Sunday, March 16, 2025

 


အခန်း - ၃၂

မှန်သောဥပုသ်နေ့


၁။ စတုတ္ထပညတ်တော်ဘာအမိန့်ပေးသနည်း။

        ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ ထိုနေ့ရက်ကို အောက်မေ့လော့။ ခြောက်ရက်ပတ်လုံး အလုပ်မျိုးကို ကြိုးစား၍ လုပ်ဆောင်လော့။ သတ္တမနေ့ရက်သည် သင်၏ဘုရားသခင် ထာ၀ရဘုရား၏ ဥပုသ်နေ့ဖြစ်၏။      ထိုနေ့၌ သင်မှစ၍ သင်၏သားသမီး၊ ကျွန်၊ ယောက်ျား၊ မိန်းမ၊ တိရိစ္ဆာန်၊ သင်၏တံခါးအတွင်း၌ နေသော ဧည့်သည်တို့သည် အလုပ်မလုပ်ရ။ အကြောင်းမူကား၊ ထာ၀ရဘုရားသည် မိုးကောင်းကင်မြေကြီး၊ သမုဒ္ဒရာ၊အရပ်ရပ်၌ရှိသမျှတို့ကို ခြောက်ရက်တွင်ဖန်ဆင်း၍ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ထို့ကြောင့် ထာ၀ရဘုရားသည် သတ္တမနေ့ရက်ကို ကောင်းချီးပေး၍ သန့်ရှင်းစေတော်မူ၏။ (ထွ၊ ၂ဝး၈-၁၁။)

၂။ ဘယ်သောအခါ၌ ၎င်းနေ့ကို ကောင်းချီးပေး၍ သန့်ရှင်းစေတော်မူသနည်း။

        ထိုသို့ကောင်းကင်မြေကြီးနှင့်တကွ ခပ်သိမ်းသောတန်ဆာတို့သည် ပြီးစီးလျက်ရှိကြ၏။ သတ္တမနေ့ရက်ရောက်လျှင် ဘုရားသခင်သည် ဖန်ဆင်းသောအမူကို လက်စသတ်တော် မူခဲ့ပြီးသည်ဖြစ်၍ ဖန်ဆင်းသမျှသောအမူအရာတို့သည် ပြီးစီးပြီးမှ ...... ထိုသတ္တမနေ့ကို ဘုရားသခင်သည် ကောင်းချီးပေး၍ သန့်ရှင်းစေတော်မူ၏။ အကြောင်းမူကား ဖန်ဆင်းပြုပြင်တော်မူသော အမူအရာအလုံးစုံတို့သည် ပြီးစီးသောကြောင့် ထိုနေ့ရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။ (က၊ ၂း၁-၃။)

မှတ်ချက်။ မူလပထမခုနစ်ရက်သီတင်းအဆုံး၌ ကျွန်ုပ်တို့ထာ၀ရဘုရားသည် ဥပုသ်၏ စီရင်ထုံးဖွဲ့ခြင်းကို အခိုင်အမာ အတည်အမြဲပြုလုပ်သည်။ သီးခြားစွာစီမံခြင်း ၃ မျိုးအားဖြင့် ဥပုသ်၏စီရင်ထုံးဖွဲ့ခြင်းကိုအတည်ပြုလိုက်သည်မှာ - (၁) ဘုရားသခင်ငြိမ်ဝပ်စွာ နေတော်မူသည်။ (၂) သတ္တမနေ့ကို ဘုရားသခင်ကောင်းချီးပေးတော်မူသည်။ (၃) သတ္တမနေ့ကိုဘုရားသခင် သန့်ရှင်းစေတော်မူသည်။

၃။ ဥပုသ်နေ့ကို အဘယ်သူအဖို့ဖြစ်စေသနည်း။

        ဥပုသ်နေ့သည် လူအဖို့ဖြစ်၏။ (မာ၊ ၂း၂၇၊ ၂၈။)

၄။ ဘုရားသခင်ဖန်ဆင်းတော်မူသမျှသော အမူအရာတို့သည် မည်မျှလောက်တာရှည်စွာ တည်မည်နည်း။

        ဘုရားသခင်ပြုတော်မူသမျှသောအမူသည် အမြဲထာ၀ရဖြစ်သည်ကို ငါသိ၏။ ထပ်၍မပြုနိုင်ရာ၊ နုတ်၍မယူနိုင်ရာ။ လူတို့သည် ရှေ့တော်၌ ကြောက်ရွံ့မည်အကြောင်း ဘုရားသခင်ပြုတော်မူ၏။ ဖြစ်ဖူးသောအရာသည် ယခုဖြစ်သောအရာနှင့်တူ၏။ ဖြစ်လတ္တံ့သောအရာသည်လည်း ဖြစ်ဖူးသောအရာနှင့်တူ၏။ လွန်ပြီးသောအရာတို့ကိုလည်း ဘုရားသခင်တောင်းပြန်တော်မူ၏။ (ဒေ၊ ၃း၁၄၊ ၁၅။)

