Sunday, March 16, 2025

 


အခန်း - ၃၁

ဓမ္မသစ်ကျမ်း၏ ငြိမ်ဝပ်ရာနေ့


        ဓမ္မဟောင်းကျမ်းတွင် ဖော်ပြထားသော ဥပုသ်နေ့နှင့် ခြားနားသော ဥပုသ်နေ့တစ်နေ့ကို ဓမ္မသစ်ကျမ်းတွင် ကျွန်ုပ်တို့ တွေ့ရသည်ဟု အချို့ကထင်မှတ်ကြသည်။ ကျမ်းစာက ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်း နှစ်ခုစလုံးတွင် ဥပုသ်နေ့တစ်ခုကိုသာဖော်ပြရာ ၎င်းသည် ဖန်ဆင်းခြင်းနှင့်ဆိုင်သော ဥပုသ်ဖြစ်သည်။ သခင်ယေရှုနှင့် တပည့်တော်တို့သည် ရှေးသန့်ရှင်းသူများ စောင့်ခဲ့ကြသော ဥပုသ်ကိုပင် စောင့်ကြ၏။ ၎င်းပြင် ပြန်၍အသစ်ပြုလုပ် ပြောင်းလဲထားခဲ့သော ဥပုသ်နေ့အကြောင်း ဘယ်သောအခါမျှ သူတို့မဖော်မပြခဲ့ကြချေ။ သခင်သည်  နှစ်ခြင်းမင်္ဂလာ၊သခင်ဘုရား၏ပွဲတော်၊ နှိမ့်ချခြင်း ပုံသက်သေတို့ အကြောင်းကို အသေအချာ အမိန့်ပေတော်မူခဲ့သော်လည်း ဥပုသ်နေ့ ပြောင်းလဲခြင်းအကြောင်း တစ်ခွန်းမျှ အမိန့်ပေးတော်မမူ။ အချို့သော သူတို့ထင်မှတ်သည့်အတိုင်း ဥပုသ်နေ့ကို သတ္တမနေ့မှ ပထမနေ့သို့ ပြောင်းလဲလိုက်လျှင် သခင်ယေရှုနှင့် တပည်တော်တို့က အဘယ်ကြောင့် ၎င်းအကြောင်းကို မဖော်မပြဘဲနေကြသနည်း။

၁။ သခင်ယေရှုသည် အသက်တာ၌ မည်ကဲ့သို့သောထုံးစံကို ပြုလုပ်လေ့ရှိသနည်း။

        ကြီးပွားတော်မူရာ နာဇရက်မြို့ သို့ရောက်ပြန်လျှင် ထုံးစံတော်ရှိသည့်အတိုင်း ဥပုသ်နေ့၌ တရားဇရပ်သို့ဝင်၍ ကျမ်းစာကိုဖတ်ရွတ်ခြင်းငှာ ထတော်မူ၏။ (လု၊ ၄း၁၆။)

မှတ်ချက်။ နာဇရက်မြို့သည် သူငယ်အရွယ်မှစ၍ လူကြီးဖြစ်သည်တိုင်အောင် သခင်ယေရှုကြီးပွားရာမြို့ဖြစ်၏။ ကိုယ်တော်သည် နှစ်ဆယ့်ငါးနှစ်လောက် ထိုအရပ်မှာ နေခဲ့တော်မူလိမ့်မည်။ ကိုယ်တော်၏ အလေ့အကျင့်အပြုအမူတို့ကို ထိုမြို့သားတို့က ကောင်းစွားသိရှိကြလိမ့်မည်။ ယခုနှစ်ခြင်းခံတော်မူပြီးနောက် မိမိ၏အရပ်ဒေသသို့ ပထမအကြိမ် ကြွလာတော်မူရာတွင် ကိုယ်တော်သည် တရားဇရပ်သို့ ဝင်တော်မူ၏။ ထိုနေ့သည် ဥပုသ်နေ့ဖြစ်၏။ ဗျာဒိတ်တော်ကား ကြာမြင့်စွာ ဤသို့ဥပုသ်စောင့်ခြင်း ထုံးစံအကြောင်း ရေးမှတ်ထားသည်မှာ အမှန်ပင်ထူးခြားချက် ဖြစ်ပေသည်။

၂။ ကျွန်ုပ်တို့၏ သခင်ဘုရားသည် နောက်အမှုတော်ဆောင်ရွက်ရန် အချိန်ကာလတွင် မည်သည့်အမှုကိုပြုတော်မူသနည်း။

        ထိုအရပ်မှကြွ၍ တပည့်တော်တို့သည် လိုက်ကြသဖြင့် မိမိမြို့သို့ရောက်တော်မူ၏။ ဥပုသ်နေ့ရောက်လျှင် တရားဇရပ်၌ ဆုံးမဩဝါဒပေးတော်မူ၏။ (မာ၊ ၆း၁၊၂။)

