Sunday, March 16, 2025



အခန်း - ၃၃

ဓမ္မာသစ်ကျမ်း၌ခုနစ်ရက်တွင် ပထမနေ့


        သမ္မာသစ်ကျမ်းကို ရေးသောပုဂ္ဂိုလ်တို့သည် သတ္တမနေ့ဥပုသ်ဖြစ်သည်ဟု သွင်သင်ခဲ့ကြောင်း ကျွန်ုပ်တို့ လွန်ခဲ့သော စာအခန်းများ၌ ဖေါ်ပြခဲ့ပြီ။ ခုနစ်ရက်တွင် ပထမနေ့အကြောင်းကို ဓမ္မသစ်ကျမ်းတွင် ရှစ်ကြိမ်သာပါသည်။ ထိုနေ့နှင့်ပတ်သက်၍ ၎င်းကျမ်းချက်တို့သည် ဘယ်အရာပြထားသနည်း။

၁။ ပထမကျမ်း ငါးချက်တို့သည် ဘာအကြောင်းနှင့်ပတ်သက်၍ အသီအသီးဖေါ်ပြသနည်း။

အဖြေ။ မိန်းမတို့သည် သင်္ချိုင်းတော်ကို နံနက်စောစောသွားကြည့်ရှုသည် အကြောင်းကိုသာလျှင် ထိုကျမ်းငါးကျမ်းတို့သည် အသီးသီးဖေါ်ပြလေသည်။ (မ၊ ၂၈း၁။ မာ၊ ၁၆း၂၊၉။ လု၊ ၂၄း၁။ ယော၊ ၂ဝး၁။)

မှတ်ချက်။ မိန်းမတို့သည်သင်္ချိုင်းတော်သို့သွားသောအခါ ဥပုသ်လွန်ပြီ။ ၎င်းကျမ်းစာများကို ခရစ်တော်သည် သေခြင်းမှထမြောက်ပြီးသည်နောက် နှစ်ပေါင်း ၃၀မှ ၆၀ အတွင်းရေးထား၍ ထိုပထမနေ့ကို ဘုရားဝတ်အဖို့သီးခြားခွဲထားခြင်း မပြုမလုပ်။

၂။ ခုနစ်ရက်တွင် ပထမနေ့ရက်ဖြစ်သောထိုနေ့၌ ညဉ့်အချိန်တွင် တပည့်တော်တို့သည် စည်းဝေးသည်အကြောင်းကိုကျမ်းကဘယ်ကဲ့သို့ဖေါ်ပြသနည်း။

        ခုနစ်ရက်တွင် ပထမနေ့ရက်ဖြစ်သော ထိုနေ့၌ညဉ့်အချိန်ရောက်သောအခါ ယုဒလူမျိုးတို့ကိုကြောက်၍ တံခါးများကို ပိတ်ထားလျက် တပည့်တော်တို့သည် စည်းဝေးကြသောအရပ်သို့ ယေရှုကြွလာ၍ အလယ်မှာရပ်တော်မူလျက် သင်တို့၌ ငြိမ်သက်ခြင်းရှိ စေသတည်းဟု မိန့်တော်မူ၏။ (ယော၊ ၂ဝး၁၉။)

မှတ်ချက်။ တမန်တော်များတို့သည် တစ်အိမ်တည်းမှာ နေကြသည်။ တ၊ ၁း၁၃။ သူတို့သည် ဘုရားဝတ်ပြုဖို့မဟုတ် ဆုတောင်းဖို့လည်းမဟုတ်။ ယုဒလူတို့ကို ကြောက်၍သာ မိမိတို့အခန်း၌ စုရုံး၍နေကြသည်။ သူတို့သည်ညစာကို စားလျက်နေကြသည်။

၃။ ယေရှုသည် သေခြင်းမှထမြောက်ကြောင်း ထိုအချိန်အခါ၌ တပည့်တော်တို့သည် ယုံကြည်ကြသလော။

        ထိုနောက်နှစ်ကျိပ်နှစ်ပါးတို့သော သူတို့သည် စားပွဲ၌လျောင်းကြစဉ်တွင် ကိုယ်တော်ကိုပြတော်မူ၍ ထမြောက်လျက်ရှိသော ကိုယ်တော်ကိုမြင်သောသူတို့၏စကားကို မယုံသောကြောင့် သူတို့မယုံတတ်သောစိတ်ခိုင်မာသော စိတ်ကို ဆုံးမ၍ အပြစ်တင်တော်မူပြီးမှ။ (မာ၊၁၆း၁၄။)

