Sunday, April 19, 2026

အခန်းကြီး - ၉။ တိုက်လှန်ခြင်းခံရသောနေ့ရက်များ

 

တိုက်လှန်ခြင်းခံရသောနေ့ရက်များ

         ယုဒကလေးငယ်တစ်ယောက်သည် ငယ်ရွယ်စဉ်အချိန်မှစ၍ကျမ်းတတ်ဆရာများ၏စည်းကမ်းချက် များအလယ်တွင် အသက်ရှင်ခဲ့ရပါသည်။ အသေးအဖွဲကိစ္စအတွက်မှစ၍ လုပ်ကိုင်ဆောင်ရွက်မှုတိုင်းအတွက် တင်းကျပ်သောစည်းကမ်းဥပဒေများကိုပြဌာန်းထားခဲ့ပါသည်။ တရားဇရပ်ရှိဆရာများလက်အောက်တွင် စောင့်ရှောက်ဖို့ရန် လိုအပ်သည့်မရေမတွက်နိုင်သော စည်းမျဉ်းဥပဒေများကို လိုက်နာရန် သွန်သင်ခြင်းခံကြရ ပါသည်။ သို့သော် သခင်ယေရှုသည် ဤအရာများတွင် စိတ်ဝင်စားမှုမရှိချေ။ ကိုယ်‌တော်သည် ကလေးဘဝမှ စ၍ ယုဒလူမျိုးကျမ်းတတ်ဆရာများ၏ ပညာများကိုအမှီတံကဲမပြုဘဲလုပ်ဆောင်ခဲ့သည်။ ဓမ္မဟောင်းကျမ်းမှ ကျမ်းစာများသည် ကိုယ်တော်အစဉ်အမြဲလေ့လာခဲ့သောအရာဖြစ်ပြီး “ထာဝရဘုရားမိန့်တော်မူသည်ကား” ဆိုသည့်စကားများသည် ကိုယ်တော့်နှုတ်ခမ်းဖျားတွင် ရေပန်းစားခဲ့သောစကားများဖြစ်ပါသည်။

ယုဒလူများ၏အခြေအနေကိုကောင်းမွန်ရှင်းလင်းစွာသိရှိလာသောအခါလူ့အဖွဲ့အစည်း၏တောင်းဆို ချက်များသည် အစဉ်သဖြင့်ဆန့်ကျင်ဖီလာနေကြောင်းကို ကိုယ်တော်တွေ့ခဲ့ရပါသည်။ လူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်မှ သွေဖည်၍ လူသားများတီထွင်ထားသော ဆင်ခြင်တွေးဆချက်များကို အမွှမ်းတင်လျက်ရှိကြပါသည်။ သူတို့သည်အထူးကောင်းမြတ်သည့် အကျင့်မပါသောမိရိုးဖလာအခမ်းအနား များကို စောင့်ရှောက်ခဲ့ကြပါသည်။ ၎င်းတို့၏ ဘာသာရေးအခမ်းအနားသည် ဝိနည်းအထုံးအဖွဲ့များနှင့် လာပြီးလျက်ရှိပါသည်။ သင်ကြားရန်ရည်စူးသည့် သန့်ရှင်းသောသမ္မာတရားသည် ဝတ်ပြုကိုးကွယ်သူများထံ မှ ဝှက်ထားခြင်းကိုခံခဲ့ကြရပါသည်။ ယုံကြည်ခြင်းမပါသော ကိုးကွယ်မှုများတွင် သူတို့သည် ငြိမ်သက်ခြင်းကို မရခဲ့ကြကြောင်းကို ကိုယ်တော်မြင်တွေ့ခဲ့ရပါသည်။ ထာဝရဘုရားအား မှန်ကန်စွာဝတ်ပြုကိုးကွယ်ခြင်း အားဖြင့် ရရှိသည့်ဝိညာဉ်၏ လွတ်လပ်ခြင်းအခွင့်ကို သူတို့မသိရှိခဲ့ကြချေ။ သခင်ယေရှုသည် ထာဝရဘုရား အား ဝတ်ပြုကိုးကွယ်ခြင်း၏အနက်အဓိပ္ပါယ်ကို သွန်သင်ရန်ကြွလာတော်မူခဲ့ပါသည်။ ၎င်းပြင်လူသားများ၏ တောင်းဆိုချက်များနှင့် ဘုရားသခင်၏ပညတ်ချက်များ အရောရောအနှောနှောလုပ်ခြင်းကိုလည်း ကိုယ်တော် ခွင့်မပြုနိုင်ခဲ့ချေ။ ကိုယ်‌တော်သည် ကျမ်းတတ်ဆရာများ၏ပညတ်တော်များနှင့် လေ့ကျင့်လုပ်ဆောင်မှုများ ကို တိုက်ခိုက်မှုမပြုခဲ့ချေ။ သို့သော် မိမိရိုးသားသောအကျင့်ဓလေ့များကို အပြစ်တင်ပြောဆိုခြင်းခံရသော အခါ ကိုယ်တော်သည် မိမိအကျင့်စာရိတ္တ၏ဖြောင့်မတ်ခြင်းအားဖြင့် ထာဝရဘုရား၏နှုတ်ကပတ်တော်ကို တင်ပြခဲ့ပါသည်။

         သခင်ယေရှုသည် မိမိနှင့်တွေ့ဆုံဆက်သွယ်သောသူများအား နူးညံ့သိမ်မွေ့၍ကျိုးနွံသောနည်းလမ်း များ အားဖြင့် ကျေနပ်မှုရှိစေရန် ကြိုးစားခဲ့ပါသည်။ ကိုယ်တော်သည် နူးညံ့သိမ်မွေ့၍ ဣ‌န္ဒြေစောင့်စည်းသူ တစ်ဦးဖြစ်သောကြောင့် ၎င်းတို့၏သွန်သင်ချက်များဖြင့် ကိုယ်တော်အားအလွယ်တကူသိမ်းသွင်းနိုင်လိမ့်မည် ဟု ကျမ်းတတ်ဆရာများနှင့် ယုဒလူအကြီးအကဲများက အထင်ရှိခဲ့ကြပါသည်။ ဘိုးစဉ်ဘောင်ဆက်လက်ဆင့် ကမ်းပေးခဲ့သော ယုဒလူများလိုက်နာရမည့် စည်းကမ်းများနှင့်မိရိုးဖလာဓလေ့ထုံးစံများကိုလက်ခံကျင့်သုံးရန် ကိုယ်တော်အား ၎င်းတို့တိုက်တွန်းခဲ့ကြပါသည်။ သို့သော် ကိုယ်တော်သည်သမ္မာကျမ်းစာမှ အထောက်အထားများကို တောင်းခံခဲ့ပါသည်။ ကိုယ်တော်သည် ထာဝရဘုရား၏နှုတ်တော်မှထွက်လာသော တရားစကားတိုင်း ကို နာခံလိမ့်မည်ဖြစ်သော်လည်း လူသားများတီထွင်ထားသော အရာများကို နားထောင်ကျင့်ကြံနိုင်မည် မဟုတ်ချေ။ သခင်ယေရှုသည် သမ္မာကျမ်းစာကို အစမှအဆုံးတိုင်သိရှိထားပြီး ကျမ်းချက်များကို အရှိအတိုင်း တင်ပြခဲ့ပါသည်။ ကျမ်းတတ်ဆရာများသည် ကလေးတစ်ယောက်၏သွန်သင်ခြင်းကိုခံကြရသဖြင့် ရှက်ကိုး ရှက်ကန်းဖြစ်နေကြပါသည်။ ကျမ်းစာကို ရှင်းလင်းတင်ပြရန်မှာ ၎င်းတို့၏အလုပ်တာဝန်ဖြစ်ပြီး ၎င်းတို့၏ အနက်ဖွင့်သွန်သင်ချက်ကို လက်ခံရန်မှာ ကိုယ်တော်၏အငန်းအတာဖြစ်ကြောင်း သူတို့ကအခိုင်အမာပြော ကြပါသည်။ ကိုယ်တော်သည် ၎င်းတို့၏စကားကို ဆန့်ကျင်ဘက်လုပ်နေသောကြောင့် သူတို့သည် မခံမရပ် နိုင် ဖြစ်ကာ အမျက်ဒေါသထွက်နေကြပါသည်။

