အခန်း - ၆၂
စင်ကြယ်ခြင်း
၁။ လူ၏စိတ်နှလုံးသည် ဇာတိအတိုင်းဘယ်ကဲ့သို့နည်း။
စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသော သဘောရှိ၏။ စိတ်နှလုံးကို အဘယ်သူသိနိုင်သနည်း။ (ယေ၊ ၁၇း၉။ ၈း၇။)
၂။ အသက်၏အခြေသည် ဘယ်ကလာသနည်း။
နှလုံးသည်အသက်၏ အခြေအမြစ်ဖြစ်သောကြောင့် သင်၏နှလုံးကိုအထူးသဖြင့် စောင့်ရှောက်လော့။ (သု၊ ၄း၂၃။ ၂၃း၇။ မ၊ ၁၂း၃၄။)
၃။ မစင်ကြယ်သောသူသည် ခရစ်တော်၏နိုင်ငံတော်သို့ဝင်နိုင်သလော။
မတရားသော မေထုန်၌မှီဝဲသောသူ၊ ညစ်ညူးစွာပြုသောသူ၊ လောဘကျူးသောသူ တစ်စုံတစ်ယောက်မျှ ခရစ်တော်နှင့် ဘုရားသခင်၏နိုင်ငံ၌ အမွေမခံရသည်ကို သင်တို့သိကြ၏။ (ဧ၊ ၅း၅။ ယေရှာ၊ ၃၅း၈။ ဗျာ၊ ၂၁း၂၇။)
၄။ စိတ်နှလုံးထဲက လူကိုညစ်ညူးစေသော အရာများတို့သည် ဘယ်အရာများ ဖြစ်ကြသနည်း။
လူအတွင်းနှလုံးထဲက မကောင်းသော ကြံစည်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ မိန်းမလွတ်နှင့်မှားယွင်းခြင်း၊ လူအသက်ကို သတ်ခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ လှည့်စားခြင်း၊ ညစ်ညူးခြင်း၊ ငြူစူခြင်း၊ သူ့အသရေကိုဖျက်ခြင်း၊ ထောင်လွှားစော်ကားခြင်း၊ လျှပ်ပေါ်ခြင်း ဤဆိုးညစ်သောအရာများတို့သည် အတွင်းမှထွက်လာ၍ လူကိုညစ်ညူးစေကြသည်ဟု မိန့်တော်မူ၏။ (မာ၊ ၇း၂၁-၂၃။ မ၊ ၁၅း၁၈-၂၀။)
၅။ အမှုကိုမပြုဘဲ လူသည်အဘယ်သို့အပြစ်ကိုပြုနိုင်သနည်း။
ငါပညတ်သည်ကား၊ ကိလေသာစိတ်နှင့်သူ့မယားကိုကြည့်ရှုသောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ပြစ်မှားပြီ။ (မ၊ ၅း၂၈။)
၆။ ကျွန်ုပ်တို့သည် ဘယ်အရာများကို နှလုံးထဲသွင်းအပ်ကြသနည်း။
ကြွင်းသေးသောစကားဟူမူကား၊ ညီအစ်ကိုတို့၊ သမ္မတရားနှင့်ဆိုင်သောအကျင့်၊ လျောက်ပတ်သောအကျင့်၊ ဖြောင့်မတ်သောအကျင့်၊ စင်ကြယ်သောအကျင့်၊ သူတစ်ပါးနှစ်ဖွယ်သောအကျင့်၊ ချီးမွမ်းဖွယ်သောအကျင့် ရှိသမျှတို့ကိုလည်းကောင်း၊ ကျင့်ကောင်းတစ်ပါးပါး၊ ကောင်းသောသီတင်းတစ်ပါးပါးနှင့်ဆိုင်သော အကျင့်တို့ကိုလည်းကောင်း နှလုံးသွင်းကြလော့။ (ဖိ၊ ၄း၈။)
