကိုယ်တော်က ငါသွားရာအရပ်သို့ သင်သည်ယခုမလိုက်နိုင်၊ နောက်မှလိုက်ရလိမ့်မည်ဟု မိန့်တော်မူသည်။ (ယော၊ ၁၃း၃၆။)

၇။ ထိုနှစ်ပေါင်း ၁၀၀၀ အတွင်းတွင်ဖြောင့်မတ်သော သူတို့သည် မတရားသော သူတို့နှင့် အဘယ်ကဲ့သို့ဖြစ်မည်နည်း။

        သန့်ရှင်းသူတို့သည် လောကနိုင်ငံကို တရားစီရင်မည်ဟု မသိကြသလော။ သင်တို့သည် လောကီနိုင်ငံကို စီရင်ရသည်မှန်လျှင် အငယ်ဆုံးသော အမှုများကို မစီရင်ထိုက်သလော။ ငါတို့သည် ကောင်းကင်တမန်တို့ကို တရားစီရင်မည်ဟု မသိကြသလော။ (၁ကော၊ ၆း၁-၃။ ဆာ၊ ၁၄၆း၆-၈။)


မတရားသော သူတို့ ပျက်စီးခြင်း၊ ကမ္ဘာမြေကြီး

လွတ်လပ်လဟာဖြစ်ခြင်း

၈။ ခရစ်တော်ကြွလာတော်မူသောအခါ အသက်ရှင်လျက်ရှိသော မတရားသောသူတို့သည် ဘာဖြစ်ကြလိမ့်မည်နည်း၊၊                                                    

        နောဧလက်ထက်၌ ဖြစ်သကဲ့သို့ လူသားလက်ထက်၌ဖြစ်လိမ့်မည်။ နောဧသည် သင်ဘောထဲသို့ဝင်၍ ရေလွမ်းမိုးခြင်းဖြစ်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည် နေ့တိုင်အောင်လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက်နေကြ၏။ ထိုနည်းတူလောတလက်ထက်၌. . . .လောတသည် သောဒုံမြို့မှ ထွက်သွားသောနေ့၌ ကောင်းကင်မှ ကန့်နှင့်ရောသော မီးမိုးရွာ၍ ထိုလူအပေါင်းတို့ကို သုတ်သင်ပယ်ရှင်းသကဲ့သို့လည်းကောင်း လူသားပေါ်ထွန်းသောနေ့၌ ဖြစ်လိမ့်မည်။ (လု၊ ၁၇း၂၆-၃၀။ ၂သက် ၂း၈၊ ၁သက်၊ ၅း၃။)

၉။ ထိုကာလ၌ ဤကမ္ဘာမြေကြီးအကြောင်းပုရောဖက်သည် အဘယ်ကဲ့သို့ရေးသား ဖေါ်ပြသနည်း။

        ငါသည် မြေကြီးကို ကြည့်ရှု၍ လွတ်လပ်လဟာဖြစ်၏။မိုးကောင်းကင်ကိုလည်း ငါကြည့်ရှု၍ အလင်းမရှိ၊ တောင်တို့ကိုလည်းငါကြည့်ရှု၍ သူတို့နှင့် တကွကုန်းရှိသမျှတို့သည် တုန်လှုပ်လျက်နေကြ၏။ ငါကြည့်ရှု၍ လူမရှိ၊ မိုးကောင်းကင်ငှက်အပေါင်းတို့သည် ပြေးကြပြီ။ ငါကြည့်ရှု၍ ၀ပြောသောပြည်သည် တောဖြစ်လေပြီ။ မြို့များတို့သည်ပြိုပျက်လျက်ရှိကြ၏။ ထာ၀ရဘုရားရှေ့၊ ပြင်းစွာသော အမျက်တော်ရှေ့၌ ထိုသို့သော အခြင်းအရာတို့သည် ဖြစ်ရကြ၏။  (ယေ၊ ၄း၂၃-၂၆။)

စာတန်ကို ချည်နှောင်ခြင်း

၁၀။ ဤအခါ၌ အရှင်ဘုရားသည်စာတန် မာရ်နတ်ကို အဘယ်သို့ ပြုလုပ်မည်နည်း။ ၎င်းပြင် ဤချည်နှောင်ခြင်းသည် ဘယ်မျှကြာမည်နည်း။                

        တစ်ဖန်ကောင်းကင်တမန်သည် အနက်ဆုံးသောတွင်း၏ သော့နှင့်သံကြိုးကြီးကို ကိုင်လျက် ကောင်းကင်က ဆင်းသက်သည်ကို ငါမြင်၏။ ရှေးမြွေဟောင်း မာရ်နတ်စာတန်တည်းဟူသော နဂါးကို ကိုင်ဖမ်း၍ အနှစ်တစ်ထောင်ဖို့ ချည်နှောင်လေ၏။ အနှစ်တစ်ထောင် မကုန်မီတိုင်အောင် လူအမျိုးမျိုးတို့ကို မလှည့်ဖြားရမည့်အကြောင်း အနက်ဆုံးသော တွင်းထဲသို့ချပစ်လှောင်ထား၍ တံဆိပ်ခတ်လေ၏။ (ဗျာ၊ ၂ဝး၁-၃။)

