Sunday, March 16, 2025

 


အခန်း - ၄၀

ပုဂ္ဂိုလ်တော်မြတ်နှင့် ကိန်းဝပ်တော်မူရာဌာန


၁။ ရေလွှမ်းမိုးသောအခါ ဘုရားသခင်သည် မိမိကိုယ်တော်တိုင်း အကြောင်းအဘယ်သို့ မြွက်ဆိုတော်မူသနည်း။

        အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို ကောင်းကင်အောက်မှ ငါကိုယ်တိုင်ပယ်ရှင်းခြင်းငှါ မြေကြီးကိုရေလွှမ်းမိုးစေသဖြင့် မြေပေါ်မှာရှိသမျှတို့သည် သေကြရမည်။ (က၊ ၆း၁၇။)

၂။ သိနာတောင်ပေါ်မှာ ပညတ်တော် (၁၀) ပါးပေးသောအခါ ဘုရားသခင်သည် မိမိကိုယ်တော်အကြောင်း အဘယ်သို့ မြွက်ဆိုတော်မူသနည်း။

        ငါသည် သင့်ကို ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ကယ်နုတ်ဆောင်ယူခဲ့ပြီးသော သင်၏ ဘုရားသခင်ထာ၀ရဘုရား ဖြစ်၏။ (ထွ၊ ၂ဝး၂။)

၃။ ပညတ်တော် ၁၀ ပါးကို ဘာနှင့်ရေးသနည်း။

        ထိုသို့ဘုရားသခင်သည် သိနာတောင်ပေါ်မှာ မောရှေနှင့်နှုတ်ဆက်တော်မူသည် အဆုံး၌ လက်ညှိုးတော်နှင့် အက္ခရာတင်သော သက်သေခံချက်ကျောက်ပြားနှစ်ပြားကို ပေးတော်မူ၏။ (ထွ၊ ၃၁း၁၈။)

မှတ်ချက်။ ဘုရားသခင်သည် မိမိကိုယ်တွင်ရှိ အင်္ဂါများတို့နှင့် အသုံးပြု၍ ပြောဆိုပြုလုပ်တတ်သည်။ အထက်ကျမ်းချက်တွင် လက်ညှိုးတော်နှင့်။ ဆာ၊ ၁၁း၄ တွင် မျက်စိတော်နှင့်။ ဟေရှာ၊ ၁း၂၀တွင် နှုတ်တော်နှင့်။ ၎င်းပြင် ထွ၊ ၃၃း၁၁ တွင် မောရှေအား ထာ၀ရဘုရားသည် အဆွေခင်ပွန်းချင်းကို နှုတ်ဆက်တတ်သည့်နည်းတူ မောရှေနှင့် မျက်နှာချင်းဆိုင်၍ နှုတ်ဆက်တော်မူကြောင်း ကျွန်ုပ်တို့ သိရသည်။

၄။ လူကိုအဘယ်သူ၏ ပုံသဏ္ဌာန်တော်နှင့် ဖန်ဆင်းသနည်း။

        တစ်ဖန်ဘုရားသခင်က၊ ငါတို့ပုံသဏ္ဌာန်နှင့်အညီ တစ်သဏ္ဌာန်တည်းလူကို ဖန်ဆင်းကြစို့။ သူသည် ပင်လယ်ငါးတို့ကို လည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကို လည်းကောင်း၊ မြေတစ်ပြင်လုံးနှင့်တကွ မြေပေါ်မှာ တွားတွတ်သော တိရစ္ဆာန်အပေါင်းတို့ကို လည်းကောင်း အုပ်စိုးစေဟု အမိန့်တော်ရှိ၏။ (က၊ ၁း၂၆။)

၅။ ခရစ်တော်သည် ခမည်းတော်ဘုရား၏ဇာတိအဖြစ်တော်ပုံသဏ္ဌာန်ဖြစ်သလော။

        ထိုသားတော်သည် ဘုရားသခင်၏ ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်၏ ပုံသဏ္ဌာန်ဖြစ်၍။ (ဟေဗြဲ၊ ၁း၃။)

