Wednesday, December 3, 2025

ခရစ္စမတ်ပွဲတော် (ကျင်းပရန် လမ်းညွှန်)-ရေးသားသူ -Ellen G White

 


အားလပ်သောနေ့အဖြစ်ခရစ္စမတ်ပွဲတော် – ကမ္ဘာ၏အရှေ့ ဘက်ဆီမှအနောက်ဘက်ဆီသို့လည်းကောင်း၊ မြောက်ဘက်ဆီမှတောင်ဘက်
ဆီသို့လည်းကောင်း "ခရစ္စမတ်ရောက်တော့မည်" ဆိုသောကြွေးကြော်သံ
သည် ကမ္ဘာတစ်ဝန်းလုံးသို့ဂယက်ရိုက်သွားသည်။ လူငယ်လူရွယ်များ၊
အရွယ်ရောက်၍ လူ့လားမြောက်ပြီးသောသူများနှင့် သက်ရွယ်ကြီးရင့်သောသူတို့ပင် ခရစ္စမတ်အခါတော်သည် ရွှင်လန်းဝမ်းမြောက်ဖွယ်သောအချိန်ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာအာရုံဆွဲဆောင်မှုသည် ဤမျှလောက်ရှိရလောက်အောင် ခရစ္စမတ်ဆိုသည်မှာဘာနည်း။
ဒီဇင်ဘာလနှစ်ဆယ့်ငါးရက်နေ့သည် ခရစ်တော်ယေရှု၏မွေးနေ့ဟူ၍ သဘောထားကြသည်။ ၎င်းနေ့ရက်စောင့်ထိန်းခြင်းသည် ထုံးစံအနေဖြင့်
လူကြိုက်များလာခဲ့သည်။ သို့ရာတွင်၎င်းနေ့သည် ကျွန်ုပ်တိုကယ်တင်ရှင် ၏မွေးနေ့အစစ်အမှန်ပါဟူ၍ အဘယ်သူကမျှအတပ်မပြောနိုင်ပေ။ သမိုင်းမှတ်တမ်းများကလည်း ၎င်းနေ့ရက်သည် ကယ်တင်ရှင်၏မွေးနေ့ဟူ၍အတိအကျပြောထားခြင်းမရှိပေ။ ကျမ်းစာကလည်း ခရစ်တော်မွေးနေ့ကိုတိကျစွာပြောမထားပေ။ ဤမွေးနေ့သည် ကျွန်ုပ်တို့၏ ကယ်တင်ခြင်းအတွက်လိုအပ်သည်ဟု ကယ်တင်ရှင်ကယူဆခဲ့လျှင် ၎င်းကိစ္စနှင့်ပတ်သက်၍အလုံးစုံကိုကျွန်ုပ်တို့သိရှိရန် ဘုရားသခင်သည် ကိုယ်တော်ရှင်၏ပုရောဖက်များနှင့်တမန်တော်များမှတစ်ဆင့် မိန့်တော်မူခဲ့ပေမည်။ သို့ရာတွင် ဤကိစ္စနှင့်ပတ်သက်၍ ကျမ်းစာကနှုတ်ပိတ်ထားခြင်းက ပညာသားအပါဆုံးရည်စူးချက်များအတွက် ၎င်းကိစ္စကိုကျွန်ုပ်တို့အားမပြောဘဲထားရှိသည့်အကြောင်းလယ်ပြင်မှာဆင်သွားသကဲ့သို့ ထင်ရှားလှသည်။

ကိုယ်တော်ရှင်၏ရွှေဥာဏ်တော်အရ မောရှေ၏အလောင်းအားသင်္ဂြိုဟ် ထားသောနေရာကို ဘုရားသခင်သည် လျှို့ဝှက်ထားတော်မူသည်။
ဘုရားသခင်ကိုယ်တော်တိုင် မောရှေ၏အလောင်းကိုမြှုပ်နှံသင်္ဂြိုဟ်ထားတော်မူ၍ သူ့အားထမြောက်ရှင်ပြန်စေတော်မူပြီးသည်နောက် ကောင်းကင်သို့ယူဆောင်သွားတော်မူလေသည်။ ၎င်းကဲ့သို့လျှို့ဝှက်ထားခြင်းမှာ မောရှေအားရုပ်တုပြုလုပ်၍ကိုးကွယ်လိုသည့်အမှုကို ကာကွယ်တားဆီးရန်ဖြစ်သည်။

