Thursday, March 13, 2025

 


အခန်း - ၁၃

နှစ်ခြင်းမင်္ဂလာ


၁။ ခရစ်တော်သည် အသင်းတော်အား ဘယ်ကဲ့သို့သော အမိန့်ကြီးကို ပေးအပ်တော်မူသနည်း။

        ငါသည် သင်တို့အား ပေးသမျှသော ပညတ်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမဩဝါဒပေးကြလော့။ (မ ၂၈း၁၉၊၂၀။ မာ ၁၆း၁၅။)

၂။ ယုံကြည်သောသူ အပေါင်းတို့အား အဘယ်သို့သော မင်္ဂလာကို ပေးရမည်နည်းဟူ၍ မိန့်မှာတော်မူသနည်း။

        ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏ နာမ၌နှစ်ခြင်းကို ပေးကြလော့။ (မ ၂၈း၁၉။ မာ ၁၆း၁၆။)

၃။ မိမိအသင်းတော်နှင့် မည်မျှကာလပတ်လုံး ရှိသည်ဟူ၍ မိန့်ဆိုတော်မူသနည်း။

        ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူအစဉ်မပြတ် ရှိသည်။ (မ ၂၈း၂၀။)

၄။ နှစ်ခြင်းမခံမီ အဘယ်သို့သော စိတ်နှလုံးမျိုးရှိရမည်နည်း။

        ပေတရုကလည်း သင်တို့၏ အပြစ်ကိုလွှတ်စေခြင်းငှာ နောင်တရ၍ တစ်ယောက်မျှမကြွင်း ယေရှုခရစ်နာမ၌ နှစ်ခြင်းကို ခံကြလော့။ (တ ၂း၃၈။)

၅။ ယုံကြည်ခြင်းကို အဘယ်သို့ ရသနည်း။

        ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့် ဖြစ်၏။ ကြားနာခြင်းသည်လည်း ဘုရားသခင်၏ စကားတော်အားဖြင့် ဖြစ်၏။ (ရော ၁ဝး၁၇။)

၆။ နို့စို့သူငယ်များတို့သည် နှုတ်ထွက်တရားတော်ကို ကြား၍ သိနားလည်သဖြင့် ယုံကြည်နိုင်ကြသလော့။

        ထိုအခါ ကောင်းမကောင်းကို ပိုင်းခြားမသိနိုင်သေးသော သားသမီးများတို့သည် ထိုပြည်ကို ဝင်စား၍ ငါပေးသည်အတိုင်း သိမ်းယူကြလိမ့်မည်။ (တရား ၁း၃၉။)

မှတ်ချက်။ နှစ်ခြင်းမင်္ဂလာသည် ကလေးသူငယ်တို့အဖို့မဟုတ်ကြောင်းကျမ်းစာ၌ အထင်အရှားပြထားသည်။ ၎င်းတို့ကို နှစ်ခြင်းပေးသည် ဟူ၍အချက်တစ်ချက်မျှ မပါမရှိ။ တရားဝင်သော အရွယ်ရောက်မသာလျှင် ဤသို့သော မင်္ဂလာမျိုးနှင့် စပ်ဆိုင်ပေ၏။ မိမိကိုယ်တိုင် ယေရှုကယ်တင်တော်မူသောအရှင်ဟူ၍ ရွေးယူပြီးလျှင် ဒုတိယမွေးခြင်းကို ခံမှသာ နှစ်ခြင်းမင်္ဂလာခံခြင်း ရည်စူးရင်းအဓိပ္ပါယ်ရောက်သည်။

၇။ နောင်တရသော အပြစ်သားကို အဘယ်အကြောင်းကြောင့် နှစ်ခြင်းမင်္ဂလာခံစေရသနည်း။

        ထလော့။ သခင်ဘုရားကို ပတ္ထနာပြုလျက် နှစ်ခြင်းကိုခံ၍ သင်၏အပြစ်များကို ဆေးကြောလော့။ (တ ၂၂း၁၆။ ၂း၃၈။)

၈။ နှစ်ခြင်းကိုအဘယ်ပုံသဏ္ဌာန်ဆောင်လို၍ အဘယ်ကြောင်းကိုသိမှတ်စေရန် စီမံထားတော်မူသနည်း။