မှတ်ချက်။ ဤကျမ်းချက်-အနက်ဆုံးသောတွင်း-ဆိုသောအဓိပ္ပါယ်သည်ဤကမ္ဘာမြေကြီးလွတ်လပ်လဟာဖြစ်ပြီးလျှင် လူသူမရှိဘဲ ဖြစ်နေသောအခြေကို ဆိုသည်။ (ဟေရှာ၊ ၂၄း၁၇-၂၂။ ဝတ်၊ ၁၆း၂၁၊၂၂။ )ဤအရပ်ကို    မိလေနိကပ်ကာလပတ်လုံး စာတန်၏ညိုးငယ်ဖွယ်သော အကျဉ်းထောင်ပြုလုပ်မည်။ ဤကမ္ဘာပျက်စီးရခြင်း အကြောင်းသည် မူလရင်း စာတန်မာရ်နတ်ကြောင့် ဖြစ်သည်။ ခမ်းနားတင့်တယ်တန်ခိုးနှင့်ပြည့်စုံသော ဤလောကဓါတ်ကြီးသည် ပျက်စီးလျက်နေစဉ် စာတန်မာရ်နတ်သည် ဘုရားသခင်ကို ပုန်ကန်၍ ဖြစ်သော မကောင်းကျိုးများကို ပြန်စဉ်းစားရန် အချိန်များစွာ ရလေသည်။

အဖြစ်အပျက်များအစသတ်ခြင်း

၁၁။ နှစ်ပေါင်း၁၀၀၀ကုန်ဆုံးပြီးသည်နောက် ဘယ်အရာ ၃မျိုးဖြစ်မည်နည်း။

(က) ခရစ်တော်သည် တတိယအကြိမ်ကြွလာခြင်း၊ သန့်ရှင်းသူ အပေါင်းနှင့်ကြွလာခြင်း။ (ဗျာ၊ ၂၁း၂။ဇာ၊ ၁၄း၄၊၅။)

(ခ) ဒုတိယထမြောက်ရှင်ပြန်ခြင်း ၊ မတရားသော သူအပေါင်းတို့ထမြောက်ခြင်း။ (ဗျာ၊ ၂ဝး ၅-၈။)

(ဂ) စာတန်မာရ်နတ်ကို လွှတ်ခြင်း။ (ဗျာ၊၂ဝး၃၊၇။)

၁၂။စာတန်မာရ်နတ်သည် လွှတ်လျှင် ချက်ချင်း ဘာလုပ်မည်နည်း။

        (စာတန်သည်) အရေအတွက်အားဖြင့် သမုဒ္ဒရာ သဲလုံးနှင့် အမျှများသော ဂေါဂ၊ မာဂေါဂတည်းဟူသော မြေကြီးလေးမျက်နှာပေါ်မှာ နေသောလူမျိုးတို့ကို လှည့်ဖြားအံ့သောငှာ လည်းကောင်း၊ စစ်တိုက်ဖို့ စည်းဝေးစေခြင်းငှာလည်းကောင်း တက်လိမ့်မည်။ (ဗျာ၊ ၂ဝး၈။)

၁၃။ အဘယ်သူကို စစ်တိုက်ရန်ချီတက်သနည်း။ ဘာအကျိုး ဖြစ်ပွားသနည်း။

        ထိုသူများတို့သည် မြေကြီးမျက်နှာပေါ်သို့တက်၍ သန့်ရှင်းသူတို့၏ တပ်ကိုလည်းကောင်း၊ ချစ်ဖွယ်သော မြို့တော်ကိုလည်းကောင်း ဝိုင်းကြ    ၏။ ထိုအခါဘုရားသခင့် အထံတော်ကောင်းကင်မှ မီးကျ၍ သူတို့ကိုမျိုလေ၏။ (ဗျာ၊ ၂ဝး၉။)

၁၄။ မတရားသောသူတို့ကို မဖျက်ဆီးမီ ဘာကြောင့်ကြောက်ရွံ့ရိုသေဖွယ်ဖြစ်သော အမှုကြီးကို ပြုလုပ်တော်မူမည်နည်း။                                                

        တစ်ဖန်တုံ၊ ဖြူသော ပလ္လင်ကြီးကိုလည်းကောင်း၊ ပလ္လင်ပေါ်မှာထိုင်တော်မူသော သူကိုလည်းကောင်းငါမြင်၏။ ကောင်းကင်နှင့်မြေကြီးသည် မျက်မှာတော်ရှေ့မှာ ပြေးလွင်၍. . . . .သေလွန်သောသူအကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့မှာ ရပ်နေကြသည်ကို ငါမြင်၏။ စာစောင်များကိုဖွင့်ထား၏။ . . . သေလွန်သောသူတို့သည် မိမိတို့အကျင့်အတိုင်း စာစောင်တို့၌ ရေးထားချက်များနှင့်အညီ တရားစီရင်ခြင်းကိုခံရကြ၏။ (ဗျာ၊ ၂ဝး၁၁၊၁၂။)