အသက်ရှင်စဉ်တွင် အမှုတော်ကိုထမ်းဆောင်နေချိန်၌ သူတို့တော်လှန်ပုန်ကန်ခဲ့သောမောရှေ၊ လူသားအနေဖြင့်သည်းခံ၍မရနိုင်လောက်အောင် သူ့အမျက်ဒေါသကို သူတို့၏အဆွေခံခဲ့ရသောမောရှေသည် သေခြင်းအားဖြင့် သူတို့နှင့်ခွဲခွာသွားသောအခါ သူ့အားဘုရားတစ်ဆူဂူတစ်လုံးကဲ့သို့ သူတို့ကိုးကွယ်လုမတတ်အချိန်သို့ရောက်ရှိခဲ့သည်။ ၎င်းရည်စူးချက်မျိုးအတွက် ဘုရားသခင်သည် ခရစ်တော်၏မွေးနေ့အတိအကျကိုလျှို့ဝှက်ထားတော်မူလေသည်။

ကမ္ဘာ့ကယ်တင်ရှင်အနေဖြင့် ခရစ်တော်ကိုယ်တော်တိုင်းအားဂုဏ်ပြုမည့်အစား ကိုယ်တော်ရှင်၏မွေးနေ့ကိုဂုဏ်ပြုချီးကျူးခြင်းမျိုးကို ကာကွယ်တားဆီးရန် ဖြစ်သည်။ ကိုယ်တော်ရှင်၏အထံတော်သို့ချဉ်းကပ်သောသူအားလုံးတို့အား အစဉ်ကယ်တင်ခြင်းငှာတတ်နိုင်တော်မူသောအရှင်အနေဖြင့် ကိုယ်တော်ကို သာလျှင်လက်ခံကြရမည်။ ယုံကြည်ကိုးစားရမည်ဖြစ်သည်။ တန်ခိုးရှင်၏ သားတော်အနေဖြင့် ယေရှုရှင်ကိုရိုသေလေးစားဝတ်ပြုကြရမည်ဖြစ်သည်။

ခရစ္စမတ်နေ့ကိုလျစ်လျူမရှုသင့် - ဒီဇင်ဘာလနှစ်ဆယ့်ငါးရက်နေ့ကို ခရစ်တော်ဖွားမြင်တော်မူခြင်ကို အမှတ်တရနေ့အနေဖြင့် စောင့်ထိန်း
ကြသော်လည်းကောင်း၊ ပညတ်အားဖြင့်ဖြစ်စေ၊ ပုံသက်သေအားဖြင့်ဖြစ်စေ၎င်းနေ့သည် ဝမ်းမြောက်ရွှင်လန်းရမည့်နေ့တကယ်အမှန်ဖြစ်ကြောင်းဖြင့်သားသမီးတို့အားသွန်သင်ထားရှိမှုတို့ကြောင့်လည်းကောင်း၊ ၎င်းနေ့ကိုအာရုံမပြုဘဲလျစ်လျူရှုရန်ခဲယဉ်းသည်ကိုလည်းကောင်း သင်တို့တွေ့ရှိကြရမည်။
၎င်းနေ့ကိုကောင်းသောရည်စူးချက်တစ်ခု အကောင်အထည်ဖော်ရန်အတွက်အသုံးပြုနိုင်သည်။
လူငယ်လူရွယ်တို့အား ဂရုတစိုက်ဆက်ဆံကိုင်တွယ်သင့်ပေသည်။
ဝါကြွားခြင်း၊ အပျော်အပါးလိုက်စားခြင်းနှင့် သူတို့၏ဝိညာဉ်ရေးကိုထိခိုက် ပျက်စီးစေမည့် ပျော်ပွဲရွှင်ပွဲများပြုလုပ်ခြင်းအားဖြင့် ၎င်းနေ့ကိုသူ့စိတ်တိုင်းကျကျင်းပခွင့်ကို သားသမီးတို့အားပေးမထားသင့်ပေ။ သားသမီးတို့၏စိတ်နှလုံးများနှင့်ပေးကမ်းလှူဒါန်းသောအရာဝတ္ထုများကို ဘုရားသခင်နှင့်ကိုယ်တော်ရှင်၏အမှုတော်အပြင် ဝိညာဉ်များကယ်တင်ရေးဘက်သို့ အာရုံပြောင်းပေးခြင်းအားဖြင့် မိဘများသည် ၎င်းခရစ္စမတ်ပွဲတော်ကိစ္စကိုအုပ်အုပ်ထိန်းထိန်းထားရှိနိုင်သည်။

