ပသခါပွဲသို့သွားရောက်လည်ပတ်ခြင်း
ရှင်လုကာ
၂း၄၁-၅၁ ကို အခြေပြုသည်
ယုဒလူမျိုးများတွင်
အသက်တာဆယ့်နှစ်နှစ်အရွယ်သည် ကလေးဘဝနှင့်လူငယ်ဘဝကို ခွဲခြားသော အရာဖြစ်ပါသည်။
အသက်နှစ်နှစ်ပြည့်သွားသည့် ဟေဗြဲယောကျာ်းကလေးများသည် ပညတ်တော်၏သား ဟူ၍လည်းကောင်း၊
ဘုရားသခင်၏သားဟူ၍လည်းကောင်း ခေါ်ဝေါ်ခြင်းကို ခံရပါသည်။ ထိုသူငယ်သည်
ဘာသာရေးသွန်သင်ဆုံးမစကားများကိုနာယူရန် အထူးအခွင့်အရေးရရှိပြီး
သန့်ရှင်းမွန်မြတ်သောဘာသာရေး ပွဲများနှင့် ဝတ်ပြုကိုးကွယ်ပွဲများတွင်လည်း
ပါဝင်ခွင့်ရရှိလာကြသည်။ သခင်ယေရှုသည် ကလေးဘဝ၌ဓလေ့ ထုံးစံများနှင့်လျော်ညီစွာ
ပသခါပွဲတက်ရန် ယေရုရှလင်မြို့သို့ခရီးထွက်ခဲ့ပါသည်။ ဘာသာရေးကိုင်းရှိုင်းသော
ဣသရေလလူများအားလုံးကဲ့သို့ ယောသပ်နှင့်မာရိသည် ပသခါပွဲသို့တက်ရောက်ရန်
နှစ်စဉ်နှစ်တိုင်းသွား ရောက်ခဲ့ရာ သခင်ယေရှုသည် သတ်မှတ်ထားသည့် အသက်ပြည့်မီသောအခါ
၎င်းတို့နှင့်အတူ သူငယ်တော် ယေရှုအား ယေရုရှလင်မြို့သို့ ခေါ်ဆောင်သွားခဲ့ကြပါသည်။
ဣသရေလလူမျိုးဖြစ်သော
အရွယ်ရောက်သည့်ယောကျာ်းအားလုံးသည် ယေရုရှလင်မြို့သို့လာ ရောက်၍
ဘုရားဝတ်ပြုကိုးကွယ်ရမည့် နှစ်စဉ်ကျင်းပသည့် ဘာသာရေးပွဲသုံးခုရှိပါသည်။
၎င်းတို့မှာ ပသခါပွဲ၊ ပင်တေကုတ္တေပွဲနှင့် သကေနေပွဲတို့ဖြစ်ကြပါသည်။
ဤပွဲသုံးခုတွင် ပသခါပွဲသည် လူအများဆုံးတက်ရောက် သည့်ပွဲတစ်ခုဖြစ်ပါသည်။
အရပ်ရပ်တွင် ကွဲလွင့်နေသော ယုဒလူမျိုးများစွာတို့သည် မိမိတို့နေထိုင်သည့်
တိုင်းပြည်များမှ ယေရုရှလင်မြို့သို့ စုရုံးလာခဲ့ကြပါသည်။ ဂါလိလဲမှ
ယေရုရှလင်မြို့သို့သွားသည့် ခရီးသည် ရက်ပေါင်းများစွာကြာသဖြင့်
တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးစေကြရန်အတွက်သော်လည်းကောင်း၊
ရန်သူများကိုကာကွယ်ရန်အတွက် သော်လည်းကောင်း၊ ခရီးသည်များသည်
ကြီးမားသောလူအုပ်ကြီးများ ဖွဲ့စည်း၍ ခရီးသွားကြပါသည်။ မတ်စောက်၍
ကျောက်တောင်ထူထပ်သော လမ်းများသို့ရောက်သောအခါ အမျိုးသမီးများနှင့်
သက်ကြီးရွယ်အိုများသည် နွားများ၊ မြည်းများကိုစီး၍ ခရီးသွားကြရသည်။ သန်မာ
ကြံ့ခိုင်သောယောကျာ်းကြီးများနှင့် လူငယ်များတို့သည် ခြေလျင်သွားကြရပါသည်။
ပသခါပွဲအချိန်သည် မတ်လကုန်ပြီး ဧပြီလဆန်းတွင် ကျရောက်သောကြောင့်
ယုဒပြည်တစ်ခုလုံးတွင် ပန်းမာလာများနှင့်လှပနေပြီး ငှက်ကလေးများ၏သီချင်းသံများဖြင့်
သာယာလျက်ရှိပါသည်။ လမ်းခရီးတစ်လျှောက်လုံးတွင် ဣသရေလ
များ၏သမိုင်းဝင်သတိရအောက်မေ့ဖွယ်ရာများရှိပါသည်။ ၎င်းပြင် မိခင်ဖခင်များသည်
သားသမီးများအား အတိတ်ကာလအချိန်များတွင် ဘုရားသခင်သည်
မိမိလူများအတွက်ပြုတော်မူခဲ့သော အံ့ဩဖွယ်ရာများ အကြောင်းကို
ပြန်ပြောင်းပြောပြခဲ့ကြပါသည်။ သူတို့သည် ခရီးစဉ်ကို
သီချင်းများသီဆိုတီးမှုတ်၍သွားခြင်း အားဖြင့် ပျော်ရွှင်အောင်ဖန်တီးခဲ့ကြပါသည်။
နောက်ဆုံးတွင် ယေရုရှလင်ရှိမျှော်စင်များကို တွေ့မြင်ကြရ သောအခါ လူတိုင်းသည်
အောက်ပါသီချင်းကိုအောင်ပွဲခံသည့် အသံမျိုးဖြင့် သီဆိုကြပါသည်။
“အိုယေရုရှလင်မြို့သင်၏တံခါးတို့အတွင်း၌
ငါတို့သည်ရပ်နေကြလိမ့်မည်----
သင်၏မြို့ရိုးအတွင်း၌
ငြိမ်ဝပ်ခြင်း၊ သင်၏
ဘုံဗိမာန်တို့၌
ချမ်းသာခြင်းရှိပါစေသော”
ဆာလံ
၁၂၂း၂-၇။
ပသခါပွဲကိုကျင်းပစောင့်ထိန်းခြင်းသည်
ဟေဗြဲနိုင်ငံပေါက်ဖွားလာသည့်အချိန်မှအစပျိုးခဲ့ပါသည်။ အီဂျစ်ပြည်တွင်
နေထိုင်ခဲ့ရသော ကျွန်ဘဝ၏နောက်ဆုံးညတွင် လွတ်မြောက်ခြင်းအတွက် အရိပ်အခြည်
တစ်စုံတစ်ခုမျှမရှိသောအချိန်၌ လောလောဆယ်ရရှိမည့်လွတ်ငြိမ်းချမ်းသာခွင့်အတွက်
ပြင်ဆင်ကြရန် သူတို့ အား ဘုရားသခင်အမိန့်ပေးတော်မူခဲ့ပါသည်။ ကိုယ်တော်သည်
ဖာရောဘုရင်အား အီဂျစ်လူမျိုးများ အပေါ်သို့ ကျရောက်မည့်နောက်ဆုံးဘေးဒဏ်အကြောင်းကို
ကြိုတင်သတိပေးပြီးလျှင် ဟေဗြဲလူမျိုးများအားလည်း မိမိတို့၏မိသားစုများကို