         သူတို့၏မိရိုးဖလာဓလေ့ထုံးစံများအတွက် သမ္မာကျမ်းစာတွင် အထောက်အထားမရှိကြောင်းကို သူတို့ သိခဲ့ကြပါသည်။ ဝိညာဉ်ရေးနှင့်ပတ်သက်သောသိကျွမ်းနားလည်မှုများတွင် သခင်ယေရှုသည် ၎င်းတို့ထက် များစွာသာလွန်ကြောင်း သူတို့သိရှိခဲ့ကြပါသည်။ သို့စေကာမူ ၎င်းတို့၏အမိန့်ကို နားမထောင် သောကြောင့် ကိုယ်တော်အား သူတို့စိတ်ဆိုးခဲ့ကြပါသည်။ ကိုယ်‌တော်ရှင်၏အခြေအနေကို သဘော မပေါက် ကြသောကြောင့် ၎င်းတို့သည် ယောသပ်နှင့်မာရိကိုရှာဖွေ၍ ကိုယ်‌တော်၏လိုက်လျောမှုမရှိသည့် အတိုင်း အတာများကို မြင်သာအောင်တင်ပြခဲ့ကြပါသည်။ ဤနည်းအားဖြင့် ကိုယ်တော်သည် အပြစ်တင်ခြင်းနှင့် မြည်တွန်တောက်တီးခြင်းများကို ခံခဲ့ရပါသည်။

         သခင်ယေရှုသည် အသက်အရွယ်နုနယ်သောအချိန်တွင် အကျင့်စာရိတ္တဖွဲ့စည်းခြင်းကို မိမိဘာသာ စတင်လှုပ်ရှားလုပ်ဆောင်ခဲ့ပါသည်။ ၎င်းပြင် မိဘများကို ရိုသေချစ်ခင်ခြင်းသည်ဘုရားသခင်၏ နှုတ်ကပတ် တော်များကို နားထောင်ခြင်းမှ ကိုယ်တော်အားဦးလှည့်မသွားစေနိုင်ခဲ့ချေ။ မိသားစု၏ဓလေ့ထုံးစံ များမှ ကွဲပြားခြားနားသည့်အပြုအမူတိုင်းအတွက် ကိုယ်တော်၏အကြောင်းပြချက်မှာ “ကျမ်းစာလာသည်ကား” ဟူသော စကားပေတည်း။ သို့သော် ကျမ်းတတ်ဆရာများ၏ ဩဇာသက်ရောက်မှုသည် ကိုယ်တော်၏ အသက်တာအား ခါးသီးသောအသက်တာတစ်ခုဖြစ်စေခဲ့ပါသည်။ ကိုယ်တော်သည် လူငယ်ဘဝ၌ပင် ‌ရေငုံနှုတ်ပိတ်ခြင်းနှင့် သည်းခံခြင်းများအတွက် ခက်ခဲသောသင်ခန်းစာများကို လေ့ကျက်ခဲ့ရပါသည်။

      ယောသပ်၏သားများဖြစ်သောကိုယ်တော်၏ညီအစ်ကိုများသည် ယုဒကျမ်းတတ်ဆရာများ၏ဘက် မှရပ်တည်ခဲ့ကြပါသည်။ မိရိုးဖလာထုံးတမ်းစဉ်လာများကို ဘုရားသခင်၏စေခိုင်းချက်များသဖွယ် လိုက် လျှောက်ကြရမည်ဟုသူတို့တိုက်တွန်းပြောဆိုခဲ့ကြပါသည်။ သူတို့သည်လူသားများ ပြဌာန်းသည့် ပညတ်များ ကို ဘုရားသခင်၏နှုတ်ကပတ်တော်ထက်များစွာ အရေးတယူပြုခဲ့ကြပြီး သခင်ယေရှု၏ အမှားနှင့်အမှန်ကို ခွဲခြား၍ရှင်းလင်းစွာ ထိုးဖောက်သိမြင်နိုင်ခြင်းအတွက် အလွန်စိတ်အနှောင့်အယှက် ဖြစ်ခဲ့ကြပါသည်။ ဘုရားသခင်၏ပညတ်တော်ကို တိတိကျကျလိုက်နာခဲ့သည့် ကိုယ်တော်၏နားထောင်မှုကိုလည်း တစ်ယူသန် နိုင်ခြင်းအဖြစ် အပြစ်တင်ခဲ့ကြပါသည်။ ကျမ်းတတ်ဆရာများကို ဖြေကြားရာတွင်ကိုယ်တော်အသုံးပြုခဲ့ သော ဉာဏ်ပညာနှင့်အသိပညာများကြောင့် သူတို့အံ့အားသင့်ခဲ့ကြရပါသည်။ ကိုယ်တော်သည်ယုဒပညာရှိ များ ထံတွင် ပညာမသင်ယူခဲ့ဖူးကြောင်းကို သူတို့သိခဲ့ကြပါသည်။ သို့စေကာမူ ကိုယ်တော်သည် သူတို့ အတွက် သွန်သင်သူတစ်ဦးဖြစ်နေသည်ကို ငြင်းကွယ်၍မရတော့ချေ။ ကိုယ်တော်ရှင်၏ပညာ အဆင့်အတန်း သည် သူတို့၏ပညာအဆင့်အတန်းထက် မြင့်မားကြောင်းကို သူတို့အသိအမှတ်ပြုခဲ့ကြပါသည်။ သို့သော် လည်း ၎င်းတို့မသိမြင်ခဲ့ကြသော ပညာ၏အချုပ်အခြာဖြစ်သည့် အသက်ပင်ကိုချဉ်းကပ်ခွင့်သည် ကိုယ်တော်၌ ရှိကြောင်းကို သူတို့မသိရှိခဲ့ကြချေ။