        ယေရှုခရစ်၌ နှစ်ခြင်းကိုခံသောသူ ရှိသမျှတို့သည် အသေခံတော်မူခြင်း၌ နှစ်ခြင်းကို ခံကြသည်ဟု သင်တို့မသိသလော။ ထိုကြောင့် အသေခံတော်မူခြင်း၌ နှစ်ခြင်းကို ခံသောအားဖြင့် ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံကြ၏။ အကြောင်းမူကာ ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှ ထမြောက်တော်သည်နည်းတူ ငါတို့သည်လည်း အသစ်သော အသက်၌ ကျင်လည်ရကြသတည်း။ (ရော၊ ၆း၃-၅။ ကော ၂း၁၂။)

        သခင်ယေရှုသည် နှစ်ခြင်းကိုခံတော်မူပြီးလျှင် ရေထဲမှထစဉ်တွင် ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ဆင်းသက်၍ ကိုယ်တော်အပေါ်၌နား တော်မူသည်

၉။ ဗတ္တိဇံဟူသော အဓိပ္ပါယ်အဘယ်သို့နည်း။

     အဖြေ။ လူကိုယ်ကိုဖြစ်စေ၊ အဝတ်အထည်ကိုဖြစ်စေ၊ အရည်တစ်မျိုးမျိုးတွင် နစ်မြုပ်ခြင်းကို ဆိုသည်။ ဆေးဆိုးသမားတို့သည် ဆေးရည်တွင် အထည်အဝတ်နှစ်၍ ဆိုးရာ၌လည်းကောင်း၊ ပန်းပဲသမားတို့သည် ပူရဲသောသံ စသည် သတ္တုတို့ကို ရေတွင်ထည့်၍ ဆေးရာ၌လည်းကောင်း     ထိုဗတ္တိဇံဟူသောစကားကို ရှေးကာလဟေလသလူတို့ သုံးတတ်သောမူလစကားရင်းဖြစ်သည်။ ဖျန်းသည် လောင်းသည် ဟူသော အဓိပ္ပါယ်မျိုးမရ။ ထိုကြောင့် ရေ၌နစ်မြုပ်အောင် တစ်ကြိမ်တစ်ခါနှစ်သော နည်းအားဖြင့်သာ ခရစ်တော်ကို သင်္ဂြိုဟ်ခြင်း၊ ခရစ်တော်၏ ထမြောက်ခြင်းတို့ကို လုံလောက်စွာ ပြသသော နည်းပင်ဖြစ်သည်။ အသက်မရဘဲ ခဏအောင့်၍ မျက်စိမှိတ်ပြီးလျှင် လောကကို မျက်မှောက်ပြုခြင်းမှ ကွယ်ပျောက်အံ့သောငှာ ရေတွင်နစ်မြုပ်စေခြင်းကား သင်္ဂြိုဟ်ခြင်း ပုံသဏ္ဌာန်ကို လုံးလုံးဆောင်ရာရောက်သည်။ ရေထဲမှ ပေါ်ထစဉ်တွင် မျက်စိကိုဖွင့်၊ အသက်တာအသစ်ကိုရ၊ မိတ်ဆွေတို့နှင့် စကားပြော၍ အသက်ရှင်ခြင်းသည်ကား ထမြောက်ခြင်း၏ ပုံသဏ္ဌာန်ကို လုံးလုံးဆောင်ရာရောက်၏။

၁၀။ နှစ်ခြင်းဆရာယောဟန်သည် အဘယ်အရာ၌ နှစ်ခြင်းကို ပေးသနည်း။

        ယောဟန်ကလည်း ငါသည် ရေ၌နှစ်ခြင်းကိုပေး၏။ (ယော  ၁း၂၆။)

၁၁။ ၎င်းနှစ်ခြင်းဆရာယောဟန်သည် အဘယ်အရပ်၌ နှစ်ခြင်းပေးလေ့ ရှိသနည်း။ 

        ယော်ဒန်မြစ်၌။ (မ ၃း၅၊၆။)

၁၂။ အဲနုန်အရပ်၌အဘယ်ကြောင့် သူသည် နှစ်ခြင်းပေးသနည်း။

        အဲနုန်အရပ်၌ရေများသောကြောင့်။ (ယော  ၃း၂၃။)