၆။ ခမည်းတော်သည် အဘယ်သူအားဖြင့် မိမိကိုယ်တိုင်တော်ကို ထင်ရှားစေသနည်း။

        ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူးသော်လည်း တစ်ပါးတည်းသော သားတော်သည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။ (ယော။ ၁း၁၈။)

မှတ်ချက်။ အပြစ်ဝင်ပြီးသည်နောက် ဘုရားသခင်သည် လူနှင့်မျက်နှာချင်းဆိုင်၍ ပြောဆိုသောအခါ သားတော်ကိုယ်တိုင် ထင်ရှားပြောဆိုသည်အကြောင်း ကျွန်ုပ်တို့သိနားလည်ကြ၏။

၇။ ထမြောက်တော်မူပြီးသည်နောက် မိမိတပည့်တော်တို့အား ခရစ်တော်သည် မိမိကိုယ်တိုင်တော် ထင်ရှားပါသလော။

        ယေရှုကလည်း လာ၍ နံနက်စာကို စားကြလော့ဟု မိန့်တော်မူ၏။ သခင်ဖြစ်တော်မူကြောင်းကို တပည့်တော်တို့သည် သိကြသောကြောင့် ကိုယ်တော်သည် အဘယ်သူနည်းဟူ၍ တစ်စုံတစ်ယောက်မျှ မမေးမလျှောက်ဝံ့ကြ။ ယေရှုသည်လာ၍ မုန့်နှင့် ငါးကို ယူပြီးလျှင် လူတို့အား ပေးတော်မူ၏။ ထိုပြတော်မူခြင်းကား၊ ယေရှုသည်သေခြင်းမှ ထမြောက်တော်မူသည်နောက် တပည့်တော်တို့အား ကိုယ်ကိုသုံးကြိမ်မြောက်သာ ပြတော်မူခြင်းဖြစ်သတည်း။ (ယော၊ ၂၁း၁၂-၁၄။)

၈။ ခရစ်တော်သည် ဒုတိယအကြိမ်မိမိကိုယ်တိုင်အမှန်ကြွလာတော်မူမည်လော။

        တမန်တော်တို့သည် ကြည့်ရှုလျက်နေကြစဉ် သခင်ဘုရားသည် အထက်သို့ ဆောင်ယူခြင်းကို ခံတော်မူ၌ မိုးတိမ်သည် ကိုယ်တော်ကို မျက်ကွယ်အောင်ခံယူလေ၏။ အိုဂါလိလဲလူတို့၊ အဘယ်ကြောင့် ကောင်းကင်သို့ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွာ၍ ကောင်းကင်သို့ ဆောင်ယူခြင်းကို ခံတော်မူသော ထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ကြွသွားတော် မူသည်နည်းတူ တစ်ဖန်ကြွလာတော်မူလတ္တံဟု ပြောဆို၏။ (တ၊ ၁း၉၊ ၁၁။ ဗျာ၊ ၁း၇။ ၁သက်၊ ၁း၁၀။)

၉။ သန့်ရှင်းသော ဝိညာဉ်တော်သည် ပုဂ္ဂိုလ်ဖြစ်သလော။

အဖြေ။ ဝိညာဉ်တော်နှင့် ဆိုင်သောအရာများကိုထောက်၍ ပုဂ္ဂိုလ်ဖြစ်သည်။ ထိုအရာများတို့မှာ - 

        - အသိပညာ၊ (၁ကော၊ ၂း၁၀၊ ၁၁။) 

        - အလိုဆန္ဒ၊ (၁ကော၊ ၁၂း၁၁။) 

        - စိတ်သဘော၊ (ရော ၈း၂၇။) 

        - မေတ္တာကရုဏာ၊ (ရော၊ ၁၅း၁၃။)

        - မိန့်တော်မူခြင်း၊ (ဗျာ၊ ၂း၇။)

         - သွန်သင်ခြင်း၊ (ယော၊ ၁၄း၂၆။) 

