အခန်း - ၂၃
ကြွလာတော်မူခြင်း၏နိမိတ်လက္ခဏာများ
၁။ နောက်ဆုံးသောနေ့များ၌ အဘယ်သူ၏တန်ခိုးအထူး ထင်ရှားမည်နည်း။
နိမိတ်လက္ခဏာတို့ကို ပြသော နတ်ဆိုး၏ဝိညာဉ်တို့သည် လောကီတစ်နိုင်ငံလုံးတွင် ရှိသော ဘုရင်ထံသို့ထွက်သွား၍ တန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင်၏နေ့ကြီး၌ စစ်တိုက်ခြင်းအလိုငှာ စုဝေးစေကြ၏။ (ဗျာ၊ ၁၆း၁၃ -၁၄ ။ ၁ကော၊ ၁၁း၁၄။)
၂။ မာရ်နတ်၏တန်ခိုးအဘယ်မျှလောက်ကြီးမည်နည်း။ ၎င်းပြင် ဘာအကျိုးရှိမည်နည်း။
ထိုအဓမ္မလူ၏လာခြင်းအကြောင်းမူကား၊ စာတန်ပြုပြင်သော အားဖြင့် မုသာနှင့်ဆိုင်သောထူးဆန်းသောတန်ခိုး၊ နိမိတ်လက္ခဏာ ၊ အံ့ဖွယ်သောအမှုအမျိုးမျိုးနှင့်လည်းကောင်း၊ ပျက်စီးခြင်းသို့ရောက်သောသူတို့တွင် မတရားသောလှည့်ဖြားခြင်း အမျိုးမျိုးနှင့်လည်းကောင်း၊ လာလိမ့်မည်။အကြောင်းမူကား၊ ထိုသူတို့သည် ကယ်တင်ခြင်းသို့ရောက်အံ့သောငှာသမ္မာတရား၌မွေ့လျော်သော စိတ်ကိုမခံမယူကြ။ (၂သက်၊ ၂း၉-၁၂။ ဗျာ၊၁၃း၁၃-၁၄။ ၁တိ၊ ၄း၁၊၂။)
အသိပညာတိုးပွားခြင်း
၃။ ဤယခုဖြစ်သောလူမျိုးတစ်ဆက်၌ ပုရောဖက်ဒံယေလ ဟောထားသောအဘယ် အထူးအနာဂတ်ပြည့်စုံခြင်းသို့ ရောက်သနည်း။
သင်ဒံယေလမူကား၊ အမှုကုန်ရသည်ကာလတိုင်အောင် ဤစကားတော်တို့ကို ပိတ်၍ စာစောင်ကိုတံဆိတ်ခတ်ထားလော့။ အများသောသူတို့သည် ထိုစာကို ကြည့်ရှုသောအားဖြင့် ပညာတိုးပွားလိမ့်မည်။ (ဒံယေ၊ ၁၂း ၄။)
စစ်မက်အင်္ဂါပြင်ဆင်ခြင်းသည် သခင်ခရစ်တော် ကြွလာတော်မူခြင်းနီးကပ်ကြောင်းကို
ထင်ရှားစေသော နိမိတ်လက္ခဏာတစ်ခုဖြစ်၏
မှတ်ချက်။ ယခုကာလတွင် သမ္မာကျမ်းစာသိမြင်ခြင်း၊ ရှာဖွေစူးစမ်းခြင်းသို့ ရောက်လေသည်။ စာပေးစာယူ၊ ကြေးနန်း၊ နန်းကြိုးမဲ့ကြေးနန်း၊ စကားကြောကြေးနန်း၊ စာပုံနှိမ့်စက်၊ အပ်ချုပ်စက်၊ စကားပြောစက်မှစ၍ အခြားထူးဆန်းသောအရာများတို့သည် လွန်ခဲ့သော နှစ်ပေါင်းတစ်ရာလောက်က အဘယ်သူမျှ တွေးဆစိတ်ကူးမရသော်လည်း ယခုကာလ၌ ထိုအရာတို့သည် အများအပြားရှိ၍ ရိုးကုန်ကြလေပြီ။ ဤအကြောင်း အရာတို့သည် အမှုကုန်သည်ကာလ၌ ပညာတိုးပွားလိမ့်မည် ဟူသောအနာဂတ်စကားသည် အံ့ဩစွာပြည့်စုံလေပြီ။ မီးသင်္ဘော၊ မော်တော်ကား၊ လေယာဉ်ပျံ၊ ရထား၊ စက်ဘီး၊ မီးရထား၊ ဓါတ်ရထားများတို့သည် အများသောသူတို့ကို အသွားအလာပြုကြလိမ့်မည်။ (ဒံ၊ ၁၂း၄။ အင်္ဂလိပ်ကျမ်းစာကြည့်။) ဆိုသော အနာဂတ်စကားကို သက်သေခံဖြစ်ကြလေသည်။
