Tuesday, March 18, 2025

 

အခန်း - ၄၂

အပြစ်ဖြေခြင်း


၁။ ယခုလောကမှာရှိသောသူအပေါင်းတို့သည် မည်ကဲ့သို့သော အ‌ခြေအနေမျိုး၌ရှိကြသနည်း။

        "ဖြောင့်မတ်သောသူမရှိ၊ တစ်ယောက်မျှမရှိ။" "အဘယ်ကြောင့်နည်းဟူမူကား လူအပေါင်းတို့သည် အပြစ်ကိုပြု၍ ဘုရားသခင်ရှေ့တော်၌အသရေပျက်ကြပြီ။" (ရော၊ ၃း၉-၂၃။)

၂။ ဤလွန်ကျူးခြင်းအပြစ်ကြောင့် လူအပေါင်းတို့သည် ရှေ့တော်၌ မည်ကဲ့သို့ရှိနေကြသနည်း။

        ပညတ်တရား၌ပါသမျှသော စကားတို့သည် ပညတ်တရားကိုခံသောသူတို့နှင့် စပ်ဆိုင်သည်ကို ငါတို့သိကြ၏။ ထိုသို့ဖြစ်၍ လောကီသားအပေါင်းတို့သည် စကားတစ်ခွန်းကိုမျှမပြောနိုင်ဘဲ ဘုရားသခင်ရှေ့တော်၌ အပြစ်သင့်သောသူဖြစ်ကြ၏။ (ရော၊ ၃း၁၉။)

၃။ လူအပေါင်းတို့သည် မည်သူ၏လွန်ကျူးခြင်းအားဖြင့် အပြစ်ရောက်သနည်း။

        ဤအကြောင်းအရာဟူမူကား၊ အပြစ်တရားသည်တစ်ယောက်သောသူ အားဖြင့် ဤကဲ့သို့ဝင်၍ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့်သေခြင်းသို့ ရောက်ရကြ၏။ (ရော၊ ၅း၁၂။)

၄။ ထိုကြောင့် ပကတိအတိုင်း လူအပေါင်းတို့သည် မည်ကဲ့သို့ဖြစ်နေကြသနည်း။

        အာကာသကောင်းကင်၏တန်ခိုးကို အစိုးရသောမင်းတည်းဟူသော၊ ငြင်းဆန်သောသူတို့၌ ပြုပြင်သောဝိညာဉ်၏ အလိုနှင့် အညီ အပြစ်တို့၌သေလျက်ရှိနေသော သင်တို့ကိုပင် ဘုရားသခင်သည် အသက်ရှင်စေတော်မူပြီ။ ...ကြွင်းသောသူတို့ကဲ့သို့ပင် ပကတိအတိုင်း အမျက်တော်ကိုခံရသောသူဖြစ်ကြ၏။ (ဧ၊ ၂း၁-၃။ ရော၊ ၁း၁၈။ ၂း၅။ ဧ၊ ၅း၆။ ကော၊ ၃း၆။ မ၊ ၃း၇။ ၁သက်၊ ၁း၁၀။ ဗျာ၊ ၆း၁၆၊ ၁၇။)

၅။ လူ၏ကိုယ်စားဝင်လျက် လူတို့ထမ်းရွက်ရသောဝန်ကိုယူ၍ ရောက်လတ္တံ့သော ဘေးဒဏ်မှ ကယ်နုတ်သော လူတစ်စုံတစ်ယောက်ရှိသလော။

        အကြောင်းမူကား တစ်ယောက်သောသူသည် နားမထောင်သောအားဖြင့် လူများတို့သည် အပြစ်ရောက်သည်နည်းတူ တစ်ယောက်သောသူသည် နားထောင်သောအားဖြင့် လူများတို့သည်ဖြောင့်မတ်ရာသို့ရောက်ရကြ၏။ (ရော၊ ၅း၁၉။) မိမိလူတို့ကို အပြစ်မှကယ်ချွတ်မည့်သူဖြစ်သောကြောင့် ယေရှုဟူသောအမည်ဖြင့်မှည့်ရမည်။ ၉မ၊ ၁း၂၁။ လု၊ ၂း၁၁။)

၆။ အပြစ်အတွက် ကျွန်ုပ်တို့အပေါ်သို့ ဧကန်အမှန်ရောက်လတ္တံ့သော ဘေးမှခရစ်တော်သည် အဘယ်သို့သော အားဖြင့် ရွေးနုတ်တော်မူသနည်း။

