Wednesday, April 22, 2026

အခန်းကြီး - ၄၈။ မည်သူသည်အကြီးမြတ်ဆုံးဖြစ်သနည်း

 

မည်သူသည်အကြီးမြတ်ဆုံးဖြစ်သနည်း

 

         ရှင်မဿဲ ၁၇း၂၂-၂၇။ ၁၈း၁-၂၀။ မာကု ၉း၃၀-၅၀။ လုကာ ၉း၄၆-၄၈ တို့ကိုအခြေပြုထားပါသည်။

 

         သခင်ယေရှုသည် ကပေရနောင်မြို့သို့ပြန်လည်ရောက်ရှိလာသောအခါ၊ မိမိတရားဟောနေကျနေရာများသို့မသွားတော့ဘဲ၊ တမန်တော်များနှင့် အတူယာယီ တည်းခိုရန် အိမ်တစ်အိမ်ကိုရှာဖွေခဲ့ပါသည်။ ဂါလိလဲနယ်၌ ယခုကဲ့သို့ ခေတ္တခဏ နားနေစဉ် ခရစ်တော်သည် လူထုကြီးအတွက် သွန်သင်ခြင်းထက် တမန်တော်များ ကို သွန်သင်ရန် ရည်ရွယ်ထားတော်မူပါသည်။

         ခရစ်တော်သည် ဂါလိလဲအိုင်နားတွင် နေထိုင်တော်မူစဉ် အနာဂတ်ဖြစ်ရပ် များအတွက် တမန်တော်များကို စိတ်ဓာတ်ရေးရာ ပြင်ဆင်မှုများပြုလုပ်ပေးရန် ကြိုး စားတော်မူခဲ့ပါသည်။ မိမိသည် အသေသတ်ခြင်းကိုခံရန်        ယေရုရှလင်မြို့သို့ သွားရမည်အကြောင်းနှင့် သုံးရက်မြောက်သောနေ့တွင် တစ်ဖန် ထမြောက်မည်ဖြစ် ကြောင်းများကို တပည့်တော်များအား ပြောပြတော်မူခဲ့ပါ သည်။ မိမိသည်ရန်သူများ လက်တွင် အပ်နှံခြင်းခံရမည့် အကြောင်းနှင့်ပတ်သက်သော ထူးဆန်းအံ့ဩဖွယ် သတင်းကိုလည်း ထပ်လောင်းမိန့်မြွက်တော်မူခဲ့ပါ သည်။ တမန်တော်များသည် ယခု အချိန်တိုင်အောင် ကိုယ်တော်မိန့်တော်မူ သည့်စကားများကို နားမလည်နိုင်ကြသေး ချေ။ ဝမ်းနည်းစရာအမှောင်ရိပ်သည် ၎င်းတို့အပေါ်သို့ ကျရောက်နေသော်လည်း သူ တို့၏စိတ်နှလုံးထဲတွင် တစ်ဦးနှင့်တစ်ဦး တုပြိုင်လိုသည့် စိတ်ထားများကို တွေ့နေရ ပါသည်။ မည်သူသည် ကောင်းကင်နိုင်ငံတော်၌ သာ၍ကြီးမြတ်အံ့နည်းဟူ၍လည်း တစ်ဦးနှင့်တစ်ဦး ငြင်းခုံနေကြပါသည်။ မိမိတို့ငြင်းခုံနေသည်ကို ကိုယ်တော်ရှင်မသိ ရှိဟုအထင်နှင့် ကိုယ်တော်အနီးသို့ မချဉ်းကပ်ကြဘဲ ကပေရနောင်မြို့သို့ ဝင်သော အခါ ကိုယ်တော်ရှင်အား အလျင်သွားစေ၍ ၎င်းတို့သည်နောက်နားမှခွာ၍ လိုက်လာ ခဲ့ကြပါသည်။ ခရစ်တော်သည် သူတို့၏အကြံအစည်ကို သိရှိထားတော်မူပြီး သွန် သင်ပဲ့ပြင်မှုပြုရန် တောင့်တတော်မူခဲ့ပါသည်။ သို့ရာတွင် ထိုကဲ့သို့သွန်သင်နိုင်ရန် အတွက် မိမိစကားများကို ၎င်းတို့လက်ခံနိုင်မည့် ဆိတ်ငြိမ်သာယာ သောအချိန်ကို စောင့်စားတော်မူခဲ့ပါသည်။

         ကပေရနောင်မြို့သို့ရောက်ရှိလာပြီးနောက် မကြာမီတွင်ပင် ဗိမာန်တော် အခွန်ကောက်သူသည် ပေတရုထံသို့ရောက်ရှိလာကာ သင်၏ဆရာသည် ဒိဒြမ္မ ကိုမပေးသလော ဟုမေးလေ၏။ ဒိဒြမ္မသည် အစိုးရသို့ပေးရသည့် အခွန်မျိုးမ ဟုတ်ဘဲ ဗိမာန်တော်ကုန်ကျစရိတ်ကို ထောက်ပံ့ရန်အတွက် ယုဒလူများ နှစ်စဉ် ပေးလှူရသည့် အလှူငွေဖြစ်ပါသည်။ ထိုအလှူငွေမပေးဆောင်ခြင်းကို ဗိမာန်တော် အပေါ်သစ္စာစောင့်သိမှုမရှိခြင်းအဖြစ် သတ်မှတ်ကြပါသည်။ ဖာရိရှဲ များအနေနှင့် ထို အပြုအမှုမျိုးကို ဝမ်းနည်းဖွယ်ရာအကောင်းဆုံးပြစ်မှုတစ်ခု အဖြစ် မှတ်ယူကြပါ သည်။ ယုဒဘာသာရေးပညတ်ချက်များအပေါ် ထားရှိသည့် ခရစ်တော်၏ သဘော ထားနှင့် ရိုးရာဓလေ့များကို ကာကွယ်စောင့်ရှောက်သူများအား ကိုယ်တော်ပြုတော် မူခဲ့သည့် ရှင်းလင်းသောဆုံးမမှုများသည် ဗိမာန်တော်အခမ်းအနားများကို မှောက် လှန်နေသည်ဟူ၍ မိမိအားစွပ်စွဲချက်အတွက် အကြောင်းတစ်ရပ်ဖြစ်ခဲ့ပါသည်။ ယခုတွင် ကိုယ်တော်အားအရှက်တကွဲဖြစ်အောင် ပြုလုပ်ရန်အခွင့်ကောင်း တစ်ရပ် ကို သူတို့တွေ့ရှိခဲ့ကြပါသည်။ သူတို့ သည် ဗိမာန်တော်အခွန်ခံခြင်းအမှုတွင် ကျွမ်း ကျင်သော မိတ်ဆွေတစ်ဦးကို တွေ့ခဲ့ကြပါသည်။

         ထိုသူ၏မေးခွန်းသည် ဗိမာန်တော်အပေါ်ထားရှိသည့် ခရစ်တော်၏ သစ္စာ စောင့်သိမှုကို စောင်းချိတ်ပြောဆိုမှု တစ်ရပ်ဖြစ်ကြောင်း ပေတရုသိရှိပါသည်။ ထို့ ကြောင့် မိမိသခင်၏ ဂုဏ်အသရေကို ထိပါးမည်စိုးသည့်အတွက် စိတ်စေတနာ ထက်သန်စွာဖြင့် ကိုယ်တော်ကိုပင် မမေးမစမ်းတော့ဘဲ ပေးပါသည် ဟု ပေတရု အလျင်အမြန် ဖြေဆိုလိုက်ပါသည်။

         သို့ရာတွင် ပေတရုသည် မေးခွန်းထုတ်နေသူ၏အကြံအစည်ကိုတစ် စိတ် တစ်ဒေသသာ သိရှိခဲ့ပါသည်။ အချို့လူတန်းစားများသည် ဗိမာန်တော်ခွန် ကင်း လွတ်ခွင့်ရကြပါသည်။ မောရှေအချိန်ကလေဝိအမျိုးသားများကို ဗိမာန်တော်လုပ် ငန်းများအတွက် သီးသန့်ခွဲခန့်ထားပါသည်။ ၎င်းတို့အနေနှင့် အခြားယုဒများနှင့် တူ အမွေဆက်ခံခွင့်မရှိကြပါ။ လေဝိသားတို့သည် ညီအစ်ကို တို့နှင့်ရော၍ အဖို့ ကိုမပိုင်၊ အမွေကိုမခံ---ထာ၀ရဘုရားသည် သူတို့ခံရသော အမွေဖြစ်တော်မူ၏ တရားဟော ၁ဝး၁၁။ ခရစ်တော်၏နေ့ရက်များတွင်လည်း ယဇ်ပုရောဟိတ်များနှင့် လေဝိသားများကို ဗိမာန်တော်လုပ်ငန်းများအတွက် အထူးဆက်ကပ်ထားသူများအ ဖြစ် မှတ်ယူဆဲဖြစ်သောကြောင့် တစ်နှစ်တစ်ခါပေးလှူ ရသောဗိမာန်တော်ခွန်ပေး ဆောင်ရန် မတောင်းဆိုကြချေ။ ပုရောဖက်များသည်လည်း ဗိမာန်တော်ခွန်လွတ် ငြိမ်းခွင့်ရရှိကြပါသည်။ ခရစ်တော်ထံမှဗိမာန်တော် ခွန်တောင်းခံခြင်းအားဖြင့် ပုရောဖက် (သို့မဟုတ်) ဆရာသမားတစ်ဦးကဲ့သို့ ကိုယ်တော်မိန့်ဆိုခဲ့သည်များကို ဖာရိရှဲများသည်ဘေးချိတ်ထားကာ သာမာန် ပုဂ္ဂိုလ်တစ်ဦးအားဆက်ဆံသကဲ့သို့ ကိုယ်တော်အားဆက်ဆံကြခြင်းဖြစ်ပါသည်။ ကိုယ်တော်ရှင်သည် ဗိမာန်တော်ခွန် မပေးခဲ့ပါလျှင် ဗိမာန်တော်အပေါ် သစ္စာမဲ့သည်ဟု ရုပ်လုံးဖော်ပြောဆိုကြလိမ့်မည် ဖြစ်ပြီး တစ်ဖက်တွင်လည်း ဗိမာန်တော်ခွန်ပေးခဲ့ပါက မိမိအားပုရောဖက်တစ်ပါး အနေနှင့်လက်မခံ ကြသည်ကို အသိအမှတ်ပြုရာရောက်နေပါသည်။

