Tuesday, March 10, 2026

အခန်း (၅၉)

ထာ၀ရဘုရားသခင်၏ သားစစ်သမီးမှန် ဣသရေလများအဘယ်မှာရှိကြပါသနည်း

              

               ထာ၀ရဘုရားသခင်၏ အသင်းတော်သည် လူမျိုးတကာ၊ နိုင်ငံအသီးအသီး တို့မှာ ထာ၀ရဧဝံဂေလိသတင်းစကားကို ဟောပြာသက်သေခံဖို့ရန် ပုရောဖက်ဟော ကြားချက်များရှိခဲ့လေရာ ထိုအမှုကိုပြည့်စုံစေရပါမည်။ ]နောင်ကာလ၌ ယာကုပ်သည် အမြစ်ကျလိမ့်မည်။ ဣသရေလသည် စိမ်းလန်း၍ အဖူးအငုံထွက်သဖြင့် လောကနိုင်ငံ ကို အသီးနှင့်ပြည့်စေလိမ့်မည်။} (ဟေရှာယ ၂၇း၆)။ သခင်ယေရှု၏ နောက်တော်လိုက် များ ဆောင်ရွက်သော သာသနာတော်လုပ်ရပ်များကြောင့် ဝိညာဉ်အသီးများစွာ တိုးပွား လာသည်နှင့်အမျှ အဘအာဗြဟံကိုပေးထားသော ကတိတော်သည် ပြည့်စုံခဲ့ရပါသည်။ ]ငါသည် သင့်ကိုလူမျိုးကြီးဖြစ်စေမည်။ သင်သည် ကောင်းချီးခံရသောသူဖြစ်လိမ့်မည်။} (ကမ္ဘာဦး ၁၂း၂)။

               ဤကောင်းချီးမင်္ဂလာကတိတော်သည် ဗာဗုလုန်နိုင်ငံသို့ သိမ်းသွားခြင်း ခံခဲ့ရ သော ဣသရေလလူမျိုးတို့ ပြည်တော်သို့ ပြန်လာပြီးသည်နောက်ပိုင်း ရာစုနှစ်တွေမှာ ပြည့်စုံခဲ့ပါသည်။ သခင်ခရစ်တော်ပေါ်ထွန်းတော်မူမည်ကို ကမ္ဘာ့လူသားတစ်ရပ်လုံးက သိရှိကာ ပြင်ဆင်မှုများပြုလုပ်နိုင်ရန်အလို့ငှါ ဘုရားသခင်ပုံစံချပြုပြင်ထားခြင်း ဖြစ်ပါ၏။ ယခုခေတ်အတွက်ဆိုလျှင် ထိုသခင်၏ ဒုတိယအကြိမ်ကြွဆင်းပေါ်ထွန်းလာမည့် ခရီး လမ်းအတွက် ပြင်ဆင်ပေးထားဘိသကဲ့သို့တည်း။ (ဇာခရိ ၈း၃၊ ၇၊ ၈ ကိုကြည့်ပါ)။

               ဣသရေလတို့သည် ဗာဗုလုန်သို့ သိမ်းသွားခြင်းကိုမခံရမီ ပြုကျင့်ခဲ့သော အ ပြစ်မျိုးတို့ကိုပြန်လည်၍ မကျင့်သုံးသင့်တော့ပါ။ ]တရားအမှုကို တရားသဖြင့် စီရင်ကြ လော့။ သနားခြင်းကရုဏာစိတ်နှင့် တစ်ယောက်ကိုတစ်ယောက်ကျေးဇူးပြုကြလော့။} ]သင်တို့ကျင့်ရမည်အကျင့်ဟူမူကား၊ သင်တို့ရှိသမျှသည် တစ်ယောက်နှင့်တစ်ယောက် မှန်သော စကားကိုပြောကြလော့။ မြို့တံခါး၀မှာ ဖြောင့်မတ်စွာစီရင်၍ တရားတွေ့သည် အမှုကို ငြိမ်းစေခြင်းငှါဆုံးဖြတ်ကြလော့} ဟူသောဩဝါဒကို ဘုရားသခင်သည် ယေရုရှ လင်မြို့တော်ကို ပြန်လည်တည်ထောင် ပြုပြင်လုပ်သားကြီးငယ်တို့အား နှိုးဆော်ခဲ့ ပါသည်။ (ဇာခရိ ၇း၉၊ ၁၀၊ ၈း၁၆)။

               ဤအခြေခံစည်းမျဉ်းဥပဒေပညတ်တို့အား ယုံကြည်စိတ်ချ၍ နားထောင်ကျင့် သုံးသွားသူတို့အဖို့ ကြီးစွာသောအကျိုးသည်ရှိ၏။ ]အိုယုဒအမျိုးနှင့် ဣသရေလအမျိုး တို့၊ သင်တို့သည် တစ်ပါးအမျိုးတို့တွင် ကျိန်ဆဲရာဖြစ်ဖူးသကဲ့သို့၊ ကောင်းချီးခံရာ ဖြစ် စေခြင်းငှါ ငါကယ်တင်မည်။ မစိုးရိမ်ဘဲ လက်အားကြီးကြလော့။} (ဇာခရိ ၈း ၁၂၊ ၁၃)။

               ဣသရေလလူမျိုးသည် ဗာဗုလုန်နိုင်ငံသို့ သိမ်းသွားခြင်းကို ခံခဲ့ရသောကြောင့် နတ်ရုပ်များကို ဝတ်ပြုကိုးကွယ်ခြင်းမှ ကင်းဝေးစေခဲ့ပါသည်။ ထိုပြည်မှ ယုဒပြည်သို့ ပြန် လာသောအခါမှာ ဇေရုဗဗေလ၊ ဧဇရနှင့် အားလုံးကိုစောင့်ရှောက်ပါမည်ဟု ထပ်မံ၍ ကတိပဋိညာဉ်ပြုခဲ့ပါသည်။ ထိုနောက်ပိုင်းကာလ၌ ထိုသူတို့သည် ကြွယ်၀ချမ်းသာ စည်းစိမ် တိုးလာကြောင်းကို ထောက်ရှုသော်ဘုရားသခင်သည် သူတို့အားအပြစ်မှ ဖြေ လွှတ်ရန် အလိုတော်ဆန္ဒရှိကြောင်း သာဓကဖြစ်ပါသည်။ သို့တိုင်အောင်လည်း သူတို့၏ ဘေးဖြစ်စေတတ်သော အမြင်ကျဉ်းမြောင်းမှုကြောင့် လူပရိသတ်အများစုကို အနာ ရောဂါကင်းဝေး၍ အသက်နှင့်ပြည့်စုံစေသော မင်္ဂလာကို ယူဆောင်ပေးကမ်းစွန့်ကြဲရ မည်အစား မိမိတို့၏ငါစွဲ တစ်ကိုယ်ကောင်းစိတ်ဓါတ်ကိုသာ ဦးထိပ်ထား၍ သီးခြားစွာ နေထိုင်ခဲ့ကြလေသည်။

