Wednesday, March 12, 2025



အခန်း - ၃

ဘုရားသခင်တည်ရှိတော်မူခြင်းနှင့်ဂုဏ်အင်္ဂါလက္ခဏာများ


၁။ မိုးကောင်းကင်သည်ဘာကြားပြောသနည်း။

        မိုးကောင်းကင်သည် ဘုရားသခင်၏ ဘုန်းအသရေတော်ကိုကြား ပြော၍ မိုးမျက်နှာကြက်သည် လက်တော်နှင့်လုပ်သောအရာများကို ပြသ၏။ (ဆာ၊ ၁၉း၁။)

၂။ ဘုရားသခင်သည် မိမိတည်ရှိတော်မူကြောင်း လူတို့အား ဘာသက်သေ ပေးထားသနည်း။

        သို့သော်လည်း သင်တို့အား ကျေးဇူးပြုလျက် အစာအာဟာရနှင့် ၀ပြော၍ ဝမ်းမြောက်စေခြင်းငှာ မိုးကောင်းကင်မှ မိုးရွာစေတော်မူ၍ အသီးအနှံတို့ကို သီးစေတတ်သော ဥတုကိုပေးတော်မူသော အားဖြင့်ကိုယ်တော်ရှိတော်မူသည်ကို သက်သေမခံဘဲနေတော်မမူ။ (တ၊ ၁၄း၁၇။)

၃။ မိမိတည်ရှိတော်မူခြင်းနှင့်ဂုဏ်လက္ခဏာတော်တည်းဟူသော မျက်မြင်မရသောအရာတို့ကို အဘယ်ကဲ့သို့ နားလည်နိုင်မည်နည်း။

        အဘယ်သို့နည်းဟူမူကား၊ ဖန်ဆင်းတော်မူသောအရာများကိုထောက်ရှုသဖြင့် ထာ၀ရတန်ခိုးတော်နှင့် ထာ၀ရအဖြစ်တော်တည်းဟူသောမျက်မြင်မရသော ဘုရားသခင်၏ အရာတို့သည် ကမ္ဘာတည်သည် ကာလမှစ၍ ထင်ရှားလျက်ရှိကြ၏။ ထိုကြောင့် သူတို့သည် ကိုယ်အပြစ်ကို မဖုံးနိုင်ရာ။ (ရော၊၁း၂၀။)

မှတ်ချက်။ လောကဓါတ်သည် ကျွန်ုပ်တို့အားမိုးကောင်းကင်နှင့်ကမ္ဘာမြေကြီး ဖန်ဆင်းတော်မူသော ဘုရားမှန်ကို ညွှန်ပြသည်။ အချိန်မှန်မှန် သွားဖို့ရာ အလွန်သေးငယ်သော စက်ကိရိယာတို့နှင့်ကောင်းမွန်သေချာစွာ ပြုပြင်စီမံ၍ ထားသော ခါးပိုက်ဆောင်နာရီကလေးတစ်လုံးသည် မိမိကိုများစွာကြိုးစား စီမံပြုလုပ်သောသူ ရှိကြောင်း ကျွန်ုပ်တို့ဝန်ခံစေသည် မှန်လျှင် လူ၏ဉာဏ်ဖြင့် မမီနိုင်သော သဘာ၀၏အပြုအမူတို့သည်ဘုရားသခင်တစ်ပါးတည်း ရှိကြောင်းသာ၍ ဝန်ခံစေမည်မဟုတ်လော။

၄။ ဘုရားသခင်သည် ထာ၀ရတည်ရှိတော်မူကြောင်း ဘာပြောထားသနည်း။

        အိုဘုရားသခင်၊ ကိုယ်တော်သည် ကာလအစဉ်အဆက် အကျွန်ုပ်တို့ခိုလှုံရာ ဖြစ်တော်မူ၏။ တောင်များကိုမဖေါ်၊ မြေကြီးနှင့် လောကဓါတ်ကိုဖန်ဆင်းတော်မမူမီ၊ ကိုယ်တော်သည် ရှေးကမ္ဘာအဆက်ဆက်မှစ၍ နောက်ကမ္ဘာ အဆက်ဆက်တိုင်အောင် ဘုရားသခင်ဖြစ်တော်မူ၏။ (ဆာ၊ ၉ဝး၁၊၂။)

၅။ ဘုရားသခင်နှင့် မိမိအမှုတော်တို့ကို လူ၏ဉာဏ်သဘောသည် အကြွင်းမဲ့နားလည်နိုင်စရာရှိမည်လော။

        သင်သည် ဘုရားသခင်၏ ဇာတိတော်ကို စစ်၍တွေ့နိုင်သလော။တန်ခိုးကြီးသော ဘုရားသခင်၏ဇာတိကို စစ်၍ အကုန်အစင်နားလည်နိုင်သလော။ (ယောဘ၊ ၁၁း၇။ ရော၊ ၁၁း၃၃။ ဒေ၊ ၈း၁၇။)

