အသစ်မွေးဖွားခြင်း
၁။ လူတို့၏ဇာတိပကတိ အခြေအနေ ဘယ်သို့နည်း။
လူအပေါင်းတို့သည် အပြစ်ကို ပြု၍ ဘုရားသခင့် ရှေကတော်၌ အသေရေပျက်ကြပြီ။ (ရောမ၊ ၃း၂၃။ ဧ၊ ၂း၁-၃။)
၂။ ဘုရားသခင်ကို ဖူးတွေ့ဖို့ အခွင့် အဘယ်သူသာရသနည်း။
စိတ်နှလုံးဖြူစင်သော သူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် ဘုရားသခင်ကို မြင်ရကြလတံ့။ (မဿဲ၊ ၅း၈။)
၃။ လူ၌ရှိသော အခြေအနေကို လူသည်ကိုယ်တိုင် ကြိုးစားခြင်းအားဖြင့် ပြောင်းလဲနိုင်သလော။
အဲသယောပိလူသည် မိမိအရေ၏အဆင်းကို လည်းကောင်း၊ ကျားသစ်သည် မိမိအကွက်အကျားတို့ကို လည်းကောင်း ပြောင်းလဲနိုင်သလော။ ပြောင်းလဲနိုင်လျှင် အပြစ်ကို ပြုလေ့ရှိသော သူတို့သည် အပြစ်ကို မပြုခြင်းငှာ တတ်နိုင်ကြလိမ့်မည်။ (ယေ၊ ၁၃း၂၃။)
၄။ သို့ဖြစ်လျှင် လူကို ဘုရားသခင်အထံတော်သို့ ဘယ်ကဲ့သို့ ပို့ဆောင်နိုင်သနည်း။
ငါတို့ကို ဘုရားသခင့် အထံတော်သို့ ပို့ဆောင်ခြင်းငှာ ဖြောင့်မတ်တော်မူသော သူသည် မဖြောင့်မတ်သော သူတို့အတွက် အပြစ်များကြောင့်တစ်ခါခံတော်မူ၏။ (၁ပေ၊ ၃း၁၈။)
၅။ ခရစ်တော်မစခြင်းမပါဘဲ ဘုရားသခင်ထံတော်သို့ ရောက်ရန် လူသည် ဘယ်မျှလောက် တိုးတက်နိုင်သနည်း။
ငါသည် စပျစ်နွယ်ပင် ဖြစ်၏။ သင်တို့သည် အခက်များဖြစ်ကြ၏။ အကြင်သူသည် ငါ၌ ငါသည်လည်း သူ၌တည်၏။ ထိုသူသည်များစွာသောအသီးကို သီးတတ်၏။ ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှုကိုမျှ မတတ်နိုင်ကြ။ (ယော၊ ၁၅း၅။)
၆။ လူသည်ခရစ်တော်၌ရှိသောအခါ ဘာဖြစ်သနည်း။
လူမည်သည်ကား ခရစ်တော်၌ ရှိလျှင် အသစ်ပြုပြင်သော သတ္တဝါဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။ (၂ကော၊ ၅း၁၇။)
၇။ လူသတ္တဝါသစ်မဖြစ်မီ ဘာဖြစ်ရမည်နည်း။
အထက်က ပညတ်တရားမရှိသဖြင့် ငါသည် အသက်ရှင်၏။ ပညတ်တရားပေါ်သောအခါ အပြစ်တရားသည် ရှင်ပြန်၏။ ငါလည်းသေ၏။ (ရော၊ ၇း၉။)
၈။ ပေါလုသည် ဘယ်ကမှသေသနည်း။
အပြစ်တရားမှ စုတေ့သောသူတို့သည် ထိုတရား၌ အဘယ်သို့ ရှင်ရဦးမည်နည်း။ (ရော၊ ၆း၂။)
၉။ အပြစ်သည် ပေါလုကို ဘယ်အရာအားဖြင့် သတ်သနည်း။
အပြစ်တရားသည် ပညတ်တရားအားဖြင့် အခွင့်ရလျှင် ငါ့ကို လှည့်ဖြား၍ ထိုတရားအားဖြင့် ငါ့ကိုသတ်လေ၏။ (ရော၊ ၇း၁၁။)