စုရုံးကာ မိမိတို့နေအိမ်များထဲတွင် နေကြရန် ညွှန်ကြားခဲ့ပါသည်။ အသေသတ်ခြင်း ခံရသော
သိုးသူငယ်၏အသွေးဖြင့် တံခါးတိုင်များကိုပက်ဖြန်းပြီးနောက်
အသားကိုမီးနှင့်ကင်ပြီးမှထိုညဉ့်၌ပင် တဆေးမပါသောမုန့်၊
ခါးသောဟင်းသီးဟင်းရွက်နှင့်စားရန်ဖြစ်ပါသည်။ ထိုသို့စားရာတွင် “ခါးစည်းကိုစည်း
လျက်၊ ခြေနင်းကိုစီးလျက်၊ တောင်ဝှေးကိုကိုင်လျက် အလျင်အမြန်စားရမည်။ ထာဝရဘုရား၏
ပသခါ ဖြစ်သတည်း” ထွက်မြောက်ရာ ၁၂း၁၁။ ထိုညသန်းခေါင်ယံ အချိန်တွင်
အဲဂုတ္တုပြည်ရှိသားဦးအားလုံးသည် ဒဏ်ခတ်ခြင်းကိုခံရ၏။ ထိုအချိန်တွင် ဖါရောမင်းသည်
ဣသရေလလူများထံသို့ “ထ၍ ငါ့လူစုထဲက ထွက် သွားကြလော့၊ သင်တို့တောင်းသည့်အတိုင်း
ထာဝရဘုရားအားသွား၍ ဝတ်ပြုကြလော့” ဟုသတင်းပို့ခဲ့၏။ ဟေဗြဲလူမျိုးများသည်
လွတ်လပ်သောလူမျိုးများအဖြစ်ဖြင့် အဲဂုတ္တုပြည်မှထွက်လာခဲ့ကြပါသည်။ ပသခါပွဲ ကို
နှစ်စဉ်ကျင်းပရမည်ဖြစ်ကြောင်း ထာဝရဘုရားမိန့်တော်မူခဲ့ပါသည်။ ၎င်းပြင်
“သင်တို့၏သားမြေးတို့က ဤဝတ်ကိုပြု၍ အဘယ်သို့ဆိုလိုသနည်းဟုမေးမြန်းကြလျှင်
ထာဝရဘုရားသည် အဲဂုတ္တုလူတို့ကို ဒဏ်ခတ်၍ ငါတို့အိမ်များကိုချမ်းသာပေးတော်မူသောအခါ
အဲဂုတ္တုပြည်၌ဣသရေလအမျိုးသားတို့၏အိမ်များကိုလွန် သွားတော်မူသော
ထာဝရဘုရား၏ပသခါဖြစ်သည်ဟု ပြန်ပြောရမည်ဟုဆို၏။” ဤနည်းအားဖြင့်အံ့ဩဖွယ် ရာကယ်လွှတ်ခြင်းအကြောင်းများကို
မျိုးစဉ်မျိုးဆက်ပြန်ပြောင်းပြောပြခဲ့ကြပါသည်။
ပသခါပွဲကျင်းပသည့်နေ့မှစ၍
ခုနစ်ရက်တိုင်တိုင် အဇုမပွဲကိုဆက်လက်ကျင်းပခဲ့ပါသည်။ ထိုပွဲ၏ ဒုတိယမြောက်နေ့တွင်
တစ်နှစ်အတွက်ကောက်ရိတ်သိမ်းခြင်း၏အဦးသီးဖြစ်သော မုယောစပါးကောက် လှိုင်းများကို
ထာဝရဘုရားရှေ့တွင် ဆက်ကပ်လှူဒါန်းကြပါသည်။ ထိုပွဲတော်၏ဝိနည်းထုံးဖွဲ့နှင့်ဆိုင်သော
လုပ်ငန်းအားလုံးသည် ခရစ်တော်၏အမှုတော်အတွက် ပုံဆောင်မှုများဖြစ်ကြပါသည်။
အဲဂုတ္တုပြည်မှ ဣသရေလများအား ကယ်လွှတ်ခြင်းသည် ကယ်တင်ခြင်းလုပ်ငန်းအတွက်
သရုပ်ပြသင်ခန်းစာတစ်ခုဖြစ်ပြီး ပသခါပွဲသည် ထိုအရာကိုအမြဲတမ်း သတိရအောက်မေ့ရန်
ရည်စူးပါသည်။ အသေသတ်ခြင်းခံရသော သိုးသငယ်သည်လည်းကောင်း၊
တဆေးမဲ့မုန့်သည်လည်းကောင်း၊ အဦးသီးကောက်လှိုင်းသည်လည်းကောင်း ကယ်တင်ရှင်ကို
ပုံဆောင်ထားပါသည်။ ခရစ်တော်၏အချိန်တွင် အသက်ရှင်ခဲ့ကြသည့်များစွာသောလူများတို့
အတွက်မူ ပသခါပွဲကျင်းပခြင်းသည် အပေါ်ယံအပြင်ပန်းသက်သက်သာဖြစ်လာပြီး
ဆုတ်ယုတ်ရွေ့လျော့လာ ခဲ့ပါသည်။ သို့စေကာမူ သားတော်မြတ်သခင်ခရစ်တော်အတွက်မူ
အထူးအရေးပါလှပါသည်။
သူငယ်တော်ယေရှုသည်ထိုအချိန်တွင်
ပထမဦးဆုံးအကြိမ်အဖြစ်ဖြင့် ဗိမာန်တော်ကိုကြည့်ရှုလိုက်ရာ
အဖြူရောင်ဝတ်ရုံကိုဝတ်ဆင်၍ မွန်မြတ်လှသောအမှုတော်ကို ထမ်းဆောင်နေကြသော
ယဇ်ပုရောဟိတ်များ ကို မြင်တွေ့ခဲ့ရပါသည်။ ယဇ်ပလ္လင်ပေါ်တွင်ရှိသော
သွေးသံရဲရဲနှင့်ယဇ်ကောင်ကိုလည်း ကြည့်ရှုခဲ့ပါသည်။ နံ့သာပေါင်းအခိုးအငွေ့များသည်
ထာဝရဘုရားရှေ့တော်သို့ပျံတက်နေစဉ်ကိုယ်တော်သည်အခြားကိုးကွယ်သူ များနှင့်အတူ
ဦးညွတ်၍ ဆုတောင်းခဲ့ပါသည်။ ပသခါအထိမ်းအမှတ်ကိုးကွယ်မှု၏ စိတ်တွင်စွဲမြဲစေသော
အခမ်းအနားများကို မျက်မြင်ကိုယ်တွေ့မြင်ခဲ့ရပါသည်။ ကိုယ်တော်သည် ၎င်းဝတ်ပြုကိုးကွယ်မှု၏
အနက် အဓိပ္ပါယ်များကိုလည်း တစ်နေ့ထက်တစ်နေ့ ပိုမို၍ရှင်းလင်းစွာတွေ့မြင်ခဲ့ရပါသည်။
လုပ်ဆောင်မှုတိုင်းသည် ကိုယ်တော်ရှင်၏အသက်တာနှင့်နီးကပ်စွာဆက်နွှယ်နေပါသည်။
ကိုယ်တော်၏စိတ်ထဲတွင် အသစ်သောစိတ် လှုပ်ရှားမှုများ ဖြစ်ပေါ်လာခဲ့ပါသည်။
ကိုယ်တော်သည် ကြီးမားသောပြဿနာတစ်ခုကို လေ့လာနေသကဲ့သို့ ငြိမ်သက်၍
အာရုံစူးစိုက်နေပါသည်။ အမှုတော်မြတ်၏ နက်နဲမှုများသည် ကယ်တင်ရှင်၏ ရှေ့မှောက်တွင်
ထင်ရှားလျက်ရှိပါသည်။
ဤမြင်ကွင်းများကို
စဉ်းစားဆင်ခြင်မှုတွင် စိတ်အာရုံရောက်ရှိနေသဖြင့် ကိုယ်တော်သည် မိဘများ၏ နံဘေးတွင်