         မကြာမီအချိန်ကလေးကပင် ပေတရုသည် ခရစ်တော်ယေရှုအား ဘုရား၏ သားတော်တစ်ပါးအနေဖြင့် အသိအမှတ်ပြုခဲ့ပြီးဖြစ်သော်လည်း ယခုတွင်မူ မိမိသခင် စာရိတ္တတော်ကိုဖော်ပြနိုင်မည့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပါသည်။ သခင် ယေရှုသည် ဗိမာန်တော်ခွန်ကိုပေးပါသည်ဟု ထိုအခွန် ခံသူအားဖြေကြားလိုက်ခြင်း အားဖြင့် ယုဒလူအကြီးအကဲများနှင့် ယဇ်ပုရောဖက်များက အများလက်ခံရန် ကြိုး စားနေကြသည့် မှားယွင်းသောအယူအဆကို မထင်မှတ်ဘဲ ပေတရုအတည်ပြုလိုက် ခြင်းဖြစ်ပါသည်။

         အိမ်ထဲသို့ပေတရုဝင်လာသောအချိန်တွင် ကိုယ်တော်သည် ဖြစ်ပျက်ခဲ့ သည့် အရာများကိုမရည်ရွယ်ဘဲ အချင်းရှိမုန်၊ သင်သည်အဘယ်သို့ထင် သနည်း၊ လောကီဘုရင်တို့သည် အဘယ်သူမှာအခွန်ကိုခံကြသနည်း၊ မိမိ သားမှာခံသလော၊ သူတစ်ပါးမှာခံကြသလော ဟုမေးတော်မူလိုက်ရာ သူတစ် ပါးမှာခံပါသည် ဟု ပေတရုလျှောက်လေ၏။ ထိုအခါယေရှုက သို့ဖြစ်လျှင် သားမူကားလွတ်ရ၏ ဟုမိန့် တော်မူ၏။ ဘုရင်အတွက် အခွန်တော်ငွေကိုရရှိရန် တိုင်းသူပြည်သားများ၌ သာ ကောက်ခံပြီး၊ ဘုရင်၏သားသမီးများကိုကား၊ ကင်း လွတ်ခွင့်ပြုပါသည်။ ထိုနည်းတူ စွာ ဘုရားသခင်၏လူမျိုးဖြစ်သော ဣသရေလ များသည် ကိုယ်တော်၏အမှုတော်ကို ဆက်လက်လုပ်ဆောင်ရန်အတွက် ဗိမာန် တော်ခွန်ထည့်ဝင်ကြရမည် ဖြစ်သော် လည်း ဘုရားသခင်၏သားတော်ဖြစ်တော် မူသောယေရှုရှင်သည် ထိုအခွန်မှကင်း လွတ်ခွင့်ရပါသည်။ ယဇ်ပုရောဟိတ် များနှင့်လေဝိအမျိုးသားများသည် ဗိမာန်တော် နှင့် ဆက်နွှယ်နေကြသောကြောင့် ဗိမာန်တော်ခွန်ကင်းလွတ်ခွင့်ရလျှင် ဗိမာန်တော် အရှင်ဘုရားသခင်၏ သားတော်ဖြစ်သောသူသည် ပို၍ပင်ကင်းလွတ်ခွင့် ရှိမည် ဖြစ်ပါသည်။

         အကယ်၍ သခင်ယေရှုသည် ဗိမာန်တော်ခွန်ကို အကန့်အကွက် အငြင်းအ ဆိုမပြုဘဲ ပေးဆောင်ခဲ့ပါလျှင် ထိုသူများ၏ ပြောဆိုချက်ကို မှန်ကန်ကြောင်း မထင် မှတ်ဘဲ အသိအမှတ်ပြုရာရောက်သွားမည်ဖြစ်ပြီး၊ မိမိ၏ဘုရား ဇာတိတော်ကိုလည်း ငြင်းဆိုရာ ရောက်သွားပေလိမ့်မည်။ ဗိမာန်တော်ခွန်ပေး ဆောင်ခြင်းသည် ကောင်း မြတ်ကြောင်း ကိုယ်တော်သိမြင်သော်လည်း တောင်းဆိုမှုကို အခြေခံထားသော ဘောထားကို ငြင်းပယ်ခဲ့ပါသည်။ ထိုအခွန်ငွေကို ရယူဖန်တီးရာတွင်လည်း ကိုယ် တော်ဘုရားဇာတိတော်ကို ထင်ရှားစေခဲ့ပါသည်။ မိမိသည် ဘုရားသခင်နှင့် တန်းတူ ရည်တူဖြစ်သောကြောင့် သာမန်နိုင်ငံသားတစ်ဦးကဲ့သို့ ဗိမာန်တော်ခွန်ပေးရန် တာ ဝန်မရှိကြောင်း ထင်ရှားစေခဲ့ပါသည်။

         ထိုကြောင့် ကိုယ်တော်ကပေတရုအား အိုင်သို့သွား၍ငါးမျှားကိုချ လော့၊ ရှေးဦးစွာရသော ငါးကိုယူ၍ပါးစပ်ကိုဖွင့်လျှင် သတာတဲတစ်ပြားကို တွေ့လိမ့်မည်။ ထိုငွေကိုယူ၍ ငါ့အဖို့နှင့်သင့်အဖို့ကို သူတို့အားပေးလော့ ဟု မိန့်တော်မူ၏။

         ကိုယ်တော်၏ ဘုရားဇာတိတော်ကို လူသားဇာတိဖြင့်လွှမ်းခြုံထားသော် လည်း ဤနိမိတ်လက္ခဏာအားဖြင့် ဘုန်းတော်သည်ထင်ရှားလျက်ရှိနေပါသည်။ တောတိရစ္ဆာန်ရှိသမျှတို့နှင့် တစ်ထောင်သောတောင်ပေါ်မှာရှိသော တိရစ္ဆာန် တို့ သည် ငါ၏ဥစ္စာဖြစ်ကြ၏။ တောင်ပေါ်မှာနေတတ်သော ငှက်အပေါင်း တို့ကိုငါသိ၏။ တောသားရဲတို့သည် ငါ၌ရှိကြ၏။ ငါသည်ငတ်မွတ်လျှင် သင့်ကိုမပြော၊ ဗလာက ဓာတ်နှင့် လောကဥစ္စာသည် ငါ၏ဥစ္စာဖြစ်၏ ဟူ၍ ဒါဝိဒ်အားဖြင့် မိန့်တော်မူခဲ့သော ပုဂ္ဂိုလ်သည် ကိုယ်တော်ပင်ဖြစ်တော်မူကြောင်းကို ဤအရာအားဖြင့် ထင်ရှားနေပါ သည်။ ဆာလံကျမ်း ၅ဝး၁၀-၁၂။

         ဗိမာန်တော်ခွန်ပေးရန် မိမိ၌တာဝန်မရှိကြောင်း ယေရှုရှင်ရှင်းရှင်း လင်း လင်းမိန့်တော်မူခဲ့သော်လည်း ဤကိစ္စနှင့်ပတ်သက်၍ ယုဒများနှင့်အတိုက်အခံမ လုပ်လိုချေ။ အကြောင်းမူကား ထိုသူများသည်ကိုယ်တော်၏ စကားများကို  တလွဲအ နက်ဖွင့်၍ ကိုယ်တော်အား ရန်မူကြလိမ့်မည်ဖြစ်သောကြောင့်တည်း။ အခွန်ငွေများ ကို မပေးဘဲနေခြင်းအားဖြင့် ၎င်းတို့အတွက် အထအနကောက်စရာ ဖြစ်သွားမည် စိုးသဖြင့် တောင်းဆိုချက်သည် မမှန်ကန်သော်လည်း ကိုယ်တော် ပေးဆောင်တော် မူခဲ့ပါသည်။ ဤသင်ခန်းစာသည် တပည့်တော်များအတွက် အလွန်အဖိုးထိုက်တန် သော သင်ခန်းစာတစ်ခုဖြစ်ပါသည်။ သိသာထင်ရှားသော အပြောင်းအလဲများသည် ဗိမာန်တော်အခမ်းအနားများနှင့် စပ်လျဉ်း၍ မကြာမီတွင် ဖြစ်ပွားလာခဲ့ပါသည်။ စဉ်အလာတစ်ခုကို တည်ထောင်ရန် မလိုအပ်ဘဲ ရန်ဘက်ပြုခြင်းများကိုမလုပ်ကြရန် ၎င်းတို့အားခရစ်တော်သွန်သင်တော်မူ ခြင်းဖြစ်ပါသည်။ သူတို့သည် မိမိတို့၏ ယုံ ကြည်ခြင်းအတွက် တလွဲအနက်ဖွင့် နိုင်မည့်အခွင့်အရေးများကို မပေးမိရန်လည်း တတ်နိုင်သမျှ ရှောင်ရှားကြရပါမည်။ ခရစ်ယာန်များသည် သမ္မာတရား၏ နိယာမ တစ်ခုကိုမျှ လက်လွတ်အရှုံး ခံရန်မဟုတ်သော်လည်း တိုက်လှန်ခြင်းကို တတ်သမျှ ရှောင်ရှားသင့်ကြပါသည်။

         ပေတရုသည် ရေကန်သို့သွားနေစဉ် ခရစ်တော်သည် ကျန်တပည့်တော်များ နှင့်အတူ အိမ်တွင်ရှိနေတော်မူခဲ့ပါသည်။ ထိုစဉ်တွင် သင်တို့သည် လမ်း၌အချင်း ချင်း အဘယ်အမှုကို ငြင်းခုံကြသနည်း ဟု မေးတော်မူလိုက်၏။  ကိုယ်တော်ရှင် နှင့်အတူ ရှိနေခြင်းနှင့် ကိုယ်တော်အမေးတို့သည် လမ်း၌၎င်းတို့ ငြင်းခုံခဲ့စဉ်က ဖြစ် ပေါ်ခဲ့သော အခြေအနေထက် များစွာပေါ့ပါးသွားစေခဲ့ပါသည်။ ရှက်ကြောက်ခြင်းနှင့် ကိုယ့်စကားကြောင့် ကိုယ်အပြစ်ရောက်နေခြင်း များသည် ၎င်းတို့အား တိတ်ဆိတ် စေခဲ့ပါသည်။