၃။ ကိုယ်တော်သည် လက်ဝါးကပ်တိုင်၌ အသေခံတော်မူပြီးနောက် သခင်ယေရှုတပည့်တော်များနှင့်ယုံကြည်သူတိုသည် မည်သည့်နေ့ကို စောင့်ကြသနည်း။

        ထိုနောက်မှ ပြန်သွားပြီးလျှင် ဆီမွေးနှင့် နံ့သာမျိုးကို ပြင်ဆင်၍ ပညတ်တော်အတိုင်း ဥပုသ်နေ့၌ အလုပ်မလုပ်ဘဲနေကြ၏။ (လုကာ၊ ၂၃း၅၆။) 


ရှင်ပေါလုသည် သတ္တမနေ့ဥပုသ်၌ တရားဇရပ်တွင် တရားဓမ္မကိုဟောကြားသွန်သင်၍ 

အခြားနေခြောက်ရက်တွင် အလုပ်လုပ်၏။

မှတ်ချက်။ သခင်ယေရှုသည် ထိုသောကြာနေ့မွန်းလွဲအချိန်၌ လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံတော်မူသောအခါ ကိုယ်တော်သည် အသစ်သော ပဋိညာဉ်ကို အတည်ဖြစ်စေတော်မူ၏။ ဂလတိဩဝါဒစာ၊ ၃း၁၅ အတိုင်း ကိုယ်တော် အသေခံတော် မူသည့် အချိန်မှစ၍ ၎င်းပဋိညာဉ်ကို မည်သည့်အရာမျှထပ်၍ မတည်နိုင်၊ ၎င်းအထဲမှ မည်သည့်အရာကိုမှ မနုတ်ပယ်နိုင်။ ထိုအချိန်တိုင်အောင် သခင်ယေရှုသည် တပည့်တော်တို့အားဥပုသ်အသစ်အကြောင်း အနည်းငယ်မျှမိန့်တော်မမူကြောင်း ထင်ရှား၏။ ရှေးပညတ်တော်တွင် ပြောင်းလဲခြင်း တစ်စုံတစ်ခုကိုမျှ ကိုယ်တော်သည် ဖေါ်ပြတော်မမူခဲ့ချေ။ အခြားနေ့များတွင် တပည့်တော်တို့သည် ပြုလုပ်နေကျထုံးစံ အတိုင်း ကိုယ်တော်၏ ကိုယ်ကိုအမွှေးအထုံများနှင့် လိမ်းကျံပေးကြလိမ့်မည်။ သို့သော် ဥပုသ်အချိန်ရောက်လာ၍ ထိုသို့မပြုကြတော့ဘဲ ပညတ်တော်အတိုင်း ဥပုသ်နေ့၌ အလုပ်မလုပ်ဘဲ နေကြ၏။ တပည့်တော်တို့သည် သခင်ယေရှုနှင့်အတူ သုံးနှစ်ကျော်နေထိုင်ခဲ့ကြ၏။ ပညတ်တော်ကို နားထောင်ဖို့ရန်သင်ကြားလာခဲ့ရကြ၏။ ယခုသူတို့၏ သခင်ဘုရားသည် သူတို့နှင့်အတူမရှိသော်လည်း ရှေးနည်းတူ ပညတ်တော်ကို စောင့်ကြ၏။

၄။ ပညတ်တော်အတိုင်း ဥပုသ်နေ့သည် ဘယ်နေ့ဖြစ်သနည်း။

        သတ္တမနေ့ရက်သည် သင်၏ဘုရားသခင် ထာ၀ရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ (ထွက်မြောက်ရာကျမ်း၊ ၂ဝး၁၀။)

၅။ မိမိအသေခံတော်မူပြီးနောက် ၃၅နှစ်ကြာသောအခါမှာပင် သခင်ယေရှုသည် ဥပုသ်စောင့်ဖို့မျှော်လင့်တော်မူကြောင်း ကျွန်ုပ်တို့ဘယ်ကဲ့သို့ သိရကြသနည်း။

        သင်တို့ပြေးရသောအချိန်သည် ဆောင်းကာလ၌မကျ၊ ဥပုသ်နေ့၌လည်း မကျမည်အကြောင်းဆုတောင်းကြလော့။ (မဿဲ၊ ၂၄း၂၀။)

မှတ်ချက်။ ရောမနိုင်ငံတိတုစစ်ဗိုလ်ချုပ်သည် ခရစ်သက္ကရာဇ် ၇၀၊ နွေဥတုလောက်တွင် ယေရုရှလင်မြို့ကို ဖျက်ဆီးခဲ့လေ၏။