၅။ ဣသရေလလူမျိုးတို့သည် ဥပုသ်ကို သစ္စာနှင့်စောင့်ခဲ့ပါလျှင် ဘယ်ကဲ့သို့သော အကျိုးဖြစ်ခဲ့မည်နည်း။

        ထာ၀ရဘုရားမိန့်တော်မူသည်ကား၊ သင်တို့သည် ဥပုသ်နေ့၌ ဤမြို့တံခါးဖြင့် ဝန်ကိုမသွင်းမဆောင် ၊ အဘယ်အလုပ်ကိုမျှမလုပ်၊ ဥပုသ်နေ့ကို သန့်ရှင်းစေသည်တိုင်အောင် ငါ့စကားကို စေ့စေ့နားထောင်လျှင် ဒါဝိဒ်မင်းကြီး၏ ရာဇပလ္လင်ပေါ်မှာထိုင်သော ရထားစီး၊ မြင်းစီး၊ ရှင်ဘုရင်၊ မင်းသားမှစ၍ သူတို့မှူးမတ်၊ ယုဒပြည်သူ ယေရုရှလင်မြို့သားတို့သည် ဤမြို့တံခါးများသို့ ဝင်လျက်ရှိကြလိမ့်မည်။ ဤမြို့သည်လည်း အစဉ်အမြဲတည်လိမ့်မည်။ (ယေ၊ ၁၇း၂၄-၂၇။)

၆။ ဥပုသ်နေ့သည် အဘယ်အကြောင်းအရာ၏ လက္ခဏာဖြစ်သနည်း။

        ငါနှင့်ဣသရေလအမျိုးသားစပ်ကြား၌ ထာ၀ရလက္ခဏာသက်သေဖြစ်လိမ့်မည်။ အကြောင်းမူကား ၊ထာ၀ရဘုရားသည် မိုးကောင်းကင်နှင့် မြေကြီးကို ခြောက်ရက်တွင်ဖန်ဆင်း၍ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေလျက် အားဖြည့်တော်မူသည်။ (ထွ၊ ၃၁း၁၂-၁၇။ ယေဇ၊ ၂ဝး၁၂၊ ၂၀။)


ဓမ္မသစ်ကျမ်းတွင်ရှိဥပုသ်


၇။ ဥပုသ်နေ့ကိုလည်းကောင်း၊ စတုတ္ထပညတ်တော်၌ ရှိသော အကြောင်းတစ်စုံတစ်ရာကိုလည်းကောင်း ခရစ်တော်သည် ဖျက်ပယ်သလော့။

        ပညတ်တ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှာ ငါလာသည်ဟုမထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှာ ငါလာသည်မဟုတ်။ ပြည့်စုံစေခြင်းငှာ ငါလာသတည်း။ ငါအမှန်ဆိုသည်ကား၊ ကောင်းကင်နှင့်မြေကြီးမပျက်စီးမီတိုင်အောင် ပညတ္တိကျမ်း၌ အငယ်ဆုံးသော စာလုံးဗိန္ဓုတစ်လုံးမျှပြည့်စုံခြင်းသို့မရောက်မီ မပျက်စီးရ။ (မ၊ ၅း၁၇-၁၉။)

၈။ သတ္တမနေ့ကို ဥပုသ်စောင့်ရန် ယေရှု၏ထုံးစံဖြစ်သလော။

        ကြီးပွားတော်မူရာ နာဇရပ်မြို့သို့ရောက်ပြန်လျှင် ထုံးစံတော်ရှိသည်အတိုင်း ဥပုသ်နေ့၌ တရားဇရပ်သို့ဝင်၍ ကျမ်းစာကိုဖတ်ရွက်ခြင်းငှာ ထတော်မူ၏။ (လု၊ ၄း၁၆။ ယော၊ ၁၅း၁၀။)

၉။ သေခြင်းမှထမြောက်ပြီးသည်နောက် အနည်းဆုံးအနှစ်၄၀ တိုင်အောင် မိမိတပည့်များတို့သည် ဥပုသ်စောင့်ရှောက်ဖို့ရန် ယေရှု၏အလိုဖြစ်သလော့။