               ဤဆုံးရှုံးမှုဖြစ်ရပ်မှန်ကို မာလခိလက်ထက်မှာ မျက်ဝါးထင်ထင် တွေမြင်ခဲ့ရ ပါ၏။ ထိုပုရောဖက်သည် အပြစ်ကျူးလွန်သူတို့အား ဆုံးမပဲ့ပြင်ပြောဆိုရာ၌ ယဇ်ပုရော ဟိတ်များနှင့် သူကောင်းမျိုးများကိုသော်မှ ချန်မထားပါ။ အကြောင်းသော်ကား နှလုံး သားနှင့် နောင်တရလျက် ဘုရားသခင်ထံပြန်လှည့်လာပါမှ ဘုရားသခင်၏ ကောင်းချီး မင်္ဂလာကို ခံစားရရှိမည်မဟုတ်လော။ သို့ဖြစ်၍ မာလခိသည် တောင်းပန်နေ၏။ ]ယခုမှာ

ဘုရားသခင်သည် ငါတို့ကို ကယ်မသနားတော်မူမည်အကြောင်း ထာ၀ရဘုရားသခင် ရှေ့တော်၌ ဆုတောင်းကြပါလော့။} (မာလခိ ၁း၁၊ ၉)။

               မည်သို့ပင်ဖြစ်စေ လူသားတို့အတွက် ပြင်ဆင်ထားနိုင်ပြီဖြစ်သော ကယ်တင် ရွေးနုတ်ခြင်းစီမံကိန်းကြီးသည် ဣသရေလတို့၏တစ်ခဏတာ ဆုံးရှုံးခြင်းအားဖြင့် အ ကျိုးမပြီး အချည်းနှီးဖြစ်စေမည်မဟုတ်ပါချေ။ ]နေထွက်ရာအရပ်မှသည် နေဝင်ရာအ ရပ်တိုင်အောင် တစ်ပါးအမျိုးသားတို့တွင် ငါ၏နာမတော်သည် ကြီးမြတ်ရလိမ့်မည်} ဟု ထာ၀ရဘုရားသခင်သည် မိမိ၏ စေတမန်ပုရောဖက်အားဖြင့် မြွက်ဆိုခဲ့ပြီမဟုတ်လော။ (ငယ် ၁၁)။

 

ကြွယ်၀ချမ်းသာမှု၏ လျှို့ဝှက်ချက်ကို မာလခိဖော်ပြခြင်း

               ဝိညာဉ်ရေးဆိုင်ရာခေါင်းဆောင်တို့သည် ဘုရားသခင်ပြောစေသည် အတိုင်း မပြော၊ ပညတ်တော်ကို ချိုးဖောက်သောကြောင့် ]သို့ဖြစ်၍ သင်တို့သည်ငါလမ်းတို့ကို မလိုက်၊ တရားအမှုတွင် လူမျက်နှာကိုထောက်သောကြောင့် လူခပ်သိမ်းတို့သည် သင် တို့ကို မထီမဲ့မြင်ပြု၍ ရှုတ်ချစေခြင်းငှါ ငါစီရင်မည်} (မာလခိ ၂း၅၊ ၉) ဟု ဘုရားသခင် အမိန့်တော်ရှိခဲ့လေသည်။ သို့ဖြစ်သည့်တိုင် မည်သူတစ်ဦးတစ်ယောက်မျှ မျှော်လင့် ချက်မဲ့စွာ စွန့်ပစ်မခံရပါ။ ပုရောဖက်မာလခိ၏တရားစီရင်ခြင်းကို ဆိုင်ရာကြိုတင်ဟော ကြားချက်များသည် နောင်တရသူတို့အတွက် ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်ငြိမ်း အေးခြင်းအခွင့်ကို ရရှိရန်ဖိတ်ခေါ်မှုနှင့်လည်း ယှဉ်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာ၀ရဘုရားသခင်မိန့်တော်မူ၏။} (မာလခိ ၃း၇)။ ကောင်းကင်ဘုံရှင်ဘုရားသခင်သည် ဤကမ္ဘာမြေကြီးပေါ်မှာ မိမိ၏ အမှုတော်မြတ်သာသနာခရီးကို မိမိနှင့်အတူ ဆက်လှမ်း နိုင်ရန်အတွက် ပြစ်မှားတတ်သော ကိုယ်တော်၏သားသမီးတို့အား အနူးအညွတ် တောင်းပန်လျက်ရှိပါ၏။ သခင့်အတွက်အစေခံနိုင်ဖို့ရန် မိမိကိုယ်ကို စွန့်လွှတ်အပ်နှံ ဖို့လိုကြောင်း၊ ထိုအမှုအတွက်သခင်သည်မိမိထံလာရောက်သူတိုင်းကို မစကူညီရန် နှင့် ဘုရားသခင်၏သားသမီးများအဖြစ် အမွေတော်ခံများဖြစ်လာရန် ဝေမျှနေပါသည်။ သို့ ဖြစ်၍ ထိုသူတို့သည် မိမိတို့၏ အရေးတစ်ခုတည်းကိုသာ ရှုမှတ်ကြပါလိမ့်မည်လော။

               ဤကဲ့သို့သော ဖိတ်ခေါ်မှုကို ဣသရေလတို့သည် စိတ်နှလုံးအကြွင်းမဲ့နှင့် ဖက် စပ်ပါဝင်ခြင်းမပြုမူဘဲ ဝင့်ကြွားမာမနထောင်သော စိတ်နှလုံးဖြင့် ဖင့်နွှဲတုံ့ဆိုင်းကာ တုံ့ ပြန်ကြသဖြင့် မာလခိစိတ်ပျက်ဝမ်းနည်းခဲ့ရပါသည်။ ထိုသူတို့ကလည်း မိမိကိုယ်ကို အ ပြစ်မရှိသလိုလိုနှင့် ထင်ပေါ်ကြီးကို ခွန်းတုံ့ပြန်လိုက်သည်ကား၊ ]အကျွန်ုပ်တို့သည် အ ဘယ်သို့ပြန်လာရပါမည်နည်း} ဟူ၍ဖြစ်၏။

               ထိုအခါ ထာ၀ရဘုရားသခင်က ထိုသူတို့၏ အထူးပြစ်မှားနေသော အပြစ်ကို ဖော်ပြလိုက်ပါ၏။ ]လူသည် ဘုရားသခင်၏ဥစ္စာတော်ကို လုယူရမည်လော၊ သို့သော် လည်း သင်တို့သည် ငါ့ဥစ္စာကိုလုယူကြပြီ။} အကျွန်ုပ်တို့သည် အဘယ်သို့လုယူပါသ နည်းဟု သင်တို့မေးလျှင်၊ ဆယ်ဖို့တစ်ဖို့ကိုလည်းကောင်း၊ ပူဇော်သကာတို့ကို လည်း ကောင်း လုယူကြပြီ။ ဆယ်ဖို့တစ်ဖို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့သွင်း၍ ငါ့အိမ်တော်၌ စားစရာရှိစေခြင်းငှါပြုကြလော့။ ငါသည် မိုးကောင်းကင်ပြတင်းပေါက်ကိုဖွင့်၍ ကောင်း ချီးမင်္ဂလာကို အကုန်အစင်သွန်းလောင်းမည်၊ မသွန်းလောင်းမည်ကို ထိုသို့စုံစမ်းကြ လော့ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာ၀ရဘုရားသခင် မိန့်တော်မူ၏။ ကိုက်စားတတ် သောအကောင်ကို သင်တို့အတွက် ငါဆုံးမ၍ သင်တို့၏မြေအသီးအနှံကို မဖျက်ဆီးရ။ သင်တို့၏စပျစ်ဥယျာဉ်သည် အသီးမသီးဘဲမနေရ။ လူမျိုးအပေါင်းတို့သည် သင်တို့ကို မင်္ဂလာရှိသောသူဟူ၍ ခေါ်ဝေါ်ကြလိမ့်မည်။ သင်တို့ပြည်သည်လည်း နှစ်သက်ဖွယ် သော ပြည်ဖြစ်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာ၀ရဘုရားသခင် မိန့်တော်မူ ၏။} (ငယ် ၇-၁၂)။