၆။ ဘုရားသခင်နှင့်အခြားသောပုဂ္ဂိုလ်များအဘယ်ကဲ့သို့ပြိုင်နိုင်သနည်း။ရှေးကာလ၌ ဖြစ်ဖူးသော အမှုအရာတို့ကို အောက်မေ့ကြလော့။

        ငါသည်ဘုရားသခင်ဖြစ်၏။ ငါမှတစ်ပါး အခြားသောဘုရားမရှိ။ (ဟေရှာ၊ ၄၆း၉။ ယေ၊ ၁ဝး၆)

၇။ ဘုရားသခင်တည်ရှိတော်မူကြောင်းယုံကြည်ရန် မည်မျှလောက်အရေးကြီးသနည်း။

        ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏စိတ်တော်နှင့် မတွေ့နိုင်။အကြောင်းမူကား၊ ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်သောသူသည်ဘုရားသခင်ရှိတော်မူသည်ကို လည်းကောင်း၊ ကိုယ်တော်ကိုရှာသောသူအား အကျိုးပေးတော်မူသည်ကို လည်းကောင်း ယုံကြည်ရမည်။ (ဟေဗြဲ၊ ၁၁း၆။)

မှတ်ချက်။ ယုံကြည်ခြင်းမရှိဘဲ မှန်သောဘုရားသခင် တည်ရှိတော်မူကြောင်း မည်သူမျှ သဘောပိုက်နိုင်စရာ မရှိ။ "လူအသီးအသီးတို့အား ယုံကြည်ခြင်းကို ဝေပေးတော်မူသည်" (ရော၊ ၁၂း၃)အတွက် ကိုယ်တော်၏ ကျေးဇူးတော်ကြီးလှပါ၏။ ကိုယ်တော်တည်ရှိတော်မူကြောင်း မိမိပြုတော်မူသောအမှုတော်က ထင်ရှားစွာပြစဉ်တွင် မှန်သောယုံကြည်ခြင်းသာလျှင် ဇဝေဇဝက်ဖြစ်သော စိတ်ကိုပယ်ရှား၍ ဘုရားသခင်သည် ဧကန်အမှန်တည်ရှိတော်မူကြောင်း ထင်ရှားသည်။

၈။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် အဘယ်သို့ သိကျွမ်းနိုင်မည်နည်း၊၊

        ထိုကြောင့် သင်တို့သည် သခင်ယေရှုကို ယုံကြည်ခြင်းနှင့် သန့်ရှင်းသူအပေါင်းတို့ကို ချစ်ခြင်းအကြောင်းကို ငါသည်ကြားပြီးလျှင် သင်တို့ကိုအကြောင်းပြု၍ ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းလျက် သင်တို့အဖို့အလိုငှာ ဆုတောင်းလျက်နေ၏။ ဆုတောင်းသော အချက်ဟူမူကား၊ ငါတို့သခင်ယေရှုခရစ်၏ ဘုရားသခင် ဖြစ်တော်မူသော ဘုန်းကြီးသော အဘခမည်းတော်သည် ကိုယ်တော်မြတ်ကို သိခြင်းအလိုငှာ ပညာကိုလည်းကောင်း၊ ထိုးထွင်းသောဥာဏ်ကိုလည်းကောင်း သင်တို့အားပေးပါမည်အကြောင်း ဆုတောင်းပတ္ထနာပြု၏။ (ဧ၊ ၁း၁၅-၁၇။ ကော၊ ၁း၉။)

၉။ ဘုရားသခင်၏အသိပညာတော်သည် မည်မျှလောက်ကြီးသနည်း။

        ငါတို့ ၏ဘုရားသခင်သည် ကြီးမြတ်တော်မူ၏။ တန်ခိုးတော်လည်းကြီး၏။ ဉာဏ်တော်သည်အနန္တ ဖြစ်၏။ (ဆာ၊ ၁၄၇း၅။ ဟေရှာ၊၄ဝး ၂၈။ တ၊ ၁၅း၁၈။)

၁၀။ တန်ခိုး၏မူလအရင်းဘယ်သူနည်း။

        ဘုရားသခင်သည် တစ်ကြိမ်ဖေါ်ပြပေးတော်မူပြီ။ နှစ်ကြိမ်မြောက်ကြားရသော ဗျာဒိတ်တော်ဟူမူကား၊ တန်ခိုးသည်ဘုရားသခင်၌ရှိ၏။ (ဆာ၊ ၆၂း၁၁။)

၁၁။ ဘုရားသခင်သည် တန်ခိုးနှင့်ပြည့်စုံတော်မူသလော။

        ဤအမှုကိုလူမတတ်နိုင်၊ သို့သော်လည်းဘုရားသခင်သည်ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်တော်မူသည်။ (မ၊ ၁၉း၂၆။ ဗျာ၊ ၁၉း၆။)