အနေတော့ဘဲ တစ်ကိုယ်တည်းနေရန် ကြိုးစားခဲ့ပါသည်။ ပသခါအထိမ်းအမှတ် ကိုးကွယ်ပွဲများ
ကျင်းပပြီးစီးသွားသောအခါ ကိုယ်တော်သည် ဗိမာန်တော်ဝင်းအတွင်း၌ပင် ဆက်လက်၍နေထိုင်ခဲ့ရာ
အခြား ကိုးကွယ်သူများသည် ကိုယ်တော်ကို ယေရုရှလင်မြို့တွင် ချန်ထားခဲ့၍
ထွက်ခွာသွားခဲ့ကြပါသည်။
သခင်ယေရှု၏မိဘများသည်
ယေရုရှလင်မြို့သို့လာရောက်လည်ပတ်ခဲ့သည့် ဤခရီးစဉ်အတွင်း၌ ကိုယ်တော်အား
ဣသရေလတိုင်းပြည်မှ ဆရာကြီးများနှင့်အဆက်အသွယ်ရကာ ရင်းနှီးသွားစေလိုကြပါ သည်။
ကိုယ်တော်သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ခရေစေ့တွင်းကျ
လိုက်နာကျင့်ဆောင်နေစဉ်တွင် ယုဒကျမ်းတတ်ဆရာများကျင့်ဆောင်သော ကိုးကွယ်မှုများ၊
ဓလေ့ထုံးစံ (အလေ့အထ) များနှင့်ပုံစံကိုက် အောင်မလုပ်ဆောင်နိုင်ခဲ့ချေ။
ယောသပ်နှင့်မာရိတို့အနေနှင့်မူ ကိုယ်တော်သည်ကျမ်းတတ်ဆရာနှင့်ပညာ တတ်များကို
ရိုသေလေးစား၍ ၎င်းတို့ချမှတ်ထားသော စည်းကမ်းချက်များကို ကောင်းမွန်စွာလိုက်နာ စောင့်ရှောက်ရန်
လိုလားကြပါသည်။ သို့သော် ဗိမာန်တော်အတွင်း၌ရှိသော သခင်ယေရှုသည်ထာဝရဘုရား ၏
သွန်သင်မှုကိုခံယူခဲ့ပြီးဖြစ်ပါသည်။ ထို့နောက် ကိုယ်တော်သည်
မိမိခံယူရရှိခဲ့သည့်အရာများကိုချက်ခြင်း စတင်ဝေငှတော်မူခဲ့ပါသည်။
ထိုအချိန်အခါတွင် ယဇ်ပုရောဟိတ်များသည်
ပုရောဖက်ကျောင်းများ၏ပုံစံကိုယူ၍ ဗိမာန်တော်နှင့် ဆက်လျက်ရှိသော အခန်းတစ်ခန်းကို
သန့်ရှင်းသောကျောင်းဟူ၍ သီးခြားသတ်မှတ်ထားပါသည်။ ထိုနေရာတွင် ကျမ်းတတ်ဆရာများနှင့်
၎င်း၏တပည့်များတို့သည်စုရုံးခဲ့ကြပြီး ထိုနေရာသို့သူငယ်တော် ယေရှု
ရောက်ရှိလာခဲ့ပါသည်။ ကိုယ်တော်သည် သိက္ခာရှိသော ဤပညာတတ်ပုဂ္ဂိုလ်များ၏
ခြေရင်းတွင်ထိုင်၍ ၎င်းတို့၏ဩဝါဒများကို နားထောင်ခဲ့ပါသည်။ ကိုယ်တော်သည်
ပညာကိုရှာဖွေနေသူတစ်ဦးအနေနှင့် မိမိသိ လိုသော အနာဂတ္တိစကားများနှင့်
ပတ်သက်သောမေးခွန်းများကို လည်ကောင်း၊ မေရှိယကြွလာခြင်းကို
ပြညွှန်နေသောအဖြစ်အပျက်များ၊ ထိုအချိန်ကဖြစ်ပျက်လျက်ရှိသော
အဖြစ်အပျက်များအကြောင်းကို လည်း ကောင်း ထိုကျမ်းတတ်ဆရာများအား မေးမြန်းခဲ့ပါသည်။
သခင်ယေရှုသည်ထာဝရဘုရားအကြောင်းကိုအလွန်သိချင်သူတစ်ဦးအဖြစ်ဖြင့်
မိမိကိုယ်ထင်ရှားစေ ခဲ့ပါသည်။ ကိုယ်တော်၏မေးခွန်းများသည်
အသက်ဝိညဉ်များ၏ကယ်တင်ခြင်းအတွက် အရေးကြီးသော် လည်း အချိန်ကြာမြင့်စွာ
မထင်မရှားဖြစ်ခဲ့သည့် နက်နဲသောသမ္မာတရားအတွက် အသိပြန်ဝင်လာရန် စောင်းပါးရိပ်ခြည်ပြသော
မေးခွန်းများဖြစ်ခဲ့ပါသည်။ ကိုယ်တော်မေးသည့် မေးခွန်းတိုင်းသည် ကျမ်းတတ်
ဆရာများ၏ပညာသည် ကျဉ်းမြောင်း၍ အပေါ်ယံကြောမျှသာဖြစ်ကြောင်းကို ဖော်ပြနေပြီး
တစ်ချိန်တည်းမှာ ပင် ၎င်းတို့အား ဘုရားသခင်နှင့်ပတ်သက်သော သင်ခန်းစာတစ်ခုကို
ပေးနေကာ သမ္မာတရားကို အသစ်သော အသွင်အပြင်တစ်ခုအားဖြင့် တင်ပြခဲ့ပါသည်။
ကျမ်းတတ်ဆရာများသည် ယုဒလူမျိုးများထဲမှ မေရှိယ ကြွလာမည့်အကြောင်းကို
အံ့ဩဖွယ်ရာအဖြစ် အမွှမ်းတင်ပြောကြားခဲ့ပါသည်။ သို့သော် သခင်ယေရှုသည် ဟေရှာယအနာဂတ္တိစကားကိုတင်ပြ၍
အသေသတ်ခြင်းကိုခံမည့် ဘုရားသခင်၏သိုးသငယ်ကိုပြညွှန်ထား သော
ကျမ်းစာ၏အနက်အဓိပ္ပါယ်ကို ၎င်းတို့အား မေးမြန်းခဲ့ပါသည်။
ကျမ်းတတ်ဆရာများသည်
ကိုယ်တော်အားမေးခွန်းများဖြင့် ပြန်လည်မေးမြန်းကြရာ ကြားခဲ့ရသည့် အဖြေစကားများသည်
၎င်းတို့အား အံ့အားသင့်စေခဲ့ပါသည်။ ကိုယ်တော်သည် ကလေးတစ်ဦး၏ နှိမ့်ချမှုဖြင့်
ထိုပညာရှိများမသိရှိခဲ့ကြသည့် အဓိပ္ပါယ်နက်နဲမှုကို ဖော်ပြလျက် ကျမ်းစာတော်မှ
နှုတ်ကပတ်တော်များကို အထပ်ထပ်ရွတ်ဆိုပြခဲ့ပါသည်။ အကယ်၍သာ
ကိုယ်တော်၏သွန်သင်ချက်များအတိုင်း လိုက်လျှောက်ခဲ့ကြ ပါလျှင် ညွှန်ပြတော်မူခဲ့သော
သမ္မာတရား၏ပုံပြင်လက္ခဏာများသည် ထိုခေတ်ထိုအခါက ဘာသာရေးတွင်