               ဘုရားသခင်သည် နေရာင်ခြည်နှင့် မိုးနှင်းရေကို ပေး၏။ မြေအသီးအနှံ တို့ကို စိုပြည်လန်းဆန်းစေပါသည်။ လုပ်ဆောင်သမျှအကျိုးကျေးဇူကို ခံစားနိုင်ရန်အတွက်ကို လည်း လူသားတို့အားကျန်းမာခြင်းနှင့် စွမ်းရည်သတ္တိကိုပေးထားပါ၏။ လူသည် ကျေးဇူး တရားသိတတ်ဖို့ရန် သခင်သည်အလိုရှိသောကြောင့် ဆယ်ဖို့တစ်ဖို့နှင့် အလÈတော်ငွေ များကို သခင်အား ပြန်လည်ပေးအပ်ရန်တောင်းဆိုပါသည်။ ထိုသို့ပြုချေက လယ်ယာ မြေသည် သီးနှံစပါးနှင့် လှိုင်လှိုင်ပေါများစေမည်ဖြစ်၏။ ဤသို့လျှင် လူသည် တစ်ကိုယ် ကောင်းစိတ်ထားနည်းပါးလာကာ ကမ္ဘာအနှံဘုရားသခင်၏ သတင်းစကားအမှုတော် ဖြန့်ရန် စိတ်ပါကိုယ်ရောက် ထိထိမိမိပါဝင်လုပ်ဆောင်၊ ထူထောင်နိုင်ကြမည်မဟုတ် ပါလား။

               ဤကဲ့သို့သောသတင်းစကားကို ပုရောဖက်မာလခိသည်ပေး၏။ တစ်ဖက်မှ နေ ၍လည်း နိုင်ငံခြားသားရန်သူတို့သည် ယုဒလူတို့ကိုဖိနှိပ်လာသည်။ ဤတွင် ဣသရေ လလူတို့သည် ဘုရားသခင်၏ပညတ်တရားကို နားထောင်ကျင့်သုံးပါမှ စစ်မှန်သော ကြွယ်၀ချမ်းသာမှုစည်းစိမ်ကို ရရှိမည်ဟု နားလည်လာကြသည်။ သို့သော်လည်း အများ စုကနားထောင်ကျင့်သုံးခြင်းသာပြု၏။ ယုံကြည်ခြင်း ကြီးမား၍တော့မဟုတ်ပါ။ ထိုသူတို့ ၏သဘောထားများကား တစ်ကိုယ်ကောင်းစိတ်ရှိနေသေး၏။ အပေါ်ယံကြော လုပ် ဆောင်ခြင်းသည် နိုင်ငံတစ်ဝန်းကျင့်သုံးနေသာ မူတစ်ခုဖြစ်လာပါသည်။ ဤသို့လျှင် ရွေးချယ်ခံ ဘုရားသခင့်လူတို့သည် ကမ္ဘာ့အလင်းဆောင်များမဟုတ်တော့ဘဲ ယဇ်နတ် ကိုးကွယ်ခြင်းကို ကာကွယ်တားဆီးသည့်အနေဖြင့် ကမ္ဘာနှင့်မရောနှောဘဲ သီးခြားနေ ကာ အထီးကျန်ဘ၀မှာ မိမိတို့ကိုယ်ကိုထားရှိကြလေသည်။ လူမျိုးခြားဘာသာကွဲတို့နှင့် ထိမ်းမြားစုံဖက်ခြင်းကိုမပြုရ။ အနီးပတ်ဝန်းကျင်ရှိ ယဇ်နတ်ကိုးကွယ်သူတို့နှင့် မပေါင်း စည်ရဟူသောစည်းကမ်းသည် ကြီးလှသည်ဖြစ်၍ ကြာသော်ဣသရေလလူတို့သည် အ ခြားသောလူမျိုးအပေါင်းတို့နှင့် အရောမဝင်တော့ဘဲ ထိုလူမျိုးတို့စပ်ကြား အုတ်တံတိုင်း ကြီးက ကာရံထားဘိသကဲ့သို့ ဖြစ်လာ၏။ ဤသို့လျှင် ကမ္ဘာလောကတစ်ခွင်လုံးကို ကောင်းချီးမင်္ဂလာပေးဝေရန် ဣသရေလတို့အား ဘုရားသခင်စေခိုင်းသောအလုပ်သည် ရပ်တန့်ပိတ်ဆို့ခဲ့ရလေသည်။

 

 

                              သန့်ရှင်းရာတဲတော်အတွင်းလုပ်ငန်းများမှောက်မှားခဲ့ရပုံ

               တစ်ချိန်တည်းမှာပင် ယုဒလူတို့သည် မိမိတို့၏အပြစ်များကြောင့် ဘုရားသခင် နှင့် ဝေးကွာပြတ်စဲလာကြလေပြီ။ ၎င်းတို့၏တဲတော်အတွင်း ပုံဆောင်မှုပြဝတ်ကြီးဝတ် ငယ် အသွယ်သွယ်တို့၏ ဝိညာဉ်ရေးပိုင်ဆိုင်ရာ ထူးခြားမှုကို သဲကွဲအောင်မရှုမြင်နိုင်ကြ တော့ပါ။ မိမိကိုယ်ကို ဖြောင့်မတ်သည်ဟုသာမြင်တွေ၍ မိမိတို့၏ အကျင့်များ၌သာ အားကိုးစိတ်ချမှုကို ရယူကြပါသည်။ ဤတဲတော်အမှုကြီးငယ်တို့ကိုပြုရန် ဘုရားသခင် ခိုင်းစေထားသည်အရာမှာ ရည်ညွှန်းသူကိုသခင်ယေရှု၏ ကောင်းမှုတော်များအပေါ် မှီခို ရမည်ဟုသာ အမိန့်တော်ရှိပါ၏၊ သို့ရာတွင် ]ထိုသူတို့သည် ဘုရားသခင်၏ ဖြောင့်မတ် ခြင်းတရားကို မသိဘဲ ကိုယ်ဖြောင့်မတ်ခြင်းကို တည်စေခြင်းငှါ ရှာကြံသောကြောင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားကို မဝန်မခံကြ။} (ရောမ ၁ဝး၃)။ မိမိတို့၏ တစ် ကိုယ်တော်ကောင်းစားရေး၌သာ ရောင့်ရဲလျက်နေ၍ လူတို့စီရင်ထုံးဖွဲ့သောပုံပြင် လက္ခ ဏာစည်းကမ်းနည်းလမ်း လိုက်လွန်းခြင်း၌သာ မွေ့လျော် တည်ဆောက်ကြပါသည်။ ဘုရားသခင်ကိုယ်တော်တိုင်က ညွှန်းထားသည့် ကျင့်ဝတ်များတို့နှင့် မတင်းတိမ်ကြ တော့ဘဲ သူတို့ကိုယ်တိုင် မိမိတို့သဘောနှင့် များပြားလှစွာသော တရားလွန် တောင်း ဆိုချက်များကို ပြဌါန်းကာ ဖန်တီးအသစ်ထွင်ကျင့်သုံးစေကြပါ၏။ ဤသို့လျှင် ဘုရား သခင်နှင့် ဝေးကွာလေ သူတို့ချမှတ်ရေးဆွဲထားရှိသော ပုံစံများကိုလိုက်လျှောက်ရန် ပိုမို ၍ကျပ်တည်းစွာ စည်းကမ်းထားရှိလေဖြစ်လာတော့၏။

