အန္နမင်းနှင့်ယဇ်ပုရောဟိတ်မင်းကယာဖတို့၏ရှေ့တွင်
အစစ်ဆေးခံရခြင်း
ရှင်မဿဲခရစ်ဝင် ၂၆း၅၇-၇၅။ ၂၇း၁။ ရှင်မာကု ၁၄း၃၅-၇၂။ ၁၅း၁။ ရှင်လု ကာ ၂၂း၅၄-၇၁။ ရှင်ယောဟန် ၁၈း၁၃-၂၇ တို့ကိုအခြေပြုထားပါသည်။
သူတို့သည် ကေဒြုန်ချောင်းကိုဖြတ်ကျော်ကာ သံလွင်ပင်များ၊ ပန်းပင်များ ကိုဖြတ်ကျော်ပြီး အိပ်စက်လျက်ရှိသောမြို့တော်ကြီး၏ ဆိတ်ငြိမ်သော လမ်းမကြီး အတိုင်း ခရစ်တော်ကိုအလျင်စလိုခေါ်ဆောင်လာခဲ့ကြပါသည်။ အချိန်မှာညသန်း ခေါင်ကျော်အချိန်ဖြစ်ပြီး ကိုယ်တော့်နောက်မှလိုက်လာကြသော လူအုပ်ကြီး၏ လှောင်ပြောင်သံများ၊ သရော်သံများသည် ည၏တိတ် ဆိတ်မှုကိုဖြိုခွင်းလျက်ရှိပါ သည်။ ကယ်တင်ရှင်သည် ကြိုးဖြင့်ချည်နှောင်ထား ခြင်းခံရပြီး အနီးကပ်စောင့်ကြပ်မှု ကိုလည်းခံနေရသဖြင့် နာကျင်စွာလျှောက်လှမ်းလျက် လူအုပ်ကြီးနှင့်အတူလိုက်ပါ လာခဲ့ပါသည်။ ကိုယ်တော်အားဖမ်း ဆီးခဲ့သူများက ယဇ်ပုရောဟိတ်မင်းကြီးဟောင်း ဖြစ်သူ အန္နမင်း၏နန်းတော်သို့ဦးတည်၍ ကိုယ်တော်အားခေါ်ဆောင်လာကြပါသည။်
အန္နမင်းသည် အမှုတော်ထမ်းဆောင်နေသော ယဇ်ပုရောဟိတ်အဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်ပါသည်။ သူ၏အသက်အရွယ်ကိုထောက်၍ လူအများက ၎င်းအား ယဇ်ပုရောဟိတ်မင်းအဖြစ် အသိအမှတ်ပြုခဲ့ကြပါသည်။ သူ့ထံ၌အကြံ ဥာဏ်တောင်းတတ်ကြပြီး ပေးသောအကြံဥာဏ်များကိုလည်း ဘုရားသခင်၏အ မိန့်တော်ကဲ့သို့မှတ်ယူအကောင်အထည်ဖော်တတ်ကြပါသည်။ သူသည်ကနဦးအ နေဖြင့်ဖမ်းဆီးခြင်းခံရသူခရစ်တော်အား ယဇ်ပုရောဟိတ်ဆိုင်ရာ တန်ခိုးအာဏာများ ကိုသုံး၍ စစ်ဆေးရမည်ဖြစ်ပါသည်။ ၎င်းပြင် ထိုသူများ၏အကြံအစည်အတိုင်း မပြု လုပ်နိုင်မည်စိုးသဖြင့် အတွေ့အကြုံနည်း သောကယာဖက ထိုအကျဉ်းသားကို စစ် ဆေးသောအခါတွင်လည်း တရားခွင်၌သူရှိနေရမည်ဖြစ်ပါသည်။ ခရစ်တော်အား အ ပြစ်ဒဏ်စီရင်နိုင်ရန်အလိုငှာ သူသည်အခြားအဖြစ်အပျက်များမှာကဲ့သို့ ပရိယာယ် များ၊ ပါးနပ်လိမ္မာမှုများနှင့် ကောက်ကျစ်စဉ်းလဲမှုများကို အသုံးချရမည်ဖြစ်ပါသည်။
စည်းကမ်းဥပဒေအရဆိုလျှင် ခရစ်တော်သည် ဆန်ဟီဒရင်အဖွဲ့၏ ရှေ့ မှောက်တွင် အစစ်ဆေးခံရန်ဖြစ်သော်လည်း၊ ယခုတွင် အန္နမင်းရှေ့တွင် အကြိုစစ် ဆေးမှုကိုခံနေရခြင်းဖြစ်ပါသည်။ ရောမတို့၏ လုပ်ထုံးလုပ်နည်းအရ ဆန်ဟီဒရင်အ ဖွဲ့သည် သေဒဏ်စီရင်ပိုင်ခွင့်မရှိချေ။ ထိုအဖွဲ့သည် အကျဉ်းသားတစ်ဦးကို စစ်ဆေး မေးမြန်းကာ စီရင်ချက်ကိုအတည်ပြုပေးရန် ရောမအာဏာ ပိုင်များထံတင်ပြရပါ သည်။ ထိုကြောင့် ရောမအာဏာပိုင်များအနေဖြင့် ခရစ်တော်အားရာဇဝတ်သား တစ်ဦးကဲ့သို့ မှတ်ယူလာစေရန် စွဲဆိုနိုင်ဖို့အထူးလိုအပ် လာပါသည်။ ယုဒလူများ မျက်မှောင်တွင် ကိုယ်တော်အားအပြစ်စီရင်ထိုက်သည်ဟု မှတ်ယူနိုင်သော အပြစ် ဒဏ်တစ်ခုအတွက် စွဲဆိုချက်တစ်ခုလည်းရှိရပါမည်။ ယဇ်ပုရောဟိတ်နှင့်ယုဒလူအ ကြီးအကဲထဲမှလူများစုသည် ခရစ်တော်၏သွန်သင်ချက်ကြောင့် အမှားအမှန်ကိုသိရှိ ထားကြပြီးဖြစ်သော်လည်း၊ ၎င်းတို့အားမိမိတို့၏ ဘာသာရေးအဖွဲ့အစည်းများမှ ထုတ်ပစ်မည်ကိုစိုးသောကြောင့်သာ ခရစ်တော်ကိုဝန်မခံရဲဘဲဖြစ်နေကြပါသည်။ ငါ တို့တရားသည်လူကိုမစစ်၊ သူ့အမှုကိုမသိမီကပင် ရှေးမဆွကဆုံးဖြတ်တတ်သလော ဟူ၍ နိကောဒင်မေးခဲ့သောမေးခွန်းကိုလည်း သူတို့ကောင်းမွန်စွာသတိရကြပါသည်။ ယောဟန် ၇း၅၁။ ဤမေးခွန်းသည် ကျင်းပနေသော၎င်းတို့၏ အစည်းအဝေးကို အ ထမမြောက်စေခဲ့ဘဲ ၎င်းတို့၏အကြံအစည်များကို ပျက်ပြားစေခဲ့ပါသည်။ ယခုအ စည်းအဝေးတွင် အရိမဿဲသားယောသပ်နှင့် နိကောဒင်တို့ကို မဖိတ်ကြားခဲ့ကြချေ။ သို့သော်လည်း ဖြောင့်မတ်ခြင်းတရားဘက်မှ ပြောဝံ့ဆိုဝံ့ရှိသူများ ထိုအဖွဲ့တွင်ရှိနေ ပါသေးသည်။ ဆန်ဟီဒရင်အဖွဲ့ဝင်အားလုံးအား ခရစ်တော်၏တစ်ဘက်တွင် တညီ တညွှတ်တည်းရပ်တည်စေဖို့ရန်စည်းရုံးဖို့ ဤတရားစီရင်စစ်ဆေးခြင်းကို ထိုကဲ့သို့ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ ခရစ်တော် အပေါ်စွဲချက်နှစ်ခုတင်ရန် ယဇ်ပုရောဟိတ် များကလိုလားကြပါသည်။ တစ်ခုမှာ၊ ခရစ်တော်အား ဘုရားကိုပြစ်မှားပြောဆိုသူ အ ဖြစ်စွဲဆိုရန်ဖြစ်ပါသည်။ ထိုစွဲဆိုချက်အတိုင်းအမှုနိုင်လျှင် ယုဒလူများကကိုယ်တော် အား တရားစီရင်ကာ အပြစ်ပေးနိုင်မည်ဖြစ်ပါသည်။ ဒုတိယတစ်ခုမှာ ပုန်ကန်ထကြွ မှုကိုလှုံ့ဆော်ခြင်းအမှုနှင့် တရားစွဲရန်ဖြစ်ပါသည်။ ဤစွဲချက်အရအမှုနိုင်လျှင် ရောမ အာဏာပိုင်များ၏အတည်ပြုချက်ဖြင့် အပြစ်စီရင်ချက်ချမှတ်ရမည်ဖြစ်ပါသည်။ အန္န မင်းသည် ဤဒုတိယစွဲဆိုချက်ကို ကနဦးအသုံးပြုရာတရားစွဲရန်ကြိုးစားခဲ့ပါသည်။ အန္နမင်းသည် တရားစွဲဆိုနိုင်မည့် သက်သေအထောက်အထားများကိုရရှိရန်အ တွက် ကိုယ်တော်၏ တပည့်တော်များအကြောင်းကိုလည်းကောင်း၊ ကိုယ်တော်၏ သွန်သင်ချက်များအကြောင်းကိုလည်းကောင်း မေးမြန်းစုံစမ်း ခဲ့ပါသည်။ ခရစ်တော် သည် နိုင်ငံသစ်တစ်ခုကို တည်ထောင်ရန်ရည်မှန်းချက်ဖြင့် အဖွဲ့အစည်းတစ်ခုကို တည်ထောင်ရန် ကြိုးစားနေကြောင်း ထင်ရှားပေါ်လွင်စေမည့် ဖွင့်ဟချက်များကို ရ အောင် ကြိုးစားဖို့သူစိတ်ကူးခဲ့ပါသည်။ သို့မှသာ ကိုယ်တော်အားငြိမ်းချမ်းရေးကို ဖျက်ဆီးသူ၊ ပုန်ကန်ထကြွမှုကိုဖန်တီး သူအဖြစ် ရောမအာဏာပိုင်များလက်ထဲသို့ ၎င်းတို့အပ်နှံနိုင်ကြမည်ဖြစ်ပါ သည်။
ခရစ်တော်သည် ဖွင့်ဟထားသော စာအုပ်တစ်အုပ်ကိုဖတ်နေသည့်နှယ် ၎င်း တို့၏အကြံအစည်များကို ဖတ်ရှုနေပါသည်။ မိမိအားမေးမြန်းနေသည့် ထိုသူ၏ အ တွင်းစိတ်ကိုသိရှိသည့်အလား၊ မိမိနှင့်တမန်တော်များအကြား သွေးစည်းညီညွတ်မှု အတွက် မည်သည့်လျှို့ဝှက်ချက်များမှမရှိကြောင်း၊ (သို့မဟုတ်) ညအမှောင်ထဲတွင် မိမိ၏အကြံအစည်ကိုဖုံးကွယ်ရန် ၎င်းတို့အားလျှို့ဝှက်စွာ ခေါ်ယူစည်းရုံးခြင်းမဟုတ် ကြောင်းများကို ခရစ်တော်မိန့်ဆိုတော်မူခဲ့ပါသည်။ ကိုယ်တော်၌လျှို့ဝှက်သော အ ကြံအစည်၊ လျှို့ဝှက်သောယုံကြည်ချက်တစ်စုံ တစ်ခုမျှမရှိပါချေ။ ထိုကြောင့် ငါသည် လောက၌ထင်ရှားစွာဟောပြောပြီး၊ ယုဒလူအပေါင်းတို့ စည်းဝေးရာတရားဇရပ်၌ လည်းကောင်း၊ ဗိမာန်တော်၌လည်းကောင်း အစဉ်မပြတ်ဆုံးမဩဝါဒပေးပြီး၊ မထင် ရှားဘဲအလျှင်းမဟောပြောဟု ကိုယ်တော်မိန့်တော်မူခဲ့ပါသည်။
ဤနေရာတွင် ခရစ်တော်သည် အမှုတော်ဆောင်ရာတွင် အသုံးပြုခဲ့သည့် မိ မိ၏လုပ်နည်းလုပ်ဟန်နှင့် မိမိအားစွဲဆိုနေသော ထိုသူများ၏လုပ်နည်း လုပ်ဟန် များတို့၏ ကွာခြားမှုများကို ထင်ရှားစေခဲ့ပါသည်။ ထိုသူတို့သည် နည်းမှန်လမ်းမှန် အားဖြင့်ရရှိဖို့ရန် လုံး၀မဖြစ်နိုင်သောအရာကို ရရှိနိုင်စေရန် အလိုငှာ ပဏာမစစ် ဆေးခြင်းကိုပြုလုပ်နိုင်ရန် ကိုယ်တော်အားအကောက်ကြံ ၍ဖမ်းဆီးကာ လျှို့ဝှက် တရားရုံးတစ်ရုံးသို့ခေါ်ဆောင်လာနိုင်စေဖို့ ခရစ်တော်အားလပေါင်းများစွာ ချောင်း မြောင်းခဲ့ကြရပါသည်။ ယခုတွင်မူ မိမိတို့၏ အကြံအစည်များကို သူတို့အကောင်အ ထည်ဖော်လျက်ရှိကြပါသည်။ ညနက်သန်းခေါင်ကြီးတွင် လူအုပ်ကြီးနှင့်ဝိုင်း၍ ဖမ်း ခြင်း၊ တရားမစီရင်မီတွင်ကိုယ်တော် အားပြက်ရယ်ပြုခြင်း၊ အနိုင်အထက်ဆက်ဆံ ခြင်း၊ မတရားစွပ်စွဲခြင်း စသည့်အပြုအမူများတို့သည် သူတို့၏လုပ်နည်းလုပ်ဟန်များ ဖြစ်ကြပါသည်။ ကိုယ်တော်၏လုပ်နည်းလုပ်ဟန်များမဟုတ်ကြပါ။ သူတို့၏ အပြုအမူ များသည် ပညတ်တော်ကိုလွန်ကျူးရာရောက်နေပါသည်။ သူတို့တည်ထားသော ပညတ်များတွင် လူအသီးသီးအားဒုစရိုက်ပြုကြောင်း၊ သက်သေမပြနိုင်သမျှကာလ ပတ်လုံး အပြစ်ကင်းသူတစ်ဦးကဲ့သို့ဆက်ဆံရမည်ဟုဖွင့်ဆိုထားပါသည်။ ဤယဇ်ပု ရောဟိတ်များသည် မိမိကိုယ်ကိုမိမိတို့တီထွင်ထားသည့်ပညတ်တော် များအားဖြင့် ပြန်၍စီရင်နေကြပါသည်။