တစ်ကမ္ဘာလုံးဧဝံဂေလိတရားဟောခြင်း
၄။ ယေရူသည် မိမိဒုတိယကြွလာခြင်းအကြောင်းနှင့်ပတ်သတ်၍ အဘယ်အရေးကြီးဆုံးသော လက္ခဏာတစ်ခုကိုပေးထားသနည်း။
လူအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့။ (မ၊ ၂၄း၁၄။)
မှတ်ချက်။ ရေးထားပြီးခဲ့သော အထက်ပါစာပိုဒ်တွင် ပြောဆိုသောအတတ်ပညာတို့သည် အလွန်ပင် စုံလင်ပြည့်စုံသောကြောင့် ဤကမ္ဘာမြေကြီးပေါ်၌ရှိသော သူတို့ကို လူမျိုးတစ်ဆက်မကုန်မီ ဧဝံဂေလိတရားပေးရန် သင့်လျော်စွာကူညီကြသည် ။ နှစ်ပေါင်း ၁၀၀ လောက်က ဧဝံဂေလိတရားဟောရန် အခွင့်မပေးသော သာသနာနိုင်ငံတို့သည် ယခုအခါ အခွင့် ပေးကြသည်။ ခရစ်ယာန်အသင်းအမျိုးမျိုးတို့က ငွေအမြောက် အမြားအကုန်ကျခံပြီးလျှင် အတိုင်းတိုင်းအပြည်ပြည်သို့ လူပေါင်းများစွာ သာသနာရေးနှင့် ပတ်သက်၍ စေလွတ်ကြသည်။ သမ္မာကျမ်းစာကို ပုံနှိပ့်ထုတ်ဝေသော အသင်းများတို့သည် ဘုရားသခင်၏နှုတ်ကပတ်၌ တရားတော်ကို ဘာသာအမျိုးမျိုးတို့ဖြင့် အနက်ကိုပြန်၍ ဧဝံဂေလိတရားတော်ပျံ့နှံ့လေအောက် ကူညီလေသည်။ ဤအကြောင်းအရာတို့အားဖြင့် ကျွန်ုပ်တို့ကို ကယ်တင်တော်မူသောအရှင်၏ အနာဂတ်စကားတော်များ ပြည့်စုံကြောင်း အလွယ်တကူ သိမြင်နိုင်သည်။
ရာဇဝတ်ပြစ်မှုအလွန်များပြားခြင်း
၅။ ကိုယ်တော်သည် ကြွလာတော်မူသောအခါ ဤကမ္ဘာပေါ်တွင်အဘယ်သို့သော အခြေအနေ ဖြစ်နေလိမ့်မည်ကို မိန့်တော်မူသနည်း။
နောဧလက်ထက်၌ ဖြစ်သကဲ့သို့ လူသားလက်ထက်၌ ဖြစ်လိမ့်မည်။ ...ထိုနည်းတူ လောတလက်ထက်၌ဖြစ်သကဲ့သို့ လူသားပေါ်ထွန်းသောနေ့၌ ဖြစ်လိမ့်မည်။ (လု၊ ၁၇း၁၆-၃၀။ က၊ ၆း၄-၇၊ ၁၁၊၁၂။ ၁၃း၁၄။)
လောကဓါတ် ပညာတိုးတက်ခြင်းသည်
ကမ္ဘာ၏အဆုံးကာလနီးကြောင်း ပုဗ္ဗနိမိတ်ဖြစ်၏
၆။ ကျွန်ုပ်တို့သည် အဆုံးသို့နီးသောအခါ ဤအခြေအနေများတို့သည်တိုး၍ ကောင်းလာကြလိမ့်မည်လော။