ပျော်ပွဲရွှင်ပွဲပေးသောဆန္ဒကိုချုပ်ငြိမ်းစေခြင်းနှင့် အတင်းအဓမ္မတားမြစ်
မည့်အစား အုပ်အုပ်ထိန်းထိန်းထားရှိ၍ မိဘများကသည်းခံခြင်းအားဖြင့်
၎င်းထိန်းသိမ်းမှုကို ပြုလုပ်နိုင်ကြသည်။ လက်ဆောင်များပေးလိုသောသူတို့၏ဆန္ဒကို သန့်ရှင်းစင်ကြယ်သောလမ်းကြောင်းများထဲသို့ ပြောင်းလဲသွတ်သွင်းပေး၍ ခရစ်တော်သည် ဤကမ္ဘာမြေကြီးသို့ကြွဆင်းလာခဲ့ပြီးသည်နောက်တည်ထောင်ဖွဲ့စည်းထားခဲ့တော်မူသော အမှုတော်ကြီးအတွက် ဘဏ္ဍာတော်တိုက်ထဲသို့ အလှူတော်ငွေများဖြစ်ထွန်းစေနိုင်ပါသည်။ ကိုယ်တိုင်ငြင်းပယ်ခြင်းနှင့်ကိုယ်ကျိုးစွန့်ခြင်းတို့သည် ကိုယ်တော်ရှင်လုပ်ဆောင်မှု၏အဓိကလမ်းစဉ်ဖြစ်သည်။ ယေရှုရှင်ကိုချစ်သည်ဟု အခိုင်အမာဆိုကြသောသူတို့သည် ၎င်းလမ်းစဉ်ကိုကျင့်သုံးကြပါစို့။ အဘယ်ကြောင့်ဆိုသော် ထာ၀ရအသက်ရရှိရန် ကျွန်ုပ်တို့၏ မျှော်လင့်ခြင်းသည် ကိုယ်တော်ရှင်ကိုဗဟိုပြုထားသောကြောင့်ဖြစ်သည်။

လက်ဆောင်များအပြန်အလှန်ပေးခြင်းသည် မေတ္တာ၏အထိမ်းအမှတ် ဖြစ်သည် -– လက်ဆောင်များအပြန်အလှန်ပေးကမ်းကြသောကြောင့်
အားလပ်သောနေ့ရက်များသည် နီးကပ်လျက်ရှိလေပြီ။ မေတ္တာအရင်းခံသော အောက်မေ့သတိရခြင်း၏အထိမ်းအမှတ်အနေဖြင့် သူတို့၏ အပေါင်းအသင်းရောင်းရင်းများအား မည်သည့်လက်ဆောင်ပစ္စည်းများပေးကမ်းနိုင်သည်ကိုလူကြီးလူငယ်မရွေး စိတ်ပါကိုယ်ပါစဉ်းစားဆင်ခြင်လျက်ရှိကြပေသည်။

လက်ဆောင်များသည် မည်မျှသေးနုပ်စေကာမူ ကျွန်ုပ်တို့၏ချစ်ခင်သော
သူတို့ထံမှရရှိသောလက်ဆောင်သည် အလွန်နှစ်မြို့ဖွယ်ဖြစ်သည်။ ကျွန်ုပ်
တို့အားသတိရအောက်မေ့လျက်ရှိကြောင်း ၎င်းလက်ဆောင်များကစိတ်ချစေ၍ လက်ဆောင်ကတစ်ဦးနှင့်တစ်ဦးပိုမိုရင်းနှီးမှုကို ဖန်တီးပေးသည်။
ကျွန်ုပ်တို့၏အကောင်းဆုံးမိတ်ဆွေကြီးဘုရားသခင်အား ဤကိစ္စ၌
မေ့လျော့ခြင်းမရှိလျှင် ကျွန်ုပ်တို့၏မေတ္တာနှင့်သတိရအောက်မေ့ခြင်း၏အထိမ်းအမှတ်ဖြစ်သောလက်ဆောင်များ အပြန်အလှန်ပေးကမ်းခြင်းသည် သင့်လျော်လျောက်ပပေသည်။ ဤကျွန်ုပ်တို့ပေးကမ်းသောလက်ဆောင်သည် လက်ခံရရှိသောသူအတွက် အမှန်တကယ်အကျိုးဖြစ်ထွန်းစေရမည်။ လက်ဆောင်အနေဖြင့်ပေးကမ်းရန် ကျွန်ုပ်တို့အကြံပြုပြောဆိုလိုသောစာအုပ်မျိုးသည်ဘုရားသခင်၏နှုတ်ကပတ်တော်နားလည်စေရန် အထောက်အကူပြုသောစာအုပ်မျိုး သို့တည်းမဟုတ် ၎င်းနှုတ်ကပတ်တော်ထဲ၌ဖော်ပြပါရှိသောအမိန့်ပညတ်များကို ပိုမိုမြတ်နိုးစေမည့်စာအုပ်များဖြစ်သည်။ ဤကြာရှည်သောအားလပ်ရက်များအတွင်း ဖတ်ရန်စာအုပ်တစ်မျိုးမျိုးကိုပေးထားပါ။

