အခန်း -၅၃
လူကိုကိုးကွယ်ခြင်း
၁။ ပညတ်တော် ၁၀ ပါးတွင် အဘယ်ပညတ်သည် ပထမပညတ်ဖြစ်သနည်း။
ထိုအခါ ဘုရားသခင်မိန့်တော်မူသောစကားဟူမူကား၊ ထာ၀ရဘုရားကိုကိုးကွယ်ရမည်။ (ထွက်၊ ၂ဝး၁၊ ၃။)
၂။ ထာ၀ရဘုရားမှတစ်ပါးအခြားသောသူကိုကိုးကွယ်ရန် စုံစမ်းခြင်းကိုခံရသောအခါ ယေရှုက အဘယ်သို့ပြန်၍ မိန့်တော်မူသနည်း။
သင်၏ဘုရားသခင်ထာ၀ရဘုရားကို ကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည် ကျမ်းစာလာသည်။ (မ၊ ၄း၁၀။)
၃။ ခရစ်ယာန်တို့သည် ဤလောကတွင်ရှိသော အစိုးရမင်းတို့နှင့် အဘယ်သို့ဆိုင်သနည်း။
အစိုးရသောမင်းအာဏာစက်၏ အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ။ လူအသီးသီးခံထိုက်သည် အတိုင်းပေးကြလော့။ အခွန်ကို ခံထိုက်သောသူအား အခွန်ကိုလည်းကောင်း၊ အကောက်ကိုခံထိုက်သောသူအား အကောက်ကိုလည်းကောင်း ပေးကြလော့။ ကြောက်ထိုက်သောသူကို ကြောက်ကြလော့။ ရိုသေထိုက်သောသူကို ရိုသေကြလော့။ (ရော၊ ၁၃း၁၊ ၇။ လု၊ ၂ဝး၂၅။ ၁ပေ၊ ၂း၁၃၊ ၁၇။)
၄။ တစ်စုံတစ်ယောက်သောသူသည် ဘုရားသခင်၏ အမိန့်တော်စကားကို မလိုက်ဘဲ ကိုယ့်စကားတို့ကိုသာ နားထောင်လျှင် အဘယ်သို့ ပြုအပ်သနည်း။
လူ၏စကားထက် ဘုရားသခင်၏ စကားတော်ကို နားထောင်သင့်ပါ၏။ (တ၊ ၅း၂၉။ ယောရှု၊ ၂၄း၁၅။)
၅။ သမ္မာကျမ်းစာမှာ ဖော်ပြထားသောသူတစ်ဦးသည် မိမိကိုကိုးကွယ်ရန် အဘယ်သို့ပြုလုပ်မည်နည်း။
ထိုသူသည် ဘုရားသခင်ဟူ၍ လည်းကောင်း၊ ဘုရားဟူ၍လည်းကောင်း ခေါ်ဝေါ်သမျှသော အရာတို့ကို ရန်ဘက်ပြု၍ ကိုယ့်ကိုကိုယ်ချီးမြှောက်သောအားဖြင့် ဘုရားသခင်၏ ဗိမာန်တော်၌ ဘုရားသခင်ကဲ့သို့ထိုင်၍ ဘုရားသခင် ဖြစ်ယောင်ဆောင်လျက် ကိုယ်ကိုပြသောသူ ဖြစ်သတည်း။ ( ၂သက်၊ ၂း၄။)
၆။ ဤအာဏာစက်ကို အဘယ်သို့သမုတ်သနည်း။
အပြစ်သားတည်းဟူသော ပျက်စီးခြင်း၏သား။ ( ၂သက်၊ ၂း၃။)
၇။ စိတ်နှိမ့်ချအပ်သောအကြောင်းကို ယေရှုသည်အဘယ်သို့ သွန်သင်တော်မူသနည်း။
သင်တို့မူကား၊ ဘုရားသခင်ဟု ခေါ်ဝေါ်ခြင်းကို မခံကြနှင့်။ ခရစ်တော်တည်းဟူသော သင်တို့ဥပဇ္စျာယ်ဆရာတစ်ပါးတည်းရှိ၏။ သင်တို့အပေါင်းသည် ညီအစ်ကိုချင်းဖြစ်ကြ၏။ မြေကြီးပေါ်မှာ အဘယ်သူကိုမျှ အဘဟူ၍ မခေါ်ဝေါ်ကြနှင့်။ ကောင်းကင်ဘုံ၌ သင်တို့အဘတစ်ပါးတည်း ရှိတော်မူ၏။ ဥပဇ္စျာယ်ဆရာဟုခေါ်ဝေါ်ခြင်းကို မခံကြနှင့်။ ခရစ်တော်တည်းဟူသော သင်တို့ဥပဇ္စျာယ်ဆရာတစ်ပါးတည်းရှိ၏။ (မ၊ ၂၃း၈-၁၀။)
၈။ ကောင်းကင်တမန်တို့ကို ကိုးကွယ်ဦးချအပ်သလော။
ငါယောဟန်သည် ဤအရာများကိုကြားမြင်၏။ ကြားမြင်ပြီးလျှင် ထိုအရာများကိုပြသော ကောင်းကင်တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှာ ပျပ်ဝပ်၏။ သူကလည်းမပြုပါနှင့်။ ဘုရားသခင်ကိုကိုးကွယ်လော့။ (ဗျာ၊ ၂၂း၈၊၉။ ၁၉း၁၀။)
