Wednesday, March 12, 2025


အခန်း - ၅

ကယ်တင်ခြင်းခံစားရန်ဘုရားသခင်၏အစီအစဉ်


၁။ ဘုရားသခင်သည် လူကိုဘယ်သို့သော အဖြစ်နှင့် ဖန်ဆင်းတော်မူသနည်း။

        ငါတွေ့သော အရာတစ်ခုတည်းဟူမူကား၊ ဘုရားသခင်သည် လူကိုဖြောင့်မတ်အောင် ဖန်ဆင်းတော်မူသော်လည်း လူတို့သည် များပြားသောအကြံအစည်တို့ကို ရှာဖွေကြံစည်ကြပြီ။ (ဒေ၊ ၇း၂၉။ က၊ ၁း၂၇၊၃၁။)

၂။ လူ၏စုံလင် ချမ်းသာသောအဖြစ်သည် ယခုကဲ့သို့အပြစ်ရှိသော အဖြစ်သို့အဘယ်သို့ ပြောင်းလဲသနည်း။

        ဤအကြောင်းအရာဟူမူကား၊ အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏။ (ရော၊ ၅း၁၂။ က၊ ၃း၆၊၁၇-၁၉။)

၃။ လူသည် ဖေါက်ပြန်သောကြောင့် အဘယ်အရာကိုဆုံးရှုံးခြင်း ခံရသနည်း။

အဖြေ။ (က) သန့်ရှင်း၍ ဖြောင့်မတ်သောသဘော။ (ရော၊၅း၁၉။)

             (ခ) ကမ္ဘာမြေကြီးကို အုပ်စိုးခြင်း။ (ဆာ၊ ၈း၄-၈။ဟေဗြဲ၊ ၂း၈။)

၄။ အပြစ်မှဘာဖြစ်သေးသနည်း။

        အပြစ်တရား၏အခကား သေခြင်းပေတည်း။ (ရော၊၆း၂၃။ ၅း၁၂။ ယာ၁း၁၅။)

၅။ ဘုရားသခင်၏ နှုတ်ထွက်တရားတော်သည် လူ၏အပြစ်ကိုအဘယ်ကဲ့သို့ဖေါ်ပြသနည်း။

        အကြင်သူ၏အထံ၌ အစေခံကျွန်ဖြစ်ခြင်းငှာ သင်တို့၏ အစေခံ၏။ထိုသူသည် သေခြင်းနှင့်ယှဉ်သော အပြစ်တရားဖြင့်၊ ဖြောင့်မတ်ရာသို့ရောက်ခြင်းနှင့် ယှဉ်သော နားထောင်ခြင်းတရားဖြစ်စေ သင်တို့၏သခင်ဖြစ်သည်ကို မသိကြသလော။ (ရော၊ ၆း ၁၆၊ ယော၊ ၈း၁၄။ ယေ၊ ၁၇း၉။)

၆။ လူသည် မိမိခွန်အားတန်ခိုးနှင့် အပြစ်၏ကျွန်အဖြစ်မှ လွတ်ကင်းဖို့ရာမျှော်လင့်ခြင်းရှိသလော။

        ထိုအခါသင်တို့သည် ခရစ်တော်ကိုမသိ၊ ဣသရေအပေါင်အသင်း၌မဝင်၊ ကတိတော်ပါသော ပဋိညာဉ်တရားတို့နှင့်မဆိုင်၊မျှော်လင့်ခြင်းမရှိ၊ ဗလာက၌ ဘုရားမဲ့နေကြသည်ကို လည်းကောင်း အောက်မေ့ကြလော့။   (ဧ၊ ၂း၁၂။ ယေ၊ ၂း၂၂။ ၁၃း၂၃။ ၁၇း၅၊၆။)

၇။ အဘယ်နည်းအားဖြင့်သာ ကယ်တင်ခြင်းကိုရနိုင်သနည်း။

        ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ရောက်ရ၏။ ကိုယ်အလိုအလျောက်ရောက်သည်မဟုတ်၊ ဘုရားသခင်သနားတော်မူရာဖြစ်သတည်း။ (ဧ၊ ၂း၈။ တိ၊ ၃း၅။)

၈။ လူသည်ကယ်တင်ခြင်းရဖို့ရန် ဘုရားသခင်သည်အဘယ်သို့ ကြံစည်တော်မူသနည်း။

        ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်၊ ထာ၀ရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင်လောကီသားတို့ကို ချစ်တော်မူ၏။ (ယော၊ ၃း၁၆။ ၁ယော၊ ၄း၉၊၁၀။)