ကလေးများဖတ်ရှုရန်ထောက်ခံထားသောစာအုပ်များ - ယခုဟောပြော လျက်ရှိသော သမ္မာတရားနှင့်ပတ်သက်သောစာအုပ်စာတမ်းများ
ကိုယ်ပိုင်မရှိသောသူမြောက်မြားစွာရှိသည်။ ဤကိစ္စအတွက် ကြေးငွေ
မြောက်မြားစွာကို ဘေးကင်းစွာအရင်းအနှီးပြုလုပ်ထားနီုင်သည်။ ဖတ်ရန်
စာအုပ်များပေးထားသင့်သော ကလေးပေါင်းများစွာရှိသည်။ "သည်ဆန်းရှိုင်းဆီးရီးစ်၊" "ဂိုးဒင်းဂရိန်းဆီးရင်းစ်၊" "ကဗျာများ၊" "ဆဲဘက်သ်ရီးဆင်းစ်"စသောစာအုပ်များသည် အလွန်တန်ဖိုးရှိသောစာအုပ်များဖြစ်၍ မည်သည့်အိမ်ထောင်၌မဆို ဘေးကင်းစွာထားရှိနိုင်သည်။ သကြားလုံးများနှင့်အသုံးမကျမရေရာသောကစားစရာများမှ စသောအသေးအဖွဲကလေးများအတွက် သုံးဖြုန်း ပစ်သောကြေးငွေများကို ၎င်းတန်ဖိုးရှိလှသောစာအုပ်များဝယ်ယူရန် စုဆောင်း ထားသင့်ပေသည်။

တန်ဖိုးရှိသောလက်ဆောင်များကို သူတို့၏သားသမီးများ၊ မြေးများ၊ တူများနှင့်တူမများအားပေးလိုသောသူတို့သည် အထက်ဖော်ပြပါကလေး
စာအုပ်များကိုဝယ်ယူပေးကြပါ။ လူငယ်လူရွယ်တို့အတွက် သင့်လျော်သည့်ဟင်းလေးအိုးကြီးများမှာ "သည်လိုက်ဖ်အော့ဖ်ဂျိုးဇက်ဘိစ်" နှင့်အီးဂျီဝှိုက်ရေးသားပြုစုထားသော "ကွန်းဖလစ်အော့ဖ်သည်အိတ်ဂျက်စ်" အတွဲငါးစောင်ထဲမှ သုံးတွဲ (သက်သေခံချက်စာစောင်များ) ဖြစ်သည်။ ဤစာစောင်များကိုအိမ်တိုင်း၌ထားရှိသင့်ပေသည်။ ဘုရားသခင်သည် ကောင်းကင်မှအလင်းတရားကိုပေးနေတော်မူသည်ဖြစ်၍ မည်သည့်အိမ်ထောင်မှ၎င်းစာစောင်များဝယ်ယူထားခြင်းမရှိဘဲမနေသင့်ပေ။ ကောင်းကင်သို့သွားရာလမ်းကြောင်းကိုလည်း ရောင်ခြည်များဖြင့်ထွန်းလင်းနေစေမည့် ၎င်းစာစောင်များကို သင်တို့ကပေးသောလက်ဆောင်များဖြစ်ပါစေ။