၆။ တစ်ပါးအမျိုးသားတို့၏ တမန်တော်များဖြစ်ကြသူပေါလုနှင့် ဗာနဗတို့သည် မည်သည့်နေ့၌တရားဟောကြသနည်း။

        ပိသိဒိပြည်၊ အန္တိအုတ်မြို့သို့ရောက်လျှင် ဥပုသ်နေ့၌တရားဇရပ်သို့ဝင်၍ ထိုင်ကြ၏။ (တမန်တော်၊ ၁၃း၁၄။)

၇။ တစ်ပါးအမျိုသားတို့က ပေါလုအားမည်သည့်နေ့တွင် တရားဟောပြောရန် တောင်းပန်ကြသနည်း။

        လူများတို့သည် တရားဇရပ်မှ ထွက်သွားကြစဉ် ထိုအကြောင်းအရာတို့ကို မိမိတို့အား နောက်ဥပုသ်နေ့၌ ဟောပြောပါမည် အကြောင်းတောင်းပန်ကြ၏။ (ငယ်၊ ၄၂။)

၈။ ဖိလိပ္ပိမြို့ရှိမိန်းမများအား ပေါလုသည် ဘယ်နေ့၌ တရားဟောပြောသနည်း။

        ဥပုသ်နေ့၌ ငါတို့သည် မြို့ပြင်သို့ထွက်လျှင် ပထမဇရပ်တည်ရှိရာမြစ်နားသို့သွား၍ ထိုင်ပြီးမှ ထိုအရပ်၌စည်းဝေးသော မိန်းမတို့အား ဟောပြောကြ၏။ (တမန်တော်၊ ၁၆း၁၃။)

၉။ ပေါလုသည် ဧဝံဂေလိတရားကို အဘယ်ကရရှိသည်ဟု ပြောဆိုထားသနည်း။

        ညီအစ်ကိုတို့၊ ငါဟောပြောသော ဧဝံဂေလိတရားသည် လူတို့၏တရားမဟုတ်၊ လူထံမှငါခံရသည်မဟုတ်။ ယေရှုခရစ်၏ဗျာဒိတ်တော်မှတစ်ပါး အခြားသော ဥပဒေသကို ငါမခံသည် အကြောင်းကို သင်တို့အား ငါကြားလိုက်ရ၏။ (ဂလာတိ၊ ၁း၁၁၊၁၂။)

၁၀။ ပေါလုသည် ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းတို့ကို ဘယ်ကဲ့သို့ သဘောထားသနည်း။

        သို့သော်လည်း ဒိဌိအယူဟူ၍ သူတို့ခေါ်တတ်သော ဘာသာအတိုင်း အကျွန်ုပ်သည် မိစဉ်ဘဆက်ကိုးကွယ်သော ဘုရားသခင်ကို ကိုးကွယ်သည်ဟု ရှေးတော်၌အကျွန်ုပ်ဝန်ခံပါ၏။ ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းတို့၌ စီရင်ရေးထားသမျှတို့ကို အကျွန်ုပ်ယုံပါ၏။ (တမန်တော်၊ ၂၄း၁၄။)

မှတ်ချက်။ ပေါလုသည်ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းတို့တွင် ရေးထားသမျှတို့ကို ယုံကြည်၍ ၎င်းတို့အကြောင်းကို ဟောပြောလျက်အခြားသော ဧဝံဂေလိတရားကို ဟောပြောသော သူတို့အပေါ် ကျိန်ခြင်းပြစ်ဒဏ်ကို သက်ရောက်ပါစေဟု ဆိုထား၏။ ကမ္ဘာဦးကျမ်း၊ ပထမကျမ်းချက်မှ ဗျာဒိတ်ကျမ်း နောက်ဆုံးကျမ်းချက်အထိ၊ ကျမ်းစာတစ်အုပ်လုံးကို ဖတ်ကြည့်လျှင် ဥပုသ်နေ့တစ်ခုတည်းသာရှိကြောင်း ထားသည်ကိုသိရ၏။ ခုနစ်ရက်သီတင်းတွင် ပထမနေ့မဟုတ်ဘဲ သတ္တမနေ့ဥပုသ်ဖြစ်သည်။ ထိုနေ့၌ သခင်ယေရှုနှင့် ပေါလုတို့သည်တရားဟောပြောသွန်သင်ခဲ့ကြ၏။ ဟေရှာ၊ ၆၆း၂၂၊၂၃ တွင် ပါရှိသည်အတိုင်း ရွေးနုတ်ခြင်းခံရသော သူတို့သည် ဤနေ့ကို ကာလအဆက်ဆက် စောင့်ရှောက်ရကြလိမ့်မည်။

မူလ မာတိကာသို့

No comments:

Post a Comment