အခန်း - ၆၇
အသရေပျက်အောင် ပြောဆိုခြင်း
၁။ သန့်ရှင်းသောဝိညာဉ်တော်ကို ဘယ်အရာအားဖြင့် စိတ်နာစေသနည်း။
ရွေးနုတ်ခြင်းနေ့ရက်တိုင်အောင် သင်တို့ကို တံဆိပ်ခတ်တော်မူသော ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ်တော်ကို စိတ်မနေစေကြနှင့်၊ ခပ်သိမ်းသော စိတ်တိုခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငေါ်ခြင်း၊ သူ့အသေရေပျက်အောင် ပြောဆိုခြင်းတို့ကိုလည်းကောင်း၊ ခပ်သိမ်းသော မနာလိုခြင်းကို လည်းကောင်း သင်တို့မှပယ်ရှားကြလော့။ (ဧ၊ ၄း၃၀၊ ၃၁။)
၂။ ကျွန်ုပ်တို့သည် ဘယ်အပြစ်ကို ပျင်းရိခြင်းနှင့်တကွတွေ့တတ်ကြသနည်း။
ထိုမှတစ်ပါး တစ်အိမ်မှ တစ်အိမ်သို့လည်၍ ပျင်းရိတတ်ကြ၏။ ပျင်းရိသည်သာမက စကားများ၍ မပြောအပ်သောအရာကိုပြောသဖြင့် ကိုယ်နှင့်မဆိုင်သော အမှု၌ ရောနှောသောသူဖြစ်တတ်ကြ၏။ (၁တိ၊ ၅း၁၃။)
၃။ ဝမ်းမြောက်ခြင်းနှင့် အသက်ရှင်စေခြင်းရဖို့ရန် ဘာလုပ်ရမည်နည်း။
ကောင်းမွန်သောအရာကို တွေ့မြင်မည်အကြောင်း အသက်ရှင်ခြင်းနှင့်တကွ နေ့ရက်ကာလကို တောင့်တလိုချင်သောသူမည်သည်ကား ကိုယ်လျှာကို မကောင်းသောအရာနှင့် ကင်းစေလော့။ နှုတ်ခမ်းလည်း မုသားစကားကို မပြောစေနှင့်။ (ဆာ၊ ၃၄း၁၂၊ ၁၃။)
၄။ သူ့အသရေပျက်သော သတင်းကိုကြားပြောသူ အကြောင်း ဘုရားသခင်အဘယ်သို့ မိန့်တော်မူသနည်း။
သူ့အသရေပျက်သော သတင်းကိုကြားပြောခြင်းငှါ ကိုယ်အမျိုးသားချင်းတို့တွင် မလှည့်လည်ရ၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို သေစေခြင်းငှါ မကြံစည်ရ။ ငါသည်ထာ၀ရဘုရားဖြစ်၏။ (ဝတ်၊ ၁၉း၁၆။)
၅။ ရန်ကို အဘယ်သို့ရှောင်နိုင်သနည်း။
ထင်းမရှိလျှင် မီးသေတတ်သကဲ့သို့ ကုန်းတိုက်သောသူမရှိလျှင် ရန်ငြိမ်းတတ်၏။ (သု၊ ၂၆း၂၀။)
၆။ ဘုရားသခင်အထံတော်၌ ဘယ်သူနေနိုင်မည်နည်း။
သူတစ်ပါး၏အသရေကိုပျက်စေခြင်းငှါ ပြောဆိုခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ အကျိုးကိုပြစ်မှားခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သောသူကိုလည်း ကဲ့ရဲ့ခြင်းကို ရှောင်ထသော။ (ဆာ၊ ၁၅း၁-၃။၂၄း၃၊၄။)
၇။ သူ့အသရေရှုတ်ချသောသူ၌ ဘာသဘောရှိသနည်း။
အငြိုးဖွဲ့သောသဘောကို မုသားနှုတ်ခမ်းဖြင့် ဖုံးထားသောသူ၊ သူ့အသရေပျက်အောင်ပြောတတ်သောသူသည် မိုက်သောသဘောရှိ၏။ (သု၊ ၁ဝး၁၈။)
၈။ စုံလင်သောသူ၌ဘာလက္ခဏာရှိသနည်း။
ငါတို့ရှိသမျှသည် အများသောအားဖြင့် မှားတတ်ကြ၏။ စကားအားဖြင့် မှားခြင်းမရှိသောသူ မည်သည်ကား စုံလင်သောသူဖြစ်၏။ မိမိကိုယ်တစ်ကိုယ်လုံးကို ချုပ်တည်းနိုင်သောသူ ဖြစ်၏။ (ယာ၊ ၃း၂။)
၉။ လျှာကိုဘယ်အရာနှင့် ပုံခိုင်းသနည်း။