၁၀။ အပြစ်သည် သတ်ဖို့ရန် တန်ခိုးကို ဘယ်ကရသနည်း။
သေမင်း၏ လက်နက်ကား အပြစ်ပေတည်း။ အပြစ်၏ တန်းခိုးကား ပညတ်တရားပေတည်း။ (၁ကော၊ ၁၅း၅၆။)
၁၁။ နောင်တရခြင်းတည်းဟူသော အသစ်မွေးဖွားခြင်းအကြောင်းကို ကယ်တင်တော်မူသော အရှင်သည် အဘယ်သို့ ကျပ်တည်းစွာ မိန့်တော်မူသနည်း။
ယေရှုက၊ ဒုတိယမွေးခြင်းကို မခံသောသူမည်သည်ကား ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်ရဟု ငါအမှန်အကန်ဆိုသည်ဟု ပြန်၍ မိန့်တော်မူ၏။ (ယော၊ ၃း၃။)
၁၂။ ဒုတိယမွေးခြင်းသည် ဘယ်နည်းအားဖြင့် ဖြစ်စေသနည်း။
သင်တို့သည် ဖေါက်ပြန် ပျက်စီးတတ်သော မျိုးစေ့အားဖြင့် ဖြစ်ဖွားသည်မဟုတ်။ မဖေါက်ပြန် မပျက်စီးတတ်သော မျိုးစေ့တည်းဟူသော အသက်ရှင်၍ အစဉ်အမြဲတည်တော်မူသော ဘုရားသခင်၏ နှုတ်ထွက်တရားတော်အားဖြင့် ဖြစ်ဖွားသောကြောင့် ညီအစ်ကိုများကို ချစ်ယောင်မဆောင်၊ အမှန်ချစ်ခြင်းအလိုငှာ စိတ်ထဲမှာ သမ္မာတရားကို နားထောင်လျက်အချင်းချင်းအားကြီးသော ချစ်ခြင်းမေတ္တာ ရှိကြလော့။ (၁ပေ၊ ၁း၂၂၊ ၂၃။)
၁၃။ ဤကဲ့သို့ ဖြစ်ဖွားစေခြင်းအကြောင်းကို ကျွန်ုပ်တို့ စုံလင်စွာ နားလည်နိုင်သလော။
ဗလသည် အလိုရှိတိုင်း သွားလာ၏။ လေ၏အသံကို သင်သည် ကြားရသော်လည်း အဘယ်အရပ်သို့သွားသည်ကို မသိနိုင်။ ထိုနည်းတူ ဝိညာဉ်တော်မွေးသောသူ ဖြစ်သည်ဟု မိန့်တော်မူ၏။ (ယော၊ ၃း၈။)
၁၄။ ဝိညာဉ်တော်မွေးသောသူသည် ဇာတိပကတိ အကျင့်တို့ကို ကျင့်လျက်နေနိုင်သလော။
ဇာတိပကတိမွေးသောအရာသည် ဇာတိပကတိဖြစ်၏။ ဝိညာဉ်တော်မွေးသော အရာသည် ဝိညာဉ်ဖြစ်၏။ (ယော၊ ၃း၆။) ဇာတိပကတိရှိသောသူတို့သည် ဇာတိပကတိနှင့် စပ်ဆိုင်သောအရာတို့ကို စွဲလမ်းသော စိတ်သဘောရှိကြ၏။ ဝိညာဉ်ပကတိရှိသော သူတို့မူကား ဝိညာဉ်ပကတိနှင့်စပ်ဆိုင်သောအရာတို့ကို စွဲလမ်းသော စိတ်သဘောရှိကြ၏။ (ရော၊ ၈း၅၊ ၆။)
၁၅။ ဤအကြောင်းနှစ်ပါးတို့သည် တစ်ပါးနှင့်တစ်ပါး သဘောတူညီသလော။
အကြောင်းမူကား၊ ဇာတိပကတိနှင့် ဝိညာဉ်ပကတိသည် တစ်ပါးနှင့်တစ်ပါး ဆန့်ကျင်သော အလိုရှိကြ၏။ တစ်ပါးနှင့် တစ်ပါး ဆန့်ကျင်ဘက်ဖြစ်၍ သင်တို့သည် ကျင့်ချင်သောအကျင့်ကို မကျင့်နိုင်ကြ။ (ဂလ၊ ၅း၁၇။)
၁၆။ ဇာတိပကတိအကျင့်တို့သည် ဘယ်အကျင့်မျိုးဖြစ်ကြသနည်း။