         မိမိသည် ၎င်းတို့အတွက် အသေခံရမည်ဖြစ်ကြောင်း၊ ၎င်းတို့၏တစ် ကိုယ် ကောင်းဆန်သည့် ရည်မှန်းချက်များသည် ကိုယ်တော်၏ အတ္တကင်းသော မေတ္တာ တော်နှင့် လုံးလုံးဆန့်ကျင်ခြားနားနေကြောင်းများကို သူတို့အားယေရှုရှင် မိန့်တော် မူခဲ့ပါသည်။ မိမိသည်အသေသတ်ခံပြီး နောက်တစ်ဖန်ထမြောက် မည်ဖြစ်ကြောင်း ကို တမန်တော်အပေါင်းအား မိန့်တော်မူသောအချိန်တွင် ၎င်းတို့၏ယုံကြည်ခြင်းကို စမ်းသပ်စစ်ကြောခြင်းနှင့် စပ်ဆိုင်သော အကြောင်း အရာများကိုမိန့်မြွက်ရန် ကိုယ် တော်ကြိုးစားတော်မူခဲ့ပါသည်။ သူတို့သည် ကိုယ်တော်ရှင် အသိပေးလိုသော အရာ များကို ခံယူရန်အသင့်ရှိခဲ့ကြလျှင်၊ ခါးသီး သောစိတ်ဒုက္ခရောက်မှုများမှ ကင်းဝေးကြ လိမ့်မည်ဖြစ်ပါသည်။ ကိုယ်တော်၏ နှုတ်ထွက်စကားများသည် ဆုံးရှုံးသော အချိန် များတွင် နှစ်သိမ့်ရာသို့ ဖြစ်စေပါလိမ့်မည်။ မကြာမီအချိန်အတွင်း မိမိ၌မည်သည့် အရာများဖြစ်မည်ကို ရှင်းလင်းစွာ မိန့်မြွက်တော်မူခဲ့သော်လည်း၊ ယေရုရှလင်မြို့သို့ သွားရမည်ဟူသော မိန့်ဆိုချက်သည် နိုင်ငံတော်တည်ထောင်တော့မည်ဟူသော ၎င်း တို့၏မျှော်လင့်ချက်ကို ပြန်လည်အသက်ဝင်စေခဲ့ပါသည်။ ထိုမျှော်လင့်ချက်သည် ၎င်းတို့ အကြားတွင် မည်သူသည် အကြီးမြတ်ဆုံးဖြစ်မည်နည်းဟူသော မေးခွန်းကို ဖြစ်ပေါ်စေခဲ့ပါသည်။ ပေတရုသည် ရေကန်မှပြန်လာသော အချိန်တွင်    တမန် တော်များသည် ခရစ်တော်၏ အမေးကို၎င်းအားပြန်၍ပြောပြကြပါသည်။ နောက်ဆုံး တပည့်တော်တစ်ပါးသည် အရဲစွန့်ကာ ကောင်းကင်နိုင်ငံတော်၌ အဘယ်သူသည် သာ၍ကြီးမြတ်ပါအံ့နည်းဟု ကိုယ်တော်အား မေးလျှောက်လေ၏။

         ထိုအခါယေရှုသည် တပည့်တော်များအား အပါးသို့ခေါ်တော်မူပြီး အလျင် အဦးဖြစ်လိုသောသူမည်သည်ကား နောက်ဆုံးဖြစ်ရမည်။ အလုံးစုံတို့၏ အစေခံ လည်း ဖြစ်ရမည်ဟု မိန့်တော်မူ၏။ ကိုယ်တော်၏စကားများထဲတွင် ထိတ်လန့်စိုးရွံ့ စရာကောင်းပြီး အထူးစွဲမှတ်စရာကောင်းသည့်အရာတစ်ခုပါဝင် နေပါသည်။ ထို အရာကို တမန်တော်များ မသိရှိခဲ့ကြချေ။ ထိုအရာကား၊ ၎င်းတို့ ငြင်းခုံပြောဆိုခဲ့ သောအရာကို ခရစ်တော် သိရှိတော်မူသည်ဖြစ်ကြောင်းကို သူတို့ မသိမြင်နိုင်ခဲ့ခြင်း ပင်ဖြစ်ပါသည်။ သူတို့သည် ခရစ်တော်တည်ထောင်မည့် နိုင်ငံတော်၏ သဘာ၀ကို လည်း၊ ကောင်းမွန်စွာနားမလည်ခဲ့ကြချေ။ ထိုသို့ နားမလည်ခြင်းသည် ၎င်းတို့ ငြင်း ခုံနေခြင်း၏ သိသာသောအကြောင်းရင်းတစ်ရပ် ဖြစ်နေပါသည်။ သို့ရာတွင် စစ်မှန် သော အကြောင်းအရင်းတစ်ရပ်သည် နက်ရှိုင်းစွာ တည်ရှိနေပါသေးသည်။ ခရစ် တော်သည် မိမိတည်ထောင်မည့်နိုင်ငံတော်၏ သဘာ၀ကို ရှင်းလင်းဟောကြားခြင်း အားဖြင့် ၎င်းတို့၏ငြင်းခုံနေမှုကို အခိုက်အတန့်အားဖြင့် ငြိမ်သက်သွားစေခဲ့ သော် လည်း၊ အရင်းခံအကြောင်းကို ဖြေရှင်းနိုင်ခြင်း မရှိခဲ့ချေ။ အကြောင်းစုံကို သိရှိပြီး နောက်၌ပင်၊ ယခင်ကမေးခဲ့ဖူးသည့် မေးခွန်းများသည် ၎င်းတို့၏ဒုက္ခကို အသစ်ဖြစ် စေခဲ့ပါသည်။ ထိုအကြောင်းကြောင့် ခရစ်တော်ကောင်းကင်သို့ တက်ကြွသွားပြီး သည့်နောက်ပိုင်းတွင် အသင်း တော်သည် ဘေးဒုက္ခနှင့်ရင်ဆိုင်ခဲ့ရခြင်းဖြစ်ပါသည်။ ကြီးမြတ်သောရာထူးကိုရရှိ ရန်တိုက်ခိုက်ငြင်းခုံခြင်းသည် ကောင်းကင်နိုင်ငံတော် ဝယ် မဟာတိုက်ပွဲကြီးကို အစပျိုးစေခဲ့သည့် စိတ်ဓာတ်မျိုး၏ လုပ်ဆောင်မှုတစ်ခု ဖြစ်ပြီး ထိုစိတ်ဓာတ်သည် ခရစ်တော်အားကပ်တိုင်သို့တက်ရန် ကောင်းကင်မှ ဆင်း ကြွလာစေခဲ့ပါသည်။ ပလ္လင်တော်ဝန်းကျင်တွင်ခစား၍ သားတော်ဘုရားနှင့် ရင်းနှီးစွာ အမှုတော်ဆောင်ခဲ့ကြသည့် ကောင်းကင်တမန်အားလုံးထက် ဘုန်းတန်ခိုးအာနု ဘော်နှင့်ပြည့်စုံသော နံနက်သားမိုးသောက်ကြယ်တည်းဟူသော လူစီဖာ၏ မြင် ကွင်းသည် ကိုယ်တော့်ရှေ့ဝယ်ထင်ရှားလာခဲ့ပါသည်။ သူသည်အမြင့်ဆုံးသော ဘုရားကဲ့သို့ နေမည်ဟုအကြံရှိခဲ့ပါသည်။ မိမိကိုယ်ကိုချီးမြှောက်ချင်သော စိတ်ဆန္ဒ ကြောင့် ကောင်းကင်ရွှေနန်းတော်၌ ငြင်းခုံတိုက်ခိုက်မှုဖြစ်ပွားလာကာ အလွန်များ ပြားလှစွာသော ကောင်းကင်သားများအား ကောင်ကင်မှ နှင်ထုတ်စေခဲ့ပါသည်။ လူစီဖာသည် ဘုရားသခင်နှင့်တူရန်အမှန်တကယ်လိုလားခဲ့ပါက ကောင်းကင် နိုင်ငံ တော်တွင် ၎င်းအားခန့်အပ်ထားသည့် လုပ်ငန်းတာဝန်ကို စွန့်ပစ်ထားခဲ့လိမ့်မည်မ ဟုတ်ချေ။ အကြောင်းမူကား ထာ၀ရဘုရားသခင်၏ စိတ်နေသဘောထားကို တစ် ကိုယ်ကောင်းမဆန်သော လုပ်ဆောင်မှုတွင် ထင်ရှားစေပါသည်။ လူစီဖာသည် ဘုရားတန်ခိုးတော်ကိုသာ လိုလားသော်လည်း စာရိတ္တတော်ကိုမူ မလိုချင်ခဲ့ချေ။ သူ သည် မိမိကိုယ်ကျိုးအတွက် ထိုရာထူးကိုလိုလားခဲ့ခြင်း ဖြစ်ပါသည်။ ထိုစိတ်ဓာတ် မျိုး၏ လှုပ်ဆော်မှုကိုခံရသော လူတိုင်းသည်လည်း ထိုနည်းအတူလုပ်ဆောင်ကြပါ လိမ့်မည်။ ထိုနည်းအားဖြင့် စိတ်ဝမ်းကွဲပြားခြင်း၊ တစ်ဦးနှင့်တစ်ဦးစိမ်းကားခြင်းနှင့် ငြင်းခုံတိုက်ခိုက်ခြင်းများသည် မလွဲမသွေဖြစ်ပေါ်လာပေလိမ့်မည်။ တန်ခိုးအာဏာ သည် ခွန်အားအရှိဆုံးပုဂ္ဂိုလ်ဆွတ်ခူးမည့် ဆုတစ်ခုဖြစ်လာပါသည်။ စာတန်၏နိုင်ငံ သည် ခွန်အားကိုအသုံးပြုသော နိုင်ငံဖြစ်ပါသည်။ ထိုနိုင်ငံမှပုဂ္ဂိုလ်များသည် အခြား သူများအား မိမိတို့၏ တိုးတက်ကြီးပွားမှုလမ်းကြောင်းပေါ်မှ အဟန့်အတားများဟူ၍ လည်းကောင်း၊ ပို၍မြင့်မားသောရာထူးကို မိမိရယူရန်အတွက် ခုတုံးများအနေဖြင့် လည်းကောင်း မှတ်ယူထားကြပါသည်။

         လူစီဖာသည် ဘုရားသခင်နှင့်တန်းတူရည်တူဖြစ်နိုင်ရန် ဘုရား၏တန်ခိုး တော်များကို လိုလားတောင့်တနေသော အချိန်တွင် ခရစ်တော်သည်  မိမိအသရေ ကိုစွန့်၍ အစေခံကျွန်၏ သဏ္ဌာန်ကိုယူဆောင်လျက် လူကဲ့သို့သော အဖြစ်၌ဖွား မြင်ခြင်းကို ခံတော်မူ၏။ ထိုသို့လူ၏ ဂုဏ်အင်္ဂါလက္ခဏာနှင့်ပြည့်စုံလျက်၊ အသေခံခြင်း သာမဟုတ်၊ လက်ဝါးကပ်တိုင်မှာ အသေခံသည့်တိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကို ကိုယ်နှိမ့်ချတော်မူ၏။ ဖိလိပ္ပိ ၂း၇-၈။ ယခုတွင်မူ       ကိုယ်တော်ရှင်သည် ကပ်တိုင် ထက်သို့ တက်ရပေတော့မည်။ တမန်တော်များ၌ စာတန်နိုင်ငံ၏နိယာမဖြစ်သော တစ်ကိုယ်ကောင်းကြံလိုသည့် စိတ်များဖြင့် အထူးပြည့်၀နေသဖြင့် ၎င်းတို့၏ သခင် အား မထောက်ခံနိုင်ရန်သာမက မိမိတို့ကြောင့် အသရေရှုတ်ချခြင်းကိုခံခဲ့ရကြောင်း ပြောဆိုနေသည့် ခရစ်တော်ကိုပင် သူတို့နားမလည်နိုင်ခဲ့ကြချေ။