               ဤသို့ ယဇ်ပုရောဟိတ်အာဏာနှင့် အပြိုင်အဆိုင်တောင်းဆိုချက်များသည် လေးလံလွန်းလှသဖြင့် လက်တွေ့၌ ပညတ်တရားကို စောင့်ရှောက်ရန်မှာ မဖြစ်နိုင်ပါ။ ပုံဆောင်မှုပြ တဲတော်လုပ်ငန်းကြီးငယ်အသွယ်သွယ်တို့၌ နှစ်လိုဖွယ်ဘုန်းကြီးသော အမှန်တရားများရှိနေပါသော်လည်း လူတို့စီရင်ထုံးဖွဲ့သော ပြဌာန်းချက်များ အောက် ဝယ် စုံးစုံးမျှနစ်မြုပ်သွားပါတော့သည်။ အမှန်တကယ် ထာ၀ရဘုရားသခင်ကို ယုံကြည် ကိုးကွယ်၍ အစေခံလိုသောသူတို့သည်ပင်လျှင် ထိုကြီးလေးသော ဝန်ထုပ်များအောက် မှာ ညည်းတွားကာနေကြရလေသည်။

 

 

                              ဣသရေသည် မိမိ၏အရှင်မေရှိယသခင်ကို ငြင်းပယ်ခြင်း

               ဣသရေလလူမျိုးသည် ဘုရားသခင်နှင့် ဝေးကွာလွန်လှပြီ ဖြစ်သောကြောင့် ကတိတော် ထားရှိခဲ့ပြီဖြစ်သော ကယ်တင်ရွေးနုတ်ရှင်၏ ဂုဏ်တော်အပေါင်းနှင့် ထို သခင်၏အမှုတော်မြတ်ကို ရှင်းလင်းမှန်ကန်စွာ မမြင်တွေ့နိုင်ခဲ့ပါချေ။ အပြစ်မှကယ် တင်ရွေးနုတ်ရန် သူတို့တစ်တွေ လိုလားတောင့်တရမည့်အစား လောကရေးရာမှာ အာ ဏာတန်ခိုးနှင့် တစ်ဖန်ပြန်လည်တည်ထောင်မည့် လောကနိုင်ငံတော်ကိုသာ စိတ်နှလုံး ထဲမှာ စွဲလမ်းနေကြပါသည်။ သူတို့တစ်တွေမျှော်လင့်သော မေရှိယသခင်သည် သူတို့ ကို ရောမမင်းအုပ်စိုးမှုအောက်မှ ပယ်ရှားပေးပြီးသော် ဣသရေလမျိုးနွယ်တစ်ခုလုံးကို ကမ္ဘာ့နိုင်ငံအပေါင်းတို့ အပေါ်စိုးမိုးစေရန်ဖြစ်၏။ ဤသို့လျှင် စာတန်သည် ကယ်တင် ရှင်ပေါ်ထွန်းလာသောအခါ ငြင်းပယ်ရန်လူတို့ကို ပြင်ဆင်ထားလေသည်။ ထိုသူတို့၏ မာန်မာနဝင့်ကြွားမှုနှင့် အမြင်မှန်မရှိခြင်းတို့သည် မေရှိယသခင်၏အဖြစ်မှန် သက်သေ သာဓကများကို အဘယ်မှာလျှင် ထင်ထင်ရှားရှားမြင်တွေ့နိုင်ပါအံ့နည်း။ ခက်ခဲလှ ချေ၏၊

               ယုဒလူတို့သည် ကတိတော်ထားရာ ကယ်တင်ရှင်ပေါ်ထွန်းတော်မူမည် အ ကြောင်းကို ပုရောဖက်စကားချက်များအားဖြင့် သိရှိနှင့်ပြီဖြစ်သောကြောင့် ထိုအရှင် သခင်ကို စောင့်မျှော်ခဲ့ကြသည်မှာ နှစ်ပေါင်းတစ်ထောင်ပင်ကျော်ခဲ့ပါ၏။ ထိုသူတို့သည် ထိုသခင်၏ နာမတော်ကို သီချင်းကျူးအေးရာ၌လည်းကောင်း၊ ပုရောဖက်ပြုရာ၌ လည်း ကောင်း၊ ဗိမာန်တော်ကျင့်ဝတ်မှာသော်လည်းကောင်း၊ အိမ်ထောင်မိသားစုအတွင်း ဆု တောင်ရာမှာသော်လည်းကောင်း ဖော်ပြကြပါသည်။ သို့ဖြစ်လင့်ကစား ထိုသခင်သည် အမှန်တကယ်ပေါ်ထွန်းလာသောအခါ သူတို့သည်ထိုသခင်ကို အသိအမှတ် မပြုကြပါ ပြီ။ ]သူသည် မိမိဒေသအရပ်သို့ကြွလာသော်လည်း မိမိလူမျိုးတို့သည် သူ့ကိုလက်မခံ ဘဲနေကြ၏။} (ယောဟန် ၁း၁၁)။ ထိုသူ၌ ပမာဏပြုစရာ အဆင်းတင့်တယ်ခြင်းမရှိ။ ချစ်လိုဖွယ်သော မျက်နှာလက္ခဏာနှင့် မပြည့်စုံဘဲရှိပါသည်။ (ဟေရှာယ ၅၃း၂ ကို ကြည့်ပါ)။

 

 

               ယုဒလူတို့အလယ်မှာ သခင်ယေရှု၏ သက်တော်စဉ်သည် သူတို့၏ တစ်ကိုယ် တော်ကောင်းစားရေးစိတ်ကို ဆုံးမပြစ်တင်သလိုဖြစ်နေပါသည်။ ထိုသခင်၏ အမှန် တရားအပေါ် ရပ်တည်ချက်ကို သူတို့တစ်တွေမုန်းတီးကြသည်။ အရေးအကြောင်းနှင့် ယုံကြည်ခြင်းကို စမ်းသပ်ချိန်ရောက်လာသောအခါ ထိုဣသရေလလူတို့သည် မိမိတို့၏ သန့်ရှင်းမြင့်မြတ်သောအရှင်သခင်ကို ငြင်းပယ်ခဲ့ကြပါသည်။ ထိုသခင်၏ လက်ဝါးကပ် တိုင်အပေါ် သက်စွန်ု့မေတ္တာကို ပြသွားခြင်းအမှုမှာ သူတို့တစ်တွေတာဝန် မကင်းကြပါ ချေ။

               စပျစ်ဥယျာဉ်ဥပမာတွင် သခင်ခရစ်တော်သည် ယုဒကျမ်းတတ်ဆရာကြီးများ ၏ စိတ်အာရုံကို ဆွဲယူရာ၌ ဣသရေလသည် ကောင်းချီးမင်္ဂလာများစွာခံစားရကြောင်း၊ ဘုရားသခင်၏ စကားတော်မြတ်ကို နားထောင်ကျင့်သုံးသင့်ကြောင်း ဖော်ပြပါ၏။ ထို အမှု၌ ၎င်းတို့သည် တာဝန်မကျေခဲ့ပါသောကြောင့် နိုင်ငံတော်တစ်ခုလုံးသည် ပျက်စီး ရကြောင်း ပြညွှန်းသွားပါသည်။