         ယေရှုသည် လူများနှင့်မရောမ‌နှောဘဲ သီးသန့်ခွဲ၍မနေထိုင်ခဲ့ချေ။ ၎င်းပြင်ကိုယ်တော်သည်ဤကိစ္စတွင် ၎င်းတို့၏တင်းကျပ်သောစည်းမျဉ်းဥပဒေများမှ သွေဖည်လုပ်ဆောင်ခြင်းအားဖြင့် ဖါရိရှဲများအား ပြင်းထန်စွာတိုက်ခိုက်ခဲ့ပါသည်။ နေ့စဉ်အသက်တာအတွက် အရေးကြီးသည့်အထူးသန့်ရှင်းသောအရာအဖြစ် သတ်မှတ်၍ ဘာသာရေးနယ်ကို မြင့်မားသောနံရံကြီးများနှင့် သီးသန့်ခွဲခြားကာရံထားကြောင်းကို ကိုယ်‌‌တော် တွေ့မြင်ခဲ့ရပါသည်။ ဤပိုင်းခြားထားသောနံရံများကို ကိုယ်တော်ကျော်လွှားခဲ့ပါသည်။ ကိုယ်တော်သည် တွေ့ထိရင်းနှီးသောလူများအား “ခင်ဗျားရဲ့အယူဝါဒကဘာလဲ” ဟူ၍လည်းကောင်း၊ “ခင်ဗျားကဘယ် အသင်း တော်ကလဲ” ဟူ၍လည်းကောင်း မ‌မေးမြန်းခဲ့ချေ။ ကိုယ်တော်သည် မိမိ၏မစခြင်းတန်ခိုးကို အမအစလိုသူ များအတွက် အသုံးပြုတော်မူခဲ့သည်။ ဘုရားစာရိတ္တတော်များကို ထင်ရှားစေရန်အလို့ငှါ ရသေ့ဂူတစ်ခုတွင် လူများနှင့်အဆက်အသွယ်ဖြတ်ကာကိန်းအောင်းနေရမည့်အစား လူသားများအကျိုးအတွက်စိတ်အားထက် သန်စွာလုပ်ကိုင်ခဲ့ပါသည်။ ကျမ်းစာတွင်ဖော်ပြထားသည့် ဘာသာတရားသည်ခန္ဓာကိုယ်ကိုအနာခံ၍ ခြိုးခြံစွာ ကျင့်ခြင်းများ မပါဝင်ကြောင်းကို ကိုယ်တော်သည် လူအများကိုသိသာစေခဲ့ပါသည်။ ဖြူစင်သန့်ရှင်း၍ မညစ်ညူးသည့်ဘာသာတရားသည် အထူးဘာသာရေးပွဲများနှင့် ထိုပွဲများကိုကျင်းပရန်အချိန်များသတ်မှတ် ပေးခြင်းလောက်သာအဓိပ္ပါယ်သက်ရောက်ခြင်း မဟုတ်ကြောင်းကိုလည်း ကိုယ်တော်သွန်သင်တော်မူခဲ့ပါ သည်။ ကိုယ်တော်ရှင်သည် လူသားများတို့အား ချစ်ခင်ကြောင်းကို အချိန်တိုင်းနှင့် နေရာတိုင်းတွင် ထင်ရှားစေ တော်မူခဲ့ပြီး နှစ်သက်ဖွယ်သောဘုရားတရား ကိုင်းရှိုင်းခြင်း၏ ပညာအလင်းကို မိမိတို့ပတ်လည်တွင် သက်ရောက်စေတော်မူခဲ့သည်။ ဤအရာအားလုံးသည် ဖါရိရှဲများအား အထိနာစေသောအရာများဖြစ်သည်။ အတ္တလွန်ကဲခြင်းသည် ဘာသာတရားကိုလိုက်စားမှုတွင် အဓိကမဟုတ်ကြောင်းကို လည်းကောင်း၊ သူတို့ ပုဂ္ဂလိက ကိစ္စများအပေါ်အလေးပေးခြင်းသည် စစ်မှန်သောဘုရားတရားရှိမှုနှင့်အလွန်ဝေးကွာနေကြောင်းကို လည်းကောင်း ကိုယ်တော်၏ သွန်သင်ချက်ကဖော်ပြခဲ့ပါသည်။ ၎င်းတို့၏စည်းမျဉ်းဥပဒေများနှင့် လိုက်လျော ညီထွေခြင်းရှိအောင် နေထိုင်ရန်သူတို့သည် ကိုယ်တော်အား ဇွတ်အတင်းလုပ်ခိုင်းဖို့ ကြိုးစားစေရန်အလို့ငှါ ထိုသွန်သင်ချက်များသည် သခင်ယေရှုအပေါ်ထားရှိသော ၎င်းတို့၏ရန်ညှိုးကို နှိုးထစေခဲ့ပါသည်။

         သခင်ယေရှုသည် တွေ့ရှိခဲ့သမျှသောရောဂါဝေဒနာခံစားနေရသူများအား သက်သာစေတော်မူခဲ့သည်။ ကိုယ်တော်၌ ပိုက်ဆံငွေကြေးမရှိသော်လည်း မကြာခဏမိမိစားရမည့်အစာများကိုမစားဘဲ မိမိထက် ပို၍ငတ်မွတ်နေသောသူများအား ကျွေးမွေးတော်မူခဲ့၏။ ကိုယ်တော်၏ဩဇာသက်ရောက်မှုသည် ၎င်းတို့၏ လုပ်ဆောင်ချက်များကို ဟန့်တားပျက်ပြယ်ရန် အပြင်းအထန်တိုက်ခိုက်နေသည်ဟု ကိုယ်တော်၏ ညီအစ်ကိုများကထင်မှတ်ခဲ့ကြပါသည်။ ၎င်းတို့အထဲမှတစ်ယောက်၌မှမရှိသည့်အပြင် တစ်ယောက်ကမှ ပိုင်ဆိုင်ရန် ဆန္ဒမရှိသော ပင်ကိုဇဝနဉာဏ်မျိုးကို ကိုယ်တော်ပိုင်ဆိုင်ထား တော်မူခဲ့ပါသည်။ ထိုသူတို့သည် ဆင်းရဲသားများနှင့် နိမ့်ကျသောသူများကို ကြမ်းတမ်းစွာပြောဆိုဆက်ဆံကြသောအခါ ကိုယ်တော်သည် ထိုကဲ့သို့သောသူများကို လိုက်လံရှာဖွေ၍ အားပေးစကားများကို ပြောကြားခဲ့ပါသည်။ ကိုယ်တော်သည် ငတ်မွတ်သောသူများအား ရေအေးတစ်ခွက်တိုက်မည်ဖြစ်ပြီး မိမိစာရမည့်အစာကို တိတ်ဆိတ်စွာဖြင့် ၎င်းတို့အားကျွေးတော်မူမည်ဖြစ်ပါသည်။ ၎င်းတို့ခံစားနေကြရသောဝေဒနာများကို သက်သာပျောက်ကင်းစေ သကဲ့သို့သွန်သင်သောသမ္မာတရားများကို သနားခြင်းကရုဏာပြသည့်လုပ်ငန်းများနှင့်အထူးပူးတွဲ လုပ်ဆောင် ဟောကြားခြင်းအားဖြင့် တရားတော်ကိုခိုင်မြဲစွာ သတိရအောက်မေ့စေခဲ့ပါသည်။‌

         ဤအရာအားလုံးသည် ကိုယ်တော်၏ညီအစ်ကိုများအား မခံချိမခံသာဖြစ်စေခဲ့ပါသည်။ သခင်ယေရှု ထက် ၎င်းတို့အသက်ကြီးသောသူများဖြစ်သဖြင့်ကိုယ်တော်သည် ၎င်းတို့၏အမိန့်ကိုနာခံသင့်သည်ဟု သူတို့ယူဆခဲ့ကြပါသည်။ ယေရှုသည် မိမိကိုယ်ကိုညီအစ်ကိုများထက်သာလွန်မြင့်မြတ်ကြောင်းအထင်ရှိ သည်ဟု သူတို့က ကိုယ်တော်အားစွပ်စွဲခဲ့ကြပြီး မိမိကိုယ်ကို ၎င်းတို့၏ယုဒ ဆရာများ၊ ယဇ်ပုရောဟိတ်များနှင့် အကြီးအကဲအုပ်ချုပ်သူများအထက်တွင် နေရာယူခြင်းအတွက် အပြစ်တင်ပြောဆိုခဲ့ကြပါသည်။ သူတို့သည် ကိုယ်တော်အားကြိမ်းမောင်းပြီး ခြိမ်းခြောက်ရန်ကြိုးစားခဲ့ကြသော်လည်း ကိုယ်တော်သည်ကျမ်းစာတော် မြတ်ကို လမ်းပြအနေဖြင့်ကိုးစားကာ ဆက်လက်ကျော်လွှားခဲ့ပါသည်။