ယေရှုရှင်အားမမေ့လျော့သင့်ပေ -– ညီအစ်ကိုမောင်နှမတို့၊ သင်တို့
သည် တစ်ဦးကိုတစ်ဦး အပြန်အလှန်လက်ဆောင်များကိုပေးကမ်းကြရန်
စဉ်းစားနေချိန်တွင် ကောင်းကင်မှအဆွေတော်ကြီးကတောင်းဆိုထားချက်ကိုသင်တို့အားသတိပေးလိုပါသည်။ ကိုယ်တော်ရှင်အား ကျွန်ုပ်တို့သည်
မေ့လျော့ခြင်းမရှိလျှင် ကိုယ်တော်ရှင်သည် နှစ်သက်တော်မူမည်မဟုတ်ပါ
လော။ အသက်သခင်ယေရှုရှင်သည် ကျွန်ုပ်တို့အားကယ်တင်ခြင်းကိုလက်လှမ်းမီနိုင်စေရန် ကိုယ်တော်၌ရှိသမျှကို စွန့်တော်မူခဲ့လေသည်။ ကျွန်ုပ်တို့အားထာ၀ရအသက်ကိုရရှိစေရန် သေခြင်းကိုပင်ကိုယ်တော်ခံတော်မူသည်။

ခရစ်တော်မှတစ်ဆင့်ကျွန်ုပ်တို့သည် ကောင်းချီးမင်္ဂလာတိုင်းကိုရရှိ ကြသည်။ ကျွန်ုပ်တို့၏ကျေးဇူးတင်ခြင်းနှင့်မေတ္တာတို့၏အထိမ်းအမှတ်
များကို ကျွန်ုပ်တို့၏ကောင်းကင်ဘုံမှကျေးဇူးတော်ရှင်ကြီးသည် ဝေပုံကျရရှိသင့်သည်မဟုတ်ပါလော။ ညီအစ်ကိုမောင်နှမတို့၊ လာကြလော့။ သင်တို့တတ်နိုင်သမျှပူဇော်သကာရများနှင့် ဘုရားသခင်အထံတော်သို့ချဉ်းကပ်ကြပါ။ သင်တို့၏စိတ်နှလုံးများထဲ၌ ကိုယ်တော်ရှင်အားဂုဏ်ပြုသောသီချင်းများကိုကျူးအေး၍ သင်၏နှုတ်အားဖြင့် ကိုယ်တော်ရှင်၏နာမတော်အားဘုန်းကြီးပါလေစေ။

ခရစ္စမတ်ပွဲတော်၊ ဘုရားသခင်အားဂုဏ်ပြုရသောအချိန်ဖြစ်သည်-
ကမ္ဘာတစ်ဝန်းတွင် အားလပ်သောနေ့ရက်များကို သေးနုပ်သိမ်ဖျင်းသော
အရာများ၊ လွန်ကျူးစွာပျော်ပါးခြင်း၊ လွန်ကျူးစွာစားသောက်ခြင်းတို့ဖြင့်
တစ်နေ့ကုန်စေကြသည်။ လာမည့်ခရစ္စမတ်ပွဲတော်နှင့်နှစ်ဆန်းတစ်ရက်နေ့များတွင် မလိုအပ်သောလိုက်စားမှုများအတွက် ကြေးငွေများသောင်းချီ၍ဖြုန်းတီးကြဦးမည်ဖြစ်သည်။ သို့ရာတွင် ဤဆုတ်ယုတ်နေသောကမ္ဘာကြီးတွင် ကျွန်ုပ်တို့အနေဖြင့် ယင်းအကျင့်ဓလေ့များနှင့်ကင်းကွာ၍ နေနိုင်ကြသည်။

ခံတွင်းအာသာပြေရုံအတွက်သော်လည်းကောင်း၊ မလိုအပ်သောတန်ဆာ
ဆင်မြန်းခြင်းနှင့် အဝတ်အစားဝယ်ယူခြင်းအတွက်လည်းကောင်း ကြေးငွေများကိုဖြုန်းတီးပစ်မည့်အစား ကျွန်ုပ်တို့သည် လာမည့်အားလပ်သောနေ့ရက်များကို ဘုရားသခင်အားဂုဏ်ပြု၍ ဘုန်းတော်ကိုထင်ရှားစေသောအချိန်ကာလအနေဖြင့် ကျင်းပပြုလုပ်နိုင်ကြသည်။

ခရစ်တော်ယေရှုအာ ထိပ်တန်းရည်စူးချက်ဖြစ်စေသင့်ပေသည်။
သို့ရာတွင် ခရစ္စမတ်ပွဲတော်ကိုကျင်းပနေပုံက ဘုန်းတော်ကိုကိုယ်တော်ရှင်ထံတော်မှသေတတ်သောလူသားတို့ဘက်သို့ ပြောင်းလဲသွားစေခဲ့သည်။ အပြစ်များကိုချို့ယွင်းချက်များဖြင့်ပြည့်၀လျက်ရှိသော စာရိတ္တမျိုးရှိသောလူသားတို့ကြောင့် ကိုယ်တော်ရှင်သည် ကျွန်ုပ်တို့အားကယ်တင်ရန် လောကကြီးသို့ကြွဆင်းလာခဲ့ရတော်မူသည်။