               လူတစ်ဦးသည် စပျစ်ဥယျာဉ်ကိုစိုက်ပျိုး၍ စောင်ရန်းကိုလုပ်ပြီးမှ စပျစ်သီးနယ် ရာကျင်းကို တူးလေ၏။ မှီခိုရာလင့်စင်ကိုလည်း ဆောက်လေ၏။ လုပ်ဆောင်သောသူ တို့အား ဥယျာဉ်ကိုငှါး၍ အခြားသောပြည်သို့ သွားလေ၏။}

               ]ကာလအချိန်တန်လျှင် လုပ်ဆောင်သောသူတို့လက်မှ စပျစ်သီးကို ခံစေခြင်း ငှါ သူတို့ရှိရာသို့ငယ်သားကို စေလွှတ်လေ၏။ ထိုသူတို့သည် ငယ်သားကိုဖမ်းဆီး၍ ရိုက်ပြီးမှ လက်ချည်းလွှတ်လိုက်ကြ၏။ နောက်တစ်ဖန် အခြားသောငယ်သားကို သူတို့ ရှိရာသို့ စေလွှတ်ပြန်လျှင် ဥယျာဉ်စောင့်တို့သည် ခဲနှင့်ပစ်သဖြင့် သူ၏ခေါင်းကိုမှန်၍ အရှက်ခွဲပြီးမှ လွှတ်လိုက်ကြ၏။ အခြားသောငယ်သားကို စေလွှတ်ပြန်လျှင် သူကိုသတ် ကြ၏။ နောက်တစ်ဖန် အရင်ထက်များသောအခြားငယ်သားတို့ကို စေလွှတ်ပြန်လျှင် ဥယျာဉ်စောင့်တို့သည် ရှေ့နည်းအတူပြုကြ၏။ နောက်ဆုံး၌ ဥယျာဉ်ရှင်က ထိုသူတို့ သည် ငါ့သားကိုအားနာကြလိမ့်မည်ဟုဆို၍ မိမိသားကိုစေလွှတ်လေ၏။ ဥယျာဉ်စောင့် တို့သည် သားကိုမြင်လျှင် ဤသူသည်အမွေခံဖြစ်၏။ လာကြ၊ သူ့ကိုသတ်၍ သူ၏အ မွေဥစ္စာကို ယူကြကုန်အံ့ဟု အချင်းချင်းတိုင်ပင်၍ ဥယျာဉ်ရှင်၏ သားကိုဖမ်းယူပြီးမှ ဥယျာဉ်ပြင်သို့ထုတ်၍ သတ်ပစ်ကြ၏။}

               ယခုတွင် ထိုသူတို့အား သခင်ခရစ်တော်က မေးခွန်းမေးနေပြီ။ ]သို့ဖြစ်လျှင် ဥယျာဉ်ရှင်သည်လာသောအခါ ဥယျာဉ်စောင့်တို့ကို အဘယ်သို့ပြုမည်နည်း။} ထိုအခါ ယဇ်ပုရောဟိတ်တို့သည် လူထုပရိသတ်ကြီးနှင့် အတူပေါင်းစည်း၍ အဖြေပေးကြပါ သည်။ ]ထိုလူဆိုးတို့အား ဆိုးသောဖျက်ဆီးခြင်းကို စီရင်ပါလိမ့်မည်။ အသီးသီးချိန်တွင် အသီးကို ဆက်အံ့သောအခြားလူတို့အား ထိုဥယျာဉ်ကိုငှါးပါးလိမ့်မည်ဟု လျှောက်ကြ ၏။}

 

မိမိကိုယ်ကိုအာရုံပြုစူးစိုက်စွဲလမ်းခြင်း

               ထိုသူတို့သည် မိမိတို့၏ ပျက်စီးခြင်းကို ကြေညာခဲ့ခြင်းသာ ဖြစ်ပါသည်တကား။ သခင်ယေရှု၏ အကြည့်သည် သူတို့၏စိတ်နှလုံးအတွင်း လျှို့ဝှက်ချက်များကို ရွတ် ဖတ်နေကြောင်း သူတို့သိပါ၏။ မိမိတို့သာလျှင် ဥယျာဉ်စောင့်များဖြစ်ကြောင်း တွေ့မြင် ခဲ့ရပေသည် မဟုတ်လော။

               ဆက်လက်၍ သခင်ခရစ်တော်မိန့်တော်မူသည်မှာ၊ ]တိုက်ကို တည်လုပ်သော သူများ ပယ်ထားသောကျောက်သည် နောက်တစ်ဖန် တိုက်ထောင့်အထွတ်ဖျားသို့ ရောက်ပြန်၏။ ထိုအမှုသည် ထာ၀ရဘုရားသခင် ပြုတော်မူသောအမှုဖြစ်၏။ ငါတို့ မျက် မှောက်၌လည်း အံ့ဩဖွယ်ဖြစ်၏ဟူသောစကားကို ကျမ်းစာ၌သင်တို့သည် တစ်ရံတစ် ခါမျှ မဖတ်ဖူးသလော။ ထိုကြောင့် ငါဆိုသည်ကား၊ ဘုရားသခင်၏နိုင်ငံတော်ကို သင်တို့ မှနုတ်၍ နိုင်ငံတော်၏ အသီးကိုသီးအံ့သော လူမျိုးအားပေးရလတ္တံ့။} (မဿဲ ၂၁း၃၃-၄၄)။

               ယုဒလူမျိုးတစ်နွယ်လုံးသည် နာဇရက်မြို့သားယေရှုကို မေရှိယသခင်အဖြစ် လက်သင့်မခံကြဖို့ရန် ဆုံးဖြတ်ခဲ့ကြလေပြီ။ (ဟေရှာယ ၅း၇)။ ထိုအချိန်မှစ၍ သူတို့၏ အသက်တာမှာ ညဉ့်သန်းခေါင်ယံအမှောင်ထုကဲ့သို့ မှောင်မိုက်အတိဖြစ်ခဲ့၏။ ကြိုတင်၍ ဟောကိန်းထုတ် ထားသောပျက်စီးခြင်းသည် ယုဒပြည်သားတို့ အပေါ်ကျရောက်လေ ပြီကော။ ထိုသူတို့သည် ဒေါသအမျက်လွှမ်းမိုးမှုဖြင့် မျက်စိမမြင်ကန်းနေသောကြောင့် တစ်ဦးကိုတစ်ဦး ဖျက်ဆီးကြ၏။ ပုန်ကန်သောင်းကျန်းလိုသော ဝင့်ကြွားမာန်မာနကို သူတို့အပေါ်သို့ အစိုးရသူ ရောမအာဏာသားတို့၏ အမျက်ဒေါသသည် သက်ရောက်ရ ၏။ ယေရုရှလင် မြို့တော်ကြီးပျက်စီးပါပြီ။ ဗိမာန်တော်ကြီးလည်း လူမနေသောတော အရပ်ရှိ ဇရပ်အိုကြီးကဲ့သို့ ဖြစ်နေရ၏။ ဗိမာန်တော်ပရဝဏ်ကား လယ်ထွန်ရာအရပ် ဖြစ်ရလေပြီ။ ယုဒပြည်သား သန်းပေါင်းများစွာတို့သည် တိုင်းတစ်ပါးပြည်နိုင်ငံများသို့ ကျွန်ဘ၀အချုပ်သားအ ဖြစ် ရောင်းစားခြင်းကို ခံရလေပါပြီ။