နောင်ကာလသည် ခဲယဉ်းသော ကာလဖြစ်သည်ဟု သိမှတ်လော့။ ...ဆိုးညစ်သောသူ၊ လှည့်ဖြားသော သူတို့မူကား၊ သူတစ်ပါးကိုလည်းကောင်း ၊ ကိုယ်တိုင်လည်းကောင်း၊ လှည့်ဖြား၍ ဆိုးညစ်ခြင်း၌ တရွေ့ရွေ့တိုးပွားကြလိမ့်မည်။ (၂တိ၊ ၃း၁-၁၃။)
ဘုရားဝတ်၌ မွေ့လျော်ယောင်ဆောင်၍မွေ့လျော်ခြင်း
တန်ခိုးကို ငြင်းပယ်ခြင်း
၇။ နောက်ဆုံးသောကာလ၌ သစ္စာပျက်ခြင်းတိုးပွားမည်ကို အဘယ်ပုစ္ဆာအားဖြင့် သခင်ယေရူခရစ်က ဖေါ်ပြသနည်း။
လူသားသည်ကြွလာသောအခါ ယုံကြည်ခြင်းကို မြေကြီးပေါ်မှာတွေ့မည်လော့။ (လု၊ ၁၈း၈။ မ၊ ၂၄း၃၊၁၂။)
၈။ နောက်ဆုံးသောကာလ၌ ခရစ်တော်နောက်သို့ လိုက်သည်ဟူ၍ ဝန်ခံသော သူများတို့၏ အကျင့်စာရိတ္တကို အဘယ်ကဲ့သို့ ပေါလုသည် ထင်ရှားစွာဖေါ်ပြထားသနည်း။
နောင်ကာလသည် ခဲယှဉ်းသောကာလဖြစ်သည်။ အဘယ်သို့နည်းဟူမူကား၊ လူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကို တပ်မတ်သာသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသေရေကိုရှုတ်ချသောသူ၊ မိဘစကားကို နားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊ ပကတိကြင်နာ စုံမက်ခြင်းနှင့် ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကို မချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကို မုန်းသောသူ၊ သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကိုမခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကို သာ၍နှစ်သက်သောသူ၊ ဘုရားဝတ်၌ မွေ့လျော်ယောင်ဆောင်၍ မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူ၊ ဖြစ်ကြလိမ့်မည်။ ထိုသူတို့ကိုရှောင်လော့။ (၂တိ ၃း၁-၅။)
ဘဏ္ဍဆည်းပူးခြင်း၊ အလုပ်ရှင်နှင့်အလုပ်သမား ပဋိပက္ခဖြစ်ခြင်း
၉။ အဘယ်သို့သောလူစားကို တမန်တော်ရှင်ယာကုပ်သည်အထူးသတိပေးနိူးဆော်သနည်း။
အချင်းသဌေးသူကြွယ်တို့၊ ယခုလာကြ၊ သင်တို့အပေါ်၌ရောက်လတ္တံ့သော ဆင်းရဲဒုက္ခဝေဒနာကြောင့် ငိုကြွေးအော်ဟစ်ကြ။ (ယာ၊ ၅း၁။)
၁၀။ ဤသူတို့သည် ဘာလုပ်ခဲ့သနည်း။
သင်တို့သည်မြေကြီးပေါ်မှာ စည်းစိမ်ခံစား၍ အလွန်ပျော်မွေ့ကြပြီ။ (ယာ၊ ၅း၄-၅။ ဟဗ၊ ၁း၁၃-၁၇။)
