အခန်း - ၂၀
ကျွန်ုပ်တို့ သခင်ဘုရား၏ အနာဂတ္တိစကားကြီး
၁။ ကယ်တင်သောအရှင်သည် ယေရုရှလင်မြို့သို့ အောင်ပွဲခံလျက်ဝင်တော်မူသောနေ့၌ ၎င်းမြို့ပျက်စီးခြင်းနှင့် ပတ်သက်၍ ကိုယ်တော်သည်အဘယ်ကဲ့သို့တင်ကူးဟော ထားတော်မူသနည်း။
အကြောင်းမူကား၊ သင့်ကို ကြည့်ရှုပြည့်စုတော်မူသော ကျေးဇူးကိုသင်သည် မသိမမှတ်သောကြောင့် သင်၏ ရန်သူတို့သည် သင့်ပတ်လည်တွင် တပ်တည်၍ လေးမျက်နှာ၌ ဝန်းရံလျက်ချုပ်ထားပြီးလျှင် သင်၏ ကိုယ်မှစ၍ သင်၏ သားသမီးတို့ကို မြေနှင့်တညီတည်းညှိသဖြင့် သင်၌ ကျောက်တစ်ခုပေါ်မှာ တစ်ခုမျှထပ်ဆင့်၍ မကျန်ရစ်စေခြင်းငှာ ပြုကြသော အချိန်ကာလသည် ရောက်လိမ့်မည်။ (လု၊ ၁၉း၄၃၊၄၄။)
၂။ ဤအနာဂတ္တိစကားကို ဘယ်သောအခါ၌ထပ်မံ၍ဟောတော်မူသေးသနည်း။
ယေရှုသည် ဗိမာန်တော်မှ ထွက်ကြွတော်မူသည်ရှိသော်တပည့်တော်တို့သည် ဗိမာန်တော်၏ တိုက်ဆောင်များကို ပြခြင်းငှာ အထံတော်သို့ချဉ်းကပ်ကြ၏။ ယေရှုကလည်း ၍အရာအလုံးစုံကို သင်တို့သည်မြင်ကြသည်မဟုတ်လော။ ငါအမှန်ဆိုသည်ကား၊ မဖြိုမချဘဲကျောက်တစ်ခုပေါ်မှာ တစ်ခုမျှမတည်မနေရဟု မိန့်တော်မူ၏။ (မ၊ ၂၄း၁၊၂။ မာ၊ ၁၃း၁၊၂။ လု၊ ၂၁း၅၊၆။)
၃။ ဒုတိယမေးခွန်းထဲတွင် ယှဉ်တွဲလျက်ပါရှိသောအကြောင်းနှစ်ခုသည်ဘယ်အကြောင်းများဖြစ်ကြသနည်း။
သံလွင်တောင်ပေါ်မှာ ထိုင်တော်မူစဉ် တပည့်တော်တို့သည် အခြားသူမပါဘဲ ချဉ်းကပ်၍ ထိုအမှုအရာတို့သည် အဘယ်ကာလမှ ဖြစ်မည်ကိုလည်းကောင်း၊ ကိုယ်တော်သည် ကြွလာ၍ ဤကပ်ကမ္ဘာကုန်သော နိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကို လည်းကောင်း အမိန့်ရှိတော်မူပါဟုလျှောက်ကြ၏။ (မ၊ ၂၄း၃။)
၄။ ယေရုရှလင်မြို့ ပျက်စီးခြင်းနှင့် ပတ်သက်၍ ထိုသူတို့အား အဘယ်ထင်ရှားသော လက္ခဏာကို ညွန်ပြထားသနည်း။
ယေရုရှလင်မြို့ကို ဗိုလ်ခြေများဝန်းရံလျက်ရှိသည်ကို သင်တို့မြင်သောအခါ ထိုမြို့သည် ပျက်ဆီးခြင်းသို့ ရောက်လုသည်ကို သိမှတ်ကြလော့။ (လု၊ ၂၁း၂၀-၂၁။ မာ၊ ၁၃း၁၄။ မဿဲ၊ ၂၄း၁၅။)
၅။ ဤအနာဂတ္တိစကားတော်သည် ဘယ်သောအခါ၌ အစဉ်အတိုင်းပြည့်စုံခြင်းသို့ ရောက်သနည်း။