ပြန်လည်ပြုပြင်မှုတစ်ခုဖြစ်လာခဲ့လိမ့်မည်ဖြစ်ပါသည်။ ဘုရားတရားရေးတွင် နက်နက်ရှိုင်းရှိုင်းစိတ်ဝင်စား
လာကြလိမ့်မည် ဖြစ်ပါသည်။ ၎င်းပြင် ခရစ်တော်အမှုတော်ကိုအစပြုဆောင်ရွက်သောအချိန်တွင်
လူများစွာ တို့သည် ကိုယ်တော်ကိုလက်ခံရန် ပြင်ဆင်ပြီးဖြစ်ခဲ့ကြပါလိမ့်မည်။
သခင်ယေရှုသည်
၎င်းတို့၏ကျောင်းများတွင် လာရောက်ပညာမသင်ယူဖူးကြောင်းကို ကျမ်းတတ် ဆရာများ
သိရှိခဲ့ကြပါသည်။ သို့စေကာမူ ကိုယ်တော်၏အနာဂတ္တိစကားများကို တတ်သိနားလည်မှုသည်
၎င်းတို့ထက်များစွာသာလွန်ခဲ့ပါသည်။ သူတို့သည် ဤဆင်ခြင်တွေးဆတတ်သော ဂါလိလဲလူငယ်ကလေး၌
မဟာကတိတော်ကိုသိမြင်ခဲ့သည်။ ကိုယ်တော်သည် ဣသရေလအမျိုး၏ဆရာတစ်ဦး ဖြစ်လာနိုင်စေရန်
အလို့ငှါ ၎င်းတို့၏တပည့်ဖြစ်ရန် သူတို့ဆန္ဒရှိခဲ့ကြပါသည်။ ပင်ကိုစိတ်သဘောထားကို
၎င်းတို့၏အလိုအတိုင်း ပုံသွင်းပေးရန်အလို့ငှါ သူတို့သည် ကိုယ်တော်၏ပညာရေးကို
ကြပ်မတ်လိုကြပါသည်။
လူသားများ၏နှုတ်ထွက်စကားများကြောင့်
မလှုပ်ရှားခဲ့ဖူးသော ၎င်း၏စိတ်နှလုံးကို သခင်ယေရှု၏ သွန်သင်ချက်သည်
လှုပ်ရှားစေခဲ့ပါသည်။ ထာဝရဘုရားသည် ထိုဣသရေလခေါင်းဆောင်များအားအလင်း တရားပေးရန်
ကြိုးစားလျက်ရှိပြီး ၎င်းတို့ထံ လက်လှမ်းမီ နိုင်မည့် နည်းများကိုသာ အသုံးပြုတော်မူခဲ့ပါသည်။
၎င်းတို့၏မာနထောင်လွှားသော စိတ်နှလုံးများကြောင့် အခြားသူတစ်ဦးထံမှ
သွန်သင်ချက်များကိုရရှိခဲ့ ကြောင်းဝန်ခံရန် အောက်တန်းကျသည်ဟု ထင်မှတ်ကာ
ငြင်းဆိုခဲ့လိမ့်မည်ဖြစ်ပါသည်။ အကယ်၍ သခင် ယေရှုသည်
၎င်းတို့အားသွန်သင်ရန်ကြိုးစားသည့်အသွင်နှင့် ပြောခဲ့လျှင်ထိုကျမ်းတတ်ဆရာများသည်ပမာ
ဏမပြုဘဲနေခဲ့ကြလိမ့်မည်ဖြစ်ပါသည်။ သို့သော် သူတို့သည် ကိုယ်တော်အားသွန်သင်ခြင်း
ပြုနေရသည့် အတွက်ကြောင့်လည်းကောင်း၊ အနည်းဆုံးကိုယ်တော်၏ကျမ်းစာ
ဗဟုသုတကိုစစ်ဆေးရခြင်းအတွက် ကြောင့်လည်းကောင်း နှစ်ထောင်းအားရကြပါသည်။ သခင်ယေရှု၏
ပျိုမျစ်နုနယ်သော ကောင်းမြတ်ခြင်းနှင့် ယဉ်ကျေးပြေပြစ်ခြင်းများသည်
၎င်းတို့၏တစ်ဖက်သတ်ထင်မြင်ယူဆချက်တို့ကို လျော့ကျပျောက်ကင်းစေ ခဲ့သည်။
ဩတ္တပ္ပစိတ်နှိုးဆော်မှုကို မလိုက်နာဘဲလျက် ဘုရားသခင်၏နှုတ်ကပတ်စကားများကို
နာယူရန် သူတို့၏ စိတ်နှလုံးများကို ဖွင့်ထားခဲ့ပါသည်။ ၎င်းပြင် သန့်ရှင်းသော
ဝိညာဉ်တော်သည် ၎င်းတို့၏စိတ်နှလုံးကို စကားပြောတော်မူခဲ့ပါသည်။
အနာဂတ္တိစကားအားဖြင့် မဟုတ်မှန်ကြောင်း ထင်ရှားစေသည့်မေရှိယနှင့် ပတ် သက်သော ၎င်းတို့၏မျှော်လင့်ချက်ကို
သူတို့ကောင်းမွန်စွာတွေ့မြင်ခဲ့ရပါသည်။ သို့သော် ၎င်းတို့၏ ရည်မှန်းချက်များကို
အမွှမ်းတင်သောသဘောတရားများကိုမူ သူတို့မစွန့်ပစ်နိုင်ခဲ့ကြချေ။ သူတို့သွန်သင်ရန်
မှန်ကန်သင့်လျော်ကြောင်းကို အခိုင်အမာပြောဆိုခဲ့သည့် ကျမ်းစာကို ၎င်းတို့နားလည်မှုလွဲခဲ့ကြောင်းကိုမူ
သူတို့ဝန်မခံခဲ့ကြချေ။ “ဤသူသည် စာမသင်ဘဲလျက် အဘယ်သို့တတ်ဘိသနည်း” ဟု ယုဒလူများသည် တစ်ယောက်ကိုတစ်ယောက်
မေးမြန်းစုံစမ်းခဲ့ကြသည်။ အလင်းသည် မှောင်မိုက်၌လင်းလျက်ရှိသော်လည်း
မှောင်မိုက်သည်မခံယူခဲ့ချေ။
ထိုအချိန်အတောအတွင်း၌ ယောသပ်နှင့်မာရိသည်
အထူးစိတ်နှလုံးရှုပ်ထွေးပူပန်လျက်ရှိပါသည်။ ယေရုရှလင်မြို့မှ ထွက်ခွါလာစဉ်တွင်
သူတို့သည် သခင်ယေရှုကို မျက်ခြည်ပြတ်ခဲ့ကြပြီး ကိုယ်တော်နေရစ်ခဲ့ သည်ကို
သူတို့မသိရှိခဲ့ကြချေ။ ယုဒပြည်တွင် ထိုအချိန်၌ အထူးလူစည်ကားနေပြီး ဂါလိလဲမှလာသော
ခရီးသည်များသည် အလွန်များပြားလျက်ရှိပါသည်။ သူတို့ ယေရုရှလင်မှ ထွက်ခွါလာခဲ့စဉ်က
မြို့ထဲတွင် လူတွေရှုပ်ယှက်ခတ်နေပါသည်။ လမ်းခရီးတွင်လည်းရင်းနှီးသောမိတ်ဆွေ
သူငယ်ချင်းများနှင့်အတူပျော်ရွှင် စွာခရီးသွားရသဖြင့် အခြားအရာများကိုအာရုံမပြုဘဲ
အချိန်ရောက်မှသာ သခင်ယေရှုမပါလာမှန်းကို ၎င်းတို့ သတိပြုခဲ့ကြပါသည်။ ညအိပ်နားနေရန်
