Sunday, March 16, 2025


အခန်း - ၃၇

ဘုရားသခင်တံဆိပ်နှင့်

အယူမှားခြင်း၏ အမှတ်လက္ခဏာများ


၁။ တံဆိပ်သို့မဟုတ် လက္ခဏာ၏ရည်ရွယ်ချက်သည် မည်သည့်အရာဖြစ်သည်ဟု ကျမ်းစာကဖော်ပြထားပါသနည်း။

        သို့ဖြစ်၍ အရှင်မင်းကြီး၊ အမိန့်ရှိတော်မူပါ။ မပြောင်းလဲတတ်သော မေဒိပေရသိ ဓမ္မသတ်အတိုင်း အမိန့်တော်တည်စေခြင်းငှာ တံဆိပ်ခတ်တော်မူပါ။ (ဒံယေလ၊ ၆း၈။)

မှတ်ချက်။ ရှင်ဘုရင်၏အမိန့်ကိုမှန်ကန်စွာစောင့်၍ အာဏာတည်စေရန် ရှင်ဘုရင်၏ တံဆိပ်အမှတ်အသားကို နှိပ်ပေးရသည်။ ရှေးကရှင်ဘုရင်များသည် သူတို့၏ အမည်နာမများပါသော လက်စွပ်များကို ဤကဲ့သို့ တံဆိပ်ခတ်ရန် မိမိတို့လက်မှ ဝတ်ထားရကြ၏။

၂။ ရုံးသုံးတံဆိပ်တွင် အရေးကြီးသောအချက်သုံးချက်တို့ကား မည်သည့်အရာများဖြစ်သနည်း။

        ရှင်ဘုရင်၏ တံဆိပ်များတွင် အချက်သုံးချက်ကိုပြထားရမည်။ 

    - (၁)ပညတ်တရားပေးသူ၏ အမည်၊၊ 

    - (၂) သူ၏အာဏာ၊ ဂုဏ်ထူးနှင့်အုပ်စိုးသောအခွင့်အရေး၊

    - (၃) သူ၏ နိုင်ငံ၊ သူပိုင်ဆိုင်သောနယ်အကျယ်အဝန်း။

၃။ ဘုရားသခင်၏တံဆိပ်ကိုဘယ်မှာတွေ့နိုင်သနည်း။

        ဤသက်သေခံချက်ကို ငါ့တပည့်တို့တွင်ထုတ်ထား၍ ပညတ်တရားကို တံဆိပ်ခတ်လော့။ (ဟေရှာယ၊ ၈း၁၆။)

၄။ ပညတ်တော်ဆယ်ပါးတွင် မည်သည့်ပညတ်တရားသည် မှန်သောဘုရားနှင့်ပညတ်တော်ကို စီရင်ပိုင်တော်မူရှင်အကြောင်း ဖော်ပြသနည်း။

        ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှါ ထိုနေ့ရက်ကိုအောက်မေ့လော။ သတ္တမနေ့ရက်သည် သင်၏ ဘုရားသခင်၏ ဥပုသ်နေဖြစ်၏။ အကြောင်းမူကား ထာ၀ရဘုရားသည် မိုးကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ အရပ်ရပ်၌ ရှိသမျှတို့ကို ခြောက်ရက်တွင် ဖန်ဆင်း၍ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ထိုကြောင့် ထာ၀ရဘုရားသည် သတ္တမနေ့ရက်ကို ကောင်းချီးပေး၍ သန့်ရှင်းစေတော်မူ၏။ (ထွက်မြောက်ရာကျမ်း၊ ၂ဝး၈-၁၁။)

မှတ်ချက်။ စတုတ္ထပညတ်သာလျှင် ဤပညတ်တရားတော်ကို စီရင်ပိုင်တော်မူသောအရှင်၏ အမည်နာမ၊ အာဏာတန်ခိုးနှင့် နိုင်ငံကိုဖော်ပြ၏။ ခြောက်ရက်တွင် (၁) ထာ၀ရဘုရား (နာမ)၊ (၂) ဖန်ဆင်းခြင်း (အာဏာတန်ခိုး)၊ (၃) ကောင်းကင်မြေကြီး (နိုင်ငံ)။ ထိုကြောင့် ဤပညတ်တော်တစ်ခု၌သာလျှင် အသက်ရှင်တော်မူသော ဘုရားသခင်၏တံဆိပ်တော် ပါရှိ၏။