မှတ်ချက်။ စာကိုဖတ်ခြင်းအားဖြင့် စိတ်ထဲသို့သွင်းဖို့ရန် ကြီးသောနည်းဖြစ်သည်။ ထိုကြောင့် စာတန်မာရ်နတ်သည် ၎င်းနည်းကိုအထူးအသုံးပြုတတ်၍ သူငယ်တို့ ဖတ်တတ်သော စာအုပ်များကို ညစ်ညူးသော ကြံစည်ခြင်းများဖြစ်သောအရာတို့နှင့် ပြည့်စေသည်။ သတင်းစာအများတို့၌လည်း မဟုတ်မမှန် မကောင်းသော သတင်းများ ပါဝင်တတ်သည်။ ထိုကြောင့် လူကြီးလူငယ်တို့သည် ကောင်းသောစာပေကျမ်းဂန်တို့ကိုသာ ရွတ်ဖတ်အပ်ကြသည်။
၇။ ရေမလွှမ်းမိုးမီ လူ၏ စိတ်သဘောထားသည် ဘယ်ကဲ့သို့နည်း။
မြေကြီးပေါ်မှာ လူအပြစ်ကြီး၍ သူ၏ စိတ်နှလုံးအကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ်ဆိုးညစ်ခြင်းသက်သက်ရှိကြောင်း၊ (က၊ ၆း၅။)
၈။ စိတ်အကြံအစည်တို့သည် ဤမျှလောက်ဆိုးညစ်သောကြောင့် ဘုရားသခင်သည် အဘယ်ကဲ့သို့ပြုတော်မူသနည်း။
ရှေးလောကဓါတ်ကိုလည်း နှမြောတော်မမူ။ ဖြောင့်မတ်ခြင်းတရားကို ဟောသော နှောဧနှင့် လူခုနစ်ယောက်တို့ကို စောင့်မတော်မူ၍ ဘုရားကိုမကိုးကွယ်သော လောကသားအပေါင်းတို့ကို ရေလွှမ်းမိုးစေတော်မူ၏။ ( ၂ပေ၊ ၂း၅။ က၊ ၆း၅-၈။ ၂ပေ၊ ၃း၆။)
၉။ သောဒုံနှင့်ဂေါမောရမြို့သူမြို့သားတို့၏ အကျင့်နှင့်အကျိုး ဘယ်ကဲ့သို့နည်း။
သောဒုံနှင့် ဂေါမောရမြို့တို့ကိုမီးရှို့၍ ဖျက်ဆီးရာဒဏ်စီရင်တော်မူသဖြင့် နောင်၌ မတရားသော အကျင့်ကို ကျင့်အံ့သောသူတို့အား ပုံသက်သေကို ထားတော်မူ၏။ ထိုအခါ မတရားသော သူတို့၏ ညစ်ညူးသော အကျင့်အားဖြင့် နှောင့်ယှက်ခြင်းကို ခံရသောသူ ဖြောင့်မတ်သော လောတကို ကယ်နုတ်တော်မူ၏။ (၂ပေ၊ ၂း၆၊ ၇။)
၁၀။ စိတ်နှလုံးဖြူစင်သောသူတို့အဖို့ ဘာကတိရှိတော်မူသနည်း။
ထာ၀ရဘုရား၏တောင်တော်ပေါ်သို့ အဘယ်သူသည် တက်ရမည်နည်း။ သန့်ရှင်းရာဌာနတော်၌ အဘယ်သူသည်ရပ်နေရမည်နည်း ဟူမူကား သန့်ရှင်းသောလက်နှင့် ဖြူစင်သော နှလုံးရှိသောသူ၊ မုသားကို မမှီဝဲမဆည်းကပ်၊ မမှန်သော ကျိန်ဆိုခြင်းကို မပြုသောသူ။ (ဆာ၊ ၂၄း၃၊၄။ ၁၅း၁-၂။ မ၊ ၅း၈။)
၁၁။ ဤကတိတော်များရှိသောကြောင့် ဘာပြုအပ်ကြသနည်း။
