"မေးပါများ အသက်ရ"
ဘာသာခြားများအတွက် ခရစ်ယာန်ဘာသာနှင့် ပတ်သက်၍မေးတတ်သော မေးခွန်းများ နှင့် ကျွန်ုပ်၏အဖြေ။
၁။ မေးခွန်း - ဘုရားသခင်က မေတ္တာတော်ရှင်၊ အနန္တတန်ခိုးရှင်ဆိုရင် လောကမှာ ဘာလို့ ဆင်းရဲဒုက္ခတွေ ရှိနေတာလဲ။
(ကိုးကား -Bart
Ehrman, 'God’s Problem: How the Bible Fails to Answer Our Most Important
Question—Why We Suffer')
အဖြေ။ ။ ဘုရားသခင်သည် လူသားကို စက်ရုပ်ကဲ့သို့ မဖန်ဆင်းဘဲ "လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်" (Free Will) ပေးထားသည်။ ဒုက္ခသည် ဘုရားသခင်ထံမှ လာသည်မဟုတ်ဘဲ ဘုရားသခင်၏ ပညတ်တော်ကို ငြင်းပယ်ခြင်း (ဝါ) လွန်ကျူးခြင်း (အပြစ်) ၏ ရလဒ်ဖြစ်သည်။ စကြဝဠာတိုက်ပွဲ (Great Controversy) အယူအဆအရ စာတန်သည် ဘုရားသခင်၏ အုပ်ချုပ်မှုကို စိန်ခေါ်ခဲ့ပြီး လူသားသည် စာတန်၏ဘက်ကို ရွေးချယ်ခဲ့ခြင်းကြောင့် ဖြစ်သည်။
ကျမ်းကိုး။ ။
"အသက်ရှင်ခြင်း၊ သေခြင်း၊ ကောင်းကြီးပေးခြင်း၊ ကျိန်ခြင်းတို့ကို သင့်ရှေ့၌ ငါထားသည်ဟု သင့်တဘက်၌ ကောင်းကင်မြေကြီးကို ငါတိုင်တည်၏။" (တရားဟောရာကျမ်း ၃၀:၁၉၊ ကမ္ဘာဦးကျမိး ၃၊ ဗျာဒိတ်ကျမ်း ၁၂၊ ဟေရှာယ ၁၄၊ ယေရမိအနာဂတ္တိကျမ်း ၂၈)။
၂။ မေးခွန်း - ဖန်ဆင်းရှင်ကို ဘယ်သူက ဖန်ဆင်းတာလဲ။ (Cause
and Effect)
(ကိုးကား -Richard
Dawkins, 'The God Delusion', Chapter 4)
အဖြေ။ ။အရာရာတွင် အစရှိရမည်ဆိုလျှင် အစပြုသူ (Uncaused Cause) တစ်ဦး ရှိကိုရှိရပါမည်။ ဘုရားသခင်သည် အချိန်၊ နေရာနှင့် ရုပ်ဝတ္ထုတို့၏ အပြင်ဘက်တွင် ရှိသည်။ ဖန်ဆင်းခံအရာများကသာ အစနှင့်အဆုံး ရှိသော်လည်း၊ ဖန်ဆင်းရှင်သည် အနန္တတန်ခိုးရှင် ဖြစ်၍ အစမရှိ အဆုံးမရှိသော အရှင်ဖြစ်သည်။ ထို့ကြောင့်သာ ဘုရားဟု ခေါ်ဆိုထိုက်ပေသည်။
ကျမ်းကိုး။ ။ "မြေကြီးမဖြစ်မှီ၊ ရှေ့ဦးစွာသော ကာလ၊ အနန္တ ကာလမှစ၍ ငါသည် ဘိသိက်ခံပြီ။" (သုတ္တံကျမ်း ၈:၂၃၊ ဗျာဒိတ်ကျမ်း ၁:၈)။ “အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။” (ကမ္ဘာဦးကျမ်း ၁:၁။)
၃။ မေးခွန်း - သိပ္ပံနည်းကျ ဆင့်ကဲဖြစ်စဉ် (Evolution)
က မှန်နေရင် ဖန်ဆင်းခြင်းက ဒဏ္ဍာရီ မဖြစ်နိုင်ဘူးလား။