စခန်းချထားသောအချိန်တွင် သူတို့သည်သားငယ်၏ကူညီတတ်သော လက်များကို မတွေ့ရတော့ချေ။
၎င်း၏အခြားအပေါင်းအဖော်များနှင့် အတူရှိနေမည်ဟုစိတ်ထင်လျက် သူတို့သည်
မစိုးရိမ်ခဲ့ကြချေ။ သခင်ယေရှုသည် ငယ်ရွယ်သူတစ်ဦးဖြစ်သော်လည်း ၎င်းတို့၏လိုလားချက်
များကို ကြိုတင်သိရှိလျက် အမြဲတမ်းလုပ်ဆောင်ပေးခဲ့သကဲ့သို့ လိုအပ်သည့်အချိန်တွင်
၎င်းတို့အားမစ ကူညီရန် အသင့်ရှိလိမ့်မည်ဟု မျှော်လင့်ချက်ဖြင့် မိဘများသည်
ယုံကြည်စိတ်ချစွာဖြင့် ကိုယ်တော်ကို အားကိုးခဲ့ပါသည်။ သို့သော်ယခုအချိန်တွင် သူတို့၏စိုးရိမ်မှုများသည်
တိုးပွားလာခဲ့ပါသည်။ သူတို့သည် နေရာအနှံ့သို့သွား၍ ကိုယ်တော်အားရှာခဲ့ကြပါသည်။
သို့သော် အချည်းနှီးသာဖြစ်ခဲ့ပါသည်။ ကိုယ်တော်ရှင် ငယ်ရွယ်စဉ်ကလေးဘဝ၌ရှိစဉ်က
ဟေရုဒ်မင်းသည် ကိုယ်တော်အား မည်ကဲ့သို့သတ်ဖြတ်ရန် ကြံဆောင်ခဲ့
ကြောင်းကိုသူတို့သတရအောက်မေ့ပြီးထိတ်လန့်သွားကြပါသည်။သူတို့၏စိတ်နှလုံးများသည်မကောင်းသော
ရှေ့ပြေးနိမိတ်များဖြင့် ပြည့်ဝနေခဲ့ကြပြီး သူတို့သည် ကိုယ့်ကိုကိုယ်
ခါးသီးစွာအပြစ်တင်ခဲ့ကြပါသည်။
သူတို့သည် ယေရုရှလင်သို့ပြန်လာကြပြီး
ကိုယ်တော်အားရှာဖွေခဲ့ကြပါသည်။ နောက်တစ်နေ့တွင် ဗိမာန်တော်၌
အခြားဝတ်ပြုကိုးကွယ်သူများနှင့်အတူ ရောနှောဝတ်ပြုနေကြစဉ်အကျွမ်းတဝင်ကြားဖူးခဲ့သော
အသံတစ်ခုသည် သူတို့ကိုအာရုံစူးစိုက်စေခဲ့ပါသည်။ သူတို့နားကြားမလွဲကြပါ။
အကြောင်းမူကား ထိုကဲ့သို့ ဣန္ဒြေသိက္ခာရှိပြီး စိတ်အားထက်သန်ကာ
သာယာနာပျော်ဖွယ်ကောင်းသော ကိုယ်တော်၏အသံမျိုးနှင့် တူသော
အခြားမည်သည့်အသံမျှမရှိသောကြောင့်တည်း။
သူတို့သည် ကျမ်းတတ်ဆရာများ၏ကျောင်းတွင်
ကိုယ်တော်အားတွေ့ရှိခဲ့ကြပါသည်။ ကိုယ်တော်ကို ပြန်လည် တွေ့ရှိကြသည့်အတွက်
အားရရွှင်လန်းကြသော်လည်း ခံစားခဲ့ရသောဝမ်းနည်းမှုနှင့် စိုးရိမ်ပူပန်မှုကို
မမေ့နိုင်ခဲ့ကြချေ။ ကိုယ်တော်သည် သူတို့အနားသို့ပြန်လည် ရောက်ရှိလာသောအခါ မယ်တော်ကပြစ်တင်
ဆုံးမသည့် သဘောမျိုးနှင့် “ငါ့သား၊အဘယ်ကြောင့်ငါတို့အားဤသို့ပြုရသနည်း။
ညှိုးငယ်ကြောင့်ကြသော စိတ်နှင့် မိဘတို့သည် မောင်ကိုရှာကြပြီ” ဟုဆို၏။
ယေရှုက “မိဘသည် အဘယ်ကြောင့်အကျွန်ုပ်ကို
ရှာပါသနည်း။ အကျွန်ုပ်သည်အဘအိမ်၌နေရ သည်ကိုမသိသလော” ဟုပြောဆိုရာ
အထက်ကိုညွှန်ပြသောကိုယ်တော်၏စကားကို သူတို့နားလည်ပုံမပေါ်ချေ။
မျက်နှာတော်ပေါ်တွင် ထွန်းလင်းနေသောအလင်းကိုမြင်ခဲ့ကြရာ သူတို့အံ့ဩခဲ့ကြရပါသည်။
ဘုရားသခင်၏ ဇာတိတော်သည် လူသားဇာတိ၌ တောက်ပလျက်ရှိပါသည်။ ကိုယ်တော်အား
ဗိမာန်တော်တွင် တွေ့ရှိစဉ် သူတို့သည် ကိုယ်တော်နှင့်ကျမ်းတတ်ဆရာများအကြား
ပြောဆိုသံများကိုကြားခဲ့ရပြီး ကိုယ်တော် မေးသောမေးခွန်းများနှင့်
ဖြေကြားခဲ့သောအဖြေများကြောင့် အံ့အားသင့်ခဲ့ကြရပါသည်။ ကိုယ်တော်၏ နှုတ်ထွက်စကားများသည်
မမေ့နိုင်သောတွေးစရာခေါ်စရာ တသီတတန်းကြီးကို အစပျိုးခဲ့ပါသည်။
၎င်းအပြင် “အကျွန်ုပ်သည်
အဘအိမ်၌နေရသည်ကို မသိပါသလော” ဟူသော ကိုယ်တော်၏မေးခွန်း ထဲတွင်
သင်ခန်းစာတစ်ခုပါရှိပါသည်။ သခင်ယေရှုသည် ဤကမ္ဘာတွင်
မိမိလုပ်ကိုင်ရန်လာရောက်ခဲ့သည့် အမှုတော်အပေါ်တွင် အာရုံပြု၍
လုပ်ကိုင်ဆောင်ရွက်ခဲ့ပါသည်။ သို့သော် ယောသပ်နှင့်မာရိသည် မိမိတို့လုပ်ရမည့်အလုပ်ကို
ဂရုမစိုက်ခဲ့ကြချေ။ ထာဝရဘုရားသခင်သည် ၎င်းတို့အား သားတော်ကို
ပေးသနားတော်မူခြင်းအားဖြင့် ကြီးမြတ်သောဂုဏ်အသရေကို ထင်ရှားစေတော်မူခဲ့ပါသည်။
သန့်ရှင်းသော ကောင်းကင်တမန်များသည် သခင်ယေရှု၏အသက်တာကို အန္တရာယ်ကင်းစေရန်အလို့ငှါ
လုပ်ဆောင်ရမည့် အရာများကို ယောသပ်အားညွှန်ကြားခဲ့ပါသည်။ သို့သော်လည်း သူတို့သည်
တစ်ခဏကလေးပင် မမေ့လျော့ သင့်သောကိုယ်တော်အား တစ်နေ့လုံးလုံးမေ့လျော့ခဲ့ကြပေပြီ။
၎င်းပြင် ကိုယ်တော်အားပြန်လည်တွေ့ရှိခဲ့ ကြသောအခါတွင်လည်း
