Sunday, March 16, 2025

 


အခန်း - ၂၁

ရောမဗရင်ဂျီပုပ်ရဟန်းမင်းကြီး

သာသနာထွန်းကားခြင်း


ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၇


၁။ ဒံယေလအခန်းကြီး ၇ တွင် ရူပါရုံ၌ ဘယ်အကြောင်းအရာသည် ပုရောဖက်ကို စိတ်စွဲစေသနည်း။

အဖြေ။ ငယ်၊ ၁း၂။

၂။ လေတို့သည် အချင်းချင်းတိုက်ကြသောကြောင့် သမုဒ္ဒရာထဲက ဘာတက်လာသနည်း။

အဖြေ။ ငယ်၊ ၃။

၃။ ထိုသားရဲလေးကောင်တို့သည် ဘာနှင့်တူသနည်း။

အဖြေ။ ငယ်၊ ၄-၇။

၄။ ချိုဆယ်ချောင်းကို စဉ်းစားဆင်ခြင်လျက်နေစဉ် ထိုချိုများအလယ်၌ ဘာမြင်၍ ဘာအကျိုးဖြစ်ထွန်းသနည်း။

အဖြေ။ ငယ်၊ ၈။

၅။ ထိုချိုငယ်ကလေးအကြောင်းကို အဘယ်ကဲ့သို့ဖော်ပြထားသနည်း။

အဖြေ။ ငယ်၊ ၈။

၆။ ၎င်းရူပါရုံသည် ဒံယေလစိတ်သဘောကို ဘယ်ကဲ့သို့ ဖြစ်စေသနည်း။  ဒံယေလ ဘာလုပ်သနည်း။

        ဒံယေလသည် ကိုယ်ခန္ဓာတုန်လှုပ်၍ ထိုရူပါရုံကြောင့် စိတ်ပူပန်ခြင်းရှိလျှင် အနား၌ရပ်နေသော သူတစ်ယောက်ထံသို့သွား၍၊ ယခုမြင်သမျှကားအဘယ်သို့ဆိုလိုသနည်းဟု မေးမြန်းသော် ထိုသူက၊ အနက်အဓိပ္ပါယ်ကိုကြားပြော၏။ (ငယ်၊ ၁၅၊၁၆။) 


ဂါဗြေလသည် ရူပါရုံကိုဖတ်ခြင်း


၇။ ၎င်းသားရဲလေးကောင်တို့၏ အနက်အဓိပ္ပါယ်ကို ဒံယေလအား ကောင်းကင်တမန်က အဘယ်ကဲ့သို့ဖော်ပြသနည်း။

        ဤသားရဲလေးကောင်တို့သည် မြေကြီးပေါ်မှာ ပေါ်လတ္တံ့သော    နိုင်ငံလေးပါး ဖြစ်၏။ သို့သော်လည်း အမြင်ဆုံးသော ဘုရား၏ သန့်ရှင်းသူတို့သည် နိုင်ငံကိုသိမ်းယူ၍ ကမ္ဘာအဆက်ဆက်စံစားကြလတ္တံ့ဟု အနက်အဓိပ္ပါယ်ကို ကြားပြော၏။ (ငယ်၊ ၁၇၊ ၁၈။)

၈။ ဒံယေလအထူးတောင်းပန်သောကြောင့် ကောင်းကင်တမန်သည် ထိုစတုတ္ထသားရဲ၏ အနက်အဓိပ္ပါယ်ကို အဘယ်သို့ ထပ်မံဖော်ပြသနည်း။        

        စတုတ္ထသားရဲသည် မြေကြီးပေါ်မှာ အခြားသော နိုင်ငံရှိသမျှတို့ထက်ထူးခြားသော စတုတ္ထနိုင်ငံဖြစ်၏။ ထိုနိုင်ငံသည် မြေကြီးရှိသမျှကို ကိုက်စားချိုးဖဲ့နင်းချေလိမ့်မည်။ (ငယ်၊ ၂၃။)

၉။ စတုတ္ထသားရဲအပေါ်၌ရှိသော ချိုဆယ်ချောင်းတို့၏ အနက်အဓိပ္ပါယ်ကား အဘယ်သို့နည်း။

        ထိုနိုင်ငံ၌ ပေါက်သောချိုဆယ်ချောင်းသည် ပေါ်လတ္တံ့သော မင်းကြီးဆယ်ပါးဖြစ်၏။ သူတို့နောက်အခြားသော မင်းကြီးပေါ်လာလိမ့်မည်။ အရင်မင်းကြီးထက်ထူးခြား၍ သုံးပါးတို့ကို နှိမ့်ချလိမ့်မည်။ (ငယ်၊ ၂၄။)