ထိုကြောင့်ချစ်သူတို့၊ ထိုကတိတော်များနှင့် ငါတို့သည် ဆိုင်ကြသည်ဖြစ်၍ ကိုယ်ခန္ဓာ၏ အညစ်အကြေး၊ စိတ်ဝိညာဉ်၏ အညစ်အကြေးရှိသမျှတို့နှင့် ကိုယ်ကိုကိုယ်ကင်းစင်စေလျက် ဘုရားသခင်ကို ကြောက်ရွံ့၍ သန့်ရှင်းခြင်းပါရမီနှင့် ပြည့်စုံကြကုန်အံ့။ (၂ကော၊ ၇း၁။)
၁၂။ ထိုအပြစ်ပြုစေခြင်းငှာ သောဒုံနှင့် ဂေါမောရမြို့တို့၌ ဘာအထူးအခြေအနေ ရှိသနည်း။
သင့်ညီမ သောဒုံ၏အပြစ်ဟူမူကား၊ သူနှင့် သူ့သမီးတို့သည် မာနကြီးခြင်း၊ ၀စွာစားသောက်ခြင်း၊ ငြိမ်ဝပ်စွာ ကောင်းစားခြင်းရှိ၍။ (ယေဇ၊ ၁၆း၄၉။)
၁၃။ ကိုယ်ကိုဘယ်နည်းအားဖြင့် စင်ကြယ်စေရမည်နည်း။
သင်တို့သည် ဖောက်ပြန်ပျက်စီးတတ်သော မျိုးစေ့အားဖြင့် ဖြစ်ပွားသည် မဟုတ်၊ မဖောက်ပြန်မပျက်စီးတတ်သော မျိုးစေ့တည်းဟူသော အသက်ရှင်၍ အစဉ်အမြဲ တည်တော်မူသော ဘုရားသခင် နှုတ်ထွက်တရားတော်အားဖြင့် ဖြစ်ဖွားသောကြောင့် ညီအစ်ကိုများကို ချစ်ယောင်မဆောင်၊ အမှန်ချစ်ခြင်းအလိုငှာ စိတ်ထဲမှာ သမ္မတရားကို နားထောင်လျက် ကိုယ်စိတ်နှလုံးကို စင်ကြယ်စေပြီးသည်နှင့်အညီ စင်ကြယ်သော စိတ်နှင့်အချင်းချင်းအားကြီးသော ချစ်ခြင်းမေတ္တာရှိကြလော့။ (၁ပေ၊ ၁း၂၂၊ ၂၃။ ဟေရှာ၊ ၁း၁၆-၁၈။ တ၊ ၁၅း၉။)
၁၄။ ခရစ်ယာန်လူတို့၏ရှေ့မှာ ဘာစင်ကြယ်ခြင်း၏ စံရှိသနည်း။
ထိုသို့မျှော်လင့်သောသူ မည်သည်ကား၊ ကိုယ်တော်သန့်ရှင်းတော်မူသည်နည်းတူ ကိုယ်ကိုကိုယ် သန့်ရှင်းစေတတ်၏။ (၁ယော၊ ၃း၃။)
၁၅။ ခရစ်တော်သည်အသင်းတော်အဖို့ ကိုယ်ကိုအဘယ်ကြောင့်စွန့်တော်မူသနည်း။
အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကိုချစ်တော်မူသကဲ့သို့ သင်တို့လည်း ကိုယ်ခင်ပွန်းကို ချစ်ကြလော့ အသရေတင့်တယ်လျက်ရှိသော အသင်းတော်ကို ခရစ်တော်သည် မိမိအားဆက်သ အံ့သောငှာ နှုတ်ထွက်တရားတော်ရေ၌ ဆေးကြောခြင်းအားဖြင့် စင်ကြယ်သန့်ရှင်းစေမည်အကြောင်း ထိုအသင်းတော် အဖို့အလို့ငှာ ကိုယ်ကိုကိုယ်စွန့်တော်မူ၏။ (ဧ၊ ၅း၂၅-၂၇။ တိ၊ ၂း၁၄။)
၁၆။ လူအပေါင်းတို့သည် နေ့စဉ်မည်ကဲ့သို့ ဆုတောင်းပတ္ထနာပြုအပ်သနည်း။
အိုဘုရားသခင်၊ အကျွန်ုပ်အထဲ၌ စင်ကြယ်သော နှလုံးကိုဖန်ဆင်းတော်မူပါ။ မြဲမြံတည်ကြည်သော သဘောကို အသစ်ပြုပြင်တော်မူပါ။ (ဆာ၊ ၅၁း၁၀။)
No comments:
Post a Comment