Wednesday, March 12, 2025




အခန်း - ၄

  ဖန်ဆင်းခြင်း


၁။ ကောင်းကင်နှင့်မြေကြီးကိုအဘယ်သူဖန်ဆင်းသနည်း။

        အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏။ (က၊ ၁း၁။ ဟေဗြဲ၊ ၁း၁၀။ ယော၊ ၁း၁-၃။)

မှတ်ချက်။ ဖန်ဆင်းသည်ဆိုသော စကားမှာ၊ မရှိသည်အဖြစ်မှ ရှိသည်အဖြစ်သို့ ပြုလုပ်ခြင်းကိုဆိုလိုသည်။

၂။ ကမ္ဘာမြေကြီးကိုမျက်မြင်ရသောအရာများမှထုတ်ဖေါ်၍ ဖန်ဆင်းသလော။

        ယခုမြင်ရသော အရာတို့သည် အရင်ထင်ရှားသော အရာထဲကမဖြစ်ဘဲ လောကဓါတ်တို့သည် ဘုရားသခင်၏အမိန့်တော်ကြောင့်သာ တည်သည်ကို ငါတို့သည်ယုံကြည်ခြင်းအားဖြင့် သိကြ၏။ (ဟေဗြဲ၊ ၁၁း၃။)

၃။ ဖန်ဆင်းခြင်းအမှုကိုအဘယ်သို့အားဖြင့် ပြီးစီးစေတော်မူသနည်း။

        ထာ၀ရဘုရား၏ နှုတ်ထွက်တရားတော်အားဖြင့် မိုးကောင်းကင်ကိုလည်းကောင်း၊ နှုတ်တော်အသက်အားဖြင့် မိုးကောင်းကင်တန်ဆာကိုလည်းကောင်း ဖန်ဆင်းတော်မူ၏။ အကြောင်းမူကား၊ ထာ၀ရဘုရားမြွက်ဆို၍ မြွက်ဆိုတော်မူသည်အတိုင်းဖြစ်၏။ အမိန့်တော်ရှိ၍ မိန့်တော်မူသည်အတိုင်း တည်လျက်နေ၏။ (ဆာ၊ ၃၃း၆၊၉။ ဟေဗြဲ၊၁၁း၃။ ဆာ၊ ၁၄၈း၅။)

၄။ သမ္မာကျမ်းစာ၌ ဘုရားသခင်၏ နှုတ်ထွက်တရားတန်ခိုးတော်နှင့်ဖြစ်စေသော အခြားအကြောင်းအရာ အချို့ကား အဘယ်အရာများနည်း။

        - လေနှင့်လှိုင်းတံပိုးကိုငြိမ်သက်စေခြင်း။ (လု၊ ၈း၂၄။)

        - လာဇရုကိုသေခြင်းမှထမြောက်စေခြင်း။ (ယော၊ ၁၁း၄၃၊၄၄။)

        - သင်္ဘောသဖန်းပင်ကိုသွေ့ခြောက်စေခြင်း။ (မ၊ ၂၁း၁၉။)

၅။ ဖန်ဆင်းတော်မူခြင်း အလုပ်ကို ရက်ပေါင်းမည်မျှနှင့်ပြီးစီးစေ သနည်း။

        အကြောင်းမူကား၊ ထာ၀ရဘုရားသည်မိုးကောင်းကင်၊ မြေကြီး၊သမုဒ္ဒရာ၊ အရပ်ရပ်ရှိသမျှတို့ကို ခြောက်ရက်တွင် ဖန်ဆင်း၍။ (ထွ၊ ၂ဝး၁၁။ က၊ ၂း၁၊၂။)

၆။ ဖန်ဆင်းခြင်းနှင့် ဆိုင်သောရက်များကို အဘယ်သို့ ပိုင်းခြား၍ထားသနည်း။

        ညဉ့်ဦးနှင့်နံနက်သည် ပထမနေ့ရက်ဖြစ်လေ၏။ (က၊ ၁း၅၊၈၊၁၃၊၁၉၊၂၃၊၃၁။)

မှတ်ချက်။   ဖန်ဆင်းခြင်းနေ့ရက်များသည် ယခုကျွန်ုပ်တို့ ကာလရက်များ ကဲ့သို့ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ဖန်ဆင်းတော်မူသည့်အခါက လုပ်ကိုင်ရသကဲ့သို့ လူအားလည်း ခြောက်ရက်လုပ်ကိုင်စေရန် မိန့်မြွက်တော်မူပြီ။ (ထွ၊ ၂ဝး၉-၁၁ ကိုကြည့်) ဖန်ဆင်းသောရက်များတွင် တစ်ရက်သည် အလွန်ရှည်လျားသောရက်အချိန်ကာလဖြစ်သည်မှန်လျှင် လူသည်ရှည်လျား၍ ကန့်သတ်ခြင်းမရှိသောရက်မျိုးခြောက်ရက်တွင် နားနေရခြင်းမရှိဘဲ လုပ်ကိုင်နိုင်သည်ဆိုသော် ဟုတ်နိုင်စရာအကြောင်းမရှိ။