၁၁။ ဘဏ္ဍာဆည်းပူးခြင်းသည် ဘာအကျိုးဖြစ်မည်နည်း။
သင်တို့ဥစ္စာပစ္စည်းသည် ပုပ်စပ်လျက်ရှိ၏။ အဝတ်ကိုလည်း ပိုးကိုက်စားလေပြီ။ ရွှေငွေလည်းအချေးတတ်၍ ပျက်ကုန်ပြီ။ ထိုအချေးသည် သင်တို့တစ်ဖက်၌သက်သေဖြစ်၍ မီးကဲ့သို့သင်တို့ အသားကိုစားလိမ့်မည်။ (ယာ၊ ၅း၂၊၃။)
၁၂။ ဘာဖြစ်လုနီးပြီနည်း။
ဘုရားသခင်ကြွလာတော်မူသောအချိန် ရောက်လုနီးပြီ။ .....တရားစီရင်ပိုင်သော သူသည် တံခါးနားမှာရှိတော်မူ၏။ (ယာ၊ ၅း၈၊၉။)
၁၃။ ကျွန်ုပ်တို့သည် အဘယ်ကဲ့သို့လုပ်ရမည်နည်း။ ဤညှဉ်းဆဲနှိပ်စက်ခြင်းများကို ရန်တုံ့ပြန်ရမည်နည်း။
ထို့ကြောင့်ညီအကိုတို့ ၊ သခင်ဘုရားကြွလာတော်မူသည်တိုင်အောင်သည်းခံလျက် စောင့်နေကြလော့။ ... သခင်ဘုရားကြွလာတော်မူသောအချိန်ရောက်လုနီးပြီ။ (ယာ၊ ၅း၇၊၈။)
တစ်ကမ္ဘာလုံးနှင့်ဆိုင်သောစစ်မူပြင်ဆင်ခြင်း
၁၄။ ဒုတိယကြွလာခြင်းအချိန်မှာ ဤကမ္ဘာပေါ်၌ ရှိသောလူမျိုးတို့တွင် အဘယ်ကဲ့သို့သော အခြေအနေတို့ကို တွေ့ရမည်နည်း။ လူမျိုးတို့သည် အမျက်ထွက်ကြသည်။ (ဗျာ၊ ၁၁း၁၈၊၁၉။ ၁၆း၁၃၊၁၄။)
၁၅။ ထိုအခါလူမျိုးတို့အား ဘာကြားပြောမည်နည်း။
ဤအမူကိုတစ်ပါးအမျိုးသားတို့အားကြားပြောကြလော့။ စစ်တိုက်ခြင်းငှာပြင်ဆင်၍.....သံထွန်သွားများကို ဓါးဖြစ်စေခြင်းငှာ လည်းကောင်း၊ တံစဉ်များကို လှံဖြစ်စေခြင်းငှာလည်းကောင်း၊ ထုလုပ်ကြလော့။ အားနည်းသောသူက အားကြီးသည်ဟုပြောဆိုစေ။......တစ်ပါးအမျိုးသားအပေါင်းတို့ စုဝေး၍လာကြလော့။ သင်းဖွဲ့ကြလော့။ ...တစ်ပါးအမျိုးသားတို့သည် ထ၍ယောရှဖက်ချိုင့်သို့ တတ်လာကြစေ။...အကြောင်းမူကား ထာ၀ရဘုရား၏နေ့ရက်သည် ရောက်လုနီးပြီ။ (ယောလ၊ ၃း၉-၁၆။ ယေ၊ ၄း၁၉-၂၈။)
၁၆။ ဤကြီးကျယ်လှသောစစ်မူပြင်ဆင်ခြင်းတို့သည် ဘယ်စစ်ပွဲ၌အဆုံးသို့ ရောက်မည်နည်း။
အဖြေ။ အာမေဂေဒုန်စစ်ပွဲကြီး၌ အဆုံးသို့ရောက်လိမ့်မည်။ (ဗျာ၊ ၁၆း၁၃-၁၆။ ယော၊ ၃း၁၂။)