ကောင်းကင်မှဘုန်းတော်တန်ခိုးတော်ရှင်ယေရှုသည် ကိုယ်တော်ရှင်၏
ဘုရင်တို့၏ဘ၀ကိုဘေးဖယ်ထား၍ ဘုန်းတန်ခိုးတော်နှင့်ပြည့်၀သောရာဇပလ္လင်တော်ကိုထားရစ်ခဲ့ပြီး ချည့်နဲ့သောစာရိတ္တရှိလျက် အပြစ်အားဖြင့်ညစ်ညမ်းပုပ်ပျက်နေသောလူသားတို့အား ကူညီထောက်ပံ့ကယ်တင်ရန် ကျွန်ုပ်တို့၏ကမ္ဘာလောကသို့ကြွဆင်းလာတော်မူသည်။
မိဘတို့သည် ဤအရာများကိုသူတို့သားသမီးတို့၏ရှေ့တွင်ထားရှိ
လျက် သူတို့တစ်ဦးကတစ်ဦးအတွက် ဆောင်ရွက်သောတာဝန်မဟုတ်၊
လက်ဆောင်များကို သူတို့အပြန်အလှန်ပေးခြင်းအားဖြင့် တစ်ဦးနှင့်တစ်ဦးဂုဏ်ပြုကြခြင်းမဟုတ်၊ ဘုရားသခင်၏တာဝန်ကိုထမ်းဆောင်ရာတွင် ပညတ်တစ်ခုပေါ်မှာတစ်ခု၊ တစ်နည်းပေါ်မှာတစ်နည်း သွန်သင်ပေးရမည်။
သားသမီးတို့၏စိတ်ကူးဥာဏ်များကို လမ်းကြောင်းအသစ်ထဲ
သို့ဦးတည်ပေးပါ –- ကျွန်ုပ်တို့၏သားသမီးများနှင့်ဆွေမျိုးတော်စပ်သူတို့
အား ကျွန်ုပ်တို့မကြာခဏပေးကမ်းကြသော မလိုအပ်သောလက်ဆောင်များထက် နှစ်သက်စရာလည်းဖြစ်၍ တန်ဖိုးမှာလည်းအဆပေါင်းများစွာနည်းပါးသော အရာဝတ္ထုမြောက်မြားစွာရှိပါသည်။ ၎င်းအရာများကိုကြံဆလုပ်ကိုင်ပေးခြင်းအားဖြင့် လေးစားမှုကိုပြနိုင်သမျှ အိမ်ထောင်၌လည်းပျော်ရွှင်မှုကိုဖန်တီးပေးနိုင်သည်။

သားသမီးတို့အားပေးကမ်းလိုက်သောလက်ဆောင်များ၏ပုံစံကို
ဘာကြောင့်သင်တို့ကအပြောင်းအလဲပြုလုပ်ကြောင်းကို သူတို့အားရှင်းလင်းပြ၍ ယခုအချိန်အထိမိဘတို့အနေဖြင့် ဘုရားသခင်၏ဘုန်းတော်ထက် သူတို့၏ပျော်ရွှင်နှစ်သက်မှုကို ဦးစားပေးခဲ့ကြောင်းပြောပြရင်း သင်တို့၏သားသမီးများအား သင်ခန်းစာတစ်ခုကိုသင်ကြားပေးနိုင်သည်။ ရှေးခေတ်မှပညာရှင်ကြီးများကဲ့သို့ သင်တို့သည် ဘုရားသခင်အား သင်တို့၏အကောင်းဆုံးလက်ဆောင်များကို ဆက်ကပ်လှူဒါန်းနိုင်၍ အပြစ်များသောကမ္ဘာလောကကြီးအားပေးကမ်းခဲ့တော်မူသော လက်ဆောင်တော်ကြီးကယ်တင်ရှင်အတွက်သင်တို့သဘောကျနှစ်သက်၍ ကျေးဇူး တင်ကြောင်းကို ကိုယ်တော်ရှင်အားသင်တို့လှူဒါန်းဆက်ကပ်သောပစ္စည်းများအားဖြင့် ပြသနိုင်ကြသည်။