အဖြေ။ ။ SDA ရှုထောင့်အရ သိပ္ပံနှင့် ကျမ်းစာ နှစ်ခုစလုံးကို မှန်ကန်စွာသိပါက သည် မဆန့်ကျင်ပါ။ သဘာဝတရားသည် ဘုရားသခင်၏ ဒုတိယစာအုပ်ဖြစ်သည်။ ရှုပ်ထွေးသေးနုပ်လွန်းသော DNA
နှင့် ကျယ်ပြောလွန်းသောစကြဝဠာ၏ စနစ်ကျမှု (Fine-tuning)
သည် အလိုအလျောက် ဖြစ်လာခြင်းမဟုတ်ဘဲ ဉာဏ်ကြီးရှင်တစ်ဦး၏ လက်ရာ (Intelligent Design) ဖြစ်ကြောင်း သက်သေပြနေသည်။
ကျမ်းကိုး။ ။ "မိုဃ်းကောင်းကင်သည် ဘုရားသခင်၏ ဘုန်း အသရေတော်ကို ကြားပြော၍၊ မိုဃ်းမျက်နှာကြက်သည် လက်တော်နှင့်လုပ်သောအရာများကိုပြသ၏။" (ဆာလံကျမ်း ၁၉:၁)။
၄။ မေးခွန်း - ဘုရားသခင်က အပြစ်ပြုလုပ်မှာကို သိရက်နဲ့ အာဒံနဲ့ဧဝကို ဘာလို့ ဖန်ဆင်းခဲ့တာလဲ။
အဖြေ။ ။ အာဒံနှင့်ဧဝ ကိုအပြစ်ပြုရန် ဘုရား တမင် မဖန်ဆင်းခဲ့ပါ။ ဘုရားကို သူတို့သဘောအရ ပြန်ချစ်တတ်အောင် တော့ဖန်ဆင်း ခဲ့ပါသည်။ ချစ်ခြင်းမေတ္တာသည် အတင်းအကျပ် ခိုင်းစေ၍မရပါ။ စစ်မှန်သော မေတ္တာရှိရန် လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် လိုအပ်ပါသည်။ ဘုရားသခင် သည် လူသားတို့ အပြစ်ထဲကျဆင်းမည်ကို ကြိုသိသော်လည်း၊ ထိုအပြစ်အတွက် ကိုယ် တော်တိုင် အသေခံ(တာဝန်ယူ)၍ ပြန်လည် ရွေးနှုတ်မည့် အစီအစဉ် (Plan of Redemption) ကို ကမ္ဘာမတည်မီကပင် ပြင်ဆင်ထားခဲ့သည်။ အပြစ်တွင်ကျသောနေ့မှာပင် သိုးအသတ်ခံရသည်။ ထိုသို့ပြုပေးသည်ကို ယုံကြည်ပါက နဂိုနေရာ ပြန်ရပါမည်။
ကျမ်းကိုး။ ။ "ကမ္ဘာဦးကပင် အသေသတ်ခြင်းကို ခံရသော သိုးသငယ်။" (ဗျာဒိတ်ကျမ်း ၁၃:၈၊ ရှင်ယောဟန်ခရစ်ဝင် ၁:၂၉၊ ကမ္ဘာဦးကျမ်း ၃:၂၁)။
၅။ မေးခွန်း - ယေရှုခရစ်က ဘုရားသခင်ဆိုရင် ဘာလို့ လူအဖြစ်နဲ့ အသေခံနိုင်တာလဲ။ ဘုရားက သေလို့ရသလား။
အဖြေ။ ။ ယေရှုခရစ်သည် ဘုရားဇာတိနှင့် လူဇာတိ နှစ်မျိုးလုံးရှိသော (Fully God and Fully Man) အရှင်ဖြစ်သည်။ ကိုယ်တော်၏ ဘုရားဇာတိသည် မသေနိုင်သော်လည်း၊ လူသားတို့၏ အပြစ်ကြွေးကို ပေးဆပ်ရန် လူ့ခန္ဓာကိုယ်ကို ယူဆောင်၍ လူသားအဖြစ် အသေခံခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ လူသားအပေါ်ထားသော ဘုရားသခင်၏ အနန္တမေတ္တာ သက်သေဖြစ်သည်။ ထိုခန္ဓာကိုယ်ကိုလည်း ရာသက်ပန် ပိုင်ဆိုင်တော့မည် ဖြစ်သည်။