         သခင်ယေရှုသည် မိမိညီအစ်ကိုများကို ချစ်တော်မူခဲ့ပြီး မယုတ်လျော့သောသနားကြင်နာမှုများဖြင့် ဆက်ဆံတော်မူခဲ့ပါသည်။ သို့ပါသော်လည်း ၎င်းတို့သည် ကိုယ်တော်ကိုဝန်တိုခဲ့ကြပြီး မယုံကြည်မှုများ ပွင့်ပွင့်လင်းလင်းပြခဲ့ကြကာ မခန့်မလေးစားပြုမှုများကို ထင်ထင်ရှားရှားပြခဲ့ကြပါသည်။ သူတို့သည် ကိုယ်တော်၏လုပ်ပုံကိုင်ပုံကို နားမလည်နိုင်ခဲ့ကြချေ။ သူတို့သည် သခင်ယေရှုကို အကြီးအကျယ်ဆန့်ကျင် ဖီလာပြုလုပ်ခဲ့ကြသည်။ ကိုယ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်တော်မူသော်လည်း အကူအညီမဲ့ ကလေးတစ်ဦးဖြစ်နေခဲ့ပါသည်။ ကမ္ဘာကိုဖန်ဆင်းခဲ့သည့် ဖန်ဆင်းရှင်တစ်ပါးဖြစ်ပြီး ကမ္ဘာသည် ကိုယ်တော်ရှင် ပိုင်ဆိုင်သောအရာဖြစ်သော်လည်း အသက်တာတစ်လျှောက်လုံးတွင် ဆင်းရဲနွမ်းပါးမှုကို ခံစားခဲ့ရပါသည်။ လောကတွင်ရှိသော ဝါကြွားစရာများနှင့် စိတ်ကြီးဝင်စရာများထက် ခြွင်းချက်မရှိ သာလွန်ကောင်းမွန်သည့် ကြီးမြတ်ခြင်းနှင့် ပုဂ္ဂိုလ်အလိုက်ထူးခြားမှုကိုများကို ကိုယ်တော်ပိုင်ဆိုင်တော်မူ၏။ ကိုယ်တော်သည် လောက၏ကြီးမြတ်မှုများကိုရရှိရန် ကြိုးစားအားထုတ်မှုများကိုမပြုလုပ်ဘဲအနိမ့်ကျဆုံး သောအဆင့်အတန်းနှင့်ပင်ကျေနပ်ရောင့်ရဲတော်မူခဲ့ပါသည်။ ဤအရာသည်လည်းကိုယ်တော်၏ညီအစ်ကို များ အား အမျက်ဒေါသထွက်စေခဲ့ပါသည်။ ဆင်းရဲဒုက္ခရောက်သောအခါများနှင့် ဆီးတားပိတ်ပင်ခြင်းခံရ သောအခါများတွင် မပြောင်းမလဲရပ်တည်ခဲ့သော ကိုယ်တော်၏ စိတ်နှလုံးတည်ကြည်မှုကိုသူတို့ပမာဏမပြု ခဲ့ကြချေ။ ကိုယ်တော်ခံစားခဲ့ရသောဆင်းရဲတော်မူခြင်းဖြင့် ကျွန်ုပ်တို့တွင်စည်းစိမ်ရှိစေခြင်းငှါကျွန်ုပ်တို့ အတွက် ကိုယ်တော်သည် ဆင်းရဲခံခဲ့ရသည်ကို သူတို့မသိရှိခဲ့ကြချေ။ ကိုယ်တော်ရှင်အမှုတော်၏ အဓိပ္ပါယ် နက်နဲမှုကိုသူတို့သိရှိနားလည်ခြင်းသည် ယောဘ၏မိတ်ဆွေများက၎င်းခံစားရသောဝေဒနာများနှင့်ပတ်သက် ၍ နားလည်သဘောပေါက်ခြင်းထက် မပိုခဲ့ချေ။

         သခင်ယေရှုသည် မိမိညီအစ်ကိုများ၏ အထင်လွဲခြင်းကိုခံခဲ့ရသည်။ အကြောင်းမူကားကိုယ်တော်ရှင် ၏ အသက်တာသည်၎င်းတို့၏အသက်တာနှင့်မတူသောကြောင့်ဖြစ်ပါသည်။ ကိုယ်တော်ရှင်၏အသက်တာ သည် ၎င်းတို့၏အသက်တာနှင့်မတူညီချေ။ သူတို့သည် လူကိုကြည့်၍ ဘုရားသခင်ကိုကျောခိုင်းခဲ့ကြသဖြင့် ၎င်းတို့၏အသက်တာတွင် ဘုရားခင်၏တန်ခိုးတော်မရရှိခဲ့ကြချေ။ သူတို့ကျင့်ကြံစောင့်ထိန်းခဲ့သော ဘာသာရေးအယောင်ဆောင်မှုများသည် ၎င်းတို့၏အကျင့်စာရိတ္တကို ပြောင်းလဲစေရန် မစွမ်းနိုင်ခဲ့ချေ။ သူတို့သည် ပင်စိမ်း၊စမွတ်၊ဇီယာ၊အသီးအရွက်တို့ကို ဆယ်ဖို့တစ်ဖို့ပေးလှူသော်လည်း တရားသဖြင့်စီရင်ခြင်း၊ သူတစ်ပါးကိုသနားခြင်း၊ သစ္စာစောင့်ခြင်းတည်းဟူသော ပညတ်တရားများမှ လေးသောအရာတို့ကို ချန်လှပ် ထားခဲ့ကြသည်။ (မဿဲ ၂၃း၂၃) သခင်ယေရှု၏အသက်တာပုံစံနမူနာသည် သူတို့အားအမြဲတမ်းဒေါသထွက် စေခဲ့ပါသည်။ ကိုယ်တော်ရှင်မုန်းတီးသောအရာဟူ၍ လောကတွင် တစ်ခုသာရှိပါသည်။ ၎င်းမှာ အပြစ်တရား ဖြစ်ပါသည်။ အသွင်သဏ္ဌာန်ပြောင်းလဲရန် မဖြစ်နိုင်သောမှားယွင်းသည့် လုပ်ဆောင်မှုတစ်ခုကို နာကျင်မှု ဝေဒနာမခံစားရဘဲ ကိုယ်တော်ရှင်သက်သေမခံနိုင်ချေ။ အပြစ်ကိုမြတ်နိုးခင်တွယ်သည့် စိတ်များကိုဖုံးကွယ် ထားသည့် သန့်ရှင်းမွန်မြတ်သောအသွင်အပြင်ရှိသည့် အပြင်ပန်းစည်းကမ်းများကို လိုက်နာလွန်းသူများထဲ တွင် ဘုရားသခင်၏ဘုန်းတော်ကိုထွန်းလင်းစေရန်အတွက် စိတ်အားထက်သန်သော လူထူးလူဆန်းတစ်ဦး သည်အမြဲတမ်းအထွတ်အထိပ်တွင်ရှိနေခဲ့ပါသည်။ ထိုပုဂ္ဂိုလ်များကိုခွဲခြားရာတွင်မမှားနိုင်ပါချေ။ သခင်ယေရှု ၏ အသက်တာသည်မကောင်းမှုများကိုပြစ်တင်ရှုတ်ချသောကြောင့် ကိုယ်တော်သည် မိမိ၏အိမ်တွင်သော် လည်းကောင်း၊ အခြားနေရာများတွင်သော်လည်းကောင်း ဆန့်ကျင်ခြင်းကိုခံခဲ့ရပါသည်။ ကိုယ်တော်၏ ကိုယ်ကျိုးစွန့်မှုနှင့် သမ္မာဓိရှိမှုကြောင့် ဘုရားကိုစော်ကားသူတစ်ဦးအဖြစ် အဓိပ္ပါယ်ဖွင့်ဆိုခြင်းကိုခံခဲ့ရပါ သည်။ ကိုယ်တော်၏သည်းခံတတ်မှုနှင့် ကြင်နာသနားမှုများကို သူရဲဘောကြောင်ခြင်းအဖြစ် သတ်မှတ်ခဲ့ကြ ပါသည်။