        သင်တို့ပြေးရသောအချိန်သည် ဆောင်းကာလ၌မကျ၊ ဥပုသ်နေ့၌လည်း မကျမည်အကြောင်း ဆုတောင်းကြလော့။ (မ၊ ၂၄း၂၀။)

မှတ်ချက်။ ခရစ်တော်သည် ယေရုရှလင်မြို့ပျက်စီးမည်အကြောင်း မြွက်ဆိုသည်။ မြွက်ဆိုပြီးသည်နောက် အနှစ် ၄၀ ကြာသောအခါ ယေရုရှလင်မြို့ပျက်စီးသည်။

၁၀။ လက်ဝါးကပ်တိုင်ပေါ်မှာ အသေခံပြီးသည်နောက် တပည့်တော်တို့သည် ဥပုသ်ကိုစောင့်ကြသလော့။

        ထိုနောက်မှပြန်သွားပြီးလျှင် .. ပညတ်တော်အတိုင်း ဥပုသ်နေ့၌ အလုပ်မလုပ်ဘဲနေကြ၏။ (လု၊ ၂၃း၅၆။)

၁၁။ "ပညတ်အတိုင်း" ဥပုသ်နေ့ကို စောင့်ပြီးသည်နောက် ဥပုသ်နေ့၌ မလုပ်သောအမှုတို့ကို တပည့်တော်တို့သည် ပထမနေ့၌ ချက်ချင်းပြုလုပ်ကြသလော။

        ခုနစ်ရက်တွင် ပထမနေ့ရက်အရုဏ်တတ်သောအချိန်၌ ....မိမိတို့ပြင်ဆင်သော နံ့သာမျိုးကိုဆောင်လျက် သင်္ချိုင်းတော်သို့သွားကြ၏။ (လု၊၂၄း၁။)

၁၂။ ဓမ္မသစ်ကျမ်း၌ ဘယ်နေ့ကို ဥပုသ်ဟူ၍ခေါ်သနည်း။

        ဥပုသ်နေ့လွန်မှ မာဂဒလမာရိ၊ ယာကုပ်၏ အမိဖြစ်သော မာရိနှင့်ရှာလုံတို့သည် သွား၍ အလောင်းတော်ကို လိမ်းခြင်းငှာ နံ့သာမျိုးကိုဝယ်ပြီးလျှင် ခုနစ်ရက်တွင် ပထမနေ့ရက် နံနက်စောစောနေထွက်သော အချိန်၌ သင်္ချိုင်းတော်သို့ သွားကြ၏။ (မာ၊ ၁၆း၁၊၂။ မ၊ ၂၈း၁။)

၁၃။ ၎င်းဥပုသ်နေ့ကို စောင့်ရှောက်ဖို့ရန် ပေါလု၏ ထုံးစံလည်းဖြစ်သလော။

        ထိုနောက်. . . သက်သာလောနိတ်မြို့သို့ရောက်ကြ၏။ ထိုမြို့မှာ ယုဒတရားဇရပ်ရှိ၏။ ပေါလုသည် မိမိထုံးစံရှိသည်အတိုင်း ထိုဇရပ်သို့ဝင်၍ ဥပုသ်နေ့သုံးရက်တွင် ကျမ်းစာကို အမှီပြု၍ ထိုသူတို့နှင့် ဆွေးနွေးနှီးနှောသဖြင့်။ (တ၊ ၁၇း၁-၃။ ၂၄း၁၄။ ၂၈း၁၇။)

၁၄။ ၎င်းဥပုသ်နေ့သည် ယုဒလူတို့စောင့်ရှောက်သော ဥပုသ်နေ့နှင့် တူသလော။

        ပေရဂေမြို့မှ ထွက်သွားပြန်၍ပိသိဒိပြည်၊ အန္တိအုတ်မြို့သို့ရောက်လျှင် ဥပုသ်နေ့၌ တရားဇရပ်သို့ဝင်၍ထိုင်ကြ၏။ ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းကို ဖတ်ရွက်ပြီးမှ တရားဇရပ်မှူးတို့သည် ညီအစ်ကိုတို့၊ လူအများအား ဆုံးမစရာစကားရှိလျှင် ဟောပြောကြပါဟု လူကိုစေလွှတ်၍ ကြားပြောစေ၏။ (တ၊ ၁၃း၁၄၊၁၅။)