၄။ တပည့်တော်များတို့သည် မည်မျှလောက်ယုံကြည်ခြင်းမရှိကြသနည်း။

အဖြေ။ (လု၊ ၂၄း၃၆-၄၃။)

မှတ်ချက်။ ယေရှုသည် သေခြင်းမှထမြောက်သည်ကို တပည့်တော်တို့သည် မယုံသောကြောင့် ထိုထမြောက်ခြင်းပွဲကို ချီးမွမ်းထောမနာပြုလုပ်ရန် စည်းဝေးဖို့ ဘယ်နည်းနှင့်မျှ အကြောင်းမရှိ။

၅။ ယေရှုသည် မိမိတပည့်တော်တို့နှင့်ဘယ်နှစ်ကြိမ်ထပ်မံ၍ တွေ့ကြုံသေးသနည်း။

အဖြေ။ ၃ကြိမ်။ 

(၁) "ထိုနောက်ရှစ်ရက်မြောက်သောနေ့၌" (ယော ၂ဝး၂၆။) နောက်တနင်္လာသော်လည်းကောင်း ၊နောက်နေ့ရက်များသော်လည်းကောင်း ဆိုလိုသည်။ 

(၂) တပည့်တော်တို့သည် ဥပုသ်နေ့နှင့်မဆိုင်သော ငါးဖမ်းခြင်း အလုပ်လုပ်နေသောအခါ ။ (ယော၊ ၂၁း၁-၁၄။)

(၃)ကြသပတေး၊ တတ်ကြွသောနေ့။ (တ၊ ၁း၁-၁၀။ လု၊ ၂၄း၅၀-၅၃။) ထို့ကြောင့် ခုနစ်ရက်တွင် ပထမနေ့သည်သတ္တမနေ့ အစားဝင်နေကြောင်း ၊ ဥပုသ်နေ့ဟူ၍ ခရစ်ယာန်တို့က သလောထားကြောင်း ကျမ်းများ၌ ယခုရေးလာသည်အထိ စကားရိပ်မျှမပါရှိ။ ကျန်ကျမ်း ၂ ချက်ကို ကြည့်ကြဦးစို့။

၆။ တရောမြို့မှာပေါလုသည် ဘယ်နေ့၌တရားဟောသနည်း။

        ခုနစ်ရက်တွင် ပထမနေ့ရက်၌ မုန့်ကိုဖဲ့ခြင်းငှာ စည်းဝေးကြသောအခါ ပေါလုသည် ဟောပြောလျက်နေလေသည်။ (တ၊ ၂ဝး၇။)

၇။ ဤစည်းဝေးခြင်းသည် နေ့၌ သို့မဟုတ် ညဉ့်၌ဖြစ်သလော။

        သန်းခေါင်တိုင်အောင် ဟောပြောလျက်နေလေ။ စည်းဝေးရာ အထက်ခန်း၌ မီးခွက်များရှိ၏။ (ငယ်၊ ၇၊၈။)

၈။ ဘုရားသခင်စီမံတော်မူသည်အတိုင်းနေ့ဖြစ်ဖို့ရာ အလင်းပိုင်းက ပထမစဖြစ်သလော၊ သို့မဟုတ် မှောင်မိုက်ကစဖြစ်သလော။

        ညဉ့်ဦးနှင့်နံနက်သည် ပထမနေ့ရက်ဖြစ်လေ၏။ (က၊ ၁း၅၊ ၈၊ ၁၃၊ ၁၉။)

၉။ ကျမ်းစာအတိုင်းနေ့သည် ဘယ်အချိန်ကစ၍ ဘယ်အချိန်ကုန်သနည်း။

        ညဉ်းဦးမှစ၍ နက်ဖြန်ညဉ့်ဦးတိုင်အောင် ဥပုသ်စောင့်ရမည်။ (ဝတ်၊ ၂၃၊၃၂။ နေ၊ ၁၃း၁၉။)