မှတ်ချက်။ ပထမကမ္ဘာစစ်ကြီးဖြစ်ခဲ့သည့် အချိန်ကာလမှစ၍ ပုရောဖက်ယောလ ဟောခဲ့သော အနာဂတ္တိစကားသည် အလွန်ထူးခြားစွာပြည့်စုံခဲ့လေပြီ။ သန်းပေါင်းများစွာသော သူတို့သည် အသက် ဆုံးရှုံးကြလျက် ကုဋေကဋာမကသောငွေများကို စစ်လက်နက်ကိရီယာများ အတွက်အကုန် အကျခံခဲ့ရကြပြီ။ ထိုအချိန်ကာလတိုင်အောင် ကမ္ဘာရာဇဝင်တစ် လျှောက်လုံးတွင် ပထမကမ္ဘာစစ်ကြီးသည် အလွန်တရားပင်ကြောက်မက် ပြင်းထန်ဖွယ်စစ်ပွဲဖြစ်ခဲ့လေ၏။ ဒုတိယကမ္ဘာစစ်ကြီးကား သာ၍ပင်အလွန်ကြောက်မက်ပြင်းထန်ဖွယ်ဖြစ်လျက် သာ၍ကျယ်ပြန့်လေသည်။ အာဏုမြူလက်နက်ဆန်းများကို စတီထွင်ပြုလုပ်လျက်ရှိကြသဖြင့် လူသတ္တဝါတစ်မျိုးလုံးအား နောက်လာမည့်အချိန်ကာလ၌ အဘယ်သို့ဖြစ်လိမ့်မည်နည်းဟု စိုးရိမ်ပူပန်ခြင်းဖြင့် ကြောက်လန့်တုန်လူပ်စေကြလေပြီ။ ဤအနာဂတ္တိစကားနှင့်သက်ဆိုင်သော ကမ္ဘာကြီး၏ နောက်ဆုံးစစ်ပွဲတည်းဟူသော "အာမေဂေဒုန်" စစ်ပွဲကြီးသည် မကြာမီပေါ်ပေါက်လာတော့မည်မှာ ယုံမှားနိုင်စရာ မရှိချေ။
မှတ်ချက်။ ဤကမ္ဘာပေါ်၌ ယခုရှိသောတိုင်းနိုင်ငံတို့သည် စစ်တိုက်ဖို့ရန်လေ့ကျင့်ပေးထားသော လူပေါင်းငါးကုဋေကျော်ရှိသည်။ ဤကမ္ဘာပေါ်တွင်ရှိကြီးကျယ်သော တိုင်းနိုင်ငံတို့တွင်ရှစ်နိုင်ငံတို့သည် မိမိတို့၏စစ်တပ်များနှင့်စစ်သင်္ဘောများတို့အတွက် တစ်နှစ်လျှင်ကုန်ကျစေသော ငွေဒင်္ဂါးပေါင်းကုဋေ ၁၅၀။ အင်္ဂလန်ပြည် အမက်ချုပ်ကြီးက စစ်တပ်များနှင့်စစ်သင်္ဘောများတို့သည် မိမိတို့၏ ဖျက်ဆီးစေတတ်သော စစ်ကိရိယာများနှင့်တကွ တည်ထောင်ထားသည်မှာ အလှအပကြည့်ရှုနေဖို့ရာမဟုတ်၊ ကာလအချိန်ရောက်သောအခါ ၎င်းတို့ကို အသုံးပြုရမည်ဟု လျောက်ပတ်စွာ ပြောဆိုလေသည်။
၁၇။ ကောင်းကင်တမန်သည် အဘယ်ကြောင့်စစ်တိုက်ခိုက်သော လေများတို့ကို ချုပ်ထိန်းထားသနည်း။
မြေကြီး၊ ပင်လယ်၊ သစ်ပင်များတို့၌ လေမလာစေခြင်းငှာကောင်းကင်တမန်လေးပါးတို့သည် မြေ၏ လေးမျက်နှာတို့ကိုကိုင်၍ .....ငါတို့ဘုရားသခင်၏ ကျွန်တို့ကို နဖူး၌ တံဆိတ်မခတ်မီတိုင်အောင်။ (ဗျာ၊ ၇း၁-၃။)
တစ်ကမ္ဘာလုံးငြိမ်သက်ခြင်းရှိမည်ဟု မဟုတ်မမှန်
ဟောသောအနာဂတ်များ
၁၈။ ဘုရားကိုကြည်ညှိုသောအများလူတို့သည် နောက်ဆုံးသောကာလ၌ ဘယ်ကဲ့သို့ပြောဆိုကြမည်နည်း။
