အခန်း - ၃၀
ခေတ်ကာလ၏ စစ်မှန်သောတရား
၁။ လူတို့သည် မည်သည့်အရာအားဖြင့် သန့်ရှင်းခြင်းသို့ရောက်ကြသနည်း။
ကိုယ်တော်၏ စစ်မှန်သော တရားအားဖြင့် သူတို့ကို သန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏ နှုတ်ထွက်တရားတော်သည် စစ်မှန်သောတရား ဖြစ်ပါ၏။ (ယော၊ ၁၇း၁၇။)
၂။ လူအပေါင်းတို့အား မည်သည့်အရာကို သိစေခြင်းငှာ ဘုရားသခင်အလိုရှိတော်မူသနည်း။
လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်းငှာ ဘုရားသခင်အလိုတော်ရှိ၏။ (၁တိ၊ ၂း၄။)
၃။ စစ်မှန်သောတရားကို နားထောင်ခြင်းအာဖြင့် ဘာအကျိုးခံစားရသနည်း။
စိတ်ထဲမှာ သမ္မာတရားကို နားထောင်လျက် ကိုယ်စိတ်နှလုံးကို စင်ကြွယ်စေပြီးသည် နှင့်အညီ။ (၁ပေ၊ ၁း၂၃။)
၄။ စစ်မှန်သောတရားကို အစဉ်သဖြင့်မည်ကဲ့သို့ ထိန်းသိမ်းထားရသနည်း။
သမ္မာတရားကိုဝယ်လော့၊ မရောင်းနှင့်။ (သု၊ ၂၃း၂၃။)
မှတ်ချက်။ မည်မျှစွန့်စားရသည်ဖြစ်စေ၊ မည်မျှအဖို့ပေးရသည်ဖြစ်စေ စစ်မှန်သောတရားကို ဝယ်ယူလော့။ မည်သည့်အကြောင်းကြောင့်နှင့်မျှ ၎င်းကိုမရောင်းနှင့်ဟု ဆိုလို၏။
၅။ ခေတ်ကာလ၏ စစ်မှန်သောတရားဟု ခေါ်ဆိုထားသည်ကို ကျမ်းစာကမည်သို့ အသိအမှတ်ပြုထားသနည်း။
ထိုကြောင့် ယခုဟောပြောသော သမ္မာတရားကို သင်တို့သည် နားလည်၍ တည်ကြည်ခြင်းရှိသော်လည်း ဤသို့သော စကားများနှင့် သင်တို့အား အစဉ်မပြတ်သတိပေးမည့်အမှုကို ငါမမေ့မလျော့။ ( ၂ပေ၊ ၁း၁၂။)
ကောင်းကင်တမန်က သိုးထိန်းများအားဝမ်းမြောက်ဖွယ် သတင်းစကားကိုကြားပြောလေ၏
မှတ်ချက်။ အချို့သော စစ်မှန်သော တရားများသည် ခေတ်ကာလအဆက်ဆက်များနှင့် သက်ဆိုင်၍ လူမျိုးအဆက်အနွယ်တိုင်းအဖို့ ခေတ်ကာလနှင့်ဆိုင်သော သမ္မာတရားဖြစ်၏။ အခြားသောအရာတို့ကား ထူခြားသော တရားများဖြစ်၍ လူမျိုးအဆက်အနွယ်တစ်ခုနှင့်သာ သက်ဆိုင်၏။ ဤအကြောင်းကြောင့် ၎င်းတို့သည် အရေးမကြီးလှသော အရာများမဟုတ်ပေ။ အကြောင်းကား ထိုအမျိုးအနွယ်တွင် ပါဝင်သော လူမျိုးတို့၏ ကယ်တင်ခြင်း၊ သို့မဟုတ် ဆုံးရှုံးခြင်းသည် ၎င်းတရားများကိုလက်ခံခြင်း၊ သို့မဟုတ်ငြင်းပယ်ခြင်း အပေါ်၌အမှီပြုလေ၏။ ဤတရားမျိုးတွင် ရေလွှမ်းမိုးမည့်အကြောင်း နောဧဟောပြောသော