၉။ ကောင်းကင်တမန်များနှင့် နှိုင်းယှဉ်လျှင် လူ၏အခြေအနေသည် အဘယ်သို့နည်း။
လူသည် အဘယ်သို့သော သူဖြစ်၍ ကိုယ်တော်သည်အောက်မေ့တော်မူရသနည်း။ သူ့ကိုကောင်းကင်တမန်တို့အောက်၌ အနည်းငယ် နှိမ့်တော်မူပြီ။ (ဟေဗြဲ၊ ၂း၆၊၇။)
၁၀။ တမန်တော်တို့သည် မိမိတို့ကို ကိုးကွယ်ရန် အခွင့်ပေးကြသလော။
တမန်တော်ဗာနဗနှင့်ပေါလုတိ့သည် သတင်းကြားလျှင် မိမိတို့အဝတ်ကိုဆုတ်၍ လူစုထဲသို့ပြေးဝင်လျက် အချင်းလူတို့၊ အဘယ်ကြောင့် ဤသို့ပြုကြသနည်း။ ငါတို့သည် သင်တို့ကဲ့သို့ လောကဓံတရား၌ ကျင်လည်သောသူဖြစ်ပါ၏။ သင်တို့သည် ဤအချည်းနှီးသော အရာတို့ကို ပယ်ကြ၍ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာမှစ၍ အရပ်ရပ်တို့၌ရှိလေသမျှတို့ကို ဖန်ဆင်းတော်မူ၍ အသက်ရှင်တော်မူသော ဘုရားသခင်ထံတော်သို့ပြောင်းလဲရကြမည်အကြောင်း ငါတို့သည် ဧဝံဂေလိတရားကို ဟောပြောကြ၏။ (တ၊ ၁၄း၁၄၊၁၅။)
၁၁။ ဘုရင်တစ်ပါးသည် မိမိကိုကိုးကွယ်ရန် အခွင့်ပြုသောကြောင့် ဘုရားသခင်သည် နှစ်သက်တော်မမူကြောင်း အဘယ်သို့ ထင်ရှားသနည်း။
ဟေရုဒ်မင်းသည်လည်း ချိန်ချက်သောနေ့၌ မင်းမြှောက်တန်ဆာကို ဝတ်ဆင်၍ ပလ္လင်တော်ပေါ်မှာ ထိုင်လျက်၊ ထိုသူတို့အား မိန့်တော်မူ၏။ လူများတို့က ဤအသံသည် လူ၏အသံမဟုတ်၊ ဘုရားသခင်၏အသံဖြစ်၏ဟု ကြွေးကြော်ကြသည်ရှိသော်၊ ထိုမင်းကြီးသည် ဘုရားသခင်၏ ဂုဏ်အသရေကို မထောက်ထားသောကြောင့် ထိုခဏချင်းတွင် ထာ၀ရဘုရား၏ ကောင်းကင်တမန်သည် ဒဏ်ခတ်၍။ (တ၊ ၁၂း၂၁-၂၃။)
၁၂။ လူကိုကိုးကွယ်ဖို့ရန် ဗာဗုလုန်နိုင်ငံ၌ ဘာအမိန့်ထုတ်သနည်း။
ကိုယ်တော်မြတ်မှတစ်ပါး အခြားသော လူကိုဖြစ်စေ၊ ဘုရားကိုဖြစ်စေ အရက်သုံးဆယ်အတွင်းတွင် ဆုတောင်းသောသူ မည်သည်ကို ခြင်္သေ့လှောင်သောတွင်းထဲသို့ ချပစ်ရမည်။ (ဒံ၊ ၆း၇။)
၁၃။ ၎င်းအမိန့်ထုတ်ကြောင်းကို သိသော်လည်း ဒံယေလဘာလုပ်သနည်း။
အမိန့်တော်ထုတ်၍ တံဆိပ်ခတ်ကြောင်းကို ဒံယေလသည်ကြားသိသော်လည်း မိမိအိမ်သို့သွား၍ ယေရုရှလင်မြို့သို့ မျက်နှာပြုရာအထက်ခန်း ပြတင်းပေါက်ပွင့်လျက်ပင် အထက်ပြုလေ့ရှိသည်အတိုင်း တစ်နေ့သုံးကြိမ်ဒူးထောက်လျက် ဘုရားသခင်ကို ဆုတောင်း၍ ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းလေ၏။ (ဒံ၊ ၆း၁၀။)
၁၄။ အကောင်းဆုံး၊ အမြတ်ဆုံးကိုးကွယ်ခြင်းမျိုးသည် အဘယ်သို့နည်း။
သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်းကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏ အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ (မ၊ ၇း၂၁။၁၅း၉။ ၁ယော၊ ၂း၁၄။)
No comments:
Post a Comment