ထိုနောက် မေးခွန်းထုတ်ခဲ့သော အန္နမင်းဘက်သို့လှည့်၍ အဘယ်ကြောင့် ငါ့ကိုမေးသနည်းဟု ယေရှုမေးတော်မူ၏။ ထိုယဇ်ပုရောဟိတ်များနှင့် ယုဒလူအကြီး အကဲများသည် ကိုယ်တော်ရှင်၏ လုပ်ဆောင်မှုများကိုစောင့်ကြည့်ရန် သူလျှိုများကို စေလွှတ်ကာ ကိုယ်တော်ရှင်မိန့်တော်မူသမျှကို မိမိတို့ထံ သတင်းမပို့စေခဲ့ကြသ လော။ ဤသူလျှိုများသည် ခရစ်တော်တရားဟောသည့် နေရာတိုင်းတွင် လာရောက် စုရုံးကာနားထောင်ခဲ့ကြသော်လည်း ၎င်းတို့၏ ယဇ်ပုရောဟိတ်များထံသို့ သတင်းမပို့ ခဲ့ကြသလော။ သို့ဖြစ်၍ ငါသည်အဘယ်သို့ ဟောပြောသည်ကိုကြားနာသော သူတို့ ကိုမေးမြန်းလော့။ ငါပြောသောစကား ကို ထိုသူတို့သည်သိကြ၏ဟု ကိုယ်တော်တုံ Yပြန်မိန့်တော်မူခဲ့ပါသည်။
ထိုအဖြေကြောင့် အန္နမင်းသည် တိတ်သွားခဲ့ပါသည်။ သူသည်လူသိမခံလို သည့်မိမိ၏လုပ်ရပ်များကို ခရစ်တော်အနေဖြင့် ဖွင့်ပြောမည်ကိုစိုးသဖြင့် ထိုအချိန် တွင် ကိုယ်တော်အား ဘာမျှဆက်မပြောတော့ချေ။ အန္နမင်းအရေးနိမ့်သွားသည်ကို မြင်သဖြင့် ဒေါသထွက်နေသည့်အနီး၌ ရပ်နေသောမင်း လုလင်တစ်ယောက်က သင်သည်ယဇ်ပုရောဟိတ်မင်းကို ဤသို့ပြန်ပြောရသလော ဟုဆိုလျက် ယေရှုကို ရိုက်လေ၏။
ယေရှုကလည်း ငါ့စကားမမှန်လျှင်မမှန်ကြောင်းပြပါ။ မှန်လျှင်ငါ့ ကိုအဘယ် ကြောင့်ရိုက်သနည်းဟု တည်ငြိမ်စွာဖြင့်မိန့်တော်မူ၏။ ကိုယ်တော် သည်လက်စား ချေသည့် မည့်သည့်အမျက်ဒေါသစကားကိုမျှမပြောခဲ့ချေ။ တည်ငြိမ်သော ထိုအဖြေ သည် ဒေါသထွက်အောင်ဆွပေးလို့မရသည့်အပြစ်ကင်း၍ သည်းခံစိတ်ပြည့်၀ကာ နူးညံ့သိမ်မွေ့သောနှလုံးသားမှထွက်ပေါ်လာခဲ့ပါသည်။
ခရစ်တော်သည် မတရားစော်ကားမှုများကို အပြင်းအထန်ခံစားတော်မူခဲ့ရ ပါသည်။ မိမိကိုယ်တိုင်ဖန်ဆင်းခဲ့ရုံမျှမက ၎င်းတို့အားကယ်တင်ရန် မိမိအသေခံပေး မည့်လူသားများ၏လက်ထဲတွင် ကိုယ်တော်သည်အရှက်ကွဲ အကျိုးနည်းလျက်ရှိနေ ပါသည်။ ခရစ်တော်သည် မိမိ၏စုံလင်သောသန့်ရှင်းခြင်းနှင့် အပြစ်တရားကို ရွံမုန်း ခြင်းများ၏အချိုးအစားအတိုင်း ဒုက္ခဝေဒနာကို ခံစားတော်မူခဲ့ရပါသည်။ အလွန်ဆိုး ရွားသောသူများကဲ့သို့ပြုကျင့်သော ထိုသူများ၏ စီရင်လုပ်ဆောင်နေမှုများသည် ကိုယ်တော်အတွက် အစဉ်အမြဲဖြစ်ပျက်လျက်ရှိသော ဆက်ကပ်ပူဇော်ခြင်း တစ်ခုအ လားဖြစ်ခဲ့ပါသည်။ စာတန်၏ ချုပ်ကိုင်မှုအောက်တွင်ရှိနေကြသော ထိုသူများ၏ဝန်း ရံမှုသည် ကိုယ်တော်အား စွန့်ပယ်ခြင်းသာဖြစ်နေပါသည်။ မိမိ၏ဘုရားတန်ခိုးတော် ကို ထွန်းလင်းခြင်းအားဖြင့် ထိုလူကြမ်းလူရမ်းများကို တစ်ခဏချင်းတွင် မြေပေါ်သို့ ပေးသိပ်နိုင်ကြောင်းကို ခရစ်တော်သိရှိပါသည်။ ဤကဲ့သို့လုပ်ဆောင်ခြင်းဖြင့် ထိုစစ် ကြောစီရင်မှုကိုမခံမရပ်နိုင်အောင် ပို၍ပြင်းထန်လာစေခဲ့လိမ့်မည်ဖြစ်ပါသည်။
လူအများမြင်သာသော တန်ခိုးများနှင့်ပြည့်စုံသည့် မေရှိယတစ်ပါးပေါ်ထွက် လာခြင်းကို ယုဒလူများမျှော်လင့်လျက်ရှိကြပါသည်။ လျှပ်တစ်ပြက်ထွန်းတောက် သော တန်ခိုးအားဖြင့် ကိုယ်တော်သည် လူသားများအားအတွေး အခေါ်ကိုပြောင်းလဲ ပစ်ကာ ကိုယ်တော်ရှင်၏ကြီးမြတ်မှုကို အသိအမှတ်ပြုလာအောင် လုပ်ဆောင်လိမ့် မည်ဟု သူတို့မျှော်လင့်ခဲ့ကြပါသည်။ ကိုယ်တော်သည် ဤနည်းအားဖြင့် လူအများ က မိမိအားမြှောက်စားလာအောင်လုပ်ကာ ထိုသူများ၏ကြီးမားသော မျှော်မှန်းချက် များကိုလည်း နှစ်သိမ့်စေလိမ့်မည်ဟု သူတို့ယုံကြည်ခဲ့ကြပါသည်။ ထိုကြောင့်ခရစ် တော်သည် မတရားစော်ကားမှုကို ခံရသောအခါ မိမိ၏ဘုရားဇာတိတော်ကို ထုတ် ဖော်ပြသရန် ပြင်းထန်စွာ အစုံစမ်းခံတော်မူခဲ့ရပါသည်။ မိမိသည် ဘုရင်တကာတို့ ထက်လည်းကောင်း၊ အုပ်ချုပ်သူအကြီးအကဲများ၊ ယဇ်ပုရောဟိတ်များနှင့် ဗိမာန် တော်ကြီးထက်လည်းကောင်း၊ ကြီးမြတ်သောသခင်တစ်ပါးဖြစ်သည်ကို ဝန်ခံကြရန် စကားတစ်လုံးအားဖြင့်သော်လည်းကောင်း၊ အကြည့်တစ်ချက်အားဖြင့်သော်လည်း ကောင်း ကိုယ်တော်အနိုင်အထက်မခိုင်းစေခဲ့ချေ။ သို့ရာတွင်ကိုယ်တော်သည် လူ ဇာတိ ကိုခံယူထားသည့်ပုဂ္ဂိုလ်တစ်ပါးအနေဖြင့် မိမိရွေးချယ်ထားသည့် အနေအ ထားကို ဆက်လက်ထိန်းသိမ်းရန်မှာ အလွန်ခက်သောအလုပ်တစ်ခုဖြစ်ပါသည်။
ကောင်းကင်တမန်များသည် ၎င်းတို့၏သခင်အား စော်ကားသောလုပ်ရပ် အားလုံးကိုမြင်တွေ့ခဲ့ကြရပါသည်။ သူတို့သည်ခရစ်တော်အား ထိုအခြေအနေမှ ကယ်နုတ်ပေးလိုကြပါသည်။ ကောင်းကင်တမန်များသည် ဘုရားသခင်၏အုပ်စိုးမှု အောက်တွင် တန်ခိုးဣဒ္ဓိပါဒ်နှင့်ပြည့်စုံကြပါသည်။ အဖြစ်အပျက်တစ်ခုတွင် ကောင်း ကင်တမန်တစ်ပါးသည် ခရစ်တော်၏အမိန့်ကိုနာခံလျက် အာရှုရိစစ်သားပေါင်းတစ် သိန်းရှစ်သောင်းငါးထောင်ကို သုတ်သင်နိုင်ခဲ့ကြောင်း တွေ့ရှိခဲ့ဖူးပါသည်။ ခရစ် တော်အား စစ်ဆေးမေးမြန်းနေသောမြင်ကွင်းကို ကြည့်နေကြသောကောင်းကင် တ မန်များအတွက် ဘုရားကိုရန်မူသူများအား သုတ်သင်ဖျက်ဆီးပစ်ရမည့် အလုပ်အ လွန်လွယ်ကူလှပါသည်။ သို့ရာတွင် ထိုကဲ့သို့လုပ်ဆောင်ရန်သူတို့သည် ခွင့်ပြုချက် မရကြချေ။ မိမိအားရန်မူသူများကို သေဒဏ်စီရင်ပိုင်ခွင့်ရှိသော ကိုယ်တော်သည် ထိုရန်သူများ၏ရက်စက်မှုများကို သည်းညည်းခံတော်မူခဲ့ပါသည်။
အဖခမည်းတော်အားချစ်သည့်အတွက် အပြစ်ကိုယူတင်ဝတ်ဆောင်မည့် သူတစ်ဦးအဖြစ်ခံယူရန် ကမ္ဘာဦးအချိန်ကမိမိပြုခဲ့သည့် ခံဝန်ချက်အရ ကိုယ်တော် သည် မိမိကယ်တင်ခြင်းပေးလိုသည့် ထိုသူများ၏ကြမ်းတမ်းသော ဆက်ဆံမှုများကို မညည်းညူတမ်း ခံစားရတော့မည်ဖြစ်ပါသည်။ လူသားများပြုကြသည့် ကဲ့ရဲ့ပြစ်တင် စကားများနှင့်မတရားမှုများကို လူသားဇာတိတွင် ကိုယ်တော်ခံယူရခြင်းသည် အမှု တော်၏အခန်းကဏ္ဍတစ်ခုဖြစ်ပါသည်။ လူသားများအတွက် တစ်ခုတည်းသောမျှော် လင့်ချက်မှာ မိမိအပေါ်တွင်လူသား များကပြောဆိုဆက်ဆံမှုများကို ခရစ်တော်ခံနိုင် ရည်ရှိစွာဖြင့် အနာခံခြင်း၌ မူတည်နေပါသည်။
ခရစ်တော်သည် မိမိအားရန်မူသူများအား အခွင့်သာသွားစေမည့် မည်သည့် စကားကိုမျှမိန့်မြွက်တော်မမူခဲ့ချေ။ သို့စေကာမူ အပြစ်စီရင်မှုခံရကြောင်း အဓိပ္ပါယ် သက်ရောက်စေရန် ကိုယ်တော်အား ကြိုးဖြင့်ချည်နှောင်ထားကြပါသည်။ မည်သို့ပင် ဖြစ်စေကာမူ တရားမျှတမှုအတုတစ်ခုကို သူတို့ပြကြရပါမည်။ ထိုအမှုကိုတရားဝင် လုပ်နည်းလုပ်ဟန်များအတိုင်း စစ်ဆေးသင့်သည်မှာ အမှန်ပင်ဖြစ်ပါသည်။ ထိုအ ကြောင်းကြောင့် ဤအာဏာပိုင်များသည် ကိုယ်တော်အားအမြန်စစ်ဆေးပြီး အပြစ် ပေးရန်ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ပါသည်။ လူအများကခရစ်တော်အား ကြည်ညိုလေးစား ကြကြောင်းကို သူတို့သိကြပါသည်။ အကယ်၍ ဤကဲ့သို့ဖမ်းဆီးထားမှုသည် လူသိ ရှင်ကြားဖြစ်သွားခဲ့လျှင် ကိုယ်တော်အား ကယ်ဆယ်ဖို့ကြိုးစားလာကြမည်ကိုလည်း သူတို့စိုးရိမ်နေကြပါသည်။ ၎င်းပြင် တရားစီရင်အပြစ်ပေးခြင်းကို ချက်ချင်းမပြုလုပ်ခဲ့ လျှင် ပသခါပွဲတော်ကြောင့် နောက်ထပ်တစ်ပတ်ခန့် နှောင့်နှေးသွားလိမ့်မည်ဖြစ်ပါ သည်။ ဤအချက်သည် ၎င်းတို့၏အစီအစဉ်အား ပျက်ပြားသွားစေနိုင်သော အချက် တစ်ချက်ဖြစ်ပါသည်။ သူတို့သည် ခရစ်တော်အားအပြစ်ပေးစီရင်နိုင်ရန် ယေရုရှ လင်မြို့မှ လူ့ဗရုတ်သုတ်ခများပါဝင်သည့် ထိုလူအုပ်ကြီး၏အပူ တပြင်းတောင်းဆို ခြင်းအပေါ် များစွာမူတည်နေပါသည်။ သီတင်းတစ်ပတ် လောက်အချိန်ဆွဲထားမည် ဆိုလျှင် စိတ်လှုပ်ရှားမှုများလျော့နည်းသွားမည်ဖြစ်ပြီး၊ တန်ပြန်အဖြစ်အပျက်တစ်ခု သည် ဖြစ်ပေါ်လာနိုင်ပါသည်။ သာ၍စာရိတ္တကောင်းမွန်သော ယုဒလူများအား ခရစ် တော်ကိုထောက်ခံရန် နှိုးဆွလာပါလိမ့်မည်။ ထိုသူများမှအများစုသည် ကိုယ်တော် ရှင်ပြုတော်မူခဲ့သော အံ့ဖွယ်အမှုများအကြောင်းကိုဖွင့်ဟကာ ကိုယ်တော်ရှင်၏ အ ပြစ်ကင်းသောအသက်တာ အားသက်သေခံရန် ရှေ့တန်းသို့ထွက်ပေါ်လာကြပါလိမ့် မည်။ ဤလုပ်ရပ်သည် ဆန်ဟီဒရင်အဖွဲ့ကိုဆန့်ကျင်သည့် ဒေါသစိတ်များကို လူထု ကြီးအလယ် ၌ဖြစ်ပေါ်စေလိမ့်မည်ဖြစ်ပါသည်။ ထိုအခါ ယဇ်ပုရောဟိတ်များ၏ လုပ် ဆောင်ချက်များကိုအပြစ်တင်ကာ လူထုကြီးအနေနှင့်ကိုးကွယ်မှုများကို တစ်ဖန်ပြု လုပ်နိုင်ကြရန် ခရစ်တော်အား အချုပ်အနှောင်မှ လွှတ်ပစ်ခဲ့ကြလိမ့်မည်ဖြစ်ပါသည်။ ထိုကြောင့် မိမိတို့၏အကြံအစည်ကိုလူသိရှင်ကြားမဖြစ်မီ ခရစ်တော်အားရောမအာ ဏာပိုင်များ၏ လက်ထဲသို့ အပ်နိုင်ဖို့လုပ်ဆောင်ရန် ထိုယဇ်ပုရောဟိတ်များဆုံးဖြတ် ချက်ချခဲ့ကြပါသည်။
