Thursday, March 13, 2025

 


အခန်း - ၁၄

သန့်ရှင်းသောဝိညာဉ်တော်


၁။ ခရစ်တော်သည် ကောင်းကင်ဘုံသို့ တက်ကြွတော်မမူမီ အသင်းတော်အား အဘယ်သို့ ကတိထားတော်မူသနည်း။

        ငါအမှန်အကန်ဆိုသည်ကား၊ ငါသွားလျှင် သင်တို့အကျိုးရှိလိမ့်မည်။ အကြောင်းမူကား၊ ငါမသွားလျှင် သန့်ရှင်းသော ဝိညာဉ်တော်ဆရာသည် သင်တို့ဆီသို့မလာ။ ငါသွားလျှင် ထိုသူကို သူတို့ဆီသို့ ငါစေလွှတ်မည်။ (ယော၊ ၁၆း၇။)

၂။ ၎င်းသန့်ရှင်းသော ဝိညာဉ်တော်ဆရာသည် အဘယ်သူနည်း။

        ခမည်းတော်ထံမှထွက်လာ၍ သမ္မာတရားနှင့် ပြည့်စုံသောဝိညာဉ်တော် တည်းဟူသော ခမည်းတော်ထံမှ သင်တို့ဆီသို့ ငါစေလွှတ်လတ္တံ့သော အားပေးနှစ်သိမ့်ဆရာသည် ရောက်လာသောအခါ ငါ၏ အကြောင်းကို သက်သေခံလိမ့်မည်။ (ယော၊ ၁၅း၂၆။ ၁၆း၁၃။ တ၊ ၁း၅။)

၃။ ဝိညာဉ်တော်သည် ဘာအမှုဆောင်ရွက်သနည်း။

        ခမည်းတော်သည် ငါ့အတွက်ကြောင့် စေလွှတ်တော်မူသော အားပေးနှစ်သိမ့်ဆရာတည်းဟူသော သန့်ရှင်းသော ဝိညာဉ်တော်သည် သင်တို့အားခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်တော်မူ၍ ငါပြောခဲ့သမျှသောစကားတို့ကို မှတ်မိသော ဥာဏ်ကို သင်တို့အားပေးတော်မူမည်။ (ယော၊ ၁၄း၂၆။ ၁၆း၈၊ ၉၊ ၁၃၊ ၁၄။)

၄။ ဝိညာဉ်တော်၌ဘာအလုပ်ရှိသေးသနည်း။ 

        ငါတို့ကျင့်သော ဖြောင့်မတ်ခြင်း အကျင့်အားဖြင့် မဟုတ်ဘဲ မိမိသနားခြင်း ကရုဏာတော်နှင့်အညီ ဒုတိယမွေးခြင်းနှင့်ဆိုင်သော ဆေးကြောခြင်းအားဖြင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ အသစ်ပြုပြင်ခြင်းအားဖြင့်လည်းကောင်း ငါတို့ကို ကယ်တင်တော်မူ၏။ (တိ၊ ၃း၄၊ ၅၊ ၆၊ ၇၊။ ရော၊ ၁၅း၁၅၊ ၁၆။)

၅။ သန့်ရှင်းသော ဝိညာဉ်တော်သည် နှုတ်ထွက်တရားတော်နှင့် အဘယ်သို့ တော်စပ်သနည်း။

        ကယ်တင်ခြင်းတည်းဟူသော သံခမောက်လုံးကို လည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တည်းဟူသော ဝိညာဉ်တော်၏ ဓါးကိုလည်းကောင်းယူကြလော့။ (ဧ၊ ၆း၁၇။)

၆။ တပည့်တော်တို့အား ထားသောကတိတော်သည် ဘယ်သောအခါပြည့်စုံသနည်း။

        ငါခမည်းတော်၏ ကတိရှိသည်အတိုင်း သင်တို့၌ ငါပြုဦးမည်။ သို့ဖြစ်၍ သင်တို့သည် ကောင်းကင်က တန်ခိုးကို မခံမီတိုင်အောင် ယေရုရှလင်မြို့၌ နေကြဦးလော့ဟု မိန့်တော်မူ၏။ (လု၊ ၂၄း၄၉။ တ၊ ၂း၂-၄။)

၇။ သန့်ရှင်းသော ဝိညာဉ်တော်ကို ဘယ်သောအခါ တစ်ဖန်အထူးသဖြင့် သွန်းလောင်းတော်မူမည်နည်း။

        နောင်ကာလ၌ လူမျိုးတကာတို့အပေါ်သို့ ငါ၏ ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။ (တ၊ ၂း၁၇။ ဟော၊ ၆း၃။)

