အခန်း - ၂၂
ခရစ်တော်ဒုတိယကြွလာတော်မူခြင်း
၁။ ခရစ်တော်သည် ဤကမ္ဘာမှ ကောင်းကင်သို့မတက်ကြွမီ မိမိကိုယ်တိုင်ဒုတိယအကြိမ် ကြွလာမည့် အကြောင်းနှင့် ပတ်သက်၍ ဘာကတိထားသနည်း။
သင်တို့ စိတ်နှလုံး ပူပန်ခြင်းမရှိစေနှင့်၊ . . . . . သင်တို့နေစရာအရပ်ကိုပြင်ဆင်ခြင်းငှာ ငါသွားရ၏။ ငါသွား၍ သင်တို့နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တစ်ဖန်လာပြန်၍ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှာ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။ (ယော၊ ၁၄း၁-၃။)
၂။ သခင်ယေရှုခရစ်သည် ကောင်းကင်သို့ ဘယ်ကဲ့သို့ တက်ကြွတော်မူသနည်း။
တမန်တော်တို့သည် ကြည့်ရှုလျက်နေစဉ် သခင်ဘုရားသည် အထက်သို့ ဆောင်ယူခြင်းကို ခံတော်မူ၍ မိုးတိမ်သည် ကိုယ်တော်ကိုမျက်ကွယ်အောင်ခံယူလေ၏။ (တ၊ ၁း၉။)
၃။ ခရစ်တော်သည် ဘယ်နည်းအားဖြင့် ပြန်ကြွတော်မူမည်နည်း။
သင်တို့နှင့်ခွာ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသော ထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွားတော်မူသည်နည်းတူ တစ်ဖန်ကြွလာတော်မူလတ္တံ့။ (တ၊ ၁း၁၁။ မ၊ ၂၄း၃၀။ မာ၊ ၁၃း၂၆။ ဗျာ၊ ၁း၇။ လု၊ ၂၁း၂၇။)
၄။ ခရစ်တော်သည် အဘယ်သူ၏ ဘုန်းတန်းခိုးကို ဆောင်လျက်ကြွလာတော်မူမည်နည်း။
အကြင်သူသည် ငါ့ကိုလည်းကောင်း၊ ငါ့စကားကိုလည်းကောင်းရှက်၏။ လူသားသည် မိမိဘုန်း၊ မိမိအဘခမည်းတော်၏ ဘုန်း၊ သန့်ရှင်းသော ကောင်းကင်တမန်တို့၏ ဘုန်းကို ဆောင်လျက် ကြွလာသောအခါ ထိုသူကို ရှက်တော်မူလတ္တံ့။ (လု၊ ၉း၂၆။ မ၊ ၁၆း၂၇။ ၂၅း၃၁။)
၅။ ခမည်းတော်၏ဘုန်း၊ သားတော်၏ဘုန်း၊ ကောင်းကင်တမန်တို့၏ ဘုန်းတို့ကို ဘယ်ကဲ့သို့ ဖေါ်ပြထားသနည်း။
- ခမည်းတော်၏ဘုန်း။ (ဒံ၊ ၇း၉၊ ၁၀။)
- သားတော်၏ဘုန်း။ (ဗျာ၊ ၁း၁၄၊ ၁၅။ ဒံ၊ ၁ဝး၅၊၆။)
- ကောင်းကင်တမန်တို့၏ဘုန်း။ (မ၊ ၂၈း၂-၄။)
၆။ ကြွလာတော်မူသောအခါ ဤကမ္ဘာမြေကြီးပေါ်၌ မည်ကဲ့သို့သော လူနှစ်မျိုးနှစ်စားသာရှိမည်နည်း။
ငြိမ်ဝပ်ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့် ကင်းလွတ်၏ ဟုဆိုစဉ်တွင် သူတို့အပေါ်၌လျင်မြန်စွာသော ပျက်စီးခြင်းရောက်၍ . . . . သို့သော်လည်း ညီအစ်ကိုတို့၊ ထိုနေ့ရက်သည် သူခိုးကဲ့သို့ သင်တို့အပေါ်သို့ရောက်လာမည်အကြောင်း သင်တို့သည် မှောင်မိုက်၌နေကြသည် မဟုတ်။ (၁သက်၅း၁-၆။ မ၊ ၂၄း၃၀၊၃၁။)
မှတ်ချက်။ နှစ်မျိုးနှစ်စားသာရှိမည်။ ပြင်ဆင်ထားသောသူနှင့် မပြင်ဆင်သောသူ။
၇။ ကြွလာတော်မူသည်ကို မြင်သောအခါ မပြင်ဆင်သောသူတို့သည် ဘာလုပ်မည်နည်း။