သို့ရာတွင် ပထမဦးစွာအနေဖြင့် စွဲချက်ရှိရမည်ဖြစ်ပါသည်။ ယခုအချိန်အ ထိ မည်သည့်စွဲချက်တစ်စုံတစ်ခုမျှ မရှိသေးချေ။ ထိုကြောင့် ခရစ်တော်အား ကယာ ဖထံသို့ခေါ်ဆောင်သွားရန် အန္နမင်းကညွှန်ကြားလိုက်ပါသည်။ ကယာဖသည် ဇဒ္ဒုကဲ တစ်ဦးဖြစ်ပြီး၊ အချို့ဇဒ္ဒုကဲများသည် ယခုအချိန်တွင် ခရစ်တော်အားအပြင်းအထန် ရန်ဘက်ပြုသူများဖြစ်ကြပါသည်။ ကယာဖသည် စာရိတ္တစွမ်းအားချို့တဲ့မှုရှိသောသူ တစ်ဦးဖြစ်သော်လည်း အန္နမင်းကဲ့သို့ ရက်စက်ကြမ်းတမ်းပြီး ကိုယ်လိပ်ပြာကိုကိုယ်မ ရှက်တတ်သူတစ်ဦးဖြစ်ပါသည်။ သူသည် ခရစ်တော်ကိုသုတ်သင်ဖယ်ရှားရန် သိသ မျှနည်းမျိုးစုံကိုသုံးမည့် သူတစ်ဦးဖြစ်ပါသည်။ အချိန်မှာ နံနက်ဝေလီဝေလင်းရောင် နီမပေါ်ထွန်းမီ အချိန်ကလေးဖြစ်သောကြောင့် ခရစ်တော်ကိုခေါ်ဆောင်လာကြ သည့်လက်နက်ကိုင်လူအုပ်ကြီးသည် မီးတုတ်မီးအိမ်များကိုကိုင်ဆောင်ကာ ယဇ်ပု ရောဟိတ် မင်း၏အိမ်ဆီသို့ဦးတည်၍ ထွက်ခွာသွားကြပါသည်။ ဖာရိရှဲအချို့လည်း ၎င်းတို့နှင့်အတူလိုက်ပါသွားရာ ထိုအိမ်သို့ရောက်သော် အန္နမင်းနှင့်ယဇ်ပုရောဟိတ် မင်းကယာဖတို့သည် ခရစ်တော်အား တစ်ဖန်စစ်ဆေးကြသော်လည်း မအောင်မြင် ခဲ့ကြချေ။
တရားစီရင်သည့်ခန်းမထဲတွင် တရားစီရင်ရန်နေရာယူကြသောအခါ ကယာ ဖသည် သဘာပတိထိုင်ခုံတွင် နေရာယူလိုက်ပါသည်။ ၎င်း၏ဘေး တစ်ဘက်တစ် ချက်တွင် တရားသူကြီးများနှင့် ဤအမှုကိုအထူးစိတ်ဝင်စားကြသူများ နေရာယူထား လိုက်ကြပါသည်။ ရောမစစ်သားများကမူ ထိုပလ္လင်၏ အောက်နားတွင်ရှိသော စင် မြင့်ပေါ်တွင် နေရာယူထားကြပါသည်။ စင်မြင့်အခြေတွင် ခရစ်တော်အားရပ်စေခဲ့ ကြပါသည်။ လူအားလုံးကကိုယ်တော်အား စူးစိုက်ကြည့်နေကြပါသည်။ လူတိုင်းစိတ် လှုပ်ရှားနေကြပါသည်။ ထိုအခန်းထဲတွင် ရှိနေကြသောလူအားလုံးအနက် ကိုယ် တော်တစ်ပါးတည်းသာ စိတ်တည်ငြိမ်စွာဖြင့်ရပ်နေပါသည်။ ခရစ်တော်၏ပတ်လည် တွင်မူ သန့်ရှင်းသော တန်ခိုးတော်တစ်ခု တည်ရှိနေသယောင်ဖြစ်နေပါသည်။
ကယာဖသည်ခရစ်တော်အား မိမိကိုအန်တုဖက်ပြိုင်မည့် သူတစ်ဦးအနေ ဖြင့်မှတ်ယူထားပါသည်။ ကိုယ်တော်ရှင်၏ မိန့်တော်မူချက်များကိုနာယူရန် ထိုသူ များ၏စိတ်အားထက်သန်မှုများနှင့် ကိုယ်တော်၏ သွန်သင်ချက်များကိုလက်ခံရန် အဆင်သင့်ရှိနေကြသည့် လူထုကြီး၏အခြေအနေသည် ထိုယဇ်ပုရောဟိတ်မင်းကြီး အား မနာလိုဝန်တိုဖြစ်စေခဲ့ပါသည်။ သို့ရာတွင် ယခု၌ကယာဖသည် ခရစ်တော်အား ကြည့်လိုက်ရာ ကိုယ်တော်၏မြင့်မြတ်၍ ကြည်ညိုဖွယ်သောအမူအရာကို တွေ့လိုက် ရသဖြင့် ရိုသေလေးစားသွားခဲ့ပါသည်။ ဤသူသည် ဘုရားသခင်နှင့်ဆက်နွှယ်မှုရှိ ကြောင်း ကယာဖခံစား လာခဲ့ရပါသည်။ သို့ရာတွင် ထိုခံစားချက်ကိုသူချက်ချင်း ဖျောက်ဖျက်ပစ်ခဲ့ပါသည်။ ထိုနောက်၎င်း၏ရှေ့မှောက်တွင် ခရစ်တော်အားနိမိတ် လက္ခဏာ တစ်ခုခုပြရန်ခိုင်းစေလိုက်သော ကယာဖ၏မခန့်လေးစားအသံကို ရုတ် တရက် ကြားလိုက်ရပါသည်။ သို့ရာတွင် ထိုစကားများသည် ကိုယ်တော့်နားထဲသို့ မ ဝင်ခဲ့ပါချေ။ လူထုကြီးသည်စိတ်လှုပ်ရှားပြီး မုန်းမာန်ပွားနေသော အန္နမင်းနှင့်ကယာ ဖတို့၏ အပြုအမူများကို တည်ငြိမ်ခန့်ညားသည့်ခရစ်တော်၏ ဟန်အမူအရာများနှင့် နှိုင်းယှဉ်ကြည့်ရှုခဲ့ကြပြီး၊ “ဘုရားသခင်နှင့်တူသောဤသူကို ရာဇဝတ်သားတစ်ဦးကဲ့ သို့ စီရင်ကြတော့မှာလား” ဟူသောမေးခွန်းသည် စိတ်နှလုံးကြမ်းတမ်းခက်ထန်လှသော ထိုသူများ၏စိတ်ထဲဝယ် ပေါ်ပေါက်လာခဲ့ ပါသည်။
ဖြစ်ပေါ်နေသည့် ဩဇာသက်ရောက်မှုများကို ကယာဖသိရှိထားသဖြင့် စစ်ဆေးမှုကို အမြန်ပြီးစီးအောင် လုပ်ဆောင်ခဲ့ရပါသည်။ ခရစ်တော်ကိုရန်မူသူ များသည် စိတ်ရှုပ်ထွေးနေကြပြီး၊ ခရစ်တော်အား အပြစ်ဒဏ်စီရင်ဖို့ ဆုံးဖြတ်ခဲ့ ကြသော်လည်း မည်သို့အကောင်အထည်ဖော်ရမည်ကို သူတို့မသိရှိကြချေ။ ထို ကောင်စီဝင်များတွင် ဖာရိရှဲအဖွဲ့နှင့်ဇဒ္ဒုကဲအဖွဲ့အကြား ကွဲပြားမှုများရှိလာပါသည်။ ၎င်းနှစ်ဖွဲ့အကြားတွင် ပြင်းထန်သောရန်ငြိုးထားမှုများနှင့် တိုက်လှန်မှုများရှိခဲ့ပါ သည်။ ခိုက်ရန်ဖြစ်ပွားမည်စိုးသဖြင့် အချို့ငြင်းခုံစရာအချက်များ ကိုဖွင့်ဟမဆွေး နွေးဝံ့ကြချေ။ ခရစ်တော်အနေဖြင့် အနည်းငယ်သောစကားလုံးများကို မိန့်တော်မူရုံ နှင့် ထိုနှစ်ဖွဲ့တွင်ရှိသော တစ်ဖက်သတ်အထင်လွဲမှားမှုများကို နှိုးဆွပေးနိုင်တော်မူ ပါသည်။ ထိုသို့သောနည်းအားဖြင့် မိမိအပေါ်ဦးတည်ထားသည့် ၎င်းတို့၏အမျက် ဒေါသကို လမ်းလွှဲပစ်နိုင်ပါသည်။ ဤ အရာကိုကယာဖသိထားသဖြင့် ထိုအဖွဲ့နှစ် ဖွဲ့အကြားမကျေနပ်မှုများမဖြစ်စေဖို့ သူရှောင်ရှားလိုခဲ့ပါသည်။ ခရစ်တော်သည် ယဇ်ပုရောဟိတ်များနှင့် ကျမ်းတတ်ဆရာများအား လူသိရှင်ကြားပြစ်တင်ဝေဖန်ခဲ့ ကြောင်း၊ ၎င်းတို့အားလျှို့ ဝှက်သောသူများ၊ လူသတ်သမားများဟုသမုတ်ခဲ့ကြောင်း များအတွက် သက်သေ အထောက်အထားများစွာရှိငြားသော်လည်း၊ ဤသက်သေခံ ချက်ကိုပြရန်မသင့် တော်ကြောင်း ၎င်းတို့သိထားကြပါသည်။ အကြောင်းမှာ ဇဒ္ဒုကဲ များသည် ဖာရိရှဲများအားအကြီးအကျယ်မကျေမနပ်ဖြစ်သောအချိန်များတွင် ထိုအ သုံး အနှုန်းများကိုအသုံးပြုတတ်ကြခြင်းကြောင့်ဖြစ်ပါသည်။ ဖာရိရှဲများ၏ဟန်ဆောင် မှုများကို သူတို့ကိုယ်တိုင် စက်ဆုပ်ရွံရှာနေကြသော ရောမများရှေ့တွင် ထိုကဲ့သို့ သောသက်သေခံချက်သည် အရာရောက်လိမ့်မည်မဟုတ်ချေ။ ခရစ်တော်သည် မိရိုးဖလာများကိုအလေးတယူမထားကြောင်း၊ ၎င်းတို့၏ဘာသာရေးအခမ်းအနား များကိုလည်း မချေမငံပြောခဲ့ဖူးကြောင်းများအတွက် သက်သေအထောက်အထား များရှိသော်လည်း ထိုမိရိုးဖလာကိစ္စများအတွက် ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့အကြား အကြီး အကျယ်ရန်ငြိုးထားလျက် ရှိနေကြပါသည်။ ၎င်းအပြင် ထိုသက်သေခံအထောက်အ ထားများသည်လည်း ရောမများရှေ့တွင်အရာရောက် လိမ့်မည်မဟုတ်ချေ။ ကိုယ် တော်ရှင်အား ဥပုသ်ချိုးဖောက်သူဟုလည်း သူတို့မစွပ်စွဲဝံ့ကြချေ။ အကယ်၍စွပ်စွဲ မိလျှင် ဥပုသ်နေ့အကြောင်း မေးမြန်းစစ်ဆေးခြင်းအားဖြင့် ကိုယ်တော်ရှင်၏ ဖန် ဆင်းခြင်းဆိုင်ရာ စာရိတ္တတော်ကို ထုတ်ဖော်မိမည်စိုးသောကြောင့် ဖြစ်ပါသည်။ လူ နာကုသခြင်းနှင့်ပတ်သက်သော ကိုယ်တော်ရှင်၏လုပ်ဆောင်ခဲ့သည့် နိမိတ်လက္ခ ဏာများအကြောင်း ထုတ်ဖော်မိမည်ဆိုလျှင် ထိုယဇ်ပုရောဟိတ်တို့၏ အစီအစဉ်ကြံ ရွယ်ချက်များအားလုံး ပျက်ပြားသွားကြလိမ့်မည်သာတည်း။
ပုန်ကန်ခြားနားရန်နှိုးဆွပေးပြီး၊ သီးသန့်အစိုးရတစ်ခုတည်ထောင်ရန်လုပ် ဆောင်မှုဖြင့် တရားစွဲဆိုနိုင်ရန်မမှန်သော သက်သေများကို လာဘ်ပေး၍ထွက် ဆိုစေခဲ့ပါသည်။ သို့ရာတွင် ၎င်းတို့၏ သက်သေခံချက်သည် အခြေအမြစ်မရှိဘဲ အ မြီးအမောက်မတည့်ကြောင်း ထင်ရှားခဲ့ပါသည်။ စစ်ဆေးမေးမြန်းကြည့်သောအခါ တွင် ထိုသက်သေခံချက်များမှာ မှားယွင်းကြောင်း ထင်ရှားခဲ့ပါသည်။