        - စောင့်မခြင်း၊ (ရော၊ ၈း၂၆) ဖြစ်ကြ၏။

မှတ်ချက်။ ဘုရားတစ်ဆူတည်း၌ အင်္ဂါများရှိ၍ ထိုအင်္ဂါအသီးသီးတို့သည် ပုဂ္ဂိုလ်များဖြစ်ကြောင်း ချင့်ချိန်၍ သော်လည်းကောင်း၊ တည့်တည့်သော်လည်းကောင်း သိရ၍ သက်သေအများ ကျမ်းစာ၌ရှိသည်။ သို့သော် လူတို့သည် ဘုရားသခင်အကြောင်းကို ကုန်စင်အောင်နားလည်ခြင်းငှါ မတတ်စွမ်းနိုင်။ (ယောဘ၊ ၁၁း၇-၉။)

၁၀။ ဘုရားသခင်ကိန်းဝပ်တော်မူရာဌာနတော် ဘယ်မှာ ရှိသနည်း။

        ကိုယ်တော်ကျွန်မှစ၍ ကိုယ်တော်၏ လူဣသရေလအမျိုးသားတို့သည် ဤအရပ်ဌာနေ၌ ဆုတောင်ပတ္ထနာပြုကြသောအခါ ကိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နားထောင်၍ အပြစ်မှလွှတ်တော်မူပါ။ (၃ရာ၊ ၈း၃၀။ ယော၊ ၂၈း၁၇။ ၆ရာ၊ ၃ဝး၂၇။ ဆာ၊ ၁၂၃း၁။)

၁၁။ ဘုရားသခင်ကိန်းဝပ်တော်မူရာဌာနအကြောင်း ယေဇကျလ အဘယ်သို့ ပြောထားသနည်း။

        သူတို့၏ခေါင်းများ အထက်မိုးမျက်နှာကြက်အပေါ်၌လည်း နီလာကျောက်ကဲ့သို့ အဆင်းအရောက်ရှိသော ရာဇပလ္လင်သဏ္ဌာန်ပေါ်၏။ ပလ္လင်သဏ္ဌာန်အပေါ်၌လည်း လူပုံသဏ္ဌာန်ကဲ့သို့ပေါ်၏။ ပလ္လင်အတွင်း၌ လည်းကောင်း၊ ပတ်လည်၌ လည်းကောင်း ခါးသဏ္ဌာန်မှသည် အထက်ပိုင်း၌ ဟရှမေလ ရွှေရောင်နှင့် မီးအရောင်ကဲ့သို့ ထင်ရှား၏။ အောက်ပိုင်း၌ မီးအရောင်ကဲ့သို့ ထင်ရှား၍ ပတ်လည်၌ထွန်းတောက်လေ၏။ ထိုသို့ထွန်းတောက်သောအရောင်သည် မိုးရွာနေသောနေ့တွင် မိုးတိမ်၌ ဘုန်းတော် သဏ္ဌာန်အဆင်းအရာင်းဖြစ်သတည်း။ ထိုဗျာဒိတ်ရူပါရုံကို ငါသည်မြင်သောအခါ ပျက်ဝပ်လျက်နေ၏။ တစ်ဦးသောသူကလည်း အချင်းလူသား၊ မတ်တတ်နေလော့။ သင့်အားငါပြောမည်ဟု ငါအား ဆိုသံကိုငါကြား၏။ (ယေဇ၊ ၁း၂၆။ ၂း၁၊ ၂။)

၁၂။ ဘုရားသခင်၏ ပလ္လင်တော်အကြောင်း ယောဟန်သည် ဗျာဒိတ်ကျမ်း မည်ကဲ့သို့ ရေးသနည်း။

        ထိုအခါ ဝိညာဉ်တော်ကို ငါသည် ချက်ချင်းခံရ၍ ကောင်းကင်ဘုံ၌ ပလ္လင်တစ်ခုတည်လျက်ရှိ၏။ ပလ္လင်ပေါ်မှာ ထိုင်သောသူ လည်းရှိ၏။ ထိုသူ၏ အဆင်းအရောင်သည် နဂါးသွဲ့ကျောက်၊ ပတ္တမြားကျောက်နှင့်တူ၏။ ပလ္လင်၏ ပတ်ဝန်းကျင်၌ကား၊ မြကျောက်အဆင်းအရောင်နှင့်တူသော သက်တံရှိ၏။ (ဗျာ၊ ၄း၂၊ ၃၊ ၉-၁၁။)