၁၀။ ညဉ့်ဦးယံအချိန်ကို ဘာထင်ရှားသောအထိမ်းအမှတ်ထားသနည်း။

        နေဝင်ရာ ညဉ့်ဦးယံအချိန်။ (တရား၊ ၁၆း၆။ မာ၊ ၁း၃၂။)

မှတ်ချက်။ ထို့ကြောင့် သောကြာနေ့နေဝင်သည် အချိန်မှစ၍ စနေနေ့နေဝင်သည် အချိန်တိုင်အောင် ဥပုသ်နေ့ဖြစ်၏။ အထက်ကဖော်ပြခဲ့သော ကျမ်းချက်များအရ ဤစည်းဝေးခြင်းသည် စနေနေ့ညစည်းဝေးခြင်းဖြစ်၏။

၁၁။ ပေါလုသည် ဘယ်မျှလောက်ကြာကြာဟောသနည်း။

အဖြေ။ မိုးလင်သည်တိုင်အောင်။ (တ၊ ၂ဝး၇-၁၁။)

၁၂။ ခုနစ်ရက်တွင် ပထမနေ့ရက်၌ ပေါလုသည် တရားဟောပြောနေစဉ် သူ၏အပေါင်းအဖော်တို့သည် ဘာလုပ်နေကြသနည်း။

အဖြေ။ သင်္ဘောနှင့်ခရီးသွားနေကြသည်။ (ငယ်၊ ၁၃။)

၁၄။ ပေါလုသည် မိမိကိုယ်တိုင် တနင်္ဂနွေနေနံနက်မိုးလင်းသောအခါ ဘာလုပ်သနည်း။

အဖြေ။ ယေရုရှလင်မြို့သို့ ခရီးသွားစပြု၍ ၁၉ မိုင်လမ်းလျှောက်သည်။ (ငယ်၊ ၁၁၊ ၁၃။)

မှတ်ချက်။ ဥပုသ်နေ့လွန်လွန်ချင်း ပေါလုသည် မိမိအပေါင်းအဖော်များတို့ကို ထိုဝေးလှသော ခရီးသွားစေသည်။ ပေါလုကိုယ်တိုင် ထိုခရစ်ယာန်လူတို့ကို တစ်ဖန်တွေ့ဖို့ရန်များစွာ မမျှော်လင့်သောကြောင့် (တ၊ ၂ဝး၃၇၊ ၃၈။) နောက်ဆုံးစည်းဝေး နှုတ်ဆက်ဖို့ရန် ဆိုင်းနေသည်။ တနင်္ဂနွေနံနက်၌ ပေါလုသည် ထိုဝေးလှသော ခရီးကို အစပြု၍ သွားသောကြောင့် ထိုနေ့ကိုသန့်ရှင်းသောနေ့ဟူ၍ သဘောမထားဘဲ လွန်ခဲ့သောနေ့ကိုသန့်ရှင်းသောနေဟူ၍ သဘောထားကြောင့် ဖော်ပြလေသည်။ ထိုနေ့၌ မုန့်ကိုဖဲ့သောကြောင့် သန့်ရှင်းသောနေ့ဟူ၍ ထင်မှတ်လျှင်၊ တ၊ ၂း၄၆ ၌ပါသည်အတိုင်း ခရစ်ယာန်တို့သည် နေ့တိုင်းမုန့်ကိုဖဲ့သောကြောင့် နေ့တိုင်းသန့်ရှင်းသောနေ့ဖြစ်ရမည်။ ပေါလုသည် ဤတစ်ခါသာ လူသေကို ရှင်အောင်လုပ်ကြောင်း ကျွန်ုပ်တို့ကို ပြေပြသောကြောင့် ထိုနေ့ကို ရေးသားဖော်ပြထားလေသည်ဟု ယူဆစရာရှိသည်။ ထိုအကြောင်းအရာသည်တနင်္ဂနွေနေ့ကို ဘုရားဝတ်အဖို့ သီးခြားခွဲထားခြင်း မရှိကြောင့် သက်သေပြနိုင်သည့်အပြင် ထိုနေ့ကို ဘုရားဝတ်အဖို့ သီးခြားခွဲထားခြင်း မပြုလုပ်ကြောင်း အမှန်ဖော်ပြလေသည်။