 

အစားထိုးခံရသောဣသရေလလူသစ်များ

               ရွေးချယ်ခံဣသရေလလူမျိုးတို့အားဖြင့် ဘုရားသခင်သည် ဤကမ္ဘာလောက ကြီးတစ်ခွင်ကို ဘုရားသခင်၏အမှုတော်ဖြန့်ရန် အကြံတော်ရှိခဲ့ပါသော်လည်း ထိုအခွင့် အရးကို ဣသရေလလူမျိုးနွယ်တို့သည် ငြင်းပယ်ခဲ့ကြသဖြင့် ဘုရားသခင်သည် နောက် ဆုံးတွင် မိမိအကြံတော်ကို မိမိ၏အသင်းတော်အားဖြင့် ပြီးပြည့်စုံစေပါလိ့မ်မည်။ ကိုယ် တော်သခင်သည် မိမိ၏စပျစ်ဥယျဉ်တော်ကို ]အသီးသီးချိန်တွင် အသီးကိုဆက်အံ့ သော အခြားဥယျာည်စောင့်တို့အား ထိုဥယျာဉ်ကိုငှါးလိမ့်မည်} မဟုတ်လော။ ဘုရား သခင်အတွက် သက်သေခံသော ဤလူတို့သည် ဝိညာဉ်ရေးဆိုင်ရာ ဣသရေလများ ဖြစ်ကြပါ၏။ ထိုသူတို့အပေါ်သို့ ရှေးခတ်က ဣသရေလတို့အား ပေးထားသောဘုရား သခင်၏ ကတိတော်မြတ်တို့သည် ပြည့်စုံရပါလိမ့်မည်။

               ရာစုနှစ်ပေါင်းများစွာ ဧဝံဂေလိတရားတော်ကို ဖြူစင်သန့်ရှင်းသည့် အဖြစ်အ တိုင်း မဟောပြောခဲ့ရပါ။ ပိတ်ပင်ထားကြ၏။ သို့ဖြစ်၍ ဘုရားသခင်၏ ကြီးကျယ်လှသော အကျင့်စပျစ်ဥယျာဉ်တော်ကြီးမှာ အလုပ်မရှိသလောက် ဖြစ်ခဲ့ရသည်။ လူတို့သည် လည်း  ဘုရားသခင်၏ နှုတ်ထွက်စကား တော်အလင်းကိုမရရှိခဲ့။ ကင်းမဲ့စွာနေခဲ့ရ၏။ မှောက်မှားမှုနှင့် အယူသီးမှုတို့က စစ်မှန်သောဘာသာတရားကို ပထုတ်ပစ်ရန် ခြိမ်း ခြောက်လျက်နေသည်။ ထိုစဉ်အခါမှာ ဘုရားသခင်၏အသင်းတော်သည် နှိပ်စက်ညှဉ်း ဆဲခြင်း ကာလရှည်ကြီးအတွင်း သုံ့ပန်းဘ၀နှင့်ရှိနေသည်မှာ ရှေးဣသရေလလူမျိုးတို့ ဗာဗုလုန်နိုင်ငံမှာ သိမ်းသွားခြင်းကို ခံရသကဲ့သို့တည်း။

               သို့တော်လည်း ကျွန်ုပ်တို့သည် ဘုရားသခင်ကို ကျေးဇူးတင်ရပါမည်။ အ ကြောင်းမူကား ဝိညာဉ်ရေးဆိုင်ရာ ဣသရေလကျွန်ုပ်တို့သည် ဗာဗုလုန်မြို့မှာ မိမိ နေရင်းယုဒပြည်သို့ ပြန်လည်ပို့ဆောင်ခြင်းကို ခံရသောရှေးခေတ်က ဣသရေလများ ပြန်လည်ခံစားရရှိသောကောင်းချီးမင်္ဂလာ အခွင့်အရေးများနှင့် ထပ်တူထပ်မျှ တညီ တညွတ်တည်းချီးမြှင်ခြင်းကိုခံရပါ၏။ မြေကြီးကမ္ဘာအရပ်ရပ်မှာ မှီတင်းနေထိုင် ကြကုန် သော သက်ရှိလူသားအပေါင်းတို့သည် ကောင်းကင်ဘုံမှ ပေးပို့သောသတင်းကောင်း လက်ဆောင်မြတ်ကို တုံ့ပြန်နေကြပါပြီ။ ]ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်သော အချိန်ရောက်လာပြီ။} (ဗျာ ၁၄း၇)။

               ]ဗာဗုလုန်မြို့ကြီးပြိုလဲပြီ။ မိမိမတရားသော မေထုန်၏ အဆိပ်အတောက် တည်းဟူသော စပျစ်ရည်ကို လူမျိုးအပေါင်းတို့အား တိုက်လေပြီးသော ဗာဗုလုန်မြို့ကြီး ပြိုလဲပြီ။} ဝိညာဉ်ရေးဆိုင်ရာ ဣသရေလ ကျွန်ုပ်တို့ထံရောက်ရှိလာသော သတင်း ကောင်းကား၊ ]ငါ၏လူမျိုးတို့၊ သူ၏အပြစ်တို့ကို ဆက်ဆံခြင်းနှင့်လည်းကောင်း၊ သူ၏ ဘေးဒဏ်များကို ခံခြင်းနှင့်လည်းကောင်း ကင်းလွတ်အံ့သောငှါ သူ၏အထဲထွက်ကြ လော့။} (ငယ် ၈။ ၁၈း၄)။ သိမ်းသွားခြင်းကိုခံရသော ရှေးခတ်က ဣသရေလလူတို့ ]ဗာဗုလုန်မြို့ထဲကထွက်ပြေး၍ အသီးသီးကိုယ်အသက်ကို ကယ်နုတ်ကြလော့} (ယေရ မိ ၅၁း၆) ဟူသောသတင်းစကားကို သတိပြုလိုက်နာခဲ့သလို ထာ၀ရဘုရားသခင် ကို ကြောက်ရွံ့သောသူတို့သည် ဝိညာဉ်ရေးဆိုင်ရာ ဗာဗုလုန်မြို့ထဲက ထွက်ချိန်တန် ပါပြီ။ မကြာတော့သော ကာလတွင် ထိုသူတို့သည် ကောင်းကင်ဘုံခါနာန်ပြည်မှာ ဘုရား သခင်၏ ကျေးဇူးတော်ကြောင့် အောင်ပွဲခံရပ်တည်ရပါတော့မည် မဟုတ်လော။