၈။ သန့်ရှင်းသောဝိညာဉ်တော်သည် အသင်းတော်၌ရှိကြောင်း ဘယ်အရာများအားဖြင့် သိနိုင်သနည်း။

        ဆုကျေးဇူးတော်အထူးထူးအထွေထွေ ရှိငြားသော်လည်း ဝိညာဉ်တော်တစ်ပါးတည်း ရှိ၏။ (၁ကော၊ ၁၂း၄။)

၉။ ကျွန်ုပ်တို့သည် ဘာအကြောင်း သိအပ်သနည်း။

        ညီအစ်ကိုတို့၊ သင်တို့သည် ဝိညာဉ်ဆုကျေးဇူးအကြောင်းများကို မသိဘဲ နေစေခြင်းငှာ ငါအလိုမရှိ။ (၁ကော၊ ၁၂း၁။)

၁၀။ ဆုကျေးဇူးတို့သည် ဘယ်အရာများဖြစ်သနည်း။

        အဘယ်သို့နည်းဟူ မူကား၊ ဝိညာဉ်တော်အားဖြင့် တစ်ယောက်သောသူအား ပညာတရားကို ပေးတော်မူ၏။ ထိုဝိညာဉ်အားဖြင့် တစ်ယောက်သောသူအား ထိုးထွင်းခြင်းတရားကို ပေးတော်မူ၏။ ထိုဝိညာဉ်တော်အားဖြင့် တစ်ယောက်သောသူအား ယုံကြည်ခြင်းကို ပေးတော်မူ၏။ ထိုဝိညာဉ်တော်အားဖြင့် တစ်ယောက်သောသူအား အနာရောဂါကို ငြိမ်းစေနိုင်သောအခွင့်ကို ပေးတော်မူ၏။ တစ်ယောက်သောသူအား တန်ခိုးကို ပြနိုင်သောအခွင့်ကို လည်းကောင်း တစ်ယောက်သောသူအား ပုရောဖက်ကို ပြုနိုင်သောအခွင့်လည်းကောင်း၊ တစ်ယောက်သောသူအား စိတ်ဝိညာဉ်တို့ကို ပိုင်းခြား၍ သိနိုင်သော အခွင့်ကိုလည်းကောင်း၊ တစ်ယောက်သော သူအား အမျိုးမျိုးသောဘာသာစကားကို ပြောနိုင်သောအခွင့်ကို လည်းကောင်း၊ တစ်ယောက်သောသူအား ထိုဘာသာစကား၏ အနက်ကို ဖော်ပြနိုင်သောအခွင့်ကိုလည်းကောင်း ပေးတော်မူ၏။ (၁ကော၊ ၁၂း၈-၁၀။)

၁၁။ အသင်းတော်၌ ၎င်းဆုကျေးဇူးတို့၏ အလုပ်သည် ဘယ်အရာနှင့်ပုံခိုင်းသနည်း။

        အဖြေ။ လူကိုယ်ခန္ဓာ။ (၁ကော၊ ၁၂း၁၂-၁၇။)

၁၂။ ၎င်းဆုကျေးဇူးတို့ကို အသင်းတော်တွင် ဘယ်သူပေးထားသနည်း။ ဘယ်ကဲ့သို့စီစဉ်ထားသနည်း။

        ဘုရားသခင်သည် ပထမအရာ၌ တမန်တော်တို့ကို လည်းကောင်း၊ ဒုတိယအရာ၌ပုရောဖက်တို့ကို လည်းကောင်း၊ တတိယအရာ၌ ဆရာတို့ကိုလည်းကောင်း၊ ထိုနောက်တန်ခိုးပြသောသူတို့ကို လည်းကောင်း၊ ထိုနောက်အနာရောဂါကို ငြိမ်းစေနိုင်သော အခွင့် ရှိသောသူကိုလည်းကောင်း၊ သင်းထောက်တို့ကို  လည်းကောင်း၊ စီရင်အုပ်စိုးသော သူတို့ကိုလည်းကောင်း အသင်းတော်၌ ခန့်ထားတော်မူ၏။ (ငယ်၊ ၂၈။)

၁၃။ အသင်းတော်တို့သည် ဤဆုကျေးဇူးတို့တွင် ဘယ်ဆုကျေးဇူးကို အထူးရှာရမည်နည်း။

        ချစ်ခြင်းမေတ္တာကို မီအောင်လိုက်ကြလော့။ ဝိညာဉ်ဆုကျေးဇူးတို့ကို အလွန်အလိုရှိစဉ်တွင် ပုရောဖက်ပြုသောအခွင့်ကို သာ၍လိုချင်သောစိတ်ရှိကြလော့။ (၁ကော၊ ၁၄း၁၊ ၁၉။)