ခရစ်တော်သည် မိမိ၏အမှုတော်အစဦးပိုင်းကာလတွင် “ဤဗိမာန်တော် ကို ဖြိုဖျက်ကြလော့။ သုံးရက်အတွင်းတွင်ငါတည်ဆောက်မည်” ဟူ၍ မိမိသက်သေ ခံတော်မူခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း အကြောင်းများကိုပုံဆောင်၍ အနာဂတ်ပြု မိန့်မြွက်ခဲ့ပါသည်။ “ထိုသို့မိန့်တော်မူရာ၌ မိမိကိုယ်တည်း ဟူသောဗိမာန်တော်ကို အမှတ်ပြု၍ မိန့်တော်မူခြင်းဖြစ်ပါသည်။ ယောဟန် ၂း၁၉၊၂၁။ ယုဒလူများသည် ဤ စကားရပ်များကို တိုက်ရိုက်အဓိပ္ပါယ်ယူကာ ယေရုရှလင်မြို့ရှိဗိမာန်တော်ကို ရည် ဆောင်၍ပြောသည်ဟု အထင်ရှိခဲ့ကြပါသည်။ ခရစ်တော်မိန့်တော်မူခဲ့သမျှထဲတွင် ဤအရာမှလွဲ၍ မည်သည့်အရာကိုမျှ စွဲချက်တင်လောက်အောင် အပြစ်မတွေ့ခဲ့ကြ ချေ။ ဤသို့မှားယွင်းစွာထွက် ဆိုခဲ့ခြင်းအားဖြင့် မိမိတို့အခွင့်သာသွားလိမ့်မည်ဟု သူ တို့မျှော်လင့်ခဲ့ကြပါသည်။ ရောမများသည် ဗိမာန်တော်ပြန်လည်မွမ်းမံတည်ဆောက် ရေးတွင် စိတ်အားထက်သန်စွာပါဝင်လုပ်ဆောင်ပေးခဲ့ကြကာ၊ ထိုကဲ့သို့လုပ်ဆောင် ခဲ့ခြင်းအတွက် ဂုဏ်ယူဝင့်ကြွားခဲ့ကြပါသည်။ ထိုကြောင့် ဗိမာန်တော်အား စော်ကား သည့်အပြုအမူအပြောအဆိုများသည် ၎င်းတို့အားအမျက်ဒေါသဖြစ် စေလိမ့်မည်မှာ အမှန်ပင်ဖြစ်ပါသည်။ ရောမများနှင့်ယုဒများ၊ ဖာရိရှဲများနှင့် ဇဒ္ဒုကဲများသည် ဤနေ ရာတွင်သဘောထားတိုက်ဆိုင်ခဲ့ကြပါသည်။ အကြောင်းမှာ သူတို့အားလုံးသည် ဗိမာန်တော်ကို အလေးအမြတ်ထားခဲ့ကြသောကြောင့် ဖြစ်ပါသည်။ ဤအချက်အ ပေါ်တွင်မမှန်သော သက်သေခံနှစ်ဦးပေါ်ထွက်လာ ခဲ့ပါသည်။ ၎င်းတို့၏သက်သေခံ ချက်များသည် ယခင်သက်သေခံများလောက် ကမောက်ကမ မဖြစ်လှချေ။ ခရစ် တော်အား စွဲချက်တင်ရန်လာဘ်ထိုးထားခြင်း ခံရသည့် ထိုသက်သေနှစ်ဦးအနက် တစ်ဦးကထ၍ “ဤသူကငါသည် ဘုရားသခင် ၏ဗိမာန်တော်ကိုဖြိုဖျက်၍ သုံးရက် အတွင်းတွင်တည်ဆောက်နိုင်သည်ဟု ပြောပါသည်” ဟုသက်သေခံ၏။ ဤနည်း အားဖြင့် ခရစ်တော်၏နှုတ်ထွက် စကားများကို မှားယွင်းစွာထွက်ဆိုခဲ့ကြပါသည်။ အကယ်၍ ခရစ်တော်မိန့် တော်မူခဲ့သည့်အတိုင်း တိတိကျကျပြန်လည်သတင်းပို့ ခဲ့ကြမည်ဆိုလျှင် ဆန်ဟီဒရင်အဖွဲ့အနေနှင့် ကိုယ်တော်အားမည်သို့မျှအပြစ်ဒဏ် စီရင်နိုင်လိမ့်မည် မဟုတ်ချေ။ ယုဒများပြောဆိုသည့်အတိုင်း ခရစ်တော်သည် ရိုးရိုး လူသားတစ်ဦးဖြစ်ခဲ့ပါသည်ဟုဆိုလျှင် ကိုယ်တော်၏မိန့်ဆိုချက်များသည် မိမိ၏ ယုတ္တိမတန်သောကြွားဝါသည့် စိတ်ဓာတ်ကိုသာဖော်ပြရာရောက်ပြီး၊ ဘုရားကို စကားဖြင့် စော်ကားရာမရောက်ပါချေ။ မမှန်သောထိုသက်သေခံ၏မှားယွင်းသော သက်သေခံမှု၌မှာပင်၊ ရောမများအနေဖြင့် ကိုယ်တော်အားသေဒဏ်ပေး နိုင်သည့် ရာဇဝတ်မှုကျူးလွန်သည်ဟု ယူဆနိုင်သောအပြစ်တစ်စုံတစ်ရာမျှ ကိုယ်တော်မိန့် ဆိုခဲ့သောစကားများတွင်မပါဝင်ချေ။
ခရစ်တော်သည် ရှေ့နောက်မညီညာသော သက်သေခံချက်များကို သည်း ခံ၍နားထောင်တော်မူခဲ့ပါသည်။ ကိုယ့်ကိုကိုယ်ကာကွယ်ရန် မည်သည့်စကားတစ် လုံးကိုမျှ ကိုယ်တော်မဖွင့်ဟခဲ့ချေ။ ကိုယ်တော်အားစွဲချက်တင်သူများသည် နောက် ဆုံးတွင်ကိုယ့်စကားနှင့် ကိုယ်မရှင်းနိုင်တော့ဘဲ၊ စိတ်ရှုပ်လာကာအမျက်ထွက် လာကြပါသည်။ ထိုစစ်ဆေးစီရင်ခြင်းသည် ရှေ့သို့မတိုးနိုင်တော့ချေ။ ၎င်းတို့၏ အကြံအစည်သည် ရှုံးနိမ့်တော့မယောင်ဖြစ်နေပါသည်။ ကယာဖ၏အခြေအနေ သည် အလွန်ဆိုးရွားနေပါသည်။ နောက်ဆုံးအားကိုး စရာတစ်ခုသာကျန်ပါတော့ သည်။ ထိုအရာမှာ ခရစ်တော်အား ကိုယ့်ကိုကိုယ် အတင်းအကျပ်အပြစ်ရှိကြောင်း ဝန်ခံစေရန်ဖြစ်ပါသည်။ ထိုနောက် ယဇ်ပုရောဟိတ်မင်းကြီးသည် တရားစီရင်ခြင်း ကိုအစပြုခဲ့ပါသည်။ သူ့မျက်နှာသည်ရှုံ့မဲ့ နေပြီး၊ သူ့အသံနှင့်အပြုအမူများသည် မိမိ ရှေ့တွင်ရှိသောအကျဉ်းသားအား အပြတ်ရှင်းနိုင်သည့် တန်ခိုးအာဏာရှိကြောင်း ရှင်း လင်းစွာဖော်ညွှန်းနေပါသည်။ ထိုနောက်၎င်းသည်ထ၍ “သင်သည်တစ်ခွန်း မျှပြန်၍ မပြောသလော၊ ဤသူ တို့သည် အဘယ်သို့သက်သေခံနေကြသနည်း” ဟု မေးလေ၏။
ခရစ်တော်သည် ဘာမျှပြန်မပြောဘဲငြိမ်နေ၏။ “ထိုသူသည် ညှဉ်းဆဲခြင်း နှင့်နှိမ့်ချခြင်းကိုခံ၍ နှုတ်ကိုမဖွင့်ဘဲနေ၏။ သေသတ်ခြင်းငှာဆောင်သွားသော သိုး သငယ်ကဲ့သို့ သူ့ကိုဆောင်သွား၍ သိုးသည်အမွေးညှပ်သောသူရှေ့မှာမမြည်ဘဲနေ သကဲ့သို့ သူသည်နှုတ်ကိုမဖွင့်ဘဲနေ၏။” ဟေရှာ ၅၃း၇။
နောက်ဆုံးတွင်ကယာဖသည် မိမိ၏ညာဘက်လက်ကိုအထက်သို့ မြှောက် လိုက်ကာ “သင်သည်ခရစ်တော်တည်းဟူသော ဘုရားသခင်၏သားတော်မှန်သည် မမှန်သည်ကို ငါတို့အားပြောစေခြင်းငှာ အသက်ရှင်တော်မူသော ဘုရားသခင်ကို ငါ တိုင်တည်၍သင့်ကိုကျိန်ဆိုစေ၏” ဟုဆို၏။
ခရစ်တော်သည် ဤတောင်းခံချက်ကိုမူ တုံ့ပြန်တော်မူခဲ့ပါသည်။ နှုတ်ဆိတ် ရမည့်အချိန်ရှိသကဲ့သို့ တုံ့ပြန်ပြောဆိုရမည့်အချိန်လည်းရှိ၏။ တိုက်ရိုက်မမေးသ ရွေ့ကာလပတ်လုံး ကိုယ်တော်ပြန်လည်ဖြေဆိုတော်မမူချေ။ မိမိ၏ဤတုံ့ပြန်ဖြေဆို ချက်သည် မိမိ၏အသေခံခြင်းကို အတည်ဖြစ်စေလိမ့်မည်ကိုလည်း ကိုယ်တော်သိ ထားပါသည်။ သို့ရာတွင် ထိုတောင်းခံချက်ကို ယုဒနိုင်ငံ၏အမြင့်ဆုံးအာဏာပိုင်ဟု အသိအမှတ်ပြုခြင်းခံရသည့်ပုဂ္ဂိုလ်က ဘုရားသခင်၏နာမတော်ကိုအမှီပြု၍ တောင်း ဆိုခဲ့ခြင်းဖြစ်ပါသည်။ ခရစ်တော်သည် ပညတ်တော်အားတော်လျော်သော လေးစား မှုကိုပြရန် ပျက်ကွက်တော်မမူခဲ့ချေ။ ဤအရာအပြင် ကိုယ်တော်နှင့်အဖခမည်း တော်ဘုရားအကြား ဆက်နွှယ်မှုကိုလည်း မေးခွန်းထုတ်ခဲ့ကြပါသည်။ ထိုကြောင့် ကိုယ်တော်သည် မိမိ၏ဂုဏ်တော်နှင့်မိမိလုပ်ဆောင်ရမည့်အမှုတော်အကြောင်းကို ရှင်းလင်းစွာ ဖွင့်ဆိုရမည်ဖြစ်ပါသည်။ “အကြင်သူသည်လူတို့ရှေ့မှာငါ့ကိုဝန်ခံအံ့။ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ရှေ့မှာထိုသူကိုငါဝန်ခံမည်” ဟု တပည့် တော်တို့အားကိုယ်တော်မိန့်တော်မူခဲ့ဖူးပါသည်။ မဿဲ ၁ဝး၃၂။ ယခုတွင်ခရစ်တော် သည် မိမိ၏ပုံသက်သေအားဖြင့် ထိုသင်ခန်းစာကိုထပ်ဆင့် သွန်သင်နေပါသည်။
လူတိုင်းသည် ကိုယ်တော်ရှင်အားစူးစိုက်ကြည့်နေကြပြီး၊ နားစွင့်နေကြစဉ် တွင် ယေရှုက “သင်ဆိုသည်အတိုင်းမှန်၏။ ထိုမျှမက ငါဆိုသည်ကား၊ နောင်ကာ လ၌လူသားသည် တန်ခိုးတော်၏လက်ယာဘက်၌ထိုင်လျက် မိုးတိမ်ကိုစီး၍ကြွလာ သည်ကိုသင်တို့မြင်ရကြလတ္တံ့” ဟုမိန့်တော်မူလိုက်၏။ ထိုစဉ်တွင် ကောင်းကင်မှ အလင်းသည် ကိုယ်တော်၏ဖြူရော်နေသောမျက်နှာတော်တွင် ထွန်းလင်းလျက်ရှိပါ သည်။
ခရစ်တော်၏ဘုရားဇာတိတော်သည် အခိုက်အတန့်အားဖြင့် ကိုယ်တော်၏ လူသားခန္ဓာကိုယ်တွင် ထွန်းလင်းတော်မူခဲ့ပါသည်။ ခရစ်တော်၏ ထိုးဖောက်ရှုမြင် နိုင်သော မျက်ဝန်းတော်များရှေ့တွင် ယဇ်ပုရောဟိတ်မင်းကြီးသည် ထိတ်လန့် ကြောက်ရွံ့နေပါသည်။ ကိုယ်တော်ရှင်၏အကြည့်သည် ၎င်း၏လျှို့ဝှက်အကြံအ စည်များနှင့် စိတ်နှလုံးထဲတွင်တောက်လောင်နေသော အရာများကိုဖတ်နေသ ယောင်ဖြစ်နေပါသည်။ သူ၏အသက်တာတစ်လျှောက်လုံးတွင် ကိုယ်တော်ရှင်၏ ထိုအကြည့်ကိုတစ်ခါမျှ မမေ့ပျောက်နိုင်တော့ချေ။
“နောင်ကလ၌လူသားသည် တန်ခိုးတော်၏ လက်ယာဘက်၌ထိုင်လျက် မိုးတိမ်ကိုစီး၍ကြွလာသည်ကို သင်တို့မြင်ကြရလတ္တံ့” ဟုယေရှုရှင်မိန့်မြွက်ခဲ့ပါ သည်။ ကိုယ်တော်သည်ဤစကားများအားဖြင့် ယခုဖြစ်ပျက်နေသော အဖြစ်အပျက် နှင့်ပြောင်းပြန်ဖြစ်မည့်အရာများကို တင်ဆက်တော်မူခဲ့ပါသည်။ ဘုန်းတော်နှင့်ပြည့်စုံ သော အသက်ပေးပိုင်ရှင်ယေရှုသခင်သည် ဘုရားသခင်၏ လက်ယာတော်ဘက် တွင် ထိုင်တော်မူရမည်ဖြစ်ပါသည်။ ကိုယ်တော်သည် လောကီသားအပေါင်းအား တရားစီရင်မည့် တရားသူကြီးဖြစ်တော်မူလိမ့်မည်ဖြစ်ပြီး၊ ကိုယ်တော်၏စီရင်ချက်ကို မည်သူမျှ အယူခံဝင်နိုင်လိမ့်မည်မဟုတ်ချေ။ ထိုအချိန်တွင် လျှို့ဝှက်သမျှသော အ ရာအားလုံးသည် ဘုရားသခင်၏ မျက်နှာတော်ဝယ်ထင်ရှားလာလိမ့်မည်ဖြစ်ပြီး၊ လူ တိုင်းအားမိမိတို့၏ အကျင့်အလျောက် စီရင်တော်မူပါလိမ့်မည်။
ခရစ်တော်၏နှုတ်ထွက်စကားများသည် ထိုယဇ်ပုရောဟိတ်မင်းကြီးအား ထိတ်လန့်သွားစေခဲ့ပါသည်။ မိမိတို့၏အကျင့်အတိုင်းအကျိုးအပြစ်ကို ခံယူဖို့ ဘုရား သခင်၏တရားခွင်တွင် လူတိုင်းရပ်တည်ရင်ဆိုင်ရန်အတွက် လူသေများရှင်ပြန်ထ မြောက်မည်ဟူသောအတွေးအခေါ်သည် ကယာဖအား ကြောက်လန့်သွားစေခဲ့ပါ သည်။ မိမိ၏အကျင့်အတိုင်း အနာဂတ်တွင်အကျိုး အပြစ်ခံရမည်အကြောင်းကို သူတို့ယုံကြည်ရန်ဆန္ဒမရှိပါချေ။ သို့သော် သူ၏ စိတ်အာရုံတွင် နောက်ဆုံးတရား စီရင်ခြင်းမြင်ကွင်းသည် လျင်မြန်စွာပေါ်ထွန်းလာပါသည်။ လူသေကောင်များသည် ၎င်းတို့အနေနှင့်အမြဲတမ်းဖုံးဖိထားရန် မျှော်လင့်ထားခဲ့သောလျှို့ဝှက်ချက်များနှင့် အတူ သချုØင်းဂူများမှနိုးထလာကြသည့် ကြောက်စရာမြင်ကွင်းကို အခိုက်အတန့် အားဖြင့် သူမြင်ယောင်ခဲ့ပါသည်။ လူသေများနှင့်အတူဖုံးကွယ်ထားရန် ရည်ရွယ်ထား သော နက်နဲသည့်အရာများကို ထင်ရှားစေလျက် အရာရာကိုမြင်တွေ့နိုင်သော မျက် ဝန်းတော်ဖြင့်ကြည့်လျက်ရှိသော ထာ၀ရတရားသူကြီး၏ရှေ့မှောက်တွင် ရပ်နေသ ကဲ့သို့ အခိုက်အတန့်အားဖြင့် သူခံစားခဲ့ရပါသည်။