ကိုယ်ကိုကိုယ်အပြစ်မတင်ကြဘဲ ကိုယ်တော်အပေါ်၌သာ အပြစ်ပုံခဲ့ကြချေပြီ။ မိဘများအနေဖြင့်
ယေရှုသည် မိမိတို့၏သားအရင်းတစ်ဦးဖြစ်သည်ဟု ရှုမြင်ခြင်းသည် သဘာဝကျလှ ပါသည်။
ကိုယ်တော်သည် သူတို့နှင့်အတူ နေ့စဉ်ရှိနေပြီး ကိုယ်တော်၏အသက်တာတွင် အခြားကလေးငယ်
များ၏ လုပ်ပုံကိုင်ပုံများနှင့် တော်တော်များများ တူညီခဲ့ပါသည်။ ထို့ကြောင့်
ကိုယ်တော်သည် ဘုရားသခင်၏ သားတော်ဖြစ်ကြောင်းကို မှတ်ယူရန်မှာ
သူတို့အတွက်အခက်တွေ့ခဲ့ကြပါသည်။ ကမ္ဘာ့ကယ်တင်ရှင်အတူရှိ တော်မူခြင်းအားဖြင့်
ပေးသနားတော်မူသောကောင်းချီးမင်္ဂလာကို အထူးကျေးဇူးတင်ရန် ပျက်ကွက်ခြင်း အတွက်
ဘေးအန္တရာယ်ထိုက်သင့်စေခဲ့ပါသည်။ ကိုယ်တော်ကို ပျောက်ဆုံးနေစဉ် ၎င်းတို့ခံစားခဲ့ရသော
ဝမ်းနည်းပူပန်မှုနှင့် သာယာဖြည်းညင်းသောဆုံးမမှုကို ပြုရာရောက်သည့်
ကိုယ်တော်၏နှုတ်ထွက်စကားများ သည် သူတို့အားယုံကြည်၍ အပ်နှံထားသော
သားတော်၏သန့်ရှင်းမှုကို စိတ်တွင်ခံစားမိစေရန် ရည်ရွယ်ခဲ့ ပါသည်။
သခင်ယေရှုသည်
မိမိနှင့်ဘုရားသခင်အကြားဆက်သွယ်မှုကို နားလည်ကြောင်း မယ်တော်အားပေးခဲ့ သည့် အဖြေထဲတွင် ပထမဦးစွာထင်ရှားစေခဲ့ပါသည်။
ကိုယ်တော်မမွေးဖွားမီကပင် ကောင်းကင်တမန်သည် မာရိအားပြောဆိုခဲ့သည်မှာ
"ဤသားသည်ကား ကြီးမြတ်သောသူဖြစ်လိမ့်မည်။ အမြင့်ဆုံးသောဘုရား၏ သားတော်ဟု
ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။ သူ့အဘဒါဝိဒ်၏ရာဇပလ္လင်ကို ထာဝရအရှင်ဘုရားသခင်
သည် သူ့အားပေးတော်မူမည်။ ထိုသူသည်လည်း ယာကုပ်အမျိုးအနွယ်ကို
အစဉ်မပြတ်အုပ်စိုးလိမ့်မည်။ သူ၏နိုင်ငံသည်လည်း ဆုံးခြင်းမရှိရ”
ဟူသတည်း။ လုကာ ၁း၃၂-၃၃။ မာရိသည် ဤစကားများကို စိတ်နှလုံးထဲတွင်
ဆင်ခြင်သုံးသပ်ခဲ့ပါသည်။ သို့စေကာမူ သူငယ်တော်အား ဣသရေလလူများ၏ မေရှိယဟု
ယုံကြည်သော်လည်းကိုယ်တော်၏အမှုတော်ကိုသူမသဘောမပေါက်ခဲ့ချေ။ ယခုတွင်သူမသည်
ကိုယ်တော်၏ စကားများကို နားမလည်သေးချေ။ သို့သော ကိုယ်တော်သည်
ယောသပ်ဆွေမျိုးတော်စပ်ခြင်းကို လက်ခံရန် ငြင်းဆိုမည်ကိုလည်းကောင်း၊ မိမိသည်
ထာဝရဘုရား၏သားတော်ဖြစ်ကြောင်းကိုလည်းကောင်း သူမသိရှိခဲ့ ပါသည်။
သခင်ယေရှုသည်
မိမိ၏လောကမိဘများနှင့်တော်စပ်ဆက်နွှယ်မှုများကို လျစ်လျူမရှုခဲ့ပါ။ ကိုယ်တော်သည်
မိဘများနှင့်အတူ ယေရုရှလင်မြို့မှပြန်လာ၍ ပင်ပန်းစွာလုပ်ကိုင်ရသည့်အသက်တာ
လုပ်ငန်းများတွင် မိဘများကို ကူညီလုပ်ကိုင်ခဲ့ပါသည်။ အမှုတော်တွင်ဝင်ရောက်ရမည့်
သတ်မှတ်ထားသည့် အချိန်ကို ကျိူးကျိုးနွံနွံဖြင့် စောင့်ဆိုင်းလျက် ကိုယ်တော်သည်
အမှုတော်မြတ်၏ နက်နဲသိမ်မွေ့သော အရာများကို စိတ်နှလုံးတွင်ထိမ်ဝှက်ထားခဲ့ပါသည်။
မိမိသည် ဘုရားသခင်၏ သားတော်ဖြစ်ကြောင်းကို
မိမိကိုယ်တိုင်အသိအမှတ်ပြုပြီးသည့်နောက်တစ်ဆယ့်ရှစ်နှစ်လုံးလုံးတွင်ကိုယ်တော်သည်နာဇရက်မှမိသားစု
များနှင့် သံယောဇဉ်ချည်နှောင်မှုရှိနေပြီ ဖြစ်ကြောင်းဝန်ခံပြီးလျှင်
သားတစ်ဦး၏တာဝန်ကိုလည်း ကောင်း၊ ညီအစ်ကိုတစ်ယောက်၏တာဝန်ကိုလည်းကောင်း၊
မိတ်ဆွေတစ်ဦး၏တာဝန်ကိုလည်းကောင်း၊ တိုင်းသူပြည်
သားတစ်ဦး၏ တာဝန်ကိုလည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။
သခင်ယေရှုသည် ဗိမာန်တော်တွင်
အမှုတော်ကိုဆောင်ရွက်ရန် လမ်းပွင့်ခဲ့သော်လည်း လူထုနှင့် ဆက်သွယ်ရန်
တွန့်ဆုတ်ခဲ့ပါသည်။ ကိုယ်တော်သည် မိမိအသက်တာ၏လျှို့ဝှက်ချက်များကိုသိခဲ့သောသူ
များနှင့်အတူ ယေရုရှလင်မြို့မှ ငြိမ်သက်သာယာစွာဖြင့် ပြန်လာလိုသောဆန္ဒရှိခဲ့ပါသည်။
ထာဝရဘုရားသခင် သည် ပသခါပွဲကျင်းပခြင်းအားဖြင့် မိမိ၏လူများအား
လောကနှင့်ပတ်သက်သောအရာများမှ ဝေးရာသို့ ခေါ်ဆောင်သွားရန်အတွက်သော်လည်းကောင်း၊
အဲဂုတ္တုပြည်မှ ၎င်းတို့အား ကယ်လွှတ်ခြင်းအရာတွင် ပြု တော်မူခဲ့သော
ကိုယ်တော်၏အံ့ဩဖွယ်အမှုများကို သူတို့အားပြန်လည်သတိရစေရန်အတွက်သော်လည်း ကောင်း