        ငါတို့၌အတိုင်းထက် အလွန်များလှစွာသော ကျေးဇူးတော်သည် ကြွယ်၀ပြည့်စုံသည်နှင့်အညီ ထိုသားတော်၏ အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနုတ်တော်မူခြင်းကျေးဇူးကိုငါတို့သည်ခံရကြ၏။ (ဧ၊ ၁း၈။) မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှာလည်းကောင်းကြွလာသည်။ (မ၊ ၂ဝး၂၈။ ၁တိ၊ ၂း၆။ ကော၊ ၁း၁၄။ ယော၊ ၆း၅၁။ တ၊ ၂ဝး၂၈။ ဟေရှာ၊ ၅၃း၁၀၊၁၁။)

၇။ ခရစ်တော်သည် အဘယ်အတွက်ကြောင့် အသေခံတော်မူသနည်း။

        ခရစ်တော်သည် ကျမ်းစာလာသည်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏။ (၁ကော၊ ၁၅း၃။ ရော၊၄း၂၄း၂၅။) 


နောင်တရသောလူတို့၏ အပြစ်များကို ဖြေရှင်းရန် သားတော်သခင်ခရစ်တော်သည်လက်ဝါးကပ်တိုင်၌ အသေသတ်ခြင်းကို ခံတော်မူ၏။


၈။ ယေရှုသည် ကျွန်ုပ်တို့၏အပြစ်များကို ဘယ်မှာခံတော်မူသနည်း။

        ငါတို့သည် အပြစ်နှင့်ဆိုင်သောအရာ၌ အသေဖြစ်၍ ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင်စေမည့်အကြောင်း ငါတို့အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင်မှာခံတော်မူပြီ။ ဒဏ်ချက်တော်များ အားဖြင့် သင်တို့သည် အနာပျောက်လျက်ရှိကြ၏။ (၁ပေ၊ ၂း၂၄။ ဂလ၊ ၃း၁၃၊၁၄။ယော၊ ၁း၂၉။ ဟေဗြဲ၊ ၉း၂၈။ ခရစ်တော်ဒုက္ခခံတော်မူခြင်း၊ အသေခံတော်မူခြင်းအကြောင်းတို့ကို ဧဝံဂေလိကျမ်းတို့တွင်ဖတ်ပါ။)

၉။ ဤကဲ့သို့ပြုခြင်းကို လူသည် အကုန်အစင်နားလည်နိုင်သလော။

        ဘုရားသခင်သည် နှလုံးသွင်းတော်မူသော စေတနာတော်နှင့်လျော်သော အလိုတော်၏ နက်နဲသောအရာကို ငါတို့အားပြတော်မူ၏။ (ဧ၊ ၁း၉။)

၁၀။ ခရစ်တော်အသေခံခြင်းသည် ဘာအကြောင်းဖြစ်စေသနည်း။

        ယေရှုခရစ်၏ အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် ထိုခရစ်တော်ကို အပြစ်ဖြေစရာ အကြောင်းဖြစ်စေခြင်းငှာ ခန့်ထားတော်မူပြီ။ (ရော၊၃း၂၆။ ဟေဗြဲ၊ ၂း၁၉။ ၉း၅။ ၁ယော၊ ၄း၁၀။)

၁၁။ အပြစ်ဖြေဖို့ရန်လူမည်မျှအတွက် ခရစ်တော်အသေခံတော်မူသနည်း။

        တစ်စုံတစ်ယောက်သောသူသည် အပြစ်ကိုပြုမိလျှင် ဖြောင့်မတ်တော်မူသော အရှင်ယေရှုခရစ်တည်းဟူသော ငါတို့အမှုဆောင်သခင်သည် ခမည်းတော်ထံ၌ ရှိတော်မူ၏။ ထိုသခင်သည် ငါတို့၏အပြစ်မကလောကီသားအပေါင်းတို့၏ အပြစ်ဖြေစရာအကြောင်း ဖြစ်တော်မူ၏။ (၁ယော၊ ၂း၁၊၂။) လူအပေါင်းတို့အတွက်ကြောင့် အသေခံတော်မူသည်။ (၂ကော၊ ၅း၁၄၊၁၅။ ဟေဗြဲ၊ ၂း၉။)