မှတ်ချက်။ ဤစကားတို့ကို ထောက်၍ကျမ်းစာက အယူရှိသော "ဗတ္တိဇံ"ကိုပြုလုပ်သောအခါ ရေအများကို အလိုရှိကြောင်းထင်ရှားသည်။

၁၃။ ကျွန်ုပ်တို့၏ ပုံပမာဖြစ်သောယေရှုသည် နှစ်ခြင်းခံသောအခါ ရေထဲသို့ဆင်းတော်မူသလော။

        ထိုအခါ ယေရှုသည် နှစ်ခြင်းကို ခံအံ့သောငှာ ကြွတော်မူ၏။ ယေရှုသည် နှစ်ခြင်းကို ခံတော်မူပြီးလျှင် ရေမှပေါ်ထစဉ်တွင် ကောင်းကင်ဖွင့်လှစ်သဖြင့် ဘုရားသခင်၏ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ဆင်းသက်၍ ကိုယ်တော်အပေါ်၌ နားတော်မူသည်။ (မ၊ ၃း၁၃-၁၇။)

၁၄။ အသင်းတော် တည်ထောင်အံ့သောငှာ ဝိညာဉ်တော်နှင့်ပြည့်သော တပည့်တော်တို့သည် လှည့်လည်၍ ဟောပြောကြသည့်အခါ နှစ်ခြင်းပေးသောသူနှင့် ခံသောသူ နှစ်ဦးတို့သည် ရေထဲသို့ဆင်းကြသလော။

        ရထားကိုရပ်စေခြင်းငှာ စီရင်ပြီးမှ ဖိလိပ္ပုသည် ထိုအမတ်နှင့်တကွ ရေထဲသို့ ဆင်း၍ နှစ်ခြင်းကို ပေး၏။ ရေထဲကတက်ကြလျှင် ထာ၀ရဘုရား၏ ဝိညာဉ်တော်သည် ဖိလိပ္ပုကိုဆောင်ယူတော်မူ၍ အမတ်သည်  ဖိလိပ္ပုကို နောက်တဖန်မတွေ့မမြင်ရ။ ဝမ်းမြောက်ဝမ်းသာခြင်းနှင့် မိမိသွားရသောလမ်းကို သွားလေ၏။ (တ၊ ၈း၃၈၊ ၃၉။)

၁၅။ နှစ်ခြင်းခံသောသူတို့အဖို့ အဘယ်ဆုကျေးဇူးကြီးကို ပေးသနားတော်မူမည်းဟူ၍ ကတိတော်ရှိသနည်း။

        သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော ဆုကျေးဇူးတော်ကို ခံရကြလိမ့်မည်။ (တ  ၂း၃၈။)

၁၆။ နှစ်ခြင်းခံပြီးလျှင် ပြီးချင်း သန့်ရှင်းသောဝိညာဉ်တော် သက်ရောက်တော်မူ သလော။

        ရှမာရိမြို့သားတို့သည် ဘုရားသခင်၏ နှုတ်ထွက်တရားတော်ကို ခံယူကြပြီဟု ယေရုရှလင်မြို့၌ရှိသော တမန်တော်တို့သည် သတင်းကြားလျှင် ပေတရုနှင့် ယောဟန်တို့ကို စေလွှတ်ကြ၏။ (ထိုမြို့သူမြို့သားတို့သည် သခင်ယေရှု၏နာမ၌ နှစ်ခြင်းကို ခံရုံမျှသာ ရှိသဖြင့် တစ်စုံတစ်ယောက်သောသူအပေါ်၌ သန့်ရှင်းသောဝိညာဉ်တော်သည် သက်ရောက်တော်မမူသေးသည် ဖြစ်၍။) တမန်တော်တို့သည် ရောက်ကြလျှင် ဝိညာဉ်တော်ကို ခံရမည် အကြောင်း ထိုမြို့သူမြို့သားတို့အဖို့ ဆုတောင်း၍ ထိုသူတို့အပေါ်၌ လက်ကိုတင်သောအားဖြင့် သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကိုခံရကြ၏။ (တ ၈း၁၄-၁၇။)