တရားမျိုးပါဝင်၏။ အမျိုးအနွယ်တစ်ဆက်အားဟောပြောသော သတင်းစကားသည် ခေတ်ကာလ၏ သမ္မာတရားဖြစ်၏။နောင်လာမည့်အမျိုးအနွယ်အတွက် ၎င်းသည် အတိတ်ကာလ၏ သမ္မာတရားဖြစ်သည်။ ခေတ်ကာလ၏တရား၊ စုံစမ်းစစ်ဆေးရာသတင်းစကား မဟုတ်တော့ချေ။ ထိုနည်းတူ မေရှိယသခင်ကြွလာခြင်း အကြောင်းတည်းဟူသော ကိုယ်တော်ပထမကြွလာတော်မူခြင်းနှင့်ဆိုင်သော နှစ်ခြင်းဆရာယောဟန်၏ သတင်းစကားသည် ယောဟန်၏ ခေတ်ကာလအလျင်၊ သို့မဟုတ် နောက်တွင်ရှိသော လူမျိုးတို့အားကြွေးကြော်လျှင် ၎င်းသည် ထိုခေတ်ကာလနှင့်မဆိုင်သော သမ္မာတရား ဖြစ်လိမ့်မည်။ လွန်ခဲ့သော ခေတ်တွင် ရှိသော လူမျိုးအနွယ်တို့သည် ၎င်းတရား၏ ပြည့်စုံခြင်းကို မြင်နိုင်အောင် အသက်ရှင်လျက်ရှိကြမည်မဟုတ်။ ယောဟန်နောက်မှ ပေါ်လာသော လူမျိုးအဆက်အနွယ်တို့အဖို့ကား အချိန်ကာလအတွက် မှားသောတရား ဖြစ်လိမ့်မည်။ ချစ်ခြင်းမေတ္တာ၊ ယုံကြည်ခြင်း၊ မြော်လင့်ခြင်း၊ နောင်တရခြင်း၊ နားထောင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ကရုဏာတရားမှစသော အများနှင့်ဆိုင်သော သမ္မာတရားတို့ကား ထိုသို့မဟုတ်။ ဤအရာတို့ကား ဘယ်အချိန်ကာလနှင့် မဆိုသက်ဆိုင်၍ ကာလအဆက်ဆက်တိုင်း အတွက်ကယ်တင်ခြင်း သဘောကို ထင်ရှားစေသော အရာများဖြစ်ကြသည်။ ထိုကြောင့် ခေတ်ကာလ၏ တရားများတွင် ဤအရာများအားလုံးပါဝင်၍ ကယ်တင်ခြင်းသဘောသက်ဝင်သဖြင့် အလွန်အရေးကြီးကြပေသည်။
၆။ နောဧ၏ကာလအတွက် ထူးခြားသော သတင်းစကားသည် အဘယ်အရာဖြစ်သနည်း။
ထိုအခါဘုရားသခင်သည် နောဧအားမိန့်တော်မူသည်ကား၊ သတ္တဝါအပေါင်းတို့၏ အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့်မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏။ အကယ်စင်စစ်မြေကြီးနှင့်တကွ သူတို့ကို ငါဖျက်ဆီးမည်။ ဂေါဖရသစ်သားဖြင့် သင်္ဘောကို ကိုယ်ဖို့တည်လုပ်လော့။ (က၊ ၆း၁၃၊၁၄။)
၇။ နောဧသည့် ဤသတင်းစကား၌ ယုံကြည်ကြောင်းမည်ကဲ့သို့ပြသနည်း။
နောဧသည် မမြင်သေးသော အမှုအရာတို့ကိုဖေါ်ပြသော ဗျာဒိတ်တော်ကိုခံယူပြီးမှ ယုံကြည်ခြင်းအားဖြင့် ကြောက်ရွံ့သော စိတ်ရှိ၍ မိမိအိမ်သားတို့ကို ကယ်တင်ခြင်းငှာ သင်္ဘောကိုတည်လေ၏။ ထိုယုံကြည်ခြင်းအားဖြင့် လောကီသားတို့ကို အပြစ်တင်၍ ယုံကြည်ခြင်းနှင့် ယှဉ်သော ဖြောင့်မတ်ခြင်းကိုလည်း အမွေခံရ၏။ (ဟေဗြဲ၊ ၁၁း၇။)