ကျမ်းကိုး။ ။ "နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်…" (ယောဟန် ၁:၁၄၊ ယောဟန် ၂၀:၂၇၊ လုကာ ၂၄:၃၉၊ ဇာခရိ ၁၃:၆)။
၆။ မေးခွန်း - ဘုရားသခင်က ချစ်ခြင်းမေတ္တာတော်ရှင်၊ ကောင်းမြတ်သောအရှင်၊ တရားသောအရှင်ဖြစ်ရင် ဘာကြောင့် လူတွေကို ငရဲမှာ ထာဝရ မီးရှို့မှာလဲ။
အဖြေ။ ။ ကျမ်းစာအရ ဘုရားသခင်သည် လူကို ငရဲတွင် ထာဝရ ညှဉ်းဆဲသော အရှင်မဟုတ်ပါ။ "ထာဝရငရဲ" ဆိုသည်မှာ အပြစ်၏ရလဒ်သည် "ထာဝရ ပျက်စီးခြင်း" (Eternal destruction) ကို ဆိုလိုခြင်းသာဖြစ်သည်။ အပြစ်သားများသည် မီးဖြင့်အပြစ်ဒဏ်ပေးခြင်းခံရပြီးနောက် ပြာအဖြစ်သို့ ရောက်ရှိကာ လုံးဝ ချုပ်ငြိမ်းသွားပါမည်။ (Annihilationism)။ ရေနှင့် ဖျက်ဆီးစဉ်ကနည်းတူ၊ သောဒုံ ဂေါမောရ မြို့များကို ထာဝရမီးနှင့် ပြစ်ဒဏ်ပေးစဉ်ကနည်းတူ ဖြစ်ပါမည်။
ကျမ်းကိုး။ ။ "အပြစ်၏အခကား သေခြင်းဖြစ်၏။" (ထာဝရရှင်ခြင်း မဟုတ်ပါ) (ရောမ ၆:၂၃)၊ "ထိုနေ့ရက်ရောက်သောအခါ... လူဆိုးတို့သည် သင်တို့ခြေဖဝါးအောက်၌ ပြာဖြစ်ကြလိမ့်မည်။" (မာလခိ ၄:၃)။ “ထိုနည်းတူ၊ သောဒုံမြို့နှင့် ဂေါမောရမြို့မှစ၍ ပတ်ဝန်းကျင်၌ ရှိသော မြို့တို့သည်၊…ထာဝရမီးနှင့်ကျွမ်းလောင် ခြင်း ဒဏ်ကိုခံရ၍ ပုံသက်သေထင်ရှားလျက်ရှိကြ၏။” (ယုဒ ၁:၇)။
၇။ မေးခွန်း - ကောင်းကင်ဘုံကို သွားဖို့ ယေရှုကို ယုံကြည်တယ်ဆိုရုံနဲ့တင် လုံလောက် သလား။ အကျင့်စာရိတ္တ ကောင်းဖို့ မလိုဘူးလား။
အဖြေ။ ။ ယုံကြည်ခြင်းတစ်ခုတည်းနဲ့လုံလောက်ပါသည်၊ ထို့နောက် သက်သေဖြစ် သည့် ကောင်းသောအကျင့်လဲ လိုအပ်ပါသည်။ ကယ်တင်ခြင်းသည် ကျေးဇူးတော် ကြောင့် ယုံကြည်ခြင်းဖြင့် ရရှိခြင်းဖြစ် သည်။ သို့သော် ယုံကြည်ခြင်းနှင့် သိနေ ခြင်းကို မသဲကွဲသူ များစွာရှိကြပါသည်။ စစ်မှန်သော ယုံကြည်ခြင်းရှိသူသည် ဘုရားသခင်၏ ပညတ်တော် (ပညတ်တော် ၁၀ ပါး) ကို ချစ်ခြင်းမေတ္တာဖြင့် လိုက်နာသူ ဖြစ်သည်။ အကျင့်ကြောင့် ကယ်တင်ခြင်းမရသော်လည်း၊ ကယ်တင်ခြင်းရသူသည် အကျင့်ကောင်းရှိရမည်။ ကယ်တင်ခြင်းဟူသည်အပြစ်မှ ကယ်တင်ခြင်းဖြစ်သည်။ အပြစ်၏ အခသေခြင်းမှလည်းကောင်း (အတိတ်)၊ အပြစ်၏တန်ခိုးမှလည်းကောင်း(ပစ္စုပ္ပန်)၊ အပြစ်ရှိသောနေရာမှလည်းကောင်း (အနာဂတ်)ကယ်တင်ခြင်းဖြစ်ပါသည်။ ဤသုံးခုတွင် ပထမနှင့် တတိယကိုသာ အသားပေးဖော်ပြကြပြီး၊ ဒုတိယဖြစ်သည့် အပြစ်တန်ခိုးမှကယ်တင်ခြင်း မခံရသူ များလွန်းလှ၏။ ထို့ကြောင့် ဇာတိနှင့် အသက်ရှင်သည့် ခရစ်ဟန် အဖြစ်နှင့် ရောင့်ရဲကြ၏။ ၎င်းကို option