၅။ ဘုရားသခင်က မိမိနှင့် မိမိ၏ လူတို့စပ်ကြားတွင် ဥပုသ်သည် ထာ၀ရလက္ခဏာသက်သေဖြစ်ကြောင်း မည်ကဲ့သို့ အကြောင်းပြတော်မူသနည်း။

        ထိုသို့စောင့်လျှင် ငါနှင့် ဣသရေလအမျိုးသားစပ်ကြား၌ ထာ၀ရလက္ခဏာသက်သေဖြစ်လိမ့်မည်။ အကြောင်းမူကား ထာ၀ရဘုရားသည် မိုးကောင်းကင်နှင့် မြေကြီးကို ခြောက်ရက်တွင် ဖန်ဆင်း၍ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေလျက် အားဖြည့်တော်မူသည်။ (ထွက်၊ ၃၁း၁၇။)

မှတ်ချက်။ ဥပုသ်နေ့သည် မှန်သော ဖန်ဆင်းရှင်ဘုရားသခင်၏ လက္ခဏာသက်သေ၊ တံဆိပ်၊ အမှတ်အသားဖြစ်၏။

၆။ ဥပုသ်နေ့ကိုစောင့်ခြင်း၊ သန့်ရှင်းစေခြင်းသည် မည်သည့်အရာအတွက် လက္ခဏာသက်သေဖြစ်သည်ဟု ဘုရားသခင်က မိန့်တော်မူသနည်း။

        ငါ၏ဥပုသ်နေ့တို့ကို လည်း သန့်ရှင်းစေကြလော့။ ငါသည်သင်တို့၏ ဘုရားသခင်ထာ၀ရဘုရားဖြစ်သည်ဟု သင်တို့သည် သိမည်အကြောင်း ထိုဥပုသ်နေ့ကို သင်တို့စပ်ကြားမှာ လက္ခဏာသက်သေဖြစ်စေကြလော့။(ယေဇကျေလ၊ ၂ဝး၂၀။)

၇။ ဥပုသ်နေ့သည် ဘုရားသခင်အားဖန်ဆင်းရှင်အဖြစ် အသိအမှတ်ပြုခြင်းအပြင် မည်သည့်အရာအတွက် လက္ခဏာသက်သေ ဖြစ်သနည်း။

        ငါသည် သင်တို့ကို သန့်ရှင်းစေသော ထာ၀ရဘုရားဖြစ်ကြောင်းကို သင်တို့သိစေခြင်းငှါ ငါနှင့် သင်တို့၏ သားစဉ်မြေးဆက်စပ်ကြား၌ လက္ခဏာသက်သေဖြစ်ဖို့ရာ ငါ့ဥပုသ်နေ့ကို စင်စစ်စောင့် ရကြမည်။ (ထွက်၊ ၃၁း၁၃။)

မှတ်ချက်။ ဥပုသ်နေ့သည် ဖန်ဆင်းခြင်းအမှု၌ဖြစ်စေ၊ ရွေးနုတ်ခြင်းအမှု၌ ဖြစ်စေ၊ ဘယ်နေရာ၌မဆို၊ ဘယ်နည်းနှင့်မဆို ဘုရားသခင်၏ ဖန်ဆင်းပြုပြင်ခြင်းတန်ခိုးကို ထင်ရှားစေသော လက္ခဏာသက်သေကြီးဖြစ်သည်။ ရွေးနုတ်ခြင်းအမှုသည်လည်း အသစ်ဖန်ဆင်းပြုပြင်ခြင်းပင် ဖြစ်သည်။ ဥပုသ်နေ့ပြန်၍ ရောက်လာသောအခါတိုင်း ဘုရားသခင်အား ဖန်ဆင်းတော်မူသောအရှင်၊ ကိုယ်တော်၏ ကျေးဇူးတော်နှင့်သန့်ရှင်းစေခြင်းအားဖြင့် ကျွန်ုပ်တို့အား ထာ၀ရနိုင်ငံတော်အတွက် သင့်လျော်သောသူများဖြစ်စေရန် ပြုလုပ်ဖန်ဆင်းပေးနေတော်မူသောအရှင်အဖြစ်နှင့် ကျွန်ုပ်တို့သည် သတိရကြမည်အကြောင်း ဘုရားသခင်က စီမံထားတော်မူ၏။