၇။ ဖန်ဆင်းသော ခုနစ်ရက်တစ်ပတ်တွင် တစ်ရက် တစ်ရက်ကို အဘယ်သို့ပြုလုပ်ခဲ့ရသနည်း။

     - ပထမနေ့၌ဘုရားသခင်သည် အလင်းကိုဖြစ်စေ၍ နေ့နှင့်ညကိုပိုင်းခြားထားတော်မူ၏။ (က၊ ၁း၃-၅။)

    ဒုတိယနေ့၌ဘုရားသခင်သည် မိုးမျက်နှာကြက်ကို ဖန်ဆင်းတော်မူ၍၊၎င်းမိုးမျက်နှာကြက်အောက်၌ ရှိသောရေနှင့် အထက်၌ရှိသောရေကို ခွဲခြားတော်မူ၏။ (က၊ ၁း၆-၈။)

   - တတိယနေ့တွင် မိုးကောင်းကင်အောက်၌ ရှိသောရေကို စုဝေးစေ၍ ကုန်းကိုလည်းပေါ်စေတော်မူသည်။ ကုန်းကိုမြေဟူသော အမည်ဖြင့်လည်းကောင်း၊ ရေစုဝေးရာကို ပင်လယ်ဟူ၍လည်းကောင်း၊ ခေါ်ဝေါ်သမုတ်တော်မူသည်။ ဘုရားသခင်သည် မြက်ပင်မျိုးတို့ကိုလည်းကောင်း၊ သစ်ပင်မျိုးတို့ကိုလည်းကောင်း ပေါက်စေတော်မူသည်။ (က၊၉း၁၃။)  

    - စတုတ္ထနေ့၌ မိုးမျက်နှာကြက်တွင် နေ့ကိုအုပ်စိုးရသော နေနှင့်ညကို အုပ်စိုးရသော လတည်းဟူသော အလင်းအိမ်ကြီး နှစ်လုံးကိုနေရာ ချထားတော်မူသည်။ (က၊ ၁း၁၄-၁၉။)

    - ပဉ္စမနေ့၌ ဘုရားသခင်သည် ပင်လယ်၌အသက်ရှင်၍ လှုပ်ရှားတတ် သောတိရစ္ဆာန်နှင့် လေထဲတွင်ပျံတတ်သော ငှက်အပေါင်းတို့ကို ဖန်ဆင်းတော်မူသည်။ (က၊ ၁း၂၀-၂၃။)

    - ဆဋ္ဌမနေ့၌ ကုန်းတိရစ္ဆာန်အမျိုးမျိုးတို့ကို ဖန်ဆင်းပြီးမှ ဘုရားသခင်သည် လူကိုမိမိပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းတော်မူသည်။ (က၊၁း၂၄-၃၁။)

၈။ ဘုရားသခင်သည် ဖန်ဆင်းတော်မူခြင်းအမှုကို မှတ်သားစေခြင်းငှာသတ္တမနေ့ရက်ကို အဘယ်သို့ပြုလုပ်သနည်း။

        သတ္တမနေ့ရက်ရောက်လျှင် ဖန်ဆင်းသမျှသော အမှုအရာတို့သည်ပြီးစီးပြီးမှ ထိုသတ္တမနေ့ကို ဘုရားသခင်သည် ကောင်းချီးပေး၍ သန့်ရှင်းစေတော်မူ၏။ အကြောင်မူကား ဖန်ဆင်းပြုပြင်တော်မူသောအမှုအရာအလုံးစုံတို့သည် ပြီးစီးသောကြောင့် ထိုနေ့ရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။(က၊ ၂း၂၊၃။ ဟေဗြဲ၊ ၄း၄။)

မှတ်ချက်။ ဖန်ဆင်းတော်မူခြင်း အလုပ်ပြီးစီးသည် အဆုံး၌ဥပုသ်ကို လူအဖို့ပြုလုပ်စီမံ၍ ပေးတော်မူသည်။ ၎င်းဥပုသ်သည်လည်း လူမျိုးအစဉ်အဆက်နားနေရန် သန့်ရှင်းသောနေ့ပင် အမြဲဖြစ်ပေ၏။ (ဆာ၊၁၁၁း၄။ ၁၃၅း၁၃။)

၉။ ဘုရားသခင်ဖန်ဆင်းတော်မူသောအလုပ်တော်၌မစုံလင်ခြင်း အကြောင်း တစ်စုံတစ်ရာရှိသလော။

        ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသော အရာတို့ကို ကြည့်ရှုလျှင်အလွန်ကောင်းသည်ကို မြင်တော်မူ၍။ (က၊ ၁း၃၁။ ဒေ၊ ၇း၂၉။)

၁၀။ ဖန်ဆင်းထားတော်မူသောအရာအားဖြင့် အဘယ်အကြောင်းတို့ ကိုထင်ရှားစေသနည်း။

        ထာ၀ရဘုရားသည် တန်ခိုးတော်အားဖြင့် မြေကြီးကိုဖန်ဆင်းတော်မူပြီ။ ပညတ်တော်အားဖြင့် လောကဓါတ်ကို တည်တော်မူပြီ။ ဉာဏ်တော်အားဖြင့် မိုးကောင်းကင်ကို ကြက်တော်မူပြီ။ (ယေ၊ ၁ဝး၁၂။သု၊ ၃း၁၉။ ဆာ၊ ၁၀၄း၂၄။)