ကြိုးစားတော်မူခဲ့ပါသည်။ ဤကဲ့သို့ဆောင်ရွက်ခြင်းအားဖြင့် ဘုရားသခင်သည်
၎င်းတို့အားအပြစ်မှ ကယ်လွှတ်ခြင်းနှင့်ပတ်သက်သော ကတိတော်ကိုမြင်တွေ့ရန်
လိုလားခဲ့ပါသည်။ အသေသတ်ခြင်းခံခဲ့ရသော သိုးသငယ်၏အသွေးသည် ဣသရေလမိသားစုများအား
သေဘေးမှကင်းဝေးစေခဲ့သကဲ့သို့ ခရစ်တော်၏ အသွေးတော်သည် ၎င်းတို့၏ အသက်ဝိညာဉ်များကို
ကယ်တင်ရန်ဖြစ်ပါသည်။ သို့သော်လည်း သူတို့သည် ကိုယ်တော်၏အသက်တာကို
မိမိတို့၏ကိုယ်ပိုင်အသက်တာအဖြစ် ယုံကြည်ခြင်းအားဖြင့် မှတ်ယူစဉ်တွင် ၎င်းတို့သည်
ခရစ်တော်အားဖြင့် ကယ်တင်ခြင်းကိုခံစားနိုင်ကြပါသည်။ အထိမ်းအမှတ်ပြု၍ ကျင်းပသော
ဤပရိသတ်အစည်းအဝေးပွဲများတွင် ဝတ်ပြုကိုးကွယ်သူများအား
ခရစ်တော်ကိုမိမိကယ်တင်ရှင်အဖြစ် ပြညွှန်သည့် အချိန်၌သာ အံ့ဩဖွယ်တန်ခိုးအစွမ်းကို
တွေ့ရပါသည်။ သူတို့သည် ခရစ်တော်၏အမှုတော်နှင့် စပ်လျဉ်း၍ ဆုတောင်းလျက်
သေချာစွာလေ့လာသုံးသပ်ရန် ဘုရားသခင်ဆန္ဒရှိ ခဲ့ပါသည်။ သို့သော်လည်း ယုဒလူထုသည်
ယေရုရှလင်မြို့မှပြန်လည်ထွက်ခွာသွားသောအခါ လမ်းခရီးတွင် စိတ်လှုပ်ရှားမှုများနှင့်
အချင်းချင်း မိတ်သဟာယဖွဲ့မှုများထဲ၌ မကြာခဏအာရုံရောက်သွားပြီး
၎င်းတို့မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရ သောအစည်းအဝေးကို မေ့လျော့သွားခဲ့ကြပါသည်။
ကယ်တင်ရှင်သည် အပေါင်းအဖော်များအတွက် ဆွဲဆောင်မှုမရှိခဲ့ချေ။
ယောသပ်နှင့်မာရိတို့သည်
သခင်ယေရှုတစ်ဦးတည်းနှင့်သာ ယေရုရှလင်မြို့မှပြန်လာခဲ့မည်ဆိုလျှင်
ဒုက္ခဝေဒနာခံစားရမည့် ကယ်တင်ရှင်နှင့်ပတ်သက်သော
အနာဂတ္တိစကားများကို ၎င်းတို့အားသွန်သင်ခွင့်ရ လိမ့်မည်ဟု
ကိုယ်တော်မျှော်လင့်ခဲ့ပါသည်။ ကိုယ်တော်သည် ကရာနီကုန်းတွင်
မယ်တော်၏ဝမ်းနည်းမှု ပူပန် မှုကို ပေါ့ပါးသက်သာရန် ကြိုးစားခဲ့ပါသည်။ ယခုတွင်
မယ်တော်အတွက် ကိုယ်တော်သည် စဉ်းစားလျက်ရှိပါ သည်။ မာရိသည်ကိုယ်တော်ခံစားရမည့်
ဝေဒနာကိုသက်သေခံရန်ဖြစ်ပါသည်။ ၎င်းပြင်သူမ၏အသက် ဝိညာဉ်ကို
ဓါးဖြင့်ထိုးဖောက်နာကျင်စေသောအခါ ခံနိုင်ရည်ရှိစေဖို့ ခွန်အားရရန်သူမသည်
ကိုယ်တော်၏ အမှုတော်ကို နားလည်ဖို့ ကိုယ်တော်ဆန္ဒရှိတော်မူခဲ့ပါသည်။ သခင်ယေရှုသည်
သူမနှင့်အဆက်အသွယ်ပြတ် သဖြင့်သုံးရက်လုံးလုံးကိုယ်တော်အား
ဝမ်းနည်းစွာဖြင့်ရှာဖွေခဲ့ရသကဲ့သို့ ကိုယ်တော်သည်လောက၏ အပြစ် များအတွက်
ဆက်ကပ်ပူဇော်ခြင်းကို ခံရသောအချိန်တွင် သူမထံမှ သုံးရက်ကြာတစ်ဖန်ပျောက်ဆုံးနေမည်
ဖြစ်ပါသည်။ ၎င်းပြင် ကိုယ်တော်ရှင်သည် သင်္ချိုင်းတွင်းမှပြန်လည်နိုးထလာသော
အချိန်တွင်မူသူမ၏ ဝမ်းနည်းမှုများသည် ဝမ်းမြောက်မှုအသွင်သို့
တစ်ဖန်ပြောင်းလဲသွားခဲ့ပါသည်။ သို့သော် ကိုယ်တော်သည် သူမ၏အတွေးအခေါ်များကို
ပြန်လည်ဦးလှည့်လာရန် ကြိုးစားသင်ပြနေသော ကျမ်းစာများကိုသူမနားလည် ခဲ့မည်ဆိုလျှင်
သူမသည် ဤစိတ်ဒုက္ခရောက်မှုကို များစွာခံနိုင်ရည်ရှိနိုင်ပါမည်။
ယောသပ်နှင့်မာရိသည်
ဘုရားကိုအာရုံပြုခြင်းအားဖြင့်သော်လည်းကောင်း၊ ဆုတောင်းခြင်းအားဖြင့်
သော်လည်းကောင်း ထာဝရဘုရားအပေါ်တွင် မှီခိုအားကိုးမည်ဆိုလျှင်
၎င်းတို့အားအပ်နှံထားသောအရာ၏ သန့်ရှင်းမွန်မြတ်မှုကို
သူတို့ကောင်းမွန်စွာသိရှိကြလိမ့်မည်ဖြစ်ပြီး သခင်ယေရှုကိုလည်း ပျောက်ဆုံးခဲ့ကြ
လိမ့်မည်မဟုတ်ချေ။ တစ်နေ့တာအမှုမဲ့အမှတ်မဲ့ပြုမူခြင်းကြောင့် ကယ်တင်ရှင်ကို
သူတို့ပျောက်ဆုံးခဲ့ရသည့် အပြင် ကိုယ်တော်ရှင်ကိုပြန်လည်တွေ့ရှိရန်
သုံးရက်တာမျှစိတ်ပူပန်စွာဖြင့် ရှာဖွေခဲ့ရပါသည်။ ကျွန်ုပ်တို့၏ အသက်တာတွင်လည်း
ထိုနည်းအတိုင်း ဖြစ်ပျက်ခံစားနေကြရပါသည်။ အချည်းနှီးစကားများကိုပြောကြား
ခြင်းအားဖြင့်သော်လည်းကောင်း၊ ကုန်းချောသောစကားများကို
ပြောကြားခြင်းအားဖြင့်သော်လည်းကောင်း၊
ဆုတောင်းခြင်းကိုလျစ်လျူရှုထားခြင်းအားဖြင့်သော်လည်းကောင်း
ကျွန်ုပ်တို့သည်ကယ်တင်ရှင်၏အတူရှိ ခြင်း ကိုတစ်နေ့တာဆုံးရှုံးသွားနိုင်ပါသည်။