၁၅။ ယေရုရှလင်မြို့၌ရှိသော သန့်ရှင်းသူတို့အဖို့ လှူဒါန်းရန် မိမိတို့ဥစ္စာတစ်ဖို့ကို ကိုယ်စီကိုယ်စီဘယ်နေ့တွင် စုသိမ်းထားရမည်အကြောင်း ကောရိန်သုအသင်းတော်အား ပေါလုအဘယ်သို့သင်ပေးသနည်း။

        သန့်ရှင်းသူတို့အဖို့ လှူဒါန်း၍ စုထားခြင်းအမှုမှာ ငါရောက်လာသောအခါ လှူဒါန်း၍ စုထားစရာ မရှိစေခြင်းငှါ ခုနစ်ရက်တွင် ပထမနေ့ရက်၌ အသီးသီးကောင်းစားသည်အတိုင်း မိမိတို့ဥစ္စာတစ်ဖို့ ကိုထုတ်၍ စုထားကြလော့။ (၁ကော၊ ၁၆း ၁၊ ၂။)

မှတ်ချက်။ ခရစ်တော်ကို ယုံကြည်သော တစ်ပါးအမျိုးသားတို့သည် ယုဒညီအစ်ကိုတို့နှင့် တစ်လုံးတစ်၀တည်းဖြစ်ကြောင်း။ ၎င်းပြင် ထိုညီအစ်ကိုတို့ကို ကြည်ညိုလေးမြတ်ကြောင်း ထင်ရှားစွာဖော်ပြနိုင်ရန် ပေါလုသည် သူတို့ထံမှ အလှူများကို ယေရုရှလင်မြို့သို့ ယူဆောင်သွားလေသည်။ အလှူကို ပရိသတ်ရှေ့တွင် မစုဆောင်းဘဲ မိမိတို့အိမ်၌ ခုနစ်ရက်တစ်ပတ်ကို ကောင်းစားသည်အတိုင်း စုဆောင်း၍ထားဖို့ရန် ပေါလုသည် အသင်းတော်များသို့ စာအားဖြင့် တင်ကူး၍ အသီးသီးတို့အားများကြားလေသည်။ လွန်ခဲ့သော ခုနစ်ရက်တစ်ပတ်၌ လုပ်၍ရသော ကြေးငွေတို့ကို သန့်ရှင်းသောဥပုသ်နေ့တွင် တွက်ချက်ရန် မတော်မလျော်၊ သို့သော် ထိုသန့်ရှင်းသော နေ့လွန်သောကာလ မိမိတို့လုပ်ရိုးထုံးစံအလုပ်ကို မလုပ်မီ ထိုအလှူငွေများကို တခြားပယ်ထားရမည်။ (ရော၊ ၁၅း၂၅-၂၈။) ခုနစ်ရက်တွင် ပထမနေ့အကြောင်း ယခုနောက်ဆုံးအကြိမ် ရေးမှတ်ထားသည်မှာ ထိုနေ့သည် သန့်ရှင်းသောနေ့ မဟုတ်၊ လောကီအလုပ်ကိုလုပ်ရသောနေ့ဖြစ်ကြောင်း ထင်ရှားစွာဖော်ပြသည်။ ထိုကြောင့် ဓမ္မသစ်ကျမ်းသို့ ရေးသောပုဂ္ဂိုလ်တို့သည် တနင်္ဂနွေနေ့ဘုရားဝတ်ပြဖို့ သန့်ရှင်းသောနေ့ဖြစ်ကြောင်း ဝန်မခံမသွန်သင်ကြဟု ကျွန်ုပ်တို့ဆုံးဖြတ်ရမည်။ တနင်္ဂနွေနေ့သည် သန့်ရှင်းသောနေ့ဟူ၍ သမ္မာကျမ်း၌ လုံးလုံးကြီးမပါသည်ကို ထောက်ရှုသော် ၎င်းတနင်္ဂနွေနေ့ကို ဥပုသ်ပြုလုပ်ခြင်းသည် ဘုရားစီမံတော်မူခြင်းမဟုတ်၊ လူတို့စီမံသော ဥပုသ်ဖြစ်ကြောင်း အလွန်ခိုင်ခံသော သက်သေဖြစ်လေသည်။

မူလ မာတိကာသို့

No comments:

Post a Comment