၁၅။ တစ်ပါးအမျိုးသားသည် ထိုနေ့၌ စည်းဝေးကြသလော။

        ယုဒလူမျိုးတို့သည် တရားဇရပ်မှထွက်သွားကြစဉ် တစ်ပါးအမျိုးသားတို့က ထိုအကြောင်းအရာတို့ကို မိမိတို့အား နောက်ဥပုသ်နေ့၌ ဟောပြောပါမည်အကြောင်း တောင်းပန်ကြ၏။ (တ၊ ၁၃း ၄၂။)

၁၆။ ကောရိန်သူမြို့၌ ပေါလုသည် မိမိအလုပ်ကိုလုပ်စဉ်အခါ ဥပုသ်စောင့်ခြင်းနှင့် ပတ်သက်၍ ဘယ်ထုံးစံအတိုင်းပြုလုပ်သနည်း။

        ပေါလုသည်လည်း ဥပုသ်နေ့မပြတ်တရားဇရပ်၌ ဆွေးနွေးဟောပြော၍ ယုဒလူနှင့် ဟေလသလူတို့ကို ဖြားယောင်းသွေးဆောင် လေ၏။ (တ၊ ၁၈း၁-၄။)

မှတ်ချက်။ ဤကျမ်းချက်၌ တွေ့မြင်ရသည်မှာ ပေါ်လုသည် ၇ ရက်တစ်ပတ်တွင် ၆ ရက်ပတ်လုံး မိမိအလုပ်ကိုယူ၍ ဥပုသ်နေ့တိုင်း ဧဝံဂေလိတရားတော်ကို ဟောပြောသည်။ ကောရိန်သုမြို့၌ တစ်နှစ်ခွဲ (ငယ်၊ ၁၁) ဤကဲ့သို့ဟောပြောနေခဲ့သည်။ ဤကျမ်းချက်များ အတိုင်း ဥပုသ်ပေါင်း ၇၈ ကြိမ်ကို စောင့်ခြင်းအကြောင်း ရေးမှတ်ထားလေသည်။ (တ၊ ၂ဝး၃၃-၃၆။ ၁ကော၊ ၄း၁၂။ ၁သက်၊ ၂း၉။ ၂သက်၊ ၃း၈။)

၁၇။ ယခုကာလ၌ သခင်ဘုရားနေ့ဟူ၍ရှိသလော။

        သခင်ဘုရားနေ့၌ ဝိညာဉ်တော်ကိုခံရ၍။ (ဗျာ၊ ၁း၁၀။)

၁၈။ ကျမ်းအတိုင်း သခင်ဘုရားနေ့သည် အဘယ်နေ့ဖြစ်သနည်း။

        "သတ္တမနေ့ရက်သည် သင်၏ ဘုရားသခင်ထာ၀ရဘုရား၏ ဥပုသ်နေ့ဖြစ်၏။" (ထွ၊ ၂ဝး၈-၁၁။)

        "ငါ၏ ဥပုသ်နေ့။" (ယေဇ၊ ၂ဝး၁၂။)

        "ငါသန့်ရှင်းသောနေ့။" (ဟေရှာ၊ ၅၈း၁၃၊၁၄။)

        "လူသားသည် ဥပုသ်နေ့ကိုပင် အစိုးရသည်။" (မာ၊ ၂း၂၇၊၂၈။)

၁၉။ လူအပေါင်းတို့သည် ဥပုသ်နေ့စောင်ဖို့ရန် ဘယ်နေ့ကို ထာ၀ရဘုရားအလိုရှိတော်မူသနည်း။

        ထာ၀ရဘုရား၌ မှီဝဲသော တစ်ပါးအမျိုးသားတို့ကိုလည်းကောင်း၊ ဥပုသ်နေ့ကိုမရှုတ်ချ၊ စောင့်ရှောက်၍ ငါ၏ ပဋိညာဉ်ကိုစွဲလမ်းသော သူအပေါင်းတို့ကိုလည်းကောင်း ငါ၏သန့်ရှင်းသော တောင်သို့ငါဆောင်ခဲ့၍ ငါ၏ဆုတောင်းရာအိမ်၌ ဝမ်းမြောက်စေမည်။ (ဟေရှာ၊ ၅၆း၁-၇။)

၂၀။ မြေကြီးသစ်၌ လူအမျိုးမျိုးတို့အထဲက ကယ်တင်ခြင်းရသော လူတို့သည် ထာ၀ရအစဉ်အဆက် ဘယ်နေ့ကို ဥပုသ်စောင့်ကြမည်နည်း။