         သခင်ယေရှုသည်နူးညံ့သိမ်မွေ့၍ ဣန္ဒြေကြီးစွာဖြင့် မှားယွင်းမှုများကို ပြင် ပေးရန်ကြိုးစားတော်မူခဲ့ပါသည်။ အထက်ကောင်းကင်နိုင်ငံတော်မှ သွေဖည်သွားစေ မည့် စည်းမျဉ်းများသည် မည်သည့်အရာများ ဖြစ်သည်ကိုလည်းကောင်း၊ စစ်မှန် သော ကောင်းမြတ်ခြင်းများတွင် မည်သည့်အရာများ ပါရှိသည်ကိုလည်းကောင်း ထက်ရွှေနန်း၏ စံအရတွက်ချက်၍ ကိုယ်တော်ရှင် ဖော်ပြတော်မူခဲ့ပါသည်။ မာနတ ရားနှင့် ထင်ပေါ်လိုသော စိတ်များဖြင့် ယစ်မူးနေသောသူများသည် ဘုရားသခင် ထံ မှ ရရှိထားသည့်ဆုကျေးဇူးများအား ကိုယ်တော်ရှင်ထံသို့ မည်သို့ ပြန်လည်ပေး ဆပ်ရမည်ကို စဉ်းစားခြင်းထက် မိမိကောင်းစားရေးအတွက်နှင့် ရရှိမည့်ဆုလာဘ် များအကြောင်းကိုသာ စဉ်းစားနေတတ်ကြပါသည်။ စာတန်နှင့် တထေရာတည်း ဖြစ် နေသော ထိုသူများအတွက် ကောင်းကင်နိုင်ငံတော်တွင် နေရာမရှိချေ။

         ချီးမြှောက်ခြင်း၏ အလျင်အဦးတွင် နှိမ့်ချခြင်းရှိပါသည်။ လူအများရှေ့တွင် ရှိသော ကြီးမြတ်သည့် နေရာတစ်နေရာတွင်ခန့်ထားရန် ဘုရားသခင်သည် ဗတ္တိဇံ ဆရာယောဟန်ကဲ့သို့သော ဘုရားသခင်ရှေ့မှောက်တွင် နိမ့်ကျသည့် ရာထူးများ၌ လုပ်ဆောင်မည့် အမှုဆောင်များကို ရွေးချယ်တော်မူပါသည်။ ကလေးငယ်နှင့်အတူ ဆုံးသော ထိုတမန်တော်သည် ဘုရားသခင်အတွက် အစွမ်းဆောင်နိုင်ဆုံးသော သူ ဖြစ်ခဲ့ပါသည်။ မိမိကိုယ်ကိုမမြင့်တင်ဘဲ အသက်ဝိညာဉ် များကိုကယ်ဆယ်ရန် ကြိုးစားနေသောထိုသူမျိုးကို ကောင်းကင်သားများသည် လက်တွဲလုပ် ဆောင်နိုင် ကြပါသည်။ ဘုရားသခင်၏မစခြင်းကို အထူးလိုအပ်နေကြောင်း သိရှိသောသူသည် ထိုလိုအပ်ချက်ကိုမစရန် ဘုရားသခင်ထံတောင်း လျှောက်ပေလိမ့်မည်။ သန့်ရှင်း သောဝိညာဉ်တော်သည် ထိုအသက်ဝိညာဉ်ကို အားပေးမြှောက်တင်မည့် သခင် ယေရှု၏ အရိပ်အယောင်ကို ထိုသူအားပြတော်မူလိမ့်မည်။ ထိုသူသည် ခရစ်တော် နှင့်မိတ်သဟာယဖွဲ့လျက် အပြစ်တရားတွင် ပျက်စီးဆုံးရှုံးကြတော့မည့် သူများအ တွက် အမှုတော်ဆောင်ရန် ထွက်ခွာသွားပေလိမ့်မည်။ ထိုသူသည် ၎င်း၏အမှုတော် လုပ်ငန်းအတွက် ဘိသိက်ပေးခြင်းကိုခံရပြီး များစွာသောပညာတတ်များ၊ ဥာဏ်ရည် ကောင်း သောပညာရှိများ မလုပ်ဆောင်နိုင်သည့်နေရာများတွင် အောင်မြင်စွာအမှု တော် ဆောင်နိုင်ပါလိမ့်မည်။

         သို့ရာတွင် ဘုရားသခင်၏မဟာစီမံကိန်းကြီးအောင်မြင်မှုတွင် မိမိတို့သည် မရှိမဖြစ် အရေးပါသည်ဟုထင်ကာ လူများသည် မိမိကိုယ်ကိုမြှောက်စား လာသော အချိန်တွင် ဘုရားသခင်သည် ၎င်းတို့အား ဘေးဖယ်ထားရန်ကြံဆောင် တော်မူလိမ့် မည်။ ထိုနည်းအားဖြင့် ၎င်းတို့အပေါ်တွင် ဘုရားသခင်မှီခိုအားထား ခြင်းပြုတော်မမူ ကြောင်း ထင်ရှားစေပါလိမ့်မည်။ ထိုကဲ့သို့သောပုဂ္ဂိုလ်များကို ဖယ်ရှားပစ်လိုက်ခြင်း အားဖြင့် ဘုရားသခင်၏ အမှုတော်သည် ရပ်တန့်သွားခြင်း မရှိသည့်အပြင် ပို၍ပင် ရှေ့သို့ တစ်ရှိန်ထိုးတိုးတက်သွားပေလိမ့်မည်။

         တမန်တော်များအား ကိုယ်တော်တည်ထောင်မည့်နိုင်ငံတော်၏ သဘာ၀ နှင့်ပတ်သက်၍ သွန်သင်ရုံနှင့် မလုံလောက်ပါချေ။ ၎င်းတို့လိုအပ်နေသောအရာမှာ စိတ်နှလုံးပြောင်းလဲခြင်း ဖြစ်ပါသည်။ စိတ်နှလုံးပြောင်းလဲမှသာ ထိုသူများ၏ သက်တာသည် နိုင်ငံတော်၏ စည်းမျဉ်းနှင့်ကိုက်ညီသွားမည် ဖြစ်ပါသည်။ ထိုနောက် သူငယ်တစ်ယောက်ကိုခေါ်တော်မူ၍ တပည့်တော် တို့အလယ်၌ထားပြီးမှ ထိုသူငယ် လေးကို လက်တော်ဖြင့်ပွေ့ပိုက်တော်မူလျက် ငါအမှန်အကန်ဆိုသည်ကား၊ သင် တို့သည်ပြောင်းလဲ၍ သူငယ်ကဲ့သို့မဖြစ် လျှင် ကောင်းကင်နိုင်ငံတော်သို့ မရောက်ရ ကြ}} ဟုမိန့်တော်မူ၏။ ကလေးငယ် တစ်ဦး၏ပရိယာယ်ကင်းခြင်း၊ အတ္တကိုမစဉ်းစား တတ်ခြင်းနှင့် စိတ်ချယုံကြည် သောမေတ္တာတရားများသည် ဘုရားသခင်တန်ဖိုးထား သည့် ကြန်အင်လက္ခဏာ များဖြစ်ကြပါသည်။ စစ်မှန်သောကြီးမြတ်ခြင်း၏ ထူးခြား ချက်များလည်းဖြစ် ပါသည်။

         ဘုရားသခင်၏ နိုင်ငံတော်သည် လောကဂုဏ်ဒြပ်နှင့် ထည်ဝါမှုများအားဖြင့် သိသာထင်ရှားစေသည့် အရာမဟုတ်ကြောင်းကို ခရစ်တော်သည် တမန်တော်များ အား တစ်ဖန်ရှင်းလင်းဖော်ပြတော်မူခဲ့ပါသည်။ ခရစ်တော်၏ ခြေတော်ရင်းတွင် အဆောင်အယောင်များကို မေ့လျော့သွားကြပါသည်။ ဆင်းရဲသားများနှင့်သူဌေးများ၊ ပညာရှိများနှင့် ပညာမဲ့များသည် ဇာတ်နိမ့်ဇာတ်မြင့်နှင့် လောကကြီးမြတ်မှုများကို မေ့လျော့သွားကြကာ အတူတကွ စုစည်းလာကြပါသည်။ ထိုသူအားလုံးသည် မိမိတို့ အားထာ၀ရဘုရား ထံသို့ပို့ဆောင်ပေးတော်မူသည့် ကိုယ်တော်ကိုသာ တူညီစွာမှီခို အားထားလျက် အသွေးတော်နှင့် ဝယ်ယူခြင်းခံရသည့် အသက်ဝိညာဉ်များအနေ ဖြင့်တွေ့ဆုံ စုစည်းလာကြပါသည်။

         ထာ၀ရဘုရား၏ ရှေ့မှောက်တွင် နှလုံးဖြူအူစင်း၍ စိတ်နှလုံးကြေကွဲနေ သော အသက်ဝိညာဉ်များသည် အဖိုးထိုက်တန်လှပါသည်။ ဘုရားသခင်သည် မိမိ၏ ကိုယ်ပိုင်အမှတ်တံဆိပ်ကို လူသားများအပေါ် ရိုက်နှိပ်တော်မူပါ သည်။ ထိုသို့ ရိုက် နှိပ်ရာတွင် ရာထူးရာခံဥစ္စာဓန၊ ပညာအဆင့်အတန်းရှိမှု အပေါ်တွင်မူတည်၍ ရိုက် နှိပ်ခြင်းမဟုတ်ဘဲ ခရစ်တော်နှင့်တစ်လုံးတစ်၀တည်း ရှိခြင်းအပေါ်တွင် မူတည်၍ ရိုက်နှိပ်ခြင်းဖြစ်ပါသည်။ ဘုန်းတော်အရှင်ဘုရားသခင်သည် စိတ်နှလုံးနှိမ့်ချ၍ နူးညံ့ သိမ်မွေ့သောသူများကို ကျေနပ်အားရတော် မူပါသည်။ ကိုယ်တော်သည် ကယ် တင်တော်မူခြင်း ဒိုင်းလွှားကိုအပ်၍ လက်ယာလက်တော်အားဖြင့်မစတော်မူ၏။ သည်းခံတော်မူခြင်းအားဖြင့် အကျွန်ုပ်           သည်ချီးမြှောက်ခြင်းသို့ရောက်ပါ၏ (ဆာလံ ၁၈း၃၅)