လျှာသည် မီးဖြစ်၏။ အပြစ်၏လောကဓါတ်လည်းဖြစ်၏။ ထိုသို့နှင့်အညီ လျှာသည် ငါတို့၏ အင်္ဂါတို့တွင်တည်၍ တစ်ကိုယ်လုံးကို ညစ်ညူးစေ၏။ ဇာတိစက်ကိုလည်းရှို့တတ်၏။ မိမိသည်လည်း ငရဲမီးရှို့ခြင်းကို ခံလျက်ရှိ၏။ (ယာ၊ ၃း၆။)
၁၀။ ကောင်းကင်တမန်တို့သည် ကဲ့ရဲ့စွာသောအပြစ်တင်ခြင်းကို ပြုတတ်ကြသလော။
ကောင်းကင်တမန်တို့မူကား သူတို့ထက်ခွန်အားတန်ခိုးကြီးသော်လည်း ထာ၀ရဘုရားရှေ့တော်၌ သူတို့အား ကဲ့ရဲ့စွာသော ပြစ်တင်ခြင်းကို မပြုကြ။ (၂ပေ၊ ၂း၁၁။)
၁၁။ ကဲ့ရဲ့ခြင်းခံရသောအခါ ကျွန်ုပ်တို့သည် အဘယ်ကဲ့သို့ပြုအပ်ကြသနည်း။
သင်တို့သည်ကောင်းချီးမင်္ဂလာကိုအမွေခံစေခြင်း အလိုငှါ ခေါ်တော်မူသော သူဖြစ်သည်ဟု သိမှတ်၍ အချင်းချင်းရန်တုံ့မမူ၊ ပြန်၍ မကဲ့ရဲ့၊ မေတ္တာပို့ခြင်းကို ပြုကြလော့။ (၁ပေ၊ ၃း၉။)
၁၂။ ကိုယ်၌ပညာရှိကြောင်း မည်ကဲ့သို့ပြုနိုင်သနည်း။
စကားများသောအားဖြင့် အပြစ်ပါတတ်၏။ မိမိနှုတ်ကိုချုပ်တည်းသော သူမူကား ပညာရှိ၏။ (သု၊ ၁ဝး၉။)
၁၃။ တရားစီရင်တော်မူသောနေ့၌ ကျွန်ုပ်တို့သည်ဘယ်အရာအတွက် စစ်ကြောခြင်းကို ခံရမည်နည်း။
ငါဆိုသည်ကား လူတို့သည် အကျိုးမဲ့သော စကားကိုပြောသမျှအတွက် တရားဆုံးဖြတ်သောနေ့၌ စစ်ကြောခြင်းကို ခံရကြလတ္တံ့ ။ (မ၊ ၁၂း၃၆။)
၁၄။ ကျမ်းစာ၌မည်ကဲ့သို့စကားပြောခြင်းမျိုးများကို မြစ်တားသနည်း။
မတရားသောမေထုန်၌မှီဝဲခြင်း၊ အမျိုးမျိုးသော ကိလေသာညစ်ညူးခြင်း၊ လောကလွန်ကျူးခြင်းအမှုတို့ကို သန့်ရှင်းသူတို့သည် ရှောင်သင့်သည်အတိုင်း စကားဖြင့်မျှမဆက်ဆံကြနှင့်။ မတော်မလျော်သောညစ်ညူးပျက်ပြယ်ပြယ်ရယ်သော စကားများကို ပယ်၍။ (ဧ၊ ၅း၃၊ ၄။)
၁၅။ ထိုကြောင့် ဘယ်သဘောမျိုးနှင့်စကားပြောအပ်ကြသနည်း။
ကျေးဇူးတော် ချီးမွမ်းခြင်းစကားကို သုံးကြလော့။ ဆာလံသီချင်းမှစသော ဓမ္မသီချင်းအမျိုးမျိုးတို့ကိုအချင်းချင်းပြောဆိုဖတ်ရွတ်၍ နူးညွတ်သော စိတ်နှလုံးနှင့်သခင်ဘုရားရှေ့တော်၌ ကျူးအေး၍ သီချင်းဆိုကြလော့။ ခပ်သိမ်းသောအရာတို့၌ ကျေးဇူးတော်ကြီးလှပါ၏ဟု ငါတို့သခင်ယေရှုခရစ်၏ နာမတော်ကိုထောက်၍ ခမည်းတော်ဘုရားသခင့်ရှေ့၊ ကာလအစဉ်မပြတ်ဝန်ခံကြလော့။ (ဧ၊ ၅း၄၊ ၁၉၊ ၂၀။ ကော၊ ၄း၆။)
၁၆။ ကျွန်ုပ်သည် နေ့စဉ်အဘယ်သို့ဆုတောင်းရမည်နည်း။
အကျွန်ုပ်ပြုသောစကားနှင့် စိတ်နှလုံး၏ အကြံအစည်သည် ရှေ့တော်၌ နှစ်သက်ဖွယ်ဖြစ်ပါစေသော။ အိုထာ၀ရဘုရား၊ အကျွန်ုပ်ကျောက်၊ အကျွန်ုပ်ကို ရွေးနုတ်တော်မူသောဘုရား။ (ဆာ၊ ၁၉း၁၄။)
ဤကျမ်းချက်များကိုလည်းဖတ်ပါဦး။(သု၊ ၂၅း၁၃။ ၂၉း၁၃။ ၂၉း၂၀။ ၁၇း၂၇။ ၂ကော၊ ၁၂း၂၀။ ဖိ၊ ၄း၈။)
No comments:
Post a Comment