အခန်း - ၂၅
ဘုရားသခင်၏ပညတ်တော်
၁။ သိနာတောင်ပေါ်မှာ ပညတ်တော်ဆယ်ပါးကို မည်သူမိန့်မြွတ်တော်မူသနည်း။
ထာ၀ရဘုရားသည်လည်း၊ မီးထဲကသင်တို့အားမိန့်မြွက်တော်မူ၏။သင်တို့သည် သဏ္ဌာန်တော်ကိုမမြင်ရဘဲ စကားတော်အသံကိုသာ ကြားရကြ၏။ သင်တို့ကျင့်စရာဖို့ မှာထားတော်မူသော ပဋိညာဉ်တရားတည်းဟူသော ပညတ်တော်ဆယ်ပါး တို့ကို မိန့်မြွက်၍ ကျောက်ပြားနှစ်ပြားပေါ်၌ ရေးသားထားတော်မူ၏။ (တရား၊ ၄း၁၂၊၁၃။ ၅း၂၂။ ထွက်၊ ၂ဝး၁။)
၂။ ထိုကြောင့် ပညတ်တော်ဆယ်ပါးကို အဘယ်ကဲ့သို့ တော်သင့်စွာခေါ်သနည်း။
ငါသည် အတွင်းလူအားဖြင့် ဘုရားသခင်၏ ပညတ်တရားတော်ကိုနှစ်သက်၏။ (ရောမ၊ ၇း၂၂။)
၃။ အပြစ်ဒုစရိုက်သည် ဘုရားသခင်၏ ပညတ်တော်နှင့် အဘယ်သို့ ဆိုင်သနည်း။
အပြစ်ကိုပြုသောသူမည်သည်ကား ၊ ပညတ်တော်ကို လွန်ကျူး၏။အပြစ်တရားသည်ကား ပညတ်တော်ကို လွန်ကျူးခြင်းဖြစ်သတည်း။ (ယော၊ ၃း၄။)
၄။ ပညတ်တရားမရှိဘဲ အပြစ်ဒုစရိုက်ရှိနိုင်သလော။
ပညတ်တရားသည်ကား၊ အမျက်ဒေါသနှင့် စပ်ဆိုင်၏။ ပညတ်တရားမရှိလျှင် လွန်ကျူးခြင်းအပြစ်မရှိ။ (ရော၊ ၄း၁၅။ ၅း၁၃။)
၅။ ပညတ်တော်ကို လွန်ကျူးခြင်း၏အကျိုး အဘယ်သို့နည်း။
အပြစ်တရား၏အခကား သေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား ငါတို့သခင်ယေရှုခရစ်အားဖြင့် ထာ၀ရအသက်ပေတည်း။ (ရော၊ ၆း၂၃။ ယာ၊ ၁း၁၅။)
ပညတ်တော်ဆယ်ပါးကား သိနာတောင်ပေါ်၌ ဘုရားသခင်ကိုယ်တော်တိုင်မောရှေအား အပ်ပေးတော်မူသော ကျောက်ပြားနှစ်ပြားပေါ်၌ မိမိလက်ညှိုးတော်အားဖြင့် အက္ခရာတင်ထားတော်မူသော တရားများတည်း။
၆။ ဘုရားသခင်၏ပညတ်တော်ကို ဘယ်နှစ်ယောက်လွန်ကျူးခဲ့သနည်း။
အဘယ်ကြောင့်နည်းဟူမူကား လူအပေါင်းတို့သည် အပြစ်ပြု ၍ ဘုရားသခင်ရှေ့တော်၌ အသရေပျက်ကြပြီ။ (ရော၊ ၃း၂၃။ ဂလ၊ ၃း၂၂။ ဒေ၊ ၇း၂၀။)
သိနာတောင်မရောက်မီပညတ်တော်
၇။ အာဒံသည်ဧဒင်ဥယျာဉ်၌ ပညတ်တော်ကို လွန်ကျူးသလော။
ပညတ်တရားကိုမထားမီတိုင်အောင် ဤလောက၌အပြစ်ရှိ၏။ အဘယ်ပညတ်တရားမျှမရှိလျှင် အပြစ်ရှိသည်ဟု မှတ်စရာမရှိ။ (ရော၊ ၅း၁၃။ ၁ယော ၃း၄။)
၈။ အာဒံသည် အပြစ်ပြုသည်နေ့မှစ၍ သိနာတောင်ပေါ်မှာ ပညတ်တော်မိန့်မြွက်တော်မူသည်တိုင်အောင် ဘုရားသခင်၏ ပညတ်တော်တည်ရှိကြောင်း ဘာသက်သေရှိသနည်း။