        ကယ်တင်ခြင်းခံစားရန် ဘုရားသခင်၏အစီအစဉ် လူတို့အားအပြစ်မှ ကယ်တင်တော်မူမည့် အရှင်သခင်ယေရှု၏ ပုံပမာဖြစ်သော သိုးသငယ်ကို ယဇ်ပူဇော်ခြင်းဖြင့် ကယ်တင်ရာလမ်းကိုရှေးဦးစွာကပင် စီမံဖွင့်ထားတော်မူပြီ

၉။ ဤကြံစည်တော်မူချက် အဘယ်သို့ပြည့်စုံခြင်းသို့ ရောက်သနည်း။

        သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထိုသားသည် မိမိလူတို့ကို အပြစ်မှကယ်ချွတ်မည့်သူဖြစ်သောကြောင့် ယေရှုဟူသောအမည်ဖြင့် မှည့်ရမည်။ (မ၊၁း၂၁။ ဂလ၊ ၄း၄၊၅။)

၁၀။ ခရစ်တော်သည် ကျွန်ုပ်တို့အဖို့ အဘယ်အဖြစ်ကိုယူသနည်း။

        အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည် အပြစ်နှင့်ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏။အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင့်ရှေ့တော်၌ ဖြောင့်မတ်သော သူဖြစ်မည်အကြောင်းတည်း။ (၂ကော၊ ၅း၂၀၊ ဂလ၊၃း၁၃။ ဟေရှာ၊ ၅၃း၅၊၆။)


လူဇာတိကို ခံယူတော်မှုတော်လည်း ဘုရားဇာတိအဖြစ်တော်နှင့်

ပြည့်စုံတော်မှုသော သားတော်သခင်ယေရှု


၁၁။ ခရစ်တော်၏ ကုသိုလ်တော်အားဖြင့် ကျွန်ုပ်တို့သည်ဖြောင့်မတ်ခြင်းကို အဘယ်သို့ရသနည်း။

        ထိုကြောင့် ငါတို့သည် ယုံကြည်ခြင်းရှိ၍ ဖြောင့်မတ်ရာသို့ရောက်လျှင်ငါတို့သခင်ယေရှုခရစ် အားဖြင့် ဘုရားသခင့်ရှေ့တော်၌ ငြိမ်သက်ခြင်းကိုခံစားကြ၏။ (ရော၊ ၅း၁။ ဂလ၊ ၂း၁၆၊၂၀။ ဖိ၊ ၃း၈၊၉။)

၁၂။ ယေရှုခရစ်၌ ယုံကြည်ခြင်းမှတစ်ပါး အခြားသောနည်းအားဖြင့်ကယ်တင်ခြင်းကို ရနိုင်သလော။

        ထိုသခင်၏ နာမတော်မှတစ်ပါး ငါတို့ကိုကယ်တင်နိုင်သော နာမတစ်စုံတစ်ခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိ။ (တ၊ ၄း၁၂။ ယော၊ ၃း၃၆။)

၁၃။ ကယ်တင်ခြင်းခံစားဖို့ရန် ဘုရားသခင်ကြံစည်တော်မူချက်သည်ဘယ်လောက်တတ်နိုင်သနည်း။

        ထိုကြောင့် အကြင်သူတို့သည် ယေရှုအားဖြင့် ဘုရားသခင့်အထံတော်သို့ချဉ်းကပ်ကြ၏။ ထိုသူတို့၏အမှုကိုကိုယ်တော်သည် စောင့်လျက်ကာလအစဉ် အသက်ရှင်သောကြောင့် သူတို့ကိုအစဉ်ကယ်တင်ခြင်းငှာ တတ်နိုင်တော်မူ၏။ (ဟေဗြဲ၊ ၇း၂၅။ ယော၊ ၃း၁၆။ ၁း၁၂။)

၁၄။ ခရစ်တော်သည် ကျွန်ုပ်တို့အလိုများကို သိတော်မူသည်အကြောင်းကျွန်ုပ်တို့သည် ယုံမှားခြင်းမရှိဘဲ အဘယ်သို့သိနိုင်သနည်း။

        ငါတို့ယဇ်ပုရောဟိတ်မင်းသည် ငါတို့ခံရသော ဆင်းရဲဒုက္ခများကြောင့်မကြင်နာနိုင်သော သူမဟုတ်၊ ငါတို့ခံရသည်နည်းတူ အမျိုးမျိုးသော စုံစမ်းနှောင့်ယှက်ခြင်းတို့ကို ခံဖူးသောသူဖြစ်တော်မူ၏။ သို့ရာတွင် ဒုစရိုက်အပြစ်နှင့် ကင်းလွတ်တော်မူ၏။ ထိုကြောင့် ငါတို့သည် သနားခြင်းကရုဏာကိုလည်းကောင်း၊ တော်လျော်သောမစခြင်း ကျေးဇူးတော်ကိုလည်းကောင်း ခံရမည်အကြောင်း၊ ရဲရင့်သောစိတ်နှင့် ကျေးဇူးပလ္လင်တော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့။ (ဟေဗြဲ၊ ၄း၁၅၊၁၆။ ၂း၁၇၊၁၈။)