ထိုယဇ်ပုရောဟိတ်မင်းကြီး မြင်တွေ့နေရသောရူပါရုံသည် ရုတ်တရက် ပြတ်တောက်သွားခဲ့ပါသည်။ ခရစ်တော်၏စကားများသည် ထိုဇဒ္ဒုကဲကြီးအား အ ထူးထိခိုက်နာကြည်းစေခဲ့ပါသည်။ ကယာဖသည် ထမြောက်ခြင်း၊ တရားစီရင်ခြင်း နှင့် တမလွန်ဘ၀ကိစ္စများကို မယုံကြည်သူတစ်ဦးဖြစ်ပါသည်။ ယခုတွင် သူသည်အ လွန့်အလွန်ဆိုးရွားစွာ စိတ်ချောက်ချားလျက်ရှိပါသည်။ ၎င်း၏ ရှေ့တွင်ရောက်ရှိနေ သော ဤအကျဉ်းသားသည် ၎င်းအလွန်မြတ်နိုးသော ယုံကြည်ချက်တစ်ခုကို တိုက် ခိုက်ပြောဆိုနေပါတကား။ ---- ကယာဖသည် မိမိ၏ဟန်ဆောင်ကြောက်ရွံ့မှုကို လူအများမြင်စေရန် မိမိ၏ဝတ်ရုံကိုဆုတ်လျက် “ဤသူသည် ဘုရားကိုလွန်ကျူး၍ ပြောပြီ။ အဘယ်သက်သေကိုလိုသေးသနည်း။ ဘုရားကိုလွန်ကျူး၍ပြောသော စကားကို ယခုပင်သင်တို့ကြား ရပြီ။ အဘယ်သို့ထင်မှတ်သနည်း” ဟူ၍ ကိုယ်တော် အား အပြစ်စီရင်နိုင်ရန် နောက်ထပ်မည်သည့် စစ်ဆေးမေးမြန်းခြင်းကိုမျှ မလိုအပ် တော့ကြောင်း ဖွင့်ဆို လိုက်ပါသည်။ သို့နှင့်၎င်းတို့အားလုံးသည် ကိုယ်တော်အားအ ပြစ်စီရင်ခဲ့ကြ ပါသည်။
ပြင်းထန်သောစိတ်ဇောနှင့်ရောစပ်ထားသည့် အမှားအမှန်သိသည့် အသိ စိတ်ကလေးသည် ကယာဖအားယခင်ကကဲ့သို့ပင် လုပ်ဆောင်စေခဲ့ပါသည်။ ခရစ် တော်၏နှုတ်ထွက်စကားများကို ယုံကြည်ခဲ့မိခြင်းအတွက် မိမိကိုယ်ကိုသူအပြစ်တင် စိတ်ဆိုးခဲ့မိပါသည်။ သမ္မာတရားကို နက်နဲစွာသိရှိထားခြင်းအတွက် မိမိ၏နှလုံးကို ဆုတ်ဖြဲကာ ခရစ်တော်အားမေရှိယအဖြစ် ဝန်ခံရမည့်အစား၊ ကိုယ်တော်အား ခိုင် ခိုင်မာမာဆန့်ကျင်သည့်သဘောဖြင့် မိမိ၏ယဇ်ပုရောဟိတ်ဝတ်ရုံကြီးကို သူဆုတ် ဖြဲပစ်လိုက်ပါသည်။ ဤအပြုအမူသည် အလွန်အရေးပါထိရောက်သော အပြုအမူ တစ်ခုဖြစ်ခဲ့သော်လည်း၊ ကယာဖသည် မိမိအပြုအမူ၏အနက်အဓိပ္ပါယ်ကို မသိရှိခဲ့ ပါချေ။ ၎င်း၏အနီးအပါးတွင်ရှိနေ ကြသောတရားသူကြီးများက ခရစ်တော်အား အ ပြစ်ဒဏ်စီရင်ဖို့ဆုံးဖြတ်စေခဲ့သည့်ဤအပြုအမူအားဖြင့် ထိုယဇ်ပုရောဟိတ်ကြီးသည် မိမိကိုယ်ကိုအပြစ် စီရင်နေခဲ့ပါသည်။ ဘုရားသခင်၏ဥပဒေအရ သူသည်ယဇ်ပုရော ဟိတ်ရာထူး အတွက်အရည်အချင်းမမီတော့ချေ။ ကယာဖသည် မိမိကိုယ်ကိုသေ ဒဏ်စီရင် ချက်ချမှတ်ခဲ့ချေပြီ။
ယဇ်ပုရောဟိတ်တစ်ပါးသည် မိမိ၏ဝတ်ရုံကိုမဆုတ်ဖြဲရချေ။ လေဝိအမျိုး သားများကျင့်သုံးသော စည်းမျဉ်းဥပဒေများအရ ထိုသို့မပြုလုပ်ရန်တားမြစ်ထားပါ သည်။ ကျူးလွန်သူများသည် သေဒဏ်အပြစ်ပေးခံကြရမည်ဖြစ်ပါသည်။ မည်သည့် အချိန်အခါ၊ မည်သည့်အခြေအနေမျိုးတွင်မှ ယဇ်ပုရောဟိတ်များသည် မိမိ၏ဝတ် ရုံကိုမဆုတ်ဖြဲရချေ။ ယုဒလူများ၌ဓလေ့တစ်ခုရှိပါသည်။ ထိုဓလေ့မှာ မိတ်ဆွေများ သေဆုံးသောအချိန်တွင် မိမိဝတ်ထားသောဝတ်ရုံကို ဆုတ်ဖြဲပစ်ရသည့်ဓလေ့ဖြစ်ပါ သည်။ သို့ရာတွင် ထိုဓလေ့ကို ယဇ်ပုရောဟိတ်များ အနေနှင့် ကျင့်သုံးရန်မလိုပါ ချေ။ ဤအကြောင်းကိစ္စနှင့်ပတ်သက်၍ ခရစ်တော်သည်မောရှေအားဖွင့်ဟ၍ မိန့် တော်မူခဲ့ပြီးဖြစ်ပါသည်။ (ဝတ် ၁ဝး၆)။
ယဇ်ပုရောဟိတ်များဝတ်ဆင်သောဝတ်ရုံများသည် အစုတ်အပြဲလုံး၀ မရှိရ ချေ။ တင့်တယ်ခံ့ညားသော ထိုဝတ်ရုံသည် ယေရှုခရစ်၏စာရိတ္တတော် ကိုပုံဆောင်ပါ သည်။ ဝတ်စားဆင်ယင်ခြင်းနှင့် သဘောထားများ၊ အပြောအဆိုနှင့်စိတ်ထားများ၏ စုံလင်ခြင်းမှတစ်ပါး အခြားမည်သည့်အရာကိုမျှ ဘုရားသခင်ရှေ့မှောက်တွင် လက်ခံ နိုင်ဖွယ်ဖြစ်လိမ့်မည်မဟုတ်ချေ။ သန့်ရှင်းသော ကိုယ်တော်ရှင်၏ ဘုန်းသမ္ဘာနှင့် ပြည့်စုံခြင်းကို လောကဆိုင်ရာဝတ်ပြုကိုးကွယ်မှုများဖြင့် ပုံဆောင်ထင်ရှားစေရ မည်ဖြစ်ပါသည်။ ကောင်းကင်နိုင်ငံတော်၌ ကျင်းပသောဝတ်ပြုကိုးကွယ်ခြင်း၏ သန့် ရှင်းခြင်းကိုစုံလင်ခြင်းမှတစ်ပါး၊ အခြားမည်သည့်အရာကမျှ တော်လျော်စွာ ထင်ရှား စေနိုင်မည်မဟုတ်ချေ။ အားနည်းသောလူသားများသည် နှိမ့်ချသောစိတ်နှင့်ကြေကွဲ သော နှလုံးသားများကိုဖော်ပြခြင်းအားဖြင့် မိမိ၏နှလုံးသားကိုဆုတ်ဖြဲပစ်နိုင်ကြပါ သည်။ ဤအရာကို ဘုရားသခင်သဘောပေါက်နားလည်တော်မူပါသည်။ သို့ရာတွင် ယဇ်ပုရောဟိတ်သည် ဝတ်ရုံကိုမဆုတ်ဖြဲရချေ။ ထိုသို့ဆုတ်ဖြဲခြင်းသည် ကောင်း ကင်အရာအားပုံဆောင်ထားမှုကိုပျက်ယွင်းစေပါသည်။ စုတ်ပြဲနေသောဝတ်ရုံကိုဝတ် ဆင်ကာ ဗိမာန်တော်တွင် လာရောက်အမှုတော်ဆောင်ဝံ့သော ယဇ်ပုရောဟိတ်မင်း ကို ဘုရားသခင်နှင့် မပတ်သက်သူအနေဖြင့် မှတ်ယူကြပါသည်။ သူသည်မိမိ၏ဝတ် ရုံကိုဆုတ်ဖြဲလိုက်ခြင်းအားဖြင့် ဘုရားသခင်၏ ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ရပ် တည်ခြင်းကို မိမိဘာသာ ဖြတ်တောက်ပစ်လိုက်ခြင်းဖြစ်ပါသည်။ ထိုသူအားအမှု တော်ဆောင်နေသော ယဇ်ပုရောဟိတ်အနေဖြင့် ဘုရားသခင်က ဆက်လက်၍ လက်မခံတော့ချေ။ ကယာဖသည် ထိုလုပ်ရပ်အားဖြင့် လူသား များ၏စိတ်ဇောနှင့် လူသားများ၏မစုံလင်မှုများကိုထုတ်ဖော်ပြသနေပါသည်။
ကယာဖသည် သူ၏ဝတ်ရုံကိုဆုတ်ဖြဲလိုက်ခြင်းအားဖြင့် လူသားများတီထွင် ထားသော မိရိုးဖလာများကိုလိုက်လျှောက်နိုင်ရန် ဘုရားသခင်၏ ပညတ်တော်ကို အ ချည်းနှီးဖြစ်စေခဲ့ပါသည်။ လူသားများတီထွင်ထားသည့် မိရိုးဖလာများအရ ယဇ်ပု ရောဟိတ်တစ်ပါးသည် ဘုရားသခင်အားပြစ်မှား သောလုပ်ရပ်တစ်ခုကိုတွေ့မြင် လျှင် အပြစ်၏အခကိုကြောက်ရွံ့သည့်အနေဖြင့် မိမိ၏ဝတ်ရုံကိုဆုတ်ဖြဲပစ်နိုင်ပါ သည်။ ကယာဖသည် မိရိုးဖလာကိုလိုက် လျှောက်သည့်အနေဖြင့် မိမိဝတ်ရုံကို ဆုတ်ဖြဲလိုက်ခြင်းအားဖြင့် ဘုရားသခင်၏ ပညတ်တော်များကို အချည်းနှီးဖြစ်စေခဲ့ပါ သည်။
ထိုယဇ်ပုရောဟိတ်မင်းကြီး၏လုပ်ဆောင်မှုတိုင်းကို ပရိသတ်ကြီးက စိတ်ဝင် တစားကြည့်ရှုနေကြပါသည်။ ကယာဖသည် ထိုလုပ်ဆောင်မှုများအားဖြင့် မိမိ၏ ဘုရားတရားရှိမှုကိုအကျိုးရှိစွာဖြင့်ဖော်ပြနိုင်လိမ့်မည်ဟု အထင် ရှိခဲ့ပါသည်။ ခရစ် တော်အားစွဲချက်တင်သည့်သဘောဖြင့်ပြုမူခဲ့သော ၎င်း၏ လုပ်ရပ်အားဖြင့် “ငါ့နာ မသည်သူ၌တည်၏” ဟု ဘုရားသခင်မိန့်တော်မူခြင်း ခံရသည့်ပုဂ္ဂိုလ်တစ်ဦးအား သူကဲ့ရဲ့ပြစ်တင်နေပါသည်။ အမှန်မှာသူကိုယ်တိုင် ဘုရားသခင်ကိုပြစ်မှားနေခြင်း သာဖြစ်ပါသည်။ သူသည်ဘုရားသခင်၏အပြစ် စီရင်မှုအောက်တွင် ကိုယ်တိုင်ရပ် တည်လျက် ခရစ်တော်အားဘုရားသခင်ကို ပြစ်မှားနေသူတစ်ဦးအဖြစ်အပြစ်စီရင် နေပါသည်။
ကယာဖသည် ၎င်း၏ဝတ်ရုံကိုဆုတ်ဖြဲလိုက်သောအချိန်တွင် သူ၏အပြု အမူသည် နောက်ပိုင်းအချိန်များတွင်ယုဒလူမျိုးများသည် လူမျိုးစုတစ်စုအနေဖြင့် ဘုရားသခင်နှင့် ဆက်သွယ်သည့်အနေအထားအတွက် သူ၏အပြုအမူသည် အရေး ပါသောအပြုအမူတစ်ခုဖြစ်ပါသည်။ တစ်ချိန်ကဘုရားသခင်၏ မျက်နှာသာပေးခြင်း ခံခဲ့ရသောသားသမီးများသည် ကိုယ်တော်နှင့်ခွဲခွာကြလျက်ရှိပြီး၊ ၎င်းတို့သည် ဘုရား သခင်၏ပိုင်ထိုက်သော သားသမီးများအဖြစ်မှ အလျင်အမြန်ရွေ့လျော့သွားကြပါ သည်။ အမှုပြီးပြီဟု ကပ်တိုင်ပေါ်ဝယ်ခရစ် တော်ဟစ်ကြွေးသောအချိန် ဗိမာန်တော် မှ ကန့်လန့်ကာနှစ်ခြမ်းကွဲသွားသော အချိန်တွင် ယုဒလူများသည် ၎င်းတို့၏ ဝတ် ပြုကိုးကွယ်မှုများမှ ပုံဆောင်သောအရာအားလုံး၏ ပုံရိပ်ဖြစ်တော်မူသော ကိုယ်တော် ရှင်ကိုငြင်းပယ်ကြကြောင်း ကြေညာခြင်းဖြစ်ပါသည်။ ဣသရေလများသည် ဘုရား သခင်နှင့် လမ်းခွဲခဲ့ကြချေပြီ။ မိမိအားယဇ်ပုရောဟိတ်မင်းဖြစ်ကြောင်း အထိမ်းအ မှတ်ပြုသည့်ထိုဝတ်ရုံကြီးကို ကယာဖဆုတ်ဖြဲလိုက်ခြင်းသည် သင့်မြတ်မှုရှိလှပါ သည်။ အကြောင်းမှာ သူ၏အမှုတော်ဆောင်ရွက်မှုသည် ၎င်းအတွက်သော်လည်း ကောင်း၊ ယုဒလူများအတွက်သော်လည်းကောင်း ထိုအချိန်မှစ၍အဓိပ္ပါယ်ကင်းမဲ့ခဲ့ လေပြီ။ ထိုယဇ်ပုရောဟိတ်မင်းသည် မိမိနှင့်တကွမိမိလူမျိုးများအတွက် ကြောက်ရွံ့ စိုးရိမ်သဖြင့် ဝတ်ရုံကြီးကိုဆုတ်ဖြဲလိုက်ခြင်းသည် သင့်လျော်စွ တကား။