         လူသားများအပေါ်သို့ကျရောက်နေသော နာကြည်းစရာကောင်းသည့် ဖြစ်ရပ်များတွင်ခရစ်‌တော် မခံ စားဖူးခဲ့သောအရာဟူ၍မရှိခဲ့ချေ။ မွေးဖွားခဲ့သည့်အခြေအနေများကြောင့်ကိုယ်တော့်အပေါ်အထင်သေးရန် ကြိုးစားခဲ့ကြသည့် လူအချို့ရှိနေခဲ့ပါသည်။ ကိုယ်တော်သည် ကလေးဘဝမှစ၍ ၎င်းတို့၏အထင်သေးသော အကြည့်များနှင့် အတင်းအဖျင်းပြောခြင်းများကို ခံခဲ့ရပါသည်။ သည်းခံခြင်းမရှိသောစကားများ (သို့မဟုတ်) စိတ်ဆိုးသောအကြည့်များနှင့် ပြန်လည်တုံ့ပြန်မိမည်ဆိုလျှင်သော်လည်းကောင်း၊ မိမိညီအစ်ကိုများအား မှားယွင်းသောလုပ်ရပ်က‌လေးတစ်ခုဖြင့် လိုက်လျောမိမည်ဆိုလျှင်သော်လည်းကောင်း ကိုယ်တော်သည် စုံလင်သောစံနမူနာတစ်ခုအဖြစ် ရပ်တည်နေခြင်းမှ ချို့ယွင်းသွားခဲ့လိမ့်မည်ဖြစ်ပါသည်။ ဤနည်းအားဖြင့် ကျွန်ုပ်တို့၏ကယ်တင်ခြင်း စီမံကိန်းအကောင်အထည်ဖော်ခြင်းလုပ်ငန်းများသည်လည်း မအောင်မမြင်ဖြစ်ခဲ့ လိမ့်မည် ဖြစ်ပါသည်။ ကိုယ်တော်သည် အပြစ်အတွက်ခြွင်းချက်တစ်ရှိနိုင်ကြောင်း ခွင့်ပြုခဲ့လျှင်ပင် စာတန်သည် အောင်ပန်းဆွတ်သွားခဲ့လိမ့်မည်ဖြစ်ပြီး ကမ္ဘာကြီးသည်ကယ်တင်ခြင်း ဆုံးရှုံးသွားလိမ့်မည်ဖြစ် ပါသည်။ ဤကြောင်းကြောင့်ကိုယ်တော်အား အပြစ်ကျူးလွန်ရန် စာတန်သည် တတ်နိုင်သမျှကြိုးစား၍ စုံစမ်း သွေးဆောင်ခဲ့ပါသည်။

         သို့သော်စုံစမ်းနှောင့်ယှက်ခြင်းအားလုံးအတွက် ကိုယ်တော်၌ရှိသည့် တစ်ခုတည်းသောအဖြေမှာ “ကျမ်းစာလာသည်ကား” ပင်ဖြစ်ပါသည်။ ကိုယ်တော်သည် မိမိညီအစ်ကိုများ၏အမှားလုပ်ရပ်များကို အပြစ် တင်ခဲ့သော်လည်း ၎င်းတို့အားပြောရန် ကိုယ်တော်၌ ဘုရားသခင်ထံမှလာသည့် စကားတစ်လုံးသာရှိခဲ့ပါ သည်။ တားမြစ်ထားသောအရာများကို ၎င်းတို့နှင့်အတူပူးပေါင်းလုပ်ဆောင်ရန် ငြင်းဆိုခြင်းအတွက် သူရဲဘောကြောင်သူတစ်ဦးအဖြစ်ကိုယ်တော်သည်မကြာခဏအစွပ်စွဲခံရသော်လည်းကိုယ်တော်၏အဖြေမှာ ကျမ်းစာလာသည့်အတိုင်း “ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် ပညာဖြစ်ကြောင်းနှင့်ဒုစရိုက်ကိုရှောင် ခြင်းသည် ဉာဏ်ဖြစ်ကြောင်း” ဟူသောအဖြေပင်ဖြစ်ပါသည်။ ယောဘ ၂၈း၂၈။

         ကိုယ်တော်ရှင်နှင့်အတူတကွနေထိုင်ရခြင်းကြောင့် ငြိမ်သက်မှုရရှိခံစားရသည်ဟုထင်မှတ်လျက် ကိုယ်တော်ရှင်အား မိတ်သဟာယဖွဲ့ရန် အချို့ကြိုးစားခဲ့ကြသော်လည်း များစွာသောလူများသည် ကိုယ်တော် အား ရှောင်ရှားခဲ့ကြပါသည်။ အကြောင်းမူကား ကိုယ်တော်၏အစွန်းအထင်းမရှိသော အသက်တာသည် သူတို့အား အထိနာစေခဲ့ပါသည်။ သူငယ်ချင်းများသည် ၎င်းတို့လုပ်သကဲ့သို့လုပ်ရန် ကိုယ်တော်အား တိုက်တွန်းခဲ့ပါသည်။ ကိုယ်တော်သည် ဉာဏ်ထက်မြက်၍ စေတနာကောင်းသူတစ်ဦးဖြစ်ပါသည်။ သူတို့သည် ကိုယ်တော်ရှင်နှင့်အတူ နေထိုင်ရသည့်အတွက် ပျော်မွေ့ပြီး ကိုယ်တော်ပေးသောအကြံပေးချက် များကို နှစ်နှစ်ခြိုက်ခြိုက်လက်ခံကြိုဆိုခဲ့ကြသော်လည်း သူတို့သည်ကိုယ်တော်၏စနောင့်စနင်းဖြစ်မှုအတွက် သည်းခံနိုင်စွမ်းမရှိကြဘဲ ကိုယ်တော်အားအမြင်ကျဉ်း၍ အပြောရကျပ်သူတစ်ဦးအဖြစ် အခိုင်အမာပြောဆို လာခဲ့ကြပါသည်။ သခင်ယေရှုဖြေဆိုခဲ့သည် ကျမ်းစာလာသည်ကား “လူပျိုသည် မိမိသွားရာလမ်းကို အဘယ်သို့ သန့်ရှင်းစေနိုင်ပါမည်နည်းဟူမူကား နှုတ်ကပတ်တော်အတိုင်းသတိပြုရမည်။ ကိုယ်တော်ကို မပြစ်မှားဘဲ နေနိုင်မည့်အကြောင်း ဗျာဒိတ်တော်ကိုနှလုံးထဲမှာသိုထားပါပြီ” ဟူ၍ဖြစ်၏။ ဆာလံ ၁၁၉း၉၊၁၁။

         “ဘယ့်အတွက်ကြောင့် မင်းဟာ အထီးကျန်နေချင်ရတာလဲ။ အဘယ့်ကြောင့် တို့အားလုံးနဲ့မတူဘဲ တစ်မူထူးခြားချင်ရတာလဲ” ဟူသော မေးခွန်းများကိုကိုယ်တော်မကြာခဏအမေးခံခဲ့ရပါသည်။ ကိုယ်တော်က ကျမ်းစာလာသည်ကား “ထာဝရဘုရား၏တရားလမ်း၌မလွဲမတိမ်းလိုက်သွားသောသူတို့သည် မင်္ဂလာရှိကြ ၏။ သက်သေခံတော်မူချက်တို့ကိုစောင့်၍ ကိုယ်တော်ကိုစိတ်နှလုံးအကြွင်းမဲ့ ရှာသောသူတို့သည် မင်္ဂလာရှိ ကြ၏။ ထိုသူတို့သည် ဒုစရိုက်ကိုမပြု၊ လမ်းခရီးတော်၌ လိုက်သွားတတ်ကြ၏” (ဆာလံ၁၁၉း၁-၃) ဟူ၍ ဖြေဆိုခဲ့ပါသည်။

         ကိုယ်တော်သည် နာဇရက်လူငယ်များ၏ပျော်ရွှင်မြူးထူးပွဲများတွင် အဘယ်ကြောင့်ပါဝင်ပူး‌ပေါင်းမှု မပြုသည်ကို မေးခွန်းထုတ်လာသောအခါ ကိုယ်တော်က ကျမ်းစာလာသည်ကား “ခပ်သိမ်းသောစည်းစိမ် ဥစ္စာကိုရဘိသကဲ့သို့သက်သေခံတော်မူရာလမ်း၌ ဝမ်းမြောက်ပါ၏။ ပေးတော်မူသောဩဝါဒကိုဆင်ခြင်၍ လမ်းခရီးတော်တို့ကိုကြည့်ရှုပါ၏။ အထုံးအဖွဲ့တော်တို့၌ မွေ့လျော်ပါသည်။ နှုတ်ကပတ်တော်ကို မမှတ်ဘဲ မနေပါ” ဟူ၍ ဖြေကြားတော်မူပါသည်။ ဆာလံ ၁၁၉း၁၄-၁၆။

         သခင်ယေရှုသည် မိမိ၏လုပ်ပိုင်ခွင့်များအတွက် ငြင်းခုံတိုက်ခိုက်ခြင်းမပြုခဲ့ချေ။ ကိုယ်တော်သည် စိတ်စေတနာရှိ၍ သည်းခံတတ်သောကြောင့် ကိုယ်တော်၏အလုပ်များကိုမလိုအပ်ဘဲ မကြာခဏအလူးအလဲ ဒုက္ခရောက်စေခဲ့ကြသည်။ သို့စေကာမူ ကိုယ်တော်သည် ဆက်လက်လုပ်ဆောင်ရန် ပျက်ကွက်ခြင်းမရှိသည့် အပြင် စိတ်ဓာတ်ကျခြင်းလည်း မရှိခဲ့ချေ။ ထာဝရဘုရားမျက်နှာတော်၏ အလင်းတော်တွင် ရှိနေသကဲ့သို့ ကိုယ်တော်သည် ထိုအခက်အခဲများကိုကျော်လွှား၍ အသက်ရှင်ခဲ့ပါသည်။ ကိုယ်တော်သည် ကြမ်းတမ်းစွာ ဆက်ဆံပြုမူခြင်းကို ခံရသောအခါ လက်တုံ့ပြန်ခြင်းမပြုဘဲ စော်ကားမှုများကို စိတ်ရှည်ခြင်းဖြင့်သည်းခံ တော်မူခဲ့သည်။

         မိမိညီအစ်ကိုတို့ထံမှ ထိုကဲ့သို့သောအငြိုးထားသည့် စကားအသုံးအနှုန်းများကို အဘယ်ကြောင့်ပြန် လည် ချေပခြင်းမပြုဘဲ အညံ့ခံရသနည်းဟု ကိုယ်တော်ကို ခဏခဏမေးမြန်းခဲ့ကြပါသည်။ ထိုအချိန်များတွင် ကိုယ်တော်ကကျမ်းစာလာသည်ကား “ငါ့သား၊ ငါပေးသောတရားကိုမမေ့နှင့်၊ ငါ့ပညတ်တို့ကိုသင်၏နှလုံး စောင့်ရှောက်ပါစေ။ အကြောင်းမူကား ပညတ်တရားသည် အသက်ရှည်သောကာလ နှစ်ပေါင်းများကို လည်း ကောင်း၊ငြိမ်ဝပ်ခြင်းကိုလည်းကောင်းတိုးပွားစေလိမ့်မည်။ ကရုဏာတရားနှင့်သစ္စာတရားကိုသင်နှင့်မကွာစေ နှင့်၊ သစ္စာတရားတို့ကို သင်၏လည်ပင်း၌ဆွဲထားလော့၊ နှလုံးစာရင်းအင်းတွင် ရေးသားလော့၊ ထိုသို့ပြုလျှင် ဘုရားသခင်ရှေ့၊ လူတို့ရှေ့မှာ မျက်နှာရ၍ ကျေးဇူးကိုခံရလိမ့်မည်။” သုတ္တံ ၃း၁-၄။

         သခင်ယေရှု၏မိဘများသည် ကိုယ်တော်ကို ဗိမာန်တော်တွင် ပြန်လည်တွေ့ရှိပြီးသည့်အချိန်မှစ၍ ကိုယ်တော်၏လုပ်ပုံကိုင်ပုံများသည် ၎င်းတို့အတွက် နားလည်ရခက်ခဲပါသည်။ ကိုယ်တော်သည် အငြင်းအခုံ မဖြစ်ရန် ရှောင်ရှားခဲ့သော်လည်း မိမိ၏အသက်တာပုံစံနမူနာသည် ခိုင်မြဲသော သင်ခန်းစာတစ်ခုဖြစ်ခဲ့သည်။ သီးသန့်ခွဲထားခြင်းခံရသောသူတစ်ဦးကဲ့သို့ ဖြစ်နေခဲ့ပါသည်။ သဘာဝနှင့်သော်လည်းကောင်း၊ ထာဝရဘုရား နှင့်သော်လည်းကောင်း သီးသန့်နေထိုင်ခဲ့ရသောအချိန်များတွင် ကိုယ်တော်သည်ပျော်ရွှင်မှုကိုတွေ့ရှိခဲ့ရပါ သည်။ လယ်ကွင်းပြင်များထဲသို့သွားရန်အတွက်သော်လည်းကောင်း၊ စိမ်းလန်းသောလျှိုမြောင်ချိုင့်ဝှမ်းများ တွင် တရား‌ဒေသနာများကိုစဉ်းစားဆင်ခြင်ရန်အတွက်သော်လည်းကောင်း၊ တောင်များပေါ်နှင့်သစ်တောကြီး များထဲတွင် ဘုရားသခင်နှင့်မိတ်သဟာယ ဖွဲ့ဆိုရန်အတွက်သော်လည်းကောင်း အခွင့်အရေးရသည့်အခါတိုင်း တွင်ကိုယ်တော်သည်လုပ်ငန်းခွင်မှရှောင်ရှားခဲ့ပါသည်။ လင်းအားကြီးအချိန်များတွင်ဆိတ်ငြိမ်သောနေရာများ ၌ တရားဒေသနာများကိုဆင်ခြင်လျက်၊ ကျမ်းစာကိုဖတ်လျက်၊ (သို့မဟုတ်)ဆုတောင်းလျက်ရှိသည်ကို မကြာခဏတွေ့ခဲ့ရပါသည်။ နောက်မှ ကိုယ်တော်သည် တာဝန်များကိုတစ်ဖန်လုပ်ကိုင်ဆောင်ရွက်ရန်နှင့် ဆောင်ရွက်စရာလုပ်ငန်းများအတွက် စံနမူနာများကို ပေးရန်အိမ်သို့ ပြန်တော်မူခဲ့ပါသည်။