         အကြင်သူသည် ငါ့မျက်နှာကိုထောက်၍ ဤကဲ့သို့သောသူငယ်တစ်စုံ တစ်ယောက်ကို လက်ခံ၏၊ ထိုသူသည်ငါ့ကိုပင်လက်ခံ၏။ ငါ့ကိုလက်ခံသော သူ သည်လည်း ငါ့ကိုသာလက်ခံသည်မဟုတ်၊ ငါ့ကိုစေလွှတ်တော်မူသော သူကိုပင် လက်ခံသည်ဟုမိန့်တော်မူ၏။ ထာ၀ရဘုရားမိန့်တော်မူသည်ကား၊ ကောင်းကင် ဘုံသည် ငါ့ပလ္လင်ဖြစ်၏။ မြေကြီးသည် ငါ့ခြေတင်ရာခုံဖြစ်၏။----စိတ်နှိမ့်ချခြင်း၊ နှလုံးကြေကွဲခြင်း၊ ငါ့စကားကြောင့်တုန်လှုပ်ခြင်းရှိသော သူကိုသာ ငါကြည့်ရှုမည်။ (ဟေရှာယ ၆၆း၁-)

         ကိုယ်တော်ရှင်မိန့်တော်မူသည့် ထိုစကားများကြောင့် တမန်တော်များ၏ စိတ်ထဲဝယ် မိမိကိုယ်ကိုမကိုးစားလိုသည့်စိတ်ဓာတ်များ ပေါက်ဖွားလာခဲ့ ပါသည်။ မည်သူတစ်စုံတစ်ယောက်ကိုမျှပြန်လည်ဖြေကြားရန် ဦးတည်၍မပြော ခဲ့သော်လည်း ရှင်ယောဟန်အနေဖြင့် မိမိ၏လုပ်ဆောင်မှုသည်မှားသည်၊ မှန်သည်ကို သိရှိလိုသ ဖြင့် သူငယ်တစ်ဦး၏ စိတ်ထားမျိုးဖြင့် အရှင်ဘုရား၊ အကျွန်ုပ်တို့နှင့် အတူမလိုက် ဘဲလျက် ကိုယ်တော်၏နာမကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သော သူတစ် ယောက်ကို အကျွန်ုပ်တို့တွေ့ပါ၏။ သူသည် အကျွန်ုပ်တို့နှင့် အတူမလိုက်သော ကြောင့် အကျွန်ုပ်တို့သည်မြစ်တားကြပါသည် ဟူ၍လျှောက်ထားခဲ့ပါသည်။

         ဤသူကို စစ်ဆေးကြည့်သော အခါတွင် ၎င်းသည်ခရစ်တော်၏ ဂုဏ်အ သရေနှင့်ပြည့်စုံသည်ဟု ယာကုပ်နှင့်ယောဟန်တို့က ထင်မြင်ယူဆခဲ့ကြပါသည်။ ထိုကြောင့် မနာလိုဝန်တိုစိတ်များပေါက်ဖွားလာခဲ့ကြပါသည်။ သို့ရာတွင် ယခုတွင်မူ သူတို့သည်မိမိ၏ အမှားများကို ပြန်လည်မြင်တွေ့လာကြပြီး ထိုသူ ကိုမမြစ်တား ကြနှင့်၊ ငါ့နာမကို အမှီပြုလျက်တန်ခိုးကိုပြ၍ ငါ့ကိုအလွယ်တကူကဲ့ရဲ့နိုင်သော သူ တစ်ယောက်မျှမရှိ ဟူသော ခရစ်တော်၏ ဆုံးမစကားကိုလည်း လက်ခံနာယူခဲ့ကြ ပါသည်။

         တစ်နည်းနည်းအားဖြင့် ခရစ်တော်ဘုရား၏ မိတ်ဆွေဖြစ်ကြောင်း မိမိကိုယ် ကိုဖော်ပြသည့် မည်သူကိုမဆို ငြင်းပယ်ရမည်မဟုတ်ချေ။ ခရစ်တော်၏ စာရိတ္တ တော်နှင့် လုပ်ဆောင်မှုများကြောင့် နက်နက်နဲနဲ စိတ်လှုပ်ရှားခဲ့သူများစွာရှိပြီး ၎င်း တို့သည် ကိုယ်တော်ရှင်ကို ယုံကြည်ခြင်းအားဖြင့် စိတ်နှလုံးထဲမှ ကြိုဆိုလျက်ရှိနေ ကြပါသည်။ ထိုသူများ၏ စိတ်နေသဘောထားကို မသိရှိကြသော တမန်တော်များ သည် ၎င်းတို့အား စိတ်ဓာတ်ကျအောင်မလုပ်မိဖို့ ဂရုစိုက်ကြ ရပါမည်။ သခင်ယေရှု သည် ၎င်းတို့နှင့်ခွဲခွာသွားသော အချိန်တွင် အမှုတော် ကို၎င်းတို့၏ လက်ထဲတွင် အပ်နှံထားခဲ့ရမည်ဖြစ်သဖြင့်၊ တမန်တော်များအနေနှင့် သေးသိမ်သော စိတ်သ ဘောထားများကို မထားရှိကြဘဲ၊ ကိုယ်တော်ရှင်၌တွေ့ မြင်ခဲ့ကြရသော မဟာ မေတ္တာတော်မျိုးကို ဖော်ပြရမည်ဖြစ်ပါသည်။

         ကျွန်ုပ်တို့၏ ပုဂ္ဂလိကအတွေးအခေါ် အယူအဆများနှင့် ကွဲပြားသော ကြောင့်၊ လူတစ်ယောက်အား ဘုရားသခင်အတွက်အမှုတော်မဆောင်ရန်တားမြစ် ခြင်းသည် တရားမျှတလိမ့်မည် မဟုတ်ချေ။ ခရစ်တော်သည် ကြီးမြတ်သော ဆရာ တစ်ပါးဖြစ်တော်မူ၏။ ကျွန်ုပ်တို့သည် သူတစ်ပါးအားတရားစီရင် ရန် (သို့ မဟုတ်) အမိန့်ပေးရန်တာဝန်မရှိကြဘဲ၊ ခြေတော်ရင်းတွင်နှိမ့်ချစွာဖြင့်    ပျပ်ဝပ်ကာ ကိုယ် တော်ထံမှာ နည်းနာခံကြရန်သာ ဖြစ်ပါသည်။ လိုအင်ဆန္ဒ ပြင်းပြအောင် ဘုရားသ ခင်ပြုပြင်ခြင်းခံရသော ပုဂ္ဂိုလ်တိုင်းသည် ခရစ်တော်၏ ခွင့်လွှတ်ခြင်းမေတ္တာတော် ကို ဖော်ပြရာတွင် အသုံးပြုခြင်းခံရသည့် ရေစီးမြောင်းတစ်ခုစီ ဖြစ်ကြပါသည်။ ကျွန်ုပ် တို့သည် ဘုရားသခင်အလင်းတော်ကို သယ်ဆောင်မည့် သူတစ်ဦးအား စိတ်ဓာတ် ကျစေခြင်းအားဖြင့် ကမ္ဘာလောကကို ကိုယ်တော်ရှင်ထွန်းလင်းစေလိုသည့် အလင်း ရောင်ခြည်အား အဟန့်အတား မပြုမိရန် အထူးဂရုစိုက်သင့်လှပါသည်။

         ခရစ်တော်၏နာမတော်ကို အမှီပြု၍ နိမိတ်လက္ခဏာပြုနေသော သူတစ်ဦး အား ရှင်ယောဟန်မြစ်တားခဲ့သကဲ့သို့ ခရစ်တော်ဆွဲယူတော်မူလျက်ရှိသော သူတစ် ဦးတစ်ယောက်အပေါ်ပြုသည့် တပည့်တော်တစ်ဦးကြမ်းတမ်းသောဆက် ဆံခြင်း (သို့မဟုတ်) ဂရုမစိုက်သလိုဆက်ဆံခြင်းများသည် ထိုအသက်ဝိညာဉ်အား စာတန် ဘက်သို့ ဦးလှည့်သွားစေပြီး ဆုံးရှုံးခြင်းသို့ရောက်သွားစေနိုင်ပါသည်။ ထိုသူတစ်ဦး အားမှားယွင်းစွာ ဆက်ဆံသည်ထက် လည်ပင်း၌ကြိတ်ဆုံကျောက် ကိုဆွဲ၍ နက်နဲ သော ပင်လယ်၌နစ်မြုပ်ခြင်းကို ခံရလျှင် အနေသာ၍ကောင်း၏ဟု ခရစ်တော်မိန့် တော်မူခဲ့ပါသည်။ ၎င်းပြင် သင်၏လက်သည် သင့်ကိုမှားယွင်းစေလျှင် လက်ကိုဖြတ် လော့၊ ပိုးမသေမီးမငြိမ်းရာငရဲအတွင်း မငြိမ်းနိုင်သော မီးထဲသို့လက်နှစ်ဖက်စုံနှင့် ဝင်ရသည်ထက် လက်ချို့တဲ့၍အသက်ရှင်ခြင်းသို့ ဝင်စားသော် သာ၍ကောင်း၏ဟု ဆက်လက်မိန့်တော်မူခဲ့ပါသည်။ (မာကု ၉း၄၃-၄၅)