ထိုဆန်ဟီဒရင်ကောင်စီမှခရစ်တော်အား သေဒဏ်ပေးထိုက်ကြောင်း ပြစ် ဒဏ်စီရင်ခဲ့ပါသည်။ သို့သော် အပြစ်ကျူးလွန်သူတစ်ဦးအား ညအချိန်တွင် အမှုစစ် ဆေးခြင်းသည် ယုဒဓမ္မသတ်နှင့် ဆန့်ကျင်ဖီလာနေပါသည်။ နေ့အချိန်အခါတွင် ကောင်စီဝင်အားလုံးစုံညီသော ကောင်စီရှေ့မှောက်၌ အမှုစစ်ဆေးခြင်းမှတစ်ပါး တရားဝင်အပြစ်စီရင်သည့် အခြားနည်းလမ်းမရှိတော့ချေ။ ဥပဒေအရထိုသို့အဆို ရှိထားသော်လည်း ယခုတွင်မူကယ်တင်ရှင်သည် အပြစ်စီရင်ပြီးဖြစ်သော ရာဇဝတ် သားတစ်ဦးကဲ့သို့ အဆက်ဆံခံနေရပြီး၊ လူသားများခံစားရဖူးသည့် အပြစ်ဒဏ်များ တွင် အနိမ့်ကျအယုတ်ညံ့ဆုံးသောအပြစ် ဒဏ်များဖြင့် မတရားစီရင်မှုကိုခံယူရန် မတရားသောသူများလက်သို့ပေးအပ် ခြင်းကိုခံခဲ့ရပါသည်။ ယဇ်ပုရောဟိတ်မင်းကြီး ၏ နန်းတော်အား ကွင်းပြင်ကျယ် ကြီးတစ်ခုဝန်းရံထားပါသည်။ ထိုကွင်းပြင်ကြီးထဲ တွင် ရောမစစ်သားများနှင့် ယုဒလူများစုရုံးနေကြပါသည်။ ထိုကွင်းပြင်ကြီးကိုဖြတ်၍ အချုပ်ခန်းထဲသို့ ခရစ်တော်အား ခေါ်ဆောင်သွားကြပါသည်။ ထိုသို့ခေါ်ဆောင်သွား ကြစဉ်တွင် လမ်းဘေးဝဲယာရှိလူများက ဘုရား၏သားတော်ဖြစ်ကြောင်း ကိုယ်တော် မိန့် တော်မူခဲ့သောဖွင့်ဆိုချက်များကို ပြက်ရယ်ပြုနေကြပါသည်။ “လက်ယာတော် ဘက်တွင်ထိုင်မည်” “မိုးတိမ်ကိုစီးလျက်ကြွလာမည်” ဟူ၍ ကိုယ်တော်မိန့် တော် မူခဲ့သောစကားများကို ထပ်ခါတလဲလဲပြက်ရယ်ပြုနေကြပါသည်။ တရားဝင် အမှုစစ် ဆေးခြင်းကိုစောင့်စားနေသောကိုယ်တော်အား အချုပ်ခန်းထဲတွင် ဖမ်းဆီးထားစဉ် ၌လည်း ကာကွယ်စောင့်ရှောက်မှုမပြုခဲ့ကြချေ။ အသိဥာဏ် မရှိသောလူ့ဗရုတ်သုတ် ခများသည် ထိုကောင်စီရှေ့တွင်ကိုယ်တော်အား ရက်စက် ကြမ်းတမ်းစွာပြုမူဆက် ဆံခဲ့သည်ကိုမြင်ခဲ့ရသဖြင့် ထိုအရာကိုအတုယူကာ ၎င်းတို့၏အလွန်ဆိုးရွားသော လုပ်ဆောင်မှုများကို ကိုယ်တော်၌လက်တွေ့ကျင့်သုံးခဲ့ကြပါသည်။ ခရစ်တော်၏ မြင့်မြတ်သောအမူအရာနှင့် ကြီးမြတ်သောအပြုအမူသည် ၎င်းတို့အားအမျက်ဒေါ သထွက်စေခဲ့ပါသည်။ ကိုယ်တော်၏ နှိမ့်ချမှု၊ အပြစ်ကင်းမှုနှင့်စိတ်ရှည်သည်းခံမှု များသည် စာတန်ကဖြစ်ပွားစေခဲ့သောမုန်းတီးမှုဖြင့် ၎င်းတို့အားပြည့်၀စေခဲ့ပါသည်။ သနားခြင်းကရုဏာ နှင့်တရားမျှတမှုများသည် နင်းချေခြင်းကိုခံခဲ့ရပါသည်။ ဘုရား၏ သားတော် ကိုလူမဆန်စွာဆက်ဆံခဲ့သကဲ့သို့ မည်သည့်ရာဇဝတ်သားကိုမျှ မဆက် ဆံခဲ့ကြဖူးချေ။
သို့ရာတွင်ခရစ်တော်သည် ကယာဖ၏ရှေ့မှောက်တွင် ပြက်ရယ်ပြုသော အ မှုစစ်ဆေးခြင်းကိုရင်ဆိုင်နေရစဉ်တွင် အချစ်ဆုံးတပည့်များမှတစ်ပါးသည် ကိုယ် တော်အားငြင်းပယ်ခဲ့ခြင်းသည် ရန်မူသူများ၏အပြင်းထန်ဆုံး သောထိုးနှိပ်ချက် ထက်ပြင်းထန်သောအရှိန်ဖြင့် ခရစ်တော်၏နှလုံးသားကို ထိခိုက်နာကျင်စေခဲ့ပါ သည်။
တပည့်တော်များသည် မိမိတို့၏သခင်အား စွန့်ခွာသွားခဲ့ကြပြီးနောက်၊ တ ပည့်တော်နှစ်ပါးသည် ခရစ်တော်အားခေါ်ဆောင်သွားကြသည့် လူအုပ်ကြီး၏ နောက်နားမလှမ်းမကမ်းမှ ခွာ၍လိုက်လာခဲ့ကြပါသည်။ ထိုသူနှစ်ဦးမှာ ပေတရုနှင့် ယောဟန်တို့ဖြစ်ကြပါသည်။ ယဇ်ပုရောဟိတ်များသည် ယောဟန်အားခရစ်တော်၏ တပည့်တော်မှန်းသိသဖြင့် ကိုယ်တော်ကိုတရား စီရင်မည့်ခန်းမထဲသို့ဝင်ခွင့်ပြုခဲ့ပါ သည်။ ထိုသို့ဝင်ခွင့်ပေးလိုက်ခြင်းအားဖြင့် ယောဟန်သည် မိမိသခင်၏အညံ့ခံရမှု များကိုမြင်တွေ့ကာ ထိုသခင်၏ဘုရားသားတော်ဖြစ်သည်ဟူသော အယူအဆများ ကို သရော်လာလိမ့်မည်ဟု သူတို့ယူဆခဲ့ကြပါသည်။ ယောဟန်သည် ပေတရုဝင်ခွင့် ရအောင် ထိုယဇ်ပုရောဟိတ် များကိုခွင့်တောင်းပေးသဖြင့် ပေတရုလည်းဝင်ခွင့်ရရှိ သွားပါသည်။
ဝေလီဝေလင်းအချိန်ကလေးဖြစ်ပြီး၊ တစ်ည၏အအေးဆုံးသောအချိန် ဖြစ် သောကြောင့် ထိုပရိဝုဏ်ထဲရှိလူများသည် မီးလှုံနေကြပါသည်။ လူတစ်စုသည် မီးဖို နားသို့ချဉ်းကပ်သွားကြစဉ် ပေတရုသည်လည်းထိုသူတို့နှင့်အတူ ရဲရဲတင်းတင်းမီးဖို နားသို့တိုးသွားခဲ့ပါသည်။ မိမိအားခရစ်တော်၏ တပည့်တော်တစ်ယောက်ဖြစ်သည် ကို သူတစ်ပါးမှတ်မိသွားမည်ကို သူမလိုလားခဲ့ချေ။ ထိုသူများနှင့်ရောကောသော ကောနေလိုက်ခြင်းအားဖြင့် သူတို့သည်မိမိအား ခရစ်တော်ကိုဖမ်းလာသည့်အဖွဲ့ ထဲမှဖြစ်သည်ဟုထင်ကြလိမ့်မည်ဟု ပေတရု အထင်ရှိခဲ့ပါသည်။
သို့ရာတွင် ပေတရု၏မျက်နှာကို အလင်းရောင်တစ်ချက်ထိုးမိသော အ ချိန်တွင် တံခါးစောင့်အမျိုးသမီးက ၎င်းအားမြင်သွားခဲ့ပါသည်။ ထိုသူသည် ယောဟန်နှင့်အတူဝင်လာခဲ့သူဖြစ်ကြောင်း သူမသတိထားခဲ့မိပြီး၊ သူ၏မျက်နှာပေါ် တွင် ထင်ရှားစွာပေါ်လွင်နေသော သောကဗျာပါဒများကြောင့် ထိုသူသည် ခရစ် တော်၏တပည့်တော်ဖြစ်ကောင်းနိုင်သည်ဟု သူမထင်မြင်ယူဆမိခဲ့ပါသည်။ ထိုအ မျိုးသမီးသည် ကယာဖအိမ်မှအလုပ်သမားတစ်ဦးဖြစ်ပြီး အတော်စပ်စုသော သူတစ် ဦးဖြစ်ပါသည်။ ထိုကြောင့် သူမကပေတရုအား “သင်သည်ထိုသူ၏ တပည့်ဖြစ်သည် မဟုတ်လော” ဟု မေးလေ၏။ ထိုအမေးကြောင့် ပေတရုသည် လန့်ဖျပ်သွားပြီး ယောင်ယောင်မှားမှားဖြစ်သွားခဲ့ပါသည်။ မီးဖိုအနီးရှိ လူများကလည်း ၎င်းအားဝိုင်း၍ ကြည့်နေကြပါသည်။ ပေတရုအနေဖြင့် သူမပြောလိုက်သောစကားကို နားမလည် ဟန်ပြုနေသော်လည်း ထိုသူသည် ခရစ်တော်နှင့်အတူရှိခဲ့သူတစ်ဦးဖြစ်ကြောင်း သူမ ကအနီးတွင်ရှိနေသောလူများအား ဇွတ်အတင်းပြောပြနေပါသည်။ နောက်ဆုံးတွင် ပေတရုက “အချင်းမိန်းမ၊ ထိုသူကိုငါမသိ” ဟု စိတ်ဆိုးမာန်ဆိုးနှင့် ငြင်းလိုက်ပါ သည်။ ဤငြင်းပယ်ခြင်း သည် ပထမအကြိမ်ငြင်းပယ်ခြင်းဖြစ်ပြီး၊ မကြာမီမှာပင် ကြက်တွန်လေ၏။ “အို၊ ပေတရုရယ်၊ သင်၏သခင်ကြောင့် မကြာမီကလေးက အ ရှက်ရခဲ့ပြီး မကြာမီတွင် ငြင်းပယ်ခဲ့ပါတကား။”
တပည့်တော်ယောဟန်မှာမူ တရားစီရင်ရာအခန်းထဲသို့ ဝင်ရောက်သွားပြီး နောက် မိမိသည် ခရစ်တော်၏တပည့်တော်ဖြစ်သည်ကို အခြားသူများ သိရှိသွားဖို့ ဖုံးကွယ်ရန်မကြိုးစားခဲ့ချေ။ မိမိ၏သခင်အား ဆဲရေးတိုင်းထွာနေသော ထိုလူကြမ်း များနှင့် လည်းမရောနှောခဲ့ချေ။ သူသည် ပုံမှားရိုက်ရန် မကြိုးစားခဲ့သည့်အတွက် မည်သည့်မေးမြန်းခြင်းကိုမျှ မခံခဲ့ရချေ။ မယုံသင်္ကာ အဖြစ်မခံခဲ့ရချေ။ လူအုပ်ကြီး များစွာအာရုံမထားသော နေရာတစ်ခုကို သူရှာခဲ့ပြီး ကိုယ်တော်ရှင်နှင့်နီးနိုင်သမျှ နီး ကပ်မည့်နေရာတစ်ခုကို ရွေးချယ်ခဲ့ပါသည်။ ထိုနေရာမှနေ၍ သခင်ဘုရားရင်ဆိုင် နေရသည့် စစ်ဆေးမေးမြန်းမှုအားလုံးကို သူကြားနိုင်ခဲ့ပါသည်။
ပေတရုအနေဖြင့် မိမိ၏ဇာတိမှန်ကိုအသိမခံရဲခဲ့ချေ။ အရာရာကို စိတ်မဝင် စားသည့်ပုံပန်းမျိုးလုပ်လိုက်သဖြင့် ပေတရုသည်အလွယ်တကူ စုံစမ်းနှောင့်ယှက် ခြင်းခံရမည့် အခြေအနေမျိုးတွင်ရောက်ရှိနေသည့် သားကောင်တစ် ကောင်ဖြစ် သွားခဲ့ပါသည်။ ခရစ်တော်အတွက်တိုက်ပွဲဝင်ရန် သူ့အားခေါ်ခဲ့မည်ဆိုလျှင် သူ သည် ရဲစွမ်းသတ္တိနှင့်ပြည့်စုံသောစစ်သည်တော်တစ်ဦးအဖြစ် ရပ်တည်ခဲ့လိမ့်မည် ဖြစ်ပါသည်။ သို့သော်လည်း သူတစ်ပါးကလက်ညှိုးထိုး၍ အပြစ်ရှာသောအခါ သူရဲ ဘောကြောင်သူဖြစ်ကြောင်း မိမိကိုယ်ကိုဖော်ပြခဲ့ပါသည်။ သခင်ဘုရားအတွက် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ရန်နောက်မတွန့်ခဲ့သူများသည် အခြားသူများ၏ပြက်ရယ်ပြုမှု များကြောင့် မိမိတို့၏ယုံကြည်ခြင်းကိုငြင်းပယ်ရန် တိုက်လှန်ခြင်းကိုခံကြရပါသည်။ ရှောင်ရှားသင့်သောသူများနှင့်ပေါင်းဖော် မိခြင်းသည် မိမိကိုယ်ကိုစုံစမ်းခြင်းခံရမည့် အခြေသို့ပို့ဆောင်ခြင်းဖြစ်ပါသည်။ ထိုသူများသည်ရန်မူသူများအား မိမိတို့ထံလာ ရောက်စုံစမ်းနှောင့်ယှက်ရန်ဖိတ် ခေါ်နေကြပြီး၊ အခြားအခြေအနေမျိုးတွင် မကျူး လွန်ခဲ့သည့်ဒုစရိုက်များကို ကျူးလွန်နေကြပါသည်။ ဒုက္ခဆင်းရဲခြင်းများနှင့်ကဲ့ရဲ့ပြစ် တင်မှုများကြောင့် မိမိ၏ယုံကြည်ခြင်းကိုရွေ့လျော့ပြောင်းလဲစေသော ယခုခေတ် တပည့်တော်များ သည် ထိုအခန်းထဲတွင်ပေတရုငြင်းပယ်ခဲ့သကဲ့သို့ ကိုယ်တော် အားငြင်းပယ် နေကြပါသည်။