        ငါဖန်ဆင်းသော ကောင်းကင်သစ်နှင့် မြေကြီးသစ်သည် ငါ့ရှေ၌တည်သကဲ့သို့ သင်တို့၏ အမျိုးအနွယ်နှင့် သင်တို့၏ နာမသည်လည်း တည်ရလိမ့်မည်ဟု ထာ၀ရဘုရားမိန့်တော်မူ၏။ လူသတ္တဝါအပေါင်းတို့သည် ငါ့ရှေ့မှာ ကိုးကွယ်ခြင်းငှာ လဆန်းနေ့နှင့် ဥပုသ်နေ့အစဉ်အတိုင်း လာကြလိမ့်မည်ဟု ထာ၀ရဘုရားမိန့်တော်မူ၏။ (ဟေရှာ၊ ၆၆း၂၂၊ ၂၃။)

မှတ်ချက်။ ဖန်ဆင်းခြင်းမှစ၍ ထွက်မြောက်သည်ကာလတိုင်အောင် တစ်ရက်မျှမပျောက်မဆုံးခဲ့ကြောင်း        မန္နမုန့်ပေးခြင်းသည် သက်သေခံလေသည်။ ဘုရားသခင်ကိုယ်တော်တိုင် ခုနစ်ရက်တစ်ပတ်တွင်ရှိနေ့ရက်များ စာရင်းကို သိမ်းထား၍ (၁) ခြောက်ရက်မြောက်သောနေ့၌ မုန့်နှစ်ဆပေးခြင်း။ (၂) ခုနစ်ရက်မြောက်သောနေ့၌ မသိုးမပုပ်စေခြင်း။ (၃) ထိုနေ့တွင်မုန့်လည်းမတွေ့ရခြင်း ဤထူးဆန်းသောတန်ခိုး ၃ ပါးအားဖြင့် ဘုရားသခင်ကိုယ်တော်တိုင် မည်သည့်နေ့သည် သတ္တမနေ့ဖြစ်ကြောင်း ဖော်ပြတော်မူ၏။ ထွ၊ ၁၆ကိုကြည့်။ ထွက်မြောက်ရာကာလမှ ခရစ်ယာန်ကာလတိုင်အောင် ယုဒလူတို့သည် ခုနစ်ရက်တစ်ပတ်တွင်ရှိနေရက်များကို အလွန် သေချာစွာမှတ်သားထားလေသည်။ တစ်နေ့တစ်ရက်မျှ မပျောက်ဆုံးခဲ့။ ဤအကြောင်းကို လုကာသက်သေခံသည်။ (လု ၊ ၂၃း၅၆။ ၂၄း၁။ သခင်ယေရှု သင်္ချိုင်းထဲ၌ရှိသောနေ့သည် ပညတ်တော်အတိုင်း ဥပုသ်နေ့ဖြစ်သည်။ ခရစ်တော်လက်ထက်မှစ၍ ၇ ရက် တစ်ပတ်တွင်ရှိနေ့ရက်များကို အသေအချာ မှတ်သားကြသည်။ ထိုကြောင့် တစ်နေ့တစ်ရက်မျှ ပျောက်ဆုံးခြင်းမရှိနိုင်။ တနင်္ဂနွေနေ့သည် ၇ ရက်တွင်း ပထမနေ့ဖြစ်၏။ ဤနေ့၌ ခရစ်တော်သည် သေခြင်းမှ ထမြောက်၏။ ၎င်းအချက်ကို အကြောင်းပြု၍ ယခုကာလခရစ်ယာန်တို့သည် ထိုနေ့ကို ဥပုသ်စောင့်ကြ၏။ သို့ရာတွင် ခရစ်တော်လက်ထက်က တပည့်တော်များတို့နှင့် တမန်တော်တို့သည် ပထမနေ့ကို မစောင့်ကြဘဲ သတ္တမနေ့ကိုသော စောင့်ကြလေသည်။ စနေနေ့သည် သတ္တမနေ့ဖြစ်၍ "ပညတ်တော်အတိုင်းဥပုသ်နေ့" ဖြစ်၏။ ကျွန်ုပ်တို့သည် ယေရှုနှင့်တမန်တော်တို့၏ ခြေတော်ရာကိုလိုက်လိုလျှင် သတ္တမနေ့တည်းဟူသော စနေနေ့ကို ဥပုသ်စောင့်ရကြမည်။

မူလ မာတိကာသို့

No comments:

Post a Comment