ဇာတိပကတိအကျင့်တို့သည် ထင်ရှားကြ၏။ ထိုအကျင့်တို့မူကား သူ့မယားကို ပြစ်မှားခြင်း၊ မတရားသော မေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာလွန်ကျူးခြင်း၊ သူတစ်ပါးကို ပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ အချင်းချင်း ကွဲပြားခြင်း၊ သင်းခွဲခြင်း၊ သူ့အကျိုးကို ငြူစူခြင်း၊ လူအသက်ကိုသတ်ခြင်း၊ ယစ်မျိုးကို သောက်ကြူးခြင်း၊ ပွဲလုပ်ခြင်းမှစ၍ ထိုသို့သော အကျင့်ပေတည်း။ (ဂလ၊ ၅း၁၉-၂၁။)
၁၇။ ဝိညာဉ်ပကတိအကျိုးသည် ဘယ်လက္ခဏာများကို ထင်ရှားစေသနည်း။
ဝိညာဉ်ပကတိ၏ အကျိုးမူကား၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းပေတည်း။ (ငယ် ၂၂၊ ၂၃။)
၁၈။ လူသည် ဒုတိယမွေးဖွားခြင်းကိုခံပြီးမှ ဘယ်ကဲ့သို့ ကျင့်မည်နည်း။
ဘုရားသခင်သည် ဖြောင့်မတ်တော်မူသည်ကို သင်တို့သည် သိလျှင် ဖြောင့်မတ်ခြင်းတရားကို ကျင့်သောသူမည်သည်ကား ဘုရားသခင်ဖြစ်ဖွား စေတော်မူသောသူ ဖြစ်သည်ကို သိရကြ၏။ (၁ယော၊ ၂း၂၉။)
၁၉။ ဖြောင့်မတ်ခြင်းကို ဘယ်မှာတွေ့ရသနည်း။
အလုံးစုံသော ပညတ်တော်တို့သည် ဖြောင့်မတ်ပါသည်ဖြစ်၍ အကျွန်ုပ်လျှာသည် ဖော်ပြတော်မူချက်ကို သီချင်းဆိုရပါမည်။ (ဆာ၊ ၁၁၉း၁၇၂။)
၂၀။ သို့ဖြစ်လျှင် ဘုရားသခင်ဖြစ်ဖွားစေတော်မူသောသူသည် အပြစ်နှင့်အဘယ်သို့ဆိုင်သနည်း။
ယခုသင်တို့ ရှက်ကြောက်သော ထိုအကျင့်တို့ကို ကျင့်စဉ်အခါ အဘယ်အကျိုးကို ရကြသနည်း။ ထိုသို့သော အကျင့်သည် သေခြင်း၌ လမ်းဆုံးသတည်း။ (ရော၊ ၆း၂၁။)
ဆိုးညစ်သော အမှုကို စက်ဆုပ်ရွံရှာကြလော့။ ကောင်းမွန်သော အမှု၌မှီဝဲဆည်းကပ်ကြလော့။ (ရော၊ ၁၂း၉။)
ထိုကြောင့် သင်တို့သည် သခင်ဘုရား၏ ကျေးဇူးတော်ကို မြည်းစမ်းကြသည်ဖြစ်၍ အမျိုးမျိုးသော မနာလိုခြင်း၊ လှည့်ဖြားခြင်း၊ လျှို့ဝှက်ခြင်း၊ငြူစူခြင်း၊ ကဲ့ရဲ့ခြင်း ရှိသမျှကို ပယ်ရှား၍ ကယ်တင်ခြင်းအလို့ငှာနှုတ်ထွက်တရားတော်၏ နို့စစ်အားဖြင့် ကြီးပွားမည်အကြောင်းဖွားစသော သူငယ်ကဲ့သို့ ထိုတရားနို့ကို အလွန်လိုချင်သော စိတ်ရှိကြလော့။ (၁ပေ၊ ၂း၁-၃။)
၂၁။ ပေါလုသည် ပြောင်းလဲသောအခါ အပြစ်တရားလက်မှ ဘယ်ကဲ့သို့ ကယ်တင်ခြင်း ရသနည်း။