နောက်ဆုံးသောကာလ၌ ထာ၀ရဘုရား၏ အိမ်တော်တည်သော တောင်သည် တောင်ကြီးတောင်ငယ်တို့၏ ထိပ်ပေါ်မှာ ချီးမြှောက်၍ တည်လိမ့်မည်။ ....များပြားသော သူတို့ကလည်း လာကြလော့။ ထာ၀ရဘုရား ၏ တောင်တော်...သို့တတ်သွားကြကုန်အံ့။ ...ထာ၀ရဘုရားသည် လူမျိုးတို့တွင် တရားစီရင်၍... သူတို့ဓါးလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကိုတံစဉ် ဖြစ်စေခြင်းငှာ လည်းကောင်း ထုလုပ်ကြလိမ့်မည်။ တစ်ပြည်ကိုတစ်ပြည်စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက် တစ်ဖန်မသင်ရကြဟု ခရီးသွားလျက်ပြောဆို ကြလိမ့်မည်။ (ဟေရှာ၊ ၂း၂-၄။မိ ၄း၁-၃။)
မှတ်ချက် ။ ဘုရားသခင်သည် ပုရောဖက်တို့အားဖြင့် ဘုရားကိုကြည်ညှိုသော လူအများတို့သည် အဘယ်ကဲ့သို့ ပြောဆိုမည်ကိုလည်းကောင်း၊ အဘယ်အခါ၌ ပြောဆိုမည်ကို လည်းကောင်း ဤကျမ်းချက်များ၌ ကျွန်ုပ်တို့ကိုဖေါ်ပြလေသည်။ များပြားသောသူတို့၏ အနာဂတ်များပြည့်စုံလိမ့်မည်ဟု ဘုရားသခင်မိန့်တော်မူသည်သာမက အထက်က ထင်ရှားစွာပြထားသည်အတိုင်း မိမိကိုယ်တော်တိုင်ကပင် တစ်ကမ္ဘာလုံး စစ်ဖြစ်မည်ဟု ဟောထားသေးသည်။ ယခုကာလ၌ ဟောပြောဖို့ရန် သတင်းစကားမှာ - ငြိမ်သက်ခြင်းရှိ၏။ ငြိမ်သက်ခြင်းရှိသည်- ဟူ၍မဟုတ် ၊ အသက်ဘေးမှ လွတ်အောင်ပြေးဟူ၍ သာဖြစ်သည်။
၁၉။ ထို့ကြောင့် ဘုရားသခင်သည် ယခုကာလအဖို့ ဘယ်သတင်းစကားကိုစေလွတ်တော်မူသနည်း။
သင်၏ဘုရားသခင်နှင့် တွေ့ခြင်းငှာ ကိုယ်ကိုပြင်ဆင်လော့။ (အာ၊ ၄း၁၂။)
၂၀။ ယခုဖြစ်သောလူများကို အဘယ်ကဲ့သို့ စိတ်အားထက်သန်စွာနှင့်သတိပေးနှိုးဆော်တော်မူသနည်း။
သင်တို့သည် ကိုယ်ကိုကိုယ်သတိပြုကြလော့။ သို့မဟုတ်အစားအသောက် လွန်ကြူးခြင်း၊ လောကစိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပူပန် လျက်နေစဉ် ထိုနေ့ရက်သည် အမှတ်တမဲ့ သင်တို့နှင့် တွေ့ကြုံလိမ့်မည်။ ထိုနေ့ရက်သည် ပိုက်ကွန်ကဲ့သို့ မြေတစ်ပြင်လုံး၌ နေသော လူအပေါင်းတို့ကို အုပ်မိလိမ့်မည်။ ထို့ကြောင့် သင်တို့သည် ဖြစ်လတ္တံ့သော အမူအရာတို့နှင့် ကင်းလွတ်၍ လူသားထံသို့ရောက်ခြင်းကို ခံထိုက်သောသူဖြစ်သည်ဟု မှတ်တော်မူမည်အကြောင်း အစဉ်ဆုတောင်းလျက် စောင့်နေကြလော့ဟု မိန့်တော်မူ၏။ (လု၊ ၂၁း၃၄-၃၆။)
No comments:
Post a Comment