တစ်ခုအဖြစ်လိုက်နာလို့လည်းရ၊ မလိုက်နာလည်း ရသကဲ့သို့ မှားယွင်းစွာ သွန်သင်၊ နားလည်၊ ယုံကြည်နေခြင်းကြောင့် ဖြစ်သတည်း။ ပထမ နှင့်ဒုတိယ ရှိမှ တတိယ အခွင့်အရေးရပါမည်။
ကျမ်းကိုး။ ။ "သင်တို့သည် ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရကြ၏။... ငါတို့သည် ကောင်းသောအကျင့်တို့ကို ကျင့်အံ့သောငှါ... ဖန်ဆင်းတော်မူရာ ဖြစ်ကြ၏။" (ဧဖက် ၂:၈-၁၀)။
၈။ မေးခွန်း - သေပြီးရင် လူ့ဝိညာဉ်က ချက်ချင်း ကောင်းကင် ဒါမှမဟုတ် ငရဲကို သွားတာလား။
အဖြေ။ ။ သေခြင်းသည် အိပ်ပျော်ခြင်းနှင့် တူသည်ဟု ကျမ်းစာတွင် အကြိမ် ၅၀ ကျော်ရေးထားပါသည်။ လူသေသည် ဘာမျှမသိပါ (ဒေသနာ ၉:၅)။ ယေရှုခရစ် ဒုတိယအကြိမ် ကြွလာသောအခါမှသာ ယုံကြည်သူများသည် ရှင်ပြန်ထမြောက်၍ ကောင်းကင်သို့ လိုက်ပါရမည်ဖြစ်သည်။ သေပြီးချင်း တိုက်ရိုက်သွားခြင်းမဟုတ်ပါ။ ကျမ်းစာတွင် ဧနောက်၊ ဧလိယ (အရှင်လတ်လတ် ကောင်းကင်သွား)၊ မောရှေ နှင့် ယေရှု (သေပြီးမှ ခန္ဓာကိုယ်ဖြင့် ကောင်းကင်သွား)၊ ထို့နောက် အမည်မသိတစ်ချို့ ခန္ဓာထမြောက်၍ ကောင်းကင်သွားကြပါသည်။ ဒါဝိဒ်လည်း ကောင်းကင်မတက်သေးပါ (တမန်တော် ၂:၃၄)။ ယေရှုကတိပေးသည်မှာ သူရှိရာအရပ်၌ ကျွန်ုတို့ရှိစေခြင်းငှါ သူပြန်လာ ခေါ်မည်ဟုဆိုပါသည် (ယောဟန် ၁၄:၁-၃)။ တရားစီရင်ရာနေ့ ကြီးမရောက်ခင် ကောင်းကင်၊ ငရဲ မရောက်ကြသေးပါ။
ကျမ်းကိုး။ ။ "သေသောသူမူကား၊ အဘယ်အရာကိုမျှမသိ။" (ဒေသနာကျမ်း ၉:၅)၊ “ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်” (၁ သက်သာလောနိတ် ၄:၁၆)၊ “ဒါဝိဒ်သည် ကောင်းကင်သို့မတက်သေး” (တမန် ၂:၃၅)။ သိုးနှင့်ဆိတ် -မဿဲ ၂၅။)
၉။ မေးခွန်း - လောကမှာ ဘာသာတရားတွေ အများကြီးထဲက ခရစ်ယာန်ဘာသာကမှအမှန်လို့ ဘယ်လို သိနိုင်မလဲ။
အဖြေ။ ။ ခရစ်ယာန်ဘာသာ၏ ထူးခြားချက်မှာ လူသားက ဘုရားသခင်ထံ ရောက်အောင် ကြိုးစားခြင်းမဟုတ်ဘဲ၊ ဘုရားသခင်ကိုယ်တိုင် လူ့ထံသို့ ဆင်းသက်လာခြင်း (Incarnation)