၎င်းပြင်တစ်နေ့တာကိုယ်တော်ရှင့်နှင့်အတူ မရှိခြင်းသည်ကိုယ် တော်ရှင်အား
ပြန်လည်တွေ့ရှိပြီး ဆုံးရှုံးသွားသောငြိမ်သက်ခြင်းချမ်းသာကိုပြန်လည်ရယူနိုင်ရန်
အလို့ငှါ ဝမ်းနည်းစွာနှင့်ရှာဖွေရန် ရက်ပေါင်းများစွာကြာမြင့်နိုင်ပါသည်။
လူတစ်ယောက်နှင့်တစ်ယောက်
ပေါင်းသင်းဆက်ဆံခြင်းအမှုတွင် သခင်ယေရှုကိုမမေ့လျော့မိရန်
ကိုယ်တော်သည်ကျွန်ုပ်တို့နှင့်အတူမရှိပါဟု
ဂရုမစိုက်ဘဲအစဉ်မပြတ်အချိန်ကုန်မသွားစေရန်ဂရုပြုသင့်ကြပါ သည်။
ထာဝရအသက်၏မျှော်လင့်ခြင်းဗဟိုပြုနေသော ကိုယ်တော့်အကြောင်းကို မစဉ်းစားမသုံးသပ်မိစေရန်
ကျွန်ုပ်တို့သည် လောကရေးရာများထဲ၌နစ်မျောနေသောအခါ
မိမိကိုယ်ကိုသခင်ယေရှုနှင့်သော်လည်း ကောင်း၊ ကောင်းကင်တမန်များနှင့်သော်လည်းကောင်း
အဆက်ဖြတ်ထားခြင်းဖြစ်ပါသည်။ ကယ်တင်ရှင်ကို အလိုမရှိသောနေရာနှင့်
ကိုယ်တော်ရှင်ရှိတော်မူခြင်းကိုဂရုမပြုသောနေရာတွင် ကောင်းကင်သားများ
ဆက်လက်နေထိုင်နိုင်ခြင်းမရှိချေ။ ဤအချက်သည် ခရစ်တော်၏နောက်လိုက်များအား
စိတ်ဓာတ်ကျဆင်းမှု များကို မကြာခဏဖြစ်ပေါ်စေသောအချက် ဖြစ်ပါသည်။
များစွာသောလူများသည်
ဘာသာရေးဝတ်ပြုကိုးကွယ်ပွဲများကို တက်ရောက်၍ နှုတ်ကပတ်တော် အားဖြင့်
အားသစ်လောင်းခြင်းနှင့် နှစ်သိမ့်မှုများကို ခံစားခဲ့ကြသော်လည်း ခရစ်တော်အကြောင်းကိုဆင်ခြင်
သုံးသပ်ခြင်း၊ နိုးနိုးကြားကြားရှိခြင်းနှင့် ဆုတောင်းခြင်းများကို
လျစ်လျူရှုကြသည့်အတွက် သူတို့သည် ကောင်းချီးမင်္ဂလာကိုမရဘဲ ယခင်ကထက်ပို၍
ချို့တဲ့နွမ်းပါးမှုကိုခံစားကြရပါသည်။ ထာဝရဘုရားသည် သူတို့အား
အကြင်နာကင်းမဲ့စွာပြုမူသည်ဟု မကြာခဏသူတို့ခံစားကြရပါသည်။
၎င်းတို့အမှားကြောင့်ဖြစ်ရ ကြောင်းကိုသူတို့မမြင်တွေ့ကြချေ။ မိမိကိုယ်ကို
သခင်ယေရှုနှင့်ခွဲခွာလိုက်ခြင်းအားဖြင့် သူတို့သည် ကိုယ်တော်ရှင် ၏အလင်းတရားကို
တားဆီးပိတ်ဆို့ခဲ့ကြပါသည်။
ခရစ်တော်၏သက်တော်စဉ်အကြောင်းကို
ဆင်ခြင်သုံးသပ်ခြင်းအတွက် တစ်နေ့လျှင်တစ်နာရီ အသုံးပြုခြင်းသည် ကျွန်ုပ်တို့အတွက်
ကောင်းမွန်သောအရာဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ခရစ်တော်၏ သက်တော်စဉ်ကို
တစ်ခုချင်းစဉ်းစားသုံးသပ်၍ ထိုစဉ်းစားစိတ်ကူးခြင်းသည် အထူးသဖြင့်သက်တော်စဉ်၏
နောက်ဆုံးပိုင်းမြင်ကွင်းတစ်ခုစီအား သဘောပေါက်ငုံမိစေရပါမည်။
ကျွန်ုပ်တို့အတွက်ပေးဆပ်ခဲ့သော ကြီးမားသည့် ပူဇော်သကာအပေါ်
ကျွန်ုပ်တို့ရပ်တည်သည်နှင့်အမျှ ကိုယ်တော့်အပေါ် ကျွန်ုပ်တို့၏စိတ်ချ
ယုံကြည်မှုများပိုမိုခိုင်မြဲလာပြီး မေတ္တာတရားလည်းရှင်သန်နိုးထလာကာ ကျွန်ုပ်တို့တွင်သန့်ရှင်းသောဝိညာဉ်
တော်သည် ပိုမို၍နက်ရှိုင်းစွာပျံ့နှံ့စွဲမြဲလိမ့်မည်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည်
နောက်ဆုံး၌ကယ်တင်ခြင်းခံစား
ကြရလိမ့်မည်ဆိုလျှင်ကပ်တိုင်ခြေရင်းတွင်ရှိသောနောင်တသံဝေဂတရားနှင့်နှိမ့်ချခြင်းအကြောင်းသင်ခန်းစာ
ကို ကျွန်ုပ်တို့ သင်ယူကြရပါသည်။
လူသားအချင်းချင်းအတူတကွပေါင်းသင်းနေထိုင်သောကြောင့်ကျွန်ုပ်တို့သည်တစ်ဦးအတွက်
တစ်ဦး ကောင်းချီးမင်္ဂလာဖြစ်စေနိုင်ကြပါသည်။ ကျွန်ုပ်တို့သည် ခရစ်တော်၏သားသမီးများဖြစ်လျှင်ကျွန်ုပ်တို့၏
နှစ်လိုဖွယ်သောအတွေးများသည်ကိုယ်တော်၏အကြောင်းသာဖြစ်ပါလိမ့်မည်။
ကိုယ်တော်ရှင့်အကြောင်းကို ပြောရန် ကျွန်ုပ်တို့နှစ်သက်ကြလိမ့်မည်။
ကိုယ်တော်ရှင်၏မေတ္တာတော်အကြောင်းကို ကျွန်ုပ်တို့အချင်းချင်း ပြောကြစဉ်
ကျွန်ုပ်တို့၏စိတ်နှလုံးများသည် ဘုရားသခင်၏ပြုပြင်တတ်သောအာနိသင်ကြောင့်
နူးညံ့ပျော့ ပျောင်းလာပါလိမ့်မည်။ကိုယ်တော်ရှင့်စာရိတ္တတော်၏တင့်တယ်မှုကိုကြည့်ရှုလျက်
“ငါတို့သည် ဘုန်းအသရေ တိုးပွား၍ ပုံသဏ္ဌာန်တော်နှင့်အညီ ပြောင်းလဲခြင်းရှိကြရ၏။”
No comments:
Post a Comment