ခရစ်တော်သဣရာဇ် ၇၀ခုနစ်တွင် တိတုသည် ရောမတပ်ကို အုပ်ချုပ်ပြီးလျှင် ယေရုရှလင်မြို့ကို ဝန်းဝိုင်းအောင်မြင်လျက် မြေနှင့် တစ်ညီတည်း ညှိလိုက်သောအခါ ၊ (ယေ၊ ၁၇း၂၇။ မိ၊ ၃း၁၂။ ဒံ ၉း၂၆။ လု၊ ၁၉း၄၃၊၄၄။ မ၊ ၂၂း၇။ ၂၄း၂။) ၎င်းအနာဂတ် စကားတော်တို့သည်ပြည့်စုံခြင်းသို့ရောက်ကြသတည်း။ ဤပျက်စီးခြင်း အကြောင်းအရာအလုံးစုံတို့ကို ရာဇဝင်၌ ရေးထားသည်။
၆။ ယေရုရှလင်မြို့ပျက်စီးပြီးသည်နောက် ရွေးချယ်ခြင်းခံရသော သူတို့ သည် ဘာတွေ့ကြုံမည်နည်း။
အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊နောင်၌လည်းမဖြစ်လတ္တံ့သော ကြီးစွာသောဒုက္ခသည် ထိုကာလ၌ ဖြစ်လိမ့်မည်။ ထိုကာလတာရှည်လျှင် အဘယ်သူမျှမလွတ်နိုင်ရာ ။ရွေးချယ်သောသူတို့အဖို့ အလိုငှာ ထိုကာလသည်တိုလိမ့်မည်။ (မ၊ ၂၄း၂၁ ၂၂။မာ၊ ၁၃း၁၉-၂၀။)
၇။ ဘုရားသခင်၏လူတို့သည် အဘယ်ကာလ၌ ဤကဲ့သို့ ညှဉ်းဆဲနှိပ်စက်ခြင်းကို ခံရကြသနည်း။
ဒံ၇း၂၅။ဗျာ၁၂း၆၊၁၄။၁၃း၅-၇။တို့၌အနာဂတ်ဖြင့် ဟောထားသည်အတိုင်းဤကမ္ဘာမြေကြီးပေါ်၌နိုင်ငံတစ်နိုင်ငံပေါ်ထွန်း၍ တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝတ်၊ သို့မဟုတ် ၄၂ လ သို့မဟုတ် ရက်ပေါင်း၁၂၆၀ (ပကတိနှစ်များဖြစ်၏။ တော၊ ၁၃း၃၄။ယေဇ၊ ၄း၆ ကိုကြည့်ပါ။)တိုင်အောင်သန့်ရှင်းသူတို့ကိုစစ်တိုက်လိမ့်မည်။ ခရစ်တော်သဣရာဇ် ၅၃၈ ခုနစ်၌ ရောမဗရင်ဂျီပုပ်ရဟန်းမင်းကြီးသာသနာ၏ အာဏာတန်ခိုးသည် ထကြွထင်ရှား၍ ၁၇၉၈ ခုနစ်တွင် ပြင်သစ် စစ်ဗိုလ်ကြီးဘားသီးအား ဆိုသူသည် ရောမမြို့ကိုစစ်ချီတတ်ပြီးလျှင် ၎င်းရဟန်း မင်းကြီးကို ဖမ်းဆီးအကျဉ်းယူဆောင်သွားသောအခါ ထိုအနာ ဂတ်စကားတို့သည် ပြည့်စုံခြင်းသို့ရောက်လေသတည်း။ ရောမဗရင်ဂျီအသင်း၏ အမှားများကို မာတင်လူသာ အသစ်ပြုပြင်ခြင်းအားဖြင့် ၎င်းရဟန်း မင်းကြီးသာသနာ၏တန်ခိုးအာဏာသည် တဖြည်းဖြည်းဆုတ်လျော့၍ ၁၇၇၄-၁၇၇၆ခုနစ်ရောက်သောအခါအယူလွဲသောသူတို့အားဥပဒေအတိုင်း ကွပ်မျက်နိုင်သော အခွင့်အာဏာတန်းခိုးကို ကုန်သွားစေပြီးလျှင်ဤကဲ့သို့ ထိုကာလတို့၌ ဖြစ်သောဒုက္ခဆင်းရဲခြင်းကို ၂၂နှစ် တိုစေလေသည်။
၁၈၃၃ ခုနှစ် နိုဝင်ဘာလ ၁၃ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုမှစ၍