ပေတရုသည် မိမိသခင်အားအမှုစစ်ဆေးနေခြင်းကို စိတ်မဝင်စားဟန်ပြ ရန်ကြိုးစားခဲ့ငြားသော်လည်း၊ ကိုယ်တော့်အားပြောဆိုနေသော စော်ကားသည့် စကားများကို ကြားရသောအခါတွင်လည်းကောင်း၊ ကိုယ်တော်ခံစားနေရသော မတရားမှုများကိုမြင်ရသော အခါတွင်လည်းကောင်း သူသည်ဝမ်းနည်းမှုအပြည့်ဖြင့် စိတ်ဒုက္ခရောက်လျက်ရှိခဲ့ပါသည်။ ထိုထက်မကခရစ်တော်သည် ထိုကဲ့သို့သောပြုမူ ဆက်ဆံမှုများကို အညံ့ခံခဲ့သည့်အတွက်ကြောင့် သူအံ့အားသင့်ကာ စိတ်ဆိုးခဲ့ရပါ သည်။ သူသည် မိမိခံစားချက်အမှန်ကို အခြားသူများသိ မသွားစေဖို့ ကိုယ်တော် အား အချိန်အခါနှင့်မကိုက်ညီစွာ ပြက်ရယ်ပြုနေသော လူရမ်းကားများနှင့် ပေါင်း ဖက်ရန်ကြိုးစားခဲ့ပါသည်။ သူသည်အမှားတစ်ခုကို လုပ်ဆောင်နေပါသည်။ ဖြစ်ပျက် နေသောအရာများကို ဂရုမစိုက်သည့်သဘောဖြင့် စကားပြောဆိုရန်ကြိုးစားခဲ့သော် လည်း ခရစ်တော်အားပြုမူနေသည့် မတရားမှုများကိုမြင်တွေ့ရသဖြင့် မိမိ၏ အ မျက်ဒေါသကို သူမချုပ်ထိန်းနိုင်ခဲ့ချေ။
ထိုလူများသည် ပေတရုအားဒုတိယအကြိမ်ဂရုစိုက်မိကြပြန်ကာ၊ ခရစ် တော်၏နောက်လိုက်တစ်ဦးအဖြစ် စွပ်စွဲကြပြန်ပါသည်။ ယခုအခါတွင် မူသူက “ဤ သူကိုငါမသိ” ဟုကျိန်ဆို၍ပင်ပြောလိုက်ပါသည်။ ယခုအချိန်အထိ ၎င်း၌ နောင်တ ရရန်အခွင့်အရေးမကုန်သေးပါချေ။ နောက်ထပ်တစ်နာရီ ခန့်မျှကြာသောအခါ၊ ပေတရု၏ဓားချက်ကြောင့် နားရွက်ပြတ်သွားခဲ့ရသည့် ယဇ်ပုရောဟိတ်၏ ကျွန်နှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက “သင်သည်ဥယျာဉ်၌ ယေရှုနှင့်အတူရှိသည်ကို ငါမြင် ခဲ့ပြီမဟုတ်လော” “အကယ်စင်စစ်သင်သည် ထိုသူတို့အဝင်ဖြစ်၏။ သင်သည် ဂါလိလဲလူဖြစ်၏။ သင့်စကားလဲတူ၏” ဟုပြောလေ၏။ ထိုသို့အပြောခံလိုက်ရသဖြင့် ပေတရုသည်ဒေါသအမျက် ခြောင်းခြောင်းထွက်ခဲ့ရပါသည်။ ခရစ်တော်၏ တပည့် တော်ကြီးသည် မိမိကို မေးခွန်းထုတ်သူအား အပြည့်အဝလိမ်လည်လှည့်ဖြားကာ မိမိ ၏ဇာတိရုပ်အတု ကိုအစစ်ဖြစ်ကြောင်းဖော်ပြရန်အလိုငှာ ယခုတွင်မိမိ၏သခင်အား ကျိန်ဆို၍ပင် ငြင်းဆိုပါတော့သည်။ ထိုအချိန်တွင်နောက်တစ်ခါကြက်တွန်ခဲ့ပါသည်။ ထိုကြက်တွန်သံကိုပေတရုကြားရသောအခါ၊ ကြက်သည်နှစ်ခါမတွန်မီ သင်သည် သုံးကြိမ်မြောက်အောင်ငါ့ကိုငြင်းပယ်လိမ့်မည်ဟူသော ကိုယ်တော်၏နှုတ်ထွက်
စကားကိုသတိရခဲ့ပါသည်။ မာကု ၁၄း၃၀။
ပေတရု၏ပါးစပ်မှထွက်လာခဲ့သော ယုတ်ညံ့သည့် ကျိန်ဆိုမှုနှင့်စူးရှသော ကြက်တွန်သံများကိုကြားတော်မူစဉ် ကယ်တင်ရှင်သည်ဒေါသထွက်နေသော တ ရားသူကြီးများကိုကြည့်နေရာမှ သနားစရာကောင်းလှသောထိုတပည့် တော်ကို လှည့်၍ကြည့်တော်မူလိုက်ပါသည်။ ထိုအချိန်မှာပင်ပေတရုသည်လည်း သူ၏သခင် အားလှည့်၍ကြည့်လိုက်သော အချိန်နှင့်တိုက်ဆိုင်သွားပါသည်။ ကိုယ်တော်၏မျက် နှာတော်ဝယ် အမျက်ဒေါသတစ်စုံတစ်ရာကိုမျှမတွေ့ရဘဲ အလွန်ဝမ်းနည်းကြေကွဲမှု ကိုသာတွေ့နေရပါသည်။
သနားခြင်းကရုဏာနှင့်အပြစ်လွှတ်ခြင်းသဘောထားများကိုဖော်ပြ နေသည့် ကိုယ်တော်ရှင်၏ဖြူရော်နေသောမျက်နှာတော်နှင့်တုန်ယင်နေသော နှုတ်ခမ်းများ သည် ပေတရု၏နှလုံးသားတွင်မြားတစ်ချောင်းစူးဝင်သွားသည့်နှယ်၊ ထိခိုက်နာကျင် သွားခဲ့ပါသည်။ အသိစိတ်ဓာတ်များကို နိုးကြားစေခဲ့ပါသည်။ မှတ်ဥာဏ်များကို လည်းပြန်လည်လှုပ်ရှားလာစေခဲ့ပါသည်။ လွန်ခဲ့သောနာရီ ပိုင်းအနည်းငယ်က ထောင်ထဲသို့ဖြစ်စေ၊ သေတွင်းသို့ဖြစ်စေ ကိုယ်တော်နှင့်အတူ လိုက်ပါမည်ဟု မိမိ ပြုခဲ့သောကတိကိုသူပြန်လည်စဉ်းစားမိလာခဲ့ပါသည်။ အထက်ခန်းတွင်ရှိနေကြစဉ် မိမိသည် သခင်ဘုရားအားယခုည၌ပင် သုံးကြိမ်မြောက်အောင်ငြင်းဆိုလိမ့်မည်ဖြစ် ကြောင်း ကယ်တင်ရှင်ကမိန့်တော် မူစဉ်က ခံစားရသောဝမ်းနည်းမှုကိုလည်း ပြန် လည် သတိရလာမိပါသည်။ မိမိသည်ခရစ်တော်အားမသိပါဟု ယခုကလေးတွင် ပြောကြားခဲ့သော်လည်း ကိုယ်တော်သည် မိမိအကြောင်းကိုကျေကျေညက်ညက် သိရှိထားတော်မူကြောင်းကိုလည်းကောင်း၊ မိမိကိုယ်တိုင်ပင်မသိရှိခဲ့သော မိမိ၏ စိတ်သဘောထားကို တိတိကျကျသိရှိထားကြောင်းကိုလည်းကောင်း ပေတရုယခု သိရှိလာခဲ့ပါသည်။
အတိတ်ဖြစ်စဉ်များကိုတစ်ခုပြီးတစ်ခု သူသတိရလာခဲ့ပါသည်။ တပည့် တော်များအပေါ်မှာထားရှိသည့် ကိုယ်တော်၏သနားကြင်နာခြင်း၊ စိတ်ရှည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့်သည်းခံခြင်းများကို ပေတရုပြန်လည်သတိရ လာခဲ့ပါသည်။ “ရှိမုန်၊ ဂျုံဆန်ကိုဆန်ခါနှင့်ခါသကဲ့သို့ စာတန်သည်သင်တို့ ကိုချရမည်အကြောင်း အခွင့်တောင်းသည်ဖြစ်၍ သင်၏ယုံကြည်သောစိတ် မပျက်စေခြင်းငှာ ငါသည် သင့်အဖို့ဆုတောင်းလေပြီ” ဟူသောသတိပေးစကားကိုလည်း သူပြန်လည်သတိရ လာခဲ့ပါသည်။ လုကာ ၂၂း၃၁-၃၂။ မိမိ၏ ကျေးဇူးမသိတတ်မှုများ၊ လိမ်ညာမှုများ နှင့်မုသားသုံး၍ ကျိန်ဆိုမှုများ၏ရောင်ပြန်ဟပ်မှုကြောင့် ကြောက်ရွံ့စိတ်များပေါ်လာ ပါသည်။ သူသည် နောက်ထပ်တစ်ဖန် မိမိသခင်ဘုရားအားကြည့်လိုက်ရာ မျက်နှာ တော်ကိုရိုက်ဖို့မြှောက်ထားသော ရိုင်းပျသောလက်တစ်ချောင်းကိုမြင်လိုက်ရပါ သည်။ ထိုမြင်ကွင်းကို ကြာရှည်စွာကြည့်နိုင်စွမ်းမရှိတော့ဘဲ စိတ်နှလုံးကြေကွဲစွာဖြင့် ထိုအခန်း ထဲမှလျင်မြန်စွာထွက်သွားခဲ့ပါသည်။
ပေတရုသည် အမှောင်ကြီးထဲတွင်တစ်ယောက်တည်း ခြေဦးတည့်ရာသို့ ထွက်သွားခဲ့ပါသည်။ နောက်ဆုံးတွင် ဂေသရှေမန်ဥယျာဉ်ထဲ၌ရောက်နေကြောင်း ကိုယ့်ကိုကိုယ်တွေ့ရပါသည်။ ဤဥယျာဉ်ထဲတွင် နာရီအနည်းငယ်ခန့်ကဖြစ်ပျက် ခဲ့သောအရာများသည် သူ၏စိတ်အာရုံထဲဝယ် ထင်ထင်ရှားရှားပေါ်ထွက်လာခဲ့ပါ သည်။ ဒုက္ခဆင်းရဲခြင်းခံနေရသည့် ကိုယ်တော်၏မျက်နှာတော်၊ သွေးနှင့်ရောနေ သည့် ချွေးများဖြင့်ပေကျံနေသည့် ကိုယ်တော်၏မျက်နှာတော်၊ ပရိဒေ၀မီးတောက် လောင်နေသော ကိုယ်တော်၏မျက်နှာတော်ကို သူမြင်ယောင်လာခဲ့ပါသည်။ ထိုအ ချိန်အခါမျိုးတွင် ကိုယ်တော်ရှင်နှင့်အတူ ပူးပေါင်းဆုတောင်းပေးသင့်သော မိမိတို့ သည်အိပ်ပျော်နေကြစဉ်တွင် ကိုယ် တော်ရှင်သည်ငိုကြွေးလျက် တစ်ပါးတည်း ဆု တောင်းခဲ့ရသည့်အဖြစ်ကို ခါးသီးသော သံဝေဂစိတ်များနှင့်ပြန်လည်သတိရမိခဲ့ပါ သည်။ “စုံစမ်းနှောင့်ယှက်ခြင်း နှင့်ကင်းလွတ်မည်အကြောင်း ဆုတောင်းလျက် စောင့်နေကြလော့” ဟူသော စေခိုင်းချက်ကိုသူပြန်လည်သတိရခဲ့ပါသည်။ မဿဲ ၂၆း၄၁။ ထိုနောက် တရားစီရင်သည့်အခန်းထဲတွင်ဖြစ်ပျက်ခဲ့သောမြင်ကွင်းများကို သူမြင်ယောင် လာခဲ့ပါသည်။ ပူဆွေးဒုက္ခရောက်နေသောကယ်တင်ရှင်အပေါ်သို့ အလေးဆုံး သောဝန်တစ်ခုကို မိမိကထပ်လောင်းတင်ပေးခဲ့မိသည်ကို သိရှိရသည့် အတွက် စိတ်နှလုံး၌နာကျင်မှုဝေဒနာကို သူခံစားခဲ့ရပါသည်။ အဖခမည်းတော်ထံ ခရစ်တော်ဒူးထောက်ဆုတောင်းခဲ့သောနေရာ၌ပင် ပေတရုဒူးထောက်၍ဦးညွှတ် လိုက်ကာ မိမိသေသွားလျှင်သိပ်ကောင်းမှာဘဲဟု ရေရွတ်ခဲ့မိပါသည်။
