အခန်း - ၂၉
ခရစ်တော်ပယ်ရှင်းသောအရာ
၁။ ကယ်တင်တော်မူသောအရှင်သည် လက်ဝါးကပ်တိုင်ပေါ်မှာ ဘယ်အရာကိုပယ်ရှင်းသနည်း။
ဝိနည်းအထုံးအဖွဲ့နှင့် စပ်ဆိုင်သော ပညတ်တရားတည်းဟူသော ရန်ညှိုးဖွဲ့ခြင်း၏ အကြောင်းကို ကိုယ်ခန္ဓာတော်တွင် ပယ်ရှင်းတော်မူသဖြင့် ပိုင်းခြားလျက်ရှိသော စပ်ကြားအုပ်တံတိုင်း နံရံကိုဖြိုဖျက်၍ လူမျိုးနှစ်စုတို့ကို တစ်စုတည်းဖြစ်စေတော်မူ၏။ (ဧ၊ ၂း၁၅။)
၂။ ကိုယ်တော်သည်ပညတ်တော်အကြောင်း ဘာပြောသနည်း။
ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်း များကို ဖျက်ပယ်ခြင်းငှာ ငါလာသည်ဟု မထင်ကြနှင့်။ ဖျက်ဆီးခြင်းငှာ ငါလာသည်မဟုတ်။ ပြည့်စုံစေခြင်းငှာ ငါလာသတည်း။ (မ၊ ၅း၁၇။)
၃။ ကိုယ်တော်သည် ပညတ်တရားတော်ကို ဘယ်မျှကာလပတ်လုံး တည်မည်ဟူ၍ မိန့်တော်မူသနည်း။ ငါအမှန်ဆိုသည်ကား ကောင်းကင်နှင့်မြေကြီး မပျက်စီးမှီတိုင်အောင် ပညတ္တိကျမ်း၌ အငယ်ဆုံးသော ဗိန္ဓုတစ်လုံးမျှ ပြည့်စုံခြင်းသို့ မရောက်မီ မပျက်ဆီးရ။ (မ၊ ၅း၁၈။လု၊ ၁၆း၁၇။)
မှတ်ချက်။ ဤကျမ်းချက်တို့အားဖြင့် ပယ်ဖျက်သောတရားသည် ပညတ်တော်၁၀ပါး မဟုတ်ကြောင်း ထင်ရှားသည်။
၄။ ပေါလုသည် ဘုရားသခင်၏ ပညတ်တော်အကြောင်း ဘာပြောသနည်း။
ထိုကြောင့်တရားတော်သည် သန့်ရှင်းခြင်းရှိ၏။ ပညတ်တရားလည်းသန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်ခြင်းရှိ၏။ (ရော၊ ၇း၁၂။)
သခင်ယေရှုအသေခံတော်မူခြင်း၏ ပုံပမာဖြစ်သောယဇ်ပူဇော်ခြင်း
အမှုများကိုပယ်ရှင်းတော်မူ၏
၅။ ပေါ်လုသည် ဘုရားသခင်၏ ပညတ်တော်ကို အဘယ်သို့ထောက်ထားသနည်း။ ငါသည် အတွင်းလူအားဖြင့် ဘုရားသခင်၏ ပညတ်တရားတော်ကိုနှစ်သက်၏။ (ရော၊ ၇း၂၂။)
၆။ ကျွန်ုပ်တို့သည် ပညတ်တော်တို့ကို စောင့်ရှောက်ခြင်းအားဖြင့် ဘာဖေါ်ပြသနည်း။