         ကိုယ်တော်ရှင်အသုံးပြုတော်မူခဲ့သော ရိုးရှင်းလှသည့် အသုံးအနှုန်းထက် မည်သည့်အသုံးအနှုန်းကမျှ ပို၍ထိရောက်နိုင်လိမ့်မည်မဟုတ်ချေ။ အကြောင်းမူ ကား ဘုရားသခင်၏သားတော်သည် ပျောက်ဆုံးနေသူများအား ကယ်တင်ရန်ကြွလာ တော်မူခဲ့သည်။ ကိုယ်တော်၏တပည့်တော်များသည် ၎င်းတို့၏မိတ်ဆွေများ၏ ကျိုးအလိုငှာ ဘုရားသခင်ဂရုထားတော်မူသည်ထက် လျော့နည်းကြရမည်လား၊ သက်ဝိညာဉ်တိုင်းသည် အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိသူများဖြစ်ကြပြီး ၎င်းတို့အ ပေါ်ထားရှိသည့်ခရစ်တော်၏ မေတ္တာတော် ၎င်းတို့ကိုယ်စားကိုယ်တော်ပြုတော်မူခဲ့ သည့်နှိမ့်ချမှုများနှင့် ခံစားခဲ့ရသည့်ပြင်း ထန်သောဝေဒနာများကို အလဟဿဖြစ် သွားစေရန် ဝိညာဉ်တစ်လုံးအား ခရစ်တော်ထံမှ ကျောခိုင်သွားစေသည့် အပြစ်သည် အလွန်ကြောက်ရွံ့စရာကောင်းလှပါသည်။ မှားယွင်းစရာ အကြောင်းများရှိသော ကြောင့် လောကီသားတို့သည် အမင်္ဂလာရှိကြ၏။ မှားယွင်းစရာအကြောင်း ရှိရမည်။ သို့သော်လည်း မှားယွင်းစရာအကြောင်းကို ဖြစ်စေသောသူသည် အမင်္ဂလာရှိ၏။ မဿဲ ၁၈း၇။    စာတန်၏ဩဇာခံလူသားများသည် ခရစ်တော်၏ နောက်လိုက်များ ကို ဧကန်အမှန် ဆန့်ကျင်ကြလိမ့်မည်ဖြစ်ပြီး ထိုသူများ၏ ယုံကြည်ခြင်းကို ချေဖျက် ပစ်ရန် ကြိုးစားကြပေလိမ့်မည်။ သို့ရာတွင် ခရစ်ယာန်အဖြစ်ခံယူ၍ ဤမှားယွင်းသော လုပ်ရပ်များကို လုပ်ဆောင်နေသူများ၌ အမင်္ဂလာရှိကြ၏။ ကိုယ်တော်ရှင်အတွက် အမှုတော်ဆောင်ရန် အခိုင်အမာပြောဆိုသော်လည်း ကိုယ်တော်ရှင်၏ စာရိတ္တ တော်ကို မှားယွင်းစွာ ရုပ်လုံးဖော်နေကြသူများသည် သခင်ဘုရားအား အရှက်ရစေ တော်မူပြီး လူအများအားလှည့်ဖြားကာ အမှားလမ်းထဲသို့ ပို့ဆောင်နေကြခြင်းဖြစ် ပါသည်။

         အပြစ်တရားသို့ပို့ဆောင်ကာ ခရစ်တော်အား ဂုဏ်အသရေယုတ်ညံ့စေမည့် မည်သည့် အကျင့်ဓလေ့ကိုမဆို၊ မည်မျှပင်နစ်နာစေကာမူ၊ စွန့်လွှတ်ဖို့ကောင်းပါ သည်။ ဘုရားသခင်ကို အသရေယုတ်ညံ့စေသည့် အရာတစ်ခုသည် အသက်ဝိညာဉ် အားလည်း အကျိုးပြုနိုင်မည်မဟုတ်ချေ။ အမှန်တရား၏ ထာ၀ရခိုင်မြဲသော စည်း မျဉ်းများကို ချိုးဖောက်သော လူသားများအပေါ်သို့ အထက်မှ ကောင်းချီးမင်္ဂလာများ မကျရောက်နိုင်ပါချေ။ စွဲလမ်းခုံမင်နေသည့် အပြစ်တစ်ခုသည် စာရိတ္တမဏ္ဍိုင်ယုတ် ညံ့ပျက်စီးသွားစေရန်နှင့် အခြားသူများကိုလမ်း မှားသို့ပြပေးရန် လုံလောက်ပါသည်။ ကိုယ်ခန္ဓာအား သေခြင်းမှကယ်တင်ရန် မှားယွင်းသော ခြေများလက်များနှင့် မျက်စိ များကိုပင် ဖြတ်တောက်ထုတ်ပယ် သင့်သည်ဆိုလျှင် အသက်ဝိညာဉ်ကို ဆုံးရှုံးစေ သည့် အပြစ်တရားကို ကျွန်ုပ်တို့ မည်မျှစွန့်လွှတ်သင့်ကြပါသနည်း။

         ဆက်ကပ်ပူဇော်သည့် အခမ်းအနားများတွင် ယဇ်ကောင်တိုင်းကို ဆားခတ် ရပါသည်။ နံ့သာပေါင်းမီးရှို့ပူဇော်ခြင်းမှာကဲ့သို့ ထိုဆားသည် ခရစ်တော်၏ ဖြောင့် မတ်ခြင်း တစ်ခုတည်းကသာ ထိုဆက်ကပ်ခြင်းကို ဘုရားသခင် လက်ခံနိုင်သည်ဖြစ် ကြောင်း ပုံဆောင်ထားခြင်းဖြစ်ပါသည်။ ထိုအလေ့အထကို ရည်ညွှန်း၍ ယဇ်ကောင် ရှိသမျှတို့၌ ဆားခတ်ရ၏၊ သင်တို့၌ ဆားရှိစေကြလော့ ဟု ခရစ်တော်မိန့်ကြားတော် မူခဲ့ပါသည်။ မိမိကိုယ်ကိုသန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင်နှစ်သက်တော်မူဖွယ် သောလက္ခဏာ၊ အသက်ရှင်ခြင်းလက္ခဏာနှင့် ပြည့်စုံသောယဇ်အဖြစ် ဘုရားသခင် ထံတော်၌ ပူဇော်ဆက်သလိုသူများသည် ကယ်တင်ရှင်၏ ဖြောင့်မတ်ခြင်း ပါရမီ တည်းဟူသော ကယ်တင်ခြင်းဆားကို လက်ခံရယူရပါမည်။ ဆားသည် အရာဝတ္ထု များကိုကြာရှည်ခံအောင် ထိန်းသိမ်းစောင့်ရှောက်သကဲ့သို့ ၎င်းတို့သည်လည်း လူ သားများအလယ်တွင် အသက်ရှင် နေထိုင်စဉ် ဒုစရိုက်ကိုဟန့်တားသော လောက၏ ဆားများဖြစ်လာကြပါသည်။ သို့ရာတွင် ဆားသည်အငန်ကင်းပျောက်သွားသကဲ့သို့ ၎င်းတို့သည်ခရစ်တော်၏ မေတ္တာမပါသည့် ဘုရားတရားရှိကြောင်း နှုတ်အားဖြင့် ဝန်ခံရုံသာပြုကြလျှင် ထိုအသက်တာမျိုးသည် လောကီသားများအပေါ် မည်သည့် ကယ်တင်ခြင်း တန်ခိုးကိုမျှပေးဆောင်နိုင်မည်မဟုတ်ချေ။ ငါ၏နိုင်ငံတော် တည် ထောင်ခြင်းတွင် အသုံးပြုသည့် သင်၏အားအင်များနှင့် စွမ်းပကားများသည်၊ ငါ့ ဝိညာဉ်တော်ကို သင်မည်မျှ ခံယူခြင်းအပေါ်တွင် မူတည်ပါသည်။ အသက်ရှင်ခြင်း သို့ဝင်စားနိုင်ဖို့ အသက်တာ၏ အငန်အရသာနှင့် ပြည့်စုံစေရန် သင်သည်ငါ၏ ကရုဏာတော်ကို မျှဝေသုံးဆောင်သူတစ်ဦးဖြစ်ရမည်။ သို့မှသာလျှင် တစ်ဦးနှင့် တစ်ဦး တုပြိုင်လိုစိတ်များ၊ တစ်ကိုယ်ကောင်းကြံလိုစိတ်များနှင့် ကြီးမြတ်လိုသော စိတ် များပျောက်ကွယ်သွားပေလိမ့်မည်။ သင်၌မိမိကိုယ်ကျိုးကိုမကြည့်၊ အခြားသူ များ၏ကြီးပွားချမ်းသာမှုကိုသာပြုစုတတ်သော ထိုမေတ္တာမျိုးရှိလာလိမ့်မည် စသည် ဖြင့် ခရစ်တော်မိန့်မှာတော်မူပါသည်။

         နောင်တရသော အပြစ်သားသည် ဤလောက၏အပြစ်ကို ဆောင်သွား သော ဘုရားသခင်၏ သိုးသငယ်ကိုကြည့်ပါစေ။ ကြည့်ခြင်းအားဖြင့် သူ၏အသက် တာသည် ပြောင်းလဲလာပါသည်။ ထိုသူ၏ စိုးရိမ်ကြောက်ရွံ့မှုများသည် ပျော်ရွှင် ဝမ်းမြောက်ခြင်းသို့လည်းကောင်း၊ သံသယစိတ်များသည် မျှော်လင့်ခြင်းသို့လည်း ကောင်းပြောင်းလဲလာပါသည်။  ကျေးဇူးတင်ချီးမွမ်းလာပါသည်။ ကျောက်နှလုံးကြီး သည် ကြေမွပျက်စီးသွားကာ မေတ္တာဒီရေလှိုင်းများသည် အသက်ဝိညာဉ်အထဲသို့ စိမ့်ဝင်လာပါသည်။ ခရစ်တော်သည် သူ့အထဲတွင် ထာ၀ရအသက်တိုင်အောင် စီး ဆင်းနေသော စမ်းရေတွင်းနှယ်ဖြစ်လာသည်။ ကျွန်ုပ်တို့သည်သခင်ယေရှုအား စိတ် ဒုက္ခများနှင့်ရင်းနှီး၍ ပျောက်ဆုံးနေသည့် များစွာသော အသက်ဝိညာဉ်များအတွက် အမှုတော်ဆောင်လျက်ရှိသော၊ အထင်အမြင်သေးခံရသော၊ မထီမဲ့မြင်ပြုခြင်းကို ခံရသော၊ ပြောင်လှောင်သရော်ခြင်းကိုခံရသော၊ အမှုတော်ပြီးမြောက်သည် တိုင် အောင် တစ်မြို့မှတစ်မြို့သို့နှင်ထုတ် ခြင်းခံခဲ့ရသော ဝမ်းနည်းဖွယ်လူသားတစ်ဦးအ နေဖြင့် မြင်တွေ့လာသောအချိန် တွင်လည်းကောင်း၊ ဂေသရှေမန်ဥယျာဉ်ဝယ်သွေး များသည် ချွေးများကျလာ သလိုကျလာသောအချိန်နှင့် ကပ်တိုင်၏ ပြင်းထန်သော ဝေဒနာကိုခံစားနေရသော အချိန်များတွင် ကိုယ်တော်ကိုကြည့်ရှုမိသော အခါတွင် လည်းကောင်း ငါတည်း ဟူသောအတ္တအလိုများသည် ပျောက်လွင့်သွားပေလိမ့်မည်။ ခရစ်တော်ကို ကြည့်ခြင်းဖြင့် မိမိတို့၏အေးတိအေးစက်နိုင်ခြင်းများ၊ အမှုမဲ့အမှတ်မဲ့ နေခြင်းများနှင့် တစ်ကိုယ်ကောင်းကြံစည်ခြင်းများအတွက် ရှက်စိတ်များပေါ်လာလိမ့် မည်။ ကိုယ်တော်ရှင်အတွက် စိတ်ရောကိုယ်ပါ လုပ်ဆောင်နိုင်စေရန်အလိုငှာ ကျွန်ုပ်တို့သည် မည်သည့်ရာထူးဌာနန္တရကိုမှ ရလိုသောဆန္ဒရှိကြလိမ့်မည် မဟုတ် ချေ။ ခရစ်တော်၏လမ်းစဉ်အတိုင်း ကပ်တိုင်ထမ်းရသော အချိန်တွင်လည်းကောင်း၊ ကိုယ်တော့်အတွက် စုံစမ်းခြင်းခံရသော အချိန်တွင်လည်းကောင်း၊ နှိပ်စက်ညှဉ်း ပန်းခြင်း ခံရသောအချိန်တွင်လည်းကောင်း ဝမ်းမြောက်ဝမ်းသာ ရှိလိမ့်မည်။