မြေတွင်း၌လည်းကောင်း၊ တောင်ပေါ်မှာရှိသော ကျောက်များ၌လည်းကောင်း ပုန်းရှောင်လျက်နေ၍ ထိုတောင်များ၊ ကျောက်များတို့ကိုခေါ်လျက် ငါတို့အပေါ်သို့ ကျကြပါ၊ ပလ္လင်ပေါ်မှာထိုင်တော်မူသော သူ၏ မျက်နှာနှင့် သိုးသငယ်၏အမျက်တော်ကို ကွယ်ကာ၍ ငါတို့ကိုဖုံးအုပ်ကြပါ။ အမျက်တော်ထင်ရှားသော နေ့ကြီးရောက်ပါပြီတကား။ အဘယ်သူသည် ခံရပ်နိုင်မည်နည်းဟု ပြောဆိုကြ၏။ (ဗျာ၊ ၆း၁၄-၁၇။)
၈။ ထိုအခါ မပြင်ဆင်သော သူတို့ ဘာဖြစ်မည်နည်း။
ငြိမ်ဝပ်ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့်ကင်းလွတ်၏ ဟုဆိုစဉ်တွင် သူတို့အပေါ်၌ လျင်မြန်စွာသော ပျက်စီးခြင်းရောက်၍ လွတ်ခြင်းအခွင့်မရှိရကြ။ (၁သက်၊ ၅း၃။ ယေ၊ ၂၅း၃၀-၃၃။ ဗျာ၊ ၁၉း၁၁-၂၁။)
၉။ မတရားသောသူတို့အပေါ်၌ ဤနေ့ရက်သည် အဘယ်သို့အမှတ်တမဲ့ကျရောက်မည်နည်း။
သူခိုးသည်ညဉ့်အခါလာသကဲ့သို့။ (၁သက်၊ ၅း၁-၃။)
၁၀။ ပြင်ဆင်ထားသောသူတို့အပေါ်၌ ၎င်းနေ့ရက်သည် သူခိုးကဲ့သို့ ကျရောက်မည်လော။
သို့သော်လည်းညီအစ်ကိုတို့၊ ထိုနေ့ရက်သည် သူခိုးကဲ့သို့ သင်တို့အပေါ်သို့ရောက်လာမည်အကြောင်း သင်တို့သည် မှောင်မိုက်၌ နေကြသည်မဟုတ်။ (၁သက်၊ ၅း၄၊၅။)
၁၁။ ဖြောင့်မတ်သော သူတို့အဖို့ ထိုနေ့ရက်သည်အဘယ်သို့သော နေ့ရက်ဖြစ်မည်နည်း။
ထိုသခင်ကို မြော်လင့်လျက်နေသော သူတို့ကို ကယ်တင်ခြင်း အလိုငှာ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူလတ္တံ့။ (ဟေဗြဲ၊ ၉း၂၈။ ဟေရှာ ၊ ၂၅း၉။)
၁၂။ ဤဖြောင့်မတ်သောသူတို့သည် ကိုယ်တော်ကို ဖူးတွေ့ရန် အဘယ်သို့ပြင်ဆင် ထားရမည်နည်း။
တရားတော်အတိုင်းကျင့်၍ စိတ်နှိမ့်ချသော ပြည်သူပြည်သားအပေါင်းတို့၊ ထာ၀ရဘုရားကိုရှာကြလော့။ ဖြောင့်မတ်ခြင်းနှင့် စိတ်နှိမ့်ချခြင်းကို လည်းရှာကြလော့။ ထာ၀ရဘုရား၏ အမျက်ထွက်တော်မူသောနေ့၌ သင်တို့သည် ပုန်းရှောင်ရာကို တွေ့ကောင်းတွေ့ကြလိမ့်မည်။ (ဇေ၊ ၂း၁-၃။ ၁ယော၊ ၃း၂၊၃။)
၁၃။ အဘယ်အကြောင်းကြောင့် ခရစ်တော်သည် ဤကမ္ဘာသို့ပြန်ကြွလာတော်မူ မည်နည်း။
ငါသည် သွား၍ သင်တို့နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တစ်ဖန်လာပြန်၍ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှာ သင်တို့ကို ငါထံသို့သိမ်းဆည်းမည်။ (ယော၊ ၁၄း၃။ ၁၃း၃၆။)
၁၄။ ခရစ်တော်ကြွလာတော်မူသောအခါ သေလွန်သောသူတော်ကောင်းတို့ကို ဘယ်အရပ်မှာခေါ်ထုတ်မည်နည်း။
ဤအမှုအရာကို အံ့ဩခြင်းမရှိကြနှင့်။ သင်္ချိုင်းများမှာရှိသော သူအပေါင်းတို့သည် သားတော်၏ စကားသံကို ကြား၍။ (ယော၊ ၅း၂၇၊ ၂၈။ ဟေရှာ ၊ ၂၆း၁၉။ ၁ကော၊ ၁၅း၂၂၊၂၃။)