ငါတို့သည် ဘုရားသခင်ကို ချစ်၍ ပညတ်တော်တို့ကို စောင့်ရှောက်လျှင် ဘုရားသခင်၏ သားတို့ကို ချစ်ကြသည်ကို ငါတို့သိရကြ၏။ ပညတ်တော်တို့ကို စောင့်ရှောက်ခြင်းအရာသည် ဘုရားသခင်ကို ချစ်ရာရောက်၏။ ပညတ်တော်တို့ကို စောင့်ခဲသည်မဟုတ်။ (၁ယော၊ ၅း၂၊၃။ယော ၁၄း၁၅။)
၇။ ယခုတိုင်အောင် အပြစ်ဒုစရိုက်ရှိသေးသလော။
ကိုယ်အပြစ်မရှိဟု ငါတို့သည်ဆိုလျှင် ကိုယ်ကိုကိုယ် လှည့်ဖြားကြ၏။ ငါတို့၌ သစ္စာတရားမရှိ။ (၁ယော၊ ၁း၈။)
၈။ ခရစ်တော်သည် ပညတ်တော်ကို ပယ်ရှင်းခဲ့လျှင် အပြစ်ရှိဦးမည်လော။
ပညတ်တရားကို မထားမီတိုင်အောင် ဤလောက၌ အပြစ်ရှိ၏။ အဘယ်ပညတ်တရားမျှ မရှိလျှင် အပြစ်ရှိသည်ဟု မှတ်စရာမရှိ။ (ရော၊ ၅း၁၃။)
၉။ ခရစ်တော်သည် တစ်မျိုးသောပညတ်တရားကို ပယ်ဖျက်သလော။အပြစ်၌လည်းကောင်း ၊ ဇာတိပကတိ၏ အရေဖျားလှီးခြင်းကို မခံသောအဖြစ်၌လည်းကောင်း၊ သေလျက်ရှိနေသော သင်တို့ကို ခရစ်တော်နှင့်အတူအသက်ရှင်စေ၍ သင်တို့အပြစ်ရှိသမျှတို့ကို လွှတ်တော်မူ၏။ ငါတို့နှင့် ဆန့်ကျင်ဘက်ဖြစ်သော ဝိနည်းအထုံးအဖွဲ့နှင့် စပ်ဆိုင်သော လက်မှတ်ကို ချေ၍ လက်ဝါးကပ်တိုင်မှာ ရိုက်ထားလျက် ငါတို့စပ်ကြားထဲက ပယ်ရှင်းတော်မူပြီ။ (ကော၊ ၂း၁၃ယ၁၄။ ဧ၊ ၂း၁၅။)
၁၀။ ခရစ်တော်အားဖြင့် ပယ်ဖျက်သောပွဲတော်များသည် ဘယ်အမျိုးများဖြစ်ကြသနည်း။
ထိုကြောင့် စားသောက်ခြင်းအမူ၊ ပွဲနေ့၊ လဆန်းနေ့၊ ဥပုသ်နေ့တို့ကိုစောင့်ရှောက်ခြင်းအမူတွင် သင်တို့ကို အဘယ်သူမျှ မစစ်ကြော မစီရင်စေနှင့်။ ထိုအရာတို့သည် နောက်ဖြစ်လတ္တံ့သော အရာတို့၏ အရိပ်ဖြစ်ကြ၏။ ကိုယ်မူကား ခရစ်တော်၏ကိုယ်ဖြစ်၏။ (ကော၊ ၂း၁၆၊၁၇။) မှတ်ချက်။ ခရစ်တော်သည် အရာဖြစ်သည် ။ ပွဲတော်များတို့သည် အရိပ်များဖြစ်၍ ကိုယ်တော်ရောက်လာသောအခါ အရိပ်သည် ကွယ်ပျောက်လေပြီ။ ပညတ်တော် ၁၀ပါး တရားသည် အရိပ်မဟုတ်။ ပုံဆောင်ခြင်းလည်းမဟုတ်။ ထိုကြောင့် လက်ဝါးကပ်တိုင်ပေါ်မှာ ဖျက်ပယ်သောအရာ တို့၌ မပါမဝင်။