         ခရစ်တော်၏အသက်တော်စဉ်သည် မယ်တော်အားချစ်ခင်လေးစားခြင်းများဖြင့် သားနားထင်ရှား လျက် ရှိခဲ့ပါသည်။ မိမိမွေးဖွားခဲ့သည့် ဖြူစင်သန့်ရှင်းသောကလေးငယ်သည် အချိန်ကြာမြင့်စွာကတည်းက စောင့်မျှော်ခဲ့ရသောမေရှိယဖြစ်သည်ဟု မာရိသည်စိတ်ထဲတွင်ယုံကြည်ခဲ့သော်လည်း သူမ၏ယုံကြည်ခြင်း ကို သူမ မထုတ်ဖော်ရဲခဲ့ချေ။ ကိုယ်တော်၏အသက်တာ တစ်လျှောက်လုံးတွင် သူမသည် ကိုယ်တော်၏ဒုက္ခ ဝေဒနာများကိုမျှဝေခံစားခဲ့သူတစ်ယောက်ဖြစ်ခဲ့ပါသည်။ ကိုယ်တော်ရှင်၏ခံစားခဲ့ရသောဒုက္ခဆင်းရဲခြင်းများ အကြောင်းကိုလည်း မာရိသည် ဝမ်းနည်းပက်လက်သက်သေခံပါသည်။ သူမ သိသ‌လောက်သော ကိုယ်တော် ၏ အကျင့်စာရိတ္တပိုင်းကို အပြစ်ကင်းကြောင်းထောက်ခံပြောဆိုမှုကြောင့် သူမကိုယ်တိုင် စုံစမ်းခြင်းခံရမည့် အနေအထားသို့ ရောက်ရှိလာခဲ့ပါသည်။ သူမသည် မိသားစုနှင့်ပတ်သက်သော အပေါင်းအဖော်များကို လည်းကောင်း၊ အကျင့်စာရိတ္တတည်ဆောက်ရေးတွင် ကလေးများအပေါ်တွင်ထားရှိသည့် မိခင်၏အလွန် အရေးကြီးသော စောင့်ရှောက်ထိန်းသိမ်းမှုကိုလည်းကောင်း၊ တွေးမျှော်၍ကြည့်ရှုခဲ့ပါသည်။ ယောသပ်၏ သားသမီးများသည် ထိုအရာကိုသိခဲ့ကြပြီး သူမ၏စိုးရိမ်ကြောင့်ကြမှုကိုဝေဖန်ပြောဆိုခြင်းအားဖြင့် ၎င်းတို့၏ လုပ်နည်းလုပ်ဟန်များနှင့် ကိုက်ညီစေရန်ကိုယ်တော်၏အလေ့အထများကိုပြင်ပေးရန် သူတို့ကြိုးစားခဲ့ကြ ပါသည်။

         တစ်ခါတစ်ရံတွင် သူမသည် ကိုယ်တော်ကို ဘုရားသခင်ပို့ဆောင်လိုက်သောပုဂ္ဂိုလ်ဟု မယုံကြည် သော ညီအစ်ကိုများနှင့် သခင်ယေရှုအကြားဟိုဘက်ယိမ်း၊ ဒီဘက်ယိမ်းဖြစ်ခဲ့ပါသည်။ သို့သော်လည်း ကိုယ်တော်ရှင်၌ အလွန့်အလွန်ကောင်းမြတ်သော စာရိတ္တတော်များရှိကြောင်း အထောက်အထားများကို တွေ့ရှိခဲ့ပါသည်။ သူတစ်ပါးကောင်းစားရေးအတွက် ကိုယ်တော်သည် မိမိကိုယ်ကို အနစ်နာခံခဲ့ကြောင်းကို သူမတွေ့မြင်ခဲ့ရပါသည်။ ကိုယ်တော်ရှင်သည်မိသားစုထဲသို့ဖြူစင်သန့်ရှင်းသောပတ်ဝန်းကျင်ကိုဖြစ်ထွန်းစေ ခဲ့ပါသည်။ ၎င်းပြင် ကိုယ်တော်၏အသက်တာသည် လူမှုအဖွဲ့အစည်းများ၏ အခြေခံအင်အားစုများတွင် တဆေးကဲ့သို့ အကျိုးသက်ရောက်ခဲ့ပါသည်။ ကိုယ်တော်သည် အဆင်အခြင်ကင်းမဲ့သော၊ ကြမ်းတမ်းသော၊ မဖော်ရွေသောသူများအထဲတွင်သော်လည်းကောင်း၊ မတရားသောအခွန်ခံများ၊ အရမ်းမဲ့ငွေကြေးဖြုန်းတီးသူ များ၊မဖြောင့်မတ်သောရှမာရိများ၊တစ်ပါးသောအမျိုးသားများ၊ရိုင်းစိုင်းသောလူတန်းစားများတို့နှင့် လူပေါင်း စုံများအလယ်တွင်သော်လည်းကောင်း၊ ဘေးမသီရန်မခဘဲညစ်ညူးမှုကင်းစင်စွာဖြင့် လျှောက်လှမ်းနိုင်ခဲ့ပါ သည်။ လေးသောဝန်များကိုထမ်းရန်အတွက် အတင်းအကျပ်ပြုခြင်းခံရသော မောပန်းနွမ်းနယ်နေသူများကို တွေ့မြင်ခဲ့ရသောအခါတိုင်းမေတ္တာစကားများကို ဟိုမှာနည်းနည်း၊ ဒီမှာနည်းနည်း ကိုယ်တော်ပြောကြားခဲ့ပါ သည်။ ၎င်းတို့၏ဝန်များကို မျှဝေထမ်းရွက်ခဲ့ပြီး သဘာဝတရားမှ မိမိလေ့လာသိရှိခဲ့သော ဘုရားသခင်၏ မေတ္တာတော်၊ ကြင်နာသနားခြင်းနှင့် ကောင်းမြတ်ခြင်းများနှင့်ပတ်သက်သော သင်ခန်းစာများကို ၎င်းတို့အား ပြန်လည်ပြောပြခဲ့ပါသည်။