မှတ်ချက်။ ဤအနာတ္တိစကားတို့၌ "လေ" "သမုဒ္ဒရာ" ဆိုသောစကားတို့မှာပုံပမာပြု၍သုံးသည်။ ရေကို ပုံပမာပြု၍သုံးသောအခါ "အသီးသီးဘာသာစကားကို ပြောသောလူအမျိုးမျိုး" ကို ဆိုလိုသည်။ (ဗျာ ၁၇း၁၊၁၅။) တိုက်သောလေတို့ကို ပုံပမာပြု၍ သုံးသောအခါ နိုင်ငံကိုရလိုသောစစ်တိုက်ခြင်းကိုဆိုလိုသည်။ (ယေ၊ ၂၅း၃၂၊ ၃၃။ ဇာ၊ ၇း၁၄။)


  


ပုပ်ရဟန်းမင်း၏ ညှဉ်းဆဲခြင်း အာဏာတန်ခိုးကို သားရဲ၏

ချိုးငယ်ကလေးအားဖြင့် ပုံဆောင်၏

        ဒံယေလအခန်းကြီး ၂ တွင် ရုပ်တုကြီး၌ရှိသော သတ္တုလေးမျိုးသည်သားရဲလေးကောင်တို့နှင့် ညီညွှတ်သည်။ ရွှေဦးခေါင်းနှင့် ခြင်္သေ့သည် ဗာဗုလုန်နိုင်ငံကို ဆိုလိုသည် ။ ငွေရင်ဘက်၊ ငွေလက်နှစ်ဖတ်တို့သည် ဝံနှင့်ညီညွှတ်၍ မေဒိပေရသိနိုင်ငံကိုဆိုလိုသည်။ ရုပ်တုကြေးဝါသည် ကျားသစ်နှင့် ညီညွှတ်၍ ဟေလသနိုင်ငံ(ဂရိနိုင်ငံ) တည်းဟူသော ကမ္ဘာတစ်ခုလုံးကို အုပ်စိုးသော စတုတ္ထသားရဲနှင့် ညီညွှတ်၍ ရောမနိုင်ငံကို ဆိုလိုသည် ။    ချိုဆယ်ချောင်းပေါ်ထွန်းခြင်းအကြောင်းမှာ ခရစ်တော်သဣရာဇ် ၃၅၁-၄၈၃ အတွင်းတွင် ရောမနိုင်ငံကြီးသည် ဆယ်နိုင်ငံကွဲပြားခြင်းအားဖြင့် ပြည့်စုံခြင်းသို့ရောက်သည်။ ထိုဆယ်နိုင်ငံတို့သည်ကား အလင်မန်နီ၊ ဖရန့်(က)၊ အန်ဂလိုဆဣဇန်း၊ ဗီဂေါ့(သ)၊ ဆူဗီ၊ ဘန်ဂန်ဒီယန်၊ လောင်ဘား(ဒ) ၊ ဟယ်ရူလီ၊ အော်စတရိုဂေါ့(သ) နှင့် ဗန်းဒါး(လ) ဖြစ်ကြ၍ ၌ရောပတိုက်တွင် ယခုရှိကြသော ဂျာမနီ၊ ပြင်သစ်၊ အင်္ဂလန်၊ စပိန်၊ ပေါ်တူဂီ၊ ဆွစ်ဇာလန်၊ အီတလီနိုင်ငံများတို့နှင့် ညီညွှတ်သည်။


ချိုငယ်၊ ပါပသာသနာ၏ပုံပမာ


၁၀။ ချိုငယ်သည် ဘယ်က ပေါ်ပေါက်သနည်း။

        ထိုချိုတို့ကို ငါကြည့်ရှုစဉ် ချိုများအလယ်၌ ချိုငယ်တစ်ချောင်းသည် ပေါက်ပြန်၏။ (ဒံ၊ ၇း၈။)

မှတ်ချက်။ ထိုကြောင့် ဤချိုငယ်တန်ခိုးသည် ချိုဆယ်ချောင်းတည်းဟူသော ဥရောပတိုက်တွင် ရှိဆယ်နိုင်ငံတို့တွင် ပေါ်ထွန်းရလိမ့်မည်။

၁၁။ ထိုနိုင်ငံတို့သည် ဤနိုင်ငံတစ်ခုပေါ်ထွန်းသောကြောင့် ၎င်းနိုင်ငံက သုံးနိုင်ငံသည် ဘာဖြစ်သွားသနည်း။

        ထိုချိုငယ်ရှေ့မှ အလျင်ချိုသုံးချောင်းကို အမြစ်နှင့်တကွ နုတ်လေ၏။ (ငယ်၊ ၈။)