၈။ နိနေဝေမြို့အတွက် ယောနအားမည်ကဲ့သို့ ထူးခြားသောသတင်းစကားကို ဖေါ်ပြထား သနည်း။
ထိုအခါထာ၀ရဘုရား၏ အမိန့်တော်အတိုင်း ယောနသည်ထ၍ နိနေဝေမြို့သို့သွား၏။ . . . . ယောနသည် မြို့ထဲသို့ဝင်၍ တစ်နေ့ခရီးသွားလျက် အရက်လေးဆယ်လွန်သော် နိနေဝေမြို့သည် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်ဟု ကြွေးကြော်လေ၏။ (ယောန၊ ၃း၃၊၄။)
၉။ ကြိုတင်ဟောထားသော ပျက်စီးခြင်းဘေးမှ လူတို့အားမည်သည့်အရာက ကယ်တင်သနည်း။
နိနေဝေမြို့သားတို့သည် ဘုရားသခင်၏ အမိန့်တော်ကိုယုံ၍ လူကြီးလူငယ် အပေါင်းတို့သည် အစောရှောင်ရာအချိန်ကို ကြော်ငြာ၍ လျှော်တေအဝတ်ကို ဝတ်ကြ၏။. . . . . မြို့သားတို့သည် မိမိတို့လိုက်သောလမ်းမှားကိုလွှဲရှောင်၍ ကျင့်သောအကျင့်များကို ဘုရားသခင်သည် မြင်လျှင် အလျင်ခြိမ်းသော ဘေးဒဏ်ကို မပေးဘဲနေတော်မူ၏။ (ငယ်၊ ၅-၁၀။)
မှတ်ချက်။ ရေမလွှမ်းမိုးမီကရှိသော လူများတို့သည်လည်း ထိုနည်းတူ နောဧ၏ သတင်းစကားကို လက်ခံ၍ မိမိတို့၏ ဆိုးသောလမ်းကို လွှဲရှောင်ကြလျှင် ဘုရားသခင်သည် သူတို့ကို ချမ်းသာပေးတော်မူလိမ့်မည်။
၁၀။ နှစ်ခြင်းဆရာယောဟန်၏ ထူးခြားသောအလုပ်ကား မည်သည့်အရာဖြစ်သနည်း။
ယောဟန်အမည်ရှိသော သူတစ်ယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ထိုသူကို လူအပေါင်းတို့သည်အမှီပြု၍ ယုံကြည်ခြင်းသို့ ရောက်မည်အကြောင်း ထိုသူသည် သက်သေခံဖြစ်၍ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှာလာ၏။ (ယော၊ ၁း၆၊၇။)
၁၁။ ဘုရားသခင်ရွေးကောက်တော်မူသောလူမျိုးသည် သခင်ခရစ်တော် ကြွလာတော်မူသောအခါ လက်ခံကြသလော။
သူသည်မိမိအရပ်ဒေသသို့ ကြွလာသော်လည်း မိမိလူမျိုးတို့သည် သူ့ကိုလက်မခံဘဲ နေကြ၏။ (ယော၊ ၁း၁၁။)
၁၂။ သူတို့သည် ကိုယ်တော်ကို လက်မခံကြခြင်း၏အကြောင်း ၎င်းကိုမည်ကဲ့သို့ ဖေါ်ပြကြသနည်း။
ဘုရားသခင်သည် မောရှေ၌ ဖေါ်ပြထားတော်မူကြောင်းကို ငါတို့သိကြ၏။ ထိုသူသည် အဘယ်ကဖြစ်သည်ကို မသိဟု ကဲ့ရဲ့၍ ပြောဆိုကြ၏။ (ယော၊ ၉း၂၉။)