ကမ္ဘာ၏မြောက်ဘက်ပိုင်းတစ်ပိုင်းလုံးလိုလိုပင် ကြယ်ကြွေခြင်းကိုမြင်ခဲ့ရကြပြီ
၈။ ထိုကာလ၌ ဆင်းရဲခြင်းပြီးလျှင် နောက်မှဘာဖြစ်ဦးမည်နည်း။
ထိုကာလ၌ ဒုက္ခဆင်းရဲခြင်းနောက် ရုတ်ခနဲနေသည် မိုက်လိမ့်မည်။လသည် အရောင်မပေး။ ကြယ်တို့သည် ကောင်းကင်မှကျကြလိမ့်မည်။ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။ (မ၊ ၂၄း၂၉။)
ထိုကာလ၌ ဒုက္ခဆင်းရဲခြင်းနောက်မှ နေသည် မိုက်လိမ့်မည်။ လသည် အရောင်မပေး။ (မ၊ ၂၄း၂၉။)
၉။ ၁၇၇၈ ခုနှစ်မကုန်မီ ၁၇၇၆ ခုနှစ်ကုန်ပြီးနောက် နေသည်မိုက်သလော။
၁၇၇၈ ပြည့်နှစ်၊ မေလ ၁၉ ရက်နေ့တွင် နေသည် မိုက်လေသည်။ဝတ်ဘစတာအဘိခါန်ကြီးတွင် မှောင်ကြီးကျနေသော နေ့အကြောင်းကျွန်ုပ်တို့ဖတ်ရသည်မှာ - မှောင်ကြီးကျနေသောနေ့ အဓိပ္ပါယ်သည် ၁၇၈၀ ပြည့်နှစ် မေလ ၁၉ ရက်နေ့၌ နယူးအင်္ဂလန် ခရိုင်များတို့တွင်ထူးခြားသောမှောင်ကြီးသည် တစ်နေ့လုံး ကျရောက်သောကြောင့်မြေကြီးလဟာပြင်တို့၌ ၆နာရီ ခန့်မျှလောက် လူများတို့သည် စာများကိုပင်မဖတ်နိုင်ကြ။ အဘယ်အကြောင်းကြောင့် ဤသို့ဖြစ်ရသည်ကို မသိ။ နက္ခတ်တာဆရာကြီးဟာရှေလ်ဆိုသူက ထိုနေ့အကြောင်းကို သက်သေခံသည်မှာ အမေရိကန်ပြည်မြောက်ပိုင်း၌ ဖြစ်သော မှောင်ကြီးကျသောနေ့သည် အလွန်ထူးဆန်းအံ့ဖွယ်ကောင်း၍ လောကဓါတ်ဆရာတို့သည် အဘယ်အကြောင်းကြောင့် ဤကဲ့သို့ ဖြစ်သည်ကိုဖြေဆိုခြင်းငှာ မတတ်စွမ်းနိုင်။ ဤကဲ့သို့ ဖြစ်ခြင်း၌ (ဗျာ၊ ၆း၁၂။ ယောလ၊ ၂း၃၀-၃၁။) တို့တွင် ပါသော အနာဂတ်စကားများတို့သည် ပြည့်စုံခြင်းသို့ရောက်လေပြီ။
၁၀။ လ၌ဖြစ်သောလက္ခဏာ သည် အဘယ်သောအခါ၌ ပြည့်စုံခြင်းသို့ရောက်သနည်း။
လ၌ဖြစ်သောလက္ခဏာသည် ထိုမှောင်ကြီးကျသော ၁၇၈၀ ပြည့်နှစ် မေလ ၁၉ ရက်နေ့ညဉ့် ဖြစ်လေသည်။ ကိုယ်တိုင်သိမြင်သော မိုင်လိုဘောတွစ် ဆိုသူတစ်ယောက်က-ဘုရားသခင်ကို ရိုသေသောကျွန်ုပ်၏မိဘနှစ်ပါးတို့သည် တရားစီရင်သောနေ့ရောက်ဖို့ နီးလေပြီဟုထင်မှတ်ကြောင်း၊ ၎င်းပြင်လူတို့သည် တစ်ညလုံးမအိပ်ဘဲ သန်းခေါင်အချိန်လွန်သောအခါ မှောင်ကြီးပျောက်သဖြင့် မိုးကောင်းကင်သည် နဂိုအတိုင်းဖြစ်ပြီးလျှင် လသည် ပြည့်လျက်ရှိငြားသော်လည်း သွေးရောင်ကဲ့သို့ ဖြစ်နေသည်ကို မြင်ကြကြောင်းသက်သေခံလေ၏။ ဤကဲ့သို့ကျွန်ုပ်တို့သခင်ဘုရား၏ အနာဂတ်စကားများနှင့် ဗျာ၊ ၆း၁၂ ၌ပါသော စကားများတို့သည် ပြည့်စုံခြင်းသို့ရောက်ခဲ့ပြီ။