ဖြစ်သည်။ ထို့အပြင် ကျမ်းစာပါ ပရောဖက်ပြုချက်များ (Prophecies) သည် သမိုင်းအထောက်အထားများအတိုင်း တိကျစွာ ပြည့်စုံလာခြင်းက ကျမ်းစာ၏ မှန်ကန်မှုကို သက်သေပြနေသည်။ အဓိကမှာ သေခြင်းကို အောင်သောသူက ပြသောဘာသာတရား (Resurrection)
ဖြစ်သည်။
ကျမ်းကိုး။ ။ "ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။” (ယောဟန် ၁၄:၆)။
၁၀။ မေးခွန်း - ဘုရားသခင်ရဲ့ တရားစီရင်ခြင်း (ဥပမာ - နောဧခေတ် ရေလွှမ်းမိုးခြင်း၊ သောဒုံနှင့်ဂေါမောရမြို့ ဖျက်ဆီးခြင်း) ဟာ လူသတ်ခြင်း (Murder)
မဟုတ်ဘူးလား။
(ကိုးကား - Richard
Dawkins, 'The God Delusion', Chapter 2 - တွင် ဘုရားသခင်ကို "Genocidal" ဟု စွပ်စွဲထားခြင်း။)
အဖြေ။ ။
က။ "လူသတ်ခြင်း" (Murder) နှင့် "အပြစ်ပေးခြင်း" (Execution/Judgment) ခြားနားချက်
လောကီဥပဒေမှာတောင် အခွင့်အာဏာမရှိဘဲ တစ်ဖက်သားကို သတ်တာဟာ "လူသတ်မှု" ဖြစ်သော်လည်း၊ တရားသူကြီးက တရားဥပဒေအရ သေဒဏ်ပေးတာဟာ "တရားစီရင်မှု" ဖြစ်ပါသည်။ ဘုရားသခင်ဟာ အသက်ရှင်ခြင်းရဲ့ အရှင်သခင် (Author of Life) ဖြစ်သည့်အတွက် အသက်ကို ပေးပိုင်ခွင့်ရှိသကဲ့သို့၊ အလွဲသုံးစားလုပ်တဲ့အသက်ကို ပြန်လည်ရုပ်သိမ်းပိုင်ခွင့် (Authority)
ရှိပါသည်။
ကျမ်းကိုး။ ။ "ငါသည် အသက်ကို သေစေ၏။ အသက်ကိုလည်း ရှင်စေ၏။" (တရားဟောရာကျမ်း ၃၂:၃၉)။
ခ။ အပြစ်ရဲ့ အဆုံးစွန်သော ရလဒ် (The
Nature of Sin)
ဘုရားသခင်ဟာ လူကို ဒေါသတကြီးနဲ့ လိုက်သတ်နေတာမဟုတ်ပါ။ အပြစ်ဆိုတာ အသက်ရှင်ခြင်းရဲ့ အရင်းအမြစ် (ဘုရားသခင်) ဆီကနေ ခွဲထွက်သွားခြင်းဖြစ်လို့ သူ့အလိုလို "သေခြင်း" ဆီကို ဦးတည်နေခြင်းဖြစ်သည်။ တရားစီရင်ခြင်းဆိုတာ ဘုရားသခင်က လူသားကို အတင်းအကျပ် သတ်တာထက်၊ ဘုရားသခင်ရဲ့ ကာကွယ်မှုကို ငြင်းပယ်တဲ့သူတွေဆီကနေ ကိုယ်တော်က "ဆုတ်ခွာပေးလိုက်ခြင်း" ကြောင့် အပြစ်ရဲ့ အကျိုးဆက်ကို ခံစားရခြင်း ဖြစ်ပါသည်။
ကျမ်းကိုး။ ။ "အပြစ်၏အခကား သေခြင်းဖြစ်၏။" (ရောမ ၆:၂၃)။
ဂ။ အနာဂတ်မျိုးဆက်ကို ကာကွယ်ခြင်း (God
as a Surgeon)