မှတ်ချက်။ ဤအချက်၌သူတို့သည် ဒုက္ခရောက်နေကြပြီ။ သူတို့သည် အသစ်သော အရာ၌ မယုံကြည်ကြချေ။ ဘုရားသခင်သည် မောရှေအား ဖေါ်ပြပေးတော်မူသည်ကို သူတို့သိကြ၏။ ဤအကြောင်းကို ယုံကြည်ရန်ယုံကြည်ခြင်းအနည်းငယ်လို၏။ မောရှေအား ဘုရားသခင် စေလွှတ်ကြောင်းထင်ရှားသော သက်သေအများရှိသဖြင့် မောရှေကိုလက်ခံခြင်းဖြင့် သူတို့သည် လုံးလုံးစိတ်ချရကြပြီဟု ထင်မှတ်ကြ၏။ အားလုံးထိုအရာကို သိမြင်နိုင်၏။ မိမိတို့ကြာမြင့်စွာမြော်နေသော မေရှိယအဖြစ်နှင့် မောရှေမှစ၍ ပုရောဖက်များဟောသော အနာဂတ်စကားအတိုင်း ပြည့်စုံစေရန် ကြွလာတော်မူသော အရှင်ကို သူတို့သည် လက်ခံလျှင် ဒုက္ခရောက်မည် ဟု သူတို့ထင်မှတ်ကြ၏။ အကြောင်းမူကား သူတို့သည် ကိုယ်တော်နှင့်ဆိုင်သော အနာဂတ်စကားများကို နားမလည်ကြ။ ၎င်းပြင် ကိုယ်တော် ၏ မိန့်တော်မူချက်များမှာ မှန်ကန်ကြောင်း သူတို့စိတ်ကျေနပ်လောက်အောင်ဖေါ်ပြရန် အချိန်လည်းမကျရောက်သေး။ သူမျက်စိနှင့် မြင်သော အမှုကို လိုက်နာရန်မှလွဲ၍ သခင်ခရစ်တော်ကိုလက်ခံရန် ယုံကြည်ခြင်းများစွာ လိုပေသည်။ ထိုသို့ပြုရန် အချို့သော အရာတို့၌ ထင်မြင်ချက်များပြောင်းလဲရမည်။ ၎င်းပြင် အသက်တာကိုလည်းပြုပြင်ပြောင်းလဲရမည်။ ထိုကြောင့် သူတို့သည် ကိုယ်တော်ကို ငြင်းပယ်ကြ၏။ သူတို့သည် ရေလွှမ်းမိုးခြင်းအကြောင်းကို ယုံကြည်၏။ နောဧသည် ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်းခံရ၏။ သူတို့သည် ဧလိယနှင့်တကွ အခြားသော ပုရောဖက်တို့ကိုလည်းယုံကြည်ကြ၏။ သို့ရာတွင် သူတို့၏ ခေတ်ကာလနှင့်ဆိုင်သော ထူးခြားသော သမ္မာတရားကို ကားငြင်းပယ်ကြ၏။ ကာလအဆက်ဆက် ထိုကဲ့သို့ဖြစ်ခဲ့၍ အဆုံးကာလတိုင်အောင် ထိုသို့ဖြစ်မည်ဟု ကျွန်ုပ်တို့မျှော်လင့်သည်။
၁၃။ သခင်ခရစ်တော်ကို လက်မခံခြင်းကြောင့် ယုဒလူတို့၌ မည်ကဲ့သို့သော အကြောင်းအရာဖြစ်လာသနည်း။
ယေရုရှလင်မြို့ အနီးသို့ရောက်၍ ကြည့်မြင်လျက်ငိုကြွေးတော်မူ၍၊ အချင်းမြို့၊ သင်၏ ငြိမ်သက်ခြင်းနှင့် စပ်ဆိုင်သောအရာတို့ကို သင်၏ လက်ထက် ယခုကာလ၌ပင် သင်သည် သိရလျှင် မင်္ဂလာရှိ၏။ ယခုမူကား၊ ထိုအရာတို့ကို သင်၏မျက်စိရှေ့မှာ မထင်ရှားစေခြင်းငှာ ဝှက်ထားလျက်ရှိ၏။ (လုကာ၊ ၁၉း၄၁၊၄၂။) သင်တို့နေသောအိမ်သည် သင်တို့၌ လူဆိတ်ညံလျက် ကျန်ရစ်ရ၏။ (မဿဲ၊ ၂၃း၃၈။)