         သို့ဖြစ်၍ အားရှိသောငါတို့သည် ကိုယ်အလိုသို့မလိုက်၊ အားနည်းသော သူတို့၏ အားနည်းခြင်းကို သည်းခံရကြမည်။ ရောမ ၁၅း၁။ ခရစ်တော်ကိုယုံကြည် သည့် မည်သည့်ယုံကြည်သူမဆို၊ ၎င်း၏ယုံကြည်ခြင်းသည် မည်သို့ ပင်အားနည်းစေ ကာမူ၊ ကလေးငယ်လမ်းလျှောက်သလို သူ၏ခြေလှမ်းများသည် ဒယိမ်းဒယိုင်ဖြစ် စေကာမူ၊ သူ့အားပေါ့တန်စွာအလေးမထားသင့်ချေ။ သူတစ်ပါးထက် ပိုမိုပိုင်ဆိုင်ခွင့် ရထားသည့် ပညာအဆင့်အတန်း၊ ယဉ်ကျေးမှု အဆင့်အတန်း၊ စာရိတ္တကောင်း မြတ်ခြင်း၊ ခရစ်ယာန်ပညာနှင့် ဘာသာရေးအတွေ့အကြုံများကြောင့် ကျွန်ုပ်တို့သည် မိမိတို့ထက် အခွင့်အရေးနည်းပါးသူများအတွက် အကြွေးတင်နေကြပါသည်။ ထိုသူ များအတွက် တတ်အားသရွေ့ အလုပ်အကျွေးပြုကြရမည်။ ကျွန်ုပ်တို့သည် အားကြီး သော သူများဖြစ်ကြလျှင် အားနည်းသောသူများ၏လက်ကို ထောက်မကြရမည်။ ကောင်းကင်နိုင်ငံတော် တွင်စိုးစံတော်မူသော ဘုရားသခင်၏မျက်နှာတော်ကို အစဉ် အမြဲဖူးမြော်နေ ကြသည့်ကောင်းကင်တမန်များသည် ကိုယ်တော်ရှင်၏ သူငယ်က လေးများအား မစခြင်းအမှုတွင် ဝမ်းမြောက်ဝမ်းသာရှိကြလိမ့်မည်။ အပြစ်တင်ခွင့်နှင့် ပြည့်၀နေသော ကြောက်ရွံ့တုန်လှုပ်နေသည့် အသက်ဝိညာဉ်များသည် ၎င်းတို့အ ထူး တာဝန်ယူကာကွယ်စေရမည့် သူများဖြစ်ကြပါသည်။ ၎င်းပြင် မိမိအလိုကို ငြင်း ပယ်ရန် အပြင်းအထန်ကြိုးစားနေကြသူများ စိတ်ဓာတ်ကျ စရာအကောင်းဆုံး အခြေ အနေတွင် ရောက်နေသူများနှင့် အကူအညီအထူး လိုအပ်နေသူများတို့၏ အနီး ပတ်ဝန်းကျင်တွင်လည်း ကောင်းကင်တမန်များသည် အမြဲရှိနေကြပါသည်။ ထိုသို့ ခရစ်တော်၏ နောက်လိုက်ကောင်းများသည်လည်း ဤအမှုတော်လုပ်ငန်းတွင် ပါဝင် လုပ်ဆောင်ကြလိမ့်မည်။

         ဤကဲ့သို့သော သူငယ်တစ်စုံတစ်ယောက်ကို အနိုင်ကျင့်ကာမှားယွင်း       စေခဲ့လျှင် ၎င်းအားပုံမှန်အနေအထားသို့ပြန်လည်ရောက်ရှိလာအောင် လုပ်ပေး  ရန်သင်၌ တာဝန်ရှိပါသည်။ သူနှင့်သဘောကိုက်ညီမှုရလာရန် ကြိုးစားဖို့ မစောင့် ဆိုင်းပါနှင့်။ အဘယ်ကြောင့် ထင်ကြသနည်း၊  ၎င်းအားပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိလာအောင် လုပ်ပေးရန် သင်၌တာဝန်ရှိပါသည်။  သူနှင့်သဘော ကိုက်ညီမှုရလာရန် သိုးတစ်ရာရှိသောသူ၌ သိုးတစ်ကောင်သည် လမ်းလွဲ၍ပျောက် လျှင် ထိုသူသည် ကိုးဆယ်ကိုးကောင်သော သိုးတို့ကို တောင်ပေါ်မှာထားခဲ့ပြီးမှ လမ်းလွဲ၍ ပျောက်သောသိုးတစ်ကောင်ကို သွား၍ရှာတတ်သည် မဟုတ်လော။ တွေ့ပြီးလျှင် လမ်းမလွဲမပျောက်သော သိုးကိုးဆယ်ကိုးကောင်၌ ဝမ်းမြောက်ခြင်း ရှိသည်ထက် ထိုသိုးတစ်ကောင်၌သာ၍ ဝမ်းမြောက်ခြင်းရှိသည်ဟု ငါအမှန်ဆို၏။ ထိုနည်းတူ၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဤသူငယ် တစ်စုံ တစ်ယောက်ကိုမျှ ပျက်စီးစေခြင်းငှာ  အလိုတော်မရှိ။

         သင်တို့သည် အပြစ်သွေးဆောင်ခြင်းနှင့် ကိုယ်တိုင်လွတ်မည်အကြောင်း နူးညံ့သိမ်မွေ့သော စိတ်သဘောဖြင့် မှားယွင်းသော သူတို့ထံသို့သွား၍ နှစ်ယောက် တည်းချင်း သူ၏အပြစ်ကိုပြ၍ဆုံးမလော့။ သူ၏အမှားကိုအခြားသူ များအားပြော ပြခြင်းဖြင့် သူ့အားအရှက်မကွဲပါစေနှင့်။ ကိုယ်တော်၏နာမတော်ကို ခံယူထားသည့် သူတစ်ဦး၏ အမှားအယွင်း (သို့မဟုတ်) အပြစ်အနာအဆာများ ကိုလူသိရှင်ကြား ဖြစ်စေခြင်းအားဖြင့် ခရစ်တော်အား အသရေမယုတ်ညံ့စေပါနှင့်။ ၎င်းအားပြုပြင် ပြောင်းလဲမှုရှိလာစေရန် အမှားအယွင်းများကို ရှင်းရှင်းဘွင်းဘွင်း အသိပေးကာ၊ ပြောပြရပါမည်။ သို့ရာတွင် သင့်အနေဖြင့် ၎င်းအားတရားစီရင်ဖို့၊ အပြစ်တင်ဖို့မ ဟုတ်ပါ။ ငါမှန်သည်ဆိုသည့်သဘောနှင့် ကြိုးစားလုပ်ဆောင်ရန် လည်းမဟုတ်ပါ။ သင်၏ကြိုးစားမှုသည် ၎င်းအားပုံမှန်အနေအထား သို့ပြန်ရောက်လာရန် အတွက် သာဖြစ်စေရပါမည်။ ထိုအသက်ဝိညာဉ်၏ ဒဏ်ရာများကိုကုသရာတွင် နူးညံ့သော အထိ၊ သိမ်မွေ့သော အသိရှိဖို့လိုပါသည်။  ကရာနီကုန်းပေါ်မှ ယိုစီးလာသည့် ခရစ် တော်၏မေတ္တာတော်သည်သာ၊ ဤနေရာတွင် အကျိုးဖြစ်ထွန်းစေနိုင်ပါသည်။ သင် သည် ဤအမှုတွင်အောင်နိုင်လျှင် ဝိညာဉ်ကိုသေခြင်းမှကယ်တင်၍ များစွာသော ပြစ်တို့ကိုဖုံးအုပ်လိမ့်မည် ဟူသောအသိဖြင့်ချစ်ခင်ယုယစွာဖြင့် ထိုညီအစ်ကိုကို ဆက်ဆံပါ။ (ယာကုပ် ၅း၂၀)

         သို့ရာတွင် ဤကဲ့သို့ကြိုးစားခြင်းများသည်ပင်၊ အကျိုးရှိချင်မှရှိနိုင် မည် ဖြစ်ပါသည်။ သင်၏ကြိုးစားမှုမအောင်မြင်ခဲ့လျှင်၊ သင်နှင့်အတူလူနှစ်ဦးသုံးဦးကို ခေါ်သွားဦးလော့ဟု ခရစ်တော်မိန့်တော်မူပါသည်။ ပထမအကြိမ် ကြိုးစားမှုတွင် မအောင်မြင်ခဲ့သည့်နေရာ၌ အတူတကွပေါင်းဖက်လုပ်ဆောင် ခြင်းသည် အောင် မြင်နိုင်ကောင်းအောင်မြင် နိုင်မည်ဖြစ်ပါသည်။ ထိုသူများသည် ၎င်းပြဿနာတွင် ပါဝင်ပတ်သက်ခြင်းမရှိသောကြောင့် ဘက်လိုက်ခြင်း မရှိဘဲ ပို၍ပြုလုပ်ဆောင်ရွက် နိုင်ပါလိမ့်မည်။ ထိုကဲ့သို့သမာသမတ်ကျစွာလုပ် ဆောင်ခြင်းကြောင့်၊ မှားယွင်းသော ထိုသူအတွက် ၎င်းတို့ပေးသော အကြံဥာဏ်များသည် အထူးထိရောက်ပါလိမ့်မည်။