၁၂။ ၎င်းအပြစ်ဖြေခြင်းအားဖြင့် ဘာဂုဏ်လက္ခဏာတော်များကို ထင်ရှားစေသနည်း။

        လွန်ခဲ့ပြီးသော အပြစ်များကို မှတ်တော်မမူရာတွင် ......ဖြောင့်မတ်ခြင်း တရားတော်ကိုထင်ရှားစေခြင်းငှာ ဘုရားသခင်သည် သည်းခံတော်မူ၍။ (ရော၊ ၃း၂၅၊၂၆။) ယခုကာလ၌ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေ၍ ယေရှုကိုယုံကြည်သော သူတို့၏ အပြစ်ကို လွှတ်တော်မူသော်လည်း တရားသဖြင့် ပြုတော်မူခြင်းငှာ။ (ရော၊ ၂း၂၆။ ယာ၊ ၂း၁၃။ ဆာ၊ ၈၅း၁၀။)

၁၃။ ခရစ်တော်အသေခံတော်ခြင်းကြောင့် ဘုရားသခင်သည်လူအပေါ်မှာ ဘာသဘောမျိုးထားတော်မူသနည်း။

        ထိုကြောင့်၊ ငါတို့သည်ယုံကြည်ခြင်းရှိ၍ ဖြောင့်မတ်ရာသို့ရောက်လျှင် ငါတို့သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင်ရှေ့၌ ငြိမ်သက်ခြင်းကိုခံစားကြ၏။ (ရော၊ ၅း၁-၁၁။)

၁၄။ ခရစ်တော်သေခြင်းကို ယုံကြည်ခြင်းအားဖြင့် ကိုယ်စီကိုယ်စီခံယူသော သူတို့သည် ဘာအကျိုးရရှိကြသနည်း။

        ထိုသို့ဖြစ်သော်လည်း ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ဖြစ်ကြ၏။ ဘုရားသခင်သည် ယေရှုခရစ်အားဖြင့် ငါတို့၏ရန်ကို ငြိမ်းစေ၍ ကိုယ်တော်နှင့်မိတ်သဟာယဖွဲ့စေတော်မူ၏။ ထိုမိတ်သဟာယတရားကို ဟောရသော အခွင့်အရာကို ငါတို့၌ အပ်ပေးတော်မူ၏။ .... သင်တို့သည် ရန်ငြိမ်း၍ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ ကြလော့ဟု၊.... ငါတို့သည် ခရစ်တော်၏ကိုယ်စားဖြစ်၍ သင်တို့ကို တောင်းပန်သွေးဆောင်ကြ၏။ (၂ကော၊ ၅း၁၈-၂၀။ ရော၊ ၅း၃။)

၁၅။ ဘုရားသခင်သည် ခရစ်တော်အထဲ၌ လောကီသားတို့နှင့် မည်ကဲ့သို့ မိတ်သဟာယဖွဲ့တော်မူသနည်း။

        ထိုတရားဟူမူကား၊ ဘုရားသခင်သည် ခရစ်တော်အထဲ၌ ရှိနေလျက် လောကသားတို့၏ အပြစ်များကို မှတ်တော်မမူ၊ ရန်ကို ငြိမ်းစေ၍ ကိုယ်တော်နှင့် မိတ်သဟာယဖွဲ့စေတော်မူ၏။ (၂ကော၊ ၅း၁၉။ ၁ပေ၊ ၃း၁၈။)

၁၆။ အပြစ်ကိုမှတ်တော်မမူခြင်းနှင့် ခရစ်တော်မည်ကဲ့သို့ ဆိုင်သနည်း။

        အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည် အပြစ်နှင့်ကင်းစင်သောသူတို့ကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင့်ရှေ့တော်၌ ဖြောင့်မတ်သောသူ ဖြစ်မည်အကြောင်းတည်း။ (၂ကော၊ ၅း၂၁။ ဟေရှာ၊ ၅၃း၃-၉။ ယော၊ ၃း၁၆။)

၁၇။ အဘယ်ကြောင့် ဤမျှလောက်ကြီးကျယ်၍ အဖိုးထိုက်သောအရာနှင့်ရွေးယူရသနည်း။

        သေမင်း၏လက်နက်ကား အပြစ်ပေတည်း။ အပြစ်၏တန်ခိုးကား ပညတ်တရားပေတည်း၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် ငါတို့အား အောင်ခြင်းအခွင့်ကိုပေးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်သည် ကြီးစွာတကား။ (၁ကော၊ ၁၅း၅၆၊၅၇။ ရော၊ ၁၆း၂၅။)

မူလ မာတိကာသို့

No comments:

Post a Comment