ကိုယ်တော်ရှင်၏တစ်ပါးတည်းသောသားတော်ကို လောကကြီးအတွက်စွန့်တော်မူခဲ့သောကြောင့် ဘုရားသခင်အားအလှူတော်ငွေများဆက်ကပ်လှူဒါန်းရန် သားသမီးတို့အားတိုက်တွန်းနှိုးဆော်ပေးခြင်းအားဖြင့် သူတို့၏စိတ်ကူးဥာဏ်များကို အသစ်သောအတ္တစိတ်ကင်းသောလမ်းကြောင်းထဲသို့ ရောက်ရှိသွားအောင်ပြုလုပ်ပါ။

"ခရစ္စမတ်သစ်ပင်တစ်ပင်ထားရှိကြပါစို့လား" - "ခရစ္စမတ်ပွဲတော်နေ့တွင် ဘုရားရှိခိုးကျောင်းတိုင်း၌ ၎င်းဘုရားဝတ်ပြုကိုးကွယ်ရာအိမ်တော်အတွက် ကြီးငယ်မရွေးလက်ဆောင်များဖြင့်ချိတ်ဆွဲထားသောခရစ္စမတ်သစ်ပင်များထားရှိလျှင် ဘုရားသခင်သည် များစွာနှစ်သက်တော်မူလိမ့်မည်။ ကျွန်ုပ်တို့လည်း ခရစ္စမတ်သစ်ပင်ကိုထားရှိရမည်လား။ ၎င်းသစ်ပင်သည် လောကီဆန်သောသစ်ပင်မျိုးဖြစ်ရမည်လားဟူသော မေးခွန်းများပါရှိသောစာများကို ကျွန်ုပ်တို့လက်ဝယ်ရောက်ရှိလာခဲ့ပါသည်။ ကျွန်ုပ်တို့ကပေးလိုက်သောဖြေကြားချက်များမှာ သင်တို့အလိုရှိလျှင် လောကီဆန်သောသစ်ပင်မျိုးထားရှိနိုင်ပါသည်။ သို့တည်းမဟုတ် လောကီလုံး၀မဆန်သောသစ်ပင်မျိုးကို ထားရှိနိုင်ပါသည်။ မွှေးကြိုင်သည့်အနံ့ရှိသောသစ်ပင်ကိုရွေးချယ်၍ ကျွန်ုပ်တို့ဘုရားရှိခိုးကျောင်းများထဲတွင် စိုက်ထူထားရာ၌ ဒုစရိုက်ကျူးလွန်ခြင်း မဖြစ်ပေ။ သို့ရာတွင် ၎င်းသစ်ပင်များစိုက်ထူထားခြင်း၏ရည်စူးချက်နှင့် သစ်ပင်ပေါ်၌ချိတ်ဆွဲထားသောလက်ဆောင်များကိုသုံးစွဲခြင်းတို့တွင် ဒုစရိုက်ကျူးလွန်မှုရှိနိုင်သည်ဟူ၍ဖြစ်သည်။

ခရစ္စမတ်သစ်ပင်သည် အချိန်အခါနှင့်ညီလျော်သောအရွယ်အစားဖြစ်နိုင် သည်။ သို့ရာတွင် ၎င်းသစ်ပင်၏သစ်ကိုင်းများပေါ်တွင် သင့်စေတနာ
အလျောက်လှူဒါန်းသော ရွှေသီးငွေသီးကဲ့သို့သောလက်ဆောင်များကို ခရစ္စမတ် လက်ဆောင်များအနေဖြင့် ဘုရားသခင်အားဆက်ကပ်လှူဒါန်းပါ။ သင်တို့ ဆက်ကပ်လှူဒါန်းသောအလှူတော်ငွေများကို ဆုတောင်းခြင်းအားဖြင့်သန့်ရှင်းစေ။

ဤခရစ္စမတ်နှင့်နှစ်သစ်ကူးပွဲတော်များကို မစခြင်းလိုအပ်သောသူတို့
အတွက်ကျင်းပနိုင်သည်။ ကျင်းပသင့်ပေသည်။ အိမ်ထောင်ကြီးများကို
ကြည့်ရှုထိန်းသိမ်းသုတ်သင်ကျွေးမွေးရသောသူတို့အား ကူညီမစသောအနေဖြင့် ကျွန်ုပ်တို့သည် လက်ဆောင်များပေးကမ်းလျှင် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားရာရောက်ပါသည်။