ခရစ်တော်သည် ပေတရုအားဆုတောင်းလျက်စောင့်နေရန် မိန့်တော်မူ သောအချိန်တွင် ပေတရုသည်အိပ်ပျော်နေခြင်းအားဖြင့် ၎င်းကျူးလွန်တော့ မည့် အပြစ်ကြီးအတွက် လမ်းဖွင့်ပေးစေခဲ့ပါသည်။ တပည့်တော်အပေါင်းတို့ သည်လည်း ဤကဲ့သို့အရေးကြီးသောအချိန်အခါတွင် ငိုက်မျဉ်းအိပ်ပျော်နေ ကြခြင်းအားဖြင့် မ ဟာဆုံးရှုံးမှုတစ်ခုကိုဖြစ်စေကြလျက်ရှိပါသည်။ တပည့်တော်များအနေနှင့် အလွန် ဆိုးရွားသော စုံစမ်းခြင်းများကိုရ င်ဆိုင်ကျော်လွှား ရမည်ကို ခရစ်တော်သိရှိထား တော်မူပါသည်။ စုံစမ်းစစ်ဆေးရာကာလတွင် ၎င်းတို့အဆင်သင့်မရှိကြစေဖို့ စာ တန်သည် ၎င်းတို့၏စိတ်နှလုံးများကိုထုံ ထိုင်းအောင်လုပ်လိမ့်မည်ကိုလည်း ကိုယ် တော်သိရှိထားပါသည်။ ထိုကြောင့် ကိုယ်တော်သည် ၎င်းတို့အားသတိပေးခဲ့ခြင်း ဖြစ်ပါသည်။ ဥယျာဉ်ထဲတွင် ရှိနေကြစဉ်တွင် ပေတရုသည်ဆုတောင်းလျက် စောင့် နေခဲ့မည်ဆိုလျှင် မိမိ၏ချည့်နဲ့သောခွန်အားအပေါ်တွင်သာ အားကိုးလုပ်ဆောင် တော့ရန် ပစ်ထားခြင်း ခံခဲ့ရလိမ့်မည်မဟုတ်ချေ။ ၎င်း၏သခင်အားလည်းငြင်းပယ်ခဲ့ လိမ့်မည်မဟုတ်ချေ။ ထိုတပည့်တော်များသည် ထိုအချိန်တွင် ခရစ်တော်နှင့်အတူ ဆုတောင်း ခဲ့ကြလိမ့်မည်ဆိုလျှင် ကပ်တိုင်ပေါ်တွင်ခံယူရမည့်ခရစ်တော်၏ ဒုက္ခဝေ ဒနာ ကို သူတို့ကြည့်နိုင်စွမ်းရှိခဲ့ကြပါလိမ့်မည်။ ခရစ်တော်ခံစားခဲ့ရသောဒုက္ခ ဝေဒ နာ၏ သဘာ၀ကိုလည်း ထိုက်သင့်သလောက်သူတို့နားလည်ခဲ့ကြပါလိမ့်မည်။ မိမိ ခံစားရမည့်အရာများအကြောင်း၊ အသေခံခြင်းအကြောင်း၊ ထမြောက် ခြင်းအ ကြောင်းနှင့်ပတ်သက်သော ကြိုတင်မိန့်မြွက်ချက်များကိုလည်း သူတို့ ပြန်လည်စဉ်း စားသိရှိနိုင်ကြလိမ့်မည်ဖြစ်ပါသည်။ အလွန်အတိဒုက္ခရောက် နေသောအချိန်တွင် အမှောင်ထုကိုခွင်းကာ ၎င်းတို့၏ယုံကြည်ခြင်းကိုဆောက် တည်ပေးမည့်မျှော်လင့် ချက်ရောင်ခြည်များလည်း သန်းလာခဲ့လိမ့်မည်ဖြစ်ပါသည်။
နံနက်မိုးသောက်အလင်းရောက်သည်နှင့်တစ်ပြိုင်နက် ဆန်ဟီဒရင် ကောင် စီဝင်များသည် တစ်ဖန်စုရုံးလာကြကာ ခရစ်တော်အားကောင်စီရုံးခန်း ထဲသို့ခေါ် ဆောင်လာခဲ့ကြပါသည်။ ကိုယ်တော်က မိမိသည်ဘုရားသခင်၏ သားတော်ဖြစ် ကြောင်းဖွင့်ဆိုခဲ့ရာ ထိုဖွင့်ဆိုချက်ကိုစွဲချက်တင်နိုင်သောအရာ တစ်ခုအဖြစ် သူတို့ အဓိပ္ပါယ်ကောက်ယူခဲ့ကြပါသည်။ သို့ရာတွင် လွန်ခဲ့သောညကအမှုစစ်ဆေးခဲ့စဉ် အချိန်၌ ကောင်စီဝင်အများစုသည် မတက်ရောက်နိုင်ခဲ့ကြဘဲ မကြားနာခဲ့ရသေးသ ဖြင့် ကိုယ်တော်ကိုထိုစွဲချက်အားဖြင့် အပြစ် မစီရင်နိုင်ခဲ့ကြချေ။ ၎င်းပြင် ရောမတ ရားရုံးအနေနှင့်လည်း ကိုယ်တော်၌ သေပြစ်စီရင်ထိုက်သောအပြစ်တစ်စုံတစ်ရာ မတွေ့နိုင်ကြောင်းကို သူတို့သိထားကြပါသည်။ ညတုန်းကကိုယ်တော်ပြောခဲ့သည့် စကားများကို ကိုယ်တော့်ပါးစပ်မှ နောက်တစ်ဖန်ထွက်လာသည်ကို သူတို့ကြားခဲ့ရ လျှင် သူတို့ရည်မှန်းထား သည့်အတိုင်းဖြစ်နိုင်စရာအကြောင်းရှိပါသည်။ အကြောင်း မှာ ကိုယ်တော်၏ မိမိကိုယ်ကိုမေရှိယဟု ဖွင့်ဆိုချက်အားပုန်ကန်ထကြွမှုအတွက် နိုင်ငံရေးနှင့် ပတ်သက်သောလှုံ့ဆော်မှုတစ်ရပ်ဖြစ်သည်ဟု သူတို့အဓိပ္ပါယ်ကောက် ယူခဲ့ ကြခြင်းကြောင့်ဖြစ်ပါသည်။
သင်သည်ခရစ်တော်မှန်လျှင် ငါတို့အားပြောလော့ဟု သူတို့ဆိုကြသော် လည်း ကိုယ်တော်သည်နှုတ်ဆိတ်တော်မူခဲ့ပါသည်။ သို့နှင့်သူတို့သည် မေးခွန်းများ ကိုအဆက်မပြတ်မေးနေကြသောကြောင့် နောက်ဆုံးတွင်သနား စဖွယ်ကောင်းသည့် ဝမ်းနည်းပူဆွေးသောလေသံဖြင့် “ငါပြောလျှင်သင်တို့ သည်မယုံ၊ ငါမေးလျှင်လည်း သင်တို့သည် မဖြေဘဲငါ့ကိုမလွှတ်ဘဲနေကြလိမ့်မည်ဟု ခရစ်တော်မိန့်တော်မူလိုက် ပါသည်။ သူတို့သည် ကိုယ်တော်အကြောင်း နှင့်ပတ်သက်၍ ဆင်ခြေတက်စရာအ ကြောင်းမရှိတော့သော်လည်း၊ ထပ်လောင်း၍ ကိုယ်တော်မိန့်တော်မူသည်ကား လူ သားသည် ဘုရားသခင်၏တန်ခိုးလက်ယာ ဘက်၌ထိုင်တော်မူလတ္တံ့” ဟူ၍ဖြစ်၏။
ထိုနောက် ထိုသူအပေါင်းတို့က သင်သည်ဘုရားသခင်၏သားတော် မှန် သည်တကားဟု တညီတညွတ်တည်းဆိုကြရာ သင်တို့ဆိုသည်အတိုင်း မှန်သည်ဟု မိန့်တော်မူ၏။ ထိုအခါထိုသူတို့က အဘယ်သက်သေလိုသေးသနည်း၊ သူ၏စကား ကို ငါတို့ကိုယ်တိုင်ကြားရပြီဟုဆိုကြ၏။
သို့နှင့်ယုဒအာဏာပိုင်များ၏တတိယအကြိမ်စီရင်ချက်အရလည်း၊ ထိုနည်း အတိုင်းပင် ခရစ်တော်အားသေပြစ်စီရင်ခဲ့ကြပါသည်။ ယခုအချိန် တွင်လိုအပ်နေ သည့်အရာတစ်ခုမှာ ရောမအာဏာပိုင်များအနေဖြင့် ၎င်းတို့ ၏စီရင်ချက်ကိုအတည် ပြုကာ၊ ကိုယ်တော်အား၎င်းတို့လက်ထဲသို့အပ်ရန်ပင် ဖြစ်သည်ဟု ၎င်းတို့ယူဆခဲ့ကြ ပါသည်။
သို့နှင့်တတိယအကြိမ်မြောက်မတရားလုပ်ဆောင်ခြင်းနှင့် ပြက်ရယ်ပြုခြင်း များဖြစ်ပေါ်လာပါသည်။ ယခုအကြိမ်တွင် ကိုယ်တော်ခံရသည့်မတရား မှုများသည် ဗရုတ်သုတ်ခလူများဖြင့် စုစည်းထားသည့် ထိုလူအုပ်ကြီးကပြုလုပ် သောမတရားမှု များ၊ ပြက်ရယ်ပြုမှုများထက်ပို၍ ဆိုးရွားလှပါသည်။ ဤအရာကို ယဇ်ပုရောဟိတ်များ ရှေ့မှောက်တွင် ၎င်းတို့၏ခွင့်ပြုချက်အရလုပ်ဆောင် ကြခြင်းဖြစ်ပါသည်။ ၎င်းတို့၏ နှလုံးသားထဲတွင် လူသားချင်းစာနာသော စိတ်ထားများကင်းပျောက်လျက်ရှိလေပြီ။ ၎င်းတို့၏ဖော်ပြပြောဆိုချက်များသည် အားနည်းသောကြောင့် ကိုယ်တော်ရှင်အား နှုတ်မပိတ်နိုင်ခဲ့လျှင် ခေတ်အဆက်ဆက်တွင် ဘာသာရေးဖောက်ပြန်သူများအား နှုတ်ပိတ်ရာတွင် အသုံးပြုခဲ့သောအကြမ်းဖက်သတ်ဖြတ်မှုများကို သူတို့ကျင့်ကြမည် သာဖြစ်ပါသည်။
ခရစ်တော်အတွက်စီရင်ချက်ကို တရားသူကြီးများက ကြေညာလိုက်သော အခါ အလွန်ဆိုးရွားသော စိတ်ဇောတစ်ခုသည် ထိုလူများအားလွှမ်းမိုး သွားခဲ့ပါ သည်။ ထွက်ပေါ်လာသောအော်ဟစ်သံများသည် တောရိုင်းများ၏ အော်သံများနှယ် ဆူညံလှပါသည်။ ဤသူသည် ဒုစရိုက်ကောင်ဖြစ်သည်။ သူ့ကိုအသေသတ်ကြဟု အော်ဟစ်ကာ လူအုပ်ကြီးသည် ခရစ်တော်ရှိရာသို့ တစ်ဟုန်ထိုးပြေးလာကြပါသည်။ ရောမစစ်သားများသာ ထိုနေရာတွင်မရှိခဲ့ပါလျှင် ခရစ်တော်သည် ကပ်တိုင်အတင် မခံရမီတွင် သေဆုံးသွားလိမ့်မည်ဖြစ်ပါသည်။ ရောမအာဏာပိုင်များကကြားဝင်ကာ လက်နက်အသုံးပြုပြီး လူအုပ်ကြီး၏ ကသောင်းကနင်းဖြစ်မှုကိုမထိန်းပေးခဲ့လျှင် ခရစ်တော်သည် ထိုတရားသူကြီး များရှေ့မှာပင် အပိုင်းပိုင်းဖြတ်ပိုင်းခြင်းကို ခံခဲ့ရပါ လိမ့်မည်။
အပြစ်ကျူးလွန်ကြောင်း မထင်ရှားသည့်ပုဂ္ဂိုလ်တစ်ဦးအား ဤကဲ့သို့ ရက် စက်စွာလုပ်ဆောင်မှုအတွက် ရုပ်တုကိုးကွယ်သူတစ်ပါးအမျိုးသားများ ကပင်အ မျက်ထွက်ခဲ့ကြပါသည်။ ခရစ်တော်အပေါ်ပြစ်ဒဏ်စီရင်ခဲ့မှုတွင် ယုဒများသည်စည်း ကမ်းဖောက်ဖျက်ကြောင်း၊ လူတစ်ဦးအား မိမိ၏သက်သေခံ ချက်အရသေဒဏ်ပေး ခြင်းသည် ယုဒဓမ္မသတ်နှင့်ပင်မကိုက်ညီကြောင်း၊ ရောမအရာရှိများက ကြေညာခဲ့ ကြပါသည်။ ဤကဲ့သို့ကြားဝင်ဟန့်တားမှုသည် တဒင်္ဂငြိမ်းချမ်းမှုကိုဖြစ်စေခဲ့သော် လည်း ယုဒခေါင်းဆောင်များသည် ကြင်နာမှုများ နှင့်အရှက်အကြောက်များကင်း စွာဖြင့် မတရားမှုကိုဆက်လက်လုပ်ဆောင်ခဲ့ ကြပါသည်။
ထိုယဇ်ပုရောဟိတ်များနှင့်ယုဒလူအကြီးအကဲများသည် မိမိတို့၏ သိက္ခာ ကိုပင်မစောင့်စည်းကြတော့ဘဲ သားတော်ဘုရားအားညစ်ညမ်းသော အသုံးအနှုန်း များကိုသုံးနှုန်းကာ မတရားစွပ်စွဲပြောဆိုခဲ့ကြပါသည်။ သူတို့ သည်ကိုယ်တော်အား မိဘမျိုးရိုးနှင့်ပတ်သက်၍ စော်ကားပြောဆိုခဲ့ကြပါသည်။ မိမိကိုယ်ကိုမေရှိယဖြစ် သည်ဟု အယောင်ဆောင်ကြေညာခြင်းအတွက် အယုတ်ညံ့ဆုံးသောသေပြစ်ကို ၎င်းအားပေးထိုက်ကြောင်း သူတို့ဖွင့်ဟခဲ့ကြပါသည်။ အကျင့်စာရိတ္တအပျက်ပြား ဆုံးသောသူများသည် ခရစ်တော်အားမတရား စော်ကားရာတွင်ပါဝင်ခဲ့ကြပါသည်။ ထိုသူများသည် ဟောင်းနွမ်းနေပြီဖြစ်သော ဝတ်ရုံကြီးတစ်ထည်နှင့် ကိုယ်တော်၏ဦး ခေါင်းတော်ကိုအုပ်လိုက်ပြီး၊ မျက်နှာတော်ကိုလက်နှင့်ပုတ်ခဲ့ကြကာ၊ အချင်းခရစ် တော် ကိုယ်တော်ကိုအဘယ်သူ ပုတ်သည်ကိုပုရောဖက်ပြု၍ဟောတော်မူပါဟု ပြက် ရယ်ပြုပြောဆိုခဲ့ကြပါသည်။ ထိုနောက် စက်ဆုပ်စရာကောင်းလှသော လူတစ် ယောက်သည် အနီးသို့ရောက်လာပြီး ဦးခေါင်းတော်ကိုခြုံထားသည့် ထိုဝတ်ရုံကြီးကို ဖယ်လိုက်ကာ မျက်နှာ တော်ကိုတံတွေးနှင့်ထွေးလိုက်ပါသည်။
ဘုရားသခင်၏ကောင်းကင်တမန်များသည် သားတော်ဘုရားအား စော်ကား သည့်သဘောဖြင့် ၎င်းတို့မလေးမခန့်ပြောခဲ့၊ ပြုခဲ့သည့်စကားများ နှင့်အပြုအမူများ ကို တိကျစွာမှတ်တမ်းတင်လျက်ရှိကြပါသည်။ တစ်နေ့တွင် ခရစ်တော်၏အားနည်း ဖြူ ရော်နေသည့်မျက်နှာတော်အား မထီလေးစားလုပ်ကာ တံတွေးနှင့်ထွေးခဲ့ကြ သော ထိုလူယုတ်မာများသည် ကိုယ်တော်အား နေရောင်ခြည်ထက်ထွန်း လင်းသော ဘုန်းရောင်ခြည်များ ကွန့်မြူးလျက်ကြွလာတော်မူသည်ကို မြင်ကြရလိမ့်မည်။
No comments:
Post a Comment