၁၄။ ခရစ်တော်သည် ယုံကြည်သောသူတို့၌ ဘယ်နိမိတ်လက္ခဏာ ရှိသည်ဟု မိန့်တော်မူသနည်း။

        ယုံကြည်သောသူတို့၌ ဖြစ်အံ့သော နိမိတ်လက္ခဏာဟူမူကား ငါ၏နာမကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်ကြလတ္တံ။ ထူးခြားသောဘာသာစကားမျိုးတို့ကို ပြောကြလတ္တံ့။ မြွေတို့ကို ဖမ်းကိုင်ကြလတ္တံ့။ သေစေတတ်သော အဆိပ်အတောက်ကို သောက်စားလျှင် ဘေးဥပဒ်နှင့် ကင်းလွတ်ကြလတ္တံ့။ မကျန်းမမာသော သူတို့အပေါ်မှာ လက်ကိုတင်၍ ချမ်းသာပေးကြလတ္တံ့ဟု မိန့်တော်မူ၏။ (မာ၊ ၁၆း၁၇၊ ၁၈။)

၁၅။ ယုံကြည်ခြင်း၏ ဆုကျေးဇူးသည် ဘာအကျိုးကို ခံရမည်နည်း။

        နာသောသူရှိလျှင် သင်းအုပ်တို့ကို ခေါ်၍ သူတို့သည် သခင်ဘုရား၏ နာမတော်ကို အမှီပြုလျက် လူနာကို ဆီနှင့်လူး၍ သူ့အပေါ်မှာ ဆုတောင်းကြစေ။ ထိုသို့ပြုလျှင် ယုံကြည်ခြင်း၏ ဆုကျေးဇူးသည် လူနာကိုကယ်ဆယ်၍ သခင်ဘုရားသည် သူ့ကို ထမြောက်စေတော်မူမည်။ သူသည် အပြစ်ပြုမိသော်လည်း ထိုအပြစ်ကို လွှတ်တော်မူမည်။ (ယာ၊ ၅း၁၄-၁၆။)

၁၆။ ၎င်းဆုကျေးဇူးတို့သည် အစဉ်အမြဲထင်ရှားမည်လော။

        မေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏ ပုရောဖက်ဥာဏ်သော် လည်းကောင်း၊ သိပ္ပံအတတ်သော်လည်းကောင်း ကွယ်ပျောက်လိမ့်မည်။ (၁ကော၊ ၁၃း၈။)

၁၇။ ဆုကျေးဇူးတို့သည် ဘယ်သောအခါ ကွယ်ပျောက်မည်နည်း။

        ယခုမူကား၊ ငါတို့သည် မစုံမလင်သိတတ်ကြ၏။ ပုရောဖက်ဥာဏ်နှင့်မစုံမလင် ဟောတတ်ကြ၏။ စုံလင်ခြင်းသို့ ရောက်သောအခါမူကား မစုံလင်သမျှတို့သည် ကွယ်ပျောက်ကြလိမ့်မည်။ (ငယ်၊ ၉း၁၀။)

၁၈။ ဆုကျေးဇူးတို့ကို ဘယ်အတွက်ကြောင့် ထားတော်မူသနည်း။

        ခရစ်တော်၏ ကိုယ်တော်ကို တည်ဆောက်၍ ဓမ္မဆရာ၏အမှုကို ပြုတတ်မည်အကြောင်း သန့်ရှင်းသူတို့ကို ပြင်ဆင်ခြင်းအလိုငှာ ထိုသခင်သည် လူအချို့တို့ကို တမန်တော်အရာ၌ လည်းကောင်း၊ အချို့တို့ကို ပုရောဖက်အရာ၌ လည်းကောင်း၊ အချို့တို့ကို သာသနာပြုအရာ၌ လည်းကောင်း၊ အချို့တို့ကို သင်းအုပ်အရာ၊ ဆရာအရာ၌ လည်းကောင်း ခန့်ထားတော်မူ၏၊ ငါတို့ရှိသမျှသည် ယုံကြည်ခြင်းသို့ လည်းကောင်း ဘုရားသခင်၏ သားတော်ကို သိကျွမ်းခြင်းသို့ လည်းကောင်း တညီတညွတ်တည်းရောက်၍ ခရစ်တော်၏ ပြည့်စုံခြင်း ပမာဏ အရပ်တည်းဟူသော ကြီးရင့်သော လူ၏ အဖြစ်သို့ ရောက်ကြသည်တိုင်အောင် ဖြစ်သတည်း။ (ဧ၊ ၄း၁၁-၁၃။)