အလှူငွေများဖြင့်လေးလံစွာချိတ်ဆွဲထားသောသစ်ပင်သည် ဒုစရိုက်
ကျူးလွန်ခြင်းမဟုတ်ပေ -– ဥပုသ်စာဖြေကျောင်းကိုတက်ရောက်ကြသောသူတို့၏ပျော်ရွှင်မှုအတွက် ဘုရားရှိခိုးကျောင်းထဲ၌ စိုက်ထူထားသောထင်းရှုးပင်သည် အပြစ်ဖြစ်သည်ဟု မိဘများအနေဖြင့်မယူဆသင့်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းအားကြီးမားသောမင်္ဂလာတစ်ရပ်အနေဖြင့် ပြုလုပ်နိုင်သည်။ ပရဟိတတည်းဟူသော တစ်ပါးအကျိုးကိုပြုနိုင်သည့်အရာဝတ္ထုများကိုသူတို့အားသိရှိပါစေ။ ခရစ္စမတ်ပွဲတော်အား ပျော်ပွဲရွှင်ပွဲသက်သက်မဖြစ်စေရ၊အချို့သောသူတို့သည် ဤပွဲတော်ရက်ကို သတိကင်းမဲ့စွာ ပျော်ပွဲရွှင်ပွဲတစ်ခုအနေဖြင့်သာကျင်းပပြီးဘုရားသခင် အကြောင်းနှင့်ပတ်သက်၍ စိတ်ကူးထဲ၌ပင်မထည့်စေကာမူ၊ အခြားသောသူတို့အတွက် ဤပွဲတော်ရက်သည် အလွန်အကျိုးဖြစ်ထွန်းသောအခါ မျိုးဖြစ်သည်။ စာရိတ္တပျက်ပြားစေသောလူစုလူဝေးများအတွက် အပြစ်ကင်းသောပျော်ပွဲများဖြင့် အစားထိုးနိုင်သောကြောင့် ကျွန်ုပ်တို့အနေဖြင့် ကျေနပ်မှုရှိသည်။

ခရစ္စမတ်ပွဲတော်နေ့အတွက် အပြစ်ကင်းသောပျော်ရွှင်မှုဖန်တီးထားရှိပါ -– ကျွန်ုပ်၏ခရစ်ယာန်ညီအစ်ကိုမောင်နှမအပေါင်းတို့၊ သင်တို့သည် ဘုရားသခင်အားကြောက်ရွံ့ရိုသေစွာဖြင့် တာဝန်ကိုဆောင်ရွက်ရန်
အတွက် သင်တို့ကိုယ်တိုင်အား ခါးကိုစည်းကြမည်မဟုတ်လား။ ခရစ္စမတ်ပွဲတော်ကိုခြောက်ကပ်ကပ်မဖြစ်စေဘဲ၊ ၎င်းအပြင် စိတ်ဝင်စားဖွယ်မကောင်းအောင်မဖြစ်စေဘဲ အပြစ်ကင်းသောပျော်ရွှင်မှု၊ ဘုရားသခင်နှစ်သက်တော်မူသော ပျော်ရွှင်မှုမျိုးဖြစ်ရမည်။ ဆင်းရဲနွမ်းပါးသောလူတန်းစားများက၎င်းအကြံပြုချက်များကို ကြိုဆိုကြလိမ့်မည်ကို ကျွန်ုပ်တို့သိရှိသည်။ ချမ်းသာကြွယ်၀သောသူတို့ကလည်း စိတ်ဝင်စားမှုကိုပြ၍ ဘုရားသခင်ကသူတို့အားအပ်နှင်းထားတော်မူသော ကြေးငွေများ၏အချိုးအစားအလိုက် လှူဒါန်းသင့်ကြပေသည်။

ဘုရားသခင်၏အမှုတော်ကိုထောက်ပံ့ရန် ၎င်းအပြင်ကိုယ်တော်ရှင်၏ နိုင်ငံတော်ကိုတည်ဆောက်ရန်အတွက် လှူဒါန်းကြမည့်အလှူငွေများအတွက် ကြောင့် ၎င်းကဲ့သို့သောခရစ္စမတ်ပွဲတော်မျိုးကို တစ်ခါမျှရှေးကမမြင်ခဲ့ဖူး ဟူသောမှတ်တမ်းကို ကောင်းကင်စာစောင်များထဲတွင် မှတ်တမ်းတင်ထားပါလေစေ။
Crd. Ellen G White
The Adventist Home, Chapter 77.

No comments:

Post a Comment