         ထိုသူသည် ၎င်းတို့စကားကို မလိုက်နာသေးလျှင်၊ ထိုကိစ္စကိုအသင်းတော် ရှေ့တွင် တင်ပြကြရမည်ဖြစ်ပါသည်။ အသင်းသားများသည် ခရစ်တော်၏ ကိုယ်စား လှယ်များအနေဖြင့် ထိုသူအားလမ်းမှန်သို့ ပြန်လည်ရောက်ရှိလာစေရန် အတူတကွ ဘုရားသခင်ထံတွင် ဆုတောင်းကြပါစေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် လမ်းလွဲ မှားယွင်းနေသော ထိုသူအား ဘုရားသခင်ထံတော် သို့ပြန်လာရန် အနူးအညွတ်ဆွဲ ယူတော်မူလျက် ကိုယ်တော်၏ စေတမန်များမှတစ်ဆင့် မိန့်တော်မူပါလိမ့်မည်။ ရှင် ပေါလုအားဖြင့် မိန့်တော်မူသည်ကား သင်တို့သည်ရန်ငြိမ်း၍ ဘုရားသခင်နှင့် မိတ် သဟာယဖွဲ့ကြလော့ဟု ဘုရား သခင်သည် ငါတို့အားဖြင့် နှိုးဆော်သွေးဆောင် တော်မူသကဲ့သို့ ငါတို့သည် ခရစ်တော်၏ကိုယ်စားဖြစ်၍ သင်တို့ကို တောင်းပန်သွေး ဆောင်ကြ၏။၂ကော ၅း၂၀။ ဤကဲ့သို့ ပူးပေါင်းဆောင်ရွက်ခြင်းကို ငြင်းပယ်သော သူသည် ၎င်းနှင့် ခရစ်တော်အကြား ဆက်စပ်နှောင်ဖွဲ့မှုကို ဖြတ်တောက်ခြင်း ဖြစ်သ ဖြင့်၊ မိမိကိုယ် ကိုအသင်းတော်နှင့် အဆက်ဖြတ်ခဲ့ခြင်းလည်းဖြစ်ပါသည်။ ထိုကဲ့သို့ အသင်း တော်၏စကားကို နားမထောင်လျှင် သာသနာပလူကဲ့သို့လည်းကောင်း၊ အခွန်ခံကဲ့သို့လည်းကောင်း ထိုသူကိုမှတ်လော့ဟု ခရစ်တော်မိန့်တော်မူခဲ့ပါသည်။ သို့ရာတွင် ထိုသူသည်ဘုရားသခင်၏ ကရုဏာတော်ကို ခံစားခွင့်မရရှိတော့ဟု မမှတ် ယူသင့်ပါချေ။ အသင်းသားများအနေဖြင့် ထိုသူအားအထင်အမြင်သေးသည့်သ ဘော (သို့မဟုတ်) ဂရုမထားသည့်သဘောဖြင့် မဆက်ဆံကြဘဲ၊ သိုးခြံ ထဲသို့ပြန် လည်ရောက်ရှိလာရန် ခရစ်တော်ရှာဖွေခဲ့ရသည့် ပျောက်ဆုံးနေသော သိုးကလေး တစ်ကောင်ကဲ့သို့ ယုယချစ်ခင်စွာဖြင့် ၎င်းအားဆက်ဆံကြဖို့ဖြစ်ပါ သည်။

         မှားယွင်းသောသူများအား ဆက်ဆံပြုမူခြင်းနှင့်စပ်လျဉ်း၍ ပိုမိုတိကျသော စကားရပ်များကို အသုံးပြုကာ မောရှေအားဖြင့်ဣသရေလများအား ခရစ်တော်သွန် သင်တော်မူခဲ့သည်မှာ သင်၏ညီအစ်ကိုကိုစိတ်အခုအခံမရှိရ။ ကိုယ်နှင့်စပ်ဆိုင် သောသူ၌ရှိသောအပြစ်ကို တတ်တိုင်းမရှိစေဘဲ၊ သူ့ကိုအမှန် ဆုံးမရမည်။ ဝတ်ပြု ၁၉း၁၇။ အဓိပ္ပါယ်မှာ မှားယွင်းသောညီအစ်ကိုကို လမ်းမှန်သို့ပြန်လည်ရောက်ရှိရန် ခရစ်တော်ကိုယ်တော်တိုင် နှစ်သက်တော်မူသည့် ထိုအမှုကိုလျစ်လျူရှုခဲ့လျှင်၊ ထိုသူ သည် ထိုအမှားအယွင်းများနှင့် အပြစ်များတွင် ပါဝင်ဆက်ဆံသူဖြစ်လာပါသည်။ ကျွန်ုပ်တို့သည် မိမိတို့ တားဆီးနိုင်လောက်သော ဒုစရိုက်များအား ကူညီတားဆီးပေး ရန်တာဝန်ရှိကြ ပါသည်။

         သို့ရာတွင် မှားယွင်းသောညီအစ်ကိုကိုသာ ကျွန်ုပ်တို့တိုက်ရိုက်ပြောပြ သွန် သင်ရန်ဖြစ်ပြီး အသင်းတော်ရှေ့မှောက်တွင် တင်ပြပြီးသည့်အချိန်ပင် ထိုအ ကြောင်းကို ကျွန်ုပ်တို့အချင်းချင်း ထင်မြင်ချက်ပေးရန်၊ ဝေဖန်ပြစ်တင်မှု လုပ်ရန် မလို ပါချေ။ ခရစ်ယာန်များ၏ မှားယွင်းသောလုပ်ရပ်များသည် မယုံကြည်သော သူ များအတွက် ထိမိ၍လဲစရာအကြောင်း တစ်ခုဖြစ်နေပါသည်။ ၎င်းပြင် ထိုအကြောင်း အရာများကို မကြာခဏပြောဆိုနေခြင်းအားဖြင့် ကျွန်ုပ်တို့ ကိုယ်တိုင်အတွက်လည်း ထိခိုက်နစ်နာမှုကိုသာ ဖြစ်စေနိုင်ပါသည်။ အကြောင်း မှာ ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ပြောင်းလဲလာတတ်ခြင်း ကြောင့်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ညီအစ် ကိုတစ်ဦး၏အမှားကိုပြင်ပေးရန် ကြိုးစားနေစဉ်တွင် ခရစ်ယာန်အချင်းချင်းတို့၏ ပြစ် တင်ဝေဖန်မှုများမှလည်းကောင်း၊ မယုံကြည်သူများ၏ ပြစ်တင်ဝေဖန်မှုများမှ လည်း ကောင်း ၎င်းအားတတ်နိုင်သမျှ ကာကွယ်ပေးနိုင်ရန် ခရစ်တော်၏ဝိညာဉ်တော်သည် ကျွန်ုပ်တို့အား လမ်းပြတော်မူလိမ့်မည်။ ကျွန်ုပ်တို့ကိုယ်တိုင်လည်း အမှားအယွင်း များကို လုပ်ဆောင်နေကြသူများဖြစ်သဖြင့် ခရစ်တော်၏ သနားခြင်းကရုဏာတော် ကိုလည်းကောင်း၊ အပြစ်လွှတ်ခြင်းကိုလည်းကောင်း လိုအပ်နေကြပါသည်။ ကျွန်ုပ် တို့၌      ကိုယ်တော်ရှင်ပြုစေလိုသည်အတိုင်း သူတစ်ပါး၌ကျွန်ုပ်တို့ပြုကြရန် ယေရှု ရှင်  မိန့်မှာတော်မူပါသည်။

         မြေကြီးပေါ်မှာ သင်တို့ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ချည်နှောင် လျက်ရှိလိမ့်မည်။ မြေကြီးပေါ်မှာဖြေလွှတ်သမျှသည် ကောင်းကင်ဘုံ၌ ဖြေလွှတ် လျက်ရှိလိမ့်မည် သင်တို့သည် ကောင်းကင်နိုင်ငံတော်၏ သံတမန်များအဖြစ် အမှု တော်ကိုဆောင်ရွက်နေကြပြီး သင်တို့လုပ်ဆောင်မှုများ၏ဖြစ် ထွန်းမှုရလဒ်များသည် ထာ၀ရကာလတိုင်တည်မြဲကြပါသည်။

         သို့ရာတွင် ကျွန်ုပ်တို့သည်ကြီးမားလှသော ဤတာဝန်ကို အကူအညီမဲ့ထမ်း ဆောင်နေကြသည်မဟုတ်ချေ။ ကိုယ်တော်၏ နှုတ်ကပတ်တော်ကို ရိုးသားသော စိတ်နှလုံးဖြင့် ခံယူလိုက်လျှောက်သည့် နေရာတိုင်းတွင် ခရစ်တော်ရှိတော် မူပါ သည်။ ကိုယ်တော်သည် အသင်းသားများစွာ စုရုံးနေကြသော နေရာများ၌သာမက နာမတော်အားဖြင့် စုရုံးနေကြသော လူနည်းစု၏ အလယ်တွင်လည်း ရှိတော်မူပါ သည်။ မြေကြီးပေါ်မှာသင်တို့တွင် နှစ်ယောက်တို့သည် သဘောချင်းတူ၍ ဆု တောင်းလျှင် တောင်းသမျှသောဆုတို့ကို ကောင်းကင်ဘုံ၌ရှိတော်မူ သောငါ၏ ခမည်းတော်သည် ပေးတော်မူလတ္တံ့ဟုလည်း ကိုယ်တော်မိန့်ကြား ခဲ့ပါသည်။

         ဒုက္ခခံစားနေရသော လူသားများအား ကိုယ်တော်သည်စာနာသနားကာ၊ ၎င်း တို့နှင့်အတူ ဒုက္ခခံနေစဉ်မှာပင်၊ မိမိ၏ဘုရားဇာတိအားဖြင့် အနန္တတန်ခိုး ရှင်၏ ပလ္လင်တော်နှင့် အဆက်အသွယ်ရှိကြောင်း၊ တမန်တော်များအားသတိပေး သည့် အနေဖြင့် ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ၏ခမည်းတော် ဟူသောအသုံး အနှုန်းများကို အသုံးပြုတော်မူခဲ့ပါသည်။ အံ့ဩဖွယ်ကောင်းလှသည့် အာမခံချက် ပေတည်း။ ကောင်းကင်သားများသည် လူသားများနှင့်ပေါင်းဖက်ကာ ပျောက်ဆုံး နေသော လူသားများအား ကယ်တင်နိုင်ရန် ကရုဏာသက်စွာဖြင့် ပူးပေါင်းလုပ် ဆောင်လျက်ရှိကြပါသည်။ ၎င်းပြင် အသက်ဝိညာဉ်များကို ခရစ်တော်ထံသို့ ဆွဲ ယူခြင်းလုပ်ငန်းတွင် ကောင်းကင်မှ တန်ခိုးအာဏာအားလုံးကို လူသားများ၏ စွမ်း အားများနှင့် ပေါင်းဖက်စေလျက်ရှိပါသည်။

 

 


No comments:

Post a Comment