မှတ်ချက်။ ထိုနေ့သည် လပြည့်နေ့ဖြစ်သောကြောင့် ဓမ္မတာတရားအတိုင်း နေသည် ထိုနေ့၌ ဘယ်နည်းနှင့်မျှ ကြတ်နိုင်စရာအကြောင်းမရှိ ။
၁၁။ တတိယလက္ခဏာတည်းဟူသော ကြယ်များကြွေကျခြင်းသည် ဘယ်သောအခါ၌ ဖြစ်သနည်း။
၁၈၃၃ ခုနစ်၊ နိုဝင်ဘာလ ၁၃ ရက်ဖြစ်လေသည်။ ရေလ် အမည်ရှိသော သိပ္ပံကျောင်းတော်ကြီးက ကျော်စောသော မိုးလေ၀သ နက္ခတ် တာရာ ဆရာကြီး အုမ်းစတတ် ဆိုသူက - ၁၈၃၃ ခုနစ်၊ နိုဝင်ဘာ ၁၃ ရက်သန်းခေါင်ကျော်အချိန်၌ ကြယ်များ ကြွေကျသည်ကို မြင်ရခြင်းသည်ကမ္ဘာဦးမှစ၍ ရာဇဝင်တို့၌ မှတ်သားခြင်း မရှိခဲ့ဖူးသော ကောင်းကင်မီးပွဲအကြီးဆုံး ကိုကံကောင်း၍ တွေ့ကြုံရကြောင်း ၁၈၃၃ ခုနစ်၌ ရွာချသော ကြယ်တို့သည် အဘယ်မျှလောက် ကြီးကျယ်သည်ဆိုသော် ကမ္ဘာပေါ်၌ရှိ သောတိုင်းနိုင်ငံအများတို့က မြင်ရကြောင်းပြောဆိုလေ၏။ ဂျာမနီပြည်၊ စတတ်ဂတ်မြို့၌လဲနော၊ ဟိုင်ရစ်၊ ကာလ်ဘာ ဆိုသူရေးသောစာအုပ် တွင် ၁၈၃၃ ခုနစ်၊ နိုဝင်ဘာ ၂၅ ရက်နေ့ ဥရောပတိုက်ကြီးအပေါ်တို့သည် မီးမိုးကဲ့သို လှပသောကြယ်များတို့သည် ကြွေကျကြောင်း မစ္စတာကလ်ဘာက ၊ ဆီလီရှားနယ်၊ မင်းစတာဘတ်မြို့များ ကြယ်များတို့သည် မီးမိုးကဲ့သို့ရွာချကြောင်း၊ ကြယ်များနှင့် မီးလုံးများကျလာ၍ မှောင်မိုက်ကိုလင်းသွားစေ သောကြောင့် လူများတို့က အနီးအနားတွင် အိမ်များမီးလောင်သည်ဟု ထင်မှတ်ကြကြောင်း ပြောပြသည်။ ထိုအခါ ဩစတြေးလျားပြည်၊ ပရင်းမြို့၌ အင်္ဂလိပ်တိုင်ပေါင်းစတုရန်း ၅၀၀ကျော် အပေါ်သို့ကြယ်များကြွေဆင်း၍ အချို့သောသူတို့က ထိုကြယ်တို့ကြွေခြင်းကို ကောင်းကင်က မီးတောက်မီးလျှံ ဆင်းသက်လာသည်ဟု ဆိုကြသည်။ အချို့တို့ကလည်း မီးမိုးရွာသည်ဟု ဆိုကြသည်။ မြင်းများတို့သည် ကြောက်လန့်သော ကြောင့် မြေပေါ်မှာလဲကြသည်။ လူအများတို့မှာလည်း ကြောက်ခြင်းကြောင့် အဖျားအနာရကြသည်။
၁၂။ သခင်ဘုရားကြွလာတော်မမူမီ ဖြစ်ရမည့်လက္ခဏာများဖြစ်ရမည်ကိုထင်ရှားစွာဖေါ်ပြထားသနည်း။