၁၄။ နောက်ဆုံးကာလအတွက် ထူးခြားသောသတင်းစကားတစ်ခုရှိသလား။
ထိုကြောင့်သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား သင်တို့မထင်မမှတ်သော အချိန်နာရီ၌ လူသားသည်ကြွလာလိမ့်မည်။ အရှင်သည် မိမိအိမ်သူ အိမ်သားအပေါင်းတို့အား အချိန်တန်လျှင်အစားအသောက်တို့ကို ဝေဖန်စေခြင်းငှာ အအုပ်အချုပ်ခန့်ထား၍ သစ္စာနှင့်လည်းကောင်း၊ သတိပညာနှင့်လည်းကောင်း ပြည့်စုံသော ကျွန်ကား အဘယ်သူနည်း။ (မ၊ ၂၄း၄၄၊ ၄၅။)
မှတ်ချက်။ နောက်ဆုံးကာလ၌ လူများတို့အဖို့ အချိန်တန်လျှင် အစားအသောက် ဖြစ်မည့်သတင်း စကားကို ကြားပြောရလိမ့်မည်။ ဤအရာသည် မကြာမီသခင်ဘုရားကြွလာတော်မူမည်အကြောင်း၊ ကိုယ်တော်ကို တွေ့ဆုံရန် ပြင်ဆင်ခြင်းအကြောင်းနှင့် သက်ဆိုင်သော သတိပေးစကားဖြစ်သည်။ ဤသတင်းစကားမျိုးကို အစဉ်သဖြင့် မဟော ပြောခဲ့သောကြောင့်၊ ယခု ၎င်းကိုကြွေးကြော်ဖို့မလိုဟု မထင်မှတ်အပ်ပေ။ နှုတ်ထွက်တရားတော်တွင် ထပ်၍ဖော်ပြထားသော သမ္မာတရားများရှိသည်။ ၎င်းတို့အားခေတ်ကာလအလျောက် ကြွေးကြော်ရသောတရားများဖြစ်သည်။ ဒုတိယကြွလာတော်မူခြင်း သတင်းစကားသည် ယခုခေတ် ကာလအတွက် အထူးသင့်လျော်သော သတင်းစကားဖြစ်၍ ၎င်းကို ယခုအရပ်ရပ်တွင် ကြွေးကြော်လျက်ရှိပြီ။
၁၅။ နောက်ဆုံးသော ဧဝံဂေလိသတင်းစကားကို ဟောရာတွင်ပြုအပ်သော တာဝန်ကား မည်သည့်အရာဖြစ်မည်နည်း။
ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသော အရှင်ကို ကိုးကွယ်ကြလော့။ ဗာဗုလုန်မြို့ကြီးပြိုလဲပြီ။ အကြင်သူသည် သားရဲကို ကိုးကွယ်၍ သူ၏ တံဆိပ်လက်မှတ်ကို နဖူး၌ခံသည်ဖြစ်စေ၊ လက်၌ခံသည်ဖြစ်စေ ထိုသူသည် ဘုရားသခင်၏ ဒေါသဖလား၌ လောင်းသော အမျက်တော်စပျစ်ရည်စစ်ကို သောက်ရလိမ့်မည်။ (ဗျာ၊ ၁၄း၇-၁၀။)
၁၆။ ဤသတင်းစကားကို လက်ခံသော သူတို့အကြောင်း မည်ကဲ့သို့ဖော်ပြထားသနည်း။
ဘုရားသခင်၏ ပညတ်တို့ကိုလည်းကောင်း၊ ယေရှု၏ ယုံကြည်ခြင်းကိုလည်းကောင်း စောင့်ရှောက်သော သန့်ရှင်းသူတို့သည် ဤအရာ၌ သည်းခံစရာအကြောင်းရှိ၏။ (ငယ်၊ ၁၂။)
No comments:
Post a Comment