               ကတိတော်ထားရာ မေရှိယသခင်ကို ကျွန်ုပ်တို့သည် (ဒုတိယအကြိမ်) မျက်ဝါး ထင်ထင်မြင်တွေ့ရပါတော့မည်။ သခင်ယေရှု၏ ရှေ့တော်ပြေး နှစ်ခြင်းဆရာယောဟန် သည် ဤသို့သတင်းကောင်းကို ပေးခဲ့ပါ၏။ ]ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ။ ထိုကြောင့် နောင်တရကြလော့။} (မဿဲ ၃း၂)။ ယနေ့မှာလည်း ထိုယောဟန်၏ စိတ် ဓါတ်နှင့် တန်ခိုးအင်အားရှိသူ ဘုရားသခင်ခန့်အပ်ထားသော အစေခံသံတမန်တို့သည် ကရုဏာတံခါးမပိတ်မီကာလ ပြစ်ဒဏ်စီရင်ခြင်းကိုခံရတော့မည့် ဤကမ္ဘာလောကသား တို့အား အပြစ်မှနောင်တရရန် ကြွေးကြော်လျက်ရှိနေပါ၏။ အကြောင်းမူကား ဘုရင် တကာ့ဘုရင်၊ သခင်တကာ့သခင်ကဲ့သို့သော ခရစ်တော်ယေရှု ဘုရားသခင်သည် ပေါ် ထွန်းလာတော့မည်ဖြစ်ပါသည်။ သို့ဖြစ်၍ ထာ၀ရပျက်စီခြင်းဘောင်နှုတ်ခမ်းမှာ ရပ်တည် လျက်ရှိနေကြသော လူသားတို့အား သတိပေးဟောပြောရန် ဘုရားသခင်၏ အသင်း တော်၌ တာဝန်ရှိပါသည်။ ဤသည်ကိုသတိပြုမိကြကုန်သည် လူအသီးသီးတို့အား အ ကောင်းနှင့်အဆိုးစပ်ကြား တိုက်လှန်ပွဲကြီး၏ အခြေခံစည်းမျဉ်းတို့ကို ရှင်းလင်စွာ ဖော် ပြဖွင့်ဆိုရပါမည်။

               နောက်ဆုံးသောအချိန်နာရီ၊ ယခုလိုကာလမျိုးမှာ ဘုရားသခင်သည် မိမိ၏ အသင်းတော်ကို ယခင်ကနှင့်မတူ၊ တစ်မူထူးခြားစွာ နိုးနိုးကြားကြားရှိသည်ကို တွေ့မြင် လိုပါ၏။ တန်ဖိုးမဖြတ်နိုင်သော အမှန်တရားအလင်းအားဖြင့် ယေရှုခရစ်တော်သခင်ကို ရရှိခံစား မင်္ဂလာပွားများနေသူတို့သည် မိမိတို့ကို မှောင်မိုက်ကမ္ဘာမှ အံ့ဖွယ်အလင်း ဆီသို့ ခေါ်ဆောင်လာသော ထိုသခင်ကို အမြဲဂုဏ်ပြုချီးမွမ်းဖို့ရန်ဖြစ်ပါသည်။ ရက်ရော စွာ ခံစားရရှိသော မင်္ဂလာအပေါင်းကိုလည်း တစ်ပါးသူအား ဝေမျှဆက်သွယ်ရန် ဖြစ်၏။ စစ်မှန်သော တပည့်တော်တစ်ဦးစီတိုင်းထံမှ သစ်လွင်သော အသက်တာ၊ ရဲစွမ်းသတ္တိ နှင့် စစ်မှန်သော အနာငြိမ်းအေးစေခြင်းသည် ကြွယ်၀စုံလင်စွာ နှံ့ပြားစေရမည်မဟုတ် ပါလော။

 

                              ကမ္ဘာ့အမှောင်ထုကြီးကိုထွင်းဖောက်သွားမည့်အလင်းတရား

               ကမ္ဘာ့သမိုင်း၏ နောက်ဆုံးပိုင်းအမှောင်မိုက်ဆုံးအချိန်ကာလမှာ သခင်ခရစ် တော်သည် ကြွဆင်းလာပါလိမ့်မည်။ ထိုအချိန်မျိုးမှာ စာတန်သည်]မတရားသောလှည့် ဖြားခြင်းအမျိုးမျိုး}ကိုပြုပါလိမ့်မည်။ (၂သက် ၂း၁၀)။ သူ၏လုပ်ဆောင်မှုများကို ယနေ့ ကာလမြောက်မြားစွာသော လှည့်စားမှုနှင့် အယူအဆ မှောက်မှားခြင်းများတွင် တွေ့မြင် နိုင်ပါ၏။ သူ၏လှည့်စားမှုများကို ခရစ်တော်၏ အသင်းတော်များမှာသော်လည်း ဖောင်းပွ မှုအသွင်မျိုးနှင့် မြင်တွေ့နိုင်ပြီမဟုတ်လော။ ဖောက်ပြန်သင်းခွဲခြင်းသည် ညဉ့်သန်း ခေါင်ယံမှောင်မိုက်ခြင်းမျိုးလို တိုးပွားလာပေမည်။ သို့သော်လည်း ထိုအမှောင်ထုမှသည် ထာ၀ရဘုရားသခင်၏ အလင်းသည် ထင်ရှားလာလိမ့်မည်။ ဘုရားသခင်သည် မိမိ၏ လူတို့အား ]သင်ထလော့၊ လင်းလော့၊ သင်၏အလင်းရောက်လာပြီ။ ထာ၀ရဘုရား သခင်၏ဘုန်းတော်သည် သင်၏အပေါ်မှာပေါ်ထွန်းလျက်ရှိ၏} ဟူမြွက်ဆိုနေပါသည်။ (ဟေရှာယ ၆ဝး၁)။

               သခင်ယေရှုခရစ်တော်ကလည်း နာဇရက်မြို့မှာ ဤသို့ပြောခဲ့သည်။ ]ထာ၀ရ ဘုရားသခင်၏ဝိညာဉ်တော်သည် ငါ့အပေါ်၌တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲ သားတို့အား ဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှါ ငါ့ကို ဘိသိက်ပေးတော် မူပြီ။ ကြေမွသောသူတို့၏အနာကို ပျောက်စေခြင်းငှါလည်းကောင်း၊ ဖမ်းသွားချုပ်ထား လျက်ရှိသောသူတို့အား လွှတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသောသူတို့အား မျက်စိ ပြန်မြင်ခြင်းအကြောင်းကို ပြစေခြင်းငှါလည်းကောင်း၊ ညှဉ်းဆဲခံရသောသူတို့ကို ကယ် မစေခြင်းငှါလည်းကောင်း၊ ထာ၀ရဘုရားသခင်၏ မင်္ဂလာနှစ်ကာလကို ကြားပြောစေ ခြင်းငှါလည်းကောင်း ငါ့ကိုစေလွှတ်တော်မူပြီ။} (လုကာ ၄း၁၈၊ ၁၉)။ ထိုသခင်သည် မိမိ ၏တပည့်တော်တို့အား ဤကဲ့သို့လုပ်ဆောင်ရန် အမိန့်တော်ကို ဆင့်ဆိုခဲ့ပါသေးသည်။ ]မွတ်သိပ်သောသူကို အစာကျွေးခြင်း၊ နေရာမရှိ၊ ဆင်းရဲသောသူတို့ကို ကိုယ်အိမ်သို့ ဆောင်ခြင်းကိုပြုလော့။ သို့ပြုလျှင် သင်၏အလင်းသည် မိုးသောက်သော အလင်းကဲ့သို့ ပေါ်ထွန်း၍ အလျင်အမြန် ကျန်းမာခြင်းကိုရောက်လိမ့်မည်။ သင်၏ဖြောင့်မတ်ခြင်း အ ကျင့်သည် သင့်ရှေ့၌သွား၍ ထာ၀ရဘုရားသခင်၏ ဘုန်းတော်သည် နောက်၌လုံခြုံစေ လိမ့်မည်။} (ဟေရှာယ ၅၈း၇၊ ၈)။