၁၁။ အခြားသော လောကဓါတ်များကိုလည်း ဘုရားသခင်ဖန်ဆင်းတော်မူသလော။

        ဘုရားသခင်သည် ဤနောက်ဆုံးကာလအခါ မိမိသားတော်အားဖြင့် ငါတို့အား ဖေါ်ပြပေးတော်မူပြီ။ သားတော်အားဖြင့်လည်း လောကဓါတ်တို့ကိုတည်တော်မူ၏။ (ဟေဗြဲ၊ ၁း၁၊၂။ ၁၁း၃။)

၁၂။ ဘုရားသခင် ဖန်ဆင်းထားတော်မူသော အရာအပေါင်းတို့ကိုအဘယ်သို့သောအားဖြင့် တည်တံ့မြဲမြံစေခြင်းငှာ မည်သူကြည့်ရှုမစလျက်နေတော်မူသနည်း။

        ထိုသားတော်သည် ဘုရားသခင်၏ ဘုန်းတော်ရောင်ခြည်နှင့်ဇာတိအဖြစ်တော်၏ ပုံသဏ္ဌာန်ဖြစ်၍ တန်ခိုးနှင့်ပြည့်စုံသော မိမိအမိန့်အားဖြင့်ခပ်သိမ်းသောအရာတို့ကို မစတော်မူသော သူဖြစ်လျက်။ (ဟေဗြဲ၊ ၁း၃။ယောဘ၊ ၂၆း၈။ ကော၊ ၁း၁၇။)

၁၃။ ဘုရားသခင်၏ တန်ခိုးတော်နှင့် ဉာဏ်တော်ကြီးကျယ်တော်မူခြင်း ကို ကျွန်ုပ်တို့အဘယ်သို့ နားလည်နိုင်သနည်း။

        အဘယ်သို့နည်းဟူမူကား၊ ဖန်ဆင်းတော်မူသော အရာများကိုထောက်ရှုသဖြင့် ထာ၀ရတန်ခိုးတော်နှင့် ထာ၀ရအဖြစ်တော် တည်းဟူသောမျက်မြင်မရသော ဘုရားသခင်၏ အရာတို့သည် ကမ္ဘာတည်သည် ကာလမှစ၍ ထင်ရှားလျက်ရှိကြ၏။ (ရော၊ ၁း၂၀။ ဆာ၊ ၁၉း၁-၃။)

၁၄။ လူမျိုးတို့ပြုလုပ်တတ်သော အပြစ်အကြီးဆုံးတွင် တစ်ခုသည် အဘယ်အပြစ်ဖြစ်သနည်း။

        အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကိုသိလျက်ပင်ဘုရားသခင်ကို ချီးမွမ်းသင့်သည်အတိုင်း မချီးမွမ်း၊ ကျေးဇူးတော်ကိုလည်း မသိမမှတ်၊ အချည်းနှီးတွေးဆခြင်း၊ သတိမရှိသော စိတ်နှလုံးမိုက်မဲခြင်း သို့ရောက်ကြ၏။ ပညာရှိယောင်ဆောင်လျက်နှင့် လူမိုက်အရာ၌တည် ကြသည်ဖြစ်၍ မဖေါက်ပြန် မပျက်စီးနိုင်သောဘုရားသခင်၏ ဂုဏ်တော်ကိုပယ်လျက် ဖေါက်ပြန်ပျက်စီးတတ်သော လူ၊ သား၊ ငှက်အစရှိသော တွားတတ်သော တိရစ္ဆာန်၏ ပုံရုပ်တို့ကို ဘုရားသခင်အရာ၌ ချီးမြှောက်ကြ၏။ (ရော၊ ၁း၂၁-၂၃။)

၁၅။ ဤအပြစ်ဒုစရိုက်အတွက်ကြောင့် ဘုရားသခင်သည် လူကိုအဘယ် သို့ဒဏ်ပေးတော်မူသနည်း။

        ထိုကြောင့် ဘုရားသခင်သည် သူတို့ကို သူတို့၏ကိလေသာစိတ်ညစ်ညူးခြင်း လက်သို့အပ်လိုက်တော်မူ၏။ (ရော၊ ၁း၂၄။)

၁၆။ မှန်သောဘုရား၏ ဂုဏ်အင်္ဂါများကား အဘယ်အရာများနည်း။

        တန်ခိုးတော်အားဖြင့် မြေကြီးကို ဖန်ဆင်းတော်မူပြီ။ ပညာတော်အားဖြင့် လောကဓါတ်ကို တည်တော်မူပြီ။ ဉာဏ်တော်အားဖြင့်မိုးကောင်းကင်ကိုကြက်တော်မူပြီ။ (ယေ၊ ၅၁း၁၅။)

မူလ မာတိကာသို့

No comments:

Post a Comment