အထံတော်သို့လာရန် ခေါ်ဖိတ်နေတော်မူ၏ "
အခန်း - ၉
ချစ်ခြင်းမေတ္တာတော်
၁။ ဘုရားသခင်၏ မူလနဂို အဘယ်သို့နည်း။
ဘုရားသခင်သည် ချစ်ခြင်း မေတ္တာဖြစ်တော်မှု၏။ (၁ယော၊ ၄း၁၆။)
၂။ ကျွန်ုပ်တို့ကို ချစ်တော်မူသလော။
ထာ၀ရဘုရားသည် အဝေးက ထင်ရှား၍ မိန့်တော်မူသည်ကား အကယ်စင်စစ် ထာ၀ရမေတ္တာနှင့်သင့်ကို ငါချစ်၏။ (ယေ၊ ၃၁း၃။)
၃။ ချစ်ခြင်းမေတ္တာသည် ဘယ်မျှလောက် အားကြီးသနည်း။
မိန်းမသည် မိမိဖွားသော သားကို မသနားသည်တိုင်အောင် မိမိနို့စို့သူငယ်ကို မေ့လျော့ နိုင်သလော။ အကယ်၍ မေ့လျော့သော်လည်း သင့်ကိုငါမမေ့လျော့။ ငါသည် ကိုယ်လက်ဝါး၌ သင့်ကို စာထိုးပြီ။ (ဟေရှာ ၄၉း၁၅၊ ၁၆။)
၄။ ဖြောင့်မတ်သော သူကိုသာ ချစ်တော်မူသလော။
ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့ အတွက်ကြောင့် အသေခံတော်မူသည် ဖြစ်၍ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာ ပြတော်မူ၏။ (ရော၊ ၅း၈။ ဧ၊ ၂း၄၊၅။ ဟေရှာ၊ ၁း၁၈။)
၅။ ဘုရားသခင်၏ မေတ္တာတော်သည် လူ၏ စိတ်နှလုံးကို အဘယ်သို့ ပြောင်းလဲစေနိုင်သနည်း။
ဘုရားသခင်သည် ငါတို့ကို ရှေးဦးစွာ ချစ်တော်မူသောကြောင့် ငါတို့သည် ဘုရားသခင်ကို ချစ်ကြ၏။ (၁ယော၊ ၄း၁၉။)
၆။ လူသည် ဘုရားသခင်ကို အမှန်ချစ်လျှင် သူတစ်ပါးကို မုန်းနိုင်သလော။
တစ်စုံတစ်ယောက်သော သူက ငါသည် ဘုရားသခင်ကို ချစ်၏ဟုဆိုလျက်ပင် မိမိညီအကိုကို မုန်းလျှင် ထိုသူသည် မုသားကို သုံးသောသူဖြစ်၏။ (၁ယော၊ ၄း၂၀။)
၇။ မေတ္တာတော်သည် စိတ်နှလုံးထဲ၌ ရှိလျှင် ညီအကိုတို့ကို ဘယ်မျှလောက်ချစ်ကြမည်နည်း။
ငါ့ပညတ်ဟူမူကား၊ ငါသည် သင်တို့ကို ချစ်သည်နည်းတူ သင်တို့သည်အချင်းချင်း ချစ်ကြလော့။ (ယော၊ ၁၅း၁၂။)
၈။ ကျွန်ုပ်တို့ကို ချစ်သောသူသာ ချစ်အပ်ကြသလော။
ကိုယ်နှင့် စပ်ဆိုင်သော သူကို ချစ်လော့။ ရန်သူကို မုန်းလော့ဟူသော ပညတ်စကားကို သင်တို့ကြားရပြီ။ ငါပညတ်သည်ကား၊ သင်တို့သည် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘ၏ သားဖြစ်လိုသောငှာ၊ သင်တို့၏ ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကို ကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့။ သင်တို့ကို မုန်းသော သူတို့အား ကျေးဇူးပြုကြလော့။ သင်တို့ကို နှောင့်ယှက်ညှဉ်းဆဲသော သူတို့အဖို့ ဘုရားသခင်ကို ဆုတောင်းကြလော့။ သင်တို့ကို ချစ်သော သူတို့အားသာ ချစ်တုံ့ပြုလျှင် အဘယ်ကျေးဇူးတင်သနည်း။ အခွန်ခံ သူတို့ပင် ဤမျှလောက်ပြုကြသည် မဟုတ်လော။ (မဿဲ၊ ၅း၄၃-၄၆။)
၉။ ကျွန်ုပ်တို့အား ချစ်တော်မူကြောင်းကို အဘယ်သို့ သိရသနည်း။
ခရစ်တော်သည် ငါတို့အဖို့အလိုငှာ အသက်တော်ကို စွန့်တော်မူသည်အရာကို ငါတို့သည် ထောက်၍ မေတ္တာကို သိရကြပြီ။ (၁ယော၊ ၃း၁၆။)
၁၀။ ဘုရားသခင်သည် သားတော်ကို အဘယ်ကြောင့် စွန့်တော်မူသနည်း။
ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူ အပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်၊ ထာ၀ရအသက်ကို ရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည့်တိုင်အောင်လောကီသားတို့ကို ချစ်တော်မူ၏။ (ယော၊ ၃း၁၆။)
၁၁။ ခရစ်တော်ကို စွန့်တော်မူသော ကျေးဇူးတော်အားဖြင့် ကျွန်ုပ်တို့အားဘယ်မျှလောက် ပေးတော်မူသနည်း။
မိမိသားတော်ရင်းကို မနှမြောဘဲ ငါတို့ရှိသမျှ အဖို့အလိုငှာစွန့်တော်မူသော သူသည် သားတော်နှင့်တကွ ခပ်သိမ်းသောအရာတို့ကို ငါတို့အားမပေးဘဲ အဘယ်သို့ နေတော်မူမည်နည်း။ (ရော၊ ၈း၃၂။)
၁၂။ ချစ်ခြင်းမေတ္တာတော်သည် ကျွန်ုပ်တို့ကို ဘယ်ကဲ့သို့ သန့်ရှင်းသောဆွေတော်မျိုးတော် ထဲသို့ သွင်းစေတော်မူသနည်း။
ဘုရားသခင်၏ သားတော်ဟု ခေါ်ဝေါ်ခြင်းအခွင့်ကို ငါတို့သည်ရမည်အကြောင်း ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ကြည့်ရှု ဆင်ခြင်ကြလော့။ (၁ယော၊ ၃း၁။)
၁၃။ ဘုရားသခင်သည် မိမိလူမျိုးတော်ကို ဘယ်လောက်ယုယတော်မူသနည်း။
သင်တို့ကို ထိသောသူသည် မျက်ဆန်တော်ကို ထိသောသူဖြစ်၏။ (ဇာ၊ ၂း၈။) လူ၌ ဖြစ်တတ်သော စုံစမ်းနှောင့်ယှက်ခြင်းကိုသာ သင်တို့သည် ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့် ပြည့်စုံတော်မူသည် ဖြစ်၍ သင်တို့မခံနိုင်သော စုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှာ အခွင့်ပေးတော်မမူ။ သင်တို့သည် ခံနိုင်မည်အကြောင်း စုံစမ်းနှောင့်ယှက်ခြင်း အရာနှင့်တကွ ထွက်မြောက်သော လမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည်။ (၁ကော၊ ၁ဝး၁၃။ မဿဲ၊ ၁ဝး၃၀။)
၁၄။ ကိုယ်တော်၌ မှီခိုသောသူနှင့် ချစ်ခြင်းမေတ္တာတော်ကို ဘယ်အရာ ခွဲခွာနိုင်သနည်း။
အကြောင်းမူကား၊ သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်း ဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွတ်အမြတ်ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတ္တံ့သော အရာဖြစ်စေ၊ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍ အဘယ်နိမ္မိတအရာမျှသည် ငါတို့သခင်ယေရှုခရစ် အားဖြင့် ခံရသော ဘုရားသခင်၏ မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်ဟု ငါသည် သဘောကျလျက် ရှိ၏။ (ရော၊ ၈း၃၈၊ ၃၉။)
မှတ်ချက်။ ကျွန်ုပ်တို့သည် သဘောအတိုင်း နေဖို့ရန် ဖန်ဆင်းထားတော်မူသည်။ ကျွန်ုပ်တို့အား ကြီးမြတ်သော ချစ်ခြင်း မေတ္တာတော်ကို ပြတော်မူ၍ ကိုယ်တော်ကို ကျွန်ုပ်တို့က ပြန်၍ ချစ်ဖို့ရန် တောင်းတော်မူသည်။ အပြစ်နှင့် ပြည့်စုံသော မိမိတို့ ကိုယ်တိုင်မှ တစ်ပါး ချစ်ခြင်းမေတ္တာတော်နှင့် ကျွန်ုပ်တို့ကို ခွဲခွာနိုင်သောအရာသည် စကြ၀ဠာတွင် တစ်စုံတစ်ခုမျှမရှိ။
No comments:
Post a Comment