၁၅။ ထိုအခါသေလွန်သောသူတို့သည် ဘယ်အဖြစ်နှင့် ထမြောက်မည်နည်း။ ၎င်းပြင် အသက်ရှင်လျက်နေသည် သူတို့သည် အဘယ်ကဲ့သို့ပြောင်းလဲခြင်းခံရမည်နည်း။
နက်နဲသော အရာတစ်ခုကိုငါပြဦးမည်။ ငါတို့ရှိသမျှသည် အိပ်ပျော်ရကြလိမ့်မည်မဟုတ်။ သို့သော်လည်း နောက်ဆုံးသောတံပိုးမှုတ်သော အခါ တစ်ခဏချင်းတွင် မျက်စီတစ်မှိတ်၌ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ရောက်ရကြမည်။ ထိုတံပိုးမှုတ်ချိန်ရောက်သောအခါ သေလွန်သော သူတို့သည်မပုပ်နိုင်သော အဖြစ်၌တည်လျက်ထမြောက်၍ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ရောက်ရကြမည်။ ယခုမျက်မှောက်သေတတ်သောအရာသည် မသေနိုင်သော အဖြစ်သို့ ဝင်စားရမည်။ (၁ကော၊ ၁၅း၅၁-၅၃။ ဖိ၊ ၃း၂၀-၂၁။)
၁၆။ ထမြောက်ခြင်းခံရသော သူတော်ကောင်းတို့နှင့် ဘ၀ပြောင်းခြင်းခံရသော သူတော်ကောင်းတို့ကို ကောင်းကင်ဘုံသို့ တစ်ချိန်တည်းယူဆောင်သွားမည်လော။
သခင်ဘုရား၏ ဖေါ်ပြချက်အားဖြင့် တစ်ဖန်ငါတို့ဆိုသည်ကား၊သခင်ဘုရားကြွလာ တော်မူသောအခါ အသက်ရှင်၍ ကျန်ကြွင်းသော သူတို့သည် အိပ်ပျော်ပြီးသော သူတို့၏ အလျင်အဦးနေရာကျရကြမည် မဟုတ်၊ သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်း အသံ ပေးခြင်း၊ ဘုရားသခင်၏ တံပိုးသံမှုတ်ခြင်းနှင့်တကွ ကောင်းကင်ဘုံမှကိုယ်တိုင်ဆင်းသက်တော်မူ၍ ခရစ်တော်၌ သေလွန်သောသူတို့သည်အဦးထမြောက်ကြလိမ့်မည်။ ထိုအခါအသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ရောက်စေခြင်းငှာ ထိုသူတို့နှင့်တကွ မိုးတိမ်ပေါ်သို့ ချီးဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင်အတူ အစဉ်မပြတ်နေရကြလိမ့်မည်။ (၁သက်၊ ၄း၁၅-၁၇။၁ကော၊ ၁၅း၁၆၊၁၈။ ဟေဗြဲ၊ ၁၁း၃၉၊၄၀။)
၁၇။ ထိုအချိန်သည်ဖြောင့်မတ်သော သူတော်ကောင်းတို့အား ဆုကျေးဇူးပေးသော အချိန်ဖြစ်သလော။
ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍ လူအသီးသီးတို့အား မိမိတို့အကျင့်အတိုင်းဆပ်ပေးမည်။ (ဗျာ၊ ၂၂း၁၂။ ၂တိ၊ ၄း၇၊၈။ လု၊ ၁၄း၁၃၊၁၄။)
၁၈။ ထိုကြောင့် ရှေးကာလမှစ၍ ယခုကာလတိုင်အောင် သစ္စာရှိလာကြသောသူတို့သည် ခရစ်တော်ကြွလာတော်မူခြင်းကို အဘယ်ကဲ့သို့သဘောပိုက်ကြသနည်း။
မင်္ဂလာသော မြော်လင့်ရာကိုလည်းကောင်း၊ ကြီးမြတ်သောဘုရားသခင်တည်းဟူသော ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင်ယေရှုခရစ်၏ ဘုန်းအသရေတော် ထင်ရှားပေါ်ထွန်းခြင်းကိုလည်းကောင်း။ (တိ၊ ၂း၁၁၊၁၂။ ယု၊ ၁၄၊ ၁၅။ ယောဘ၊ ၁၉း၂၅-၂၇။ ဆာ၊၁၇း၁၅။ ၅ဝး၃-၅။ ဒံ၊ ၁၂း၁-၃။ မ၊ ၁၆း၂၇။)
No comments:
Post a Comment