၁၂။ ထိုချိုငယ်၌ ဘာထူးခြားသောအခြင်းအရာရှိသနည်း။

        ချိုငယ်သည် လူမျက်စိကဲ့သို့သော မျက်စိနှင့်လည်းကောင်း၊ ကြီးစွာသောစကားကို ပြောတတ်သောနှုတ်နှင့်လည်းကောင်း ပြည့်စုံ၏။ (ငယ်၊ ၈။)

၁၃။ ဤချိုငယ်နိုင်ငံသည် ဥရောပတိုက်တွင်ရှိ အခြားနိုင်ငံတို့နှင့်ခြားနားသလော။                                                    

        သူတို့နောက် အခြားသောမင်းကြီးပေါ်လိမ့်မည်။ အလျင်မင်းကြီးထက်ထူးခြား၍ သုံးပါးတို့ကို နှိမ့်ချလိမ့်မည်။ (ငယ်၊ ၂၄။)

၁၄။ ထိုချိုငယ်သည် ဘုရားသခင်ကိုလည်းကောင်း၊ သန့်ရှင်းသောသူတို့ကိုလည်းကောင်း၊ ပညတ်တရားကိုလည်းကောင်း၊ အဘယ်သို့သဘော ထားသနည်း။

        အမြင့်ဆုံးသောဘုရားကို ဆန့်ကျင်ဘက်ပြု၍ ကြီးစွာသောစကားကိုပြောလိမ့်မည်။ အမြင့်ဆုံးသောဘုရား၏သန့်ရှင်းသူတို့ကို ညှဉ်းဆဲနှိပ်စက်လိမ့်မည်။ ကာလအချိန်နှင့် ပညတ်တရားတို့ကို ပြောင်းလဲစေခြင်းငါ ကြံစည်လိမ့်မည်။ (ငယ်၊ ၂၅။)

၁၅။ မည်မျှလောက်တာရှည်စွာ သန့်ရှင်းသူတို့ကိုလည်းကောင်း ၊ ကာလအချိန်ကို လည်းကောင်း၊ ပညတ်တရားကိုလည်းကောင်း၊ သူ၏တန်ခိုးအာဏာလက်အောက်၌ ထားရှိမည်နည်း။

        တစ်ကာလ၊နှစ်ကာလ၊ ကာလတစ်ဝတ်ပတ်လုံးသူသည် အခွင့်ရလိမ့်မည်။ (ငယ်၊ ၂၅။)

၁၆။ ၎င်းကာလကုန်ဆုံးသောအခါ သူ၏တန်ခိုးအာဏာဘာဖြစ်မည်နည်း။ထိုနောက်မှ တရားစီရင်ခြင်းဖြစ်လိမ့်မည်။

        ထိုအခါသူ၏တန်ခိုးအာဏာကိုနုတ်၍ ရှင်းရှင်းဖျက်ဆီးကြလိမ့်ည်။ (ငယ်၊ ၂၆။)

မှတ်ချက် ။ ဗျာဒိတ်ကျမ်း၌ ၎င်းကာလကို "တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝတ်၊" "အရက်တစ်ထောင်နှစ်ရာခြောက်ဆယ်" "လေးဆယ်နှစ်လ" ဟူ၍ ရေးထားမှတ်သားသည်။ (ဗျာ၊ ၁၂း၁၄၊၁၆။ ၁၁း၂။ ၁၃း၅။)

        "တစ်ကာလ၊နှစ်ကာလ၊ ကာလတစ်ဝတ်" သည် သုံးနှစ်ခွဲနှင့်တူညီသည်။ကျမ်းစာ၏တစ်နှစ်မှာ ရက်ပေါင်း၃၆၀ ရှိသောကြောင့် လ ၄၂ လသည်    ထိုရက်ပေါင်း ၁၂၆၀ နှင့် ညီမျှ၏။ သမ္မာကျမ်းစာ၌ ကာလအချိန်ကို အနာဂတ်အားဖြင့် သုံးသောအခါ တစ်ရက်ကို တစ်နှစ်ယူရမည်။ (ယေဇ ၊ ၄း ၁၆။) ဤကဲ့သို့ ချိုငယ်၏ နိုင်ငံသည် မိမိကိုခုခံသော ချိုသုံးချောင်းတို့တွင် နောက်ဆုံးချိုကို ဖြိုဖျက်သည့်ကာလမှစ၍ မိမိကိုယ်တိုင် အကျဉ်းယူဆောင်းခြင်းခံရသည် တိုင်အောင် နှစ်ပေါင်း ၁၂၆၀ ၌ တန်ခိုးကြီးခဲ့လေသည်။ 