 

 

               ဤသို့လျှင် ဝိညာဉ်ရေးဆိုင်ရာညဉ့်အမှောင်ထုထဲမှာ ဘုရားသခင်၏ ဘုန်း တော်သည် မိမိ၏အသင်းတော်အားဖြင့် ထွန်းလင်းရပါမည်။ ကျွန်ုပ်တို့ပတ်လည်ရှိ လူ သားတို့သည် ကမ္ဘာ့ပူဆွေးဝမ်းနည်းမှု ညည်းညူသံကို ကြားနေရ၏။ နေရာအနှံ့အ ကူအညီလိုအပ်နေသူများ ရှိကြ၏။ သူတို့စိတ်ပျက်နေကြသည်။ သူတို့အသက်တာ၏ ခက်ခဲမှုများနှင့် ဆိုးမွေများကို ကျွန်ုပ်တို့သက်သာစေရမည်။ အကယ်၍သာ သခင်ခရစ် တော်၏ စိတ်သဘောမျိုး ကျွန်ုပ်တို့မှာရှိချေက ကျွန်ုပ်တို့သည် သနားတတ်လာမည်။ ဘုရားသခင်၏ သနားတတ်ခြင်းမျိုးကို ခံစားလာမည် ဖြစ်ပါသည်။

               လူများစွာတို့၌ မျှော်လင့်ချက်မရှိသောကြောင့် သူတို့ထံသို့အလင်းကို ဆောင် ယူသွားပါ။ စိတ်ဓါတ်ကျကာ သတ္တိနည်းသူများအတွက် ဆုတောင်းပေးကြပါ။ ဘုရား သခင်၏ နှုတ်ထွက်ကျမ်းစာတော်မြတ်ကို ဖတ်ကြားပေးကြပါ။ ထိုသို့သော လူများစွာ တို့၌ အသက်ဝိညာဉ်လန်းဆန်းလာရန် ကုသပေးသူသမားတော်များမရှိပါ။ ထိုသူတို့အား သခင်ယေရှုထံ ယူဆောင်သွားပါလေ။

               ကမ္ဘာတစ်ဝန်းလုံးသည် မှောင်မိုက်အတိဖြစ်လျက် ဝေဒနာများ နှင့် ပတ်ရစ်နေ ၏။ ထိုနေရာမျိုးမှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်အသိစိတ်ကို ထွန်းလင်းပေးရ ပါမည်။ လူတန်းစားမရွေး အလင်းတရားကိုပေးရမည်။ တစ်ပါးအမျိုးသားတို့သည် ဤ သတင်းကောင်းကို မသိရဘဲနှင့် အချိန်မကုန်လွန်စေရပါ။ ညဉ့်သန်းခေါင်အမှောင်ထဲမှာ ထိုသူတို့ကို မချန်ထားရပါချေ။

               အသင်းတော်သည် ပြောင်းလဲကိုယ်ခန္ဓာအဖြစ်ဆီသို့ ရောက်ရှိရန် လိုအပ်သော စီမံမှုတိုင်းကို သခင်ခရစ်တော်ဖန်တီးခဲ့ပါပြီ။ ခရစ်ယာန်တိုင်းသည် အလင်းအိမ်သဖွယ် ငြိမ်သက်သော ဝိညာဉ်ရေးဆိုင်ရာ လွှမ်းမိုးမှုမျိုးရှိရမည်။ ကျွန်ုပ်တို့၏ အသက်တာများ တွင် သခင်ယေရှု၏ ဝမ်းမြောက်မှုကို ဖော်ပြကြပါစို့။ သခင်အလိုရှိပါသည်။

               ယေရှုခရစ်တော်သည် စုံလင်စွာသော တန်ခိုးတော်နှင့်ဘုန်ကြီးသောရှင်ဘုရင် ကဲ့သို့ ကြွဆင်းလာပေမည်။ ကမ္ဘာအနှံ့မှာ အမှောင်ထုကြီးစိုးမိုး၍ နေသော်လည်း သန့်ရှင်းသူတို့၏နေရပ်တိုင်းမှာ အလင်းထွန်းတောက်နေပါမည်။ သခင်ယေရှု၏ ဒုတိယ အကြိမ်ပေါ်ထွန်းလာမည့် ပထမအလင်းကို သူတို့မြင်ရပါလိမ့်မည်။ လူဆိုးသွမ်းများ ကြောက်လန့်၍ ပြေးလွှားနေချိန်မှာ သခင်ခရစ်တော်၏ နောက်တော်လိုက်တို့သည် သခင့်ရှေ့တော်မှောက်မှာ ဝမ်းမြောက်၍ နေပါလိမ့်မည်။

               ထိုနောက် သန့်ရှင်းသူတို့သည် မိမိတို့ကိုကတိပေးထားခဲ့သည့်အတိုင်း အမွေ တော်ကိုခံယူရပါလိမ့်မည်။ ဤတွင် ဣသရေလလူတို့အတွက် ဘုရားသခင်၏ အကြံ တော်သည် အမှန်တကယ်ပြည့်စုံတော့အံ့။ ထိုပြီးပြည့်စုံမှုအတွက် ဘုရားသခင်၏ အကြံ တော်သည် တဖြည်းဖြည်းချင်း မှန်မှန်ရှေးသို့တက်လှမ်းနေပါသည်။ ဣသရေလတို့၏ အတိတ်သမိုင်းမှာ ရင်ဆိုင်ကြုံတွေ့ခဲ့ရသလို ယနေ့ဝိညာည်ရေးဆိုင်ရာ ဣသရေလတို့ မှာလည်း ကြုံတွေ့နေရပါသည်။

               ပတ်မုကျွန်းပေါ်မှ ပုရောဖက်တစ်ပါးက ဤသို့ သက်သေခံခဲ့ပါသည်။ ]ထို နောက်မှ ငါကြည့်လျှင် အသီးသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ် ခပ်သိမ်း တို့အထဲမှထွက်၍ အဘယ်သူမျှမရေးမတွက်နိုင်သော လူများအပေါင်းတို့သည် ဖြူသော ဝတ်ရုံကို ဝတ်ဆင်လျက် စွန်ပလွံခက်ကိုကိုင်လျက် ပလ္လင်တော်ရှေ့၊ သိုးသငယ်ရှေ့မှာ ရပ်နေကြ၏။ သူတို့ကလည်း၊ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော ငါတို့၏ ဘုရားသခင်နှင့် သိုးသငယ်သည် ကယ်တင်တော်မူခြင်း ချမ်းသာရှိတော်မူစေသတည်းဟု ကြီးသောအ သံနှင့် ကြွေးကြော်ကြ၏။}

               ]သို့သငယ် (ယေရှုဘုရားသခင်) သည် သခင်တို့၏သခင်၊ ဘုရင်တို့၏ ဘုရင် ဖြစ်တော်မူ၏။ ကိုယ်တော်နှင့်အတူရှိသောသူတို့သည်လည်း ခေါ်တော်မူသော်သူ၊ ရွေး ချယ်တော်မူသောသူ၊ သစ္စာရှိသောသူ ဖြစ်ကြ၏။} (ဗျာ ၇း၉၊၁၂၊ ၁၉း၆၊ ၇)၊ (ဗျာ ၁၇း၁၄)။

 

 

 


No comments:

Post a Comment