ယေရှုခရစ်၌တည်၍ အသက်ရှင်စေသော ဝိညာဉ်တော်၏ တရားသည် အပြစ်တရား၏ လမ်းမှလည်းကောင်း၊ သေခြင်းတရား၏ လက်မှလည်းကောင်း ငါ့ကိုကယ်လွှတ်ပြီ။ (ရော၊ ၈း၂။)
မှတ်ချက်။ (၁) "အပြစ်တရားနှင့် သေခြင်းတရား" သည် လူ၏မပြောင်းလဲနိုင်သော အဖြစ်သနစ်ဖြစ်သည်။ ထိုအဖြစ် သနစ်သည် လူအား ဆက်ကာဆက်ကာ တရားတော်ကို လွန်ကျူးဖို့ရန် တိုက်တွန်းသည်။
(၂) ကျွန်ုပ်တို့ကို အပြစ်တရားမှ ကယ်လွှတ်သော "ယေရှခရစ်၌တည်၍ အသက်ရှင်စေသော ဝိညာဉ်တော်၏တရား"သည် ခရစ်တော်ပေးသော စိတ်သဘောသစ်ဖြစ်သည်။ ထိုစိတ်သဘောအားဖြင့် ကျွန်ုပ်တို့သည် အပြစ်မှလှည့်၍ ၎င်းအပြစ်ကို အောင်မြင်စေသည်။
ဤ(၁) နှင့် (၂) အကြောင်း ၂ပါးတို့၌ ဘုရားသခင်၏ ပညတ်တော်ကြီးသည် စံဖြစ်၏။ ပညတ်သည် လူကို (၁) အကြောင်း၌ အပြစ်အလျောက် စီရင်သည်။ (၂)အကြောင်း၌လူအား ဘုရားသခင်ပေးတော်မူသော ဖြောင့်မတ်ခြင်းတရားကို သက်သေခံသည်။(ရော၊ ၃း၂၁၊ ၂၂။)
၂၂။ အပြစ်တရားနှင့် သေခြင်းတရားလက်မှ လွတ်သောအခါ လူသည် ဘယ်အခြေသို့ ရောက်သနည်း။
ဘုရားသခင်ကယ်လွှတ်တော်မူသောကြောင့် ယေရှုခရစ်၌တည်၍ ဇာတိပကတိအတိုင်း မကျင့်၊ ဝိညာဉ်ပကတိ အတိုင်း ကျင့်သောသူတို့သည်အပြစ်စီရင်ခြင်းနှင့် လွတ်ကြ၏။ (ရော၊ ၈း၁။)
၂၃။ အသစ်မွေးဖွားခြင်းသည် ကျွန်ုပ်တို့အား ဘယ်အသက်မျိုးနှင့်ရှင်စေသနည်း။
ထိုနည်းတူ သင်တို့သည် အပြစ်တရားနှင့် ဆိုင်သော အရာ၌ကား အသေဖြစ်သည် ဟူ၍ လည်းကောင်း၊ ဘုရားသခင်နှင့် ဆိုင်သောအရာ၌ကား ငါတို့သခင်ယေရှုခရစ်အားဖြင့် အသက်ရှင်သည်ဟူ၍လည်းကောင်း ကိုယ်ကိုကိုယ် ထင်မှတ်ကြလော့။ (ရော၊ ၆း၁၁။)
၂၄။ ဘုရားသခင်အမှတ်ဖြစ်ဖွားစေသောသူသည် ဘာလုပ်တတ်သနည်း။
ချစ်သူတို့၊ ငါတို့သည် အချင်းချင်း ချစ်ကြကုန်အံ့၊ အကြောင်းမူကား ချစ်ခြင်းမေတ္တာ သည် ဘုရားသခင်နှင့် စပ်ဆိုင်၏ ချစ်တတ်သောသူ မည်သည်ကား ဘုရားသခင်ဖြစ်ဖွားစေတော်မူသောသူ ဖြစ်၏။ ဘုရားသခင်ကို သိသောသူလည်း ဖြစ်၏။ (၁ယော၊ ၄း၇။)
၂၅။ ဒုတိယမွေးဖွားခြင်းခံသောသူသည် ဘာကိုအောင်မြင်သနည်း။
ဘုရားသခင်၏သား ဖြစ်သောသူ မည်သည်ကား လောကကို အောင်တတ်၏။ လောကကို အောင်ခြင်းအကြောင်းမူကား ငါတို့၏ ယုံကြည်ခြင်းပေတည်း။ (၁ယော၊ ၅း၄။)
No comments:
Post a Comment