အခန်း - ၈
ခရစ်တော်၏အထိမ်းအမှတ်များ
၁။ "ဘုရင်တို့၏ဘုရင်" ၏အချို့သောအခြေအနေတို့သည် အဘယ်သို့နည်း။
ငါသည်နူးညံ့သိမ်မွေ့ နှိမ့်ချသော စိတ်သဘောရှိ၏။ (မ၊ ၁၁း၂၉။)
ခရစ်တော်၏ နူးညံ့သိမ်မွေ့ ဖြည်းညင်းတော်မူခြင်း။ (၂ကော၊ ၁ဝး၁။)
၂။ ကိုယ်တော်သည်ဘယ်မျှလောက်နှိမ့်ချတော်မူသနည်း။
အသေခံခြင်းသာမဟုတ်၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်း တိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ်နှိမ့်ချတော်မူ၏။ (ဖိ၊ ၂း၈။)
၃။ မြေကြီးပေါ်မှာမှီနေစဉ်အခါ ကိုယ်တော်သည် မိမိအလုပ်၌ စိတ်နှိမ့်ချခြင်းကို ဘယ်ကဲ့သို့ပြသနည်း။
သို့သော်လည်း ငါသည်သင်တို့တွင် လုပ်ကျွေးသောသူ ကဲ့သို့ ဖြစ်၏။ (လု၊ ၂၂း၂၇။)
၄။ ကိုယ်တော်သည် ဤကမ္ဘာပေါ်သို့အဘယ်ကြောင့် ဆင်းသက်တော်မူသနည်း။
သူတစ်ပါးအစေကိုခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှာလည်းကောင်း ကြွလာသည်။ (မ၊ ၂ဝး၂၈။)
နှိမ့်ချခြင်းမင်္ဂလာ
၅။ ဘုရင်တို့၏ဘုရင်သည် မိမိအစေခံတို့အား ဘာနှိမ့်ချခြင်းအလုပ်ကို လုပ်ခဲ့တော်မူသနည်း။
စားပွဲမှထ၍ ဝတ်ရုံတော်ကိုချွတ်ပြီးလျွင် ပဝါကိုယူ၍ ခါးကိုစည်းတော်မူ၏။ ထိုနောက်မှရေကိုအင်တုံ၌လောင်း၍ တပည့်တော်တို့၏ခြေကို ဆေးပြီးမှ ခါးစည်းသောပဝါနှင့် သုတ်တော်မူ၏။ (ယော၊ ၁၃း၄၊ ၅။)
၆။ ကိုယ်တော်နှင့်ဆက်ဆံခြင်းငှာ ကိုယ်စိတ်ကိုနှိမ့်ချရမည်အကြောင်း ပေတရုအား ဘယ်ကဲ့သို့ ဆုံးမသွန်သင်တော်မူသနည်း။
ပေတရုကလည်း၊ ကိုယ်တော်သည် အကျွန်ုပ်၏ခြေကို အလျှင်းဆေးတော်မမူရဟု လျှောက်၏။ ယေရှုကလည်း၊ သင့်ကိုငါမဆေးရလျှင် သင်သည် ငါနှင့်မဆက်ဆံရဟု မိန့်တော်မူ၏။ (ယော၊ ၁၃း၈။)
၇။ ဤနှိမ့်ချခြင်းဥပမာကို ကျွန်ုပ်တို့သည်ယုံကြည်ဖို့သာမဟုတ် ပြုလုပ်ဖို့လည်း ဖြစ်သလော။
ငါသည်သခင်ဖြစ်လျက်၊ အရှင်ဘုရားလည်း ဖြစ်လျက်နှင့်သင်တို့၏ခြေကိုဆေးလျှင် သင်တို့သည်အချင်းချင်းတို့၏ ခြေကိုဆေးရကြမည်။ (ယော၊ ၁၃း၁၄။)
၈။ ကျွန်ုပ်တို့ပြုလုပ်ဖို့ရန် ဤနှိမ့်ချခြင်းဖြင့် ခရစ်တော်သည်ပုံသက်သေပေးသလော။
ငါသည်သင်တို့၌ပြုသကဲ့သို့ သင်တို့သည်ပြုစေခြင်းငှာ ပုံသက်သေကိုပြခဲ့ပြီ။ (ယော၊ ၁၃း၁၅။)
၉။ ဤမျှလောက်နှိမ့်ချခြင်းသည် ကိုယ်တော်၏ ကျွန်တော်များနှင့်တော်သင့်သလော။
ငါအမှန်အကန်ဆိုသည်ကား၊ ကျွန်သည်သခင်ထက်သာ၍ ကြီးမြတ်သည်မဟုတ်၊ တမန်သည်လည်း စေလွှတ်သောသူ ထက်သာ၍ ကြီးမြတ်သည် မဟုတ်။ (ယော၊ ၁၃း၁၆။)
၁၀။ ဤကဲ့သို့ပြုကြလျှင် ဝမ်းနည်းခြင်းဖြစ်မည်လော။