        ခရစ်တော်သဣရာဇ် ၃၅၁- ၄၈၃ ရောမနိုင်ငံ ဆယ်နိုင်ငံကွဲ ပြားပြီးနောက် ပါပနိုင်ငံသည် အခြားနိုင်ငံများနှင့် ထူခြားပြီးလျှင် တန်ခိုးကြီးသောသာသနာနိုင်ငံကြီးတစ်ခုဖြစ်လာလေသည်။ ဆယ်နိုင်ငံတို့တွင် ဟယ်ရုလီ၊ဗန်းဒါး (လ)၊ အော်စတရိုဂေါ့ (သ) ဆိုသော သုံးနိုင်ငံသည် အဲရီအန်ဘာသာဖြစ်၍ ပါပမင်းသာသနာတော်၏။ တန်ခိုးကို ခုခံလေသည်။ ရောမဂိုဏ်းအုပ်များတို့သည် ဟယ်ရုလီနိုင်ငံကို ၄၆၃- ခုနှစ်၌ လည်းကောင်း၊    ဗန်းဒါး (လ) နိုင်ငံကို ၅၃၄ ခုနှစ်၌လည်းကောင်း၊ အော်စရိုဂေါ့(သ) နိုင်ငံကို ၅၃၈- ခုနှစ်၌လည်းကောင်း အမြစ်နှင့် တကွနုတ်စေလေသည်။          ဤကဲ့သို့ပြုခြင်းအားဖြင့် ရောမဂိုဏ်းအုပ်များတို့၏ တန်ခိုးအာဏာအတည် ဖြစ်လေသည်။ နှစ်ပေါင်း ၁၂၆၀သည် ခရစ်တော်သက္ကရာဇ် ၁၇၉၈ ခုနှစ်၌ စေ့ရောက်လေသည်။ 

        ထိုနှစ်၌ ပြင်သစ်စစ်ဗိုလ်ကြီး ဘားသီးအားသည် ဆဌမမြောက်ပုပ်ရဟန်းမင်းကြီး ပိုက်ရပ်စ်ကို ဖမ်းဆီးယူ ဆောင်သွားပြီးနောက် ထိုရဟန်းမင်းကြီးသည် အကျဉ်းခံလျက်နေစဉ် သေဆုံးသွားလေသည်။ ထိုကာလမှစ၍ ဗရင်ဂျီပုပ်သာသနာ၏ တန်ခိုးမှေးမှိန်သွားခဲ့လေသည်။ ပုပ်ရဟန်းသာသနာသည် ဘုရားသခင်၏ဘွဲ့တော်များကို ယူ၍ ခရစ်တော်၏ ကိုယ်စားပြုလုပ်ပြီးလျှင် မိမိနှုတ်ကထွက်သော စကားများတို့သည် မှားယွင်းခြင်း မဖြစ်နိုင်လေဟန်ပြောဆိုသောကြောင့် "အမြင့်ဆုံးသောဘုရားကို ဆန့်ကျင်ဘက်ပြု၍ ကြီးစွာသော စကားများကိုပြောလိမ့်မည်" ဆိုသော ကျမ်းချက်သည် ပြည့်စုံခြင်းသို့ရောက်လေသတည်း။ ပုပ်ရဟန်းသာသနာ၏ တန်ခိုးသည် "အမြင့်ဆုံးသော ဘုရားသခင်၏ သန့်ရှင်းသူတို့ကို ညှဉ်းဆဲနှိပ်စက်" ခဲ့ကြောင်း ဘာသာအတွက်နှင့် အသေခံရသော လူပေါင်း ၇ ကုဋေကျော်တို့၏ အသွေးသည် သက်သေခံကြလေသည်။

၁၇။ အသစ်ပြုပြင်ခြင်းအမှုပြီးမြောက်သည်နောက် ဘာဖြစ်ဦးမည်နည်း။  

        ကောင်းကင်အောက်၌ နိုင်ငံနှင့်တကွ အာဏာစက်ဘုန်းတန်ခိုး ရှိသမျှကို အမြင့်ဆုံးသော ဘုရား၏ သန့်ရှင်းသော အမျိုးသားတို့သည် ရကြလိမ့်မည်။ ထိုဘုရားသခင်၏ နိုင်ငံတော်သည် ထာ၀ရနိုင်ငံဖြစ်၏။ မင်းကြီးအပေါင်းတို့သည် တိုးဝင်၍ ကျွန်ခံရကြလိမ့်မည်။ (ဒံ၊ ၇း၂၇။)

မူလ မာတိကာသို့


No comments:

Post a Comment