၁၃။ ဘုရားသခင်၏ ပလ္လင်တော်အကြောင်း ဟေရှာယသည် မည်ကဲ့သို့ ဗျာဒိတ်ခံရသနည်း။

        ဩဇိမင်းကြီး အနိစ္စရောက်သော နှစ်တွင် ထာ၀ရဘုရားသည် အလွန်မြင့်မြတ်သော ပလ္လင်ပေါ်မှာ ထိုင်တော်မူသည်ကို ငါမြင်ရ၏။ အဝတ်တော်တန်ဆာသည် ဗိမာန်တော်ကိုဖြည့်လေ၏။ ကောင်းကင်တမန်သရပ်တို့သည် ပလ္လင်တစ်ဖက်တစ်ချက်၌ရပ်နေကြ၏။ သူတို့သည် အတောင်ခြောက်ခုစီရှိ၍ အတောင်နှစ်ခုဖြင့် မျက်နှာကိုဖုံးလျက်၊ အတောင်နှစ်ခုဖြင့် ခြေတို့ကိုဖုံးလျက်၊ အတောင်နှစ်ခုဖြင့် ပျံတတ်ကြ၏။ သူတို့ကလည်း ကောင်းကင်ဗိုလ်ခြေအရှင်ထာ၀ရဘုရားသည် သန့်ရှင်းတော်မူ၏။ မြေကြီးလုံးသည် ဘုန်းတော်နှင့်ပြည့်လေ၏ဟု တစ်ပါးကို တစ်ပါးကြွေးကြော်၍ မြွက်ဆိုကြ၏။ ထိုသို့ကြွေကြော်သံကြောင့် တံခါးတိုင်တို့သည် လှုပ်ရှား၍ မီးခိုးနှင့် တစ်အိမ်လုံးပြည့်လေ၏။ (ဟေရှာ ၆း၁-၄။)

မှတ်ချက်။ ဘုရားသခင်သည် ခပ်သိမ်းသောအရာတို့၌ ကိန်းဝပ်တော်မူသည်မဟုတ်။ ကောင်းကင်ဘုံ၌ ကိုယ်တော်တိုင် ကိန်းဝပ်တော်မူကြောင်း သမ္မာကျမ်းစာအားဖြင့် ကျွန်ုပ်တို့သိရသည်။

၁၄။ မြေကြီးသစ်၌ဘုရားသခင်သည် မိမိပလ္လင်တော်ကိုဘယ်နေရာမျာ တည်မည်နည်း။

        နောက်တစ်ဖန်ကျိန်ခြင်းဘေးတစ်စုံတစ်ခုမျှမရှိ။ ထိုမြို့(ယေရုရှလင်မြို့အသစ်)၌ ဘုရားသခင်နှင့် သိုးသငယ်၏ ပလ္လင်တော်ရှိ၍ ဘုရားသခင်၏ ကျွန်တို့သည် ဘုရားဝတ်ကိုပြုကြလိမ့်မည်။ (ဗျာ၊ ၂၂း၃။ ၁၅။)

၁၅။ ရွေးနုတ်ခြင်းခံရသောသူတို့သည် ဘုရားသခင်ကိုမျက်မှောက် ထင်ထင်ဖူးမြင်ရကြလိမ့် မည်လော။

        ယခုတွင် ငါတို့သည် မှန်အားဖြင့် ရိပ်မိလျက်သာ နေကြ၏။ ထိုအခါမူကား၊ မျက်မှောက်ထင်ထင်မြင်ရကြလိမ့်မည်။ ယခုတွင် ငါအသိအမြင်မစုံမလင်ဖြစ်၏။ ထိုအခါမူကား၊ သူတစ်ပါးသည် ငါ့ကို သိသကဲ့သို့ ငါသိရလိမ့်မည်။ (၁ကော၊ ၁၃း၁၂။ မ၊ ၅း၈။ ဗျာ၊ ၂၂း၄။ ၁ယော၊ ၃း၂။)

မူလ မာတိကာသို့

No comments:

Post a Comment