၈။ မြေကြီးပေါ်သို့ပျက်စီခြင်းတည်းဟူသောလများကို မလွှတ်မီ ထူခြားစွာတံဆိပ်ခတ်ခြင်း အလုပ်တစ်ခုပြုလုပ်မည်အကြောင်း မည်သည့်ကျမ်းချက်က ဖော်ပြသနည်း။

        ထိုနောက်မှ အသက်ရှင်တော်မူသော ဘုရားသခင်၏ တံဆိပ်ပါသော ကောင်းကင်တမန်တစ်ပါးသည် အရှေ့မျက်နှာက တက်လာသည်ကိုငါမြင်၏။ ငါတို့ဘုရားသခင်၏ ကျွန်တို့ကို နဖူး၌ တံဆိပ်မခံမီတိုင်အောင် မြေ၊ ပင်လယ်၊ သစ်ပင်တို့ကို မညှဉ်းဆဲပါနှင့် ဟု ကြီးသောအသံနှင့် ကြွေးကြော်လေ၏။ တံဆိပ်ခတ်ခြင်းကို ခံရသောသူအရေးအတွက်ကို ငါကြား၍ ဣသရေလအမျိုးသားတို့၌ အသီးသီးသော အမျိုးအနွယ်ထဲက လူတစ်သိန်းလေးထောင်တို့သည် တံဆိပ်ခတ်ခြင်းကို ခံရကြ၏။ (ဗျာ၊ ၇း၁-၄။ ယေ၊ ၉း၁-၆။)

၉။ တမန်တော်များသည် မကြာမီ ဤလူစုကိုပင်အဘယ်နေရာ၌ တွေ့မြင်သနည်း။ သူတို့၏ နဖူး၌ မည်သည့်အရာရှိကြသနည်း။

        ထိုနောက်မှ ငါကြည့်လျှင် သိုးသငယ်သည် ဇိအုန်တောင်ပေါ်မှာ ရပ်နေ၏။ သူ၏နာမနှင့် ခမည်းတော်၏နာမကို နဖူး၌ အက္ခရာတင်သော သူတစ်သိန်းလေးသောင်းလေးထောင်လည်း သူနှင့်အတူရှိကြ၏။ (ဗျာ၊ ၁၄း၁။)

မှတ်ချက်။ ခမည်းတော်၏ နာမသည် ကိုယ်တော်၏သဘောတော်ကို ထင်ရှားစေ၏။ မောရှေသည်ဘုရားသခင်၏ ဘုန်းတော်ကုပြသတော်မူရန် တောင်းပန်သောအခါ ထာ၀ရဘုရားသည် ရှေ့၌ဖြတ်သွား၍ မိမိ၏နာမတော်ကို ကြွေးကြော်ဖော်ပြတော်မူ၏။ ထာ၀ရဘုရား၊ ထာ၀ရဘုရားချစ်သနားခြင်း မေတ္တာကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့် ကြွယ်၀တော်မူထသော၊ (ထွက် ၃၃း၁၈၊ ၁၉။ ၃၄း၆)။ ဘုရားသခင်၏နာမတော်သည် ကိုယ်တော်၏သဘောတော်ကို ထင်ရှားစေ၍ ပညတ်တရားတော်သည် ထိုသဘောတော်ကို ပြန်၍ရေးသားထားသော အချက်ဖြစ်သောကြောင့် ဗျာ၊ ၁၄း၁ တွင်ညွှန်ပြထားသော နာမသည် ဘုရားသခင်၏ ပတ်တော်တွင်ပါရှိသော နာမတော်နှင့် ညီညွတ်သည်ဟု မှတ်ယူအပ်ပေသည်။