၁၇။သန့်ရှင်းသောဝိညာဉ်သက်ရောက်ရုံမျှနှင့် နှစ်ခြင်းမခံဘဲ နေသော်ပြီးမည်လော။

        ထိုစကားကို (ပေတရု) မြွက်ဆိုစဉ် နှုတ်ကပါဌ်တရားတော်ကို ကြားနာရသောသူ အပေါင်းတို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်သည် သက်ရောက်တော်မူ၏။ ထိုအခါ ပေတရုက၊ ငါကဲ့သို့ သန့်ရှင်းသော ဝိညာဉ်တော်ကိုခံရသော ဤသူတို့ကို နှစ်ခြင်းမပေးစေခြင်းငှာ အဘယ်သူသည်ရေကို မြစ်တားနိုင်သနည်းဟု ဆိုလျက်၊ ခင်ဘုရား၏ နာမ၌ နှစ်ခြင်းကို ခံစေမည် အကြောင်းစီရင်လေ၏။ (တ ၁ဝး၄၄-၄၈။)

၁၈။ ယောဟန်၏ နှစ်ခြင်းကို မခံသောသူတို့သည် အဘယ်အရာကို ပယ်ကြသနည်း။

        ဖာရိရှဲနှင့် ကျမ်းတတ်တို့ကား၊ သူတို့အကျိုးအလိုငှာ ဘုရားသခင်ကြံစည်တော်မူသော ကျေးဇူးတော်ကို ပယ်၍ ယောဟန်၏ နှစ်ခြင်းကိုမခံဘဲ နေကြ၏။ (လု ၇း၂၉၊ ၃၀။)

၁၉။ နှစ်ခြင်းခံသောသူတို့သည် အဘယ်သူကို ယူတင်ဝတ်ဆောင်ကြသနည်း။

        ခရစ်တော်၌နှစ်ခြင်းကိုခံသော သူရှိသမျှတို့သည် ခရစ်တော်ကို ယူတင်ဝတ်ဆောင်သောသူ ဖြစ်ကြ၏။ (ဂလ ၃း၂၇။)

၂၀။ ဤသို့နှစ်ခြင်းခံသောအား ခရစ်တော်ကို ယူတင်ဝတ်ဆောင်ကြသောသူတို့သည် အဘယ်သို့ ကျင့်ရကြမည်နည်း။

        ငါတို့သည်လည်း အသစ်သောအသက်၌ ကျင်လည်ရကြသတည်း။ (ရော ၆း၄။ ၁ယော ၂း၆။)

၂၁။ အဘယ်သို့သော အခြေခံ၌ရှိနေသည်အတွက် နှစ်ခြင်းကို တစ်ဖန်ထပ်၍ ခံရသနည်း။

        ပေါလုသည် အထက်အရပ်များကို လျှောက်သွားပြီးမှ ဧဖက်မြို့သို့ရောက်၍ တပည့်တော်အချို့တို့ကို တွေ့လျှင် သင်တို့သည် ယုံကြည်သည်နောက် သန့်ရှင်းသော ဝိညာဉ်တော်ကို ခံယူပြီလောဟု မေးသည် ရှိသော်၊သန့်ရှင်းသော ဝိညာဉ်တော် သက်ရောက်သည်ကို အကျွန်ုပ်တို့မသိပါဟု ပြောဆိုကြ၏။ ပေါလုကလည်း၊ သို့ဖြစ်လျှင် သင်တို့သည် အဘယ်မည်သောနှစ်ခြင်းကို ခံကြသနည်းဟု မေးလျှင် ယောဟန်၏ နှစ်ခြင်းကိုခံပါသည်ဟု ပြောဆိုကြ၏။ ပေါလုကလည်း ယောဟန်က ငါ့နောက်ကြွလာသော သူကို ယုံကြည်ရမည်ဟု လူများတို့အား ပြောဆိုလျက် နောင်တနှင့်စပ်ဆိုင်သော နှစ်ခြင်းကို ပေး၏။ ထိုသို့ဆိုရာ၌ ယေရှုခရစ်ကို ဆိုလိုသည်ဟူသော စကားကိုကြားလျှင် ထိုသူတို့သည် သခင်ယေရှု၏ နာမ၌ နှစ်ခြင်းကိုခံကြ၏။ (တ ၁၉း၁-၅။ ဟေဗြဲ ၆း၁၊ ၂။)

မူလ မာတိကာသို့

No comments:

Post a Comment