ဤအရာများကိုသင်တို့သိ၍ သိသည်အတိုင်းကျင့်လျှင် မင်္ဂလာရှိကြ၏။ (ယော၊ ၁၃း၁၇။)
ပွဲတော်မင်္ဂလာ
၁၁။ အပ်နှံခြင်းခံမည့်ညတွင် ကိုယ်တော်သည် မည်ကဲ့သို့စီရင်ထုံးဖွဲ့သော မင်္ဂလာများထားခဲ့သနည်း။
အကြောင်းမူကား၊ သင်တို့၌ငါအပ်ပေးသော အရာကို သခင်ဘုရားထံ၌ ငါခံရပြီ။ ခံရသောအရာဟူမူကား၊ သခင်ယေရှုသည် ရန်သူလက်သို့ အပ်နှံခြင်းကိုခံသော နေ့ညမှာမုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ ဤမုန့်ကား သင်တို့အဖို့အလိုငှာ ချိုးဖဲ့သောငါ၏ကိုယ် ဖြစ်၏။ ယူ၍စားကြလော့၊ ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ပြုကြလော့ ဟုမိန့်တော်မူ၏။ ထိုနည်းတူ၊ ညစာစားပြီးမှ ခွက်ကိုလည်းယူ၍ ဤခွက်ကားငါ၏အသွေး၌တည်သော ပဋိညာဉ်တရားသစ်ဖြစ်၏။ ဤခွက်ကိုသောက်သောအခါခါ၊ ငါ့ကိုအောက်မေ့ဖို့ရာ သောက်ကြလော့ ဟုမိန့်တော်မူ၏။ (၁ကော၊ ၁၁း၂၃-၂၅။)
၁၂။ မုန့်နှင့်စပျစ်ရည်တို့သည် အထိမ်းအမှတ်များကဲ့သို့ ခံယူအပ်ကြသလော။
ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ပြုကြလော့။ (ငယ်၊ ၂၄။)
ငါ့ကိုအောက်မေ့ဖို့ရာ သောက်ကြလော့။ (ငယ်၊ ၂၅။)
၁၃။ မုန့်နှင့်စပျစ်ရည်တို့သည် အဘယ်အရာကိုအထိမ်းအမှတ်ဖြစ်စေသနည်း။
အကြောင်းမူကား၊ သင်တို့သည် ထိုမုန့်ကိုစား၍ ထိုခွက်ကို သောက်သောအခါခါ ၊ သခင်ဘုရားအသေခံတော်မူခြင်းကိုပြ ကြ၏။ (ငယ်၊ ၂၆။)
၁၄။ ဤပွဲတော်မင်္ဂလာသည် ဘယ်ကာလတိုင်အောင်ပြုရမည်နည်း။
ကြွလာတော်မမူမီတိုင်အောင်။ (ငယ်၊ ၂၆။)
၁၅။ မထိုက်မတန်စားသောက်သောသူသည် ဘယ်အရာကိုပြစ်မှားရာရောက်သနည်း။
ထိုကြောင့်၊ သခင်ဘုရား၏ မုန့်နှင့်ခွက်ကိုမထိုက်မတန်ဘဲ စားသောက်သောသူ မည်သည်ကား၊ သခင်ဘုရား၏ကိုယ်တော်နှင့်အသွေးတော်ကို ပြစ်မှားရာရောက်၏။ (ငယ်၊ ၂၇။)
၁၆။ အဘယ်သို့ မထိုက်မတန်ပြုသနည်း။
အကြောင်းမူကား၊ မထိုက်မတန်ဘဲ စားသောက်သောသူသည် သခင်ဘုရား၏ ကိုယ်တော်ကို ပိုင်းခြား၍ မသိသောကြောင့် မိမိအပေါ်သို့ အပြစ်ရောက်စေခြင်းငှာ စားသောက်သောသူဖြစ်၏။ (ငယ်၊ ၂၉။)
၁၇။ အပြစ်မရောက်စေခြင်းငှာ လူသည်အဘယ်သူကို စစ်ကြောရမည်နည်း။
သို့ဖြစ်၍ လူတိုင်းကိုယ်ကိုကိုယ်စစ်ကြောပြီးမှ မုန့်ကိုစားစေ။ ထိုနည်းတူခွက်ကိုလည်း သောက်စေ။ (ငယ်၊ ၂၈။) စစ်ကြောစီရင်တော်မူခြင်းကို ခံရကြသောအခါ လောကသားတို့နှင့်အတူ အပြစ်စီရင်ခြင်းနှင့်ကင်းလွတ်မည်အကြောင်း ဆုံးမတော်မူခြင်းကို ခံရကြ၏။ (ငယ်၊ ၃၂။)
No comments:
Post a Comment