၁၅။ ခရစ်တော်အားဖြင့် ကယ်တင်ခြင်းခံစားဖို့ရန် ကြံစည်တော်မူချက်၌ မည်သည့်အရာပါဝင်သနည်း။

        လူသားသည် ပျောက်သောသူတို့ကိုရှာ၍ ကယ်တင်အံ့သောငှာ ကြွလာသတည်း။ (လု၊ ၁၉း၁၀။ မိ၊ ၄း၈။)

၁၆။ လူတို့အထဲကရွေးနုတ်ခြင်းကိုခံရသော သူတို့သည် အဘယ်အဖြစ် သို့ရောက်မည်နည်း။

        သင်၏လူအပေါင်းတို့သည် ဖြောင့်မတ်၍ ပြည်တော်သို့ အစဉ်အမြဲအမွေခံသဖြင့် ငါ၏ဘုန်းပွင့်စေခြင်းငှာ ငါ့ကိုယ်တိုင်စိုက်၍ ပြုစုသော ပျိုးပင်ဖြစ်ရကြလိမ့်မည်။ (ဟေရှာ၊ ၆ဝး၂၁။ ဗျာ၊ ၂၁း၂၇။ ၂၂း၃၊၄။ ၂၁း၄။)

၁၇။ ဤညစ်ညူးသော လောကဓါတ်အစား ဘုရားသခင်သည် အဘယ်အရာကို ပေးတော်မူမည်ဟု ကတိပေးတော်မူသနည်း။

        ကြည့်ရှုလော့။ မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါဖန်ဆင်း မည်။ အလျင်မိုးကောင်းကင်နှင့် မြေကြီးကို မအောက်မေ့ရ။ နှလုံးမမှတ်မိရ။ (ဟေရှာ၊ ၆၅း၁၇။ ဗျာ၊ ၂၁း၁။ ၂ပေ၊ ၃း၁၃။)

၁၈။ ကယ်တင်ခြင်းခံစားဖို့ရန် ဘုရားသခင်ကြံစည်တော်မူချက်သည်အပြစ်နှင့် ပျော်မွေ့နေသော အပြစ်သားတို့ကို အဘယ်သို့ဖြစ်စေမည်နည်း။

        ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ်ရွံရှာ ဖွယ်သောသူ၊ လူအသက်ကို သတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ ပြုစားတတ်သောသူ၊ ဥစ္စာပျက်သော သူအပေါင်းတို့ မူကား ဒုတိယသေခြင်းတည်းဟူသော ကန့်နှင့်လောင်သော မီးအိုင်ထဲ၌ မိမိတို့အဖို့ကို ရကြလိမ့်မည်။ (ဗျာ၊ ၂၁း၈။ မာလ၊ ၄း၁။ ဗျာ၊ ၅း၁၂။)

၁၉။ ကယ်တင်ခြင်းခံစားဖို့ရာ ဘုရားသခင်၏ကြံစည်တော်မူချက်ကို အဘယ်မှာတွေ့၍ သင်ကြားနိုင်သနည်း။

        ငါသည်ခရစ်တော်၏ ဧဝံဂေလိတရားကြောင့် ရှက်ကြောက်ခြင်းမရှိ။အကြောင်းမူကား၊ ထိုတရားသည် ရှေးဦးစွာ၌ ယုဒလူ၊ နောက်၌ဟေလသလူ၊ ယုံကြည်သမျှသော သူအပေါင်းတို့ကို ကယ်တင်စေသောဘုရားသခင်၏ တန်ခိုးတော်ဖြစ်၏။ အဘယ်သို့ ဖြစ်သနည်း ဟူမူကား၊ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်ဟု ကျမ်းစာလာသည်နှင့်အညီ၊ ယုံကြည်ခြင်း၌တည်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားသည် ယုံကြည်ခြင်းအဖို့အလိုငှာ ဧဝံဂေလိတရားအားဖြင့် ထင်ရှားလျက်ရှိ၏။ (ရော၊ ၁း၁၆၊၁၇။ ယော၊ ၅း၃၉။ ၂တိ၊ ၃း၁၅။)


မူလ မာတိကာသို့

No comments:

Post a Comment