မြေကြီးပေါ်မှာ လူအပြစ်ကြီး၍ သူ၏စိတ်နှလုံး အကြံအစည် ရှိသမျှတို့သည် အစဉ်မပြက်ဆိုးညစ်ခြင်း သက်သက်ရှိကြောင်းကို ဘုရားသခင်သိမြင်တော်မူလျှင် ထိုအခါမြေကြီးသည် ဘုရားသခင်ရှေ့မှာ ပုပ်စပ်လျက်ရှိ၏။ မြေကြီးသည် အဓမ္မအမူနှင့် ပြည့်စုံလေ၏။ ဘုရားသခင်သည် မြေကြီးကိုကြည့်ရှုသောအခါ ပုပ်စပ်လျက်ရှိသည်ကို မြင်တော်မူသည်။ အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖေါက်ပြန်ခြင်းသို့ ရောက်ကြပြီ။ (က၊ ၆း၅၊၁၁၊၁၂။ ၁၃း၁၃။ ၂၆း၅။ ၂ပေ ၂း၆-၈။)
၉။ သိနာတောင်ပေါ်မှာ မိန့်မြွက်တော်မမူမီကပင် ပညတ်တော်ဆယ်ပါးတည်ရှိကြောင်း ဘာသက်သေထပ်မံ၍ရှိသေးသနည်း။
အဖြေ။ အာဗြဟံ၏ဘိုးဘေးများတို့သည် ပထမပညတ်တော်ကို လွန်ကျူးကြသည် (ယောရူ ၂၄း၂။) ယာကုပ်သည် မိမိအိမ်သူအိမ်သားတို့မှ ပုံရုပ်များကို ပစ်ပယ်ကြရန် အမိန့်ပေးသောကြောင့် သူသည် ဒုတိယပညတ်တော် ရှိကြောင်း ဝန်ခံသည်။ (က၊ ၃၅း၂-၄။) ကမ္ဘာဖန်ဆင်းသောအခါနှင့် သိနာတောင်မရောက်မီ တောထဲ၌ စတုတ္ထပညတ်ရှိကြောင်း သိမှတ်ကြသည်။(က၊ ၂း၁-၃။ ထွက်၊ ၁၆း၄၊၂၂-၃၀။) ပဉ္စမပညတ်တော်ကို ဟာမနှင့်ယာကုပ်သားများလွန်ကျူးကြသည်။ (က၊ ၉း၂၁-၂၆။ ၄၄း၂၅-၃၄။) ဆဌမပညတ်တော်ကို ကာဣနလွန်ကျူး သည်။ (က၊ ၄ဝး၈-၁၁။) သတ္တမပညတ်တော်ကို အာဗြဟံလွန်ကျူးသည်။ (က၊ ၂ဝး၂။) အဌမပညတ်တော်ရှိကြောင်း ယာကုပ်သိမှတ်သည်။ (က၊ ၃၁း၁၉။ ၃၀-၃၂။) န၀မပညတ်တော်ကို အာဗြဟံလွန်ကျူးသည်။ (က၊ ၃၂း၁၂၊၁၃။) ဣသရေလလူတို့တွင် အုပ်ချုပ်သောသူတို့ကို ရွေးကောက်သောအခါ ဒသမပညတ်တော်ရှိကြောင်း သိမှတ်ကြသည်။ (ထွ၊ ၁၈း၂၁။)
ဤအမူအကျင့်များတို့ကို ပြုလုပ်သောကြောင့် အပြစ်ရှိသည်ဟု သိမှတ်ရမည်။ "အဘယ်ပညတ်တရားမျှမရှိလျှင် အပြစ်ရှိသည်ဟုမှတ်စရာမရှိ။" ဟု ကျမ်း၌ပါရှိသောကြောင့် ပညတ်တရားသည် တည်ခဲ့ရမည်။ အထက်ကျမ်းချက်များ သက်သေခံသည်အတိုင်း ဘုရားသခင်သည် လူတို့ကို အာဒံမှစ၍ မောရှေတိုင်အောင် ပညတ်တော်လွန်ကျူးသောကြောင့်အပြစ်ရှိသည်ဟု မိန့်မြွက်တော်မူသည် သို့သော်ပညတ်တရားမရှိလျှင်လွန်ကျူးခြင်းမရှိ ထိုကြောင့်လူသည် ပညတ်တရားကိုရထား၍ ပညတ်တရား၏ မြစ်တားခြင်းများကို သိခဲ့လေသည်။
No comments:
Post a Comment