         ဘုရားသခင်သည်လူခပ်သိမ်းတို့အား ပင်ကိုစွမ်းရည်များပေးသနားတော်မူကြောင်းကိုလည်းကောင်း၊ ထိုစွမ်းရည်များကို မှန်ကန်စွာအသုံးပြုလျှင်ထာဝရချမ်းသာခြင်းကို ရရှိနိုင်လိမ့်မည်ဖြစ်ကြောင်းကို လည်း ကောင်း၊ (မိမိကိုယ်ကိုရှုမြင်ကြရန်) ကိုယ်တော်သွန်သင်တော်မူခဲ့သည်။ ကိုယ်တော်သည် အသုံးမဝင်သော အရာများကို အသက်တာမှပယ်ရှင်းတော်မူခဲ့ပြီး အချိန်တိုင်းအချိန်တိုင်းသည် ထာဝရကာလတွင် သက်ရောက် မည့် အကျိုးဆက်များဖြင့် ပြည့်နှက်နေကြောင်းကိုလည်းကောင်း၊ အချိန်တိုင်းအချိန်တိုင်းကို အဖိုးတန်သော ဘဏ္ဍာတစ်ခုကဲ့သို့ နှစ်သက်မြတ်နိုးရန်နှင့် သန့်ရှင်းသောကိစ္စများတွင် အသုံးပြုရန်ဖြစ်ကြောင်းကို လည်း ကောင်း မိမိ၏အသက်တာ နမူနာပုံစံအားဖြင့် သင်ကြားတော်မူခဲ့ပါသည်။ ကိုယ်တော်သည် မည်သည့်လူသား တစ်ဦးတစ်ယောက်ကိုမျှ တန်ဖိုးမရှိသကဲ့သို့မဆက်ဆံခဲ့ဘဲ အသက်ဝိညာဉ်တိုင်းအတွက် ကယ်တင်ခြင်း ဆေးဝါးကို အသုံးပြုရန်ကြိုးစားခဲ့ပါသည်။ ကိုယ်တော်ရောက်ရှိသော နေရာတိုင်းတွင် အခြေအနေ၊ အချိန်အခါနှင့် ဆီလျော်သင့်လျော်သော သင်ခန်းစာတစ်ခုကို တင်ပြခဲ့ပါသည်။ ဘုရားသခင်၏ သားသမီးများ တွင် ပြုတော်မူသကဲ့သို့ ၎င်းတို့တွင် ထင်ရှားစေမည့် ထိုကဲ့သို့သောအကျင့်စာရိတ္တများကို ရယူလျက် ၎င်းတို့သည် အပြစ်အနာအဆာကင်းစင်သော သူများဖြစ်လာနိုင်ကြောင်းအာမခံချက်များကို ဖော်ပြကာ ကိုယ်တော်သည် မျှော်လင့်ချက်ကင်းမဲ့သူများအား မျှော်လင့်ချက်ရှိလာစေရန် ကြိုးစားခဲ့ပါသည်။ စာတန်၏အုပ်ထိန်းမှုအောက်သို့  လိုက်ပါသွားသောသူများကိုလည်းကောင်း၊ စာတန်၏ကျော့ကွင်းကို ထိုးဖောက်ရန် တန်ခိုးခွန်အားမရှိသောသူများကိုလည်းကောင်း ကိုယ်တော်မကြာခဏတွေ့ခဲ့ရပါသည်။ ထိုကဲ့သို့သော စိတ်ဓာတ်ကျနေသည့် ဖျားနာနေသော စုံစမ်းခြင်းကိုခံနေရသည့်ကျဆုံးနေသောသူများ အတွက် သခင်ယေရှုခရစ်သည် ပြောဖို့လိုအပ်၍ နားလည်နိုင်သောကြင်နာမှုပြည့်ဝသည့် အနူးညံ့ဆုံးသော စကားများကို ပြောတော်မူခဲ့ပါသည်။ လူသားများ၏ ရန်သူတည်းဟူသော စာတန်မာရ်နတ်နှင့် လက်တစ်ကမ်း တိုက်လှန်ပွဲဝင်နေသူများကိုလည်း ကိုယ်တော်တွေ့တော်မူခဲ့ပါသည်။ ၎င်းတို့မုချအောင်ပွဲဆင်မည်ဖြစ် ကြောင်း အာမခံလျက် ဇွဲရှိရှိနှင့် ဆက်လက်တိုက်ပွဲဝင်ရန် အားပေးတော်မူခဲ့ပါသည်။ အကြောင်းမူကား ဘုရားသခင်၏ ကောင်းကင်တမန်များသည် သူတို့၏အနီးအပါးတွင်ရှိ၍ သူတို့အား အောင်မြင်ခြင်းအခွင့်ကို ပေးလိမ့်မည်ဖြစ်သောကြောင့်တည်း။ ထိုကဲ့သို့ ကိုယ်တော်ကူညီလိုက်သောသူများတို့သည် မိမိတို့၌လုံးလုံး ယုံကြည်အားကိုးနိုင်မည့်ပုဂ္ဂိုလ်တစ်ပါးရှိကြောင်းကို သဘောပေါက်လာခဲ့ကြပါသည်။ ကိုယ်တော်နားတော် ထဲသို့ ၎င်းတို့လျှောက်တင်ထားသော လျှို့ဝှက်ချက်များကို ကိုယ်တော်သည်‌ဖော်ကောင်လုပ်လိမ့်မည် မဟုတ်ချေ။

         သခင်ယေရှုသည် ဝိညာဉ်ရေးနာမကျန်းမှုများကို ကုစားပေးသကဲ့သို့ ခန္ဓာကိုယ်နာမကျန်းမှုများကို လည်း ကုစားပေးသောသူတစ်ပါးဖြစ် တော်မူခဲ့ပါသည်။ ကိုယ်တော်သည် မိမိဂရုစိုက်သာသောနေရာတွင် ရောက်ရှိလာသည့် ဒုက္ခဝေဒနာတိုင်းကို စိတ်ဝင်စားတော်မူသည့်ပြင် ဝေဒနာခံစားရသူတိုင်းအားလည်း အနာပျောက်ကင်းစေသော ဆီမွှေးပါရှိသည့် ကြင်နာသောစကားများအားဖြင့် သက်သာခြင်းအခွင့်ကို ပေးသနားတော်မူခဲ့ပါသည်။ ကိုယ်တော်သည် ကလေးဘဝတွင် အဘယ်နိမိတ်လက္ခဏာကိုလုပ်ခဲ့သည်ဟု မည်သူကမျှ မပြောနိုင်ခဲ့သော်လည်း မေတ္တာ၏ အနာပျောက်ခြင်းတန်ခိုးသည် စိတ်ဒုက္ခ ကိုယ်ဒုက္ခရောက် နေသူများအတွက် ကိုယ်တော်မှထွက်တော်မူခဲ့ပါသည်။ ထိုကဲ့သို့သော မသိမသာသောနည်းအားဖြင့် ကိုယ်တော်သည် ကလေးဘဝမှစ၍ လူများကောင်းကျိုးအတွက် လုပ်ကိုင်ဆောင်ရွက်တော်မူခဲ့သည်။ ထိုအကြောင်းကြောင့် လူထုအတွင်းအမှုတော်ကို စတင်ဆောင်ရွက်သည့်အချိန်တွင် လူအများသည်  ကိုယ်တော်၏ ဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာစွာဖြင့်နာယူကြခြင်းဖြစ်ပါသည်။

         သို့စေကာမူ သခင်ယေရှုသည် ကလေးဘဝ၊ လူငယ်ဘဝနှင့် လူကြီးဘဝများတစ်လျှောက်တွင် တစ်ကိုယ်တည်းလျှောက်လှမ်းခဲ့ရပါသည်။ စပျစ်ရည်ညှစ်သည့်ဆုံတွင်လည်း တစ်ကိုယ်တည်းညှစ်ခဲ့ပါသည်။ ကိုယ်တော်နှင့်အတူရပ်တည်ခဲ့သည့်လူဟူ၍ တစ်စုံတစ်ဦးမျှမရှိခဲ့ချေ။ ကိုယ်တော်သည် လူသားများ၏ ကယ်တင်ခြင်းအတွက် စိုးရွံ့ထိတ်လန့်ဖွယ်ကောင်းသော တာဝန်ဝတ္တရားများကို ထမ်းဆောင်ခဲ့ပါသည်။ လူသားများ၏အသက်တာ စည်းမျဉ်းများနှင့် အကြံအစည်များကို ခိုင်ခိုင်မာမာ မပြောင်းလဲခဲ့လျှင်အားလုံး ပျက်စီးသွားလိမ့်မည်ကို ကိုယ်တော်သိတော်မူခဲ့ပါသည်။ ဤအသိသည်ကိုယ်တော့်စိတ်ဝိညာဉ်၏ ဝန်ထုပ် ဖြစ်ပြီး ကိုယ်တော်အပေါ်ကျရောက်လျက်ရှိသောထိုဝန်ကိုမည်သူကမျှ မှန်ကန်စွာနားလည်သဘောပေါက် ခြင်း မရှိခဲ့ကြချေ။ ကိုယ်တော်သည် ကြီးမားသောရည်ရွယ်ချက်ဖြင့် လူသားများအတွက် အလင်းတရား ဖြစ်သင့်သည့် မိမိအသက်တာ၏ အကြံအစည်တော်များကို အကောင်အထည်ဖော်တော်မူခဲ့ပါသည်။

 

No comments:

Post a Comment