အရပ်ရပ်တို့၌ ကြီးစွာသောမြေလှုပ်ခြင်း၊ အစာခေါင်းပါးခြင်း၊ကာလနာများပြားခြင်း တို့သည် ဖြစ်ကြလိမ့်မည်။ မိုးကောင်းကင်၌လည်း၊ကြောက်မက်ဖွယ်သော အရာနှင့်ကြီးစွာသော ပုဗ္ဗနိမိတ်သည် ပေါ်ထွန်းကြလိမ့်မည်။ သမုဒ္ဒရာလှိုင်းတံပိုကြီး ခြင်းဖြစ်ကြလိမ့်မည်။ (လု၊ ၂၁း၁၁၊၂၅။)
၁၃။ ဤအရာတို့သည် အဘယ်အပြင်လက္ခဏာတို့ကို ဖေါ်ပြသနည်း။
အိုထာ၀ရဘုရား၊ ကိုယ်တော်သည် ရှေ့ဦးစွာ၌ မြေကြီးကိုတည်တော်မူပြီ။ မိုးကောင်းကင်သည်လည်း လက်တော်နှင့် ဖန်ဆင်းသောအရာဖြစ်ပါ၏။ ထိုအရာတို့သည် ပျက်စီးခြင်းသို့ရောက်သော်လည်း ကိုယ်တော်သည် အမြဲတည်တော်မူ၏။ ထိုအရာရှိသမျှတို့သည် အဝတ်ကဲ့သို့ဟောင်းနွမ်းခြင်းသို့ရောက်၍ ကိုယ်တော်သည် ဝတ်ရုံကို လိပ်သကဲ့သို့ လိပ်တော်မူသဖြင့် ပြောင်းလဲခြင်းရှိကြသော်လည်း ကိုယ်တော်သည် ပြောင်းလဲတော်မမူ။ (ဟေဗြဲ၊ ၁း၁၀-၁၂။ ဟေရှာ၊ ၂၄း၁-၂၃။)
မှတ်ချက်။ ခရစ်တော်မပေါ်မထွန်းမီ နှစ်ပေါင်း ၁၇၀၀ အတွင်းတွင်မြေကြီး ၅၈ ကြိမ်လှုပ်သည်။ ပျမ်းမျှလျှင် ၂၉ နှစ်တွင် တစ်ကြိမ်လှုပ်သည်။ ခရစ်တော်ပေါ်ထွန်းပြီးနောက် နှစ်ပေါင်း ၉၀၀ အတွင်း ၃ နှစ်တွင် တစ်ကြိမ်။ ထိုနောက် ၉၀၀မှ ၁၅၀၀ အတွင်း တစ်နှစ်တွင် တစ်ကြိမ်။ ၁၅၀၀ မှ ၁၈၀၀ အတွင်း တစ်နှစ်တွင် ၉ ကြိမ်။ ၁၈၀၁ မှ ၁၈၅၀ အတွင်း တစ်နှစ်တွင် ၆၄ ကြိမ်။ ၁၈၅၀ မှ ၁၈၆၈ အတွင်း တစ်နှစ်တွင် ၂၂၇ ကြိမ်လှုပ်သည်။ ယခုကာလ၌ မြေကြီးလှုပ်ခြင်းတို့သည် တစ်နှစ် အကြိမ်ပေါင်း ၄၀၀၀ ခန့်မျှ လှုပ်လေသည်။ ထပ်ကာထပ်ကာ ဆက်လက်၍ မြေကြီးလှုပ်ခြင်းသည် ယခုကာလ၌ရှိသောသူတို့ကို လွန်ခဲ့သောကာလများ၌ ရှိသောသူတို့နှင့် ခြားနားစေသည်။ နှစ်ပေါင်း ၆၀၀၀ ပတ်လုံး ပြုလုပ်ပြစ်မှားခဲ့သော ဒုစရိုက်များကြောင့် ဤကမ္ဘာမြေကြီးသည် တုန်လှုပ်လျက်ရှိနေသည်။ (ဟေရှာ၊ ၁၃း၆-၁၃။) မြေကြီးလှုပ်ခြင်း၊ ပြင်းစွာသောမိုးသက်မုန်တိုင်းကျခြင်း၊ ကုန်း ၊ ရေတို့၌ လေမုန်တိုင်းကြီး ကျရောက်ခြင်း၊ ၎င်းပြင် ဒီရေတိုးတတ်ခြင်းများတို့သည် ဤယခုကာလကိုနောက်ဆုံးကာလဖြစ်ကြောင်း ဖေါ်ပြလေသည်။
၁၄။ ဤအကြောင်းအရာတို့ကို မြင်သောကြောင့် ယခုကာလ၌ရှိသောသူတို့သည် အဘယ်ကဲ့သို့ ထိတ်လန့်သော သဘောရှိမည်နည်း။