ဆရာဝန်တစ်ယောက်သည် တစ်ကိုယ်လုံးကို အဆိပ်မပြန့်အောင် ပုပ်နေသော အင်္ဂါအစိတ်အပိုင်းတစ်ခုကို ဖြတ်ထုတ်ရသကဲ့သို့ပင်။ သောဒုံမြို့နဲ့ နောဧခေတ်က လူတွေသည် ပြုပြင်၍ မရတော့လောက်အောင် ကိုယ်ကျင့်တရား ပုပ်သိုးသွားပြီး နောက်လာမည့် မျိုးဆက်သစ်တွေကိုပါ အပြစ်ထဲ ဆွဲနှစ်နေသည့်အတွက်၊ ကျန်ရှိတဲ့ လူသားမျိုးနွယ် တစ်ခုလုံး မပျက်စီးသွားအောင် ဘုရားသခင်က တရားစီရင်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဤအရာသည် "လူသတ်ခြင်း" မဟုတ်ဘဲ စကြာဝဠာ၏ ကျန်းမာရေးအတွက် "ခွဲစိတ်ကုသခြင်း" သာ ဖြစ်၏။ (အခြား ဥပမာ။ အာဏာရှင် အုပ်စိုးသည့် နိုင်ငံတစ်နိုင်ငံတွင် တိုင်းသူပြည် သားများအား မတရားပြုကျင့်ခံနေရသည် ဆိုလျှင်၊ "အလွန်စိုးရိမ်ပါသည်" ဟု စာတမ်းထုတ်မည့်အစား၊ လိုအပ်သော တရားစီရင်မှုကို ပြုလုပ်ပေးလိုက်ခြင်းဖြစ်သည်။)
ဃ။ အခွင့်အရေး ပေးပြီးမှ စီရင်ခြင်း (Due Process)
ဘုရားသခင်ဟာ ဘယ်တော့မှ ရုတ်တရက် မစီရင်ပါ။ နောဧခေတ်မှာ နှစ်ပေါင်း ၁၂၀၊ သောဒုံမြို့မှာ အာဗြဟံနဲ့ ညှိနှိုင်းမှုတွေကတဆင့် နောင်တရဖို့ အခွင့်အရေး အကြိမ်ကြိမ် ပေးခဲ့ပါတယ်။ နောင်တမရဘဲ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို အဆုံးစွန်ထိ ငြင်းပယ်တဲ့အခါမှသာ တရားစီရင်မှုက ရောက်လာခြင်းဖြစ်သည်။ "အာမောရိ အမျိုးသား တို့၏ ဒုစရိုက်အပြစ်သည် မစုံလင်သေး" (ကမ္ဘာဦးကျမ်း ၁၅း၁၆)၊ (အာမုတ် ၃း၇)။
ကျမ်းကိုး။ ။ "အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ ဆိုးသောသူသည် အသေ ခံခြင်းအမှုကို ငါနှစ်သက်သည်မဟုတ်။ ဆိုးသောသူသည် မိမိဆိုသော လမ်းမှလွှဲ၍ အသက်ရှင်ခြင်းအမှုကိုသာ ငါနှစ်သက်၏။" (ယေဇကျေလ ၃၃:၁၁)။
ဘုရားသခင်၏ တရားစီရင်ခြင်းသည် "အမုန်း" ကြောင့် ပြုလုပ်သည့် လူသတ်မှု မဟုတ်ဘဲ၊ "သန့်ရှင်းခြင်း" နဲ့ "တရားမျှတခြင်း" ကို ထိန်းသိမ်းဖို့အတွက် ပြုလုပ်သည့် နောက်ဆုံးအဆင့် အရေးယူမှု သာ ဖြစ်ပါသည်။ အပြစ်သားကို သေစေချင်သည့် ဆန္ဒထက်၊ အပြစ်သားကို အပြစ်ကနေ ကယ်တင်ချင်လွန်း၍ ကိုယ်တိုင် လက်ဝါးကပ်တိုင်မှာ အသေခံခဲ့သည့် ဘုရားသခင်၏ မေတ္တာကို ကြည့်ခြင်းဖြင့် ကိုယ်တော်ဟာ လူသတ်သမားမဟုတ်ကြောင်း သက်သေပြနေပါသည်။
မေတ္တာမွန်ဖြင့်
Pastor Kham
No comments:
Post a Comment