၁၉။ အသင်းတော်မှာ ဆုကျေးဇူးရှိသောကြောင့် ဘာအကျိုးရသနည်း။

        ငါတို့သည် နောက်တစ်ဖန် ခပ်သိမ်းသော ဩဝါဒလေတိုက်၍ ဖရိုဖရဲလွင့်သွားသော သူငယ်မဖြစ်ဘဲလျက် မေတ္တာစိတ်နှင့် သမ္မာတရားကို ဟောပြောသဖြင့် ဦးခေါင်းတည်းဟူသော ခရစ်တော်မှာ အရာရာတို့၌ ကြီးပွားကြမည် အကြောင်းတည်း။ (ငယ်၊ ၁၄-၁၆။)

၂၀။ အသင်းတော်၌ ဆုကျေးဇူးအပေါင်း ထင်ရှားမည်လော။

        ထို့ကြောင့် သင်တို့သည် ငါတို့သခင်ယေရှုခရစ်၏ ပေါ်ထွန်းတော်မူခြင်းကို မြော်လင့်၍ နေ့စဉ် ဆုတော် တစ်စုံတစ်ခုမျှ မလျော့ဘဲ စုံလင်လျက်ရှိကြ၏။ (၁ကော၊ ၁း၇။)

၂၁။ ကြွင်းကျန်သော အသင်းတော်ကို ဘာအထူးလက္ခဏာအားဖြင့် သိနိုင်သနည်း။

        နဂါးသည် မိန်းမကို အငြိုးထား၏။ ဘုရားသခင်၏ ပညတ်တော်တို့ကို ကျင့်၍ ယေရှု၏ သက်သေခံတော်မူချက်ကို စွဲလမ်းသောသူတည်းဟူသော ထိုမိန်းမ၌ ကြွင်းသော အမျိုးအနွယ်ကို စစ်တိုက်ခြင်းငှာသွား၏။ (ဗျာ ၁၂း၁၇။)

၂၂။ ယေရှု၏ သက်သေခံတော်မူချက်သည် ဘယ်အရာဖြစ်သနည်း။

        ငါကား သင်၏ လုပ်ဖော်ဆောင်ဖက်ဖြစ်၏။ ယေရှု၏ သက်သေခံတော်မူချက်ကို ဆောင်သော … အကြောင်းမူကား၊ ပုရောဖက်ဟောသော စကားချက်သဘောသည် ယေရှု၏သက်သေ ဖြစ်သတည်း။ (ဗျာ ၁၉း၁၀။)

၂၃။ ထိုကြောင့် နောက်ဆုံးသောကာလ၌ ဘုရားသခင်၏ အသင်းတော်မှာ ဘယ်လက္ခဏာ နှစ်ပါးထင်ရှားသနည်း။

အဖြေ။ ပုရောဖက်ဟောသော စကားချက်သဘောနှင့်ဘုရားသခင်၏ ပညတ်တော်တို့ကို စောင့်ခြင်း။

၂၄။ နောက်ဆုံးသောကာလ၌ မည်သည့်အခြားသော တန်ခိုးသည် ထင်ရှားမည်နည်း။

အဖြေ။ နိမိတ်လက္ခဏာတို့ကိုပြသော နတ်ဆိုး၏ ဝိညာဉ်မိစ္ဆာပုရောဖက်မှစ၍။ (ဗျာ၊ ၁၆း၁၄။ ၂သက်၊ ၂း၉၊၁၀။ မ၊ ၂၄း၂၄။)

၂၅။ နောက်ဆုံးကာလ၌ သမ္မာဝိညာဉ်၏ ထင်ရှားခြင်းသာမဟုတ်ဘဲ မိစ္ဆာဝိညာဉ်၏ ထင်ရှားခြင်းလည်း ရှိမည် ဖြစ်သောကြောင့် ကျွန်ုပ်တို့သည် ဘယ်ကဲ့သို့ပြု ရမည်နည်း။

        ပုရောဖက်ပြုခြင်းကို မထီမဲ့မြင်မမှတ်ကြနှင့်။ ခပ်သိမ်းသောအရာကို စုံစမ်း၍ ကောင်းသောအရာကို အမြဲကိုင်စွဲကြလော့။ (၁သက်၊ ၅း၂၀၊ ၂၁။ ၁ယော၊ ၄း၁-၃။ ဟေရှာ၊ ၈း၂၀။)

မူလ မာတိကာသို့


No comments:

Post a Comment