၁၅။ မတရားသောသူတို့ကို ကြောက်မက်ဖွယ်သော အပြစ်ဒဏ်ပေးခြင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာက ဘာထပ်မံဖေါ်ပြသေးသနည်း။

        သမုဒ္ဒရာသည် မိမိ၌ရှိသော လူသေတို့ကိုအပ်ပေး၏။ မရဏာနှင့်မရဏာနိုင်ငံသည် လည်း မိမိတို့၌လူသေတို့ကို အပ်ပေးကြ၏။. . .ထိုအခါမရဏာနှင့်မရဏာနိုင်ငံကို မီးအိုင်ထဲသို့ချပစ်လေ၏။ ထိုသေခြင်းကားဒုတိယသေခြင်းဖြစ်သတည်း။ အသက်စာစောင်၌ စာရင်းမဝင်သော သူရှိသမျှတို့ကိုလည်း မီးအိုင်ထဲသို့ ချပစ်လေ၏။ (ဗျာ ၊၂ဝး၁၃-၁၅။)

၁၆။မတရားသော သူတို့ကို အပြစ်ဒဏ်ပေးနေစဉ်အခါ ဤကမ္ဘာမြေကြီး၏ အခြေဘယ်ကဲ့သို့ ရှိမည်နည်း။

        မီးဖို၌မီးလောင်သကဲ့သို့ လောင်သောနေ့ရက်ကာလသည် ရောက်လိမ့်မည်။ မာနကြီးသော သူနှင့် အပြစ်ကို ပြုသော သူအပေါင်းတို့သည်အမှိုက်ခြောက်ဖြစ်ကြလိမ့်မည်။ သူတို့အရင်းအဖျားမျှမကျန်ကြွင်းစေခြင်းငှာ ထိုနေ့ရက်သည် လောင်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာ၀ရဘုရား မိန့်တော်မူ၏။ (မာလ၊ ၄း၁။ ၂ပေ၊ ၃း၇-၁၂။ ဟေရှာ၊ ၃၄း၈၊၉။ ဆာ၊ ၁၁း၆၊ မာ၊ ၉း၄၃-၄၈။)

၁၇။ ဤမီးအိုင်ထဲ၌ မတရားသော သူတို့၏ ပျက်စီးခြင်းသည် အဘယ်မျှလောက်စုံလင် မည်နည်း။

        ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကိုငရဲ၌ ဖျက်ဆီးနိုင်သော သူကိုသာ၍ ကြောက်ကြလော့။ (မ၊ ၁ဝး၂၈။) ခဏကြာပြီးမှ မတရားသောသူသည်မရှိရ။ သူ၏နေရာကို စေ့စေ့ရှာ၍မတွေ့ရ။. . . . မတရားသော သူတို့မူကား၊ ပျက်စီးခြင်းသို့ရောက် ရကြမည်။ (ဆာ၊ ၃၇း၁၀၊၂၀။ ဩ၊ ၁၆။ မ၊ ၃း၁၂။ ယေဇ၊ ၂၈း၁၂-၁၉။ ဗျာ၊ ၂၁း၄။)

မှတ်ချက်။ မီးအိုင်ထဲမှာ မတရားသော သူတို့၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်တို့ကို ဖျက်ဆီးလိမ့်မည်။ သူတို့သည် မရှိဖူးသောသူ ကဲ့သို့ဖြစ်ကြလိမ့်မည်။ စာတန်နှင့်သူ၏ တမန်များတို့လည်း ဖျက်ဆီးခြင်းကိုခံရ၍ ငါတို့ သည်နာခြင်း၊ သေခြင်းတို့နှင့် ကင်းလွတ်ပြီးလျှင် သန့်ရှင်းစင်ကြယ်သော စကြ၀ဠာကို ရကြလိမ့်မည်။ ကြီးကျယ်သော လောကဓါတ် အပေါင်းတို့တွင် ရွှင်လန်းခြင်း တညီတညွတ်တည်းရှိလိမ့်မည်။ ဖန်ဆင်းသော အရှင်ထံတော်မှ အသက်၊ အလင်း၊ ရွှင်လန်းခြင်းတို့သည် စကြ၀ဠာရှိသမျှသို့ စီးဆင်းလိမ့်မည်။ အငယ်ဆုံးသော အဏုမြူကလေးမှစ၍ အကြီးဆုံးသော ကမ္ဘာတိုင်အောင် သက်ရှိသက်မဲ့ခပ်သိမ်းသော အရာတို့သည် မိမိတို့၏ ပကတိလှပတင့်တယ်ခြင်းတို့နှင့်စုံလင်သော ဝမ်းမြောက်ခြင်းတို့အားဖြင့် ဘုရားသခင်သည် ချစ်ခြင်းမေတ္တာတော် ဖြစ်တော်မူ၏ဟူ၍ ကြွေးကြော်ကြလိမ့်မည်။

မူလ မာတိကာသို့

No comments:

Post a Comment