၁၁။ ဝိနည်းအထုံးအဖွဲနှင့် စပ်ဆိုင်သော ပညတ်တရားတို့ကို ဖျက်ပယ်ခြင်းအားဖြင့် ဘာအမှုဖြစ်စေနိုင်သနည်း။ ထိုအခါ သင်တို့သည် ခရစ်တော်ကိုမသိ ၊ ဣသရေလအပေါင်း အသင်း၌ မဝင်၊ ကတိတော်ပါသော ပဋိညာဉ်တရားတို့နှင့် မဆိုင်။ မျှော်လင့်ခြင်းမရှိ။ လောက၌ ဘုရားမဲ့နေကြသည်ကို လည်းကောင်း၊ အောက်မေ့ကြလော့။ သင်တို့သည် အထက်က ဝေးလျက်ရှိသော်လည်း ယခုမှာ ယေရှုခရစ်၌ဖြစ်၍ အသွေးတော်အားဖြင့် အနီးသို့ ရောက်ကြပြီ။ အဘယ်သို့နည်းဟူမူကား ထိုသခင်သည် ငါတို့၏ ရန်ငြိမ်းခြင်း အကြောင်းဖြစ်တော်မူ၏။ ...ပိုင်းခြားချက်ရှိသော စပ်ကြားအုပ်တံတိုင်း နံရံကိုဖြိုဖျက်၍ လူနှစ်မျိုးနှစ်စုတို့ကို တစ်စုတည်း ဖြစ်စေတော်မူ၏။ (ဧ၊ ၂း၁၂-၁၅။)
၁၂။ ယုဒလူတို့နှင့် တစ်ပါးအမျိုးသားတို့ ကွဲကွာရခြင်းသည် ဘယ်အမှုကြီးကြောင့် ဖြစ်သနည်း။
သင်သည် အရေဖျားလှီးခြင်းကို မခံသောသူတိုနှင့်ပေါင်းဖေါ်၍ စားသောက်ပါသည်တကား။ (တ၊ ၁၁း၃။)
၁၃။ အရေဖျားလှီးခြင်းသည် ခရစ်တော်၌ ပယ်ရှားသလော့။
အကြောင်းမူကား၊ ယေရှုခရစ်ထံတော်၌ အရေဖျားလှီးခြင်း အကျိုးမရှိ။ မခံဘဲနေခြင်းလည်း အကျိုးမရှိ။ သတ္တဝါသစ်ဖြစ်ခြင်းသာ အကျိုးရှိ၏။ (ဂလ၊ ၆း၁၅။)
၁၄။ အရေဖျားလှီးခြင်းနှင့် ဆိုင်သောဝိနည်းအထုံးအဖွဲ့ကို ပယ်ရှားပြီးသည်နောက် အဘယ်ဂရုပြုဖွယ်ဖြစ်သော အမှုကြီးကျန်နေသေးသနည်း။
အရေဖျားလှီးခြင်းအားဖြင့် အကျိုးမရှိ ။ မခံဘဲနေခြင်းအားဖြင့်လည်းအကျိုးမရှိ။ ဘုရားသခင်၏ ပညတ်တော်တို့ကို စောင့်ရှောက်ခြင်းအားဖြင့်သာ အကျိုးရှိ၏။ (၁ကော၊ ၇း၁၉။)
မှတ်ချက်။ ကျမ်းစာသည် အများသောအရာတို့ကို ပညတ်တရားဟူ၍ ခေါ်တတ်၏။ ၎င်းတို့ကား- (က) ပညတ် ၁၀ပါး။ (ခ) လက်ဝါးကပ်တိုင်ပေါ်မှာ ပယ်ရှင်းလိုက်သော မောရှေအားဖြင့်ပေးသည့် ယုဒလူတို့၏ ဝိနည်းအထုံး အဖွဲ့တရား၊ (တရား၊ ၃ဝး၂၆။) (ဂ) အနာဂတ္တိကျမ်း၊ လင်္ကာကျမ်းတို့နှင့် ယှဉ်ကြည့်သောအခါ မောရှေရေးထားသော ရာဇဝင် ၅ ကျမ်း (ယော၊ ၁း၅။လု၊ ၂၄း၄၄။) ဘယ်အရာများကို ဖျက်ပယ်၍ ဘယ်အရာများကျန်ကြွင်းနေသည်အကြောင်း ပေါလုရေးထားသော ဩဝါဒကို ဖတ်ကြည့်စဉ်းစားသောအခါ ရှုပ်ထွေးစရာအလျင်းမရှိ။ (ရော ၃း၃၁။ ကော ၂း၁၄။) မောရှေရေးထားသော ရာဇဝင် ၅ ကျမ်းတို့ကို လက်ဝါးကပ်တိုင်ပေါ်မှာ ရိုက်လိုက်သည်မဟုတ်။ ယုဒဘာသာနှင့်ဆိုင်သော အရိပ်များတို့ကို သာရိုက်၍ ဖျက်ပယ်လိုက်သည်။ ကျင့်ဝတ်တရားဖြစ်သော ပညတ်တော် ၁၀ ပါးမူကား တည်လျက်နေလေ၏။
၁၅။ ဓမ္မာဟောင်းနှင့် ဆိုင်သောအရိပ် ဥပုသ်များ ရှေးကာလ၌ ရှိသလော။
ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊ သင်တို့သည် သတ္တမလ၊ ပထမနေ့ရက်၌ တံပိုးမှုတ်ပွဲ ၊ ဓမ္မစည်းဝေးခြင်း ကို ပြုရသော ဥပုသ်နေ့ကို စောင့်ရကြမည်။ (ဝတ်၊ ၂၃း၂၃၊ ၂၄၊ ၂၇-၃၂။)
၁၆။ ထိုဥပုသ်နေ့များတို့သည် အဘယ်ကြောင့်ထားသနည်း။
နေ့ရက်အသီးအသီးတို့၌ ထာ၀ရဘုရားအားမီးဖြင့်ပြုသော ပူဇော်သကာ၊ မီးရှို့ရာယဇ် ၊ ဘောစဉ်ပူဇော်သကာ ၊ ယဇ်ပူဇော်ခြင်း၊ သွန်းလောင်းရာ ပူဇော်သကာကို ပြုစေခြင်းငှာ စီရင်သော ဓမ္မစည်းဝေးခြင်း၊ ထာ၀ရဘုရား၏ ပွဲတော်များဖြစ်သတည်း။ (ဝတ်၊ ၂၃း၂၈။)
၁၇။ နှစ်နှင့်ဆိုင်သော ဥပုသ်များနှင့် ခုနစ်ရက်တစ်ပတ်နှင့်ဆိုင်သောဥပုသ်သည် လုံးလုံးကြီးခြားနားသလော။ ဤရွေ့ကား၊ ထာ၀ရဘုရား၏ဥပုသ်နေ့၊ ထာ၀ရဘုရားအားဆက်ကပ်ရသော အလှူဒါန၊ သစ္စာကတိနှင့်ဆိုင်သော ပူဇော်သကာ၊ အလိုလိုပြုသော ပူဇော်သကာမှတစ်ပါး။ (ဝတ်ပြု၊ ၂၃း၃၇၊၃၈။)
မှတ်ချက်။ ဤကျမ်းချက်တို့ကို လေ့လာခြင်းအားဖြင့် သိရသည်အတိုင်း၊ဘုရားသခင်၏ ဥပုသ်နေ့နှင့်အရိပ်ဖြစ်သော ဥပုသ်နေ့များတို့သည် လုံးလုံးကြီးခြားနားသော အမိန့်ဖြစ်ကြောင်း၊ ထိုဥပုသ်နေ့တို့ကို ကျယ်ဝန်းခြားနားစွာ အသုံးပြုဖို့ရန် ပြဌာန်းထား လေသည်။
No comments:
Post a Comment