မြေကြီးပေါ်မှာလည်း လူအမျိုးမျိုးမငြိမ်မသက် စိုးရိမ်ကြောက်ကြခြင်း၊ .........မြေကြီးပေါ်မှာဖြစ်လတ္တံ့သောဘေးများကိုမျှော်၍ ကြောက် လန့်သဖြင့် လူများတို့၏ အသက်ဆုံးခြင်း အမူအရာတို့သည် ဖြစ်ကြလိမ့်မည်။ (လု၊ ၂၁း၂၅၊၂၆။)
၁၅။ ဤအကြောင်းအရာတို့သည် သန့်ရှင်းသောသူတို့ကို ထိတ်လန့်စေမည်လား။
ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်၍ ခွန်အားကိုပေးတော်မူ၏။ ဘေးရောက်သည်ကာလ အထူးသဖြင့် ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ၏။ ထို့ကြောင့် ပထဝီမြေကြီးသည် ရွေ့သွားသောတောင်များ တုန်လှုပ်လျက် သမုဒ္ဒရာသို့ကျသော်လည်း၊ ငါတို့သည် ကြောက်လန့်ခြင်းမရှိ ။ သမုဒ္ဒရာရေသည် ဟုန်းဟုန်းမြည်၍ မွှေနှောက်ပါလေစေ။ လိူင်းတံပိုးထသဖြင့် တောင်များတုန်လှုပ်ပါလေစေ။ (ဆာ၊ ၄၆း၁-၃။ ၉၁း၅-၁၆။ ဟေရှာ၊ ၂၆း၂၀၊၂၁။)
၁၆။ ဤအရာများကိုမြင်သောသူတို့သည် ဘာကိုသိမှတ်ရမည်နည်း။
ထိုနည်းတူ ၊ ထိုအကြောင်းအရာ အလုံးစုံတို့ကို မြင်ရလျှင် လူသားသည် တံခါး၀တိုင်အောင် အနီးသို့ရောက်တော်မူသည်ကို သိမှတ်ကြလော့။ (မ၊ ၂၄း၃၃။)
၁၇။ ဤသိမှတ်ခြင်းသည် အမှန်ဖြစ်ကြောင်း အဘယ်ဥပမာအားဖြင့်
တင်ပြသနည်း။
မိန့်တော်မူသော ဥပမာကား၊ သင်္ဘောသဖန်းပင်မှစ၍ သစ်ပင်များတို့ကိုမှတ်ကြလော့။ အရွက်ပေါက်သောအခါ နွေကာလနီးသည်ကို သင်တို့ သည် အလိုအလျောက်သိမြင်ကြ၏။ ထိုနည်းတူ၊ ထိုအကြောင်းအရာများဖြစ်သည်ကိုမြင်ရလျှင် ဘုရားသခင်၏နိုင်ငံတော် တည်လုနီးသည်ကို သိမှတ်ကြလော့။ (လု၊ ၂၁း၂၉-၃၁။ မ၊ ၂၄း၃၂။)
၁၈။ လူသားကြွလာတော်မူခြင်းသည်နီး၍ တံခါး၀တိုင်အောင်ရောက်ကြောင်းကို ကျွန်ုပ်တို့သိရသော်လည်း ဘယ်အရာကိုမသိဘဲ ချန်လှပ်ထားသေးသနည်း။
ထိုအချိန်နာရီကား၊ အဘယ်သူမျှမသိ၊ ကောင်းကင်တမန်မသိ၊ ငါ့ခမည်းတော်တစ်ပါးတည်းသာ သိတော်မူ၏။ (မ၊ ၂၄း၃၆။)
၁၉။ အချိန်နာရီကို မသိသောကြောင့် ကျွန်ုပ်တို့အဘယ်သို့ နေရမည်နည်း။
သင်တို့အရှင်သည် အဘယ်အချိန်နာရီ၌ ရောက်လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။ (မ၊ ၂၄း၄၂။)
No comments:
Post a Comment