၁၀။ တံဆိပ်ခတ်ခြင်းခံရသော ဤသူတို့၏ အကျင့်စာရိတ္တအကြောင်းမည်ကဲ့သို့ ဖော်ပြထားသနည်း။

        အပြစ်နှင့်ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌မုသားမရှိ။ (ဗျာ၊ ၁၄း၅။)

၁၁။ ကျန်ကြွင်းသောအသင်းတော်အကြောင်း မည်ကဲ့သို့ဖော်ပြထားသနည်း။

        ဘုရားသခင်၏ပညတ်တို့ကိုလည်းကောင်း၊ ယေရှု၏ ယုံကြည်ခြင်းကိုလည်းကောင်း စောင့်ရှောက်သော သန့်ရှင်းသူတို့သည် ဤအရာ၌သည်းခံစရာအကြောင်းရှိ၏။ (ဗျာ၊ ၁၄း၁၂။)

၁၂။ ဗျာဒိတ်ကျမ်း ၁၄ ၏ တတိယကောင်းကင်တမန်က သူတို့အားမည်သည့်အရာသုံးခုကို တားမြစ်သတိပေးထားသနည်း။

        ထိုမှတစ်ပါး တတိယကောင်းကင်တမန်က အကြင်သူသည် သားရဲကိုကိုးကွယ်၍ သူ၏ တံဆိပ်လက်မှတ်ကို နဖူး၌ခံသည် ဖြစ်စေ၊ လက်၌ခံသည်ဖြစ်စေ ထိုသူသည် ဘုရားသခင်၏ ဒေါသဖလား၌ လောင်းသောအမျက်တော် စပျစ်ရည်စစ်ကို သောက်ရလိမ့်မည်။ (ငယ် ၉၊ ၁၀။)

မှတ်ချက်။ သားရဲသည် ပုပ်ရဟန်းမင်းကြီး၏ အာဏာကို ပုံဆောင်သည်။ သားရဲ၏ တံဆိပ်သည် အစိုးရအာဏာကို အသုံးပြုသော အခြားဘာသာရေး အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ဘုရားသခင်၏တံဆိပ်နှင့်ဆန့်ကျင်ဘက်ဖြစ်သောအရာသည် သားရဲ၏ တံဆိပ်လက်မှတ်၊ ဖောက်ပြန်ခြင်း၏ အမှတ်လက္ခဏာဖြစ်သည်။ ဤကဲ့သို့မှားသော ကိုးကွယ်မှု၊ ဤအမှတ်လက္ခဏာကို ခံယူခြင်းမပြုရန် ဘုရားသခင်သည် ဤအရေးကြီးသောသတိပေးစကားကို ကြေားပြောတော်မူ၏။

၁၃။ ပုပ်ရဟန်းမင်းသည် မိမိအာဏာတန်ခိုး၏ တံဆိပ်လက်မှတ်အဖြစ် မည်သည့်အရာကို ခွဲခန်းမှတ်သားထားသနည်း။

မေး။    ဗရင်ဂျီအသင်းတော်၌ ပွဲနေ့များနှင့် သန့်ရှင်းသောနေ့များကို ခန့်ထားနိုင်သော တန်ခိုးရှိကြောင်းမည်ကဲ့သို့ သက်သေပြနိုင်သနည်း။

အဖြေ။ ဥပုသ်နေ့ကို တနင်္ဂနွေနေ့သို့ပြောင်းလဲလိုက်ခြင်းအမှုအားဖြင့် ထင်ရှား၏။ ဗရင်ဂျီအသင်းတော်နှင့်ဆန့်ကျင်သော အသင်းများကလည်း ၎င်းနေ့ကို လက်ခံကြသည်။

“Abridgment of Christian doctrine,” by Rev. Henry Tuberville. D. D. Page 58.