၁၂။ ဘုရားသခင်သည်ခပ်သိမ်းသောအရပ်တို့၌ တစ်ပြိုင်နက်ရှိနိုင်တော်မူသလော။

        ဝိညာဉ်တော်နှင့် လွတ်ခြင်းအလိုငှာ အဘယ်အရပ်သို့ သွားနိုင်ပါမည်နည်း။ မျက်နှာတော်နှင့် လွတ်ခြင်းအလိုငှာ အဘယ်အရပ်သို့ပြေးနိုင်ပါမည်နည်း။ ကောင်းကင်သို့ တက်လျှင်ကိုယ်တော်ရှိတော်မူ၏။ မရဏာနိုင်ငံ၌ အိပ်ရာကိုခင်းလျှင် ကိုယ်တော်ရှိတော်မူ၏။ နံနက်အတောင်တို့ကို ယူ၍သမုဒ္ဒရာစွန်း၌ နေလျှင် ထိုအရပ်၌ပင် ကိုယ်တော်၏လက်သည် အကျွန်ုပ်ကို ပို့ဆောင်လျက် လက်ယာလက်တော်သည် ကိုင်လျက်ရှိပါလိမ့်မည်။ အကယ်၍ မှောင်မိုက်သည် ငါ့ကိုဖုံးလွှမ်းမည်ဟု တစ်ဖန်ဆိုလျှင် ညဉ့်သည်လည်း အကျွန်ုပ်ပတ်ဝန်းကျင်၌ အလင်းဖြစ်ပါလိမ့်မည်။အကယ်စင်စစ်မှောင်မိုက်သည် ရှေ့တော်၌အဘယ်အရာကိုမျှ မဖုံးနိုင်ပါ။ ညဉ့်သည်နေ့ကဲ့သို့လင်းပါ၏။ မှောင်မိုက်သဘောနှင့် အလင်းသဘောသည်တူပါ၏။ (ဆာ၊ ၁၃၉း၇-၁၂။ ဟေဗြဲ၊ ၄း၁၃။ ၁၃။)

၁၃။ ဘုရားသခင်၏ ဂုဏ်တော်လက္ခဏာကို အဘယ်ကဲ့သို့ ဖေါ်ပြထားသနည်း။

        ချစ်ခြင်းမရှိသောသူသည်ဘုရားသခင်ကိုမသိ။ အကြောင်းမူကား၊ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။ (၁ယော၊ ၄း၈။)

၁၄။ ဓမ္မဟောင်းကျမ်းရေးသော ဆရာတို့က ဘုရားသခင်၏ ထူးမြတ်သော ဂုဏ်လက္ခဏာတော်များကို ဘယ်ကဲ့သို့ဖေါ်ပြထားသနည်း။

        တရားသဖြင့်စီရင်ခြင်း၊ ဖြောင့်မတ်စွာ ဆုံးဖြတ်ခြင်းသည် ပလ္လင်တော်၏တည်ရာဖြစ်ပါ၏။ ကရုဏာနှင့်သစ္စာသည် မျက်နှာတော်ရှေ့၌ သွားကြပါ၏။ (ဆာ၊ ၈၉း၁၄။ ထွက်၊ ၃၄း၅-၇။)

၁၅။ သမ္မာကျမ်းစာ၌သာလျှင် ဘုရားသခင်၏ ထူးမြတ်သော ဂုဏ်လက္ခဏာကို ဘယ်ကဲ့သို့ ထင်ပေါ်စွာ ဖေါ်ပြထားသနည်း။

        ငါသည်သန့်ရှင်းတော်မူသောကြောင့် သင်တို့သည်လည်း သန့်ရှင်းခြင်းရှိကြလော့။ (၁ပေ၊ ၁း၁၆။ ဗျာ၊ ၄း၈။ ၆း၁၀။ ဝတ်၊ ၁၁း၄၄၊၄၅။)

၁၆။ ဘုရားသခင်သည်လူတို့နှင့်ဆက်ဆံသောအခါ မိမိ၏ဂုဏ်လက္ခဏာတော် အဘယ်ကဲ့သို့ ပြထားတော်မူသနည်း။

        အိုထာ၀ရဘုရား၊ ကိုယ်တော်သည် ကောင်းသောသဘော၊ သည်းခံတတ်သော သဘောနှင့်ပြည့်စုံ၍ ကိုယ်တော်ကို ဆုတောင်းသောသူအပေါင်းတို့အား ကရုဏာတော် ကြွယ်၀ပါ၏။ (ဆာ၊ ၈၆း၅၊၁၅။ ၁ယော၊ ၁း၉။ ယော၊ ၃း၁၆။)

မူလ မာတိကာသို့


No comments:

Post a Comment