        မှန်သောဥပုသ်သည် မှန်သော ဘုရားသခင်ဘက်၌ စောင့်ထိန်းခြင်း လက္ခဏာသက်သေဖြစ်သောကြောင့် မမှန်သောဥပုသ်သည် ဖောက်ပြန်ခြင်း၏ လက္ခဏာသက်သေဖြစ်ရသည်မှာ ဓမ္မတာပင်ဖြစ်ချေသည်။ ထိုသို့ဖြစ်သည်ကိုလည်း ကျွန်ုပ်တို့တွေ့ရှိရကြပြီ။

၁၄။ ဗရင်ဂျီအသင်းနှင့် ဆန့်ကျင်သောအသင်းသားများတို့သည် တနင်္ဂနွေနေ့ စောင့်ကြခြင်းအကြောင်း ပုပ်ရဟန်းမင်း၏ အဖွဲ့အစည်းများကို မည်ကဲ့သို့ပြောဆိုထားသနည်း။

        ဗရင်ဂျီအသင်းတော်နှင့် ဆန့်ကျင်သော အသင်းသားများသည် တနင်္ဂနွေနေ့ကို စောင့်နေခြင်းဖြင့် သူတို့သည် ဗရင်ဂျီအသင်းတော်၏ အာဏာကိုစောင့်ထိန်းရိုသေလျက်ရှိသေးကြောင်း ထင်ရှားသည်။

                    “Plain Talks About Protestantism of Today,” by Monsignor segur, Page 213.

၁၅။ ဤမှားသောကိုးကွယ်ခြင်းနှင့် ဤတံဆိပ်လက္ခဏာကို အတင်းအကျပ် လက်ခံစေခြင်းအမှုတို့ကို မည်မျှပြင်းထန်စွာ တိုက်တွန်းနှိုးဆော်လိမ့်မည်နည်း။

        သားရဲ၏ရုပ်တုသည် စကားပြောနိုင်မည်အကြောင်းနှင့် မိမိကို မကိုးကွယ်သောသူရှိသမျှတို့ကို သတ်ခြင်းငှာ ပြုနိုင်မည်အကြောင်း ငွေရတတ်သောသူ၊ ဆင်းရဲသောသူ၊ ကျွန်ခံရသောသူ၊ လွတ်သောသူ၊ အကြီးအငယ်ရှိသမျှတို့သည် လက်ယာလက်၌ဖြစ်စေ၊ နဖူး၌ဖြစ်စေ တံဆိပ်လက်မှတ်ကို ခံစေခြင်းငှါလည်းကောင်း၊ ထိုတံဆိပ်လက်မှတ်တည်းဟူသော သားရဲ၏ နာမဖြစ်စေ၊ နာမ၏ အရေအတွက်ဖြစ်စေ တစ်ခုခုကို မခံသောသူ တစ်ယောက်မျှ မရောင်းမဝယ်စေခြင်းငှါလည်းကောင်း စီရင်၏။ (ဗျာဒိတ်၊ ၁၃း၁၅-၁၇)

၁၆။ ဘုရားသခင်၏လူတို့သည် အဆုံး၌မည်ကဲ့သို့သောအရာတို့ကို အောင်မြင်ကြလိမ့်မည်နည်း။

        မီးနှင့်ရောသောဖန်ရေကဲ့သို့ ရှိသည်ကိုလည်းမြင်ရ၏။ သားရဲနှင့်လည်းကောင်း၊ သူ၏ နာမအရေးအတွက်နှင့်လည်းကောင်း လွတ်၍ အောင်မြင်သောသူတို့သည် ဘုရားသခင်၏စောင်းတော်တို့ကို ကိုင်လျက် ဖန်ရေကန်နားမှာ ရပ်နေကြသည်ကို မြင်ရ၏။ (ဗျာ၊ ၁၅း၂။)

မူလ မာတိကာသို့

No comments:

Post a Comment